အပိုင်း (၁၅)
အငိုသန်သည့်ချစ်စဖွယ်ကလေး
နန်းပေါင်ရီ မတ်တပ်ရပ်လိုက်ပြီး ….
“ဖေဖေ ဒီကိုဘာကြောင့်ရောက်လာတာလဲ”
“သမီးရဲ့နေရာအသစ်ကိုလာကြည့်တာပေါ့”
နန်းကွမ် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး …
“စာအုပ်တွေအများကြီးပဲ သမီးပြီးအောင်ဖတ်နိုင်လား .. သမီးကို ဖေဖေအပြစ်ရှာတာမဟုတ်ဘူးနော် နန်း အိမ်တော်မှာ ဟိုးအရင်ကတည်းက စာပေမှာထူးချွန်တဲ့သူမရှိခဲ့ဘူးလေ သမီးဟန်ဆောင်တာဆိုရင် ရယ်စရာကောင်းနေမှာပေါ့”
“အဲဒါအစ်ကို ၂ရဲ့စာအုပ်တွေ”
“တကယ်လား ! အာ.. ဒီစာအုပ်က မဆိုးဘူးပဲ [သီးပင်အမြစ်] ဒီဟာဆိုရင် ကျောင်းကျောင်း နဲ့ အကိုက်ပဲ”
နန်းကွမ် စာအုပ်စင်ကို ညွှန်ပြလျက် …
“ကျောင်းကျောင်း .. ဒီဟင်းချက်နည်းစာအုပ်က အသီးအရွက်အမြစ်ကို ဘယ်လိုအရသာရှိအောင် ချက်ပြုတ်ရမလဲဆိုတဲ့အကြောင်းရေးထားတာ သမီးများများဖတ်သင့်တယ် .. တကယ်လို့အချိန်ရရင် သမီးရဲ့အစ်မဆီက ဟင်းချက်နည်းတွေ လေ့လာသင့်တယ်”
ရှောင်းယီ က မမော့ကြည့်ဘဲနှင့် စာမျက်နှာကိုလှန်လိုက်ပြီး …
“အဲဒါက ဗုဒ္ဓဘာသာသဘောတရားနဲ့ ကွန်ဖြူးရှပ်ဝါဒတို့ရဲ့ ကိုးကားချက်တွေကို စာသင်သားတွေဖတ်ဖို့ စုစည်းထားတာ”
အမှန်မှာ ချက်ပြုတ်နည်းစာအုပ်မဟုတ်သောကြောင့် နန်းကွမ် ရှက်ကာ မျက်နှာရဲသွားပြီး ရှောင်းယီ ကို အလိုမကျစွာကြည့်လေသည်။
နန်းပေါင်ရီ ရယ်ချင်သော်လည်း မဝံ့ရဲသောကြောင့် မျက်နှာကို တစ်ဖက်လှည့်ကာ မရယ်မိစေရန် ထိန်းထားလေသည်။
နန်းကွမ် မျက်နှာမပျက်လိုသောကြောင့် ပြန်လည်၍ပညာရှိဟန်ဆောင်ကာ စာအုပ်စင်ကို ညွှန်ပြလိုက်ပြီး …
“ဒီစာအုပ်ဆိုလည်း မဆိုးဘူးပဲ [နွေဦးနှင့်ဆောင်းဦး] နွေဦးရာသီနဲ့ ဆောင်းဦးရာသီရဲ့ သဘာဝအကြောင်းကို ရေးထားတယ် … ကျောင်းကျောင်း သမီးအချိန်ရရင် ဒါကိုဖတ်ပြီး ဗဟုသုတတိုးပွားအောင်လုပ်သင့်တယ်”
ရှောင်းယီ က စာအုပ်ဖတ်နေလျက်ပင် …
“[နွေဦးနှင့်ဆောင်းဦး]က အရှေ့ ကျိုး အင်ပါယာရဲ့ သမိုင်းအစတစ်ဝက်အကြောင်းကို ရေးထားတာ”
“မင်းစကားမပြောရရင် သေမှာကြောက်လို့လား”
နန်းကွမ် မျက်နှာလည်း ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ရှောင်းယီ ကို ကြမ်းတမ်းစွာဆူပူလိုက်သည်။ ရှောင်းယီ ကို မမြင်လိုသောကြောင့် နန်းကွမ် တစ်ဖက်ကိုလှည့်လိုက်သည်။
သူကြာကြာမနေလိုသောကြောင့် စကားဆက်မပြောတော့ဘဲ နန်းပေါင်ရီ လက်ကို ညင်သာစွာဆုပ်ကိုင်ပြီး …
“ကျောင်းကျောင်း .. သမီးမှာ ငွေဘယ်လောက်ရှိလဲ ဖေဖေလည်းကြပ်တည်းနေတာ ဘာလို့ဖေဖေ့ ကို နည်းနည်းလေးတောင် မထောက်ပံ့ပေးတာလဲ”
နန်းပေါင်ရီ စိတ်ထဲတင်းကြပ်သွားလေသည်။
သူမ၏အဖေ ရုတ်တရက်ရောက်လာပြီး ဘာကြောင့်သူမကို လာတွေ့ရသလဲလို့ သိချင်စိတ်ဖြစ်နေချိန် ငွေလိုသောကြောင့် ရောက်လာရကြောင်းကို သူမသိလိုက်ရသည်။
သူမမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ရိုးသားသည့်ပုံနှင့် …
“ဖေဖေ သမီးမှာရှိတာအကုန် မင်ဖျော်ကျောက်ဝယ်ဖို့သုံးလိုက်တယ်”
“မကျန်တော့ဘူးလား”
“မကျန်တော့ဘူး”
နန်းကွမ် လည်း ဝမ်းနည်းပူဆွေးစွာဖြင့် …
“သမီးက အရမ်းငယ်သေးတော့ ငွေကိုဘယ်လိုကိုင်တွယ်ရမလဲမသိသေးဘူး .. ဒီလိုလုပ်ပါလား မကောင်းတဲ့သူအတွက် ဖြုန်းတီးမယ့်အစား သမီးရဲ့အမွေတွေကို ဖေဖေ့ကို စီမံခွင့်ပေးလိုက်လေ”
နန်းပေါင်ရီ အေးစက်စက်နှင့်ကြည့်လိုက်သည်။
သူမ၏အဖေက သူမအမွေများကို မျက်စိကျနေပြီး ထိုသတင်းသာပျံ့နှံ့သွားလျှင် သူ့အတွက် လွန်စွာရှက်ဖွယ်ရာဖြစ်လိမ့်မည်။
သူမဘာမှမပြောရသေးခင်မှာပင် ရှောင်းယီ က စာအုပ်ကိုပိတ်လိုက်ပြီး လှောင်သောအသံနှင့် …
“ဦးလေး ၃ အဲဒီစကားက ဘာကိုဆိုလိုတာလဲ”
“တခြားအဓိပ္ပါယ်ရှိသေးလား !”
နန်းကွမ် ကလည်း ဒေါသတကြီးနှင့် တုံ့ပြန်သည်။
“လူကြီးတစ်ယောက်အနေနဲ့ သူ့ကလေးရဲ့အမွေတွေကို သေချာကိုင်တွယ်နိုင်ဖို့သင်ပြပေးတာ ဆီလျော်တယ်မဟုတ်ဘူးလား .. ငါက မာနရှိတဲ့ယောကျ်ားတစ်ယောက်ပဲ တစ်ခုခုဝယ်ချင်တာနဲ့ မိန်းမရဲ့ငွေကြေးကို မသုံးဘူးကွ .. ဒီလိုလူကိုဘယ်လိုခေါ်ကြတာ … အချောင်သမား ဟုတ်တယ် မိန်းမတစ်ယောက်ရဲ့ပိုက်ဆံကိုအလကားသုံးဖြုန်းနေတဲ့ အချောင်သမား !”
နန်းပေါင်ရီ သူမအဖေကို အလွန်စိတ်တိုသွားသည်။ သူမမှာ ရှောင်းယီ နှင့် အဆင်ပြေရန် ခက်ခက်ခဲခဲကြိုးစားနေခဲ့ရသည်ကို သူမအဖေက ပျက်စီးအောင်လုပ်နေပြီး အိမ်ထဲရောက်ပြီးမကြာသေးပေ၊ ရှောင်းယီ ကို အချောင်သမားဟု ပြောဆိုနေပြန်သည်။
“အဖေ !”
နန်းပေါင်ရီ က ဒေါသတကြီးနှင့် သူမအဖေကို တစ်ဖက်သို့ဆွဲလိုက်ပြီး …
“သမီးကိုအမှန်တိုင်းပြော .. နန်းယန် က ဒီကိုလာဖို့ ချောက်တွန်းလိုက်တာလား !”
သူမဖခင်ဉာဏ်စွမ်းနှင့်ဆိုလျှင် သူမ၏အမွေများကို ထိပါးရန် စဉ်းစားလိမ့်မည်မဟုတ်ပေ။
နန်းကွမ် က ခက်ထန်သောလေသံဖြင့် …
“အမှန်ဆိုရင်ရော ဘာဖြစ်လဲ .. သူကမှ အဖေအတွက် စဉ်းစားပေးသေးတယ်”
နန်းပေါင်ရီ နှုတ်ခမ်းစူနေသည်ကိုကြည့်ရင်း ဖျောင်းဖျရန် ကြိုးစားပြန်သည်။
“ကျောင်းကျောင်း .. သမီးရဲ့အစ်မက နှစ်တွေအများကြီးအပြင်မှာနေခဲ့ရတော့ သူ့အတွက်လည်း ခက်ခဲနေတယ် သမီးရဲ့ အဒေါ် လျို ကလည်း ငွေကြေးအလုံအလောက်မရှိတော့ သူရဲ့ခန်းဝင်ပစ္စည်းကိုမဝယ်နိုင်ဘူးဖြစ်နေတယ် .. သမီးရဲ့အဘွားကလည်း သူ့ကိုသဘောမကျတော့ သူ့မှာလည်း သမီးနဲ့ သူ့အစ်မကိုပဲအားကိုးရမှာ သမီးလည်း သမီးရဲ့အစ်မကို နားလည်ပေးပြီး ကူညီပေးလိုက်ပါနော်”
နန်းပေါင်ရီ စိတ်ရှုပ်စွာပြုံးလိုက်ပြီး …
“သူက သမီးကို ဘယ်လောက်ကူပေးစေချင်တာလဲ”
“ဒီလိုလုပ် သမီးရဲ့အမွေတစ်ဝက် သူ့ကိုပေးလိုက် ဆိုင်ခန်းတွေနဲ့ မြေစာချုပ်တွေကိုတော့ ဖေဖေဖြေရှင်းပေးမယ် … ဖေဖေလုပ်ပေးနေတာ သမီးကောင်းဖို့အတွက်ပါ ဖေဖေ့စေတနာတွေ သမီးနားလည်ပေးရမယ်နော်”
နန်းပေါင်ရီ သစ်သားတုတ်ကိုယူပြီး သူမအဖေကို ရိုက်လိုက်ချင်သည်။
အတိတ်ဘဝတွင် နန်း မိသားစုမှာ စွပ်စွဲခံရခြင်းကြောင့် ဂုဏ်သိက္ခာကျဆင်းပြီးနောက် ဘဏ္ဍာအများအပြားကို မိန်းကလေး လျို ပိုင်ဆိုင်ရလိုက်သည်။
ထို့အပြင် နန်းယန် သည်လည်း ချန်း အိမ်တော်တွင် နေရာရလာပြီး နန်းယန် ၏ အစ်က်ု နန်းကျင် သည်လည်း အမှုထမ်းအရာရှိတစ်ယောက် ဖြစ်လာသောကြောင့် မိန်းကလေး လျို ၏ အဆင့်မှာ တဖြည်းဖြည်းနှင့် မြင့်တက်လာခဲ့သည်။ နောက်ဆုံးတွင် သူမ၏အဖေမှာ မိန်းကလေး လျို ပြောစကားတို့ကို နာခံလာရသည်။
သူမသည် ချန်း အိမ်တော်တွင် အမျိုးမျိုးနှိပ်စက်ခံရသောကြောင့် ဝမ်းနည်းစွာငိုကြွေးကာ သူမအဖေထံရောက်လာခဲ့သည်။ သူမအဖေက တစ်ခုခုပြောလိုဟန်ပြင်ချိန်မှာပင် မိန်းကလေး လျို က ခေါ်ဆောင်သွားသဖြင့် ဘာမှပင်မပြောခဲ့ရပေ။
နောက်ကြာသောအခါတွင် ချန်းတယ်ယွီ က သူမကို ချန်အန်း သို့ ရောင်းစားခဲ့သည်။ ကံကောင်းစွာနှင့် သူမမသွားခင်အချိန်တွင် နန်းကွမ် နှင့် တွေ့ခွင့်ရခဲ့သည်။ နန်းကွမ် သည်အသက်၄၀ပင်မရှိသေးသော်လည်း ဆံပင်တို့မှာ ဖြူစွတ်နေသည့်အပြင် အဝတ်အစားတို့မှာလည်း ညစ်နွမ်းနေပြီး စိတ်ဖောက်ပြန်ကာ ရူးသွပ်နေလေပြီ။ နန်းကွမ် သည် မိုးမခပင်နောက်တွင် ကွယ်ရပ်ပြီး သူမကိုကြည့်နေခဲ့သည်။
သူမကအနားကပ်သွားသည့်အခါ အဖေက အိတ်ထဲမှာ ချိုချဉ်လုံးကိုထုတ်ပြီး ကျောင်းကျောင်း က ရှန်ကျင်း ဆိုင်မှ သကြားလုံးလေးကို အလွန်ကြိုက်သည်ဟု ပြောလေသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် သကြားလုံးဝယ်ပေးခဲ့ခြင်းမရှိဘဲ သူမအဝေးသို့သွားတော့မည့်အခါမှသာ ငွေအနည်းငယ်ကိုခိုးယူခဲ့ပြီး ဝယ်ပေးခဲ့သည်။ ကျောင်းကျောင်း လာတွေ့မည်ကိုစောင့်နေခဲ့သော်လည်း သူမမရောက်လာခဲ့၊ သူ ကျောင်းကျောင်း ကိုတွေ့ချင်သည်၊ ကျောင်းကျောင်း ကိုတွေ့လျှင် ပြောပေးပါဟုမှာလေသည်။
သူသည် တစ်ကိုယ်ကောင်းဆန်ပြီး သတ္တိမရှိသော မိမိ၏သားသမီးကိုမကာကွယ်နိုင်သည့် အဖေတစ်ယောက်ဖြစ်သော်လည်း သူမ၏အဖေအဖြစ် အသိအမှတ်ပြုချင်ပါသေးသည်။
နန်းးပေါင်ရီ တဖန်မွေးဖွားလာပြီးနောက်တွင် ငိုသောကလေးက သကြားလုံးပိုရသည်ဟု နားလည်လာသဖြင့် နန်းကွမ် ၏ ဝတ်ရုံကိုအသာဆုပ်ကိုင်ကာ မျက်ရည်ဝဲလာပြီး သူမခေါင်းကိုနှိမ့်ချလိုက်သည့်အချိန် မျက်ရည်များလည်း ကျလာတော့သည်။
“ဖေဖေ အဲဒီခန်းဝင်ပစ္စည်းတွေက သမီးအတွက် မေမေချန်ထားပေးခဲ့တဲ့အမွေတွေပါ ဘာကြောင့် တခြားသူကိုပေးပစ်ရမှာလဲ … ဖေဖေက မမကိုချစ်ပြီး သမီးကိုတော့ မချစ်ဘူးလား သမီးငယ်ငယ်တုန်းကဆိုရင် ရှန်ကျင်း ဆိုင်က သကြားလုံးလေးတွေ ဖေဖေအမြဲဝယ်လာပေးနေကျ … ဒါပေမယ့် မေမေမရှိတော့တဲ့အချိန်ကတည်းက ဖေဖေ့ကိုလည်း ဘယ်သူမှမနှောင့်ယှက်ဘဲနဲ့ ဖေဖေအမြဲအပြင်ထွက်ပြီး မမနဲ့ပဲသွားနေတယ် .. ဖေဖေ သမီးကိုသကြားလုံးမဝယ်ပေးခဲ့တာဘယ်လောက်ကြာပြီလဲ အခု ကျောင်းကျောင်း ကို လာတွေ့ပြန်တော့လည်း သမီးရဲ့အမွေတွေကို မမနဲ့မျှသုံးဖို့ပြောနေတာလား”
သူမ၏ခံစားချက်ထဲနစ်ဝင်သွားဟန်ဖြစ်နိုင်သဖြင့် သူမငိုကြွေးသံတို့ဆို့ဝင်သွားလေသည်။
နန်းကွမ် လည်း ဆွံ့အသွားသည်။ အမှန်တကယ်ပင် နှစ်များစွာ ကျောင်းကျောင်း ကို အချိန်မပေးခဲ့ရပေ။ သူ၏စိတ်ထဲတွင် ကျောင်းကျောင်း သည် ပတ်ပြေးဆော့ကစားနေသော ပန်းနုရောင်ပေါက်စီလုံးလေးဟု မြင်နေခဲ့သည်။ လှပသိမ်မွေ့ပြီး ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်ကို သတိမထားမိခဲ့ပေ။
သူလည်းအလွန်ရှက်ရွံ့ကာ ဝတ်ရုံကိုအသာဆုပ်ကိုင်၍ နန်းပေါင်ရီ မျက်ရည်တို့ကိုညင်သာစွာသုတ်ပေးရင်း ချော့မြူလေသည်။
“ဖေဖေ့အပြစ်တွေပါ သမီးရယ် သမီးရဲ့အမွေတွေကို ဖေဖေလောဘမတက်သင့်ဘူး … မငိုနဲ့တော့နော် ကျောင်းကျောင်း … သမီးအတွက် ရှန်ကျင်း ဆိုင်က သကြားလုံးလေးတွေ ဖေဖေဝယ်လာပေးမယ် ဟုတ်ပြီလား”
“ဝါး !!!”
နန်းပေါင်ရီ သူမအဖေကိုဖက်ကာ အော်ဟစ်ငိုကြွေးလေတော့သည်။ နန်းကွမ် ထွက်သွားပြီးနောက် နန်းပေါင်ရီ မျက်ရည်များသုတ်လိုက်ပြီး ရှောင်းယီ ရှိနေသည်ကို ရုတ်တရက်သတိရလိုက်သဖြင့် မျက်ရည်ဝဲလျက် ဆူပူလေသည်။
“အစ်ကို ၂ .. အဖေနဲ့သမီးတို့ အလွမ်းသယ်နေတာကို ခဏလောက်ရှောင်ပေးရမယ်ဆိုတာ မသိဘူးလား”
ရှောင်းယီ မေးကို လက်တစ်ဖက်နှင့်အသာထောက်ကာ ပြဇာတ်တစ်ခုကြည့်လိုက်ရသလိုကြည့်နေပြီး ပြုံးပြကာ …
“နန်းပေါင်ရီ လို အလိုလိုက်ခံထားရတဲ့ သူဌေးမလေးက ရွက်သစ်စအနေနဲ့ပြန်စခဲ့မယ်ဆိုရင်တောင် ကိုယ့်ရဲ့ဂုဏ်ကိုသုံးပြီး လူတွေကို အနိုင်ကျင့်နေဦးမယ်လို့ တွေးနေခဲ့တာ … ကလေးဆိုးလေးလို ငိုတတ်တဲ့အချိန်လည်းရှိလိမ့်မယ်လို့ မထင်ထားဘူး”
“အစ်ကို ၂က အကျင့်ကိုမကောင်းဘူး”
“ဘာ !”
“ဘာမှမဟုတ်ဘူး”
နန်းပေါင်ရီ ရုတ်တရက်ပြေးသွားပြီး ရှောင်းယီ ရင်ခွင်ထဲပစ်ဝင်ကာ မော့ကြည့်လျက် ညင်သာသောအသံနှင့် …
“အစ်ကို ၂ .. ဒီကအငိုသန်တဲ့ကလေးလေး ချစ်စရာမကောင်းဘူးလား”
ရှောင်းယီ တစ်ကိုယ်လုံးတောင့်သွားပြီး မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားသည်။
သူ၏ရင်ခွင်ထဲရောက်နေသော မိန်းကလေးမှာ နူးညံ့သော ခန္ဓာအသားအရေရှိနေပြီး ဖြူဖွေးသည့်မျက်နှာပြင်မှာလည်း မျက်ရည်များစိုစွတ်နေပုံမှာ ခေါင်ရန်းပန်းပွင့်ထက် နှင်းစက်လေးများ တွဲခိုနေသည့်ပုံနှင့် တူနေသည်။
ချစ်စရာမကောင်းပေဘူးလား။
ဟုတ်တာပေါ့။
ရှောင်းယီ တစ်ဖက်ကိုလှည့်လိုက်ပြီး ညင်သာသောအသံဖြင့် …