အပိုင်း (၈)
စွပ်စွဲချက်အမှား
“ဒါပေါ့ .. အစ်ကို ၂ ကူညီပေးလိုက်လို့ သူ့အတွက် လက်ဆောင်လေး လာဝယ်ပေးတာ”
နန်းပေါင်ရီ စကားပြောလျက် နန်းယန် ကို အသာခိုးကြည့်လိုက်သည်။
အတိတ်ဘဝတွင် နန်းယန် သည် ထူးချွန်ထက်မြက်ပြီး အထင်ကြီးစရာကောင်းလှသည်။ အခုမှာ ၁၃နှစ်အရွယ် ငယ်ရွယ်သောမိန်းကလေးတစ်ယောက်ဖြစ်နေပြီး အခြေအနေတစ်ခုခုကို တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေရှိစွာ မရင်ဆိုင်နိုင်သေးပေ။ သူမမျက်နှာရဲနေသည်ကိုတွေ့ရသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်နေမည်ဟု နန်းပေါင်ရီ တွေးလိုက်သည်။
နန်းပေါင်ရီ မင်ဖျော်ကျောက်ကိုကြည့်ကာ ကောင်းသည်ဆိုးသည်ကို သူမမခွဲခြားတတ်သော်လည်း တန်ဖိုးကြီးသည်ကိုသာသိရပြီး တန်ဖိုးကြီးသောအရာများသည် အရည်အသွေးမညံ့နိုင်ပေ။
သူမအိတ်ငယ်ထဲမှ ရွှေစ ၁၀၀၀နှင့်ညီမျှသော ငွေစက္ကူတို့ကိုထုတ်လိုက်ပြီး …
“ဒါကို ငါ့အတွက်ထုပ်လိုက်”
နန်းယန် ကြာရှည်စွာ မျက်စိကျနှစ်သက်ခဲ့ရသော မင်ဖျော်ကျောက်လေးကို နန်းပေါင်ရီ ဝယ်ယူသွားသည်ကိုကြည့်နေရင်း သူမနှလုံးသားနာကျင်လာသော်လည်း ဘာမှမပြောဘဲတိတ်တိတ်နေလေသည်။
ဆိုင်ရှင်ကလည်း ပြုံးလိုက်ပြီး …
“ပထမတရားဝင်အိမ်သူဇနီးရဲ့သမီးနဲ့ မောင်းမရဲ့သမီးတို့က တော်တော်ကွာခြားတာပဲ … စိတ်သဘောထားကိုလည်းကြည့်ပါဦး ဒီဆိုင်က လျော့ဈေးမပေးတတ်တာကို ကျင်ကွမ်း တစ်မြို့လုံးကလူတွေအကုန် သိတယ် .. မတတ်နိုင်ဘဲ ဈေးဆစ်ကြတဲ့သူတွေက ဈေးပျက်က တစ်ကိုယ်ကောင်းဆန်တဲ့မိန်းမနဲ့ ဘာမှမခြားနားဘူး .. ဆိုရိုးရှိသလိုပဲပေါ့ နဂါးက နဂါးအမွေဆက်ခံသလို မီးငှက်ကလည်း မီးငှက်အမွေဆက်ခံပေမယ့် ကြွက်ရဲ့မျိုးဆက်ကတော့ တွင်းတူးဖို့ပဲသိတယ်တဲ့ ဒါမှမှန်နေတာပဲမလား”
ဆိုင်ရှင်က နန်းယန် ကို နှိမ်ချလိုက်သည်။ နန်းယန် ၏ အမေ မိန်းကလေး လျို လည်း ကျင်ကွမ်းမြို့တွင် နာမည်ကျော်ခဲ့ဖူးသည်။ ထိုနှစ်တွင် သခင်မကြီးက မိသားစုတွင်း မဝင်ရောက်နှင့် ငွေကြေးအမြောက်အမြားပေးကာ ထွက်သွားရန် အမိန့်ပေးခဲ့သည်။ ထိုငွေတို့ကို သူမလက်ခံခဲ့ပြီး အမိန့်စကားအတိုင်း ထွက်သွားခဲ့သည်။ နောက်တွင် သူမပြန်ရောက်လာခဲ့ပြီး နန်း အိမ်တော် တတိယသခင်၏ ဇနီးဖြစ်လိုစိတ်ကြီးမားနေသည်ကို နန်း အိမ်တော်မှ သိလိုက်ရသည်။ မိန်းကလေး လျို သည် တတိယသခင်၏ထိမ်းမြားပွဲကျင်းပချိန်တွင်လည်း နန်း အိမ်တော်ရှေ့တွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးစားခဲ့ဖူးသည်။
အကောင်းဘက်မှကြည့်လျှင် သူမ၏အချစ်သည် ကြီးမားခိုင်မာပြီး အဆိုးဘက်မှကြည့်လျှင် သူမသည် အလွန်ခေါင်းမာပြီး အရှက်ကင်းမဲ့လှသည်။
နန်းယန် မျက်နှာလည်း နီရဲသွားပြီး မျက်ရည်တို့လည်း ကျဆင်းလာသည်။ နန်းပေါင်ရီ ကို သူမဘက်မှပြောပေးကာ ကာကွယ်လိုကာကွယ်ငြား သနားစဖွယ်နှင့်ကြည့်သောအခါ နန်းပေါင်ရီ ရယ်လိုက်မိသည်။ နန်းယန် က သူမကို အတိတ်ဘဝကဲ့သို့ ကောင်းမွန်သည့်ညီအစ်မဟု ထင်နေသေးသည်။
ထုပ်ထားသောမင်ကျောက်ကိုယူသွားရန် ဟယ်ယဲ့ ကို နန်းပေါင်ရီ ပြောလိုက်ပြီး ယဉ်ကျေးစွာနှင့် ….
“အေးဆေးအချိန်ယူလိုက်ဦးနော် မမ .. ညီမလေးလုပ်စရာတွေရှိသေးလို့ အရင်သွားနှင့်ပြီ”
နန်းယန် သတိလွတ်စွာဖြင့် နန်းပေါင်ရီ နောက်မှလိုက်ပြီး ဆိုင်အပြင်ဘက်ရောက်သွားသောအခါ နန်းပေါင်ရီ ကို အစေခံက ထိန်းကိုင်ပေးရင်း လှည်းပေါ်တက်သွားသည်ကိုမြင်လိုက်ရသည်။
ထိုလှည်းသည် ကျယ်ဝန်းကာတန်ဖိုးကြီးလှပြီး ထောင့်လေးခုတွင်လည်း မီးပုံးငယ်လေးများကို ရွှေပိုးကြိုးနှင့် ချိတ်ဆွဲထားသည့်အပြင် ပြတင်းပေါက်ကန့်လန့်ကာများကိုလည်း လှပစွာတပ်ဆင်ထားပြီး လှည်ယအတွင်းတွင် သက်တောင့်သက်သာရှိမည့်ပုံပင်။ နန်းယန် စိတ်တိုကာ လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
သူမ၏အစေခံကလည်း စိတ်တိုစွာနှင့် …
“သခင်မလေးတို့နှစ်ယောက်လုံး သခင်ကြီးရဲ့ သမီးတွေဖြစ်နေရက်နဲ့ သခင်မလေးက ချွေတာသုံးနေရတဲ့အချိန်မှာ သူကဘာကြောင့်နဲ့များ ဒီလိုလှည်းအကောင်းစားနဲ့သွားလာနေပြီး တန်ဖိုးကြီးတဲ့မင်ကျောက်ကိုလည်း နှစ်ခါတောင်မတွေးဘဲ ဝယ်နိုင်ရတာလဲ .. ဒါလုံးဝမတရားဘူး”
“သူက ပထမဇနီးရဲ့သမီးဖြစ်နေတာကို”
“သူ့ဘာသာသူ ဇနီးဦးရဲ့သမီးဖြစ်တော့ရော ဘာဖြစ်လို့လဲ”
အစေခံက နန်းယန် အတွက် စိတ်မကောင်းဖြစ်သွားပြီး …
“နန်း မိသားစုက ပညာပါရမီမရှိကြဘူးလို့ ပြောသံကြားနေတာ .. သခင်မလေးနဲ့ သခင်လေးကတော့ သူတို့နဲ့မတူဘူး သခင်မလေးဆိုရင် အနုပညာလေးရပ်ကိုတတ်ကျွမ်းပြီး သခင်လေးကလည်း စာသင်ကျောင်းမှာ အဆင့်တွေကောင်းနေတာ … သခင်မလေးတို့နှစ်ယောက်လုံးက နန်း အိမ်တော်ရဲ့ မြေးတွေထဲမှာ အထက်မြက်ဆုံးဆိုပေမယ့် အိမ်တော်ထဲကို ဝင်ခွင့်မရကြဘူး .. တကယ်လို့ သခင်မလေးသာ နန်း အိမ်တော်ထဲတွင်ဝင်ပြီး သခင်မကြီးနားနေတာများရင် သခင်မကြီးလည်း သဘောကျလာမှာပဲလေ”
နန်းယန် ၏အမူအရာ ပြောင်းလဲသွားသည်။
အကယ်၍ သူမသာ နန်း အိမ်တော်သို့ ဝင်ခွင့်ရခဲ့လျှင် …
သူမ၏မျက်လုံးတို့ အရောင်လက်သွားသည်။ နောက်လတွင် သူမ၏မိဘတို့ လက်ထပ်ထိမ်းမြားကြတော့မည်ဖြစ်သောကြောင့် သူမအနေနှင့် အိမ်တော်ထဲသို့ စောစောဝင်ရောက်သည်က မမှားဘူးမဟုတ်လား။
သူမလည်း စိတ်တက်ကြွသွားပြီး ပျော်ရွှင်စွာနှင့် …
“အဖေ့ကိုသွားတွေ့ရအောင်”
ချင်းချောင် တောင်ကြားရှိ သူမ၏အိမ်ငယ်လေးဆီကို ပြန်လာခဲ့ချိန်တွင် သူမ၏အမေမှာ ဖဲသားအထည်များ ထွက်ဝယ်နေပြီး ဖခင်မှာ ခြံထဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။
“ဖေဖေ”
နန်းယန် ဒူးထောက်ချကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ နန်းကွမ် က တောက်ပစွာပြုံးလိုက်ပြီး ….
“ယန်အာ ပြန်လာပြီလား .. သမီးအစ်ကိုအတွက်ရော လက်ဆောင်ဝယ်လို့ရခဲ့ရဲ့လား”
နန်းယန် စိတ်ထဲမှနေ၍ အဖေက ရွှေစ ၅၀တည်းပေးတာ ဘာလက်ဆောင်ဝယ်လို့ရမှာလဲဟု တွေးလိုက်သည်။
သူမရိုကျိုးစွာ အရှေ့တိုးလာပြီး ….
“အစ်ကိုအတွက် ဖျံနီညိုအမွေးနဲ့ လုပ်ထားတဲ့စုတ်တံနဲ့ အနံ့မွှေးတဲ့မင်ဘူး ဝယ်လာခဲ့တယ် .. ပိုတဲ့ငွေနဲ့ ဖူဝေ့ အိမ်က ဖေဖေကြိုက်တဲ့ သစ်ကြားသီးအစာသွပ်ဝယ်လာတယ်”
“ယန်အာ က အစ်ကိုအတွက် လက်ဆောင်ဝယ်ပေးတာ အဖေ့အတွက်ပါ စဉ်းစားပေးတယ် .. လာ အတူတူစားရအောင်”
နန်းယန် ဘေးတွင်ထိုင်လိုက်ပြီး နွေးထွေးစွာနှင့် …
“ဖေဖေ သမီးဒီနေ့ ပေါင်ရီ နဲ့တွေ့လာခဲ့တယ် စကားတွေအများကြီးပြောကြရင်း သူသမီးကို တော်တော်သဘောကျသွားတယ်”
“သမီးတို့အဆင်ပြေနေကြတယ်ဆိုတော့ အဖေလည်း ဝမ်းသာလိုက်တာ”
“ဒါပေမယ့် …”
နန်းယန် က တစ်ခုခုဆက်ပြောချင်သော်လည်း တုံ့ဆိုင်းနေသဖြင့် နန်းကွမ် က စိုးရိမ်သွားပြီး ….
“ဒါပေမယ့် ဘာဖြစ်လို့လဲ”
“ဖေဖေ .. ပေါင်ရီ က နှစ်ခါတောင် မစဉ်းစားဘဲ ရွှေစ ၁၀၀၀ကိုသုံးပစ်လိုက်တယ် .. ဘွားဘွားက သူ့ကိုအရမ်းချစ်ပြီး မုန့်ဖိုးလည်းအများကြီးပေးတာကိုတော့ နားလည်ပါတယ် ဒါပေမယ့် ဒါက အများကြီးဖြုန်းတီးရာရောက်နေပြီ သမီးရဲ့အဆင့်နဲ့ သူ့ကိုဘာမှလည်းပြန်မပြောနိုင်ဘူး … တကယ်လို့ သမီးက သူ့ရဲ့တရားဝင်အစ်မဖြစ်သွားပြီဆိုရင် စဉ်းစားပြီး ချွေတာသုံးဖို့ ဖေဖေ့ကိုယ်စား အကြံပေးလို့ရတယ်လေ”
ရွှေစ ၁၀၀၀ !။ နန်းကွမ် သက်ပြင်းချလိုက်မိသည်။
မိုးနတ်မင်းကြီး သူ့ကိုငဲ့ညှာပေးတော်မူပါ။ သူ့ထံတွင် အမြှောင်ဇနီးတစ်ယောက်ရှိနေကြောင်း သူ၏အမေ သိလိုက်သည့်အချိန်မှစ၍ မိသားစုပိုင်ဥစ္စာပစ္စည်းများကို သုံးခွင့်မရှိတော့ပေ။ နန်းကွမ် သည် တစ်လတစ်ခါ နန်းတွင်းအစိုးရမှ ရွှေစ ၂၀၀ သာရပြီး သူငယ်ချင်းများနှင့်အတူ ပျော်ပါးစားသောက်ပြီးနောက် အနည်းငယ်သာကျန်ခဲ့သဖြင့် ရှောင်မုံ့၊ နန်းယန် တို့နှင့်အတူ ချွေတာစွာသုံး၍ နေ့ရက်များစွာ ကုန်ဆုံးခဲ့ရသည်။
ဖခင်တစ်ယောက်ဖြစ်သူပင် ရွှေစ ၁၀၀၀မရပေ။ နန်းပေါင်ရီ အလွန်လက်ဖွာလှသည်။
“အဓိပ္ပါယ်မရှိတာတွေ !”
နန်းကွမ် ရင်နာစွာဖြင့် စားပွဲကိုရိုက်လိုက်သည်။
“မိန်းကလေးတစ်ယောက်က အဲဒီလောက်ငွေအများကြီး မရှိသင့်ဘူးလို့ သမီးရဲ့အဘွားကိုအမြဲပြောတာ သမီးအဘွားက နားမထောင်ဘူး သမီးရဲ့အဒေါ်ကလည်း အမြဲတမ်းပိုက်ဆံတွေပေးနေတာ … အဲဒါရွှေစ ၁၀၀၀တောင်လေ !”
ရွှေစ ၁၀၀၀သည် ဆောင်ကြာမြိုင်တွင် လွတ်လပ်စွာ အချိန်ကြာကြာနေနိုင်သည်အထိ သူ့အတွက်ပင် လုံလောက်သည်။
နန်းယန် လက်ဖက်ရည်ထပ်ငှဲ့ပေးလိုက်ပြီး …
“တကယ်လို့ ယန်အာ မှာသာ ဒီလောက်ငွေရှိခဲ့ရင် ဖေဖေနဲ့ ဘွားဘွားကိုပြုစုပေးဖို့အတွက်ပဲသုံးပြီး ဖြုန်းတီးပစ်မှာမဟုတ်ဘူး”
“လိမ္မာလိုက်တဲ့သမီးလေး”
နန်းကွမ် သူမခေါင်းကိုပုတ်လိုက်ပြီး စိတ်ထဲမှလည်း ကြည်နူးနေမိသည်။
“ကျောင်းကျောင်း က အဘွားရဲ့အလိုလိုက်ခံထားရတော့ ပျက်စီးနေပြီ ဘေးကနေ သင်ပြဆုံးမပေးမယ့်သူလည်းမရှိဘူး … သမီးရဲ့အမေက နောက်လဆို အိမ်တော်ထဲဝင်ရမှာပဲဆိုတော့ သမီးလည်း ပိုင်တာတွေသိမ်းပြီး အိမ်တော်ထဲအရင်သွားလိုက် ပြီးရင် ကျောင်းကျောင်း ကိုလည်း အဖေတို့မရောက်လာခင် သင်ပေးထားလိုက်ဦး”
“အဲဒါ သင့်တော်ပါ့မလား .. ဘွားဘွားက သမီးကို သဘောမကျဘူးဆိုတော့ သမီးအတွက် နေရာမပေးလောက်ဘူးထင်တယ်”
နန်းယန် မော့ကြည့်ကာ မေးလိုက်သည့်အခါ နန်းကွမ် က အလေးအနက်ထားကာ …
“သမီး ကျင်းရီ ဆောင်မှာပဲ ကျောင်းကျောင်း နဲ့ အတူနေလိုက် ဒါဆို ဆုံးမရတာပိုလွယ်သွားမယ် … အဲဒီကလေးမက အလိုလိုက်ခံရလို့ဆိုးနေတာ သူ့ကိုအလိုလိုက်နေရင် သမီးကို အစ်မတစ်ယောက်အနေနဲ့ အဖေဆူမှာနော်”
“စိတ်ချပါ ဖေဖေ .. သမီး သူ့ကို သေချာသွန်သင်ပေးပါ့မယ်”
နန်းယန် ယဉ်ကျေးစွာဒူးကိုညွှတ်ကာ ခေါင်းငုံ့ထားရင်း သူမအကြံအောင်မြင်သွားသောကြောင့် ပျော်နေလေသည်။
သူမသည် နန်း အိမ်တော်တွင် တရားဝင်နေထိုင်ခွင့်ရလျှင် သခင်မကြီး၏ ထောက်ပံ့မှုများနှင့် ချစ်ခင်မှုတို့ကို သူမရရှိလာနိုင်သည်။ အနာဂတ်တွင် နန်းပေါင်ရီ ပိုင်ဆိုင်ရမျှကို သူမလည်းပိုင်ဆိုင်နိုင်လိမ့်မည်။ အိမ်ရှိအကြီးအကဲများထံမှ ဆုငွေများလည်းရလာနိုင်သဖြင့် အပြင်တွင်နေထိုင်ရခြင်းထက် ပိုသာလွန်သည်မဟုတ်လား”
တစ်ဖက်တွင်လည်း နန်းပေါင်ရီ မင်ဖျော်ကျောက်ကို ဂရုတစိုက်ကိုင်ယူပြီး ကျင်းရီ ဆောင်သို့ပြန်ရောက်လာသည်။ ဟယ်ယဲ့ မှာ စိုးရိမ်တကြီးနှင့် ….
“သခင်မလေး .. ဒါက အတွင်းချိုင့်ဝင်နေတဲ့ ကျောက်မီးသွေးခဲနဲ့မတူဘူးလား .. ရွှေစ ၁၀၀၀တောင်ဆိုတော့ ဆိုင်ရှင်ကများ လိမ်ရောင်းလိုက်တာလား”
“စာပေပစ္စည်းတွေက အမြဲတန်ဖိုးကြီးတယ်လေ”
နန်းပေါင်ရီ ဂရုစိုက်စွာ မင်ဖျော်ကျောက်ကို စားပွဲပေါ်တင်လိုက်ပြီး ဟယ်ယဲ့ကို အမိန့်ပေးလိုက်သည်။
“ငါ့ရဲ့တန်ဖိုးအကြီးဆုံးရတနာတွေကိုပါယူလာခဲ့ .. ငွေဘယ်လောက်ရမလဲတွက်ချင်တယ်”
ရွှေစ ၁သောင်းမှာ ပမာဏမနည်းလှသဖြင့် သူမအနေနှင့် သတိကြီးကြီးထားကာ တိုးမြှင့်ရန်လိုအပ်သည်။