အပိုင်း (၇)
ငါတကယ်ချမ်းသာတာပဲ
ရှောင်းယီ ကို နန်းပေါင်ရီ ကျေးဇူးတင်ကြောင်းပြောပြီး ကျင်းရီ ဆောင်ဘက်သို့ ပြန်လာခဲ့သည်။
သူမ၏ရတနာသေတ္တာထဲမှ ပိုက်ဆံများထုတ်ယူပြီး ရေတွက်လိုက်သည့်အခါ သူမ၏မိသားစုများမှ အန်ပေါင်းပေးထားသောအိတ်အနီလေးများနှင့် သူမကိုယ်တိုင်စုထားသောမုန့်ဖိုးများအပါအဝင် ရွှေစ ၂၅၀၀ တိတိ ရှိကြောင်း တွေ့လိုက်ရသည်။ ရွှေစ ၂၅၀၀ သည် ပြဇာတ်အကမယ်တစ်ယောက်ကိုမဆိုထားနှင့် ပြဇာတ်တစ်ခုလုံးပင် ဝယ်နိုင်သည်အထိ တန်ဖိုးများလှသည်။
“ငါတကယ်ချမ်းသာတာပဲ”
အတိတ်ဘဝတွင် အစာနှင့်အဝတ်အထည်တို့ ပြတ်လပ်သည်ကိုတွေ့ကြုံခဲ့ရသဖြင့် နန်းပေါင်ရီ သူမပိုင်ဆိုင်သည့်ငွေကို ပျော်ရွှင်စွာကိုင်ထားရင်း ဟယ်ယဲ့ ကို အမြန်ခေါ်လိုက်ပြီး အပြင်သွားရန် လှည်းအသင့်ပြင်ခိုင်းလိုက်သည်။
ဟယ်ယဲ့ လည်း စိုးရိမ်တကြီးနှင့် …
“သခင်မလေးနေပြန်ကောင်းလာတာမကြာသေးဘူးလေ ဘာလို့အပြင်ထွက်ချင်နေရတာလဲ .. မဆိုးပါနဲ့တော့ သခင်မလေးရယ် .. တစ်ခုခုဖြစ်သွားရင် သခင်မကြီးနဲ့ သခင် ၃ကို ဘယ်လိုရှင်းပြရတော့မလဲ”
နန်းပေါင်ရီ ငွေစက္ကူများကို အိတ်ငယ်တစ်လုံးတွင်ထည့်ပြီး အကြောင်းပြချက်ကို လိမ္မာပါးနပ်စွာပြောလေသည်။
“ဘွားဘွားရဲ့ခြံဝင်းက တိတ်ဆိတ်နေတာ .. ဘွားဘွားကလည်း ပြဇာတ်တွေကြည့်ရတာကြိုက်တယ်ဆိုတော့ ပြဇာတ်ရုံကိုသွားပြီး အဆိုသမနှစ်ယောက်လောက် ဝယ်ပေးပြီး အိမ်တော်မှာခေါ်ထားမလို့ … ဘွားဘွားလည်း အချိန်မရွေးနားထောင်လို့ရသွားတာပေါ့ … ဒီလိုကောင်းကောင်းမွန်မွန်နဲ့ထွက်ရင်တော့ ဘွားဘွားမဆူလောက်ပါဘူး”
ဟယ်ယဲ့ လည်း နန်းပေါင်ရီ ကို မဖျောင်းဖျနိုင်တော့ဘဲ လှည်းတစ်စီးအမြန်ပြင်ဆင်လိုက်ရသည်။ တစ်နာရီကြာပြီးနောက် အိမ်ကြီးတစ်အိမ်ရှေ့တွင် လှည်းရပ်သွားလေသည်။ ဟယ်ယဲ့ လက်ကိုထိန်းကိုင်ပေးပြီး နန်းပေါင်ရီ လှည်းပေါ်ကဆင်းလိုက်ကာ အိမ်ကြီးကိုကြည့်လိုက်သည်။ ထိုအိမ်ကြီးမှာ ကျင်ကွမ်း မြို့တွင် အကြီးကျယ်ဆုံးသောပြဇာတ်ရုံဖြစ်သည်။ မုခ်ဝတွင်လည်း ‘နွေဦးကျောက်စိမ်းခန်းမ’ ဟူသော စာတန်းကြီးကိုချိတ်ဆွဲထားရာ ကြော့ရှင်းပြီးအမြင်ဆန်းနေသည်။
နန်းပေါင်ရီ က ပြဇာတ်ရုံစီမံသူကို သူမရောက်လာမည့်အကြောင်း ကြိုပြောထားသဖြင့် စီမံအုပ်ထိန်းသူက အပြုံးနှင့်လာရောက်ကြိုဆိုလေသည်။
“သခင်မလေး ဘယ်လိုအဆိုသမကိုရွေးချယ်ဝယ်ယူချင်တာပါလဲ .. တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့သူဌေးကလည်း အဆိုသမငယ်ငယ်လေးတွေကို လေ့ကျင့်ပေးနေတာ … သူတို့က ၁၂နှစ် ၁၃နှစ်ဝန်းကျင်ဆိုပေမယ့် အတော်လှပါတယ်”
နန်းပေါင်ရီ က ငွေတုံးအနည်းငယ်ပေးလိုက်ပြီး …
“ငါဝယ်ချင်တဲ့အဆိုသမက ဇာတ်ကြောင်းရှိတယ် … ရှင်ဆုံးဖြတ်ပေးလို့မရတာကြောင့် သူဌေးနဲ့ပဲ စကားပြောချင်တယ်”
စီမံအုပ်ထိန်းသူက နန်းပေါင်ရီ ကို ပြုံးကြည့်ရင်း သူ့အရှေ့တွင်ရှိနေသောမိန်းကလေးမှာ အလွန်ငယ်ရွယ်ပြီး အလိုလိုက်ခံထားရကာ အခုမှလောကအလယ်ခြေချဖူးသည့်ပုံစံဖြစ်နေပြီး မိသားစု၏ကြွယ်ဝမှုအပေါ်မှီခိုနေရင်း အလည်ထွက်လာခဲ့ခြင်းဖြစ်မည်ဟု သုံးသပ်နေမိသည်။
“သူဌေးက အလုပ်များနေလို့ သခင်မလေးကိုအချိန်မပေးမှာနိုင်စိုးမိပါတယ် .. ပြဇာတ်ကိစ္စဆိုင်ရာတွေကို ကျွန်တော်ဆုံးဖြတ်ပေးနိုင်ပါတယ် .. အဓိကသရုပ်ပြမင်းသမီးတစ်ယောက်ကို ဝယ်ယူချင်တယ်ဆိုရင်တောင် ကျွန်တော်လုပ်ပေးနိုင်ပါတယ်”
“အဓိကမင်းသမီးတော့မလိုပါဘူး .. လျိုရှောင်မုံ့ ဆိုတဲ့ ပြဇာတ်မင်းသမီးကိုဝယ်ချင်တာ စီစဉ်ပေးနိုင်မလား”
အုပ်ထိန်းသူတုန်လှုပ်သွားပြီး နန်းပေါင်ရီ ကို မယုံသင်္ကာနှင့်ကြည့်လိုက်သည်။ ထိုမိန်းကလေးသည် အပြင်ပန်းကြည့်လျှင် သိမ်မွေ့ဟန်ရှိနေပါလျက် သူမ၏စူးရှသောမျက်ဝန်းတို့မှာ နက်မှောင်အေးစက်နေပြီး အသက်အရွယ်နှင့်မလိုက်အောင်ပင် တည်ငြိမ်လှသည်။
အုပ်ထိန်းသူမှာ စကားအထေ့ထေ့အငေါ့ငေါ့ဖြစ်လျက် …
“သခင်မလေးက လျိုရှောင်မုံ့ ကို ဘယ်လိုသိတာလဲ”
နန်းပေါင်ရီ လည်း အသာပြုံးလိုက်ပြီး …
“သူဌေးကိုခေါ်လိုက်ပါ”
အုပ်ထိန်းသူလည်းမတတ်နိုင်တော့ဘဲ နန်းပေါင်ရီ ကို ပြဇာတ်ရုံ၏ဧည့်ခန်းကို ခေါ်ဆောင်သွားလေသည်။ ဧည့်ခန်းအတွင်းမှာ သေရည်အနံ့တို့ဖြင့် ပြည့်နေသည်။ ထိုအချိန်တွင် ၁၇ ၁၈အရွယ် ငယ်ရွယ်လှမိန်းကလေးတစ်ယောက် သူမပခုံးတို့ကိုလှစ်ဟထားပြီး ချိုအီအီရနံ့သင်းနေကာ ဝိုင်အရက်ကရားကိုကိုင်လျက် တန်ဖိုးကြီးလှသောကုတင်စောင်းပေါ်တွင် ထိုင်လိုက်သည်။ သူမမျက်ခွံကိုပင့်တင်ကာ နန်းပေါင်ရီ ကို ကြည့်လိုက်ပြီး ဂရုမစိုက်ဟန်နှင့် ဝိုင်အရက်တစ်ငုံသောက်လျက် ပေါ့ပေါ့ပါးပါးပြုံးပြကာ …
“သခင်မလေးက လျိုရှောင်မုံ့ ကို ဝယ်ချင်တာလား”
နွေဦးကျောက်စိမ်းခန်းမ၏ ပိုင်ရှင်သူဌေးမှာ အလွန်ငယ်ရွယ်လှပေသော မိန်းကလေးတစ်ယောက်ဖြစ်နေမည်ဟု နန်းပေါင်ရီ မထင်ထားခဲ့ပေ။
နန်းပေါင်ရီ ခေါင်းညိတ်ပြကာ ….
“ကျေးဇူးပြုပြီး ကြိုက်ဈေးပြောပေးပါ မိန်းကလေး”
ထိုမိန်းကလေးတွင် ညို့ယူစွမ်းအားကောင်းသော အသွင်အပြင်ရှိနေသည်။
“သခင်မလေးက နန်း အိမ်တော်ရဲ့ ၅ယောက်မြောက်သခင်မလေး ဟုတ်တယ်မလား … ငယ်ငယ်ရွယ်ရွယ်လေးနဲ့ နွေဦးကျောက်စိမ်းရဲ့ မိန်းကလေး လျို က တစ်ယောက်ယောက်ဝယ်ယူဖို့ စာချုပ်ရှိနေသေးတာကို ရှာဖွေနိုင်ခဲ့တယ် … ပြီးတော့ သခင်မလေးရဲ့အဖေထက် သခင်မလေးက ပိုပြီးပိုင်နိုင်လိမ့်မယ်ထင်ပါတယ်”
သူမခေါင်းမော့ကာ ဝိုင်အရက်ကို တစ်ငုံထပ်သောက်လိုက်ပြီး သူမ၏ရီဝေလှပနေသောမျက်ဝန်းတို့က တည်ငြိမ်တောက်ပလျက်ရှိသည်။
“သခင်မလေး ၅ က ဉာဏ်ကောင်းတဲ့သူဆိုတော့ ဈေးချပေးလိုက်မယ် .. ရွှေစ ၅သောင်း”
“ရွှေစ ၅သောင်း !!”
နန်းပေါင်ရီ နင်သွားသည်။
“သခင်မလေး ၅က မိန်းကလေး လျို ကို မုန်းတီးနေမယ်ဆိုတာသိပါတယ် .. သူမရဲ့စာချုပ်ကို သခင်မလေးပိုင်ဆိုင်ရသည်မဖြစ်စေ မပိုင်သည်ဖြစ်စေ နန်း အိမ်တော်ထဲကို သူမလွတ်လွတ်လပ်လပ်သွားလာခွင့်ရတော့မှာ .. သခင်မလေးရဲ့သဘောပါ ရွှေ၅သောင်းက သခင်မလေးရဲ့အိမ်တော် အေးချမ်းဖို့အတွက် မျှတတဲ့အလဲအလှယ်ပဲမဟုတ်လား”
မိန်းကလေးက ဝိုင်အရက်များကိုမော့သောက်လိုက်သဖြင့် အရက်တချို့မှာ လည်ပင်းမှတဆင့် သူမဝတ်စုံထဲသို့စီးဆင်းသွားပုံမှာ ဆွဲဆောင်မှုရှိလှသည်။ သူမလက်ဝတ်ရုံကိုအသာလှိမ့်တင်ပြီး ညှို့ယူဖမ်းစားတတ်သောနှုတ်ခမ်းထောင့်ကို အသာပုတ်လိုက်သည်။
“ဒါနဲ့ မိန်းကလေး လျို သာ နန်း အိမ်တော်ရဲ့ သခင်မ ၃ဖြစ်လာရင် သူမရဲ့စာချုပ်ကိုသုံးပြီး သခင်မလေးရဲ့ဖခင်ဆီကနေ ငွေတောင်းဦးမှာ .. အဲဒီအခါ ရွှေစ ၅သောင်းနဲ့ မရတော့ဘူး”
နန်းပေါင်ရီ သည် အတိတ်ဘဝတွင်ရော ယခုဘဝတွင်ပါ ကြီးမားသောလုပ်ငန်းအတွက် ရေရှည်အစီအစဉ်ချထားသော သူမကဲ့သို့ စီးပွားရေးသမားတစ်ယောက်နှင့် တစ်ခါမှမတွေ့ခဲ့ဖူးပေ။ သူမတို့ နန်း မိသားစု၏ စီးပွားရေးလုပ်ကိုင်ပုံမှာ ရိုးသားကြင်နာစွာလုပ်တတ်ကြပြီး တစ်ပါးသူထံမှ ငွေလိမ်လည်ညှစ်ယူခြင်းတို့ကို လုံးဝမလုပ်၊ ရှောင်ရှားကြသည်။
သူမစိတ်ထဲတွင် ထိုသို့မသမာသောနည်းဖြင့် အကျိုးစီးပွားလုပ်နေသောမိန်းကလေးကို အော်ဟစ်နေသော်လည်း အပြင်ဘက်တွင် တည်ကြည်စွာရှိနေပြီး …
“ငါသိသလောက်ဆိုရင် နွေဦးကျောက်စိမ်းခန်းမက ဖျော်ဖြေပွဲတွေနဲ့ လက်ဖက်ရည်ပွဲချပေးပြီး အသက်မွေးရတာမဟုတ်လား .. ဒါပေမယ့် အခုတော့ မိန်းကလေးငယ်ငယ်လေးတွေကိုရှာပြီး သူတို့အသက်ကြီးလာတဲ့အခါ မောင်းမတွေဖြစ်လာအောင် ပျိုးထောင်ပေးနေတယ် … သူတို့မှာကလေးရလာရင် မိသားစုတွေထဲ နေရာကောင်းတစ်ခုရသွားမှာလေ အဲဒီအခါ သူတို့ကိုခေါ်ထုတ်၊ စာချုပ်ကျန်နေသေးတယ်လို့အချုပ်ကိုင်ပြီး မိသားစုတွေဆီကနေ မတရားငွေညှစ်ယူမယ် .. အဲဒီမိသားစုတွေက သူတို့ဂုဏ်သတင်းထိခိုက်မှာစိုးရိမ်တော့ ဒါကို လူသိရှင်ကြားဖြစ်မှာမလိုလားကြဘူး … မိန်းကလေးက စီးပွားရေးကိုဘယ်လိုလုပ်ရမလဲဆိုတာသိသားပဲနော် ဒါပေမယ့်လည်း နန်းတော်အရာရှိတွေသိသွားရင် ဒီနွေဦးကျောက်စိမ်းခန်းမကြီးကို ဘယ်လိုလုပ်မလဲဆိုတာ မသိဘူးနော်”
ယင်းမှာ နန်းပေါင်ရီ ၏ ယူဆချက်ပင်။
အကြောင်းရင်းမှာ ကျင်ကွမ်း မြို့ရှိ ချမ်းသာကြွယ်ဝပြီး အင်အားတောင့်သည့်မိသားစုတို့က လှပသောအဆိုသမမိန်းကလေးများကိုသာ မောင်းမအဖြစ် တော်ကောက်လိုကြသည်။ အခြားသောမောင်းမတို့သည်လည်း လျိုရှောင်မုံ့ ကဲ့သို့ဖြစ်လိမ့်မည်ဟု သူမတွေးမိသည်။
ထိုမိန်းကလေးသည် စာချုပ်ကိုအကြောင်းပြကာ ခြိမ်းခြောက်တတ်ပြီး ခံရသောမိသားစုတို့ကလည်း ထိုအကြောင်းကို ဖွင့်ဟခြင်းမလုပ်စေရန် သူမတောင်းသလောက်ကို ပေးချေနေရသည်။
နန်းပေါင်ရီ ကြည့်လိုက်သည့်အအခါ တန်ဖိုးကြီးသောကုတင်စောင်းပေါ်တွင်ထိုင်နေသော မိန်းကလေးက ဘာမှမပြောဘဲ ပြုံးသည်ကိုတွေ့ရသဖြင့် သူမစကားမှန်ကန်သည်ဟု သေချာသွားလေသည်။ နန်းပေါင်ရီ လက်ကိုင်ပုဝါကို ဆုပ်ကိုင်လိုက်ပြီး စိတ်ကိုရဲတင်းကာ ….
“ရွှေစ ၁သောင်း .. လျိုရှောင်မုံ့ ရဲ့စာချုပ်ကို ဝယ်မယ်”
“ရတယ်”
ထိုမိန်းကလေးက အလျင်အမြန်တုံ့ပြန်ပြီးနောက် နန်းပေါင်ရီ စိတ်ထဲ တင်းကြပ်သွားသည်။ သို့သော် သူမအပြင်သွား အလှအပပစ္စည်းတို့ ထွက်ဝယ်လေ့မရှိသည့်အပြင် ငွေကြေးမြင့်နေသေးသည့်ပမာဏနှင့် သဘောတူထားပြီးဖြစ်သောကြောင့် သူမအတွက် အခြားရွေးချယ်စရာမရှိတော့ပေ။
“ငါတတ်နိုင်သလောက် ရွှေစတွေအမြန်ဆုံးယူလာခဲ့မယ် အဲဒီအချိန်ထိ ဒီကိစ္စကို လုံးဝနှုတ်ပိတ်ထားမယ်လို့မျှော်လင့်တယ်”
မိန်းကလေးချစ်စဖွယ်ဟန်နှင့် ပြောလိုက်သည်။
“အလုပ်လုပ်နေရတာဖြစ်လို့ ကျွန်မဘက်ကရိုးသားပါ့မယ် .. သခင်မလေးစိတ်ချပါ”
နန်းပေါင်ရီ နှုတ်ခမ်းကို စေ့စေ့ပိတ်လိုက်သည်။ ကမ္ဘာပေါ်ရှိ အကမယ်မည်သူမဆို ရွှေစ၁သောင်းပင် မထိုက်တန်သည်ကို ထိုမိန်းကလေးက သူမဆီငွေညှယ်ယူနေလျက်နှင့် ကိုယ့်ကိုယ်ကို ရိုးသားသည်ဟုပြောပြန်သည်။ စိတ်ပျက်စရာလုပ်ငန်းကြီးပင်။ သို့သော် ရောင်းသူနှင့်ဝယ်သူကြား ကိစ္စဖြစ်သောကြောင့် သူမဆက်မပြောတော့ပေ။
အိမ်တော်သို့ပြန်လာရာလမ်းတလျှောက် လူအများလည်း ပျားပန်းခပ်မျှလှုပ်ရှားလျက် စည်ကားနေသည်။
နန်းပေါင်ရီ ကန့်လန့်ကာထောင့်ကို အသာလှန်ဖွင့်ကာ လမ်းမထက်ကို လှမ်းကြည့်လိုက်သည်။ ဟန့်လင်း ဟုခေါ်သော လမ်းတစ်လျှောက်တွင် စာပေလေ့လာနည်းစာအုပ်များ၊ သမိုင်းစာအုပ်များနှင့် ရှေးကျသောပန်းချီကားများကို ရောင်းချလေ့ရှိသောကြောင့် ရှု တိုင်းပြည်မှ ကျောင်းသားများလည်း မကြာခဏလာဝယ်လေ့ရှိကြသည်။
ရှောင်းယီ က သူမပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အကြံဉာဏ်ပေးခဲ့သဖြင့် ရှောင်းယီ အတွက် လက်ဆောင်ဝယ်ပေးသင့်သလား။
နန်းပေါင်ရီ တွေးတောနေချိန် ဟယ်ယဲ့ က တံတောင်ဆစ်နှင့်တွန်းလိုက်ပြီး …
“သခင်မလေး ကြည့်ပါဦး .. ဟိုမှာ နန်းယန် မဟုတ်ဘူးလား”
နန်းပေါင်ရီ ရှာကြည့်လိုက်သည့်အခါ အားနည်းသောမိန်းကလေးတစ်ယောက်အသွင်နှင့် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး စာပေဆိုင်ရာပစ္စည်းများရောင်းချသည့်ဆိုင်အတွင်းသို့ ဝင်သွားလေသည်။ ထိုမိန်းကလေးမှာ နန်းယန် ပင်။
“နန်းယန် ရဲ့ အစ်ကိုက ဝမ့်ချွင်း ကျောင်းမှာ စာပေလေ့လာနေပြီး နောက်၂နှစ်ကြာရင် အင်ပါယာစာမေးပွဲကို ဝင်ဖြေမယ်ဆိုပြီး အိမ်တော်ထဲမှာ ကောလာဟလတွေကြားနေရတယ် .. ကြည့်ရတာ သူ့အစ်ကိုအတွက် လေ့လာရမယ့်စာအုပ်တွေလာဝယ်နေတာဖြစ်မယ်”
နန်းပေါင်ရီ နှုတ်ခမ်း တို့ ပြုံးယောင်ယောင်ဖြစ်သွားပြီး …
“ဆင်းကြည့်ကြရအောင်”
ဆိုင်ထဲသို့ဝင်လိုက်သည့်အခါ ဆိုင်ရှင်၏ နွေးထွေးသောအသံကို နန်းပေါင်ရီ ကြားလိုက်ရသည်။
“မိန်းကလေး နန်း .. ဟောဒီ သွမ့် မင်ဖျော်ကျောက်က ဇယ်ယွင် ချိုင့်ဝှမ်းမှာရှိတဲ့ လန့်ခဲ တောင်ကနေ ရလာပြီး ကျွန်တော်ကိုယ်တိုင်သေချာအရောင်တင်မွမ်းမံထားတာ ချောမွေ့အိစက်နေတာ ကိုင်ကြည့်လို့ရတယ် ပြီးတော့ ဒီမှာ ကွေ့ကောက်နေတဲ့ငါးနဲ့နဂါးပုံ ထွင်းထားတာကိုလည်းကြည့်ပါဦး … ဒီလိုလှပတဲ့မင်ဖျော်ကျောက်ကို တခြားကျောက်တွေနဲ့ ယှဉ်လို့တောင်မရပါဘူး … မိန်းကလေးဒီကိုလာနေတာ ၅ခါတောင်ရှိတယ် ဘာလို့တစ်ခါတည်းမဝယ်သွားလိုက်တာလဲ”
နန်းယန် တွန့်ဆုတ်နေလျက် …
“ဒီကျောက်ကို တကယ်ကြိုက်ပါတယ် မဟုတ်ရင် ၅ခါလောက်တောင် လာကြည့်မနေပါဘူး .. ဒါပေမယ့် ဈေးကတအားမြင့်နေတာ လျော့ပေးလို့မရဘူးလား”
ဆိုင်ရှင်လည်း ရယ်လိုက်ပြီး …
“မိန်းကလေး နောက်နေတာလားဗျာ … မိန်းကလေး နန်း ကို လူတိုင်းသိနေတာပဲလေ နန်း အိမ်တော်ကလည်း ချမ်းသာကြွယ်ဝနေတာ .. ဒါက ရွှေစ ၁၀၀၀ပဲ ရှိတာပါ မိန်းကလေးအတွက် ဒီလောက်က မပြောပပါဘူး”
နန်းယန် နှုတ်ခမ်းကိုကိုက်လိုက်ပြီး မင်ဖျော်ကျောက်ကိုကြည့်လျက် အသံတိတ်နေသည်။ သူမ၏ဖခင်သည် နန်း အိမ်တော်၏ တတိယသခင်ဖြစ်သော်လည်း သခင်မကြီးက အလွန်စည်းကမ်းကြီးလှသည်။ သူမ၏ဖခင်တွင်လည်း ငွေကြေးအလုံအလောက်မရှိသည့်အပြင် သူမကိုမုန့်ဖိုးပေးသောငွေပမာဏကလည်း အလွန်နည်းသည်။ သူမ၏အစ်ကိုမွေးနေ့ရောက်ရန် ရက်လည်းနီးကပ်လာသဖြင့် အစ်ကိုဖြစ်သူအတွက် သင့်တော်သောလက်ဆောင်တစ်ခုခုပေးချင်သည်။ ထိုမင်ဖျော်ကျောက်ကို သူမမျက်စိကျနေပြီး ငါးနှင့်နဂါးပုံတို့မှာ ကံကောင်းခြင်းကိုဖော်ဆောင်သဖြင့် ထိုကျောက်ကို သူမလက်မလွှတ်ချင်ပါ။
သူမဘာလုပ်ရမှန်းမသိဖြစ်နေချိန် ရုတ်တရက်လေထဲမှ ခေါင်ရန်းပန်းရနံ့သင်းသင်းလေးကိုရလိုက်သဖြင့် သူမလှည့်ကြည့်လိုက်သည့်အခါ နှစ်လိုစဖွယ်လှပနေသော မိန်းကလေးတစ်ယောက် သူမအနားသို့ရောက်လာသည်။ ထိုမိန်းကလေးက ဆံထုံးငယ်လေးနှစ်ခုကိုချစ်စရာကောင်းအောင် ထုံးဖွဲ့ထာပြီး ပန်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ ခါးတွင် တန်ဖိုးကြီးလှသောပုလဲကုံးကိုပတ်ဆင်ထားပြီး ဖိနပ်ကိုလည်း ရှု နိုင်ငံမှ အရည်အသွေးမြင့်ပိုးသားနဲ့ရက်လုပ်ထားသည်။
ထိုမိန်းကလေးမှာ နန်းပေါင်ရီ ဖြစ်သည်။
သူမအမုန်းဆုံးသူကို သူမအခက်အခဲကြုံနေရချိန်တွင် ထိပ်တိုက်တွေ့လိုက်သဖြင့် တစ်ကိုယ်လုံးရှိသွေးများ ဆူပွက်လာသဖြင့် နန်းယန် ၏ လှပသော မျက်နှာမှာ နီရဲလာသည်။
“ဒီမှာလာတွေ့ရတာ တိုက်ဆိုင်လိုက်တာနော် .. တစ်ခုခုဝယ်မလို့လား”