အပိုင်း (၂၀)
အရှက်ရဖွယ် မင်္ဂလာပွဲ (၂)
နန်းယန် မျက်နှာ ဖြူဖျော့သွားလေသည်။
သူမအမေလည်း အခုမှလက်ထပ်ခါနီးမှာပင် နန်းပေါင်ရီ ကို သူမဆုံးမလိုက်လျှင် ထိုအဖြစ်ကို အများက ဘယ်လိုထင်မြင်ကြလေမလဲ။ သူမကဲ့သို့ မျိုးရိုးနိမ့်က အခွင့်ကောင်းယူနေသည်ကိုသာလျှင် ပြောဆိုရလွယ်ပေဦးမည်။
နန်းယန် မှာ ထိုညံ့ဖျင်းလှသောမိန်းကလေးတို့ကို ခေါ်ထုတ်သွားချင်လာသည်။ နန်းပေါင်ရီ က သူမအခက်တွေ့နေပုံကို ကျေနပ်စွာကြည့်နေပြီး အပြုံးတုနှင့်ပြုံးပြကာ …
“ဒီနေ့အိမ်တော်က စည်ကားနေတာဆိုတော့ မမရဲ့သူငယ်ချင်းတွေကို အချိန်ပေးလိုက်ပါဦးနော် တာ့တာ”
သူမတို့အနားမှ နန်းပေါင်ရီ ရှောင်ထွက်လာပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မျက်နှာကိုထူပိန်းနေအောင်ပြင်ထားပြီး အရောင်စုံလင်စွာဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသမီးတစ်စု သူမထံလာနေကြသည်ကိုတွေ့လိုက်ရသည်။
ထိုအမျိုးသမီးတို့မှာ အမျိုးမျိုးကြည့်ရှုကြပြီး ပုံကြီးချဲ့ကာပြောဆိုလျက် အလွန်အကျွံချီးမွမ်းမြှောက်ပင့်ပြောဆိုနေကြသည်။
ကျန်းယွီ နှင့်ကျန်သောနှစ်ယောက်တို့လည်း အမျိုးသမီးကြီးတို့ထံပြေးသွားပြီး သူမတို့၏အမေတို့ကို ခေါ်လိုက်ကြသဖြင့် ထိုမိန်းမကြီးတို့မှာ မိန်းကလေး လျို ၏ သူငယ်ချင်းများဖြစ်လိမ့်မည်ဟု နန်းပေါင်ရီ သဘောပေါက်လိုက်သည်။
နန်းပေါင်ရီ က စိတ်မဝင်စားသောကြောင့် ရိုသေစွာခေါင်းညိတ်ပြီး နှုတ်ဆက်သည်ကို ကျန်းယွီ က မကျေမနပ်ဖြစ်ကာ …
“နန်းပေါင်ရီ ငါ့အမေက သခင်မ လျို ရဲ့ သူငယ်ချင်းပဲ .. နင့်ထက်အကြီးကို ဒီလိုခေါင်းပဲညိတ်ပြရလား”
သခင်မ ကျန်း ကလည်း မျက်နှာပျက်သွားပြီး သူမကလည်း ထပ်ဆူပူပြန်သည်။
“နန်း အိမ်တော်က အမူအကျင့်ကောင်းတွေ အများကြီးရှိတာ ငယ်ရွယ်တဲ့သူက ကိုယ့်ထက်အကြီးကိုတွေ့ရင် ဦးညွှတ်ရမယ်ဆိုတာမသိဘူးလား စည်းကမ်းအရဆိုရင် ငါက နင့်အမေရဲ့သူငယ်ချင်း ငါ့ကိုအဒေါ်လို့ခေါ်သင့်တယ်”
“သူက ရိုးရာမင်္ဂလာပွဲတောင်မလုပ်ရသေးဘူး ဘယ်လိုလုပ်ပြီး ကျွန်မရဲ့အမေဖြစ်မှာလဲ”
နန်းပေါင်ရီ မျက်ခုံးပင့်တင့်လိုက်ပြီး နန်းယန် ကို ကြည့်ကာ …
“ဒီလူတွေက မမရဲ့အဒေါ်တွေဆိုတော့ သူတို့ကို မမသေချာပြုစုပေးရမှာလေ ဘာလို့ အိမ်တော်ထဲ လျှောက်သွားခိုင်းထားရတာလဲ … ညီမကို စော်ကားတာက ကိစ္စမရှိပေမယ့် ဘွားဘွားကို စော်ကားမိရင် ဒီကိစ္စက ဖြေရှင်းလို့မလွယ်ဘူး”
သူမ၏ဟန်ပန်မှာ အစေခံတို့ကို ဆုံးမနေသကဲ့သို့ အေးစက်စက်ဖြစ်နေသည်။
နန်းယန် ရှက်ရွံ့စိတ်နှင့် လ က်ကိုင်ပုဝါကို ဆုပ်ကိုင်လိုက်ပြီး သခင်မ ကျန်း ကို ရွံရှာစွာကြည့်လိုက်သည်။ ထိုမိန်းမတို့သည် အရှက်မရှိကြသည့်အပြင် ကိုယ့်ကိုယ်ကို အဆင့်မြင့်သည်ဟုတွေးနေကာ မာန်တက်နေကြသည်။ အလွန်ရယ်စရာပင်။
နန်း မိသားစု က မည်သို့သောလူများဖြစ်သည်ကို သူမတို့ သိထားသင့်သည်။
နန်းယန် စိတ်အလိုမလိုက်ချင်သောကြောင့် စိတ်ကိုလျော့ကာ …
“ဒေါ်ဒေါ်တို့ မင်္ဂလာအချိန်ရောက်လာတော့မယ် .. ခန်းမဆီသွားပြီး အခမ်းအနားကိုသွားကြည့်ကြရအောင်နော်”
“ဘာအခမ်းအနားကိုကြည့်မှာလဲ !”
သခင်မ ကျန်း က ဒေါသတကြီးနှင့် …
“နန်း အိမ်တော်က လူငယ်တွေ ရိုသေရကောင်းမှန်းမသိကြဘူး .. ရှောင်မုံ့ သူငယ်ချင်းအနေနဲ့ သူ့ကလေးကို သူ့ကိုယ်စား ဆုံးမပေးမှရမယ်”
ကျန်းယွီ က ရွှေလက်ကောက်ကို တပ်မက်နေပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနှင့် …
“နန်းပေါင်ရီ … လူကြီးတစ်ယောက်ကိုတွေ့ရင် ရိုသေလေးစားရုံမက ပထမဆုံးတွေ့တဲ့အခါ ကိုယ့်ဘက်ကအရင် လက်ဆောင်ပေးရတယ် .. နင်ကငယ်သေးတော့ ငါ့အမေက ဘာမှမလုပ်ပါဘူး အဲဒီရွှေလက်ကောက်တွေပဲ ငါ့အမေကိုပေးလိုက်”
အခြားမိန်းမတို့ကလည်းကြားသွားပြီး ထိုသို့ကံကောင်းသောအဖြစ် ရှိနိုင်မလားဟုတွေးကြလျက် တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးလာကာ …
“မိန်းကလေး ကျန်း ပြောတာ အဓိပ္ပါယ်ရှိတယ် … နန်းပေါင်ရီ ငါလည်း နင့်အဒေါ်ပဲ ငါ့ကို ကျောက်စိမ်းဘယက်ပေးစမ်း !”
“တကယ်လို့ ပေးစရာမရှိတော့ရင် အစေခံတွေကို တခြားရတနာတွေယူလာခိုင်းလိုက် … မင်္ဂလာအချိန်နီးနေပြီ ဘာရပ်လုပ်နေတာလဲ ! သွားလေ အစေခံတွေကို သွားယူခိုင်းလိုက် !”
နန်းပေါင်ရီ က ရယ်စရာကောင်းသောမျောက်များကို ကြည့်နေရသကဲ့သို့ သူမတို့ကြည့်နေသည်။
သူမ ညင်သာစွာပင် …
“သခင်မ လျို က ကျွန်မရဲ့အမေမဟုတ်ပါဘူး .. တကယ်လို့လိုချင်တာရှိရင် နန်းယန် ဆီမှာ တောင်းသင့်ပါတယ်”
သခင်မ ကျန်း က မှိုင်တွေသွားပြီး …
“ဒီလိုစကားကို ဘယ်လိုလုပ်ပြောရက်နိုင်ရတာလဲ လက်ထပ်ပြီးရင် အိမ်တော်ရဲ့မိသားစုဖြစ်နေပြီ … ရှောင်မုံ့ က နင့်ရဲ့အမေပဲ မနက်ဖြန်မနက်ကျရင် သူ့ကို နင်လက်ဖက်ရည်ငှဲ့ပေးရမယ်”
ထိုရန်ဖြစ်တတ်သည့်မိန်းမများနှင့် နန်းပေါင်ရီ မငြင်းဆန်လိုတော့ဘဲ ထွက်သွားချင်သောကြောင့် …
“ဆက်ပြီးအဖော်မပြုပေးနိုင်တော့လို့ ခွင့်လွှတ်ပေးပါ”
သခင်မ ကျန်းက နန်းပေါင်ရီ ၏ ရွှေလက်ကောက်ကို လိုချင်နေသဖြင့် နန်းပေါင်ရီ ကို သွားခွင့်မပေးသည့်အပြင် မရရအောင်လုယူရန် အမျိုးမျိုးကြံစည်နေသည်။
“လက်ဝတ်ရတနာတွေ ဒီမှာထားခဲ့ပြီးမှသွား !”
အခြားမိန်းမတို့လည်းတွေ့သွားပြီးနောက် နန်းပေါင်ရီ ၏လက်ဝတ်တန်ဆာများကို လိုချင်တပ်မက်လာသဖြင့် သူမအနောက်သို့ လိုက်သွားကြလေသည်။
ယနေ့မှာ ပျော်ပွဲရွှင်ပွဲနေ့ဖြစ်သောကြောင့် သူမတို့ နန်း အိမ်တော်ကို အပြစ်မြင်ဒေါသထွက်လျှင်လည်း ပွဲကိုတက်ရောက်လာသူတို့က ပြန်ပြော၍မရပေ။
ထို့အပြင် ရှောင်မုံ့ သည်လည်း နန်း အိမ်တော်၏ တတိယသခင်မဖြစ်လာတော့မည်။ သူမ၏သူငယ်ချင်းတို့က သူမ၏လင်ပါသမီးကိုအနိုင်ကျင့်သည်ကလည်း ရေးကြီးခွင်ကျယ်မဟုတ်တော့ပေ။
ထိုမိန်းမကြီးတို့ကို ရှောင်းယီ ခံစားချက်မဲ့စွာကြည့်နေသည်။
မိန်းကလေး လျို က နန်း အိမ်တော်ထဲ ဝင်ရောက်ခြင်းပင်မရှိသေး၊ ကလေးမလေးမှာ ထိုသို့အနိုင်ကျင့်ခံနေရသည်။ အကယ်၍ သူမသာ နန်း အိမ်တော်ထဲ ခြေကုပ်နေမိလျှင် သေသည့်အထိ အနိုင်ကျင့်ခံနေရတော့မည်။
ခွေးကိုရိုက်လိုလျှင် သူ၏သခင်ကို အရင်ကြည့်ရသည်။
ရှောင်းယီ အေးစက်စက်ပြုံးလိုက်ပြီး နန်းပေါင်ရီ ကို ကာကွယ်ပေးရန် အရှေ့မှကာရပ်လိုက်သည်။ နန်းပေါင်ရီ မှာ မဝံ့မရဲမော့ကြည့်လေရာ ရှောင်းယီ ၏ ဝတ်စုံနက်နှင့် ခန္ဓာကိုသာ မြင်ရသည်။
ရှောင်းယီ က သခင်မ ကျန်း ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားပြီး …
“ခင်ဗျားရဲ့လက်တွေ တရားလွန်နေပြီ”
သခင်မ ကျန်း ဒေါသဖြစ်ချိန်ပင်မရလိုက်၊ တစ်ခုခုကျိုးအက်သံထွက်လာသည်။ သူမလက်ကောက်ဝတ်ကို ရှောင်းယီ ချိုးလိုက်ခြင်းပင်။ ကျယ်လောင်သောအော်သံက ဥယျာဉ်ထဲ ပဲ့တင်ထပ်သွားလေသည်။
သခင်မ ကျန်း က အနောက်ကိုခြေလှမ်းအမြန်ဆုတ်သွားပြီး ချွေးစေးများကျလာတော့သည်။ ကြောက်လန့်နေသဖြင့် စကားမပြောနိုင်ဘဲ နှုတ်ခမ်းများတုန်ယင်နေပြီး ရှောင်းယီ ကို စိုက်ကြည့်နေသည်။
ဥယျာဉ်မှာလည်း အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားသည်။
ရှောင်းယီ မဲ့ပြုံးပြုံးလျက် …
“အခုချိန်ဆိုရင် ခန်းမထဲ သတို့သမီးရောက်နေလောက်ပြီ ဒီနေ့မှာ သတို့သမီးက အရေးကြီးဆုံးပဲလေ … တကယ်လို့ သခင်မမကျေနပ်တာရှိရင် ခန်းမကိုသွားပြီး သတို့သမီးဆီမှာ ဘာလို့အတွန့်မတက်တာလဲ”
ထိုသို့လုပ်လျှင် ဆိုးဝါးလိမ့်မည်ကို နန်းယန် သိသည်။ သခင်မ ကျန်း ပုံကြီးချဲ့ပြောနေလျှင် သူမအမေ လက်ထပ်ရတော့မည်မဟုတ်သောကြောင့် နန်းယန် ချက်ချင်း ရှောင်းယီ ကိုဆူလိုက်သည်။
“ရှောင်းယီ နင့်ကိုယ်နင်ဘယ်သူထင်နေလို့ ဒီမှာစကားပြောနေရတာလဲ”
ရှောင်းယီ သူမကိုစိုက်ကြည့်လိုက်သောအခါ အကြည့်တို့မှာ အလွန်ကြောက်စရာကောင်းသောကြောင့် နန်းယန် ကြောက်လန့်ကာ အရှက်ရသွားသဖြင့် ထပ်မပြောရဲတော့ပေ။
သို့သော်လည်း သခင်မ ကျန်း က မွေးစားသားတစ်ယောက်၏ နှိပ်စက်ခြင်းကိုလက်မခံနိုင်သောကြောင့် နာကျင်စွာ အော်ပြောလေသည်။
“အဆင့်နိမ့်မွေးစားသားကများ ရာရာစစ ငါ့ကို အနိုင်ကျင့်ရဲရတယ်လို့ .. ငါ ရှောင်မုံ့ ကိုသွားတွေ့ပြီး ဒီအကြောင်းပြောရမယ် နန်း အိမ်တော်က ဧည့်သည်တွေအပေါ် ယဉ်ကျေးပြူငှာစိတ် မရှိကြဘူးလို့ !”
မျက်နှာကိုထူပိန်းအောင်ပြင်သထားပြီး ရောင်စုံဝတ်စုံများဝတ်ထားသော မိန်းမကြီးတို့အဖွဲ့မှာ ခန်းမသို့ အမြန်ထွက်သွားကြလေသည်။
နန်းယန် လည်း အလွန်စိတ်ပျက်ပြီး ဒေါသထွက်နေသည်။ သူမခြေကိုဆောင့်ကာ မိန်းမကြီးတို့ကိုတားရန် အမြန်လိုက်သွားလေသည်။
နန်းပေါင်ရီ က ရှောင်းယီ ကို လေးစားစွာကြည့်နေသည်။
မိန်းကလေး လျို ၏ မင်္ဂလာလက်ထပ်ပွဲကို သူမသူငယ်ချင်းကိုယ်တိုင် နှောင့်ယှက်စေရန်လုပ်လိုက်ခြင်းက အလွန်ရက်စက်သောနည်းလမ်းပင်။ ပွဲလာကြသောဧည့်သည်တို့ကလည်း သူမကို ပျက်ရယ်ပြုကြလိမ့်မည်။
ရှောင်းယီ က အသာလှည့်ကာ …
“ဘာတွေကြည့်နေတာလဲ”
“ဘာမှမကြည့်ဘူး”
နန်းပေါင်ရီ သူမမျက်နှာကို ယပ်တောင်နှင့်ကာလိုက်ပြီး ချစ်စရာကောင်းသော မျက်ဝန်းတစ်စုံကိုသာ ဖော်ထားပြီး …
“အစ်ကို ၂က ဉာဏ်လည်းကောင်းပြီး ကိုယ်ခံပညာလည်း တတ်တယ်ဆိုတော့ အစ်ကို ၂ကို ကျောင်းကျောင်း အရိုအသေပေးပါတယ်”
“တော်စမ်းပါ”
ရှောင်းယီ လက်ဆန့်ကာ နန်းပေါင်ရီ ဖြူဝင်းနေသည့်နဖူးကို အသာပုတ်လိုက်ပြီး နှုတ်ခမ်းထက်တွင်လည်း ပထမဆုံးအကြိမ်ဖြင့် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
သူတို့နှစ်ယောက် ခန်းမထဲသို့ တည်ငြိမ်စွာ ဝင်လာခဲ့သည်။ နန်းကွမ် မှာ မိန်းကလေး လျို ကို ခန်းမထဲပို့ဆောင်ခဲ့ပြီးသည့်အချိန်ဖြစ်ပြီး အခမ်းအနားစတင်ရန်အတွက် မင်္ဂလာအချိန်မှာလည်း သခင်မ ကျန်း က ပုံကြီးချဲ့ကာပြောဆိုနေသောကြောင့် နှောင့်နှေးသွားရလေသည်။
ရှောင်းယီ ဝင်လာသည်ကိုမြင်ပြီးနောက် သူမစကားတို့မှာ ကျိုးကြောင်းမဆီလျော်တော့ဘဲ …
“သူပဲ ငါ့လက်ကို အနာတရဖြစ်အောင်လုပ်လိုက်တာ နန်း အိမ်တော်မှာ စည်းမျဉ်းစည်းကမ်းတွေမရှိဘူးလား .. ဘယ်လိုလုပ်ပြီး မွေးစားသားတစ်ယောက်က အရိုအသေမရှိရတာလဲ ရှောင်မုံ့ နင်တရားမျှတအောင်လုပ်ပေးရမယ် !”
နန်းကွမ် က သူ၏ချစ်လှစွာသောဇနီးအစား ဆူပေးလေသည်။
“ရှောင်းယီ ဒီနေ့က ပျော်ပွဲရွှင်ပွဲနေ့ … အခုမင်းဘာလုပ်လိုက်လဲကြည့်ဦး .. ဘာလုပ်နေတာလဲ သခင်မ ကျန်း ကို လက်ဖက်ရည်ငှဲ့ပေးပြီး ခွင့်လွှတ်ပေးဖို့ မတောင်းပန်သေးဘူးလား
ရှောင်းယီ ထိုင်ခုံပေါ်တွင် ပျင်းရိစွာထိုင်လိုက်သည်။ ဒီနေ့ ရှောင်းယီ က အနက်ရောင်လည်ဝိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး လက်ရုံတွင် အနီရင့်ရောင်ပိုးကြိုးလေးများနှင့် အလှထိုးထားလေသည်။ သူထိုင်လိုက်ပြီး လက်ရုံကိုဖြန့်လိုက်သောအခါ အနီရောင်စန္ဒကူးထိုင်ခုံကိုပင် ဖုံးအုပ်သွားသည်။
မျက်နှာကိုလက်တစ်ဖက်နှင့်ထောက်ထားပြီး ခန်းမထဲရှိလူများကို အေးစက်သည့်မျက်လုံးနှင့် တဖြည်းဖြည်းကြည့်သွားပုံမှာ ဘုရင်ဧကရာဇ်က သူ၏အင်ပါယာကို အထင်သေးစွာကြည့်နေသည့်အတိုင်းပင်။
ရှောင်းယီ မုန်းတီးစွာပြုံးလိုက်ပြီး လှောင်ရယ်သောအကြည့်များနှင့် …
“လက်ဖက်ရည်ငှဲ့ပေးပြီး ခွင့်လွှတ်မှုတောင်းခံရမယ်ဆိုတော့ သူကရော ထိုက်တန်လို့လား”
သခင်မ ကျန်း သွေးတို့ဆောင့်တက်လာပြီး ပို၍ဒေါသဖြစ်ကာ အော်လိုက်သည်။
“သခင် ၃ … ဒီလိုလုပ်နေတာကြည့်ပါဦး ရှောင်မုံ့ မိထွေးတစ်ယောက်ဖြစ်ရတာ ခက်ခဲတယ်လို့ပြောဖူးတယ်မလား အခုတော့ အိမ်တော်ထဲမှာ ဆိုးတဲ့
မွေးစားသားတစ်ယောက်ရှိနေပြီ … သူကြာရင် နင့်ခေါင်းပေါ်တက်နေလိမ့်မယ်”
လျိုရှောင်မုံ့ စိတ်မထိန်းနိုင်တော့ဘဲ ခေါင်းမြီးခြုံထားသောပုဝါကို ဖယ်လိုက်ပြီး ရှောင်းယီ ကို ဒေါတကြီးနှင့် ကြည့်လိုက်သည်။
“ဒီကျက်သရေမဲ့တဲ့ကောင် … နင်အခုချက်ချင်း သခင်မ ကျန်း ရှေ့ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့တောင်းပန်လိုက် !”