အပိုင်း (၁၆)
ကလေးမအတွက် သကြားလုံးဘူး
နောက်တစ်နေ့ရောက်သောအခါ ထိုနေ့လေးသည် နေသာသောနွေဦးနေ့လေးတစ်နေ့ပင်။ နန်း အိမ်တော်ရှိ မုတန်းပန်းများမှာလည်း ဝေဝေဆာဆာပွင့်လန်းနေလျက်ရှိသည်။ ဥယျာဉ်ထဲတွင်လည်း ယွန်းဖြင့်ဆောက်လုပ်ထားပြီး အနီရောင်ခြယ်ထားကာ အခက်အနွယ်ပုံများထွင်းထားသော အဌဂံပုံလေသာဆောင်လည်း ရှိနေသည်။ ဝါးကန့်လန့်ကာတို့ကိုလည်း တစ်ဖက်စီတွင် ချိတ်ဆွဲထားပြီး တိုက်ခတ်နေသောလေပြေကလည်း ကန့်လန့်ကာလှစ်ဟနေပြီး လေသာဆောင်တွင်းရှိ ငယ်ရွယ်သောအလှတရားကို ဖော်ပြနေသယောင်ရှိနေသည်။
နန်းပေါင်ရီ ကျောက်စားပွဲရှေ့တွင်ထိုင်ပြီး ကိုယ့်လက်ရေးကို ပြန်ကြည့်နေသည်။ ရှောင်းယီ က သူမလက်ရေးကို ရုပ်ဆိုးသည်ဟုပြောပြီး လေ့လာရန်စာအုပ်တစ်အုပ်ပေးကာ စာမျက်နှာ၂၀ပြည့်သည်အထိ လေ့ကျင့်ရန်ပြောလေသည်။
စာအနည်းငယ်ရေးပြီးနောက် စုတ်တံကိုချကာ ခါးကို ပျင်းလေးဆွဲကာဆန့်လိုက်သည်။ ဟယ်ယဲ့ က လက်ဖက်ရည်နှင့် မုန့်အချိိုပွဲများယူလာပေးပြီး ပျော်ရွှင်အားရစွာပြုံးလိုက်သည်။
“သခင်မလေး စာရေးလေ့ကျင့်ရတာ ပင်ပန်းနေမှာပဲ ဒီမှာ သခင်မလေးအတွက် လက်ဖက်ရည်နဲ့မုန့်အချိုလေးတွေယူလာတယ် .. ဒါ သခင်လေးရဲ့လူ ယွိဝေ့ လုပ်ပေးထားတာ ကျွန်မမြည်းစမ်းကြည့်ပြီးပြီ အရမ်းစားကောင်းတာပဲ သခင်မကြီးရဲ့စားဖိုဆောင်ထက်တောင် ပိုပြီးလက်ရာကောင်းသေးတယ်”
နန်းပေါင်ရီ လက်တစ်ဖက်နှင့်မေးထောက်လိုက်ပြီး သူမခူးလာသောပျိုနီပန်းပွင့်လေးကို ဆော့ကစားရင်း …
“ဟယ်ယဲ့ .. နင့်သခင်မလေးက အခုစာကြိုးစားတဲ့သူဖြစ်နေပြီ နောက်ဆိုမလိုအပ်ဘဲ စားစရာတွေမယူလာနဲ့ ငါအိမ်စာလုပ်နေတာ အာရုံပျက်လိမ့်မယ် … အဲဒီအခါကျရင် အစ်ကို ၂ကို ဘယ်လိုရှင်းပြရတော့မလဲ”
သူမ၏အိမ်စာတို့ကို ဟယ်ယဲ့ ခိုးကြည့်လိုက်သည်။ သူမ၏သခင်မလေးသည် မနက်အစောပိုင်းကတည်းက လေသာဆောင်တွင်ထိုင်နေပြီး တစမနပ်လုံး လက်ရေးလှလေ့ကျင့်နေသည်ဟု ပြောခဲ့သည်။ သို့သော်လည်း စာရွက်တစ်ရွက်ပေါ်တွင် စာလုံးကြီးတစ်လုံးတည်းကိုသာ ရေးထားပြီး ကျန်သေးအချိန်များကို စိတ်ကူးယဉ်ကာကုန်ဆုံးခဲ့သည်။ ဟယ်ယဲ့ မုန့်ထည့်လာသောဗန်းကိုချလိုက်ပြီး …
“သခင်မလေး .. ကျွန်မတို့ နန်း မိသားစုက စာလေ့လာတာ၊ လက်ရေးလှလေ့ကျင့်တာတို့နဲ့ မကိုက်ညီဘူး .. သခင်လေး ၄ကိုပဲ ကြည့်လေ .. အင်ပါယာစာမေးပွဲကိုဝင်ဖြေဖို့ ကြိုးစားပေမယ့်လည်း [ကွန်ဖြူးရှပ်ရဲ့အတွေးအခေါ်] ကိုတောင် ကောင်းကောင်းမမှိတ်မိလို့ ကျောင်းမှာရယ်စရာဖြစ်နေတာ .. သခင်မလေးလည်း ကိုယ့်ကိုယ်ကို အတင်းအကြပ်မလုပ်ပါနဲ့”
နန်းပေါင်ရီ မျက်နှာကို လက်နှစ်ဘက်လုံးနှင့်ထောက်ပြီး စာရွက်ကို စိုက်ကြည့်နေသည်။
နန်း မိသားစု၏ ဖုန်းရွှေတွင် တစ်ခုခုလွဲမှားနေခြင်းရှိလိမ့်မည်။ နှစ်ပေါင်းများစွာမိသားစုအစဉ်အဆက် ဝင်ငွေများဒီရေအလားတိုးတက်ခဲ့သော်လည်း မည်သူကမှ အင်ပါယာစာမေးပွဲမှ ထူးချွန်ကျောင်းသားဟု ဂုဏ်ပုဒ်ကို မရခဲ့ကြပေ။
နန်းပေါင်ရီ ဘာမှမပြောသောကြောင့် ဟယ်ယဲ့ လည်း ဗန်းကိုယူကာ ပြန်လှည့်ထွက်လိုက်ပြီး ဝါးကန့်လန့်ကာကို ဖယ်လိုက်ချိန် …
“သခင်မလေး .. ဟိုမှာ သခင် ၃မဟုတ်ဘူးလား”
“ဖေဖေလား”
နန်းပေါင်ရီ လည်း ထရပ်ပြီးလမ်းလျှောက်သွားကာ ဝါးကန့်လန့်ကာနောက်တွင်ကွယ်၍ ကြည့်လိုက်သောအခါ သူမအဖေသည် ရှန်ကျင်း ဆိုင်မှ သကြားလုံးဘူးကိုကိုင်ရင်း လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ရှန်ကျင်း ဆိုင်သည် မက်မွန်သကြားလုံးကြောင့် ရှု တိုင်းပြည်တွင် အလွန်နာမည်ကြီးသည်။ သကြားလုံးဘူးကို ရနံ့မွှေးသောသစ်သားနှင့်ထုထွင်းထားပြီး အလယ်မှအဖုံးဝိုင်းကိုဖိလိုက်လျှင် ပန်းပွင့်ပုံနှင့်အံငယ်၅ခု လှည့်ပတ်လျက်ပေါ်လာသည်။ ထိုအံအတွင်းတွင် လှပစွာပုံဖော်ထားသည့် အရသာ၅မျိုးစုံသော သကြားလုံးများရှိသည်။ ထိုသို့သောသကြားလုံးဘူးကို ကလေးများအလွန်သဘောကျလေ့ရှိသည်။
နန်းပေါင်ရီ ငယ်စဉ်ကလည်း ထိုသကြားလုံးဘူးကို အလွန်ကြိုက်နှစ်သက်ခဲ့သည်။ သူမအဖေကို မနေ့ကပြောခဲ့သော်လည်း အဖေဖြစ်သူမှာ သေချာမှတ်ထားပြီး သူမအတွက်ဝယ်လာပေးခဲ့သည်။
နန်းပေါင်ရီ ရင်ထဲနွေးထွေးသွားပြီး အပြေးသွားရန်ပြင်လိုက်စဉ် အဖြူရောင်သဏ္ဍာန်တစ်ခုက သူမအဖေရှေ့တွင် ပိတ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။
နန်းယန် အင်အားချိနဲ့စွာ နန်းကွမ် ကို အရိုအသေပြုလိုက်သည်။
“ဖေဖေ ဘယ်ကိုသွားမလို့လဲ”
“အော် .. ကျောက်ဝမ် ခြံကိုသွားပြီး သမီးရဲ့ညီမလေးကို သွားတွေ့မလို့လေ”
နန်းယန် လက်ကိုင်ပုဝါကို တင်းကြပ်အောင်ဆုပ်လိုက်ပြီး ဒေါသစိတ်တို့လည်းဖြစ်လာသည်။ မနေ့က သူမအိမ်တွင် အချိန်ကြာအောင်စောင့်နေခဲ့သော်လည်း သူမအတွက် နန်းပေါင်ရီ ၏ အမွေတစ်ဝက်အကြောင်း သတင်းကောင်းမရသည့်အပြင် သူမအဖေကလည်း ပျောက်နေခဲ့သည်။
ယနေ့မနက်စောစော သူမအဖေကို ဂါရဝပြုနှုတ်ဆက်ရန် ရောက်လာခဲ့သော်လည်း အဖေက အပြင်ထွက်သွားကြောင်း အစေခံပြောမှသိရလေသည်။
သူမ သကြားလုံးဘူးကိုကြည့်ပြီး …
“ဒီသကြားလုံးဘူးက …”
“အို ..”
နန်းကွမ် စကားရှာမရတော့ဘဲ တိတ်ဆိတ်သွားလေသည်။ နန်းကွမ် သကြားလုံးဘူးကို အနောက်တွင်ဝှက်ထားလိုက်ပြီး စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ …
“ဒါ…ဒါက….”
“ဒါက ညီမလေးအတွက်မလား”
နန်းယန် ဝမ်းနည်းစွာပြောလိုက်သည်။
“ဖေဖေ ညီမလေးကိုချစ်တာ သမီးသိပါတယ် … ညီမလေးပျော်ဖို့အတွက် သကြားလုံးဝယ်ပေးသင့်တယ်”
ထိုသို့ပြောပြီးနောက် နန်းယန် မျက်ရည်များကျလာလေသည်။
နန်းကွမ် လည်း အထိတ်တလန့်နှင့် …
“ယန်အာ အထင်လွဲနေပြီ … ဒါညီမလေးအတွက်မဟုတ်ဘူး သမီးအတွက် ဝယ်လာတာ .. ရော့ မငိုနဲ့နော် သမီးငိုရင် ဖေဖေခေါင်းကိုက်ရတယ်”
နန်းကွမ် ပေးသော သကြားလုံးဘူးကိုကိုင်ထားရင်း နန်းယန် က အလွန်သောကရောက်နေဟန်နှင့် …
“ဘွားဘွားကလည်း ညီမလေးကိုပဲချစ်တာ .. သမီး မနက်က ဘွားဘွားကို ဂါရဝပြုဖို့သွားတာ ခြံထဲတောင် ဝင်ခွင့်မရဘူး ဖေဖေ .. ညီမလေးက အားလုံးရဲ့အချစ်ကိုရထားတာ သမီးမှာတော့ ဖေဖေတစ်ယောက်တည်းပဲရှိတယ်”
သူမကျယ်လောင်စွာအော်ငိုရင်း နန်းကွမ် ကိုဖက်လိုက်သဖြင့် နန်းကွမ် စိတ်ထဲတွင် နွေးထွေးသွားလေသည်။ သူလည်း စိတ်မကောင်းဖြစ်ကာ နန်းယန် ကျောကို အသာပုတ်ပေးပြီး …
“သနားစရာကလေးရယ် .. မနက်ဖြန် ဘွားဘွားကို ဖေဖေသွားတွေ့ပြီး ပြောပေးခဲ့မယ်နော် သမီးကလည်း ဖေဖေ့သမီးပဲ ခွဲခြားပြီးဆက်ဆံလို့်မရဘူး”
နန်းယန် လည်း မျက်ရည်များသုတ်လိုက်ပြီး နန်းကွမ် ၏ ဝတ်ရုံကိုအသာဆွဲကိုင်ကာ …
“ဖေဖေ သမီးတို့နေ့လယ်စာအတူတူစားလို့ရလား စားဖိုဆောင်က စားစရာတွေက အရသာလည်းမရှိဘူး .. သမီးဒီလိုမျိုးအကြာကြီးမနေချင်ဘူး”
“သွားရအောင် သမီးကို ဖေဖေ စားသောက်ဆိုင်ကိုခေါ်သွားပေးမယ်”
“မေမေ့ကိုရော ခေါ်လို့ရလား .. သမီးတို့ ထမင်းအတူမစားရတာ ကြာနေပြီ”
“ရတာပေါ့”
အဖေနှင့်သမီးတို့နှစ်ယောက်လုံး ဥယျာဉ်ထဲမှ ပျော်ရွှင်စွာ ထွက်သွားကြလေသည်။
လေသာဆောင်ငယ်ထဲတွင် နန်းပေါင်ရီ အနီရောင်ယွန်းတိုင်လုံးကိုမှီကာ သူမ၏မျက်နှာမှာ ဝမ်းနည်းခြင်းအရိပ်အယောင်များပြည့်နှက်နေသည်။ သူမကိုယ်တိုင်သတိမထားမိဘဲ ထိုယွန်းတိုင်ကို ကုတ်ခြစ်နေမိသည်။
သူမအဖေနှင့် မိန်းကလေး လျို တို့က မိသားစုဆိုလျှင် သူမကရော ဘာလဲ။
နန်းကွမ် အလွန်ပျော့ညံ့လှသည်။ နန်းယန် အနည်းငယ်ငိုပြရုံနှင့် သကြားလုံးဘူးကို အလွယ်တကူပေးပစ်လိုက်သည်။ နန်းကွမ် သည် အိမ်တော်အပြင်တွင် ပျော်ရွှင်စွာနေထိုင်ပြီး ပွဲတော်ရက်များကိုလည်း မိန်းကလေး လျို၊ သူမ၏သားသမီးများနှင့်အတူ ဖြတ်သန်းကုန်ဆုံးခဲ့သည်။ အိမ်တော်တွင်လည်း အဖေပြန်အလာကို စောင့်နေသည့်သမီးတစ်ယောက်ရှိနေသည်ကို မေ့ကောင်းမေ့နေလောက်သည်။
နန်းပေါင်ရီ လက်သည်းမှာကျိုးသွားပြီး လက်ချောင်းထိပ်မှလည်း သွေးတစိမ့်စိမ့်ထွက်လာတော့သည်။ သူမမျက်နှာမှာလည်း ညိုးနွမ်းနေပြီး လေသာဆောင်မှ စိတ်ပျက်အားငယ်စွာထွက်သွားလေသည်။
ဟယ်ယဲ့ လည်း ဇဝေဇဝါဖြစ်သွားပြီး …
“သခင်မလေး လက်ရေးလှမလေ့ကျင့်ဦးမှာလား”
“နင်ပဲငါ့အစားရေးထားပေး .. စာမျက်နှာ၂၀ရေးရမှာ ပြီးရင် အစ်ကို ၂ကို စစ်ဆေးဖို့ပို့ပေးလိုက် … ဟယ်ယဲ့ နင်လည်းသေချာလေ့ကျင့်နိုင်ဖို့အတွက်ပြောနေတာ”
ဟယ်ယဲ့ လည်း ရုတ်တရက်ဘာမှမပြောနိုင်တော့ပေ။ သခင်မလေးစိတ်ဆိုးသွားအောင် သူမလုပ်လိုက်မိသည်လား။ သူမလည်း စာရေးခြင်း ဖတ်ခြင်းကိုမနှစ်သက်ပေ။ သူမကို စာမျက်နှာပြည့်အောင် စာရေးခိုင်းခြင်းထက် အနောက်ဘက်ခြံတွင် ထင်းခွဲခိုင်းခြင်းက ပို၍ကောင်းပေဦးမည်။
ကျောက်ဆောင်ငယ်အနောက်ရှိ လေသာဆောင်အရိပ်အောက်တွင် ရှောင်းယီ သည် ဆီးသီးခြောက်လက်ဖက်ရည်ခွက်ကိုကိုင်လျက် ထိုင်နေပြီး နန်းပေါင်ရီ ထွက်သွားသည်ကို ကြည့်နေသည်။ နွေဦးလေပြေက မိန်းကလေး၏အဝါရောင်ဂါဝန်လေးကို တိုက်ခတ်နေသဖြင့် ထိုအရောင်အဆင်းလေးမှာ လမ်းတစ်ဖက်စီတွင် ပွင့်လန်းနေသော မုတန်းပန်းလေးများထက် သာလွန်၍လှပေနေသည်။
လမ်းလျှောက်သွားရင်း ရှိုက်ငင်ကာငိုနေသဖြင့် သူမ၏ပခုံးမှာ တုန်လှုပ်နေသည်ကို ရှောင်းယီ သတိပြုမိလိုက်သည်။ ကျောက်ဆောင်ငယ်ဘေးရှိ လှိုင်ခေါင်းမှ ရှီးခူ ထွက်လာပြီး တိုးလျသည့်အသံနှင့် …
“သခင် .. ဥယျာဉ်ထဲမှာလည်းရှာမတွေ့ဘူး .. ဒီနှစ်တွေထဲ လေသာဆောင်တွေ၊ ခန်းမတွေ၊ ချုံတွေရော ကျောက်ဆောင်တွေပါမကျန် အုတ်လမ်းတွေကိုပါ လှန်လှောရှာခဲ့တာတောင် အဲဒါရဲ့အရိပ်အယောင်ကို လုံးဝမတွေ့ရဘူး … ကျွန်တော့်အထင် ဒါက နန်း အိမ်တော်မှာမရှိလောက်ဘူးထင်တယ်”
ရှောင်းယီ အသာရယ်လိုက်ကာ လက်ဖက်ရည်ခွက်ကို အသာခေါက်ရင်း အသံထွက်အောင်လုပ်နေသည်။
“သခင် ?”
“ငါတို့မရှာရသေးတဲ့တစ်နေရာကျန်သေးတယ်”
“သခင် လမ်းညွှန်ပေးပါ !”
“ဘိုးဘွားကမ္ဗည်းတိုင်အဆောင်”
ရှီးခူ ခဏတိတ်ဆိတ်သွားပြီး …
“အဲဒါကမကောင်းလောက်ဘူးထင်တယ် … ပြီးတော့လည်း အဲဒီအဆောင်က ဘိုးဘွားတွေ အနားယူနိုင်ဖို့အတွက်လုပ်ထားတာဆိုတော့ ကျွန်တော်တို့ဝင်သွားရင် အနှောင့်အယှက်ဖြစ်သွားမယ်မဟုတ်ဘူးလား”
ရှောင်းယီ က အေးစက်စက်စိုက်ကြည့်လိုက်တော့မှ ရှီးခူ ကြက်သီးမွေးညှင်းတို့ထသွားပြီး အလျင်အမြန်ခေါင်းငုံ့ကာ ဟုတ်ကဲ့ဟု ဖြေလေသည်။
ရှီးခူ ထသွားရန်ပြင်လိုက်သည့်အခါ ရှောင်းယီ က ခွက်ကိုပြန်ခေါက်နေရင်း …
“ငါ နန်း အိမ်တော်မှာ ၂နှစ်ကြာအောင်နေလာတာ အချိန်လည်းအများကြီးရပါသေးတယ် လောစရာမလိုဘူး … ရှန်ကျင်း ဆိုင်ကိုသွားပြီး သကြားလုံးဘူးဝယ်လာခဲ့”
“ဘာကိုဝယ်ရမှာ !”
ရှီးခူ လည်း ဆွံ့အသွားလေသည်။
———-