အပိုင်း (၅)
ထပ်ငိုရင် ငါကိုက်မိလိမ့်မယ်
ဆုန်းဟယ့် ခြံဝင်းတွင် နန်းပေါင်ရီ သည် သခင်မကြီး၏ ရင်ခွင်ကိုမှီကာ သူမလက်ကိုမြှောက်ပြပြီး နားနားကပ်ပြောသည်။
“သမီးလက်နာတာလည်းပျောက်သွားပြီ အဖျားလည်းမရှိတော့ဘူး ဒါကြောင့် ဘွားဘွားလည်း စိတ်မပူနဲ့တော့နော်”
နှစ်ရက်အတွင်းမှာပင် နန်းပေါင်ရီ လက်မှာ ဒဏ်ရာတို့အရှင်းပျောက်သွားပြီး အသားနု အရေနုလေးတို့ဖြင့် နူးညံ့သောလက်အသွင်ကို ပြန်လည်ကောင်းမွန်နေသောကြောင့် သခင်မကြီးလည်း စိတ်ချမ်းသာသွားသည်။
“ဆရာ ကျန်း ရဲ့ ဆေးက တော်တော်အစွမ်းထက်တာပဲ ဒါကြောင့်လည်း ရှု တိုင်းပြည်ရဲ့အတော်ဆုံးဖြစ်နေတာ”
ထိုဆေးမှာ အလွန်ပင်အဖိုးအခကြီးလိမ့်မည်ဟု နန်းပေါင်ရီ တွေးလိုက်မိသည်။ သေးငယ်သည့်ကြွေဘူးတစ်ခုမှာ ရွှေစတစ်ထောင်မက တန်ဖိုးရှိသဖြင့် သာမန်လူတန်းစားမိသားစုတို့အဖို့ ဝယ်ယူရန်မတတ်နိုင်ကြပေ။ နန်းပေါင်ရီ ၏အဘွားသည် သူမကိုအလွန်ချစ်သောကြောင့် ညီအစ်မများကြား သူမတစ်ယောက်တည်းတွင်သာ ထိုဆေးဘူးရှိသည်။
အတိတ်တွင် နန်းယန် က သူမဆေးဘူးကိုမျက်စိကျနေသဖြင့် သူမသဘောထားကြီးစွာပေးခဲ့သော်လည်း အဆုံးသတ်တွင် သူမမျက်နှာသာ ဖျက်ဆီးခံခဲ့ရသည်။
“ကျောင်းကျောင်းအာ .. ဘွားဘွားကို အမှန်တိုင်းပြော … အစ်ကို ၂က သမီးကိုလက်စားချေချင်လို့ သမီးလက်ကိုဒဏ်ရာရအောင်လုပ်ခဲ့တာလား”
အဘွားက ရုတ်တရက်မေးလေတော့ နန်းပေါင်ရီ အလျင်အမြန်ခေါင်းခါလိုက်ပြီး …
“သမီးအဆော့လွန်ပြီး လောဘတက်သွားတာ .. အစ်ကို ၂ရဲ့အခန်းထဲက သစ်ချသီးအနံ့ရလိုက်တော့ စားချင်လာတာနဲ့ သွားယူတာ ဒါပေမယ့် မီးဖိုပေါ်ကနေ မတော်တဆမှောက်ကျသွားတော့ သမီးလည်း ဒဏ်ရာရသွားတာ … ဘွားဘွား အစ်ကို ၂ကို အပြစ်မတင်ပါနဲ့နော်”
သခင်မကြီးက သူမကိုကြည့်လိုက်သည့်အခါ မျက်ဝန်းတို့မှာ တောက်ပနေပြီး ရိုးသားသည့်ဟန်ကြောင့် သူမလိမ်နေခြင်းနှင့်မတူပေ။ ခဏကြာအောင်စဉ်းစားလိုက်ပြီး ရှောင်းယီ ကိုခေါ်လာရန် အစေခံတို့ကိုပြောလိုက်သည်။
ရှောင်းယီ လည်း ခန်းမထဲဝင်လာပြီး လူကြီးသူမတို့ထိုင်ရာဘက်ကို မော့ကြည့်လိုက်ရာ နန်းပေါင်ရီ မှာ အနီရောင်ဝတ်ရုံကိုခြုံထားပြီး သခင်မကြီးက သူမလက်ထဲတွင် ထွေးပွေ့ထားသည်။ သူမ၏နူးညံ့ကာ ထူထဲနေသော နက်မှောင်သည့်ဆံနွယ်တို့ကို ချည်နှောင်ခြင်းမရှိ အသာအယာချထားပြီး သူမမျက်နှာမှာလည်း နူးညံ့သိမ်မွေ့လှသည်။ ရှည်လျားသောမျက်တောင်တို့မှာလည်း ကော့ညွှတ်နေပြီး နီရဲနေသည့်နှုတ်ခမ်းသေးသေးလေးက သူမကိုင်ထားသောနွားနို့ခွက်ကို စိတ်လိုလက်ရသောက်နေလေသည်။
အထူးကောင်းမွန်စွာပြုလုပ်ထားသော အစိမ်းရောင်ဖန်ခွက်လေးထဲတွင် နွားနို့ထည့်ထားပြီး ထိုဖန်ခွက်ကို သူမလက်ချောင်းလေးများဖြင့်ထိန်းကိုင်လျက် သူမလက်မှာလည်း နူးညံ့ပျော့ပျောင်းကာ နေအိမ်ဖွဲ့ချိန် ပေါ်ထွန်းနေသည့်စက်ဝန်းကဲ့သို့ တောက်ပနေသည့်အပြင် သူမ၏ပန်းနုရောင်လက်ထိပ်ဖျားလေးတို့မှာ ဖန်ခွက်ထက် ပို၍အနုစိတ်စွာပြုလုပ်ထားဟန်တူသည်။
ရှောင်းယီ အကြည့်တို့ကိုရုပ်သိမ်းလိုက်ပြီး ခန်းမအလယ်တွင် ဒူးထောက်လိုက်သည်။
သခင်မကြီးက ထိုမွေးစားမြေးကို သဘောမကျပေ။ နန်းပေါင်ရီ ကို သူမချစ်စိတ်အပြည့်နှင့်ကြည့်လျက် …
“ကျောင်းကျောင်း .. ဘွားဘွားကိုအမှန်တိုင်းပြော … သူက သမီးကိုလိမ်ပြောဖို့ခြိမ်းခြောက်ခဲ့တာလား .. ဘွားဘွားဒီမှာရှိနေတယ် တကယ်လို့ သမီးကိုသူခြိမ်းခြောက်ခဲ့ရင် သူ့ကို ဘွားဘွားရိုက်ပေးမယ်”
နန်းပေါင်ရီ သူမစိတ်ထဲ ရှောင်းယီ ရောက်လာသည်ကိုသာမြင်လိုက်သည်။ ဘိုးဘွားကမ္ဗည်းတိုင်ခန်းမတွင် နှစ်ရက်ကြာအောင်ဒူးထောက်ပြီး ကျမ်းများကူးရေးခဲ့ရပြီးနောက် လူငယ်၏အသွင်အပြင်မှာ ပို၍အေးစက်လာသည်။
သူမ၏ကြောက်လန့်မှုကို ဖုံးကွယ်လိုက်ပြီး ဖန်ခွက်စိမ်းကို ဟယ်ယဲ့ ထံ ကမ်းပေးလိုက်သည်။ သခင်မကြီး၏ဝတ်ရုံကို နန်းပေါင်ရီ ဆုပ်ကိုင်လိုက်ပြီး …
“ဘွားဘွား .. အစ်ကို ၂က သမီးကို ဘာမှမလုပ်ပါဘူး လက်က ဒဏ်ရာတွေက သမီးနမော်နမဲ့နိုင်လို့ဖြစ်သွားတာပါ .. အစ်ကို ၂က သမီးကိုဂရုစိုက်ပါတယ် သမီးကို ကျင်းရီ ဆောင်ရောက်အောင် အစ်ကို ၂ပဲ ခေါ်လာခဲ့တာ .. ဘွားဘွား သူ့ကိုအပြစ်မတင်ပါနဲ့နော်”
သခင်မကြီးက နန်းပေါင်ရီ ကြည့်လျက် ….
“ဒါဆို ဘွားဘွားက မှားပြီးအပြစ်ပေးမိတာပေါ့”
နန်းပေါင်ရီ မျက်လုံးတို့ တလက်လက်တောက်ပသွားပြီး ခေါင်းကိုအဆက်မပြတ်ညိတ်လေသည်။
သခင်မကြီး ခဏကြာအောင်တွေးဆနေပြီးမှ ရှောင်းယီ ကို ထိုင်ခိုင်းလိုက်ပြီး ….
“ဒီတစ်ခါတော့ ငါမင်းကို အထင်မှားပြီးအပြစ်ပေးမိတယ် ငါ့ကိုအငြိုးထားလား”
ရှောင်းယီ မျက်မှောင်ကြုတ်ကာ …
“မထားဝံ့ပါဘူး”
မထားဝံ့ဟုသာဆိုလိုသော်လည်း အငြိုးမထားဟု ဆိုလိုခြင်းမဟုတ်။
သခင်မကြီး စိတ်ထဲမှလှောင်ပြောင်လိုက်ပြီး ရှောင်းယီ ကို အထက်မှအောက်သို့ထပ်ခါထပ်ခါကြည့်လိုက်သည်။
“မင်း ဒီနှစ်မှာ ၁၈နှစ်ပြည့်ပြီမဟုတ်လား”
“ဟုတ်ပါတယ်”
သခင်မကြီး သနားစိတ်တို့ဖြင့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထိုလူငယ်သည် သူမသားကြီး၏ သွေးသားအရင်းမဟုတ်သည့်အပြင် သူမနှင့်နီးနီးကပ်ကပ်မရှိသော်လည်း သူမ၏အကြီးဆုံးသားမှ မွေးစားထားခြင်းဖြစ်သည်။ အလွန်ကြည့်ကောင်းသောရုပ်ရည်ရူပကာရှိပြီး သူမ၏မြေးများထက်သာလွန်၍ပင် ခန့်ညားနေသည်။
“သခင်ကြီးမရှိတော့တဲ့နောက်ပိုင်း နန်း မိသားစုက မင်းကို လျစ်လျူရှုထားခဲ့ကြတော့ မင်းစိတ်ထဲ အငြိုးအတေးရှိမယ်ဆိုတာ နားလည်ပါတယ် … ဒီတစ်ကြိမ်မှာ မင်း ကျောင်းကျောင်း ကို ကူညီခဲ့ပေမယ့် နားလည်မှုလွဲခဲ့တော့ သခင်မကြီးတစ်ယောက်အနေနဲ့ ရှက်မိတယ် … အဒေါ် ကျိ .. သိုလှောင်ခန်းထဲက ဖဲသားအထည်ကောင်းတာလေးယူလာပြီး ဒုသခင်လေးအတွက် အဝတ်တွေချုပ်ပေးလိုက်ဦး ပြီးတော့ စာလေ့လာဖို့အတွက် စာအုပ်တွေပါ ဝယ်ပေးလိုက် … နောက်ထပ် ….”
သခင်မကြီး စကားရပ်ပြီး စဉ်းစားလိုက်သည်။
“မင်းမှာ အလုပ်အကျွေးပြုတဲ့အစေခံ ဘယ်နှယောက်ရှိလဲ”
နန်းပေါင်ရီ ကောင်းကောင်းမွန်မွန်လုပ်ပေးရန် သူမအတွက် အချိန်ကောင်းရောက်လာပြီ။
“ဘွားဘွား .. အစ်ကို ၂ရဲ့ခြံဝင်းမှာ အစေခံမရှိဘူး”
သခင်မကြီးက ခေါင်းညိတ်လိုက်ပြီး …
“ဒါဆိုလည်း အဒေါ် ကျိ ကြည့်ပျော်ရှုပျော်ရှိတဲ့ အစေခံနှစ်ယောက် ရွေးပြီးပို့ပေးလိုက် .. သူလည်းအသက်ကြီးလာပြီဆိုတော့ သူလုပ်သင့်…”
နန်းပေါင်ရီ ရှိနေသောကြောင့် သူမစကားဆက်မပြောတော့ပေ။ နန်းပေါင်ရီ လည်း ပြုံးကာ ချက်ချင်းသဘောပေါက်လိုက်သည်။ သူမကောင်းမွန်စွာပင် ကိုင်တွယ်ဖြေရှင်းလိုက်သည်။ အစ်ကို ၂ကို အပြစ်ပေးခြင်းမခံရစေရန် ကာကွယ်ပေးရုံသာမက မောင်းမများကိုလည်း စီစဉ်ပေးလိုက်သည်။
သူမကို အသိအမှတ်ပြုရန် ရှောင်းယီ ကို ဂုဏ်ယူစွာကြည့်လိုက်သော်လည်း ရှောင်းယီ ထံမှ အေးစက်စက်အကြည့်တို့ကိုသာ ရရှိခဲ့သည်။ သူမစီစဉ်ပုံများမှားယွင်းသွားလေသလားဟုတွေးရင်း ထိတ်လန့်သွားလေသည်။ သူမစိတ်ထဲတစ်ခုခုတွေးမိသွားပြီး အလျင်အမြန်ထပ်ပြောလေသည်။
“ဘွားဘွား .. အစ်ကို ၂ရဲ့အဆောင်က တအားဟောင်းနေပြီ .. ပြင်ပေးဖို့ကို လူနည်းနည်းခေါ်လိုက်ပါလား”
သခင်မကြီးလည်း စိတ်ရှုပ်ထွေးသွားပြီး …
“ကျောင်းကျောင်း .. သမီးဒီနေ့ဘာဖြစ်နေတာလဲ”
ပုံမှန်အားဖြင့် သူမ၏ ကျောင်းကျောင်းအာ နှင့် ရှောင်းယီ တို့မှာ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။
“သမီး…”
သူမကိုသံသယဝင်မှာ စိုးရိမ်သော်လည်း ရှောင်းယီ ၏ အလားအလာကောင်းသည့် တောက်ပသောအနာဂတ်အကြောင်းကိုလည်း ပြောပြချင်သောကြောင့် နန်းပေါင်ရီ သူမအဘွား၏ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
“သမီးကို ဂရုစိုက်ပေးမယ့်မိဘလည်းမရှိသလို အစ်ကို ၂ကို ဂရုစိုက်ပေးမယ့်မိဘလည်းမရှိဘူး .. မိသားစုကလည်း သူ့ကိုလျစ်လျူရှုထားကြတော့ တကယ်လို့ အင်ပါယာစာမေးပွဲမှာ အဆင့် ၁ရခဲ့ရင်တောင် ဘယ်သူမှသိလိုက်မှမဟုတ်ဘူးလေ .. အစ်ကို ၂က သနားစရာကောင်းလိုက်တာ”
အဒေါ် ကျိ လည်း ပြုံးလိုက်ပြီး …
“ကျွန်မမြင်ရသလောက်ဆိုရင် သခင်မလေး ၅နဲ့ ဒုသခင်လေးတို့ ရေစက်ပါလာတဲ့ပုံပဲ”
သခင်မကြီး၏ မျက်လုံးတို့ အရောင်လက်သွားသည်။ နန်း မိသားစုသည် မျိုးရိုးစဉ်ဆက် စီးပွားရေကိုသာ လုပ်ကိုင်ခဲ့သည်။ သူမ၏မြေးများတွင် ဒုသခင်ကြီး၏တစ်ဦးတည်းသောသား နန်းချန်ရှူး နှင့် ရှောင်းယီ နှစ်ယောက်တည်းသာ အင်ပါယာစာမေးပွဲအတွက် လေ့လာဖြေဆိုရန် ပါရမီရှိကြသည်။
နန်း မိသားစုတွင် စာပေလေ့လာရန် မည်သူမှစိတ်မဝင်စားကြပေ။ နန်းချန်ရှူး သည် စာပေကိုအလွန်ကြိုးစားသော်လည်း စာသင်ကျောင်းတွင် သူ့အဆင့်မှာ အောက်ခြေအဆင့်တွင်သာ အမြဲရှိနေသည်။ အင်ပါယာစာမေးပွဲတွင် ထူးချွန်အောင်မြင်လိုသူတစ်ယောက်သည် သာမန်မေးခွန်းများကိုဖြေဆိုနိုင်ရုံနှင့် မလုံလောက်သေး။ ထိုစာမေးပွဲကို အောင်နိုင်ရုံမျှဖြင့် အလွန်ဂုဏ်ယူစရာကောင်းနေပြီဖြစ်သည်။
ရှောင်းယီ ၏ အဆင့်သည် ထင်သလောက်မဆိုးဟု ကောလာဟလထွက်နေပြီး စာသင်ကျောင်းတွင်လည်း ထိပ်တန်းအဆင့်နှင့်မကွာသဖြင့် ထူးချွန်သည်ဟု မှတ်ယူနိုင်သည်။
အကယ်၍ ရှောင်းယီ သာ ရာထူးငယ်သည့်အရာရှိတစ်ယောက်ဖြစ်လာလျှင်လည်း အရာရှိတစ်ယောက်ဖြစ်နေသည်မဟုတ်လား။ နန်းပေါင်ရီ အခက်တွေ့လျှင်လည်း သူမ၏အစ်ကိုအနေနှင့် ကူညီပေးလိမ့်မည်။
ထိုအကြောင်းကို သခင်မကြီးစဉ်းစားမိလိုက်သဖြင့် ရှောင်းယီ အပေါ် သူမသဘောထားပြောင်းလဲသွားပြီး …
“သမီးတို့မောင်နှမနှစ်ယောက် ဒီလိုအဆင်ပြေနေတာ ဘွားဘွားလည်း စိတ်ချမ်းသာရတယ် .. ကျောင်းကျောင်း သမီးရဲ့အစ်ကို ၂ကို လက်ဖက်ရည်ငှဲ့ပေးလိုက်ပါဦး”
နန်းပေါင်ရီ လည်း ပူနွေးနေသောလက်ဖက်ရည်ခွက်ကိုယူလျက် ရှောင်းယီ အနားပြေးသွားပြီး …
“အစ်ကို ၂ .. လက်ဖက်ရည်သောက်ပါဦး”
သူမအလျင်စလိုပြေးလာသောကြောင့် ဂါဝန်စကို နင်းမိသွားပြီး လက်ထဲမှ လက်ဖက်ရည်ခွက်လည်းပြုတ်ကျသွားကာ သူမကမူ ရှောင်းယီ ၏ ရင်ခွင်ထဲကို ရောက်သွားလေသည်။
နန်းပေါင်ရီ ၏ မျက်နှာမှာ ရဲသွားပြီး ခေါင်းကို ရှောင်းယီ ၏ ဝတ်ရုံများကြား ဖုံးကွယ်လိုက်ပြီး လက်ဖက်ရည်ပင် ကောင်းကောင်းမွန်မွန် မကမ်းပေးနိုင်လဲ နမော်နမဲ့နိုင်လှသည့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေတော့သည်။
လူငယ်၏ရင်ခွင်မှ ချိုမြသောသင်းရနံ့တစ်ခုရလိုက်သဖြင့် သူမရှူရှိုက်မိလိုက်ပြီးနောက် အရင်တစ်ခေါက် ပို၍ငိုချမိလိုက်သဖြင့် ရှောင်ယီ မျက်နှာကို သူမ မမော့ကြည့်ရဲတော့ပေ။
ရှောင်းယီ ၏ မျက်နှာမှာ ခံစားချက်တစ်စုံတစ်ရာမရှိ ရုပ်တည်လျက်ပင်။ သူ၏လက်မောင်းများကြား ငိုနေသောမိန်းကလေးမှာ အလွန်နူးညံ့နေပြီး သင်းပျံ့သောရနံ့တစ်မျိုးလည်းရနေသည်။ ဝတ်ရုံတို့မှာ သူမ၏မျက်ရည်များနှင့် စိုရွဲသွားကြောင့် ရှောင်းယီ မကျေမနပ်ဖြစ်ရသည်။
နန်းပေါင်ရီ လည်ပင်းနောက်ကအင်္ကျီစကို အသာဆွဲလိုက်သည့်အခါ အိစက်ဖွေးဥနေသည့်မျက်နှာမှာ မျက်ရည်များ စိုစွတ်နေပြီး ရဲတက်နေသောပါးမို့လေးတို့ကြောင့် ရှောင်းယီ ကိုက်ချင်စိတ်တို့ ဖြစ်ပေါ်လာသည်။
သူမ၏နီရဲကာမျက်ရည်ဝဲနေသော မျက်ဝန်းတို့ကို နီးကပ်စွာကြည့်ပြီး နှစ်ယောက်တည်းကြားနိုင်သောအသံဖြင့် ခြိမ်းခြောက်လေသည်။
“ထပ်ငိုရင် ငါမင်းကိုကိုက်မိလိမ့်မယ်”
နန်းပေါင်ရီ တုန်လှုပ်သွားပြီး မျက်ရည်တို့လည်း ခမ်းခြောက်သွားကုန်သည်။
ရှောင်းယီ ပျော့ပျောင်းသောအသံနှင့် …
“ပြုံးထား”
ရှောင်းယီ ပြောသည့်အတိုင်း နန်းပေါင်ရီ ပြုံးလိုက်သော်လည်း သူမငိုသည့်ပုံက ပြုံးနေသည်ထက် ပို၍ကြည့်ရှုဖွယ်ကောင်းနေသည်။
“သခင်မလေး ၅ ပြုံးနေတယ် !! သခင်မကြီးကြည့်ပါဦး သခင်မလေးပြုံးနေပြီ .. ဒုသခင်လေးနဲ့ သခင်မလေးတို့ တကယ်ရေစက်ပါလာတာဖြစ်မယ် သခင်မကြီး စိတ်ချလို့ရပါပြီ”
အဒေါ် ကျိ က ပျော်ရွှင်စွာပြောသည်ကို သခင်မကြီးကလည်း ဝမ်းသာစွာဖြင့် ခေါင်းညိတ်ပြသည်။
ထိုအချိန် အစေခံတစ်ယောက် သေတ္တာဘူးကိုကိုင်လျက် ခန်းမထဲဝင်လာခဲ့သည်။
“သခင်မကြီး .. မိန်းကလေး လျို က သခင်မကြီးနဲ့ သခင်မလေး ၅အတွက် အထူးလုပ်ပေးထားတယ်လို့ပြောပြီး ပစ္စည်းတစ်ခုပို့ပေးလိုက်ပါတယ်”