အပိုင်း (၃)
အစ်ကိုနာသွားလား
နန်းပေါင်ရီ ကြောင်အမ်းကာ ရပ်နေမိသည်။
ရှောင်းယီ ကျေနပ်စေရန် သူမခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့် အခုတော့ သူတို့၏ဆက်ဆံရေးကောင်းမွန်လာအောင်လုပ်ရန် ကျရှုံးခဲ့သည့်အပြင် သူမကို ရှောင်းယီ ပို၍မုန်းတီးသွားလေတော့မလား။
သူမ စောင်ကိုဖယ်ကာ အဝတ်အစားတို့ကိုအမြန်ဝတ်ဆင်လိုက်ပြီး ….
“ငါသူ့ကို သွားတွေ့ရမယ်”
“အပြင်မှာမိုးရွာနေတယ်လေ သခင်မလေး”
“ကိစ္စမရှိဘူး”
သူမထွက်သွားရန်ပြင်ချိန်တွင် မှန်တင်စားပွဲထက် အနာလိမ်းဆေးဘူးကိုတွေ့လိုက်ရသည်။ သူမသည် အလွန်ဆိုးသွမ်းပြီး အမြဲလိုလိုဆော့ကစားနေသောကြောင့် မကြာခဏဒဏ်ရာရလေ့ရှိသည်။ အဘွားက ထိုဆေးဘူးကို ရှု နိုင်ငံရှိ အတော်ဆုံးသမားတော်ထံမှ ဈေးကြီးပေးကာ ဝယ်လာခဲ့သည်။ ဒဏ်ရာအနာတို့ကို ထိုဆေးလိမ်းလိုက်ရုံနှင့် အမာရွတ်ပင်မကျန်တော့ပေ။
နန်းပေါင်ရီ မျက်လုံးတို့လက်သွားပြီး ဆေးဘူးကိုအမြန်ယူကာ အခန်းထဲပြေးသွားလေသည်။
တဖြည်းဖြည်းညနက်လာသည်နှင့်အမျှ မိုးလည်းပိုမိုပြင်းထန်လာပြီး စင်္ကြလမ်းတစ်လျှောက် မိုးရေတို့စိုရွှဲနေသဖြင့် သူမ၏ဂါဝန်အောက်နားတို့မှာလည်း ရေရွှဲနစ်နေသည်။
မီးအိမ်ထွန်းညှိနေကြသောအစေခံတို့က သူမကိုတွေ့သည့်အခါ ရှောင်ဖယ်ပေးပြီး ဦးညွှတ်ကြလေသည်။ သူမက ဂရုမထားဘဲ နှင်းသီးခြံသို့သာ ဦးတည်ပြေးနေသည်။ သူမအသက်ပင်သေချာမရှူနိုင်တော့ဘဲ နှင်းသီးခြံကိုရောက်သောအခါ ခြံဝင်းကဆိုးဝါးပျက်စီးနေသည်ကို မြင်လိုက်ရသဖြင့် သူမအလွန်ရှက်မိလေသည်။
နန်း အိမ်တော်သည် ရှောင်းယီ အပေါ် သဘောထားနှင့်ဆက်ဆံပုံတို့မှာ ဆိုးဆိုးဝါးဝါးပင်။ နန်း အိမ်တော်၏ ဒုတိယသခင်လေးဟူသော ဂုဏ်ရာထူးကိုရရှိသော်လည်း သူနေထိုင်သည့်နေရာမှာ အလွန်ဟောင်းနွမ်းစုတ်ပြတ်နေသည်။ အတိတ်တွင် နန်း အိမ်တော် အခက်အခဲဖြစ်နေချိန် ရှောင်းယီ မကူညီခဲ့သည်မှာ မထူးဆန်းတော့ပေ။
နန်းပေါင်ရီ ဂါဝန်ကိုပြင်လိုက်ပြီး နှင်းသီးခြံထဲသို့ ဝင်သွားသည်။ ခြံဝင်းကြီးမှာ တိတ်ဆိတ်နေပြီး ခြံထောင့်နားတွင် အလွန်မြင့်မားသော နှင်းသီးပင်ကြီးကို တွေ့ရသည်။ တံစက်မြိတ်အောက်တွင် မှိန်ပျပျလင်းနေသည့် မီးအိမ်နှစ်ခုသာရှိသည်။ နေရာတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေပုံမှာ ကန္တာရအလယ်ရောက်နေသည့်အတိုင်းပင်။
သူမလမ်းလျှောက်သွားလိုက်ပြီး ပါးပါးလေးသာရှိသည့်တံခါးချပ်ကို အသာတွန်းဖွင့်လိုက်ပြီး ရှောင်းယီ ၏ အိပ်ရာကိုရှာဖွေနေသည်။ အခုမှ ပထမဆုံးအကြိမ် ရှောင်းယီ အခန်းထဲသို့ရောက်လာခြင်းဖြစ်သည်။ အခန်းမှာ သူမထင်ထားသည်ထက် ပို၍ရှင်းလင်းသပ်ရပ်နေပြီး လေထုမှာအေးစက်ကာ ချိုမြသောအနံ့တစ်မျိုးရနေသည်။ နံရံပေါ်တွင် စာအုပ်စင်တစ်ခုရှိနေပြီး စုတ်တံ၊ မင်၊ မင်ဖျော်ကျောက်၊ စာရွက်နှင့် ဝါနေသောခရီးသွားစာအုပ်နှစ်အုပ်တို့ဖြင့် ပြည့်နေသည်။
လူငယ်မှာ ပြတင်းပေါက်နားရှိ သစ်သားကုတင်ပေါ်တွင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူ၏ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ အဝတ်ကင်းမဲ့နေပြီး ကျောပေါ်တွင်လည်း ကြာပွတ်ရာများရှိနေသည်။ ဒဏ်ရာတို့မှာ သွေးတိတ်သွားပြီးသော်လည်း သူမမှာ အလွန်ပင်အံ့အားသင့်ရသည်။
သူမအပြစ်ဟု ခံစားမိကာ နန်းပေါင်ရီ ကိုယ့်ကိုယ်ကို ရှက်ရွံ့မိလေသည်။ သူမတိတ်တဆိတ်နှင့်ခြေဖျားထောက်သွားကာ ရှောင်းယီ နားအနားကပ်ခေါ်လိုက်သည်။
“အစ်ကို ၂”
ရှောင်းယီ မျက်လုံးမှိတ်ထားရာမှ အံ့ဩတကြီးပွင့်လာပြီး သူ၏လက်ဖြင့် မိန်းကလေး၏လည်ပင်းကို ညှာတာမှုမရှိ ဖမ်းဆုပ်ထားလိုက်သည့်အခါ ကျိုးအက်သံပင်ကြားလိုက်ရသည်။
နန်းပေါင်ရီ ကြောက်လန့်တကြားနှင့် ရှောင်းယီ ကိုကြည့်လိုက်ပြီး …
“အ..အစ်ကို ၂”
ရှောင်းယီ လည်း နန်းပေါင်ရီ ဖြစ်မှန်းသိပြီးနောက် လည်ပင်းညစ်ထားသည်ကိုလွှတ်ပေးလိုက်သည့်အခါ နန်းပေါင်ရီ ထိုင်လျက်ကျသွားသည်။ သူမလည်ပင်းကိုပြန်စမ်းကြည့်တော့ မကျိုးသွားလို့တော်ပါသေးရဲ့။ အင်အားကြီးသောထိုသူသည် တွေဝေခြင်းမရှိဘဲ လူအများကိုသုတ်သင်ခဲ့သည်ဟု အတိတ်ဘဝမှ တစိုးတစကြားသိခဲ့ရသည်။ တိုက်ပွဲတွင်းတွင်သာမက ရှန့်ကျင်း မြို့တွင်လည်းထိုနည်းတူ လူအများ၏အသက်ဆုံးရှုံးရသည်ကို ရေးကြီးခွင်ကျယ်မဟုတ်သကဲ့သို့ သွေးအေးစွာကြည့်နေခဲ့သည်။
တစ်ခါက အနောက်ဘက်ဒေသ၏ဘုရင်ခံတစ်ယောက် ရှောင်းယီ ထံ အလည်လာခဲ့စဉ် သူ့ထံယမကာဆက်သခဲ့သောမိန်းကလေး၏လက်တို့မှာ နူးညံ့လှပသည်ဟု ချီးမွမ်းခဲ့သည်။ ဘုရင်ခံပြန်ခါနီးအချိန်တွင် ရှောင်းယီ က ဘုရင်ခံချီးမွမ်းခဲ့သော မိန်းကလေး၏လက်တို့ကိုဖြတ်တောက်ကာ လက်ဆောင်အဖြစ်ပေးခဲ့သည်။
အခြားသောအမတ်တို့နှင့်ဝန်ကြီးတို့က ရှောင်းယီ အာဏာရခြင်းနှင့်လုပ်ပိုင်ခွင့်တို့ကို မလိုလားကြသဖြင့် ရှောင်းယီ ကို သတ်ဖြတ်ရန် လုပ်ကြံသူ၁၂ယောက် စေလွှတ်လိုက်သည်။ နောက်တစ်နေ့မနက်ရောက်သည့်အခါ သူ၏အိမ်တော်ထဲတွင် အရေပြားခွာခံထားရပြီး ခေါင်းပြတ်နေသည့် အလောင်း၁၂လောင်းကို တွေ့ခဲ့ကြသည်။
ထို့ကြောင့်ပင် သူ့ကိုနှစ်သက်သဘောကျသော မိန်းကလေးတစ်ယောက်အပေါ် ညှာတာခြင်းမရှိ ပြုမူနေသည်မှာ ထိုအချက်ကြောင့်ပင်။
နန်းတော်ထဲတွင်လည်း အလွန်လှပသောမင်းသမီးတစ်ပါးရှိခဲ့ဖူးသည်။ ထိုမင်းသမီးသည် ရှောင်ယယီ ကို လက်ထပ်ယူရန်အတွက် ယမကာထဲ ဆေးအနည်းငယ်ထည့်ကာ ရှောင်းယီ ကို လှည့်စားခဲ့သည်။ သို့သော် နောက်တစ်နေ့တွင် သူတို့နှစ်ဦးအတူပျော်မွေ့ခဲ့သည်ဟူသောသတင်းမထွက်သည့်အပြင် မင်းသမီးလည်း ပျောက်ဆုံးနေခဲ့သည်။ တစ်ရက်တွင် ရှောင်းယီ အိမ်တော်မှ နန်းတော်သို့ ထိတ်လန့်ဖွယ်ယမကာအိုးတစ်လုံးပို့ပေးခဲ့ပြီး ထိုအိုးမှာ မင်းသမီး၏အရိုးတို့နှင့်ပြုလုပ်ထားခြင်းဖြစ်လေသည်။
နန်းပေါင်ရီ မော့ကြည့်လိုက်သည့်အခါ အစ်ကို၂က သူမအပေါ်မှအုပ်မိုးလျက် မာန်တင်းစွာကြည့်နေသည်။ အလင်းရောင်အောက်တွေ့နေရသည်မှာ အလွန်ဆွဲဆောင်မှုရှိသော်လည်း သူ၏မျက်လုံးတို့က ခြားနားစွာ အေးစက်နေပြီး မျက်စိသူငယ်အိမ်တွင် သွေးရောက်မှိန်မှိန်လေးရှိနေသည်မှာ ထိတ်လန့်စရာပင်။
သူမတုန်လှုပ်လျက် အဖြူရောင်ကြွေဘူးလေးကိုထုတ်ပေးလိုက်သည်။
“ဒီ…ဒီဆေးက အ..အမာရွတ်တွေကို ပျောက်အောင်လုပ်ပေးတယ် .. ပြီးတော့ ဈေးလည်းကြီးတယ်”
ရှောင်းယီ နှုတ်ခမ်းကိုတင်းတင်းဖိပိတ်ထားလိုက်သည်။ ကြာပွတ်ရာမှာဆယ်ခုတည်းသာရှိသဖြင့် သူဂရုမစိုက်ပေ။
အကြပ်အတည်းကြားထဲရောက်ကာ တုန်လှုပ်နေသောမိန်းကလေးကို သူငုံ့ကြည့်လိုက်ရာ မိန်းကလေး၏မျက်နှာမှာ ဖြူဥနေပြီး သူမ၏ပန်းရောင်ဂါဝန်မှာ ခါးတွင်တပ်ဆင်ထားသော ငွေဆည်းလည်းများနှင့်အတူ တုန်ယင်နေသည်။ သူမပုံစံမှာ တိတ်ဆိတ်ကာလူသူကင်းမဲ့သောအိမ်တ်င် ဖူးပွင့်လာသော ခေါင်ရန်းပန်းနှင့် ဆင်တူနေသည်။
ရှောင်းယီ လက်ချောင်းတို့ကို အသာလှည့်နေသည်။ ထိုမိန်းကလေးမှာ ငယ်စဥ်ကအလွန်ဆိုးသွမ်းခဲ့သည်။ သခင် ၃၏သမီးဟူသည့် ရာထူးကိုအသုံးပြုကာ သူ့ကိုနည်းအမျိုးမျိုးနှင့် အရှက်တကွဲဖြစ်အောင် လုပ်ခဲ့သည်။ သူမ၏အစာကြွင်းကျန်များကို စားခိုင်းခြင်း၊ သူမရှေ့ဒူးထောက်ခိုင်းကာ ခြေတင်ခုံအဖြစ်နေစေခြင်းတို့အပြင် သူ၏စာအုပ်တို့ကို တိတ်တဆိတ်မီးရှို့ဖျက်ဆီးခဲ့သည်။
သို့သော်လည်း ယနေ့တွင်မူ သူမပြောင်းလဲနေသည်။ သူမတစ်ခုခုဖြစ်ခဲ့တာလား၊ ဒါမဟုတ် တစ်ယောက်ယောက်အား သူသတ်ဖြတ်နေပုံကိုမြင်ခဲ့ရကြောင့် ထိတ်လန့်နေတာလား။
သူ၏နက်မှောင်သောဖီးနစ်မျက်လုံးတို့နှင့်ကြည့်ကာ …
“ဆေးဘူး”
နန်းပေါင်ရီ ပျော်ရွှင်စွာအံ့အားသင့်လျက် ဆေးဘူးကို ကမ်းပေးလိုက်သည်။
“မင်း ငါ့ကိုလိမ်းပေး”
ရှောင်းယီ စကားကြောင့် သူမကြောင်အမ်းသွားသည်။ သူမသည် အလိုလိုက်ခံထားရသည့် သခင်မလေး ကျောင်းကျောင်း ဖြစ်သော်လည်း သူမရှေ့ရပ်နေသူကမတူပေ၊ သူသည် အင်အားကြီးအမတ်လောင်းတစ်ယောက်ဖြစ်လာမည့်သူပင်။
အကယ်၍သူသာ နန်း အိမ်တော်နှင့် သူမကို ကာကွယ်ပေးမည်ဆိုလျှင် ရှောင်းယီ ရိုက်ချက်ကို သူမကြည်ဖြူစွာပင်လက်ခံလိုက်မည်။
သူမအိပ်ရာထက်တက်လာပြီး ကြွေဘူးထဲမှဆေးအနည်းငယ်ယူကာ ရှောင်းယီ ကျောပေါ်ရှိ အမာရွတ်တို့ကို ဂရုတစိုက်လိမ်းပေးလေသည်။ သူမမျက်လုံးထောင့်မှတဆင့် ရှောင်းယီ ၏ ခါးနှင့်ကျောပေါ်တွင် အခြားဒဏ်ရာများလည်းရခဲ့သည်ကို သတိပြုမိလိုက်သည်။ ထိုဒဏ်ရာတို့ ဘယ်လိုဘယ်နည်းနှင့်ဖြစ်ခဲ့ကြောင်းကိုလည်း သူမမသိခဲ့ …..
မိုးလည်းမတိတ်သေးသည့်အပြင် သည်းထန်စွာ ရွာမြဲရွာနေလျက်။
ကျောပေါ်ရှိ ပူလောင်သောဒဏ်ရာတို့အပေါ် ဆေးလိမ်းပေးနေသောသူမ၏လက်ဖျားတို့မှ အေးမြသောအထိအတွေ့ကို ခံစားမိသဖြင့် ရှောင်းယီ မျက်မှောင်ကြုတ်လိုက်သည်။ ထို့အပြင် တစ်နေရာမှပေါက်ကွဲသွားသကဲ့သို့ ပူလောင်လာပြီး ကျောရိုးမှတဆင့် ခြေလက်တို့နှင့် အရိုးများအထိ ပျံ့နှံ့သွားသည်။ ရှောင်းယီ ရုတ်တရက် နန်းပေါင်ရီ လက်ကိုဖမ်းဆုပ်လိုက်သည့်အခ ခေါင်ရန်းပန်းပုံစံများဖြင့် အလှဆင်ထားသော ပန်းနုရောင်လက်ရုံလေးက သူမလက်ဖျံပေါ်သို့ အသာလျှောကျသွားပြီး သေးသွယ်သောလက်ကောက်ဝတ်လေးမှာ ပွင့်သစ်စကြာပန်းလေးသဖွယ် ပေါ်ထွက်လာသည်။
သူမ၏သေးငယ်ဖြူစွတ်နေသောလက်ပေါ်တွင် အစောပိုင်းက သူရိုက်ခဲ့သဖြင့် ဒဏ်မှာနီရဲနေသည်ကို အခုထိမြင်နေရသေးသည်။ သူမအသားအရေမှာ နူးညံ့လွန်းသောကြောင့် ရှောင်ယီ ကိုက်ဖဲ့ချင်စိတ်ဖြစ်လာသည်။
ရှောင်းယီ ၏ နက်မှောင်စူးရှလှသောအကြည့်ကို နန်းပေါင်ရီ တွေ့ပြီးနောက် ပို၍တုန်လှုပ်လာသည်။
“အစ်ကို ၂ .. အစ်ကိုနာသွားတာလား”
ရှောင်းယီ ဘာမှမပြောဘဲ ဆေးအစိမ်းကြည်ကြည်လေးနှင့်စိုစွတ်နေသော နန်းပေါင်ရီ ၏ လက်ချောင်းထိပ်ဖျားလေးတို့ကိုသာကြည့်နေသည်။ သူမစိတ်ဆိုးသည့်အခါနှင့် သူ့ကိုအမိန့်ပေးခိုင်းစေသည့်အခါ သူမ၏လက်ချောင်းလေးများကို ကော့ညွှတ်တတ်လေ့ရှိသည်။
ရုတ်တရက် ရှောင်းယီ ခေါင်းငုံ့ကာ သူမလက်ချောင်းထိပ်လေးကို ကိုက်လိုက်သည်။ ထိုမိန်းမငယ်လေးသည် ခေါင်ရန်းပန်းအတွင်းမှ နှင်းစက်ရေတို့ဖြင့် သူမလက်ကို အမြဲဆေးကြောတတ်သည်။ သူမလက်မှ ဆေးအရသာအပြင် ခေါင်ရန်းပန်းရနံ့လေး သင်းပျံ့နေသည်။ ထိုအသက်အရွယ်ရှိ မိန်းကလေးတို့မှာ နူးညံ့ကာရနံ့သင်းနေတတ်သည်။
နန်းပေါင်ရီ ကြောက်လန့်လာပြီး တုန်ယင်လာသည်။ သူမခါးပေါ်ရှိ ဆည်းလည်းလေးများလည်း အသံမြည်နေပြီး မျက်ရည်ဝဲကာဝိုင်းစက်နေသည့်မျက်ဝန်းတို့နှင့် သူမရှေ့ရှိနေသော ရှောင်းယီ ကို ကြည့်လိုက်သည်။ ထိုလူငယ်မှာ ခန့်ညားကာ ဆွဲဆောင်မှုရှိသော်လည်း ညနက်အချိန် အပြင်ဘက်မှရွာနေသောမိုးထက် ပို၍အေးစက်စက်နိုင်လွန်းသည်။ သူမလက်ကိုဝါးစားတော့မည့်အတိုင်းပင် သူ၏ချွန်ထက်သောသွားက သူမ၏အရေပြားတွင်း အနည်းငယ်ဖောက်ဝင်သွားလေသည်။
“နာတယ်”
ရှောင်းယီ နှုတ်ခမ်းထက်မှ တစိမ့်စိမ့်ကျလာသောသွေးစက်တို့ကို ကြည့်ရင်း နန်းပေါင်ရီ မျက်ရည်များကျဆင်းလာပြီး သူမလက်ကို ပြန်ဆွဲယူရန် မရဲဝံ့သဖြင့် သနားစဖွယ် ငိုကြွေးလေတော့သည်။
“အစ်ကို ၂ .. ညီမနာတယ်”