အပိုင်း (၂)
ဩဇာရှိအမတ်လောင်း
“ဝါး…..!!!”
ကမ္ဘာမြေကြီးတုန်လှုပ်မတတ် အော်ငိုသံတစ်ခုထွက်ပေါ်လာသည်။
နန်းပေါင်ကျူး နှပ်ထားပြီးသော ကြက်ပေါင်ကိုကိုင်ထားရင်း …
“နင်တို့ဘာလို့ငိုနေတာကြလဲ ငါတောင်စိတ်မကောင်းဖြစ်လာပြီ … မငိုကြနဲ့တော့လို့”
“လူဆိုးမလေး”
သခင်မကြီးဖြစ်သည့် အဘွားက ဆူလိုက်သော်လည်း စိတ်ထဲတွင် ကျေနပ်နေသည်။
နန်းပေါင်ရီ က အဘွားကိုဖက်ကာ ပါးတစ်ဖက်ကို ညင်သာစွာနမ်းလိုက်ပြီး …
“ဘွားဘွား အခုကစပြီး ဘွားဘွားကို သမီးဂရုစိုက်ပေးမှာမလို့ ဘွားဘွားလည်း နေကောင်းအောင်နေပြီး အကြာကြီးရှိနေရမယ်နော်”
သခင်မကြီးက သူမနှာတံထိပ်ကို အသာတို့ထိလိုက်ပြီး ကြင်နာစွာ ပြောလေသည်။
“ဘွားဘွားကလေ .. သမီးတို့ညီအစ်မနှစ်ယောက် ပျော်ရွှင်အေးချမ်းပြီး ဘဝတစ်လျှောက်လုံး သာယာဖြောင့်ဖြူးစေဖို့ပဲ မျှော်လင့်ပါတယ်ကွယ်”
…..
ဆုန်းဟယ့် ခြံဝင်းမှထွက်ခွာလာကြပြီးနောက် မိုးတိမ်များအုံ့ဆိုင်းလာပြီး မိုးသည်းစွာရွာတော့သည်။
အစေခံတစ်ယောက်က နန်းပေါင်ရီ အပေါ် ထီးမိုးပေးပြီး ကျင်းရီ ပွဲကြည့်စင်မှအထွက်တွင် ပုံသဏ္ဍာန်တစ်ခုကိုတွေ့လိုက်ရသဖြင့် နန်းပေါင်ရီ ခြေလှမ်းတို့ ရပ်တန့်သွားသည်။
ထိုလူက ….
သူမ၏ အစ်ကို ၂ ရှောင်းယီ ဖြစ်သည်။
ရှောင်းယီ ကို သူမ၏အကြီးဆုံးဦးလေးက နယ်ရပ်တခြားမှ ခေါ်လာပြီး ဆုံးပါးသွားသောသူငယ်ချင်း၏သားဟုဆိုကာ ကိုယ်တိုင်မွေးစားပျိုးထောင်ရန်ဆုံးဖြတ်ထားကြောင်း အသိပေးခဲ့သည်။
သို့သော် မည်သည့်အရပ်မှ မည်သူဖြစ်ကြောင်း မသိကြရသဖြင့် အိမ်တော်ရှိ မိသားစုဝင်တို့က သခင်လေးအဖြစ် အသိအမှတ်မပြုလိုကြပေ။ လွန်လေပြီးသည့်ဘိုးဘွားတို့၏ ကမ္ဗည်းတိုင်များရှိရာ အဆောင်ကိုလည်း ဂါရဝပြုခွင့်မရသည့်အပြင် နေ့ရက်တိုင်း မနက်စောစောနှင့် ညနေဘက်တွင်လည်း လူကြီးသူမတို့ကို ဦးညွှတ်နှုတ်ဆက်ခွင့်မရှိပေ။ အိမ်တော်ကြီးတွင် နေရသော်လည်း မိသားစုနှင့်မဆိုင်သည့် အပြင်လူသူစိမ်းတစ်ယောက်သာဖြစ်နေရသည်။
လွန်ခဲ့သည့်နှစ်နှစ်က နန်းပေါင်ရီ ၏ အကြီးဆုံးဦးလေးဖြစ်သူ တိုက်ပွဲတွင်းကျရှုံးခဲ့ရပြီးနောက် အိမ်တော်တွင် ရှောင်းယီ ၏ အဆင့်အတန်းသည် အစေခံနှင့်မခြား တဖြည်းဖြည်းနိမ့်ကျလာသည်။
သို့သော် နန်းပေါင်ရီ ရှင်းရှင်းလင်းလင်းပင်မှတ်မိပါသည်။ အတိတ်ဘဝတွင် သူမ၏အစ်ကို ၂သည် တစ်နိုင်ငံလုံးဆိုင်ရာ အင်ပါယာစာမေးပွဲကို ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး ထင်ရှားလာခဲ့သည်။ တစ်ဆင့်ထက်တစ်ဆင့်ကြိုးစားခဲ့ရာ နန်းတွင်းတွင် ရာထူးအမြင့်ဆုံးသော တရားရေးရာအရာရှိဖြစ်လာခဲ့သည်။
နောက်တွင် သူ၏ရာထူးကိုစွန့်လွှတ်လိုက်ပြီး တပ်ဖွဲ့သို့ဝင်ရောက်ကာ တိုက်ပွဲများကိုရင်ဆိုင်တိုက်ခိုက်ပြီး တိုက်ပွဲတိုင်းပြောင်မြောက်စွာအောင်နိုင်ခဲ့သည်။ ငယ်ရွယ်စဉ်မှာပင် အမြင့်ဆုံးရာထူးပိုင်ဆိုင်ကာ အဆင့် ၁ အမတ်ဝန်ကြီးအဖြစ် ချီးမြှောက်ခံခဲ့ရသည်။
ဧကရာဇ်၏ ပြဿနာသုံးဖြာကိုလည်း စီရင်ဖြေရှင်းခဲ့သဖြင့် မင်းဆရာဟုလည်း အများက ခေါ်ဝေါ်သမုတ်ကြသည်။ သူ၏ဩဇာနှင့် ဂုဏ်သတင်းမှာလည်း တိုင်းပြည်အနှံ့ လူတန်းစားအမျိုးမျိုးကြားတွင် ပျံ့နှံ့ကျော်ဇောခဲ့သည်။ ခြေလှမ်းရုံနှင့် နယ်မြေများကို ရွေ့ပြောင်းခွင့်ပေးနိုင်သည်အထိ အာဏာကြီးမားလှသည်။
နန်းပေါင်ရီ အတိတ်ကိုပြန်လည်တွေးတောနေချိန် ရှောင်းယီ လှည့်ကြည့်လိုက်သဖြင့် နှစ်ဦးသား အကြည့်ချင်းဆုံသွားကြလေသည်။
အမတ်လောင်းတစ်ယောက်ဖြစ်လာမည့်သူမှာ ဆယ်ကျော်သက်အရွယ်သာရှိသေးသော်လည်း အလွန်ခန့်ညားသည်။ သူ၏ကိုယ်နေဟန်ထားမှာ ကျစ်လျစ်ဖြောင့်မတ်နေပြီး အေးတိအေးစက်နိုင်သော်လည်း ဆွဲဆောင်မှုရှိသည်။ အသားအရေမှာ ဖြူစွတ်နေပြီး နှာခေါင်းအထက်ပိုင်းသည်လည်း အချိုးကျကွေးညွှတ်နေသဖြင့် နှာတံမှာထင်ရှားနေသည်။ အနည်းငယ်ရှည်မျောကာ ကျဉ်းမြောင်းပြီး ကလူတတ်သည့် ဖီးနစ်မျက်လုံးနှင့်တူသော မျက်ဝန်းတစ်စုံနှင့် ပါးလျသော အနီဖျော့ဖျော့နှုတ်ခမ်းတစ်စုံတို့က အထက်အောက်ညီစွာ စေ့လျက်ရှိသည်။
အနက်ရောင်ဝတ်ရုံတို့ကိုဝတ်ဆင်ထားပြီး ဝါးပင်ကဲ့သို့ ကိုယ်ကိုဆန့်တန်းကာ ရပ်နေသည်။ မိုးရေများ ရှောင်းယီ ၏ဝတ်ရုံနှင့် ဆံနွယ်တို့ကို ပက်ဖြန်းစိုစွတ်နေပုံမှာ တောင်တန်းပေါ်မြူများအုံ့ဆိုင်းနေပုံကိုတွေ့ရသကဲ့သို့ ထူးဆန်းစွာခံစားမိစေသည်။
နန်းပေါင်ရီ စိတ်ထဲမှ ချီးမွမ်းခန်းဖွင့်ကာ ရှောင်းယီ ကို ကြည့်နေမိသည်။ ရှောင်းယီ မှာ မာန်မရှိ နှိမ့်ချမှုမရှိ ရပ်မြဲအတိုင်းရပ်နေပုံမှာ အနာဂတ်တွင် အာဏာအပြည့်အဝရလာမည့် အင်အားကြီးအမတ်လောင်းတစ်ယောက်၏ဟန်ပန်အတိုင်းပင်။
အစေခံကာ နန်းပေါင်ရီ နားအနား ကပ်၍ တီးတိုးပြောလေသည်။
“သခင်မလေး .. သခင်လေး ၂ကို ဘာကြောင့်ဒီလိုကြည့်နေတာလဲ သူက လေစွန်ရဲတွေလာပေးတာ သခင်မလေးသွားကြည့်သင့်တယ်”
အစေခံအသံကို ကြားတော့မှ နန်းပေါင်ရီ အသိပြန်ဝင်လာသည်။ ရှေ့၂ရက်ကမှပြန်လည်ရှင်သန်လာပြီး တက်ကြွသောသခင်မလေး ၅အဖြစ်သာ ရှိနေပြန်သည်။ ကျောက်ဆောင်ထက် လေစွန်ရဲချိတ်နေသည့်အချိန် ရှောင်းယီ ဖြတ်လျှောက်သွားချိန်နှင့် တိုက်ဆိုင်သဖြင့် နန်းပေါင်ရီ က သူမအတွက် လေစွန်ရဲယူပေးရန် ပြောသည်ကို ရှောင်းယီ ငြင်းလိုက်သောကြောင့် သူမကိုယ်တိုင်တက်ယူမည်ဟုဆိုကာ ဂါဝန်ကို မလျက် ကျောက်ဆောင်သို့တက်လေရာ ခြေချော်ကျသွားပြီး ခေါင်းအနောက်ကို ဆောင့်မိသွားသဖြင့် နှစ်ရက်ကြာမေ့မြောသွားခဲ့သည်။ သူမ၏အဘွားလည်း အလွန်ဒေါသဖြစ်ကာ အပြစ်ပေးသည့်အနေနှင့် ရှောင်းယီ ကို လေစွန်ရဲဆယ်ခု ကိုယ်တိုင်လုပ်ရန် အမိန့်ပေးခဲ့သည်။
လူငယ်လက်ထဲမှစွန်ရဲတို့ကိုကြည့်ကာ ရှေ့ရက်ကအဖြစ်တို့ကို ပြန်လည်တွေးမိနေသည်။ အင်အားကြီးအမတ်လောင်းတစ်ယောက်က သူမအတွက် စွန်ရဲများလုပ်ပေးနေသည်မှာ ပြစ်မှုဖြစ်တော့မည်။
သူမပြန်လည်ရှင်သန်ခဲ့သော်လည်း စိတ်မှာ ၁၂နှစ်အရွယ်မဟုတ်တော့ပေ။ အနာဂတ်တွင် ဘုရင်ခံ ချန်း မိသားစုနှင့် ပိုမိုကြွယ်ဝအာဏာရှိသော ရှု တိုင်းပြည်မှလူတို့ကို ထိပ်တိုက်ရင်ဆိုင်ရမည်ကို သိသောကြောင့် သူမတတ်နိုင်အားနှင့် နန်း အိမ်တော်အပေါ် အမှီပြုခြင်းမှာ မလုံလောက်ပေ။ ရှောင်းယီ ကဲ့သို့ အဓိကကျသူကို ဖမ်းဆုပ်ထားရန် လိုအပ်သည်။ သူမတင်မက နန်း အိမ်တော်သည်လည်း ရှောင်းယီ ကို လက်မလွှတ်သင့်ပေ။
ထို့နောက် အစေခံထံမှထီးကိုယူလိုက်ပြီး ဂျင်းစွပ်ပြုတ်နွေးတစ်ခွက် ယူလာရန် ခိုင်းစေလိုက်သည်။ နန်းပေါင်ရီ ခြေဖျားထောက်လျက် ထီးကို ရှောင်းယီ ဘက်စောင်းကာမိုးပေးလိုက်သည်။
“အစ်ကို ၂”
သူမအနေနှင့် ပထမဆုံး အစ်ကို ဟု ခေါ်ခြင်းဖြစ်သော်လည်း လူငယ်မှာ တုတ်တုတ်ပင်မလှုပ်၊ ကျောက်ရုပ်အတိုင်းငြိမ်နေသည်။
နန်းပေါင်ရီ ခဏတာ စိတ်ကသိကအောက်ဖြစ်သွားပြီး စိတ်တင်းကာစကားပြန်ပြောလိုက်သည်။
“အစ်ကို ၂အကြာကြီးစောင့်နေရတာ နေ့လယ်စာမစားရသေးဘူးမလား ညီမလေးဆီမှာ မက်မွန်သကြားလုံးတွေရှိတယ် နည်းနည်းယူ…”
သူမစကားမပြီးသေးခင်မှာပင် လူငယ်က အေးစက်စက်နှင့် ဓါးကဲ့သို့ စူးရှစွာကြည့်လိုက်သည်။ လူငယ်ထံမှ တင်းမာသောခံစားချက်တို့ကြောင့် နန်းပေါင်ရီ ကြက်သီးထကာ တုန်လှုပ်သွားသည်။
သူမအင်္ကျီအိတ်ထဲမှ သကြားလုံးကိုထုတ်ကာ …
“ညီမမလိမ်ဘူး .. သကြားလုံးတွေတကယ်ရှိတယ်”
လူငယ်လေးက လျစ်လျူရှုလျက်ပင်။ လက်ထဲမှလေစွန်ရဲများကို မြောက်ပြပြီး အေးစက်စက်နိုင်သည့်အသံနှင့် ….
“ဒီမှာ စွန်ရဲဆယ်ခု .. အပိုအလိုတွေမရှိဘူး”
နန်းပေါင်ရီ တုံ့ပြန်သည်ကိုမစောင့်တော့ဘဲ လေစွန်ရဲတို့ကို ဆုတ်ဖြဲလိုက်သည်။ သခင်မကြီး အပြစ်ပေးခိုင်းစေထားသော လေစွန်ရဲတို့ကို သူပြုလုပ်ပြီးပြီ၊ ထိုစွန်ရဲတို့ကိုဘယ်လိုဆက်လုပ်မည်မှာ သူ့အပိုင်းဖြစ်သည်။
တစ်စစီပြန့်ကျဲနေသောရောင်စုံစက္ကူစများကို နန်းပေါင်ရီ ကြည့်နေရင်း အမတ်လောင်း၏စိတ်မှာ အလွန်တင်းမာနေပြီဟု တွေးမိလိုက်သည်။
“စွန်တွေကို ဂရုမစိုက်ဘူး”
နန်းပေါင်ရီ သကြားလုံးတစ်လုံးကိုယူပြီး ရှောင်းယီ နှုတ်ခမ်းအနား ယဉ်ကျေးစွာကမ်းပေးလိုက်သည်။
“အစ်ကိုဗိုက်ဆာနေပြီမလား .. ဒါလေးစားလိုက်လေ”
ရှောင်းယီ အလွန်အမင်းစိတ်ဆိုးနေသည်။
သူ့ရှေ့တွင်ရပ်နေသော မိန်းကလေးသည် နူးညံ့လှသော ကြာဖူးဖြူလေးကဲ့သို့ပင်၊ သူမ၏ရှင်းသန့်သောလက်နှင့် သကြားလုံးကိုကိုင်ထားပြီး သွယ်လျနေသည့်လက်ချောင်းလေးတို့မှာ လှပစွာကော့ညွှတ်နေသည်။ ပြီးခဲ့သည့်တစ်ခေါက်ကလည်း ထိုကော့ညွှတ်နေသည့်လက်ချောင်းလေးတို့ဖြင့် သူ့ကိုအမိန်ပေးခိုင်းစေခဲ့သည်။
သူ၏ဖီးနစ်မျက်ဝန်းတို့နှင့် ခံစားချက်မဲ့စွာ
ကြည့်ပြီး သူမလက်ကိုလည်း မညှာမတာရိုက်ထုတ်လိုက်သည်။ မက်မွန်သကြားလုံးမှာ ထုံးကျောက်လမ်းပေါ်ကျသွားပြီး နန်းပေါင်ရီ ၏ ဖြူစွတ်လက်ဖမိုးသည်လည်း ချက်ချင်းပင်နီရဲလာသည်။ အေးစက်သည့်လေကို နာကျင်စွာရှူသွင်းလိုက်ပြီး အမတ်လောင်းကို မျက်ရည်ဝဲကာ တစ်ခုခုပျောက်ဆုံးလိုက်ရသည့်ခံစားချက်တို့နှင့် ကြည့်နေသည်။
မိုးလည်းပိုမိုပြင်းထန်လာပြီး သူမ၏ကျောနှင့် ဂါဝန်မှာလည်း ရေစိုရွှဲကာ အလှဆင်ပုံဖော်ထားသည့်ဖိနပ်ကပင် ရေရွှဲနစ်နေသဖြင့် သူမအတွက် နေရခက်လာငေါ်လည်း အနေခက်သည်ကို အံတုကာ ယဥ်ကျေးစွာပြောလေသည်။
“အစ်ကို ၂ .. အရင်တစ်ခေါက်က ညီမကလေးဆန်သွားတယ် ညီမရဲ့မသိတတ်နားမလည်တာကို ဗွေမယူပါနဲ့နော်”
ဒီငယ်ရွယ်လွန်းသော ၁၂နှစ်အရွယ် ခန္ဓာကိုယ်မှာ အလွန်နူးညံ့ချူချာလှသည်။ မိုးရေထဲ ခဏလေးနေရုံနှင့်ပင် သူမမူးဝေလာသည်။ စကားပြောပြီးသည်နှင့် သူမလက်ထဲမှ ထီးလွတ်ကျကာ ရှောင်းယီ လက်ထဲယိုင်ကျသွားသော်လည်း ရှောင်းယီ က အေးစက်စွာပင် သူမကိုတွန်းထုတ်လိုက်သည်။ မိန်းကလေးမှာ ထုံးကျောက်လမ်းထက် လဲကျသွားပြီး သူမ၏အဝါရောင်ဝတ်ရုံဂါဝန်သည်လည်း သည်းထန်သည့်မိုးရေကြား ရှင်သန်ရန်ခက်ခဲသော ခေါင်ရန်းပန်းပွင့်ပမာ ပြန့်ကျသွားလေည်။
“သခင်မလေး !!”
ဂျင်းစွပ်ပြုတ်ခွက်ကိုကိုင်လျက် ထွက်လာသောအစေခံတစ်ယောက်က အလန့်တကြားဖြစ်ကာ အခြားအစေခံကိုအလျင်အမြန်ခေါ်ပြီး နန်းပေါင်ရီ ကို ချီယူခေါ်ဆောင်သွားစေသည်။ သူမလည်း ရှောင်းယီ ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ကာ ဒေါသတကြီးနှင့်ခါးထောက်လိုက်သည်။
“နင့်ကြောင့်ဖြစ်ရတာ နင့်အပြစ်ပဲ !! သခင်မကြီးကို ငါသွားပြောဦးမယ် နင်သတိထားနေ !!”
ရှောင်းယီ ကို ဆူငေါက်ပြီး သူမလည်း ကျင်းရီ ပွဲကြည့်စင်သို့ အလျင်အမြန်ဝင်သွားသည်။
မိုးသားတိမ်တိုက်တို့ ကောင်းကင်ယံထက် လွင့်မျောနေသည့်မြင်ကွင်းနှင့် နန်း အိမ်တော်၏ ခမ်းနားသောဥယျာဉ်တို့မှာ လွန်စွာပနံသင့်ကာ ထည်ဝါလှသည်။
လူငယ်လေးမှာ ထုံးကျောက်လမ်းပေါ်တွင် ရပ်နေမြဲရပ်လျက်ရှိပြီး သူ၏ဝတ်ရုံတို့မှာလည်း မိုးရေများစိုရွဲနေသည်။ သူသည် ရုပ်ရည်ရူပကာကြည့်ကောင်းသော်ငြား ခံစားချက်ကင်းမဲ့ကာ အေးစက်လွန်းသည်။ ထူထဲနေသည့်မိုးစက်မြူကြားမှပင် ထည်ဝါလျက်ရှိနေသော အဆောက်အအုံကိုသာ စူးစိုက်ကြည့်နေသည်။
…….
ပြတင်းပေါက်မှ နေ့အလင်းရောင်မှိန်ပျပျသာ တိုးဝင်နေသည့်အချိန်ရောက်မှ နန်းပေါင်ရီ နိုးလာခဲ့သည်။ ညနက်လာသဖြင့် အခန်းထဲရှိ မီးအိမ်တို့မှာလည်း မီးထွန်းညှိထားနှင့်ပြီးဖြစ်သည်။
သူမ၏ခန္ဓာကိုယ်လေးကို ကြွကာထလိုက်ပြီး ဖျားနာနေသည်ကို ဂရုမထားဘဲ အက်ကွဲနေသောအသံဖြင့် …
“ဟယ်ယဲ့ .. အစ်ကို ၂ကို ဂျင်းစွပ်ပြုတ်ပို့ပေးပြီးပြီလား”
အစေခံ ဟယ်ယဲ့ က ငှက်သိုက်ဆန်ပြုတ်ကို ယူလာပြီး ခံပြင်းနေဟန်နှင့် …
“သူ့ကြောင့် သခင်မလေးနေမကောင်းဖြစ်ရတာ ဘာဖြစ်လို့ သူ့ကို ဂျင်းစွပ်ပြုတ်ပေးရမှာလဲ .. သူ့ကိုဆူပြီးတော့ သခင်မကြီးဆီကို ဒီအကြောင်းပြောလိုက်တာ သခင်မကြီးကလည်း သူ့ကို ကြိမ်ဒဏ်ဆယ်ချက်တောင် ပေးပြီးပြီ”