အပိုင်း (၁၇)
ခန့်ညားသောအမတ်လောင်း
နန်းပေါင်ရီ အခန်းကိုပြန်လာခဲ့ပြီး အစေခံများကို ထွက်သွားခိုင်းလိုက်သည်။
ထို့နောက် အိပ်ရာထဲဝင်ကာ လိုက်ကာများကိုချလိုက်ပြီး အိပ်ချင်သော်လည်း ပြန်ထပြီးတစ်ဖက်လှည့်လိုက်နှင့် အိပ်၍မရပေ။
သူမအဖေနှင့် မိန်းကလေး လျို တို့ ကြင်ဦးစအတွဲကသို့ ချစ်ကြည်းနူးနေကြသည့်ပုံရိပ်တို့ သူမအတွေးထဲ အထပ်ထပ်အခါခါပေါ်လာနေသဖြင့် စိုးရိမ်ပူပန်စိတ်တို့နှင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်။ သူမအခုချက်ချင်းထသွားကာ သူမအဖေကို ဆွဲခေါ်လာနိုင်လျှင် ကောင်းမည်ဟုတွေးနေသည်။
ရှောင်းယီ အခန်းထဲရောက်လာပြီး လှပစွာပုံဖော်ထားသောဖိနပ်လေးက မြေပြင်ပေါ် ကန်ထုတ်ထားခံရသည်ကိုတွေ့လိုက်သည်။ ကလေးမငယ်လေးမှာ သူမဒူးတို့ကိုဖက်ရင်း ကြမ်းပြင်ကို အကြောင်းမရှိဘဲစိုက်ကြည့်နေသည်။
ရှောင်းယီ က သူ၏ဝတ်ရုံကိုအသာသပ်လိုက်ပြီး လက်ရာမြောက်စွာထွင်းထုထားသောခုံပေါ်တွင် ထိုင်လိုက်သည်။
ရှောင်းယီ ကို နန်းပေါင်ရီ မြင်လိုက်၍ လိုက်ကာတို့ကိုဖယ်လိုက်ပြီး ….
“အစ်ကို ၂ .. ဒါညီမလေးအခန်း အစ်ကိုက ဒီကိုဘာလာလုပ်တာလဲ”
ရှောင်းယီ က မက်မွန်သကြားလုံးဘူးကိုထုတ်လိုက်ပြီး အံငယ်တစ်ခုကိုဖွင့်ကာ ပန်းနုရောင်သကြားလုံးကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။
“စတော်ဘယ်ရီအရသာပဲ”
နန်းပေါင်ရီ ကြည့်နေသည်ကိုတွေ့လိုက်တော့ ရှောင်းယီ ပြုံးပြကာ …
“စားချင်လား”
နန်းပေါင်ရီ လည်း စိတ်ရှုပ်သွားပြီး …
“အသက်ကြီးနေပြီ အခုထိသကြားလုံးစားနေတုန်း … ရှက်စရာကြီး”
“အငိုသန်တဲ့ကလေးဆိုးက သူ့အဖေကို သကြားလုံးဝယ်ပေးဖို့ဘယ်လိုချွဲရမလဲဆိုတာတော့သိသားပဲ ဟုတ်တယ်မလား”
ရှောင်းယီ က သကြားလုံးဘူးကို နန်းပေါင်ရီ ထံကမ်းပေးလိုက်သည်။
“မင်းအတွက်”
နန်းပေါင်ရီ ကြောင်အမ်းကာ သကြားလုံးဘူးလေးကို စိုက်ကြည့်နေပြီး အနည်းငယ်ကြာတော့မှသာ လှမ်းယူလိုက်သည်။
သကြားလုံးဘူးလေးကို ပိုက်ထားရင်း မျက်ရည်များကျလာပြီး …
“ညီမလေး ဖေဖေ့ရှေ့မှာ ချစ်စရာကောင်းအောင်လုပ်ပြီး သကြားလုံးဝယ်ပေးဖို့ပူဆာတာက သကြားလုံးပဲလိုချင်လို့မဟုတ်ဘူး .. ဖေဖေက ညီမလေးတစ်ယောက်တည်းကိုပဲ အမှန်တကယ်ဂရုစိုက်စေချင်တာ”
“ဒါပေမယ့် မင်းအဖေက မင်းကိုမလိုချင်တော့ဘဲ တခြားမိသားစုကို ဂရုစိုက်နေတာ သိသာနေပြီလေ”
ရှောင်းယီ လည်း နန်းပေါင်ရီ ငိုနေသည်ကိုကြည့်ရင်း …
“နန်းပေါင်ရီ .. မင်းအခုဘာဆက်လုပ်မှာလဲ”
နန်းပေါင်ရီ မျက်ရည် တို့ကိုအမြန်သုတ်လိုက်ပြီး ရှောင်းယီ က သူမကို ပြက်ရယ်ပြုနေသဖြင့် စိတ်ဆိုးသွားလေသည်။ သကြားလုံးဘူးကို ကိုင်လိုက်ပြီး မျက်ခုံးတို့ပင့်တက်သွားကာ …
“အစ်ကို ၂ ဘာလို့ညီမလေးကို သကြားလုံးဘူးဝယ်ပေးတာလဲ … ညီမကိုပျော်အောင်လုပ်ချင်လို့လား”
ရှောင်းယီ ရယ်မောလိုက်ပြီး …
“ငါက မင်းကိုသကြားပေးမယ့်အခွင့်အရေးကိုသုံးပြီး မင်းဖြစ်နေတာကြည့်ပြီး ရယ်ချင်လို့ ဒီကိုလာခဲ့တာ … ပြီးခဲ့တဲ့နောက်ဆုံးတစ်ခေါက်က မင်းငါ့ကို ဘာလုပ်ခဲ့လဲဆိုတာ မင်းရော ငါရော ကောင်းကောင်းသိတာပဲ .. နန်းပေါင်ရီ မင်းနဲ့ငါနဲ့ကြားမှာ မမျှတသေးတဲ့အခြေအနေတွေ ကျန်နေသေးတယ်”
အတွက်အချက်ကြီးလိုက်တာ။
နန်းပေါင်ရီ စိတ်ထဲမှညီးတွားလိုက်ပြီး သူမလည်း ရှောင်းယီ ကို စနောက်လိုစိတ်မရှိသောကြောင့် …
“ဒါဆိုလည်း အစ်ကို ၂က ညီမလေးကို လှောင်ပြီးပြီဆိုတော့ ထွက်သွားပါတော့ .. ညီမလေးအိပ်ချင်နေပြီ”
ထိုသို့ပြောပြီးနောက် နန်းပေါင်ရီ စောင်ကြားထဲသို့ ဝမ်းနည်းစွာ တိုးဝင်သွားတော့သည်။
ရှောင်းယီ လည်း စောင်ကြားထဲမှလုံးထွက်နေသော နန်းပေါင်ရီ ကို ကြည့်နေကာ ခဏထိုင်ပြီးနောက် လက်ဝတ်ရုံကြားထဲမှ စာအိတ်ကိုထုတ်ယူလိုက်ပြီး နန်းပေါင်ရီ ခေါင်းအုံးဘေးတွင် အသာချကာ ထွက်သွားလိုက်သည်။
ရှောင်းယီ ထွက်သွားပြီးနောက် နန်းပေါင်ရီ ခိုးကြောင်ခိုးဝှက်နှင့် စောင်ကြားထဲမှ ထွက်လာလေသည်။ ပိတ်ထားသည့်တံခါးကို ချောင်းကြည့်လိုက်ပြီး သိချင်စိတ်တို့နှင့် စာအိတ်ကိုဖွင့်ဖတ်လေသည်။
စာရွက်ကိုကြည့်ပြီးနောက် သူမ၏မျက်လုံးများ တောက်ပလာသည်။
ထိုစာရွက်မှာ မိန်းကလေး လျို ၏ ကျန်ရှိနေသေးသောစာချုပ်ပင်။
သူမနှလုံးခုန်သံတို့လည်း တဖြည်းဖြည်းမြန်လာပြီး ရင်ထဲရှိ ဝမ်းနည်းအားငယ်စိတ်တို့မှာ ပျော်ရွှင်စိတ်တို့ကြောင့် ပျောက်ကွယ်သွားလေသည်။ စာချုပ်ကိုကိုင်ထားရင်း ပျော်ရွှင်စွာအော်ဟစ်ပြီး သူမအိပ်ရာပတ်၍ပြေးနေလိုက်သည်။
ထိုအချိန် ရုတ်တရက် တံခါးပွင့်လာလေသည်။ နန်းပေါင်ရီ လည်း ဉာဏ်ရှိရှိပင် အိပ်ရာထဲအမြန်ပြန်လှဲကာ နံရံဘက်လှည့်ရင်း သက်ပြင်းချလိုက်သည်။
နန်းပေါင်ရီ ၏ လှုပ်ရှားမှုတို့ကို ရှောင်းယီ ရိပ်မိလိုက်သဖြင့် အသာပြုံးလိုက်သည်။
“မင်းရဲ့အဖေနဲ့ သခင်မ လျို ရဲ့လက်ထပ်ပွဲက နောက်လ ၁၀ရက်နေ့ကို သတ်မှတ်ထားတယ် .. မင်းမှာပြင်ဆင်ဖို့အချိန် လတစ်ဝက်စာပဲရတယ်”
နန်းပေါင်ရီ က အားနည်းနေဟန်နှင့် လက်ကိုယမ်းပြလိုက်သည်။
ရှောင်းယီ ထွက်သွားပြီးနောက် နန်းပေါင်ရီ သူခိုးတစ်ယောက်ကဲ့သို့ထထိုင်ပြီး ရှောင်ယီ ထွက်သွားကြောင်း သေချာတော့မှသာ စာချုပ်ကိုင်လျက် အခန်းကိုပတ်ပြေးပြန်လေသည်။
အမတ်လောင်းသည် အလွန်သဘောထားကောင်းလှသည်။ စာချုပ်ကိုယူပေးမည်ဟု ကတိပေးထားသည့်အတိုင်း စာချုပ်ကိုရအောင် ယူပေးသည်။
ရွှေစ ၁သောင်း !
နန်းပေါင်ရီ ပျော်ရွှင်စွာ စာချုပ်ကိုသိမ်းပြီးနောက် အစေခံတစ်ယောက်ကို ခေါ်လိုက်ပြီး အနီးဆုံးနှင့် ကျင်ကွမ်း မြို့ထဲတွင် ရက်စက်ကြမ်းကြုတ်ဆုံးသော လူဆိုးဂိုဏ်းတစ်ခုကို မေးလေသည်။ အဖေနှင့် မိန်းကလေး လျို တို့၏ အကြီးကျယ်ဆုံးသောနေ့တွင် အံ့ဩဖွယ်ရာတစ်ခုခုပြုလုပ်ပေးရန် စီစဉ်ထားလိုက်သည်။
စာချုပ်ကို သူမ၏အံဆွဲထဲတွင်သိမ်းလိုက်ပြီး အလှပြင်စားပွဲပေါ်တွင် တင်ထားလိုက်သည်။ နန်းပေါင်ရီ သကြားလုံးဘူးကိုင်ယူလိုက်သည့်အခါ အားရစွာပြုံးလိုက်ပြီး အမတ်လောင်းက သူမကို ဂရုစိုက်သည်ဟု ခံစားနေရလျက်ပင်။
“အစ်ကို ၂က ငါ့ကိုတော်တော်ဂရုစိုက်တာပဲ .. ငါသူ့ကို တစ်ခုခုပြန်လုပ်ပေးရမယ်”
အောင်မြင်ခြင်းနှင့် ကံကောင်းခြင်းက နောက်မှဖြစ်လာလိမ့်မည်။ အခုမှာတော့ နန်းပေါင်ရီ ဆိုသည့်သူမက ချစ်စရာကောင်းပြီး နာခံရိုကျိုးတတ်သော ညီမကောင်းလေးတစ်ယောက်ဖြစ်ကြောင်း ရှောင်းယီ သိအောင်လုပ်ရန် အရေးကြီးသည်။
“အနာဂတ်မှာ သူက မင်းဆရာဖြစ်လာပြီဆိုရင် ငါ နန်းပေါင်ရီ က အင်အားကြီးအမတ်တစ်ယောက်ရဲ့ ချစ်ရတဲ့ညီမလေးဖြစ်လာလိမ့်မယ် … အဲဒီအခါကျရင် ကိုယ်လက်ထပ်ချင်တဲ့သူကို ကြိုက်သလိုရွေးလို့ရပြီး မိသားစုလည်း အေးအေးချမ်းချမ်းရှိနေလိမ့်မယ်”
နန်းပေါင်ရီ မျက်လုံးတို့တောက်ပနေပြီး ကျေနပ်အားရစွာပြုံးလျက် သူမစိတ်ထဲမှ မြင်ကွင်းတချို့ကို ပုံဖော်နေသည်။
ကျင်းလွမ် နန်းတော်ထဲရှိ ညောင်စောင်းပေါ်တွင် သူမက အဆင်တန်ဆာများနှင့် လှပသောဝတ်စုံကို ဝတ်ဆင်ထားလေသည်။ အကျင့်မကောင်းသော အနောက်ပိုင်းဘုရင်ခံက သူမ၏ပခုံးနှင့် ခြေတို့ကို နှိပ််ပေးနေပြီး သူမကို အမြဲတမ်း ရက်စက်စွာနှောင့်ယှက်ခဲ့သည့် ချန်းဝမ် မောင်နှမတို့က သူမရှေ့တွင်ဒူးထောက်ကာ သနားငဲ့ညှာမှုကိုတောင်းခံနေသည်။ နန်းတွင်းမှူးမတ်ဝန်ကြီးတို့၏သားများကလည်း သူမ၏ခင်ပွန်းအဖြစ် အရွေးခံကြလို၍ စီတန်းရပ်နေကြပြီး ရှောင်းယီ ကလည်း ဘေးတွင်ရထိုင်လျက် ပန်းချီကားကိုကိုင်ကာ သူမကို တော်ဝင်မိသားစုအကြောင်း ပြောပြနေသည်။
ခစ် … ဘယ်သူက ချန်းတယ်ယွီ ကို ထိမ်းမြားချင်ပါ့မလဲ။
“ဟားဟားဟားဟား ! ဟားဟားဟားဟားဟား !”
နန်းပေါင်ရီ ကျယ်လောင်စွာ ရယ်လိုက်သည်။
ထိုအချိန်မှာပင် ဟယ်ယဲ့ လည်း စာရွက်အထပ်ထပ်များကိုကိုင်ကာဝင်လာပြီး သခင်မလေးကို ထူးဆန်းစွာကြည့်နေသည်။
“သခင်မလေး ဘာလို့ဒီလောက််ရယ်နေတာလဲ … တံတွေးတွေလည်း ထွက်နေပြီ”
“အို ..”
နန်းပေါင်ရီ လည်း မျက်နှာပူသွားပြီး တံတွေးတို့ကိုသုတ်ပစ်လိုက်သည်။
“စာတွေရေးပြီးပြီလား”
“ပြီးပါပြီ တခြားအစေခံမလေးတွေကို ကူရေးခိုင်းလိုက်တာ မြန်မြန်ပြီးသွားတယ်”
“ကောင်းတယ် .. ဒါကို အစ်ကို ၂ဆီ သွားပို့ပေးဦး”
ဟယ်ယဲ့ အံ့ဩသွားပြီး …
“သခင်မလေး မသွားဘူးလား”
“အစ်ကို ၂က သကြားလုံးဘူးပေးခဲ့တော့ သူ့အတွက် ငါ့ရဲ့အကောင်းဆုံး ဟင်း၂ပွဲချက်ပေးမလို့ သူ့ကိုမပြောလိုက်နဲ့ အံ့ဩအောင်လုပ်မလို့”
နန်းပေါင်ရီ လက်ရုံကိုအသာလိပ်တင်ကာ စားဖိုဆောင်သို့ထွက်သွားလေသည်။
ဟယ်ယဲ့ လည်း စိတ်ထဲမှ မကောင်းသောအရာတစ်ခုခုဖြစ်လာတော့မည်ဟု ခံစားမိလိုက်သည်။ သူမ၏သခင်မလေးမှာ တစ်လျှောက်လုံး ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နေခဲ့သူက သူမ၏အကောင်းဆုံးဟင်းကို ချက်လိုသည်တဲ့။ သူမက မည်သို့ကိုင်တွယ်ချက်ပြုတ်ရမည်ကို သိပါရဲ့လား။
ဟယ်ယဲ့ လည်း စာရွက်တို့ကို စာကြည့်ဆောင်သို့ပို့လိုက်သည်။ ရှောင်းယီ လည်း စာရွက်များကို တစ်ရွက်ချင်းစီ စစ်ဆေးလိုက်သည့်အခါ လက်ရေးတို့မှာမတူကြပေ။
ကျစ် .. လက်ရေးတွေမတူကြဘူး လူအများကြီးရေးထားကြတာဖြစ်မယ်
ဟယ်ယဲ့ လည်း မိမိတစ်ယောက်တည်းရှိနေသဖြင့်ကြောက်ရွံ့လာပြီး …
“ဒုသခင်လေး ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်မကို သွားခွင့်ပြုပါ”
“မင်းရဲ့သခင်မလေးဘယ်မှာလဲ။
“သ..သ..သခင်မလေးက ဒုသခင်လေးကို လေးစားပါတယ်”
ဟယ်ယဲ့က အမေးကိုမဖြေဘဲ အခြားအကြောင်းပြောလေသည်။
“သခင်မလေးက ဟယ်ယဲ့ အစ်ကို ၂က ငါကောင်းဖို့အတွက် ငါ့ကိုစာရေးခိုင်းတယ်လို့အမြဲပြောတတ်ပြီး ကျွန်မကိုလည်း ကျွန်မကောင်းဖို့အတွက်ပဲ စာလုပ်သင့်တယ်လို့လည်း အမြဲပြောပါတယ် … ပြီးတော့လည်း ဟယ်ယဲ့ အစ်ကို ၂က လုပ်ရည်ကိုင်ရည်လည်းရှိပြီး ဉာဏ်လည်းကောင်းတော့ တစ်ချိန်ကရင် အောင်မြင်တဲ့သူဖြစ်မယ်လို့လည်း ပြောလေ့ရှိပါတယ်”
သူမ နန်းပေါင်ရီ ၏ အပြုအမူအတိုင်း ကောင်းစွာတုပနိုင်လိုက်သည်။
ရှောင်းယီ လည်း နှုတ်ခမ်းကို တင်းတင်းစေ့အောင် ပိတ်လိုက်ပြီး ထိုမိန်းကလေးနှစ်ယောက် ပြဇာတ်ထဲ ဝင်လိုက်ရသည်ကမှ ပို၍သင့်တော်မည်ဟု တွေးလိုက်သည်။
“ဒုက္ခပါပဲ ..သခင်လေးရေ မကောင်းတော့ဘူး”
ယွိဝေ့က အခန်းထဲသို့ အလန့်တကြားပြေးလာပြီး …
“သခင်လေး .. သခင်မလေး ၅ မီးဖိုဆောင်ထဲမှာ ဒုက္ခရောက်ပြီ !”
ရှောင်းယီ နှင့် အစေခံတို့လည်း အမြန်ပြေးသွားကြည့်လိုက်သောအခါ မီးဖိုဆောင်တစ်ခုလုံးမှာ ပေါက်ကွဲသွားသည့်အတိုင်းပင်။
နန်းပေါင်ရီ တစ်ကိုယ်လုံးလည်း ဂျုံမုန့်များပေပွနေပပြီး ဆံပင်မှာလည်း ကြက်သိုက်ကဲ့သို့ ရှုပ်ပွနေသည်။ ညစ်ပတ်ပေရေစွာ တံစက်မြိတ်အောက်တွင်ရပ်နေပြီး ခဏအကြာအော်ငိုလေတော့သည်။
ရှောင်းယီ ကို တွေ့လိုက်သောကြောင့် ငိုရင်းနှင့်ပြေးလာပြီး မျက်ရည်စိုနေသောမျက်ဝန်များနှင့်ကြည့်ကာ …
“ညီမလေး ဂျုံမုန့်တွေဖိတ်သွားပြီး ပျံ့ကျဲကုန်တာ .. ပြီးတော့ မီးလည်းမွေးလိုက်ရော ဝုန်းဆိုပြီး ပေါက်သွားတာ ပေါက်ကွဲသွားတာ ..ဝါး !!”
ရှောင်းယီ ကတော့ နန်းပေါင်ရီ ကို ကြည့်ပင်မကြည့်။
“နန်းပေါင်ရီ .. မင်းအခြေခံလေးတောင်မသိဘူးလား”
ဂျုံမုန့်နှင့် ကျပ်ခိုးတို့ မီးနှင့်ထိတွေ့လျှင် သေချာပေါက်ကို ပေါက်ထွက်သွားလိမ့်မည်။ သို့သော် နန်းပေါင်ရီက ထိုအချက်ကိုမသိပေ။
သူမသိသည်က သူမကို ရှုတ်ချခဲ့ခြင်းကိုသာ။ သူမ ငါးနှစ်ကောင်ကို ခက်ခက်ခဲခဲသယ်ယူလာပြီး ငိုသံတို့နှင့် ဆို့နင့်လျက် …
“ညီမလေးက အစ်ကို ၂အတွက် ငါးကြော်ပေးချင်တာ .. ဒီငါးတွေ ဘယ်လောက်လှလဲကြည့်ပါဦး တော်တော်အရသာရှိမယ့်ပုံပဲနော်။
ငါးနှစ်ကောင်ကိုကြည့်ပြီးနောက် ရှောင်းယီ မျက်နှာအမူအရာလည်းပြောင်းလဲသွားလေသည်။
နိုင်ငံရပ်ခြားတစ်နေရာမှ ဝယ်လာရန်မှာခဲ့သော အရှားပါးဆုံး သွေးနီရောင်လာဘ်ခေါ်ငါးဖြစ်နေသည်။ ငါးမွေးကန်တန်ဖိုးမပါဘဲနှင့်ပင် ငါးတစ်ကောင်ကို ရွှေစ ၂၀၀မက တန်ဖိုးကြီးလှသည်။
ရှောင်းယီ တွင် ငါးနှစ်ကောက်တည်းရှိသည်ကို နန်းပေါင်ရီ က နှစ်ကောင်လုံးဖမ်းပြီး သတ်ပစ်လိုက်သည်။