အပိုင်း (၁၁)
ပြစ်မှုကြီး ကျူးလွန်ခြင်း
နန်းပေါင်ရီ ၏ မိခင်တွင် သမီးတစ်ယောက်တည်းသာရှိသည်။ သူမငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသဖြင့် တစ်ပါးသူကိုအယုံလွယ်ပြီး ပွင့်လင်းသောအကျင့်စရိုက်ရှိကာ အခြားသူများကိုလည်း အနိုင်ကျင့်ရန်ဝန်မလေးလှပေ။
သူမကိုကာကွယ်ပေးနေသော တစ်ဝမ်းကွဲအစ်မကိုကြည့်ရင်း နန်းပေါင်ရီ နွေးထွေးမှုကိုခံစားလိုက်ရသည်။ အတိတ်ဘဝတွင် ချန်း အိမ်တော်၌နေခဲ့သောအချိန်တွင်လည်း တစ်ဝမ်းကွဲအစ်မက ယခုကဲ့သို့ ကာကွယ်ပေးခဲ့သည်။ သူမရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်အထိ နှိပ်စက်ခံရခဲ့ချိန်တွင် နန်းပေါင်ကျူး သည် အစေခံတချို့နှင့် ချန်း အိမ်တော်ထဲသို့ဝင်ရောက်လာပြီး နန်းယန် ကို ပါးရိုက်ခဲ့သည်။
ထိုကာလတွင် နန်း အိမ်တော်၏ဂုဏ်ပုဒ်မှာ ပျောက်ဆုံးနေပြီး နန်းယန် သည် သူမကိုမျက်နှာပျက်အောင်လုပ်ခဲ့သော နန်းပေါင်ကျူး ကို မုန်းတီးသောကြောင့် ချန်း အိမ်တော်၏ အာဏာကိုအသုံးပြုကာ နန်းပေါင်ကျူး ကို မုဆိုးဖိုအရာရှိငယ်တစ်ယောက်၏ မောင်းမတစ်ယောက်ဖြစ်လာစေရန် ဖိအားပေးလက်ထပ်ခိုင်းခဲ့သည်။
နန်းပေါင်ကျူး လည်း လက်ထပ်ရန်သွားသည့်လမ်းတစ်ဝက်မှ ထွက်ပြေးခဲ့သော်လည်း ကျန်ရှိနေသောသူမဘဝကို ခက်ခဲစွာဖြတ်သန်းခဲ့ရလေသည်။ ဒါတွေအားလုံး နန်းယန် ကြောင့် ဖြစ်ခဲ့ရသည်။
နန်းယန် သည် သူမကို စာလုပ်ရန်ပြောနေခြင်းမှာ သူမကိုကောင်းမွန်စေရန်အတွက်မဟုတ်ဘဲ ကျင်းရီ ဆောင် တွင် သူမ၏လုပ်နိုင်ခွင့်တို့ကိုပြသချင်သောကြောင့်ဖြစ်မည်ဟု နန်းပေါင်ရီ နားလည်လိုက်သည်။
ကျင်းရီ ဆောင်တွင် အစေခံများရှိနေပြီး အကြည့်များစွာလည်းရှိနေသောကြောင့် အကယ်၍ နန်းယန် ပြောသည်ကို သူမနာခံလိုက်လျှင် အစေခံတို့လည်း ရှေ့လျှောက် နန်းယန် ကိုသာ ရိုကျိုးကြပြီး အိမ်တော်၏ သခင်မလေးအဖြစ် ယူဆကြကုန်လိမ့်မည်။
သနားစရာပင်၊ နန်းယန် မှာ လူအများ၏ ရွံရှာစက်ဆုပ်ခြင်းကိုသာခံရတော့မည်။
နန်းပေါင်ရီ ကလေးဆန်စွာနှင့် ….
“ဒါဆိုလည်း စာမလုပ်ချင်ဘူး .. မလုပ်ရင် မမက ပေတံနဲ့ရိုက်မှာလား”
နန်းယန် မျက်နှာဖြူလျော့သွားပြီး လက်ကိုတင်းနေအောင်ဆုပ်ထားလိုက်သည်။ နန်းယန် သည် နန်းပေါင်ရီ ကို နင်းချပြီး ကျင်းရီ ဆောင်တွင် သူမလုပ်နိုင်ခွင့်တို့ကိုပြချင်သော်လည်း သူမစီစဉ်သည့်အတိုင်းမဖြစ်လာခဲ့ပေ။ သို့သော် သူမစီစဉ်ထားသည်တို့ရှိသေးသောကြောင့် ကိစ္စမရှိပါ။
နန်းယန် မျက်နှာတွင် သောကရောက်နေဟန်တို့နှင့်ပြည့်နှက်သွားပြီး …
“ပေါင်ရီ .. မမက ညီမလေးကောင်းဖို့အတွက် ပြောနေတာနော် တကယ်လို့ ဘွားဘွားရှေ့မှာ ငြင်းခုံနေရင်တောင် မမက မှန်ကန်ဆီလျော်တဲ့သူပဲဖြစ်မှာ”
ဆုန်းဟယ့် ခြံဝင်းသို့ ထိုအကြောင်းရောက်သွားလျှင် သခင်မကြီးက သူမကို အစွမ်းကုန်ကြိုးစားသူဟု တွေးပြီး နန်းပေါင်ရီ ကို ညံ့ဖျင်းသူအဖြစ် သံသယဖြစ်လာလိမ့်မည်။
နန်းပေါင်ရီ လည်း ပါးချိုင့်ပေါ်သည်အထိ ပြုံးလိုက်ပြီး …
“ဒါဆိုလည်း ဘွားဘွားရှေ့သွားပြောရအောင်လေ”
နန်းယန် လက်ကိုဆွဲရန် သူမရှေ့တိုးသွားသည်။
“ဆုန်းဟယ့် ခြံကို အတူတူသွားရအောင်”
နန်းယန် ကို ထိလိုက်ချိန်မှာပင် နန်းပေါင်ရီ လဲကျကာ နာကျင်စွာအော်လိုက်သည်။
“အ !!”
နန်းပေါင်ရီ မျက်ရည်ဝဲကာ မော့ကြည့်လျက် …
“မမ ညီမလေးကို ဘာလို့တွန်းလိုက်တာလဲ”
နန်းယန် အလန့်တကြားဖြစ်ကာ တုန်လှုပ်သွားသည်။
ဘာဖြစ်ရတာလဲ၊ သူလည်းဘာမှမလုပ်လိုက်ရပါဘဲနဲ့ .. ဒီကောင်မလေး ရူးသွားပြီလား”
နန်းပေါင်ရီ ၏ အစီအစဉ်ကို နန်းပေါင်ကျူး ရိပ်မိသွားပြီး သူမဆီသို့အပြေးသွားကာ စိုးရိမ်တကြီးနှင့် …
“သနားစရာကောင်းလိုက်တဲ့ဝမ်းကွဲညီမလေး … မိထွေးကတောင်မရောက်လာသေးဘူး မိထွေးရဲ့သမီးက အနိုင်ကျင့်နေပြီ .. ရှေ့ဆက် ဘယ်လိုနေရတော့မှာလဲ .. ဘဝကြီးကရက်စက်လိုက်တာကွယ် ငါ့ရဲ့သနားစရာညီမလေး”
နန်းပေါင်ရီ စိုးရိမ်ကြီးစွာပြောနေပြီး ဈာပနပွဲများတွင် ငိုပြသောမိန်းမများထက် ပို၍ကျယ်လောင်စွာ အော်ငိုနေသဖြင့် နန်းပေါင်ရီ က သူမကိုလက်မထောင်ပြခေသည်။
နန်းယန် မျက်နှာတို့ နီရဲသွားပြီး ယနေ့အဖြစ်အပျက်တို့မှာ ပြဿနာကြီးမားတော့မည်ကို စဉ်းစားမိလိုက်စဖြင့် နန်းကွမ် ကို ခေါ်လာရန် သူမ၏အစေခံကို အချက်ပြလိုက်သည်။
ဆုန်းဟယ့် ခြံထဲတွင် ….
သခင်မကြီးက နန်းပေါင်ရီ ကို စိတ်ပူစွာ ပွေ့ဖက်လိုက်ပြီး …
“သနားစရာ ကျောင်းကျောင်းအာ ရယ် … ဘွားဘွားကြည့်ပါရစေဦး ဒဏ်ရာတွေရောရသွားသေးလား”
“ခြေချင်းဝတ်က တအားနာနေတယ်”
နန်းပေါင်ရီ က အားလျော့စွာ ပြန်ဖြေလေသည်။ မျက်ရည်များလည်း ဝဲနေပြီး သခင်မကြီး၏ ဝတ်ရုံကို ဆုပ်ကိုင်ထားသည်။
“ဘွားဘွား .. သမီးကြောက်တယ်”
“မကြောက်နဲ့နော် လိမ္မာတဲ့ကလေးလေး”
သခင်မကြီးက နန်းပေါင်ရီ ၏ လက်ကိုအသာပုတ်လိုက်ပြီး နန်းပေါင်ကျူး ကို ကြည့်ကာ …
“ကျူးအာ ပြောပါဦး ဘာတွေဖြစ်ခဲ့တာလဲ”
နန်းပေါင်ကျူး ဖြစ်ပျက်ခဲ့သည်တို့ကို အနည်းငယ်ထပ်ဆောင်းထည့်ပြောကာ ပို၍ဆိုးဝါးသည့်ဟန်နှင့်ပြောလိုက်သည်။
“နန်းယန် က ကျောင်းကျောင်း ကို တွန်းထုတ်လိုက်တာ .. သမီးကိုယ်တိုင်မြင်လိုက်တယ်”
နန်းယန် မှာ သနားစဖွယ်ဟန်ပန်နှင့် …
“ဘွားဘွား သမီးသူ့ကို မတွန်းခဲ့ဘူး … သမီးက သူ့ကို အားလပ်ချိန်တွေရှိနေရင် ဆော့ပြီးအချိန်ဖြုန်းမနေဘဲ စာလေ့လာပြီး ပန်းထိုးပညာလေ့လာဖို့ အကြံပေးချင်ခဲ့ရုံပါ … သူကောင်းဖို့အတွက် သမီးပြောခဲ့တာပါ ကျေးဇူးပြုပြီး ဘွားဘွား မျှမျှတတဆုံးဖြတ်ပေးပါ”
သခင်မကြီးက စိတ်တိုသွားပြီး သူမကိုစိုက်ကြည့်လျက် …
“ငါ့ရဲ့ ကျောင်းကျောင်းအာ က အကြင်နာတတ်ဆုံးမိန်းကလေးပဲ တခြားသူတွေကို ဒုက္ခရောက်အောင် လိမ်ပြောမှာမဟုတ်ဘူး … မင်းက အိမ်တော်ကိုရောက်လာတာ အခုမှပထမဆုံးရက်ပဲရှိသေးတယ် အေးချမ်းနေတဲ့မိသားစုကို ဒုက္ခပေးနေပြီလား ဒါကိုလုံးဝလက်မခံနိုင်ဘူး … အဒေါ် ကျိ အစေခံတချို့ကိုခေါ်ပြီး သူ့ကိုအိမ်တော်ထဲကနေ မောင်းထုတ်လိုက် နန်း အိမ်တော်ကို ခြေလှမ်းခွင့်လုံးဝမရှိစေရဘူး”
နန်းယန် မျက်လုံးတို့ ရုတ်တရက်ပြူးကျယ်သွားပြီး လေပြင်းတိုက်နေချိန်တွင် ညှိုးကျတော့မည့် အဖြူရောင်ပန်းပွင့်ကဲ့သို့ တုန်လှုပ်နေသည်။
သူမ အိမ်တော်ထဲဝင်လာသည်မှာ တစ်ရက်ပင်ရှိသေးသည်။ အကယ်၍ နန်း အိမ်တော်ထဲမှ နှင်ထုတ်ခံရသည်ကို အခြားသူများတွေ့သွားလျှင် သူမပြစရာမျက်နှာ ကျန်ပါတော့ဦးမလား။ သူမသည် လက်ထပ်သင့်သည့်အရွယ်ပင် ရောက်နေလေပြီ။
နန်းပေါင်ရီ သူမအဘွား၏လက်များကြားမှ နန်းယန် ကို ခိုးကြည့်နေသည်။ အတိတ်ဘဝမှာ ချန်း အိမ်တော်တွင် နန်းယန် ကိုယ်တိုင် ချန်းတယ်ယွီ ရှေ့တွင် အားနည်းဟန်ဆောင်ပြီး ထိုသို့ပြုမူခဲ့သည်။
နန်းပေါင်ရီ က သူမကိုတွန်းချခဲ့သည်ဟု နန်းယန် စွပ်စွဲခဲ့ပြီးနောက် မကြာခင်အချိန်တွင် နန်းပေါင်ရီ က စုန်းကဝေအတတ်ကိုသုံးကာ သူမကိုနာကျင်စေခဲ့သည်ဟု နန်းယန် က စွပ်စွဲပြန်သည်။ နန်းယန် က ကိုယ့်ကိုယ်ကို ရိုးသားပြီး အပြစ်မဲ့မရှိတစ်ယောက်ကဲ့သို့ သရုပ်ဆောင်ပြခဲ့သည်။ ချန်းတယ်ယွီ နှင့် သူမတို့ချစ်ကျွမ်းဝင်နေကြသည်ကို နန်းပေါင်ရီ က ဝင်ရောက်စွက်ဖက်သည်ဟု ထင်မြင်ကြစေရန်ကိုလည်း နန်းယန် သူမကိုယ်တိုင်ဟန်ဆောင်ခဲ့သည်။
အချိန်တွေပြောင်းလဲသွားခဲ့ပြီ။ သူတစ်ပါးကို မှားယွင်းဒုက္ခပေးစွပ်စွဲခဲ့သည်ကိုလည်း နန်းယန် ခံစားသင့်သည်။
အဒေါ် ကျိ လည်း ခြေလှမ်းရန်ပြင်လိုက်ချိန်တွင် အပြင်ဘက်မှ ကျယ်လောင်သောအော်သံ ပေါ်ထွက်လာသည်။
“ဘယ်သူလုပ်ရဲတာလဲ !”
နန်းကွမ် က ကြောက်ဖွယ်ကောင်းအောင် ခြေလှမ်းလာခဲ့သည်။ ကြမ်းပြင်တွင် ဒူးထောက်နေသော နန်းယန် ကို ဆွဲထူကာ ဂါဝန်မှဖုန်များကို ဖယ်ချပေးလိုက်ပြီး ဒေါသတကြီးနှင့် ….
“အမေ .. ကျောင်းကျောင်း ရဲ့ တစ်ဖက်သတ်ပြောစကားတွေကိုပဲ မနားထောင်သင့်ဘူး .. ယန်အာ က ကြင်နာတတ်ပြီး သိမ်မွေ့တဲ့သူပါ သူတွန်းချမှာမဟုတ်ဘူး”
သခင်မကြီးလည်း စိတ်ပျက်စွာ သူမ၏သားကိုစိုက်ကြည့်လျက် ….
“ကျူးအာ လည်း မြင်လိုက်တယ် .. ကျူးအာ က လိမ်မယ်လို့ထင်နေလား”
လိမ်ညာသည်ဆိုလျှင်တောင်မှ သူမ ကျောင်းကျောင်း ကို ကာကွယ်ပေးရမည်။ သူမ၏သက်တမ်းတစ်လျှောက် နန်း အိမ်တော်တွင် နေခဲ့သောကြောင့် မိန်းကလေးတစ်ယောက် ဆိုးသည်ကောင်းသည်ကို သူမချက်ချင်းပဲ ခွဲခြားပြောဆိုနိုင်သည်။
နန်းကွမ် က နန်းပေါင်ကျူး ကို မှိုင်တွေစွာကြည့်လျက် …
“ကျူးအာ သမီးကိုယ်တိုင် သမီးမျက်လုံးနဲ့မြင်ခဲ့တာလား”
“ဦးလေး ၃ .. သမီးကိုယ်တိုင် ရှင်းရှင်းလင်းလင်းမြင်ခဲ့တာ”
နန်းပေါင်ကျူး ရဲဝံ့စွာကြည့်လိုက်ပြီး …
“အမြင်အာရုံချို့ယွင်းလို့ နန်းယန် ကို ချစ်ကြတဲ့လူတချို့ကလွဲရင် တခြားလူကြီးသူမတွေ ဘယ်သူမှ နန်းယန် ကို သဘောမကျဘူး … တစ်မိသားစုလုံး ကျောင်းကျောင်း ကိုပဲ ချစ်ကြတော့ သူမနာလိုဖြစ်ပြီး ကျောင်းကျောင်း ကို တွန်းလိုက်တာ”
နန်းကွမ် ဒေါသဖြစ်သွားသည်။
အမြင်ချို့ယွင်းတဲ့လူတချို့ ? သူ့ကို သိသိသာသာဆူပူလိုက်သည်မှာမဖြစ်သင့်ပေ။
နန်းပေါင်ကျူး သည် သူ့အစ်ကို ၂၏ ချစ်လှစွာသော သမီးတစ်ယောက်ဖြစ်သည့်အတွက် နန်းကွမ် မဆူနိုင်ပေ။ ထို့ကြောင့် သူ အမူအရာပျက်စွာနှင့် နန်းပေါင်ရီ ကို ကြည့်လိုက်ပြီး …
“အဖေ့ကိုအမှန်တိုင်းပြော .. သမီးကို အစ်မကတွန်းခဲ့တာလား !”
နန်းပေါင်ရီ မှာ သူမ၏ဖခင်ကိုကြောက်ရွံ့နေဟန်နှင့် သခင်မကြီး ပွေ့ဖက်ထားသည့်ကြားမှ တုန်ယင်လာသည်။
“ဖေဖေ မမကိုမဆူပါနဲ့ မမလည်း တမင်ရည်ရွယ်တာမဟုတ်လောက်ပါဘူး”
နန်းကွမ် လည်း သွေးအန်လုမတတ် အလွန်ဒေါသဖြစ်သွားသည်။ ထိုပြဿနာကို သူဖြေရှင်းနိုင်မည်မဟုတ်တော့သောကြောင့် ကျယ်လောင်စွာပင် ပြောလိုက်သည်။
“တကယ်လို့ ယန်အာ က တွန်းခဲ့ရင်တောင် ကလေးကစားတာလောက်အပြင်မပိုဘူး .. ဒါပေမယ့် နန်းပေါင်ရီ မင်းဒီနေ့ ယန်အာ ထက် ပိုဆိုးဝါးတဲ့အပြစ်တစ်ခု ကျူးလွန်လိုက်ပြီ … မင်းဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့တောင်းပန်သင့်တယ်”
သခင်မကြီးက သူမ၏သားပြောသောစကားများကို ကြားရသည့်အချိန်တိုင်း သူမအတွက် မသက်သာလှပေ။ ထိုကျယ်လောင်သောအသံသည် သူမ၏နားများ ကန်းလုမတတ်ပင် ဖြစ်ရသည်။
သခင်မကြီးလည်း နန်းပေါင်ရီ နားတို့ကို အုပ်ကာလိုက်ပြီး ဆူပူလေသည်။
“နင်စကားကောင်းကောင်းပြောလို့မရဘူးလား နင့်ရဲ့အမေအိုကြီးကို နားကန်စေချင်လို့လား … ကျောင်းကျောင်း ကို ထပ်ပြီးခြောက်လှန့်နေမယ်ဆိုရင် ဘိုးဘွားကမ္ဗည်းဆောင်ရှေ့မှာ အခုချက်ချင်းဒူးထောက်နေ !”
နန်းကွမ် မျက်နှာနီရဲလာပြီး …
“အမေ ကျွန်တော်မှားပါတယ် .. ဒါပေမယ့် နန်းပေါင်ရီ ကြီးမားတဲ့အပြစ်ကျူးလွန်ထားတာကို မမြင်ချင်လို့ ကျွန်တော်အခုလိုဖြစ်နေရတာ”
နန်းပေါင်ရီ မျက်ရည်ဝဲနေရင်း မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး …
“သမီးက ဘာကြီးကြီးမားမားအပြစ်တွေ ကျူးလွန်ခဲ့လို့လဲ”