အပိုင်း (၁)
ကျင်ကွမ်း မြို့မှပန်းများ
ချင်းမင် ပွဲတော်ကျင်းပရာကာလ နွေဦးအစတွင် မိုးစက်လေးများ ရွာသွန်းလျက်ရှိပြီး နန်း အိမ်တော်အတွင်းရှိ စိုထိုင်းအေးမြနေသော ထုံးကျောက်လမ်းတစ်လျှောက်အပေါ် ကြွေကျလာသော ပွင့်ဖတ်လေးများ ဖုံးလွှမ်းနေသည်။
အနောက်ဘက်ပြတင်းပေါက်မှတဆင့် မိုးရွာနေသောမြင်ကွင်းကို မျက်နှာမူကြည့်ရင်း ဝါးထိုင်ခုံပေါ်တွင်မှီကာထိုင်နေသော နန်းပေါင်ရီ သည် သူမ၏ နူးညံ့သေးငယ်သောလက်ကလေးကို မှင်သက်စွာငေးကြည့်နေသည်။
ရုတ်တရက် ကန့်လန့်အနောက်မှ အော်သံထွက်လာသာ်။
“ကျောင်းကျောင်း .. ဧည့်သည်က ဘွားဘွားရဲ့ဥယျာဉ်ထဲမှာထိုင်နေတယ်လေ .. ဒီမှာဘာလို့အိပ်နေတာလဲ ဘာဖြစ်နေလဲလို့သွားကြည့်ရအောင်လေ”
(T/N: ကျောင်းကျောင်း သည် နန်းပေါင်ရီ ၏ အိမ်နာမည်ဖြစ်သည်။)
ကျော့ရှင်းလှပပြီး ဖော်ရွေတတ်သော မိန်းကလေးတစ်ယောက်က ပြုံးလိုက်ပြီး နန်းပေါင်ရီ ၏ မျက်နှာကိုအသာဖျစ်ညစ်ကာ …
“ဒီနှစ်ရက်ထဲမှာ ဘာလို့ဒီလောက်ထိ ပိန်သွားရတာလဲ .. အစေခံက ဂရုမစိုက်ဘူးလား”
နန်းပေါင်ရီ နှုတ်ခမ်းစူလိုက်ပြီး သူမ၏လက်ကိုပုတ်ထုတ်လိုက်သည်။
ပန်းပွင့်ပုံများနှင့် အနားကွပ်ထားသောကြေးမုံမှန်ထဲ ကြည့်လိုက်ချိန် ပန်းရောင်ကျောက်နှင့် ထုဆစ်ထားသည့်အလား ချစ်စရာကောင်းသော ၁၂နှစ်အရွယ် မိန်းကလေးတစ်ယောက်ပုံ ထင်ဟပ်သည်ကို တွေ့လိုက်ရသည်။
သူမစိတ်ထဲမှပင် သက်ပြင်းရှိုက်လိုက်သည်။ သူမထိမ်းမြားမင်္ဂလာမပြုခင်ရက်များတွင် ပြန်လည်ရောက်ရှိလာလျှင် ပိုကောင်းမွန်နိုင်သည်။ သို့သော် ကံတရားက မျက်နှာသာမပေး၊ သူမသည် အလွန်ငယ်ရွယ်သော ၁၂ နှစ်အရွယ်အဖြစ် ပြန်လည်ရှင်သန်လာခဲ့သည်။
……
တစ်ဝမ်းကွဲအစ်မခေါ်ဆောင်လာမှုကြောင့် ပန်းပင်များနှင့်ပြည့်နှက်နေသောဥယျာဉ်ထဲသို့ ရောက်လာပြီး ပန်းပွင့်နှင့်ငှက်ရုပ်ထွင်းထားသော စန္ဒကူးပန်းပုကားချပ်နောက်တွင်ပုန်းကွယ်နေရင်း ဥယျာဉ်အလယ်ထဲမှ ဖြစ်ပျက်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ဥယျာဉ်ရှိစားပွဲတွင် အဘွားအိုတစ်ယောက် တည်ကြည်စွာထိုင်နေပြီး လက်ထဲမှ ကြွေလက်ဖက်ရေခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ….
“သား မင်းရဲ့ဇနီးဆုံးသွားတာ ၂နှစ်တောင်မပြည့်သေးဘူး အခုတော့ မင်းက အပြင်လူကို အိမ်ပေါ်ခေါ်တင်တော့မှာလား … ကျောင်းကျောင်း အတွက်ရော မစဉ်းစားဘူးလား”
အဘွားဘေးတွင်ထိုင်နေသည့် ကျော့ရှင်းတည်ကြည်သော သက်လတ်ပိုင်း ယောကျ်ားတစ်ယောက်က ..
“အမေ .. မိန်းကလေး လျို က ကလေးတွေကို ခက်ခက်ထန်ထန် မဆက်ဆံပါဘူး .. ကျောင်းကျောင်း ကိုလည်း သူမရဲ့သမီးအရင်းတစ်ယောက်လို ဂရုစိုက်ပေးမှာပါ .. ဒီက ယန်အာ ကို ကြည့်ဦးလေ”
ထိုလူအနောက်မှ မိန်းကလေးတစ်ယောက်ထွက်လာပြီး အဘွားရှေ့ဒူးထောက်ကာ နှုတ်ဆက်လေသည်။
“ဘွားဘွားကို ယန်အာ နှုတ်ဆက်ပါတယ် .. ဘွားဘွားနေကောင်းပြီး အရာရာအဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ် ဘွားဘွား”
ထိုမိန်းကလေးမှာ ၁၃နှစ်အရွယ်ရှိပြီး ဝိုင်းစက်သောမျက်ဝန်းနှင့် ပန်းရောင်သန်းနေသောပါးမို့ရှိကာ အသံမှာလည်း ပျားရည်ကဲ့သို့ ချိုမြလှသည်။
ပုံကားချပ်နောက်တွင် ပုန်းကွယ်နေသော နန်းပေါင်ရီ ၏ နှုတ်ခမ်းတို့မှာ ဖျော့တော့လာသည်။
အတိတ်ဘဝတွင်လည်း အခုချိန်မှာပင် ဖခင်၏ဖျောင်းဖျတိုက်တွန်းမှုကြောင့် မိန်းကလေး လျို သည် သူမ၏ သားနှင့်သမီးတို့ကို အိမ်သို့ခေါ်လာပြီး ဒုတိယဇနီးဖြစ်လာခဲ့သည်။
မိထွေးဖြစ်သူ မိန်းကလေး လျို သည် သူမကို အမြဲအနိုင်ကျင့်နှိပ်စက်တတ်သည်။ မိထွေး၏ မျှတမှုမရှိ ဘက်လိုက်တတ်သော ဆက်ဆံရေးတို့ကြောင့် နန်းပေါင်ရီ သည် စကားတို့ကိုနာမခံတော့ပေ။
နန်းယန် သည် မိန်းကလေး လျို ၏ သမီးတစ်ယောက်ဖြစ်ပြီး တည်ငြိမ်သောအိန္ဒြေတို့နှင့် ကောင်းမွန်လှပစွာ ကြီးပြင်းလာခဲ့သည်။ နန်းယန် သည် နန်းပေါင်ရီ ၏ မိုက်မဲမှုနှင့် ပြောဆိုရခက်ခြင်းတို့ကို အသုံးချကာ သူမ၏ထိမ်းမြားပွဲကိုလည်း ဖျက်ဆီးခဲ့သည်။
သူမနှင့်ထိမ်းမြားရမည့်သူမှာ ရှု ဘုရင်ခံနှင့် ပထမဇနီးတို့၏ ဒုတိယမြောက်သား ချန်းတယ်ယွီ ဖြစ်သည်။
နန်း မိသားစုသည် ဒေသထွက်ပိုးထည်ကုန်သည်ဖြစ်ရာ ကုန်သည်၏သမီးနှင့် အရာရှိမိသားစုမှ အရာရှိ၏သားတို့ လက်ထပ်ထိမ်းမြားလျှင် ထိုမင်္ဂလာပွဲသည် အဆင့်အတန်းမြင့်မားသည်ဟု မှတ်ယူကြသည်။
အတိတ်ဘဝမှာ ပျော်ရွှင်စွာ လက်ထပ်ခဲ့ရသော်လည်း မမျှော်လင့်စွာ ထိုအချိန်မှာပင် သူ၏အိပ်မက်ဆိုးစတင်ခဲ့သည်။
ချန်းတယ်ယွီ နှင့် နန်းယန် တို့ တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်နေကြသည့်အခြေအနေသို့ ပြောင်းလဲသွားသည်။ သူမထိမ်းမြားပြီးနောက်တွင် ချန်းတယ်ယွီ နှင့် နန်းယန် တို့မှာ ကံကြမ္မာသွေဖယ်ခံရသည့် အလွန်ချစ်ကြသောချစ်သူနှစ်ဦးပုံစံကိုပြသခဲ့ကြသဖြင့် လူအများက နန်းပေါင်ရီ သည် ချစ်သူနှစ်ဦးကြား ဝင်ရောက်နှောင့်ယှက်ခဲ့သည့် ဗီလိန်တစ်ယောက် ဟုထင်မြင်ကြကုန်သည်။
သူမအခက်အခဲများစွာကြုံရပြီး ချန်းတယ်ယွီ စိတ်ကျေနပ်စေရန်အတွက် နန်းယန် ကို ခေါ်ယူစေပြီး သာမန်ဇနီးမယားအဖြစ် ပေါင်းသင်းစေခဲ့သည်။
သို့သော် သူမအကြင်နာတရားတို့မှာ ဆိုးရွားစွာ တန်ပြန်လာသည့်အခါ နန်းယန် က သူမ၏မျက်နှာကို ရည်ရွယ်ချက်ရှိရှိဖြင့် ရေနွေးပူလောင်စေခဲ့သည်။
……
နန်းပေါင်ရီ သူမ၏သေးငယ်သောလက်ကိုဆန့်ထုတ်ကာ ရှင်းသန့်ပြီး ပြစ်ချက်ကင်းမဲ့သော မျက်နှာကို တုန်ယင်စွာ ပွတ်သပ်လိုက်သည်။
“ကျောင်းကျောင်း .. ဘာဖြစ်နေတာလဲ”
အစ်မတစ်ဝမ်းကွဲဖြစ်သူ နန်းပေါင်ကျူး က စိုးရိမ်တကြီးမေးလေသည်။
နန်းပေါင်ရီ ခေါင်းခါကာ မျက်နှာကိုတည်ထားလိုက်သည်။
တဖန်ပြန်လည်ရှင်သန်ရန် အခွင့်အရေးရခဲ့ပြီဖြစ်သဖြင့် ကနဦးလုပ်ရမည်မှာ မိန်းကလေး လျို နှင့် နန်းယန် ကို သူမ၏မိသားစုထဲ မဝင်လာနိုင်စေရန်ပင်ဖြစ်သည်။
သူမပုံကားချပ်နောက်မှ မဝံ့မရဲထွက်လာပြီး ..
“ဘွားဘွား ဒီမိန်းကလေးက ဘယ်သူလဲ”
အဘွားက ချစ်မြတ်နိုးစွာဖက်လိုက်ပြီး …
“ရှေ့နှစ်ရက်ကပဲ ကျောက်ဆောင်ပေါ်က ခြေချော်ကျပြီး သတိလစ်သွားတာကို နားနားနေနေမရှိဘဲ ဘာလို့ထွက်လာတာလဲ”
နန်းပေါင်ရီ မျက်နှာနီမြန်းသွားကာ …
“ဘွားဘွား .. သမီးသတိကောင်းပါတယ် ဘာမှမဖြစ်တော့ဘူး”
သူမ နန်းယန် ဘက်လှည့်ကြည့်လိုက်ပြီး ရှက်ရွံ့ဟန်နှင့် …
“ဘွားဘွား ဒီမိန်းကလေးက အရမ်းချောတယ်နော် .. ပြဇာတ်မင်းသမီးအတိုင်းပဲ”
အစေခံတို့၏အမူအရာမှာလည်း ပြောင်းလဲသွားသည်။
ပြဇာတ်ကပြရသူတို့၏အဆင့်အတန်းမှာ နိမ့်ကျသဖြင့် နန်းယန် ကို တစ်ဖက်လှည့်နဲ့ နှိမ်လိုက်သည့်အလား။
အစေခံတို့မှာ နန်းပေါင်ရီ နှင့် နန်းယန် တို့ကို တိတ်ဆိတ်စွာကြည့်နေကြသည်။ သူတို့၏ ငါးယောက်မြောက်သခင်မလေးမှာ လှပကျော့ရှင်းလျက် သူမ၏နဖူးနှင့် မျက်ခုံးတို့မှာလည်း ပညာရှင်ဆန်လှသဖြင့် အပြင်လူ၏သမီးတစ်ယောက်ထက် ပို၍ ဂုဏ်ရှိကာ တည်ကြည်နေသည်။
အဘွားရှေ့တွင် ဒူးထောက်နေသော နန်းယန် က နန်းပေါင်ရီ ကို ကြည့်လိုက်သည်။
နန်းပေါင်ရီ ၏ ဆံနွယ်တို့မှာ သပ်ရပ်စွာဖြီးသင်ထုံးဖွဲ့ထားပြီး ပန်းပွင့်ပုံများထိုးထားသော အဝါရောင်ပိုးထည်နှင့် ရွှေရောင်ခေါင်ရန်းပန်းပုံပါသည့် အမွှေးအိတ်တို့ကို ဝတ်ဆင်ထားသည်။ တန်ဖိုးကြီးမားဟန်ရှိသော ကျောက်စိမ်းလက်ကောက်နှင့် ခါးတွင်လည်း ရွှေရောင်ငွေရောင်ခေါင်းလောင်းပုံလေးများ ရေးဆွဲထားသော ခါးပတ်ကြိုးကို ဝတ်ဆင်ထားပြီး ဖိနပ်တို့ကိုလည်း ပုလဲများနှင့်အလှဆင်ထားခြင်းမှာ အလွန်လက်ရာမြောက်လှသည်။
သူမကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်သည့်အခါ သူမသည် ပန်းရောင်ဖဲသားအထည်ကိုဝတ်ဆင်ထားပြီး လက်တွင်လည်း ရွှေလက်ကောက်နှစ်ကွင်းသာ ဝတ်ထားသော်လည်း ယခုပုံစံမှာ သူမ၏တန်ဖိုးအကြီးဆုံးပင်။
သူမသည် အဖေ၏သမီးဖြစ်သော်လည်း အမြှောင်မယား၏သမီးဖြစ်သောကြောင့် လူအများကြား တိုးဝင်မရသည့် အဆင့်နိမ့်သူတစ်ယောက်ဖြစ်နေသည်။
သိမ်ငယ်စိတ်က မဖော်ပြနိုင်လောက်အောင် သူမနှလုံးသားထဲတွင် ပြည့်နှက်လာသဖြင့် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ခါးသီးမုန်းတီးစိတ်နှင့် ရွံမုန်းခြင်းတို့လည်း ဖြစ်ပေါ်လာသည်။
နန်းယန် ပုံစံကို နန်းပေါင်ရီ တစ်ချက်ကြည့်ပြီး ရိုကျိုးစွာ လမ်းလျှောက်သွားကာ ပြုံးလျက် နန်းယန် ကို ထရန်ကူပေးလိုက်သည်။
“ကြမ်းပြင်ကအေးနေတာ အအေးမိလိမ့်မယ် .. ဖေဖေ သူက ဘွားဘွားအတွက် ဖျော်ဖြေပေးဖို့ ခေါ်လာတဲ့ အဆိုသမလား”
နန်းကွမ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ..
“ကျောင်းကျောင်း သူ..သူက အဒေါ် လျို ရဲ့သမီးပဲ ပြီးတော့ သမီးရဲ့ အစ်မ …”
နန်းပေါင်ရီ အံ့အားသင့်ကာ မျက်လုံးတို့ပြူးကျယ်သွားတော့သည်။ မျက်ရည်တို့မှာလည်း တဖြည်းဖြည်းကျဆင်းလာပြီး ခြေလှမ်းအနည်းငယ်ဆုတ်ကာ ရုတ်တရက် လက်ကိုင်ပုဝါကိုကိုက်ပြီး ငိုကြွေးတော့သည်။
သူမလှည့်ထွက်ပြီး အဘွားရင်ခွင်ထဲပြေးဝင်ကာ …
“ဘွားဘွားရေ .. ဖေဖေက သမီးကိုမလိုချင်ဘူးတဲ့”
အဘွားကလည်း သူမ ကျောကို အသာပုတ်ကာ ချော့မြူရင်း နန်းကွမ် ကို ဒေါသတကြီး စိုက်ကြည့်နေသောကြောင့် နန်းကွမ် ကိုယ့်ကိုယ်ကို အပြစ်ရှိသူကဲ့သို့ ခံစားရသော်လည်း စိတ်တင်းလျက် ပြန်ပြောလေသည်။
“ကျောင်းကျောင်း .. ယန်အာ က သမီးရဲ့အစ်မပဲ သူ့ကို အိမ်ခေါ်လာတော့ သမီးကိုချစ်ပေးတဲ့သူ တစ်ယောက်ထပ်တိုးတယ်လေ မဟုတ်ဘူးလား .. ပြီးတော့ သမီးရဲ့အစ်မက လက်ထပ်သင့်နေပြီ အဲဒီအတွက် ဒီမှာနေရင် ကောင်းကောင်းမွန်မွန်လက်ထပ်ရဖို့အတွက် လွယ်ကူလိမ့်မယ် .. ကျောင်းကျောင်း သမီးအသက်ကြီးနေပြီ ရင့်ကျက်ပြီးစဥ်းစားတတ်မှရမယ် .. သမီးရဲ့အစ်မကို ကူညီပေးရမယ်”
“တော်တော့ .. ကျောင်းကျောင်း ငိုနေတာမတွေ့ဘူးလား !! စောစောစီးစီးပြဿနာရှာနေတာ ခေါင်းကိုက်တယ်”
အဘွားက ဆူလိုက်တော့မှ
“ကျွန်တော်မှားပါပြီလို့”
နန်းကွမ် စိတ်တင်းကာ ပြုံးလိုက်ပြီး အစေခံတို့ကို အမိန့်ပေးလိုက်သည်။
“မနက်စာပြင်ဆင်ထားလိုက်”
နန်း အိမ်တော်သည် အလွန်ချမ်းသာကြွယ်ဝသည်။ ကောင်းမွန်သောမနက်စာကို စနစ်တကျစီစဉ်ရုံသာမက စားသောက်ရာတွင်လည်း စည်းကမ်းရှိလှသည်။
အစေခံတို့သည်လည်း အလျင်အမြန်ပြေးလာကြပြီး မြိန်ရှက်ဖွယ်အစားအသောက်တို့ကို စားပွဲပေါ်တွင် သေချာစွာ တင်လိုက်ကြသည်။
အဘွားဘေးတွင် နန်းပေါင်ရီ ထိုင်လိုက်ပြီး နန်းယန် ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ယဥ်ကျေးစွာပြောလေသည်။
“ဘွားဘွား .. ဘွားဘွားကို သမီးကူပေးရမလား”
“သမီးရဲ့အစ်မရောက်လာပြီဆိုတော့ သူ့ကိုပဲ လုပ်ပါစေနော်”
နန်းကွမ် က အလျင်အမြန်စကားဖြတ်လိုက်သည်။ ထိုမှသာ အဘွားကို စိတ်ကျေနပ်စေရန်လုပ်ပေးနိုင်မည့် အခွင့်အရေးရမည်ဖြစ်သည်။
နန်းပေါင်ရီ လည်း ဘာမှမပြောတော့ဘဲ ခိုးရယ်ကာ နေရာဖယ်ပေးလိုက်သည်။
နန်းယန် အခွင့်အရေးကိုအရယူကာ အစေခံတစ်ယောက်ထံမှ ပန်းပွင့်ပုံဖော်ထားသော ဇွန်းကိုယူလိုက်သည်။ ရွှေရောင်အိုးငယ်ထဲတွင် ရေအနည်းငယ်ရှိနေပြီး အနံ့မှာလည်း သင်းပျံ့နေသည်။ ပုံစံမှာ အစာကြေရန် ကနဦးသောက်ရသော စွပ်ပြုတ်ဖြစ်လိမ့်မည်ဟု နန်းယန် တွေးလိုက်သည်။
နန်းယန် ယုံကြည်ချက်ရှိရှိ ပြုံးလိုက်ပြီး ရွှေရောင်အိုးကို စားပွဲပေါ်တင်လိုက်သည့်အချိန် အခြားသူတို့ ကြောင်အမ်းကာရပ်ကုန်ကြသည်။ ထိုအိုးထဲမှရေအနည်းငယ်ကိုခပ်ယူပြီး ခွက်အငယ်ထဲထည့်ကာ ယဉ်ကျေးစွာနှင့် အဘွားနှုတ်ခမ်းနား တေ့ပေးလေသည်။
“ဘွားဘွား စွပ်ပြုတ်သုံးဆောင်ပါရှင်”
“ခစ်…”
အလစ်ယူစားနေသော နန်းပေါင်ကျူး က အသံထွက်အောင် ရယ်မိလိုက်သည်။
အစေခံတို့လည်း ရယ်လိုက်ကြပြီး ပြက်ရယ်ပြုသည့်ဟန်ကို အသာထိန်းကာ အထင်သေးစွာကြည့်ကြလေသည်။
“ဒါ လက်ဆေးတဲ့ရေလေ”
နန်းပေါင်ရီ ဝင်ထောက်ပြောပေးတော့မှ နန်းယန် အံ့အားသင့်သွားသည်။
သူမ နန်းပေါင်ရီ ကို ကြည့်လိုက်သည့်အခါ နန်းပေါင်ရီက လက်ဆေးရန်အတွက် ပန်းနုရောင်အင်္ကျီလက်ရုံတို့ကို မတင်နေပြီး ဝတ်ရုံအောက်မှာ ပေါ်ထွက်လာသောလက်တို့မှာ ဖြူဖွေးနူးညံ့နေပြီး သွယ်လျသောလက်ချောင်းလေးတို့မှာလည်း ပန်းနုရောင်သန်းနေသည်။
ရေဆေးရန်အတွက် အမွှေးရေနွေးခွက်ထဲသို့ နန်းပေါင်ရီ လက်နစ်လိုက်ပြီး အစေခံက နီရဲသောနှင်းဆီပွင့်ဖတ်များနှုင့် အနွေးငွေ့အနည်းငယ်ရောလိုက်ရာ ချမ်းသာကြွယ်ဝသောမိသားစု၏ သိမ်မွေ့သောအလှတရားကို ဖော်ပြနေသယောင်ပင်။
သို့သော် သူမသည် လက်ဆေးရေကို တစ်ယောက်သောသူအား သောက်စေရန် ရည်ရွယ်မိခဲ့သည်။ သူမရှက်သွေးဖြာပြီး မျက်နှာနီရဲလာသဖြင့် တွင်းတစ်ခုထဲသို့သာ ပြေးပုန်းလိုက်ချင်တော့သည်။
တရားဝင်ဇနီးမှမွေးဖွားသည့်ကလေးနှင့် အမြှောင်မယားမှမွေးသောကလေး၊ လူချမ်းသာနှင့် ဆင်းရဲသားတို့အကြား စွမ်းဆောင်ရည်နှင့်အခွင့်အလမ်းတို့မှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။ နန်းယန် နှုတ်ခမ်းကိုတင်းစွာဖိကိုက်လိုက်ပြီး ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူဟု ခံစားလာရသဖြင့် မျက်ရည်များ ကျလာတော့သည်။
အခြားသူတို့လည်း ရှက်တက်တက်နှင့် ကသိကအောက်ဖြစ်လာကြသည်။ သူမသည် အငယ်ဇနီးမယား၏သမီးဖြစ်သော်လည်း သူမကို မည်သူကမှအနိုင်မယူကြပါဘဲနှင့် နံနက်အချိန် ဘိုးဘွားမြေတွင် ငိုကြွေးနေသည်မှာ မသင့်တော်ပေ။
အလွန်ဆိုးဝါးသောအပြုအမူပင်။ သူမအမေသည်လည်း သူမအတိုင်း နိမ့်ကျသူဖြစ်နေသည်မှာ ထင်ရှားလှသဖြင့် သူမသည် ဘယ်လိုကြောင့်များ နန်း အိမ်တော်၏ သခင်မ ၃ ဖြစ်လာနိုင်ပါမလဲ။
နန်းကွမ် လည်း စိတ်ဖိစီးကာ …
“အမေ ကြည့်ပါဦး .. ကလေးတစ်ယောက်ကို မိသားရဲ့ပြင်ပမှာ ပျိုးထောင်မယ်ဆိုတာက လုံးဝမသင့်တော်ဘူး … မိန်းကလေး လျို ကလည်း ကျွန်တော့်အတွက် သားတစ်ယောက် သမီးတစ်ယောက်တောင် မွေးထားတာ သူမကို အိမ်တော်ပေါ်ခေါ်တာလည်း မမှားဘူး .. ပြီးတော့ နန်းယန် လည်း လက်ထပ်ရမယ့်အရွယ်ရောက်နေပြီ .. တကယ်လို့ မိသားစုအိမ်မှာနေရင် သူမအတွက် ကောင်းမွန်တဲ့ထိမ်းမြားပွဲလုပ်ပေးလိူ့ရတယ် … အမေက သူရဲ့အဘွားပါ အဘွားအနေနဲ့ သဘောထားကြီးကြီးနဲ့ ယန်အာ ကို ကူညီစောင့်ရှောက်ရမှာပေါ့ .. ဘာပဲပြောပြော မိန်းကလေး လျို နဲ့ လက်ထပ်ပြီး နောက်လမှာ သူမကို အိမ်တော်ဆီခေါ်လာတော့မယ်”
ပြောပြီးနောက် နန်းယန် ကို ခေါ်ဆောင်သွားတော့သည်။
အစေခံတို့လည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်ရင်း ကျန်ခဲ့သည်။
အဘွားကလည်း လက်ဖက်ရည်ခွက်ကို ဒေါသတကြီးနှင့် လွှင့်ပစ်လိုက်သည်။
“စိတ်ပျက်စရာကောင်းလိုက်တာ”
နန်းပေါင်ရီ ရှိနေသည်ကို သတိပြုမိပြီး သူမလက်ထဲပွေ့ဖက်လိုက်ကာ ဂရုဏာသက်စွာနှင့် …
“သနားစရာ ကျောင်းကျောင်း လေး … မိထွေးက အိမ်ပေါ်ရောက်လာရင် ဘွားဘွားဘယ်လိုလုပ်ပေးရပါ့…”
နန်းပေါင်ရီ ဝမ်းနည်းစိတ်ကြောင့် နှာဖျားမှာ အနည်းငယ်နီနေသည်။
အဘွားက သူမကို အတော်ချစ်သည်။ ရယ်စရာကောင်းသည်က အတိတ်ဘဝတွင် မိန်းကလေး လျို သည် သူတို့နှစ်ယောက်ကြား ကုန်းတိုက်သဖြင့် အဘွားက သူမကို မုန်းတီးနေသည်ဟုတွေးကာ အဘွားနှင့်ဝေးရာသို့ တဖြည်းဖြည်းရှောင်တိမ်းနေခဲ့သည်။
နောက်တစ်ခုမှာ ချန်း အိမ်တော်၏ သိုလှောင်ရုံတွင် ပိတ်လှောင်ခံရသည့်အချိန် နန်းယန် က အဖြူရောင်ပန်းပွင့်ကို ပန်ဆင်ထားသည်ကိုတွေ့ရသောအခါမှ အဘွားဆုံးသွားသည်ကို သူမသိရသည်။
ထိုအချိန် သူမရှေ့တွင် နန်းယန် က မာန်ဝင့်လျက်ရပ်နေပြီး ထေ့ငေါ့စွာပြောလေသည်။
“အဘွားကြီးက သေခါနီးတဲ့အထိ နင့်နာမည်ပဲခေါ်နေတာ .. နင်မလာချင်ဘူးလို့ငါပြောလည်း အဘွားက လူတွေကြားထဲ နင်များရှိနေမလားဆိုပြီး လိုက်ရှာကြည့်နေသေးတယ် .. နန်းပေါင်ရီ နင်တော်တော်ဝတ္တရားမသိတတ်တာပဲ”
အဘွားလက်မောင်းထဲ နန်းပေါင်ရီ မှီနေတာ မျက်ရည်များကျဆင်းလာခဲ့သည်။
ဟုတ်ပါသည်၊ အတိတ်ဘဝတွင် သူမ တာဝန်ကင်းမဲ့ခဲ့သည်။