အပိုင်း (၁၃)
အစ်ကို ၂ စိတ်မဆိုးပါနဲ့
နန်းကွမ် သက်ပြင်းကြီးစွာ ချမိပြန်သည်။ ကျောက်ဝမ် ခြံသည် အိမ်တော်အတွင်းရှိ အကြီးဆုံးနှင့် အခမ်းနားဆုံးသောနေရာဖြစ်သည်။
လွန်ခဲ့သော နှစ်၂၀၀ခန့်ကတွင် နန်း မိသားစုက အိမ်တော်ကြီးကို ဆောက်လုပ်ခဲ့ပြီး အထူးသဖြင့် ဘုရင်ဧကရာဇ်က အပြင်ထွက်ပြီး တိုင်းပြည်ကိုလှည့်လည်စစ်ဆေးသည့်အချိန် လာရောက်အနားယူနေထိုင်ရန်အတွက် ဆောက်လုပ်ခြင်းဖြစ်ပြီး သစ်သားပျဉ်ပေါ်တွင်လည်း ဘုရင်ကိုယ်တိုင် အမည်တပ်ကမ္ဗည်းရေးထိုးခဲ့သည်ဟု ဆိုကြသည်။
နှစ်ပေါင်းများစွာအဆက်ဆက် ပြုပြင်မွမ်းမံခဲ့ခြင်းတို့ကြောင့် ခြံကြီးတစ်ခုလုံးမှာ အလွန်ပင်ခမ်းနားထည်ဝါလှသည်။ ထိုသို့သောနေရာကို ဘာကြောင့်များ အဆင့်နိမ့်သော မွေးစားသားကို အလွယ်တကူပေးနိုင်ရတာလဲ။
နန်းပေါင်ရီ လည်း ကြောင်အမ်းကာ ရပ်နေမိသည်။
သူမသည် နားမလည်နိုင်ဖြစ်နေပြီး ချန်ရှင်း နှင့် ရှောင်းယီ တစ်လှည့်စီကြည့်ကာ တစ်နေရာက မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ အရာရာအဆင်ပြေနေကြသည်ကို သူမကဘာကြောင့် ရှောင်းယီ နှင့်အတူနေရမှာလဲ။
ထို့အပြင် အချိန်ခဏလေးအတွင်း ယွိဝေ့ က နန်းပေါင်ရီ နှင့် နန်းယန် တို့ ငြင်းခုံခဲ့ကြပုံကို ကြားလိုက်ရသဖြင့် ယွိဝေ့ အရှေ့ကိုအနည်းငယ်ကိုင်းပြီး ရှောင်းယီ နားတွင် တစ်ခုခုကိုတီးတိုးပြောနေလေသည်။
ရှောင်းယီ ဂရုမစိုက်စွာ လက်ဖက်ရည်ခွက်ကိုကိုင်နေပြီး …
“ကြည့်ရတာ မိန်းကလေး နန်းယန် က စာတော်တဲ့ပုံပါပဲ .. စာအုပ်တွေ ဖတ်ထားပုံရတယ်”
နန်းယန် က ယဉ်ကျေးစွာပြုံးပြီး သူ့ကိုလျစ်လျူရှုလိုက်သည်။ သူက အဆင့်နိမ့်ကျသည့် မွေးစားသားတစ်ယောက်ဖြစ်သောကြောင့် သူမအာရုံစိုက်ရန် မထိုက်တန်ပေ။ အကယ်၍ သူမသာ မျက်နှာသာပေးပြီး တစ်ဖက်ကလည်း ပြန်လည်တုံ့ပြန်လာလျှင် သူမအတွက် ကောင်းလိမ့်မည်မဟုတ်ပေ။
နန်းယန် ၏ စိတ်ရှုပ်ဖွယ်အမူအကျင့်ကို နန်းပေါင်ကျူး နားမလည်နိုင်စွာဖြင့် …
“သူက ချွေတာနေထိုင်ရင် သီလတိုးမယ်ဆိုပြီး ချွေတာပြီးနေဖို့ပြောနေတာလား”
ရှောင်းယီ လည်း လှောင်ပြုံးပြုံးလိုက်ပြီး …
“ဒါဆိုရင် မိန်းကလေး နန်းယန် က ချွေတာတတ်တဲ့သူတစ်ယောက်ဖြစ်ရမယ်”
ထိုသို့ချီးမွမ်းစကားကို ကြားလိုက်ရပြီးနောက် သခင်မကြီး မျက်ခုံးတို့ပင့်တင်သွားလေသည်။
နန်းယန် က ကြိုးစားပြီး ချွေတာတက်သူဆိုသောကြောင့် သခင်မကြီးက နန်းယန် ကိုကြည့်ကာ ပြုံးလိုက်ပြီး …
“ဒါဆို မင်းချွေတာသုံးစွဲချင်တယ်ဆိုရင်လည်း ငါတို့မိသားစုက မတားပါဘူး .. အဒေါ် ကျိ အစေခံတွေကို ပြောထားလိုက် အခုကစပြီး ကျင်းရီ ဆောင်ကို စားဖိုဆောင်ကနေ စားကောင်းသောက်ဖွယ်ရာတွေ ပို့စရာမလိုတော့ဘူး သာမာန်အစားစာလောက်ပဲပို့တော့ … နောက်ပြီး အိမ်ထိန်းတွေကိုလည်း ပိုးထည်တွေနဲ့ ရတနာတွေ ပို့စရာလည်းမလိုတော့ဘူးလို့ ပြောထားလိုက် ချည်ထည်ပြောင်နဲ့ သာမန်ဆံထိုးဆိုရင် အဆင်ပြေတယ်”
နန်းပေါင်ရီ တိတ်တဆိတ် ခိုးရယ်လိုက်သည်။ နန်းယန် ကို အသာလှည့်ကြည့်လိုက်သောအခါ သူမအမူအရာ အလွန်ပျက်နေပြီး သိသာစွာ တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။
ချမ်းသာကြွယ်ဝမှုကိုခံစားလိုသောကြောင့် နန်း အိမ်တော်ထဲ ဝင်လာခဲ့သော်လည်း လက်ရှိမှာ သူမအပြင်ဘက်တွင် နေခဲ့သည့်ပုံစံနှင့် မကွာခြားခြင်းမရှိတော့ပေ။ သူမ စိတ်ထဲတနုံ့နုံ့ဖြစ်နေသင့်သည်မဟုတ်လား။
နန်းပေါင်ရီ သခင်မကြီးနားကပ်၍ ရှက်နေဟန်နှင့် …
“ဘွားဘွားက ကျောင်းကျောင်း ကိုပဲ ချစ်တာ”
သခင်မကြီးကလည်း အသည်းယားစွာနှင့် နန်းပေါင်ရီ ၏ ဖြူဥနေသောနှာခေါင်းထိပ်လေးကို အသာညှစ်ကာ ပြုံးလိုက်သည်။
…
နန်းပေါင်ရီ ၏ ပိုင်ဆိုင်မှုမှာ အလွန်များပြားလှသည်။ ကျင်းရီ ဆောင်မှ သူမပြောင်းရွေ့စဥ် ပစ္စည်းများထည့်ထားသော သေတ္တာများကို သယ်ယူနေသည်က မပြီးဆုံးနိုင်ပြီဟူ၍ပင် ထင်မှတ်ရသည်။
များပြားလှသည့်ရတနာများထဲတွင် အများအမြင်ကို ဖမ်းယူထားသည့်က နန်းပေါင်ရီ အတွက်ပေးခဲ့သော သူမအမေ၏ သတို့သမီးခန်းဝင်ပစ္စည်းဖြစ်သည်။
သူမ၏အမေသည် ချမ်းသာသောမိသားစုတစ်ခု၏ အကြီးဆုံးသမီးတစ်ယောက်ဖြစ်သည်။ သူမလက်ထပ်ခဲ့စဉ်က သူမ၏သတို့သမီးခန်းဝင်ပစ္စည်းတို့မှာ အနီရောင်တို့နှင့် ဆင်ယင်ထားသော သေတ္တာပေါင်း ၁၂၀ဖြင့် ဆယ်မိုင်အရှည်ရှိခဲ့သည်။ ကျင်ကွမ်း မြို့ရှိ မိန်းကလေးတို့လည်း သူမကို အလွန်အားကျခဲ့ကြရသည်။
သခင်မကြီးနှင့် အစ်ကိုအကြီးဆုံး၏ဇနီးတို့က ကောင်းမွန်သောသူများဖြစ်သောကြောင့် ထိုခန်းဝင်ပစ္စည်းတို့ကို လင်ဖျားနှင့်ပင်မထိ၊ နန်းပေါင်ရီ သာကိုပေးပြီး ထိန်းသိမ်းထားစေခဲ့သဖြင့် ထိုပစ္စည်းတို့မှာ ကျင်းရီ ဆောင်၏ သိုလှောင်ခန်းတွင် အမြဲရှိနေခဲ့သည်။
နန်းပေါင်ရီ ငှက်သိုက်စွပ်ပြုတ်သောက်နေရင်း အစေခံတို့ ခန်းဝင်ပစ္စည်းများရွေ့နေကြသည်ကိုကြည့်နေလိုက်သည်။
အတိတ်ဘဝတွင် နန်းယန် ကို သူမ၏အစ်မရင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်။ နန်းယန် က သူမရှေ့တွင် ငိုကြီးချက်မနှင့် မိန်းကလေး လျို မှာ အဆင့်နိမ့်ကျနေသဖြင့် သူမတွင် ခမ်းနားသောဂုဏ်မရှိဟု ပြောသောကြောင့် သူမက သဘောထားကြီးစွာနှင့် ခန်းဝင်ပစ္စည်းတစ်ဝက်ကို ခွဲပေးခဲ့သည်။ သို့သော် နန်းယန် လိုချင်နေသည်က ခန်းဝင်ပစ္စည်းတင် မဟုတ်ခဲ့ပါ။
နန်းပေါင်ရီ စွပ်ပြုတ်ကို ပါးစပ်အပြည့်ထည့်စားလိုက်ပြီး ထေ့ငေါ့စွာပြုံးလိုက်သည်။
“ညီမလေး”
နူးညံ့ကာ အားနည်းနေသည့်အသံက အနားကပ်လာသည်။ နန်းယန် မဝံ့မရဲနှင့် တံခါးအနောက်တွင်ရပ်နေပြီး နီရဲကာ မျက်ရည်စိုနေသောအကြည့်တို့နှင့် ကြည့်နေသည်။
နန်းပေါင်ရီ ညင်သာစွာပြုံးလိုက်ပြီး …
“မမ ညီမလေးကို လိုက်ပို့ပေးမလို့လား”
နန်းယန် က လက်ကိုင်ပုဝါကိုထုတ်ကာ မျက်ရည်တို့ကိုသုတ်လိုက်ပြီး …
“ညီမလေး .. မမက အိမ်တော်ကိုရောက်လာရင် မိသားစုအားလုံးရဲ့အချစ်တွေ ယူသွားမှာကို ညီမလေးစိုးရိမ်နေတာ မမနားလည်ပါတယ် ဒါပေမယ့် မမကတိပေးတယ် ညီမလေးကို မမရဲ့ညီမအရင်းတစ်ယောက်လို ချစ်ပေးပြီး ညီမလေးဆီကလည်း ဘာမှမယူဘူးနော် .. မမက ငယ်ငယ်လေးကတည်းက အပြင်မှာပဲ ခက်ခက်ခဲခဲနေခဲ့ရတာဆိုတော့ မမကိုသနားငဲ့ညှာပြီးတော့ ထပ်ပြီးခက်ခဲအောင် မလုပ်ပါနဲ့တော့နော် အိမ်တော်မှာ ညီမလေးကို ချစ်မယ့်လူတစ်ယောက်တိုးလာတာ မကောင်းဘူးလား”
နန်းပေါင်ရီ ရွှေခွက်ကို ဟယ်ယဲ့ ထံသို့ အသာတွန်းပို့လိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသော အဖြူရောင်ကျောက်စိမ်းအဆင်တန်ဆာကို ဆွဲဖြုတ်ကာ မြောက်ပြလိုက်သည်။
“ကြည့်ပါဦး မမ .. ဒီတန်ဆာလေး မလှဘူးလား”
နန်းယန် ကြည့်လိုက်သောအခါ ကျောက်စိမ်းအဆင်တန်ဆာလေးမှာ အလွန်လက်ရာမြှောက်လှသဖြင့် တန်ဖိုးလည်း အလွန်ကြီးလိမ့်မည်။
နန်းပေါင်ရီ ၏ ပစ္စည်းတို့မှာ ကောင်းတကာ့အကောင်းဆုံးများဖြစ်နေသည်။ နန်းယန် လက်ကိုင်ပုဝါကို ကျစ်နေအောင်ဆုပ်ထားပြီး အပြုံးတုကိုပြုံးပြလိုက်ပြီး …
“ညီမလေးရဲ့ပစ္စည်းဥစ္စာတွေက အရမ်းလှပြီး တန်ဖိုးလည်းကြီးကြတယ်”
“စိတ်မကောင်းစရာပဲ .. ညီမလေး ဒါကြီးကိုမကြိုက်ဘူး”
နန်းပေါင်ရီ ပြောပြီးသည်နှင့် ထိုကျောက်စိမ်းတန်ဆာကို လွှင့်ပစ်လိုက်သည်။ ကျောက်စိမ်းမှာ ကျိုးပဲ့ကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။
တမင်ဖြုန်းတီးရာရောက်သဖြင့် နန်းယန် စိတ်ရှုပ်ထွေးကာ မျက်မှောင်ကြုတ်လိုက်သည်။
“ညီမလေးမကြိုက်တဲ့အရာက အခြားသူတွေရဲ့အမြင်မှာ လှပနေရင်လည်း အဲဒီအရာကို ဖျက်ဆီးပစ်မှာပဲ”
နန်းပေါင်ရီ ပျင်းရိစွာ မတ်တပ်ရပ်လိုက်ပြီး …
“မှောင်တော့မယ် .. နေရာအသစ်လေးကို သွားကြည့်ဦးမှပဲ .. မမ လိုက်မပို့နဲ့တော့နော်”
သူမထွက်သွားပြီးနောက် ဝေခွဲမရဖြစ်နေသော နန်းယန် ၏ အစေခံက …
“သခင်မလေး .. နန်းပေါင်ရီ က ဘာအဓိပ္ပါယ်နဲ့ပြောသွားတာလဲ”
နန်းယန် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး …
“ငါ့ကို ဆူပူသွားတာလွဲလို့ ဘာရှိဦးမှာလဲ မဟုတ်ဘူးလား”
ထိုအချက်ကိုလည်း နန်းယန် နားမလည်ပေ။ သူမက အစ်မကောင်းတစ်ယောက်ဖြစ်ရန် ကြိုးစားနေပြီး ပိတ်ပင်တားမြစ်ခြင်းတို့လည်း မလုပ်ပါဘဲနှင့် ဘာကြောင့် ထိုကလေးမက ရန်လိုစိတ်ထက်သန်နေရတာလဲ။
အစေခံလည်း သက်ပြင်းချလိုက်ပြီး …
“နန်းပေါင်ရီ က အရမ်းဆိုးတာပဲ … ပထမဇနီးရဲ့သမီးဆိုပြီး သခင်မလေးကို အနိုင်ကျင့်နေတာ ကျွန်မတောင် မကြည့်ရက်ဘူး .. ကံတရားက မတရားဘူး သူ့လိုဆိုးသွမ်းတဲ့သူကျ များလိုက်တဲ့ပစ္စည်းတွေ သခင်မလေးကတော့ ကြင်နာတတ်ပြီး စာပေတတ်မြောက်တာတောင်မှ ဘာမှမရသေးဘူး”
ပစ္စည်းတို့ကို သယ်ယူသွားနေသည့်မြင်ကွင်းကိုကြည့်ရင်း နန်းယန် ရင်နာသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမအသက် ၁၃နှစ်ရှိနေပြီ။ သူမ၏အမေကလည်း နန်း အိမ်တော်မှ သခင်တစ်ယောက်နှင့် လက်ထပ်ပြီး သူမကို ကောင်းမွန်သောမိသားစုနှင့် ထိမ်းမြားနိုင်စေရန် သူမအတွက် တရားဝင်ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ထားစေချင်သည်။
သို့သော် ယနေ့အဖြစ်အပျက်တို့ကြောင့် သူမ ကောင်းမွန်သောမိသားစုနှင့် ထိမ်းမြားခဲ့ရသည်ဆိုလျှင်တောင်မှ သူမတွင် နန်းပေါင်ရီ ကဲ့သို့ ပစ္စည်းဥစ္စာ အများအပြားမရှိသောကြောင့် သူမလက်ထပ်ပြီးသည့်အခါ သူမခင်ပွန်း၏မိသားစုက သူမကို အထင်သေးကြလိမ့်မည်။
နန်းယန် လက်ကိုင်ပုဝါကို တင်းစွာဆုပ်ကိုင်ထားပြီး ရုတ်တရက် အကြံကောင်းတစ်ခုကို တွေးမိသွားလေသည်။
…….
ကျောက်ဝမ် ခြံအဝင်လမ်းတွင် ရပ်နေသော ရှောင်းယီ ကို နန်းပေါင်ရီ တွေ့လိုက်ရသည်။ လူငယ်မှာ လည်ဝိုင်းဝတ်စုံအနက်ကို ဝတ်ဆင်ထားပြီး အထဲမှခံဝတ်ထားသောအဖြူရောင်ဝတ်စုံ၏ကော်လာကို ဖော်ထားပုံမှာ အလွန်ခန့်ညားပြီး ဩဇာအပြည့်ရှိနေသည်။
“အစ်ကို ၂ !”
နန်းပေါင်ရီ ချစ်စဖွယ်အမူအရာနှင့် အော်ခေါ်လိုက်သည်။
“အခုကစပြီး ညီမလေးကို ဂရုစိုက်ပေးပါနော် !”
“နားငြီးလိုက်တာ”
ရှောင်းယီ အေးစက်စက်ပင် ပြောသောကြောင့် နန်းပေါင်ရီ ၏ မျက်ခုံးတို့လည်း တွန့်ချိုးသွားသည်။
“အစ်ကို ၂က ဉာဏ်ကောင်းပြီး ဗဟုသုတကြွယ်ဝတယ်လို့ လူတွေပြောဖူးတယ်.. ဒါဆို ညီမလေးကို တစ်ခုရှင်းပြပေးပါလား .. ကျောက်ဝမ် က ဘာအဓိပ္ပါယ်လဲ”
ယောကျ်ားသားတို့သည် မြှောက်ပင့်ခြင်းနှင့် သူတစ်ပါးရှေ့တွင် မိမိ၏စွမ်းရည်ကို ပြသလိုကြသည်။ ရှောင်းယီ လည်း ထိုသို့ဖြစ်လိမ့်မည်ဟု နန်းပေါင်ရီ တွေးလိုက်သည်။
အမည်ပျဉ်ပြားကို ရှောင်းယီ ဂရုတစိုက်နှင့်သေချာဖတ်နေပြီး သူ၏အမူအရာတို့ကို နန်းပေါင်ရီ လည်း မဖော်ပြတတ်ပေ။
ခဏကြာပြီးနောက် ရှောင်းယီ က အေးအေးဆေးဆေးနှင့် ရှင်းပြလေသည်။
“မနက်ခင်းကအသိတရား နေဝင်ချိန်မှာသေဆုံးတယ်တဲ့”
အဓိပ္ပါယ်ကိုကြားပြီးနောက် နန်းပေါင်ရီ က …
“မနက်ခင်းမှာ ဗဟုသုတရနေသမျှ ညကျရင်သေရမယ်လို့ ဆိုလိုတာလား”
ရှောင်းယီ အသာရယ်လိုက်ပြီး …
“ဘဝမှာ သိလာရမယ့် ဗဟုသုတအသိတရားတွေ အများကြီးရှိတယ် … တကယ်လို့ တစ်ခုခုကို နားလည်သိချင်လို့ သေဖို့လိုအပ်တယ်ဆိုရင် ဘယ်နှခါလောက် သေနေရမှာလဲ”
နန်းပေါင်ရီ ခေါင်းညိတ်လိုက်သည်။
အတိတ်ဘဝတွင် လူတို့ကို ခွဲခြားသိမြင်နိုင်ခြင်းမရှိခဲ့သောကြောင့် သူမအမှားများစွာ ပြုလုပ်ခဲ့မိသည်။ သူမသိနားလည်ချိန်ရောက်သည့်အခါ သူမသေမင်းတံခါးဝနားသို့ ရောက်နေလေပြီ။
ပြန်လည်မွေးဖွားလာခွင့်ရခဲ့သည်က သူမအတွက် ဘုရားမှလက်ဆောင်ပေးခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့သော အခွင့်အရေးမျိုး သူမထပ်မံရရှိနိုင်ပါတော့မလား။
အခုဘဝတွင် သူမထက်မြက်နေရန် လိုအပ်သည်။
မီးငှက်ကဲ့သို့ သတ္တိခွန်အားပြည့်နေသော သူမ၏မျက်ဝန်းတို့ကို မျက်ရည်များစိုနေသည်။ သူမဝတ်ရုံကိုပင့်ကာ မျက်ရည်တို့ကိုသုတ်လိုက်ပြီး ရှောင်းယီ ကိုမော့ကြည့်လိုက်သည်။
“အစ်ကို ၂ .. အစ်ကိုက တကယ်ဉာဏ်ကောင်းပြီး ဗဟုသုတလည်း ကြွယ်ဝတယ် .. အခုကစပြီး ညီမလေး အစ်ကို့နောက်လိုက်ပြီး အစ်ကို့ဆီကနေ ကောင်းကောင်းမွန်မွန်သင်ယူပါ့မယ် ညီမကို စိတ်မဆိုးနဲ့တော့နော်”