NBY အပိုင်း ၁၈

အပိုင်း (၁၈)

ရှောင်းယီက လက်ရေးလှရေးခိုင်းခြင်း

“အစ်ကို ၂”

နန်းပေါင်ရီ မျက်ရည်ဝဲနေပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သနားစဖွယ်ကြည့်နေသည်။ အစေခံများစွာရှိနေသောကြောင့် နန်းပေါင်ရီ မျက်နှာပျက်မည်စိုးသောကြောင့် ရှောင်းယီ က …

“စာဖတ်ခန်းကိုလာခဲ့”

ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။

နန်းပေါင်ရီ လည်း မျက်ရည်များကိုသုတ်လိုက်ပြီး ရှောင်းယီ အနောက်မှ အမြန်လိုက်သွားလေသည်။

စာဖတ်ခန်းထဲရောက်သည့်အခါ နန်းပေါင်ရီ တံခါးပိတ်လိုက်ပြီး ပြတင်းပေါက်နားတွင်ထိုင်နေသော ရှောင်းယီ ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

သူမစိတ်မငြိမ်သဖြင့် လက်ချောင်းများကိုဆော့ကစားရင်း ရှောင်းယီ အနား လျှောက်သွားလေသည်။

“အစ်ကို ၂ .. ညီမလေးမှားပါတယ်”

“ဘယ်နေရာမှားတာလဲ”

“ညီမလေးအခြေခံလောက်တောင်မသိလို့ မီးဖိုဆောင်ကို ဖောက်ခွဲမိတယ်”

ရှောင်းယီ ကို နန်းပေါင်ရီ ဂရုတစိုက်နှင့်မော့ကြည့်လိုက်ပြီး …

“ဒါပေမယ့် ညီမလေးက အစ်ကို ၂ရဲ့ကြင်နာမှုကို ပြန်တုံ့ပြန်ပေးချင်လို့ပါ”

ရှောင်းယီ လည်း လက်ဖက်ရည်ကိုသောက်လိုက်ပြီး အေးစက်စက်အမူအရာနှင့် …

“ငါ့ကိုပြဿနာတက်အောင်မလုပ်တာက အကောင်းဆုံးတုံ့ပြန်ပေးတာပဲ”

“ဟုတ်”

နန်းပေါင်ရီ ဝမ်းနည်းစွာပြောလေသည်။

ရှောင်းယီ အတွက် နောက်တစ်ခါ ငါးမကြော်ပေးရဘဲ အချိုမုန့်နှင့် အသီးအရွက်ချက်ပြုတ်ပေးလျှင် ရနိုင်သည်ဟု နန်းပေါင်ရီ တွေးလိုက်သည်။

စာဖတ်ခန်းအပြင်ဘက်တွင် အလွန်လှပသောပန်းအိုးတို့ကို သူမတွေ့လိုက်ပြီး အကယ်၍ အစားအသောက်ပေါ်တွင် ထိုပန်းလေးများနှင့် အလှဆင်ပါက သေချာပေါက်လှပသွားလိမ့်မည်။

ထိုသို့တွေးနေစဉ် ရှောင်းယီ က သူမရေးထားသောစာရွက်တို့ကိုယူလိုက်ပြီး သူမမျက်နှာသို့ ပစ်လိုက်သည်။

“ဒါတွေကိုပြန်ရေးလိုက်”

စာရွက်တို့ကို နန်းပေါင်ရီ အမြန်ကောက်ပြီး စာရွက်ကိုကြည့်လိုက်သောအခါ လက်ရေးတို့မှာမတူညီကြသဖြင့် သူရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူမမျက်နှာတို့နီမြန်းသွားပြီး …

“ဟယ်ယဲ့ က တော်တော်ပျင်းတာပဲ .. တခြားလူတွေမရှာဘဲ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း ရေးနေရမှာကို … အစ်ကို ၂ကို အမှားလုပ်မိတာ ရှက်စရာကြီး နောက်မှ ညီမလေးသူ့ကို အပြစ်ပေးဦးမယ်”

ရှောင်းယီ သည် အေးစက်စက်နှင့် ကရုစိတ်မရှိသကဲ့သို့ စိုက်ကြည့်နေသဖြင့် နန်းပေါင်ရီ တုန်လှုပ်သွားလေသည်။

သူမခြေနှစ်လှမ်းဆုတ်ပြီး စာရွက်များကို အနောက်တွင်ဝှက်ကာ . ..

“ညီ..ညီမလေး မှားပါပြီ …ညီမလေးကိုယ်တိုင်ရေးပါ့မယ် ညီမလေးကိုယ်တိုင်ရေးမယ်”

နေ့လယ်ခင်းအချိန်တစ်ခုကြာအောင် ရှောင်းယီ သည် နန်းပေါင်ရီ ကို စာဖတ်ခန်းထဲတွင်ထိုင်ပြီး လက်ရေးလှလေ့ကျင့်ရန် အပြစ်ပေးထားလိုက်သည်။

နန်းပေါင်ရီ စာမျက်နှာ ၂၀ရေးပြီးသည့်အချိန်မှာ ညနေစောင်းနေဝင်လုနီးပါးဖြစ်နေပြီ။ နာကျင်ညောင်းညာနေသောသူမလက်ကို ခါလိုက်ပြီး စာရွက်များကို ပျော်ရွှင်စွာ ကိုင်လျက် ရှောင်းယီ ကို ပြလေသည်။

“အစ်ကို ၂!”

ရှောင်းယီ စာရွက်တစ်ရွက်ချင်းစီကိုသေချာကြည့်ပြီး သေသပ်စွာရေးထားသောစာလုံးကို ဝိုင်းပြ၍ မလှသောစာလုံးကို အမှားခြစ်လေသည်။ နန်းပေါင်ရီ သည် ကဗျာတစ်ပုဒ်ကို ကူးရေးထားပြီး ထိုကဗျာထဲတွင် (ရှောင်း) ဆိုသော စာလုံးရှိသည်။ စာရွက်၂၀အကုန်လုံးမှာပင် (ရှောင်း) စာလုံးသာ မသေသပ်ဖြစ်နေသည်။

ထိုအခါ ရှောင်းယီ က နန်းပေါင်ရီ သူ့ကိုစိတ်အလိုမကျဖြစ်နေပြီး တမင်လုပ်ရေးသည်ဟုထင်လိုက်သဖြင့် …

“ဒီကိုလာခဲ့”

နန်းပေါင်ရီ မဝံ့မရဲနှင့် ရှောင်းယီ အနားကပ်သွားပြီး ရှောင်းယီ က စုတ်တံကို ကိုင်ခိုင်းကာ …

“ငါ့နာမည်ကိုရေးကြည့်”

နန်းပေါင်ရီ စားပွဲကို တွေဝေလျက်စိုက်ကြည့်နေသည်။

ရှောင်းယီ ရဲ့ နာမည်ကိုရေးရမယ် ?

ရှောင်းယီ နာမည်၏ စုတ်ချက်တို့မှာ ရှုပ်ထွေးကာအလွန်ဆွဲရခက်သောကြောင့် သူမကောင်းမွန်စွာရေးနိုင်မည်မဟုတ်ပေ။

သို့သော် ရှောင်းယီ က သူမအနောက်တွင် ရပ်နေသဖြင့် သူ၏အေးစက်ချိုမြသောကိုယ်သင်းနံ့က သူမကိုဝိုင်းရံထားသည်။ သူ၏အေးစက်နက်မှောင်သောအကြည့်ကလည်း သူမကိုစိုက်ကြည့်နေပုံမှာ ဝံပုလွေက သားကောင်ကိုချောင်းနေသကဲ့သို့ဖြစ်နေပြီး ထိုခံစားချက်မှာ နန်းပေါင်ရီ ကို ပြေးလမ်းမရှိအောင် ပိတ်ဆို့ထားသည်။

နန်းပေါင်ရီ စုတ်တံကို ညင်သာစွာကိုင်လိုက်ချိန် ရှောင်းယီ ကလည်း ငုံ့ကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ စုတ်တံကိုင်ထားလျက်နှင့် သူမ၏လက်ချောင်းတို့ကို ချစ်စဖွယ်ကော့ညွှတ်တတ်လေ့ရှိသည်။

သူမစုတ်တံကိုင်ပုံမှာ မမှန်ကန်သော်လည်း မမျှော်လင့်စွာ ရှောင်းယီ စိတ်အေးသွားခဲ့ရသည်။ နန်းပေါင်ရီ စာရေးရန်ခက်သဖြင့် အမှားလုပ်မိခဲ့ခြင်းသာဖြစ်သည်ကိုသိပြီးနောက် နန်းပေါင်ရီ အနောက်မှနေ၍ စုတ်တံကိုင်ထားသော သူမလက်ကိုအုပ်ကိုင်လိုက်သည်။

နန်းပေါင်ရီ တစ်ကိုယ်လုံးတောင့်သွားပြီး အံ့ဩတကြီးနှင့် ရှောင်းယီ ကို မော့ကြည့်လေသည်။ ရှောင်းယီ မှာ အေးစက်စက်နိုင်လှသော်လည်း ချောမောနေလျက်ပင်။ နေဝင်ချိန်မှ နွေးထွေးမှုက သူ၏အေးစက်သော အသားအရေပေါ် ကျရောက်နေပြီး သူ၏ကျဉ်းမြောင်းသော အနက်ရောင်မျက်ဝန်းထဲတွင်လည်း သူမနားမလည်နိုင်သော ခံစားချက်တို့ပြည့်နှက်နေသည်။

နန်းပေါင်ရီ စိုက်ကြည့်နေသည်ကို သတိထားမိလိုက်ပြီး …

“ငါ့ကို ဘာလို့ကြည့်နေတာလဲ စာရွက်ကိုပဲသေချာအာရုံစိုက်”

နန်းပေါင်ရီ ခေါင်းကိုအမြန်ငုံ့လိုက်ပြီး သူမလက်ပေါ်တွင် အုပ်မိုးထားသော ရှောင်းယီ လက်ကို ခိုးကြည့်နေလိုက်သည်။ သူ၏လက်ဖဝါးတွငိ အသားမာတို့ပြည့်နေပြီး သူမလက်ခုံကို နာကျင်စွာထိနေသည်။

သူမအဆင်မပြေဖြစ်လာသောကြောင့် သတိမထားမိလိုက်ဘဲ လက်ချောင်းကို ကွေးညွှတ်လိုက်မိသဖြင့် ရှောင်းယီ မျက်လုံးတို့ အနည်းငယ်နက်မှောင်သွားသည်။

မိန်းကလေးငယ်၏လက်မှာ နူးညံ့အိစက်နေပြီး အကောင်းစားပိုးထည်ကိုကိုင်ရခြင်းထက် ပို၍သက်တောင့်သက်သာရှိပြီး နူးညံ့နေသည်။

ကွေးညွှတ်လိုက်သည့်လက်ချောင်းလေးမှာ သွယ်လျနေသည်။ လက်ချောင်းထိပ်မှာလည်း လက်သည်းထက်ဝက်ကျိုးနေပြီး စွန်းပေနေသော သွေးမှာလည်း ခြောက်သွေ့ကာ သက်တောင့်သက်သာမရှိ၍ လှုပ်ရှားနေပုံမှာ သူ၏နှလုံးသားကိုကုတ်ခြစ်ကာ နာကျင်စေသကဲ့သို့ ခံစားလိုက်ရသည်။

ရှောင်းယီ စာရွက်ပေါ်တွင် အာရုံစိုက်လိုက်ပြီး နန်းပေါင်ရီ ကို စာရေးကူပေးလေသည်။

“ရှောင်းတောက်ရန်”

စာရွက်ပေါ်ရေးထားသောနာမည်ကို နန်းပေါင်ရီ ရေရွတ်လိုက်သည်။

“အဲဒါဘယ်သူလဲ”

ရှောင်းယီ ကိုယ့်ကိုယ်ကိုပြန်ထိန်းကာ မျက်နှာအမူအရာမှာလည်း အေးစက်သွားပြီး စာရွက်ကိုလုံးချေလိုက်သည်။ ရှောင်းယီ ဘာကြောင့် ရုတ်တရက် ဒေါသဖြစ်သွားသည်ကို နန်းပေါင်ရီ နားမလည်လိုက်ပေ။

လုံးချေထားသောစာရွက်ကို သူမယူထားလိုက်ပြီး နာမည်ကို သူမစိတ်ထဲစွဲအောင် မှတ်ထားလိုက်သည်။

ထိုအချိန်တွင် ဝင်စပြုနေသော နေမင်းကြီးမှာ ရဲရဲတောက်နေသည်။ နန်းပေါင်ရီ မှာ လက်ရေးလှလေ့ကျင့်၍အလုပ်များနေချိန် သူမ၏ဖခင်မှာ သူ၏အခြားမိသားစုနှင့် ညနေစာအတူစားနေကြသည်။

ကျင်ကွမ်း မြို့လမ်းမကြီးဘေးတွင်ရှိသော စားသောက်ဆိုင်ကြီးတစ်ဆိုင်တွင် နန်းကွမ် က စားပွဲအပြည့် စားသောက်ပွဲများကိုမှာကာ စီရီချထားစေပြီး ဟိုစားပွဲတို့မှာ နန်းယန် အကြိုက်ဆုံးသောအစားအစာများပင်။

အဖေနှင့်သမီးတို့ ပျော်ရွှင်စွာ စကားပြောနေကြချိန်တွင် မိန်းကလေး လျို က အထုပ်ပိုက်ထားသောအစေခံနှစ်ယောက်နှင့် ကျော့ရှင်းစွာဝင်လာခဲ့သည်။

မိန်းကလေး လျို သည် ကလေး၂ယောက်မွေးဖွားပြီးသော်လည်း လက်ထပ်ပြီးခါစ ဇနီးတစ်ယောက်အနေနှင့်သာ ဝတ်စားလေ့ရှိပြီး ဆံပင်ကိုလည်းလိပ်တင်ကာထုံးဖွဲ့ထားလျက် အစိမ်းနုရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူမသည် နှစ်များစွာ နွေဦးကျောက်စိမ်းပြဇာတ်ရုံ၏ မင်းသမီးတစ်ယောက်ဖြစ်ခဲ့သည့်အလျောက် လမ်းလျှောက်ပုံမှာလည်း လှပကျော့ရှင်းနေသည်။

သူမထိုင်လိုက်ပြီး နန်းကွမ် ထံမှ လက်ဖက်ရည်ခွက်ကိုယူကာ ပြုံးလိုက်ပြီး …

“ကျွန်မတို့ လက်ထပ်ရဖို့က နှစ်ပတ်တည်းကျန်တော့လို့ ဈေးထဲသွားပြီး အလှခြယ်စရာတွေ လက်ဝတ်လက်စားရတနာတွေ ဝယ်လာခဲ့တယ် … ကျွန်မမှာ မိသားစုနောက်ခံလည်းမရှိဘူး ပြီးတော့ ယောင်းမ ၂က ကိုယ်ရံတော်မိသားစုမျိုးရိုးကနေ ဆင်းသက်လာတာလို့ကြားခဲ့တယ် နောက်ဆို သူက ကျွန်မထက်သာသွားမှာ စိတ်ပူမိတယ်”

“မရီး ၂က ကြမ်းတမ်းပြီး မိန်းကလေးမပီသဘူး သူက မင်းနဲ့ဘယ်လိုယှဉ်လို့ရနိုင်မှာလဲ”

နန်းကွမ် က သူမလက်ကို အုပ်ကိုင်ကာ …

“မင်းသာ အိမ်တော်ထဲရောက်သွားပြီးရင် မင်းအတွက် ရတနာတွေအများကြီးပေးဖို့ အမေ့ကိုပြောပေးမယ်နော်”

မိန်းကလေး လျို က ရှက်ရွံ့နေဟန်နှင့် …

“တောင်းဆိုစရာတစ်ခုတော့ရှိသေးတယ်”

“ပြောလေ”

“ကျွန်မရဲ့ဆွေမျိုးတွေက တိုင်းစွန်နယ်ဖြားမှာနေကြတာဆိုတော့ ဒီကိုအချိန်မီမလာနိုင်မှာစိုးတယ် .. အဲဒါကြောင့် သူငယ်ချင်းတွေကို ဖိတ်ခေါ်ချင်လို့ပါ သူတို့ကိုခေါ်လို့ရမလား”

သူမသည် တစ်ခါတလေ မာကျောက်ဆော့ကစားရင်း ညီအစ်မတချို့နှင့် မိတ်ဖွဲ့ထားသည်။ ထိုညီအစ်မများတွင်လည်း ပြည့်တန်ဆာ၊ လူကုံထံတစ်ယောက်၏ ဇနီးအငယ်၊ အရာရှိ၏မောင်းမဟူသော နောက်ခံတစ်မျိုးစီ ရှိကြသည်။

မိန်းကလေး လျို က နန်းအိမ်တော်နှင့်လက်ထပ်ပြီး သခင်မ ၃ဖြစ်လာမည်ကို သူမတို့မယုံနိုင်ဖြစ်နေကြသဖြင့် သူမ လျိုရှောင်မုံ့ က တိုးတက်ကောင်းမွန်သွားသည်ကို သူမတို့ကိုယ်တိုင်လာကြည့်ကြရန်ပြောထားခဲ့သည်။

နန်းကွမ် ကလည်း နှစ်ခါမတွေးဘဲ လက်ခံသဘောတူလိုက်သည်။ နန်းကွမ် ရေအိမ်သို့သွားနေစဉ် နန်းယန် က သိချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ …

“မေမေ .. မေမေ့သူငယ်ချင်းတွေက လူတွေကြားထဲလာဖို့မသင့်တော်တာကို ဘာလို့ခေါ်ဦးမှာလဲ .. သမီးတို့ကို လူတွေပြောစရာဖြစ်အောင်လုပ်နေတာလား”

မိန်းကလေး လျို က ကြေးမုံအသေးတစ်ခုကိုထုတ်လိုက်ပြီး …

“ဒါက လူကြီးတွေရဲ့ကိစ္စပါ သမီးဘာသိလို့လဲ .. မေမေက သမီးဖေဖေရဲ့ မောင်းမဖြစ်လာတာ ၁၀နှစ်ကျော်နေပြီ အခုထိ နန်း အိမ်တော်ထဲ တစ်ခါတောင်ခြေမချဖူးသေးဘူး … မေမေ့နောက်ကွယ်မှာ လှောင်ပြောင်နေတာတွေအများကြီးရှိတယ် အခက်အခဲတွေအများကြီးကြုံခဲ့ရပြီး အခုတော့ လိုချင်တာရခဲ့ပြီ … မေမေရဲ့ကံကောင်းမှုကို သူတို့ကြည့်ရမှာပေါ့”

သူမက ကြေးမုံကို သိမ်းလိုက်ပြီး …

“သမီးလိမ္မာလေး .. သမီးရော နန်း အိမ်တော်မှာနေရတာအဆင်ပြေလား .. နန်းပေါင်ရီ သမီးကိုအနိုင်ကျင့်နေသေးလား”

နန်းယန် လည်း မျက်ရည်ကျလာပြီး …

“အိမ်တော်ကလူတွေအားလုံး နန်းပေါင်ရီ ကိုပဲချစ်ကြတော့ သူလည်း သမီးကို အမြဲတမ်းအနိုင်ကျင့်နေတာ .. သမီးက အငယ်အနှောင်းဇနီးရဲ့သမီးဖြစ်နေတာ မေမေ့ကြောင့်ပဲ”

မိန်းကလေး လျို သက်ပြင်းချလိုက်ပြီး နန်းယန် မျက်နှာကို ညင်သာစွာကိုင်လျက် …

“စိတ်ရှည်ရှည်ထားပါ သမီးရယ် … မေမေသာ တရားဝင်ဇနီးဖြစ်လာရင် သမီးလက်ထပ်ဖို့အတွက် သင့်တင့်ကောင်းမွန်တဲ့မိသားစုရှာပေးမယ်”

နန်းယန်က နန်းပေါင်ရီ ၏ လက်ထပ်ပွဲကို စဉ်းစားလိုက်သည်။ နန်းပေါင်ရီ မှာ ကောင်းမွန်သည့်ဘဝကိုရရှိခဲ့သဖြင့် ရှု နိုင်ငံဘုရခင်ခံနှင့် ပထမဇနီးမှမွေးဖွားသောသားကို လက်ထပ်ခွင့်ရခဲ့သည်။

သခင်လေး ချန်း သည် ချန်အန်း မြို့တွင် စာပေသင်ကြားခဲ့ပြီး အဆင့်ရလဒ်များလည်း ကောင်းမွန်သည်ဟု နန်းယန် ကြားသိခဲ့ရသည်။ သူသာ အမတ်တစ်ယောက်ဖြစ်လာလျှင် နန်းပေါင်ရီ လည်း အရာရှိအမတ်တစ်ယောက်၏ ဇနီးမယားဖြစ်လာလိမ့်မည်။

နန်းယန် အသံကိုနိမ့်ချလိုက်ပြီး …

“မေမေ နန်းပေါင်ရီ ရဲ့ လက်ထပ်ပွဲလည်း မဆိုးဘူးလို့ သမီးထင်တယ်”

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset