အပိုင်း (၆)
အစ်ကို ၂ရဲ့ လက်ရေးကလှလိုက်တာ
မိန်းကလေး လျို က သခင်မကြီးအတွက် ပတ္တမြားဖြင့် အလှဆင်ထားသော ခေါင်းပေါင်းနှင့် နန်းပေါင်ရီ အတွက် နွေဦးဝတ်စုံပိုးထည်လေးကို ပို့ပေးလိုက်သည်။ လက်ရာမှာ အချိန်အတော်ကြာအောင် သေချာအာရုံစိုက်ပြီး အနုစိတ်လုပ်ပေးထားပုံရသည်။
သို့သော်လည်း သခင်မကြီးက အလိုမကျဟန်ကြည့်ပြီး အစေခံကို စိတ်မဝင်စားစွာ လက်ယမ်းပြလိုက်သည်။
“သိုလှောင်ခန်းထဲကိုယူသွားလိုက် … ကျောင်းကျောင်းအာ .. ဒီဝတ်စုံကိုလုံးဝမဝတ်နဲ့နော် … ဘယ်လောက်ပဲလှပအောင် အလှဆင်ထားပါစေ အိမ်တော်က အလှဆင်ချုပ်ပေးထားတဲ့အထည်တွေက ဘယ်အရာမှပိုမကောင်းနိုင်ဘူး .. တကယ်လို့အဝတ်ထဲ အပ်တွေကျန်ခဲ့ရင် သမီးကိုစူးမိလိမ့်မယ်”
မိန်းကလေး လျို ၏ အစေခံသည် ဘေးတွင်ရပ်လျက်ရှိနေသည်။ သခင်မကြီးက သူမ၏သခင်မအတွက် ချီးကျူးစကားပြောလေမလားဟု မျှော်လင့်မိသော်လည်း ထိုသို့အကြင်နာမဲ့သည့်စကားများပြောလိမ့်မည်ဟုမထင်မှတ်ထားသောကြောင့် သူမစိတ်မပါစွာ ပြုံးလိုက်သည်။
“သခင်မကြီး .. ဒါတွေကို ကျွန်မတို့ရဲ့သခင်မကိုယ်တိုင်လုပ်ထားတာပါ … တချို့ညတွေဆို မနားရတဲ့အထိ သေချာလုပ်ထားတာပါ .. အတော်ဆုံးအလှထွင်းသမားတွေလောက်တော့ မကျွမ်းကျင်ပေမယ့် ကျွန်မတို့သခင်မရဲ့ စေတနာအရင်းခံတွေပါ”
သခင်မကြီးက လှောင်ရယ်လိုက်ပြီး …
“တခြားသူရဲ့ဇနီးမယားဖြစ်ပြီး အခြားအိမ်ထောင်က လင်မယားနှစ်ယောက်ကြား အရှက်မရှိ ဝင်နှောင့်ယှက်တာ .. သူက မောင်းမအဆင့်နဲ့တောင်မတန်ဘူး ဒါတောင် ငါ့ကိုသခင်မလို့ခေါ်ချင်သေးတယ် … ပြန်သွားပြီး မင်းတို့သခင်မကိုသွားပြောလိုက် .. နောက်ကို ဒီလိုအပေါစားပစ္စည်းတွေနဲ့ ငါ့အိမ်ကိုမပို့နဲ့ ငါ့နေရာကိုလည်း မညစ်ပတ်စေနဲ့လို့”
အစေခံကလည်း အလွန်ရှက်သွားပြီး သူမ၏လက်ကိုင်ပဝါကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သူမမျက်နှာလည်းရဲလာပြီး ခြေလှမ်းဆုတ်ကာ ဆုန်းဟယ့် ခြံမှ အမြန်ပြေးသွားတော့သည်။
နန်းပေါင်ရီ ငိုမိသည်။ အတိတ်ဘဝတွင်လည်း မိန်းကလေး လျို ကို သူမအဘွားက မနှစ်သက်ခဲ့ပေ။ သို့သော် မိန်းကလေး လျို ၏ အပြုအမူတို့နှင့် လက်ဆောင်အမျိုးမျိုးဝယ်ပေးခြင်းတို့ကြောင့် မိန်းကလေး လျို ကို ကမ္ဘာပေါ်တွင် အကောင်းဆုံးမိထွေးဟု ထင်မှတ်ခဲ့မိသည်။ မိန်းကလေး လျို ကို နန်း အိမ်တော်သို့ ဝင်ရောက်ခွင့်ပြုရန် သခင်မကြီးမှာ အလွန်စိတ်အားခဲခဲ့ရပြီး သူမ၏အပြုအမူတို့ကြောင့်ပင် နောက်ဆက်တွဲအကျိုးဆက်များကို ခံစားခဲ့ရသည်။
နန်းပေါင်ရီ မျက်ရည်များကိုပြန်ထိန်းလိုက်ပြီး အဘွားဖြစ်သူ၏လက်ဖက်ရည်ခွက်ထဲသို့ အနည်းငယ်လောင်းထည့်ပေးလိုက်သည်။
“ဘွားဘွား .. တကယ်လို့ သခင်မ လျို ရဲ့လက်ရာကိုမကြိုက်ဘူးဆိုရင် နောက်တစ်ခါကျ သမီးကိုယ်တိုင် ခေါင်းပေါင်းလုပ်ပေးမယ် … ဒါပေမယ့် အိမ်တော်ထဲက အချုပ်သမတွေလို လက်ရာသိပ်မကောင်းလောက်ဘူးဆိုတော့ ဘွားဘွားသမီးကို မရယ်နဲ့နော်”
သခင်မကြီးက စိတ်ကျေနပ်စွာဖြင့် သူမကိုဖက်လိုက်သည်။
“ကျောင်းကျောင်းအာ က ပင်ကိုပါရမီကောင်းပြီးသားပါ ဒါပေမယ့် ကိုယ်တိုင်တော့မလုပ်နဲ့နော် .. အပ်တွေက သေးပြီးတအားစူးတတ်တာ မတော်လို့ သမီးရဲ့လက်ကိုထိသွားရင် ဘယ်လိုလုပ်မလဲ .. ဒီလိုအလှပန်းထိုးတာတွေမလုပ်နဲ့နော် ကိုယ့်ကိုယ်ကိုပဲဂရုစိုက်”
ဆုန်းဟယ့် ခြံဝင်းမှ နန်းပေါင်ရီ ထွက်လာသည့်လမ်းတွင် ဒီဘဝမှာ မိန်းကလေး လျို ကို သူမအိမ်တော်သို့ ဝင်ခွင့်မပြုနိုင်ဟု သူမတွေးနေသည်။ သို့သော်လည်း သူမ၏ဖခင်က စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအကြောင်းကို ဖြေရှင်းရန် သူမတစ်ခုခုကြံစည်ရတော့မည်။
မိန်းမငယ်လေးမှာ သူ့အတွေးနှင့်သူလမ်းလျှောက်နေပြီး ရှောင်းယီ က အနောက်မှလိုက်လာကာ အန္တရာယ်ပြုတော့မည့်အတိုင်း မျက်လုံးမှေးလျက်ကြည့်နေသည်။ ထိုမိန်းကလေးသည် သူ့ကိုဂရုစိုက်ပေးချင်သည်ဟု ခဏခဏပြောနေတတ်ပြီး သူ့ကိုလည်း အစ်ကို ၂ဟု ချစ်စရာကောင်းအောင်ခေါ်တတ်သည်။ မကြာသေးသည့်အချိန်ကပင် သူ့ကို လက်ဖက်ရည်တိုက်နေပြီး အခုတော့ သူ့ကိုလျစ်လျူရှုနေပြန်သည်။
နန်းပေါင်ရီ လမ်းလျှောက်နေရင်း သူမကျောဘက်မှာ ရုတ်တရက်အေးစက်သွားပြီး သားရဲတစ်ကောင်ကစိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ သူမအနောက်လှည့်ကြည့်လိုက်သည့်အခါ ရှောင်းယီ ကို မြင်လိုက်ရသဖြင့် အမြန်ပြုံးပြကာ ချစ်စဖွယ်အမူအရာနှင့် ….
“အစ်ကို ၂”
ရှောင်းယီ က သူမကိုမကြည့်ဘဲ ဘေးမှ ခပ်တည်တည်နှင့်သာ ဖြတ်လျှောက်သွားလေသည်။ ရှောင်းယီ ကိုအမီလိုက်ရန် နန်းပေါင်ရီ ပြေးသွားပြီး …
“အစ်ကို ၂ .. မနေ့တနေ့က ညီမသတိလစ်သွားတော့ ဘိုးဘွားကမ္ဗည်းတိုင်အဆောင်မှာ အစ်ကို့ကို ဒူးထောက်အပြစ်ထားတာ မသိလိုက်ရဘူး .. အဲဒီအတွက် တောင်းပန်ပါတယ်”
ရှောင်းယီ ဂရုမစိုက်သောကြောင့် နန်းပေါင်ရီ တစ်လှမ်းချင်းလှမ်းလျက် လိုက်လာကာ သူမ တော်ကြောင်း၊ သနားစဖွယ်ဖြစ်ကြောင်းပြရန်ကြိုးစားပြီး မျက်နှာချိုသွေးနေလေသည်။
“အစ်ကို ၂ .. အိမ်တော်ကို သခင်မ လျို ရောက်လာမှာ ညီမမလိုလားဘူး .. အစ်ကိုက ဉာဏ်ထက်တယ်ဆိုတော့ ညီမကို အကြံတစ်ခုခုစဉ်းစားပေးလို့ရမလား”
ရှောင်းယီ မှာ ဘာကိုမှမကြားဟန်ဆောင်ကာ ခပ်ဝေးဝေးရောက်အောင်သာ လျှောက်သွားလိုက်သဖြင့် နန်းပေါင်ရီ ခြေလှမ်းတို့ရပ်သွားကာ အားလျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှောင်းယီ က အမြဲတမ်းလျစ်လျူရှုနေသောကြောင့် စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရန် သူမအတွက် ခက်ခဲနေသည်။
သို့သော် သူမလုံးဝလက်မလျော့ပါ။ နန်းပေါင်ရီ က သူမ၏စားချက်ဆောင်ကို ကြက်သားစွပ်ပြုတ်လုပ်ထားရန်ပြောခဲ့ပြီး ကျင်းရီ ဆောင်ကို သူမပြန်ရောက်လာသည့်အခါ ရှောင်းယီ ထံ သူမကိုယ်တိုင်ပို့ပေးလေသည်။
ရှောင်းယီ က ပြတင်းပေါက်ကို မျက်နှာမူထိုင်ကာ စာရေးနေသည်။ နန်းပေါင်ရီ စွပ်ပြုတ်အဖုံးကိုဖွင့်လိုက်ပြီး ….
“အစ်ကို ၂ … ကြက်စွပ်ပြုတ်သောက်ပါဦး အရသာပိုကောင်းအောင် ညီမ မျှစ်တွေထည့်ထားသေးတယ်”
ရှောင်းယီ မျက်နှာမှာ တည်မြဲတည်လျက်၊ မျက်လုံးတို့ကိုလည်း အောက်စိုက်ချထားပြီး စာကိုသာအာရုံစိုက်ရေးနေသည်။ ရှောင်းယီ ကြောင့် နန်းပေါင်ရီ ကိုယ့်ကိုယ်ကို တစ်ကိုယ်တော်ပြဇာတ်တင်ဆက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ရှောင်းယီ ၏ စာကြည့်စားပွဲပေါ်တွင် အသစ်စက်စက်စာအုပ်ထုပ်ကိုတွေ့လိုက်ရဖြင့် သူမအတွက် စကားအစပျိုးရန် အကြောင်းရာတစ်ခုရှာတွေ့သွားသည်။
“ဒါဘွားဘွားလက်ဆောင်ပေးထားတာမလား .. ဒီမင်ဖျော်ကျောက်ကိုလည်းကြာည့်ပါဦး ဝိုင်းစက်ပြီးကြီးလည်းကြီးတယ် အကောင်းဆုံး သွမ့် မင်ဖျော်ကျောက်ဆိုတော့ အတော်တန်ဖိုးကြီးမှာပဲနော် … အစ်ကို ၂ရဲ့ လက်ရေးလှစွမ်းရည် ဒီလိုကျောက်နဲ့မှလိုက်ဖက်တာ”
သူမအတတ်နိုင်ဆုံးကြိုးစားပြီး မျက်နှာချိုသွေးလေတော့ နောက်ဆုံးတွင် ရှောင်းယီ မျက်ခုံးပင့်ကာ စကားစပြောလေသည်။
“အရေလိုပျော့ အစွန်းတစ်ဖက်ချွန် ဒါက ရှဲ့ မင်ဖျော်ကျောက်ပဲ .. ကောင်းတဲ့မင်ဖျော်ကျောက်တိုင်းကို သွမ် ကျောက်လို့ မထင်နဲ့ .. အမြင်နဲ့ဘာကိုမှမဆုံးဖြတ်သင့်ဘူး”
နန်းပေါင်ရီ စကားမပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားသည်။ ရှောင်းယီ ကို မျက်နှာချိုသွေးရန် ကြိုးစားခဲ့သမျှ အလကားဖြစ်ကုန်သည်။ ကြက်စွပ်ပြုတ်ကို အသာမွှေနေရင်းနှင့် စာရွက်ပေါ်ကိုကြည့်လိုက်မိသောအခါ ဆက်၍မြှောက်ပင့်ပြန်သည်။
“အစ်ကို ၂ရဲ့ လက်ရေးက တအားလှတာပဲ”
ရှောင်းယီ က အေးစက်စက်ပင် …
“ဘယ်နေရာလဲ”
ဘယ်နေရာကလှတာလဲ။ ထိုအမေးကြောင့် နန်းပေါင်ရီ အသံတိတ်သွားရပြန်သည်။ မည်သည့်အပိုင်းကလှသည်ကိုသူမ မသိ၊ ရှောင်းယီ ကို မျက်နှာချိုသွေးရန်သာ သူမအကောင်းဆုံးလုပ်နေရခြင်းဖြစ်သည်။
သူမ စိတ်တင်းကာ ပြုံးလိုက်ပြီး ….
“ဘယ်..ဘယ်နေရာကလှလဲဆိုတာ ညီမသေချာမသိဘူး … အစ်ကို ၂ရဲ့ လက်ရေးကိုကြည့်ရတာ သောကကင်းပြီးပျော်ရွှင်လာသလို ခံစားရပြီး ပူပန်စိတ်တွေလည်း ပျောက်သွားတဲ့အတိုင်းပဲ”
ရှောင်းယီ စိတ်မဝင်စားစွာ စာကိုသာဆက်ရေးနေသည်။ နန်း မိသားစုဝင်အားလုံး ထိုကဲ့သို့ပင်၊ ပညာရေးတွင် ထူးချွန်အောင်မြင်ခြင်းမရှိကြသလို လေ့လာရသည့်စာအုပ်နှင့် ကိုယ်ပိုင်လက်ရေးကိုပင် မခွဲခြားနိုင်ကြပေ။ နန်း မိသားစုအဖြစ် မမွေးဖွားလာခဲ့ခြင်းမှာ သူ့အတွက် အလွန်ကံကောင်းလှသည်။
ရှောင်းယီ ၏ မျက်လုံးထဲမှ အထင်သေးသည့်အရိပ်ယောင်တို့ကြောင့် နန်းပေါင်ရီ ရှက်ရွံ့သွားသည်။
“အစ်ကို ၂ .. ဗိုက်မဆာဘူးလား စွပ်ပြုတ်နည်းနည်းသောက်လိုက်လေ”
စွပ်ပြုတ်ခွက်ကိုအသာမယူကာ ကမ်းပေးလိုက်သော်လည်း ခွက်မှာပူနေသဖြင့် သူမလက်တို့တုန်ယင်လာပြီး ရှောင်းယီ ထံ မရောက်ခင်မှာပင် စွပ်ပြုတ်ခွက်လွှတ်ကျသွားလေသည်။ တစ်ခွက်လုံးမှောက်ကျသွားဖြင့် ရှောင်းယီ ရေးထားသောစာရွက်ပေါ်တွင်လည်း ပေကျံကုန်သည်။ ကြက်စွပ်ပြုတ်မှာ နေရာအနှံ့ပျံ့ကျဲသွားပြီး စက္ကူနှင့် မင်တို့အပြင် စာအုပ်များကိုလည်း ပေကုန်သည်။
နန်းပေါင်ရီ ကို ရှောင်းယီ စူးစိုက်ကြည့်နေမိသည်။ အကယ်၍ သူမလက်တို့ အပူမလောင် မနီရဲခဲ့လျှင် သူမရည်ရွယ်ချက်ရှိရှိလုပ်သည်ဟု သူထင်မိလိမ့်မည်။
နန်းပေါင်ရီ သူမလက်တို့အပူလောင်သက်သာစေရန် လေနှင့်မှုတ်နေပြီး ရှောင်းယီ ကို မော့ကြည့်လိုက်သည့်အခါ အေးစက်စက်အကြည့်တို့နှင့်မြင်လိုက်ရသောကြောင့် ကြောက်လန့်ကာ နောက်ကိုခြေနှစ်လှမ်းဆုတ်မိသွားသည်။
“ညီမတမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး”
ရှောင်းယီ စိတ်ကျေနပ်ရန် သူမကြိုးစားပြောကြည့်လေသည်။ ရှောင်းယီ က ပြတင်းပေါက်နားရှိ သူ၏အိပ်ရာထက်ထိုင်လိုက်ပြီး …
“ရှင်းလိုက်”
“အို..”
နန်းပေါင်ရီ အပြစ်ရှိသကဲ့သို့ခံစားရပြီး စားပွဲကိုရှင်းလင်းနေသည်။
ရှောင်းယီ မေးထောက်လျက် ခရီးသွားခြင်းစာအုပ်ကို ဖွင့်ထားသော်လည်း သူ၏အကြည့်တို့မှာ သူ့အရှေ့မှမိန်းကလေးထံသာ ရောက်နေသည်။
သူမသည် ပန်းနုရောင်ဝတ်စုံကိုဝတ်ဆင်၍ ခါးတွင်ပုလဲတို့ဖြင့်သီကုံးထားသောအဆင်တန်ဆာရှိနေပြီး သူမ၏ခါးမှာလည်း ကျစ်လျစ်သေးသွယ်နေသည်။ ထို့အပြင် သူမတစ်ခုခုပြုလုပ်နေလျှင် လက်ချောင်းလေးတို့ကို ကော့ညွှတ်တတ်ပြီး သူမနှင့်သက်တူရွယ်တူမိန်းကလေးများထက် သူမကပို၍လှပသိမ်မွေ့သည်။
ထိုသို့သိမ်မွေ့ယဉ်ကျေးသည့်မိန်းကလေးသည် သခင်မ လျို ၏အနိုင်ယူဖိနှိပ်ခံရမည်မှာ အလွန်သနားစရာပင်။ သူမနောက်ဆုံးအကြိမ် သူ့ကိုအရှက်တကွဲဖြစ်စေသည့်အပေါ် ကိုယ်တိုင်လက်စားချေရန် သင့်တော်သည်ဟုတွေးလိုက်ပြီး သာမန်ကာလျှံကာ ပြောလေသည်။
“အိမ်တော်ကို သခင်မ လျို မဝင်လာအောင် ဘယ်လိုလုပ်ရမလဲလို့ မင်းမေးခဲ့တယ်နော်”
နန်းပေါင်ရီ အံ့ဩတကြီး လှည့်ကြည့်လိုက်ပြီး …
“အစ်ကို ၂ .. တကယ်ကူညီမှာလား”
ရှောင်းယီ လက်ချောင်းကိုလှည့်ပတ်ရစ်နေပြီး …
“အဲဒီညက မီးဖိုထဲက သစ်ချသီးအကြောင်း မင်းကိုပြောပြခဲ့တယ်”
နန်းပေါင်ရီ ပြန်စဉ်းစားသည့်အခါ ထိုအကြောင်းမှာ မျောက်က ကြောင်ကို မီးဖိုထဲမှသစ်ချသီးကိုယူရန် လှည့်စားခဲ့သည့်ပုံပြင်တစ်ခုဖြစ်သည်။ ကြောင်၏လက်တို့မှာ အနာတရဖြစ်ပြီး ဝေစုမရခဲ့သော်လည်း အားစိုက်မှုမရှိသည့်မျောက်က သစ်ချသီးကို အချောင်စားခဲ့ရသည်။
သူမခေါင်းညိတ်လိုက်သည်။
“လူအများစုက မိုက်မဲတဲ့ကြောင်နဲ့တူတယ်လို့ အစ်ကို ၂ပြောခဲ့ဖူးတယ်”
ရှောင်းယီ ပြုံးလိုက်ပြီး …
“ဒါဆို မင်းက ကြောင်ကိုလှည့်စားတဲ့မျောက် ဘာကြောင့် မဖြစ်လာတာလဲ”
နန်းပေါင်ရီ အသံတိတ်ကာ တွေးဆမိနေသည်။
မျောက်လိုဖြစ်ရမယ်။
ဒါက အမတ်လောင်းရဲ့အကြံလား။
သူမကို ဆူပူနေသကဲ့သို့ ခံစားရသည်။ ရုတ်တရက် အတိတ်မှအကြောင်းရာတစ်ခုကို သူမသတိရမိလိုက်သည်။
ထိုအချိန်က မိန်းကလေး လျို သည် ဖခင်နှင့် နှစ်တစ်ဝက်ကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ပြဇာတ်ရုံပိုင်ရှင်ကပြန်တွေ့ပြီးနောက် မိန်းကလေး လျို ၏စာချုပ်ကို သူပိုင်ဆိုင်ထားသေးကြောင်း ပြောပြီး နန်းပေါင်ရီ ၏ ဖခင်ထံမှ ငွေကြေးအမြောက်အမြားတောင်းပြီး မိန်းကလေး လျို ကိုလည်း သူ၏ပြဇာတ်ရုံသို့ခေါ်ဆောင်သွားခဲ့သည်။
အိမ်တော်၏ သခင်မဖြစ်သူက ထိုသို့မဟုတ်မမှန်သည့်နောက်ခံအကြောင်းရာရှိနေသဖြင့် သူမ၏ဖခင်သည် အလွန်ပင်ဒေါသတကြီးဖြစ်ခဲ့သည်။ အဖြစ်မှန်ကိုမပြောပြခဲ့သောမိန်းကလေး လျို အပေါ် ဒေါသဖြစ်ပြီး ပြဇာတ်ပိုင်ရှင်က ငွေလိမ်လည်တောင်းယူနေသည်ကို သူသိသော်လည်း ပိုင်ရှင်ကိုငွေပေးချေပြီး ပြဿနာကိုပြေငြိမ်းစေသည်ကလွဲ၍ အခြားသောနည်းမရှိတော့ပေ။
အကယ်၍ …
အကယ်၍ လက်ရှိဘဝတွင် မိန်းကလေး လျို ၏ စာချုပ်ကို သူမဝယ်လိုက်ပြီး လူဆိုးဂိုဏ်းတစ်ခုခုကိုသာ လက်ဆောင်အနေနှင့် ပို့လိုက်လျှင် ….
ထိုသို့လုပ်ဆောင်ရမည်ကိုသူမတွေးတောရင်း စိတ်လှုပ်ရှားနေမိသည်။