အပိုင်း(၉)
ချေးများတဲ့သူ
အခန်းတစ်ခန်းလုံး ကျောက်မျက်ရတနာများဖြင့် ပြည့်နှင်နေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ခမ်းနားလှသောရွှေရောင်တိမ်တိုက်ဟုပင် ထင်မှတ်ရလောက်သည်။
နန်းပေါင်ရီ လက်ဝတ်ရတနာတို့ကို တစ်ခုပြီးတစ်ခုယူကာစစ်ဆေးကြည့်နေသည်။ ပုလဲသေတ္တာမှာ သူမ၏အစ်ကိုကြီးက အရှေ့တရုတ်ပင်လယ်တွင် လုပ်ငန်းလုပ်နေရမှ သူမအတွက် လက်ဆောင်ဝယ်လာခြင်းဖြစ်သောကြောင့် သူမမရောင်းလို။
ကျောက်စိမ်းနှင့်လုပ်ထားသောဆံပင်အလှဆင်သည့် ရတနာတို့မှာလည်း အဒေါ် ၂က သူမ အသက် ၁၀နှစ်ပြည့်မွေးနေ့တွင် လက်ဆောင်ပေးထားခြင်းဖြစ်၍ မရောင်းချင်ပြန်။
မင်္ဂလာရှိလှသော အနီရောင်သန္တာကျောက်လက်ကောက်တို့မှာ သူမအဘွားကပေးထားသည့် အဘွား၏သတို့သမီးခန်းဝင်ပစ္စည်းဖြစ်နေပြန်သောကြောင့် သူမပို၍မရောင်းလိုပေ။
ရတနာတစ်ခုပြီးတစ်ခု စစ်ကြည့်သွားပြီးနောက် နောက်ခံအကြောင်းတို့ရှိနေခြင်းကြောင့် သူမရောင်းရန်ရတနာမတွေ့ပေ။
တစ်နာရီကြာပြီးနောက် ကြိုးတွဲလေးများပါသော ရွှေရောင်ဆံထိုးတစ်စုံကိုတွေ့လိုက်ရသည်။ ထိုဆံထိုးမှာ သူမ၏တွန့်တိုသောဖခင်မှပေးထားခြင်းဖြစ်ပြီး နန်းယန် တွင်လည်း တစ်စုံရှိသည်ဟု သူမကြားခဲ့သည်။ ထိုသို့သောအချစ်မျိုးသည် ထိန်းသိမ်းရန်မထိုက်တန်ဟုတွေးကာ ရောင်းရန်ရွေးထားလိုက်သည်။
ဟယ်ယဲ့ ကို အပေါင်ဆိုင်သို့သွားစေပြီးရောင်းခိုင်းလိုက်သည့်အခါ ရွှေစ ၅၀၀နှင့် ဝယ်နိုင်ကြောင်းပြောလေသည်။
“အခုထိ ရွှေစ ၈ထောင် လိုနေသေးတယ် … မိန်းကလေး လျို ရဲ့အဖိုးအခက တော်တော်ကြီးတာပဲ”
နန်းပေါင်ရီ အကြည့်သည် မကြာသေးခင်ကဝယ်လာသော မင်ကျောက်အသစ်ပေါ် ကျရောက်သွားသည်။ အတိတ်ဘဝတွင် ရှောင်းယီ သည် အလွန်ချမ်းသာကြွယ်ဝခဲ့သည်။ အခုတွင် ဆင်းရဲသောမွေးစားသားတစ်ယောက်အနေနှင့် နေထိုင်ရသော်လည်း ကောင်းမွန်စွာ စီမံတတ်မှုကြောင့် သူ့တွင် ငွေအများအပြားရှိနိုင်လိမ့်မည်။
မင်ဖျော်ကျောက်ကို နန်းပေါင်ရီ ယူကာ နှင်းသီး ခြံထဲသို့ ပြေးသွားလေသည်။
“အစ်ကို ၂ … ဒီမှာ အစ်ကို့အတွက် ညီမလေး လက်ဆောင်ယူလာတယ်”
နှင်းသီးပင်များနှင့် ထုံးကျောက်လမ်းလေးကို ဖြတ်သန်းလာပြီးနောက် ခြံကိုရင်းနှီးကျွမ်းဝင်နေပြီးဖြစ်သောကြောင့် စာလေ့လာနေသော ရှောင်းယီ ထံသို့ အမြန်ပြေးသွားလေသည်။ ရှောင်းယီ မှာ လည်ဝိုင်းသောဝတ်ရုံနက်ကိုဝတ်ဆင်ထားပြီး ပြတင်းပေါက်နားရှိ စာကြည့်စားပွဲတွင်ထိုင်ကာ စာလေ့လာနေသည်။
“အစ်ကို ၂ !”
နန်းပေါင်ရီ ချစ်စရာကောင်းသောအမူအရာနှင့် လှမ်းခေါ်ကာ မင်ကျောက်ကို လက်နှစ်ဖက်နှင့် သေချာကိုင်မြှောက်ပြီး …
“ဒါလေးကို အစ်ကို့အတွက် ဟန့်လင်း လမ်းကနေ ဝယ်လာခဲ့တာ .. ဘယ်လိုလဲ ကြိုက်ရဲ့လား”
ရှောင်းယီ တစ်ချက်လှည့်ကြည့်လိုက်သည်။ မင်ကျောက်မှာ အရည်အသွေးကောင်းသဖြင့် ရွှေစ ၁ထောင် ပင် တန်လိမ့်မည်ဟု တွေးလိုက်သည်။ သို့သော် မိန်းကလေး၏မျက်လုံးထဲတွင် တစ်ခုခုကိုတက်ကြွနေဟန်တွေ့လိုက်သဖြင့် သူမဒီကို ကောင်းသောရည်ရွယ်ချက်နှင့် ရောက်လာခြင်းမဖြစ်နိုင်ပေ။
ရှောင်းယီ အကြည့်လွှဲလိုက်ပြီး ရုပ်တည်လျက် စာမျက်နှာတစ်ရွက်ကိုလှန်လိုက်ပြီး စာကိုသာဖတ်နေလိုက်သည်။
နန်းပေါင်ရီ စိတ်ဆိုးသွားသဖြင့် နှုတ်ခမ်းစူလိုက်သည်။ အနာဂတ်အမတ်လောင်းကို စိတ်ကျေနပ်အောင်လုပ်ရန် အလွန်ခက်ပြီး သူမကိုဘာကြောင့်လျစ်လျူရှုနေရတာလဲ။
ကံကောင်းသည်မှာ သူမသည် ခေါင်းမာလှသဖြင့် အမတ်လောင်းက လျစ်လျူရှုနေလျှင် သူမမမှုပေ။ ရှောင်းယီ ကို စိတ်ကျေနပ်အောင်လုပ်နိုင်နေသေးသရွေ့ သူမ တစ်နေ့လုံး တစ်ကိုယ်တော်ပြဇာတ်ကရသကဲ့သို့ဖြစ်နေလျှင်လည်း သူမ ပျော်ပါသည်။
စာအုပ်များခွဲထုတ်ပေးပြီး မင်ချောင်းကိုယူကာ မင်ဖျော်နေရင်းနှင့် ရှောင်းယီ ကို စကားစပြောလေသည်။
“ဒီနေ့က နေလို့ကောင်းတယ်နော် … အစ်ကို ၂ စာမဖတ်ဘဲနဲ့ ကဗျာတွေရော ဘာလို့မရေးတာလဲ .. အစ်ကိုကတော်ပြီးသားဆိုတော့ အစ်ကို့ဆီက လက်ရာတစ်ခုခုရရင် ညီမအိပ်ရာဘေးနား ချိတ်ထားမှာ”
ရှောင်းယီ မျက်နှာ ရေခဲကဲ့သို့ အေးစက်နေလျက်ပင်။ ထိုမိန်းကလေးကို နောက်ဆုံးခြောက်လှန့်ခဲ့သည််မှာ ၃ရက်ပင် ကြာသွားခဲ့ပြီ။ သူမသည် အရင်ရက်များကဲ့သို့ သူ့ကိုမကြောက်လန့်တော့ပေ။ သူမပုံစံမှာ ရှောင်းယီ ကို ခြိမ်းခြောက်ရန်ရောက်လာသည့် ကြွက်ပေါက်စနှင့်တူနေသည်။
ရှောင်းယီ စာမျက်နှာကိုသာလှန်ဖတ်နေပြီး သူမကိုဥပက္ခာပြုနေသည်။ ရှောင်းယီ လက်ထဲမှစာအုပ်ကို နန်းပေါင်ရီ ဆွဲယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သဖြင့် သူမကို ရှောင်းယီ စိုက်ကြည့်လိုက်သည်။
နန်းပေါင်ရီ က လက်နှစ်ဖက်နှင့်မေးထောက်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ချစ်စရာကောင်းစွာ ရယ်လိုက်ပုံမှာ ပန်းလေးတစ်ပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့လှသည်။
“အစ်ကို ၂ .. ညီမလေးအတွက် လက်ဆောင်လုပ်ပေးပါနော်”
ထိုကလေးမလေး၏ခေါင်းထဲ မည်သည့်အတွေးများရှိမလဲဟု ရှောင်းယီ သိချင်လာသည်။ ထို့ကြောင့် စုတ်တံကိုယူကာမင်စွတ်လိုက်ပြီး စက္ကူပေါ်တွင် လေးကြောင်းတစ်ပိုဒ်ကဗျာကို စရေးလေသည်။ နန်းပေါင်ရီ လည်း ရှောင်းယီ ရေးပြီးသည်အထိ ပြုံးကာ စောင့်နေလိုက်သည်။
“အစ်ကို ၂ .. မင်ကျောက်ကို သုံးရတာအဆင်ပြေလား”
“မဆိုးပါဘူး”
“ဒါကို ရွှေစ ၁သောင်းပေးပြီး ဝယ်ခဲ့ရတယ်”
ရှောင်းယီ လက်တို့ရပ်တန့်သွားသည်။
မင်ကျောက်လေးတစ်တုံးအတွက် ရွှေစ ၁သောင်း။
နန်း မိသားစု က ချမ်းသာပြီး သူမအလိုရှိရာသုံးစွဲနိုင်သောကြောင့် ထွေထွေထူးထူးရှိမည်မဟုတ်ပေ။
ရှောင်းယီ လက်ဆေးရန် စိတ်မပါစွာနှင့်ထသွားသဖြင့် နန်းပေါင်ရီ လည်း အနောက်မှလိုက်သွားပြီး …
“အစ်ကို ၂ .. အဲဒီမင်တုံးကို အစ်ကို့အတွက်ဝယ်လာပေးတာ ရွှေစ ၁သောင်းတန်တယ်လို့ !”
ရှောင်းယီ လက်တို့ကိုအမြန်ခြောက်သွေ့အောင်လုပ်လိုက်ပြီး …
“မင်းဘာကိုပြောချင်နေတာလဲ”
“ဆိုရိုးရှိတယ်မလား .. ကိုယ့်အပေါ်ကောင်းရင် ပြန်ကောင်းပေးရမယ်တဲ့ အစ်ကို့ကို ညီမတန်ဖိုးကြီးတဲ့မင်တုံးပေးထားတော့ အစ်ကိုလည်း ညီမကိုတစ်ခုခုပြန်ပေးရမှာပေါ့ … ညီမလေးက ချေးများတဲ့သူနော် ရွှေစက္ကူ ၁သောင်း ပြန်ပေးပေါ့ .. ဟီးဟီး”
ရှောင်းယီ ပြောစရာစကားတို့ရှာမရဖြစ်သွားပြန်သည်။
ဟီးဟီးတဲ့။
ဒီမိန်းကလေး သူ့ကို ဒုက္ခပေးနေပြီ။
ရှောင်းယီ ထိုင်ခုံပေါ်ထိုင်ပြီး စာအုပ်ကိုဖွင့်ဖတ်ကာ …
“ငါ ဒီမင်တုံးကို မလိုချင်တော့ဘူး”
“ဒါပေမယ့် အစ်ကို သုံးထားလိုက်ပြီလေ”
နန်းပေါင်ရီ အနည်းငယ်မာန်ဝင့်ကာ ချစ်စရာကောင်းစွာ လက်ခြောက်ချောင်းထောင်ပြပြီး …
“အစ်ကို့ကို လျော့ပေးမယ် ရွှေစ ၆ထောင်ပဲပေး .. ကဏ္ဍ၆မျိုး အဆင်ပြေချောမွေ့အောင် .. ဘယ်လောက်မင်္ဂလာရှိလိုက်တဲ့နံပါတ်လဲ”
ရှောင်းယီ ၏ အေးစက်စက်အမူအရာကြောင့် နန်းပေါင်ရီ လက်နှစ်ချောင်းလျော့လိုက်ပြီး …
“ဒါမှမဟုတ် ရွှေစ ၄ထောင်ဆိုရင်ရော .. ဥတုလေးမျိုးလုံး ကြွယ်ဝချမ်းသာမယ်”
ရှောင်းယီ စိတ်မပါစွာကြည့်နေသေးသည်။
“ဒါဆို ရွှေစ ၃ထောင် … တစ်နေ့မှာ ၃ခါ မင်္ဂလာရှိစေဖို့”
“၃ထောင်မရရင် ရွှေစ ၂ထောင်ရော … လက်ရှိရော အနာဂတ်ပါ မနိမ့်ကျဘဲ အသာလွန်ဆုံးဖြစ်ပါစေ”
“နောက်ဆုံးတစ်ခါလျော့ပေးမယ် ရွှေစ ၁၀၀၀ ရလား … ဘဝတစ်လျှောက် ချောမွေ့ပြီး တစ်ကြိမ်တစ်ခါနဲ့ အောင်မြင်စေဖို့”
ရှောင်းယီ မျက်ခုံးတို့တွန့်ချိုးကာ မျက်ခုံးဆက်မှာလည်း တလှုပ်လှုပ်ဖြစ်လာသည်။ ဒီမိန်းကလေး ငွေကြေးဥစ္စာပြည့်ဝပါလျက်နှင့် ဘာကြောင့် ဒီလိုလုပ်နေရတာလဲ။ သူမ၏စကားပြောကောင်းခြင်းတို့ကို မဖြုန်းတီးသင့်ပေ။
ရှောင်းယီ စိတ်မရှည်တော့ဘဲ စာအုပ်ကိုပိတ်လိုက်ပြီး …
“မင်းငွေလိုနေတာမလား”
နန်းပေါင်ရီ အပြစ်လုပ်ထားသော ကလေးတစ်ယောက်ကဲ့သို့ လက်ချောင်းများကိုဆော့ကစားနေပြီး ဝမ်းနည်းဟန်နှင့် ခေါင်းညိတ်ပြလေသည်။
နန်းပေါင်ရီ မဝံ့မရဲနှင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ ရှောင်းယီ မျက်ခုံးတို့မှာ တွန့်ချိုးလျက်ရှိနေသေးပြီး ထိုင်နေသည့်အနေအထားမှာ တည်ကြည်ပြီး ယုံကြည်အားထားနိုင်သည့် ခံစားချက်မျိုးရှိနေသည်။
ခဏတာတိတ်ဆိတ်နေပြီးနောက် ရှောင်းယီ ၏ ခြေထောက်ကို နန်းပေါင်ရီ ဖက်ကာ ကျယ်လောင်စွာ အော်ငိုလေတော့သည်။
“အစ်ကို ၂က ညီမကို မျောက်လိုပြုမူဖို့ပြောပေမယ့် ညီမမှာ ငွေမရှိတော့ ကြောင်ကိုထိန်းချုပ်လို့မရဘူးဖြစ်နေတယ် .. အစ်ကို ၂ ညီမမှာ မေမေမရှိတော့ဘူး မိထွေးသာအိမ်တော်ကိုရောက်လာရင် သူနဲ့ နန်းယန် က ညီမကို ကျိန်းသေပေါက်အနိုင်ကျင့်ကြပြီး ညီမပိုင်တာတွေကို အကုန်ယူသွားကြမှာ … အစ်ကို ၂က တော်ပြီး လုပ်နိုင်စွမ်းလည်းရှိတော့ ညီမလေးကို ကူညီပေးပါနော် .. ညီမကြီးလာရင် အစ်ကို့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ပြန်ဆပ်ပါ့မယ်နော်”
မိန်းကလေး၏ သိမ်မွေ့လှပသောမျက်နှာလေးက မျက်ရည်များစိုရွှဲသွားပြီး ဘဝ၏ခက်ခဲသော နစ်နာခံရမှုများကို ခံစားထားရသကဲ့သို့ ခါးသီးစွာ ငိုကြွေးနေသည်။
သူမဟန်လုပ်ပြီးငိုနေသည်ကိုသိသော်လည်း ရှောင်းယီ စိတ်ဆိုးနေဆဲပင်။ ထိုမိန်းကလေးကို သူကိုယ်တိုင် အနိုင်ယူမည်ဟုစီစဉ်နေသဖြင့် ဘာကြောင့်များ အခြားသူက အနိုင်ယူရမှာလဲ။
“ဘယ်လောက်လိုတာလဲ”
ရှောင်းယီ အေးစက်စက်နှင့်မေးလေသည်။ နန်းပေါင်ရီ ခဏကြောင်သွားပြီးနောက် မျက်ရည်များသုတ်ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် နွေဦးကျောက်စိမ်းခန်းမတွင် ဖြစ်ပျက်ခဲ့သည်တို့ကို ပြောပြလေသည်။
ရှောင်းယီ လက်ဆစ်ကို စားပွဲပေါ်အသာခေါက်နေပြီး သူ၏မျက်နှာမှာလည်း ခန့်မှန်းရခက်နေသည်။ မိန်းကလေး လျို ၏ စာချုပ်ကိုအသုံးပြုပြီး အခြေအနေကိုထိန်းချုပ်ရန်အတွက် သူမအမှန်တကယ်တွေးတောခဲ့ခြင်းကြောင့် ထိုမိန်းကလေး ဉာဏ်သိပ်မတုံးကြောင်း ပြသနေသည်။
ရှောင်းယီ လည်း စာအုပ်ကိုပြန်ဖွင့်လိုက်ပြီး …
“ကိုယ့်အဆောင်ကိုပြန်တော့ .. မိန်းကလေး လျို ရဲ့ စာချုပ်ကို ရလိမ့်မယ်”
နန်းပေါင်ရီ စာဖတ်ခန်းထဲမှထွက်သွားပြီး နွေဦးအချိန်အခါကို ရှုစားကာ သူမအိပ်မက်မက်နေသည်ဟု ခံစားမိသည်။ သူမကို ခေါင်းကိုက်ခဲစေသည့်ငွေကြေးပြဿနာက အခုကဲ့သို့ ဖြေရှင်းနိုင်ခဲ့ပြီလား။ အမတ်လောင်းက တကယ်တော်တာပဲ။
ရှောင်းယီ ကို ပြန်ပေးဆပ်ရန်အတွကိ နန်းပေါင်ရီ တွေးနေချိန် မိန်းကလေးနှစ်ယောက်က သူတို့၏ပိုင်ဆိုင်မှုတို့ကိုယူလျက် နှင်းသီးခြံထဲ ဝင်သွားသည်ကိုတွေ့လိုက်ရသည်။
ထိုမိန်းကလေးတို့မှာ အလွန်လှပကာ ဆွဲဆောင်မှုရှိသည်။ သူမတို့သည် ရှောင်းယီ အတွက် အဒေါ် ကျိ ရွေးပေးထားသော မောင်းမများဖြစ်လိမ့်မည်