အပိုင်း (၅၈) သူတောင်းစားလေးများ
သည်နေ့၏ ဆီးဖျော်ရည်များကို ကုန်အောင်ရောင်းချလိုက်ပြီးနောက် ယိုကျင့်တို့ညီအစ်မများသည် စည်ပိုင်းအလွတ်နှင့် ပန်းကန်လုံးများကို တစ်လုံးချင်း မြန်မြန်သိမ်းထုပ်လိုက်လေသည်။ ယိုကျူးက သိပ်မဝေးလှသည့်နရာက ရင်းနှီးနေသည့်ပုံရိပ်နှစ်ခုကို ဖျတ်ခနဲ ကြည့်လိုက်မိပြီး ယိုကျင့်ကို လှမ်းပုတ်လိုက်ကာ
“ မကြီး ကြည့်လိုက်ဦ အဲဒီသူတောင်းစားလေးနှစ်ယောက်က ဒီကို ထပ်လာပြန်ပြီ”
ပြီးခဲ့သည့် အခေါ်က ယိုကျင့်သည် အသားပေါင်မုန့် ဝယ်နေချိန်၌ ခိုးစားသဖြင့် အဖမ်းခံလိုက်သည့် သူတောင်းစားလေးနှစ်ယောက်ကို မြင်ခဲ့သည်က စလေသည်။ ပေါင်မုန့်သည်၏ အသေအလဲ အရိုက်ခံနေရသော်လည်း သူတို့သည် တစ်ခွန်းမှ မညည်းညူကြချေ။ ထိုမြင်ကွင်းကို မမြင်ရက်သည့် ယိုရင်က သူတို့နှစ်ယောက်ကို ကယ်ပေးရန် ယိုကျင့်အား တောင်းဆိုတော့သည်။
ထိုအချိန်ကတည်း သူတောင်းစားလေးနှစ်ယောက်သည် နေ့တိုင်းလိုလို သူတို့ဆိုင်နှင့် သိပ်မဝေးလှသည့်နေရာမှ စောင့်ကြည့်နေလေတော့သည်။ အနားသို့လာပြီး စကားလည်းမပြောချေ။ အဝေးတနေရာမှသာ စောင့်ကြည့်နေလေသည်။ ယိုရင်သည် အသက် ၁၂ ၊ ၁၃နှစ်အရွယ်နှင့် ၄.၅နှစ်အရွယ် ကောင်လေးတို့ကို ကြည့်လိုက်၏။ သူတို့၏ မူလအသားအရေအရောင်ကိုပင် မမြင်ရတော့ချေ။ သူတောင်းစားလေးများသည် ဖုန်အလိမ်းလိမ်းနှင့် ညစ်ပတ်နေတော့သည်။ သူမသည် မနေနိုင်တော့ဘဲ ကိုယ်ချင်းစာသွားကာ
“မကြီး ညီမလေးတို့ကို ကူညီလိုက်ရအောင်ပါ”
ယိုကျင့်က သက်ပြင်းချကာ ပြောလိုက်၏။
“ယိုရင် ငါတို့မှာလည်း လွယ်ကူနေတာ မဟုတ်ဘူး၊ ငါတို့မိသားစု ဆယ်ယောက်ကလည်း စားသောက်ဖို့ လိုသေးတယ်၊ ကုသိုလ်ကောင်းမှုလုပ်ဖို့ ငါတို့မှ ငွေအပိုရှိတယ်လို့ နင်ထင်လား”
“ ဒါပေမဲ့ သူတို့တွေက အရမ်းသနားစရာကောင်းတာပဲ”
ယိုရင်သည် အိမ်အခြေအနေ မကောင်းမှန်း သိလေသည်။ သို့သော် အပြန်အလှန်မှီခိုနေကြသည့် သူတောင်းစားလေးနှစ်ယောက်ကို တွေ့လိုက်ချိန်၌ သူမနှင့် သူမ၏ညီအစ်များက ယွဲ့အိမ်တွင် တွေ့ကြုံခဲ့ရသည့် အခက်ခဲများကို ပြန်စဥ်းစားမိသွားတော့သည်။ တိုတိုပြောရလျှင် သူမသည် တစ်နည်းနည်းဖြင့် မကြည့်ရက်နိုင်ခဲ့ချေ
“မကြီး ညီမလေးတို့ သူတို့ကို ဘာလို့ မကူညီရမှာလဲဟင်”
သူမဘေးက ရှောင်ကျူးကပင် မနေနိုင်တော့ဘဲ စကားနည်းဝင်ပြောလေသည်။
“ သူတို့ကို ကြည့်လိုက်တော့လေ ချွေ့ဖုန်းရွာမှာရှိတုန်းက အချိန်ကို စဥ်းစားမိတယ်၊ မကြီးသာ ညီမလေးတို့ကို မကာကွယ်ပေးခဲ့ရင် ညီမလေးတွေ ဒီနေ့ ဒီနေရာကို ဘယ်လိုရောက်လာနိုင်ပါ့မလဲ၊ သူတောင်းစားအကြီးတစ်ယောက်က ဘာဝန်ထုပ်မှုမရှိဘဲ တစ်ယောက်ထဲဆိုရင် ပိုနေသာအုံးမယ်၊ ဒါပေမဲ့ သူက အငယ်လေးကို တစ်ယောက်ထဲ မထားခဲ့ဘူးလေ၊ မကြီးက ညီမလေးတို့ကို မထားခဲ့သလိုပဲပေါ့”
ရှေ့တွင် တညီတညွှတ်တည်း ရပ်နေကြသည့် ညီအစ်မနှစ်ယောက်ကိုကြည့်ရင်း ယိုကျင့်စိတ်ထဲ၌ သက်ပြင်းချမိလေသည်။ သူမဒါကို ဂုဏ်ယူရမှာလား။ ဘာမှမတတ်နိုင်သလို နေလိုက်ရမှာလား။ ညီမငယ်နှစ်ယောက်က အရမ်းကို သိတတ်လွန်းပြီး တစ်ဖက်လူကို ဘယ်လိုနားချရမယ်ဆိုတောင် သိနေလို့ ဂုဏ်ယူရတယ်ဆိုပေမဲ့ သူမကို ဘာမှမတတ်နိုင်အောင် ဖြစ်ရတာက နောက်ဆုံးတော့ သူမဆီကိုပဲ ရောက်လာကြတာလေ။
ညီအစ်မနှစ်ယောက်၏ အသနားခံနေသည့်အကြည့်အောက်တွင် ယိုကျင့်သည် အရှုံးပေးကြောင်း ဝန်ခံကာ သက်ပြင်းချရင်း “ ဟုတ်ပါပြီ ငါအရှုံးပေးပါတယ်နော်’
သူမသည် ရင်ဘတ်ထဲက ၁၀ဝမ်ကို ထုတ်ကာ ပြောလိုက်လေတော့သည်။
“ကဲ ရော့”
“မကြီးက အရမ်းသဘောကောင်းတာပဲ”
ညီအစ်မနှစ်ယောက်သည် ဝမ်းသာသွားကာ ယိုကျင့်ပေးလာသည့် ဝမ် ၁၀ပြားကို ယူလိုက်ကြလေသည်။ ထို့နောက် အပြုံးတစ်ခုဖြင့် သူတောင်းစားလေးနှစ်ယောက်ဆီ လျှောက်သွားလိုက်ကြတော့သည်။ သူတို့ အနားရောက်သွားချိန်၌ ရပ်လိုက်ကြပြီး
“ ရော့ ယူလိုက်၊ တစ်ခုခုသွားဝယ်စားလိုက်နော်”
သူတို့ရောက်လာပြီး ဝမ်ဆယ်ပြားလာပေးသည်ကို မြင်လိုက်ရသဖြင့် သူတောင်းစားလေး နှစ်ယောက်သည် ရုတ်တရက် အံ့ဩသွားကြတော့သည်။ ထို့နောက် အကြီးတစ်ယောက်က ခေါင်းခါပြလိုက်ပြီး အငယ်တစ်ယောက်ကိုဆွဲကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လှည့်ကာ ထွက်ပြေးသွားကြတော့သည်။
ယိုရင်တို့ညီအစ်မနှစ်ယောက်လုံးသည် ထိုသို့ ဖြစ်လာမည်ကို ထင်မထားခဲ့ကြပေ။ သူတို့သည် အူကြောင်ကြောင် ဖြစ်သွားပြီး ညီအစ်မနှစ်ယောက်မှာ အလန့်တကြားဖြင့် အချင်းချင်း ပြန်ကြည့်လိုက်ကြလေသည်။ သူတို့တွေ ကြောက်သွားကြတာလား။ သိပ်မဝေးလှသည့်နေမှ ယိုကျင့်သည် သူတောင်းစားလေးနှစ်ယောက် ပြေးထွက်သွားသည်ကို မြင်လိုက်၏။ သူမ၏မျက်နှာပေါ်က အပြုံးမှာ အနည်းငယ် လျော့ပါးသွားတော့သည်။ ပိုက်ဆံမလိုချင်တဲ့ သူတောင်းစားဆိုတာ တုံးအ,တာမဟုတ်ရင် နောက်ကွယ်မှာ တခြားရည်ရွယ်ချက်ရှိလို့ပဲ။ စိတ်ပျက်ပျက်နှင့် ပြန်လာကြသည့် ညီမငယ်နှစ်ယောက်ကို နှစ်သိမ့်ပေးလိုက်ပြီးနောက် ညီအစ်မသုံးဦး အိမ်သို့ အတူတူပြန်လာကြတော့သည်။
ညီအစ်မသုံးယောက် သတိမထားမိလိုက်သည်က သူတို့နောက်တွင် ထွက်ပြေးသွားကြသည့် သူတောင်းစားလေးနှစ်ယောက်က သူတို့၏နဂိုနေရာသို့ ပြန်ရောက်လာကြပြီး သူတို့ထွက်သွားသည်ကို ကြည့်နေကြသည်ကိုပင်။
“ ကိုကြီး သားဗိုက်ဆာတယ်”
အငယ်လေးက ငိုနေလေသည်။ လက်တစ်ဖက်က အစ်ကိုဖြစ်သူကို တင်းနေအောင်တွဲထားပြီး ကျန်တစ်ဖက်က တစ်နေ့လုံးဘာမှမစားရသေးသည့် သူ့ဗိုက်လေးကို ပွတ်သပ်နေလေသည်။
အကြီးတစ်ယောက်က သတိပြန်ဝင်လာပြီး ပြန်ဖြေလိုက်၏။
“ ရှောင်ပေါင် ဗိုက်ဆာလို့လား၊ ကိုကြီး မင်းစားဖို့ တစ်ခုခုရှာပေးမယ်နော်”
ထို့နောက် သူသည် ညီလေးကိုခေါ်ကာ ဆန့်ကျင်ဘက်လားရာသို့ လျှောက်သွားလိုက်ပြီး စုညီအစ်မတို့ ပျောက်သွားသည့်ဘက်ကို တစ်လှမ်းချင်း လှမ်းရင်း လှည့်ကြည့်လိုက်လေသည်။
***
ရှောင်မိသားစုအိမ်တော်တွင် ရှောင်လင်ဖုန်းသည် သည်နေ့ ထမင်းများများမစားချေ။ ထိုအရာက အနောက်ဘက် မီးဖိုဆောင်က စားတော်ကဲကို စိုးရိမ်တကြီး ဖြစ်ရစေတော့သည်။ အငယ်ဆုံးသခင်လေးသာ တစ်ခုခုဖြစ်သွားရင် မြို့တော်က သခင်ကြီက တစ်ယောက်ယောက်ကို ခေါ်ခိုင်းစရာတောင်မလိုဘူး။ အကြီးဆုံးသခင်လေးက သူတို့ကို အရေခွံဆုတ်ပစ်လိမ့်မယ်။
အပြင်ဘက်တွင် များပြားလှသည့် တစ်နေ့တာအလုပ်ပြီးသွားတော့ ရှောင်လင်ယွိသည် အိမ်ပြန်ခဲ့လေသည်။ ထမင်းစားခန်းတွင် ထိုင်နေရင်း လက်ကို အမွှေးဆပ်ပြာဖြင့် ဆေးကြောလိုက်၏။ ထို့နောက် အိမ်ဖော်မလေး ကမ်းပေးလာသည့် လက်ကိုင်ပုဝါကို ယူလိုက်သော်လည်း အိမ်ဖော်မလေးက မျက်ရိပ်ပြလိုက်သည်ကို ဂရုမစိုက်တော့ချေ။ ဘေးတွင် နုံးခွေကာထိုင်နေသည့် ညီငယ်လေးကိုကြည့်ရင်း သူ့အသံထဲတွင် စိတ်မချမ်းမသာ လေသံရောလျက်
“ ဘာဖြစ်တာလဲ၊ မင်း ဒီနေ့ ဘာမှမစားရသေးဘူးဆို၊ အငယ်ဆုံးသခင်လေး မင်း မသေမျိုးကျင့်စဥ် ကျင့်ချင်နေတာလား”
ပျင်းရိနေသည့် ရှောင်လင်ဖုန်းက ညောင်စောင်းပေါ်တွင် ခပ်လျှောလျှောထိုင်လေသည်။ သူ့နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး
“ ဒီစားတော်ကဲရဲ့ လက်ရာက အဲလောက်လည်းမကောင်းပါဘူး၊ ကျွန်တော် မစားချင်တော့ဘူး”
လော့ဟယ်မြို့သည် ရှောင်မိသားစု၏ သီးသန့်အိမ်တော်တစ်ခုသာ ဖြစ်လေသည်။ အရာအားလုံး ပြည့်ပြည့်စုံစုံ ရနိုင်နေသည့် မြို့တော်နှင့်တော့ ယှဥ်လို့မရပေ။ အစားချေးများသည့် ရှောင်လင်ဖုန်းလို လူအတွက်တော့ သက်သောင့်သက်သာ မဖြစ်သည်မှာ သဘာဝပင်။
“ မင်းက အိစက်နေတဲ့ခေါင်းအုံးပါတဲ့အိပ်ရာနဲ့ အစားကောင်းကောင်း အရမ်းစားချင်တာဆိုရင်တော့ မနက်ဖြန် တစ်ယောက်ယောက်နဲ့ မင်းကို မြို့တော်ပြန်ပို့ဖို့ စီစဥ်ပေးမယ်လေ”
ရှောင်လင်ယွိသည် လက်ထဲက ရူကြွေထည်ပန်းကန်လုံးကို ချလိုက်ပြီး သူ့ညီလေးကို ခပ်တည်တည် ကြည့်လိုက်လေသည်။
ရှောင်လင်ဖုန်းသည် အထက်စီးဆန်ဆန်နေတတ်သော်လည်း လူများ၏မျက်လုံးကို ဖတ်တတ်သည့် အားသာချက် ရှ်လေသည်။ အကြီးဆုံးအစ်ကိုက အလွန်မှ မသာမယာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူသည် ချက်ချင်းမတ်မတ် ထိုင်လိုက်ကာ ခေါင်းကို တွင်တွင်ခါပြလိုက်ပြီး
“ မလိုဘူး မလိုပါဘူး၊ ကျွန်တော်က ဒီအတိုင်းပြောလိုက်တာပါ၊ အစ်ကိုကြီးလည်း တစ်နေ့လုံး သွားလာနေရတာ ပင်ပန်းရောပေါ့၊ ဟင်းပွဲတွေ မြန်မြန် ယူလာကြတော့လေ”
အပြင်မှ အစေခံများကလည်း အလွန်လျင်မြန်ကြလေသည်။ အချိန်တိုအတွင်း စားပွဲဝိုင်းပေါ်တွင် ဟင်းပွဲခြောက်မျိုးနှင့် စွပ်ပြုတ်တစ်မျိုး ပြည့်သွားတော့သည်။ သူ့အကြီးဆုံးအစ်ကိုရှေ့တွင် ရှောင်လင်ဖုန်းသည် ကျောက်စိမ်းဖြူရောင်ကြွေပန်းကန်လုံးကို လိမ်လိမ်မာမာနှင့် ကောက်ကိုင်လိုက်ပြီး အလုတ်တိုင်း ပါးစပ်အပြည့် စားလိုက်လေတော့သည်။
“ ဘာလဲ မင်း ဒီနေ့အိမ်တော်ကို ဆီးဖျော်ရည်တစ်စည် လာပို့ခိုင်းလိုက်တယ်မလား၊ အဲလောက်အများကြီး သောက်ပြီးတာတောင် နွေရာသီရဲ့ခါးသီးမှုကို ခံစားနေရတုန်းကလား”
ရှောင်မိသားစုတွင် အစားစားရင်း စကားမပြောရ စည်းကမ်းမရှိချေ။ သူ၏ စိတ်ပျက်နေသည့်အမူအရာကြောင့် ရှောင်လင်ယွိက သူသည် ပူပြင်းသည့်နွေရာသီကို ခံစားနေရဆဲဟု ထင်သွားတော့သည်။
ရှောင်မိသားစုတစ်ခုလုံးသည် ရှောင်လင်ဖုန်းမှာ နွေရာသီအပူဒဏ်ကို မခံနိုင်မှန်း သိထားလေသည်။ နွေရာသီရောက်လျှင် ရှောင်လင်ဖုန်းနေသည့် ခြံဝင်းက အအေးဆုံးနေရာပင်။ သူသည် အပူအသက်သာဆုံး အစားအသောက်များကို စားသည်။ သည်တစ်ကြိမ်၌ ရှောင်လင်ယွိက မြောက်ပိုင်း လော့ဟယ်မြို့သို့ လာရချိန်၌ ရှောင်လင်ဖုန်းက နွေရာသီ၏အပူဒဏ်ကို ရှောင်ရှားရန် လော့ဟယ်သို့ လိုက်ချင်သည်ဟု အာပေါက်မတတ် ပြောတော့သည်။ သခင်ကြီးကလည်း သူအတွက် စိတ်မကောင်း ဖြစ်ရသဖြင့် လော့ဟယ်ကို အစ်ကိုဖြစ်သူနှင့် ထည့်ပေးလိုက်ခြင်းပင်။
ရှောင်လင်ဖုန်းသည် စိတ်မလုံသဖြင့် ခေါင်းငုံ့ထားလိုက်ပြီး သူ့မှာ မစားချင်တာမဟုတ်ဘဲ သည်နေ့ သရေစာ အများကြီး စားလိုက်မိသည့်အတွက်ဖြစ်ကြောင်း အစ်ကိုကြီးဖြစ်သူကို မပြောပြရဲပေ။ သူ့အစ်ကိုကြီးက မနေ့က ဆီးဖျော်ရည်ကောင်းကြောင်း သိသွားသည်ကို သတိရသွားပြီး သူသည် စုန့်ရန်အား နောက်ထပ် ဆီးဖျော်ရည်တစ်ပန်းကန်း ယူလာခိုင်းလိုက်လေသည်။
“ အစ်ကိုကြီးက ပင်ပန်းမှာနေမှာ၊ အမောပြေလေး များများသောက်လိုက်”
ရှောင်လင်ယွီက မျက်လုံးထဲတွင် အပြုံးတစ်ခု ဖြစ်သွားလေသည်။ ဒီကောင်လေးက ဆိုးပြီး စိတ်တိုချင်စရာကောင်းတယ်လို့ ပြောကြတာလေ။ သူက တကယ်လည်း တခါတလေကျရင် ဒေါသထွက်စရာကောင်းတယ်။ ဒါပေမဲ့ သူ့ကို ချစ်စရာကောင်းတယ်လို့ ပြောမယ်ဆိုရင်တော့ တခါတလေကျတော့လည်း တကယ်ပဲ အမောပြေဆေးလေးလေ။
အကြီးဆုံးအစ်ကိုသည် ခွက်တစ်ဝက်လောက် သောက်လိုက်သည်ကို မြင်လိုက်ရသဖြင့် ရှောင်လင်ဖုန်းသည် ရုတ်တရက်အတွေးပေါက်သွားတော့သည်။
“အစ်ကိုကြီး ကျွန်တော်တို့စားသောက်ဆိုင်မှာလည်း ဒီလိုချက်ပြုတ်နည်းမျိုးရှိရင် ငွေတွေအများကြီး ပိုရှာနိုင်မှာမလား”
ရှောင်မိသားစုတွင် မိသားစုလုပ်ငန်းကြီးတစ်ခု ရှိသည်။ သူတို့သည် စားသောက်ဆိုင်များနှင့် တည်ခင်းဧည့်ခံသည့် ကဏ္ဍကိုလည်း လုပ်မည်မှာ ပြောရန်ပင်မလိုချေ။ လော့ဟယ်မြို့ရှိ ယွင်ဝေ့ရွှမ်းသည် ရှောင်မိသားစု၏လုပ်ငန်းများထဲက တစ်ခုဖြစ်လေသည်။
ရှောင်လင်ယွိက အငယ်ဆုံးညီလေး၏အတွေးကို မသိဘဲ အဘယ်မှာရှိပါမည်နည်း။ ချက်ပြုတ်နည်းကို ဝယ်ပြီး ငွေရှာရန်က ဆင်ခြေတစ်ခုသက်သက်ပင်။
“ ချက်ပြုတ်နည်းကို ဝယ်ပြီး ငွေရှာမယ်ဆိုတာက အလိမ်အညာတစ်ခုပဲလေ၊ မင်း မြို့တော်ကို ပြန်ရောက်သွားရင် ဒီဆီးဖျော်ရည် မသောက်ရတော့မှာ စိုးရိမ်နေတာမလား”
သူ့စိတ်ထဲက အကြံ ပေါ်ပေါက်သွားသဖြင့် ရှောင်လင်ဖုန်းက ရှက်ရယ်ရယ်လိုက်လေသည်။ ထို့နောက် သူက တောင်းဆိုလိုက်၏။
“ အစ်ကိုကြီး စဥ်းစားကြည့်လေ၊ အဲဒီကောင်မလေးသည် ဆိုင်လေးတစ်ခုတောင် မပိုင်ဘူး၊ သူမက လမ်းပေါ်မှာ ဒီအတိုင်း ခင်းရောင်းရတာ၊ တစ်နေ့ကို စည်ပိုင်းနည်းနည်းလေးပဲ ရောင်းနိုင်တယ်လေ၊ အဲဒါကို စားသောက်ဆိုင်မှာ ရောင်းမယ်ဆိုရင် ၁၂ဆ အဆ၁၀၀လောက် ပိုပြီးတန်သွားမှာ မဟုတ်ဘူးလား”
ရှောင်လင်ဖုန်းသည် ဆီးဖျော်ရည်တစ်ဝက် ကျန်နေသေးသည့် ပန်းကန်လုံးကို ကောက်မလိုက်ပြီး နောက်တစ်ငုံ သောက်လိုက်လေသည်။ အမှန်ပဲ။ ဒီဖျော်ရည်က အမြတ်အစွန်း ရနိုင်ပေမဲ့ ကြီးမားတဲ့ဝယ်လိုအားကိုတော့ မလိုက်နိုင်ဘူး၊ ရှောင်မိသားစုကလည်း တာ့ဖုန်းမှာ စားသောက်ဆိုင် ဒါဇင်မကပိုင်ဆိုင်ထားတာ။ တာ့ဖုန်းရဲ့ နွေရာသီကလည်း ကျဲကျဲတောက်အောင်ပူလွန်းတယ်။ တကယ်လို့များ စားသောက်ဆိုင်တိုင်းမှာ နောက်ထပ်လျှို့ဝှက်အချက်အပြုတ်နည်း ရလာခဲ့ရင် စီးပွားမဖြစ်မှာ မပူရဘူး။ ဒါပေမဲ့ အဲဒီအချက်အပြုတ်နည်းက ဒီကောင်မလေးမိသားစု မှီခိုနေတဲ့ ရတနာတစ်ခု ဖြစ်ရမယ်။ ရောင်းမယ် မရောင်းဘူးဆိုတာက အကြောင်းတစ်ခုဖြစ်သွားပြီ။
သူ့နှုတ်ဆိတ်နေမှုက ရှောင်လင်ဖုန်းကို အနည်းငယ်ပူပင်သွားစေတော့သည်။
“အစ်ကိုကြီး ကျွန်တော်ပြောတာ အကျိုးကြောင်းမသင့်ဘူးလား” မြန်မြန် သဘောတူလိုက်ပါတော့။
“ ကောင်းပြီလေ၊ နောက်နှစ်ရက်လောက်နေရင် အဲဒီကောင်မလေးနဲ့ ငါ တွေ့တဲ့အထိစောင့်ပေး”
ရှောင်လင်ယွိသည် စီးပွားရေးသမားတစ်ယောက်ဖြစ်၏။ လုပ်ငန်းအခွင့်ရေးကို လက်လွှတ်ခံမည် မဟုတ်သည်က ပြောရန်ပင်မလိုချေ။ သူသည် ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။ ဒီကိစ္စသာ အလုပ်ဖြစ်သွားရင် သူတို့မိသားစုလုပ်ငန်းအတွက်လည်း ကောင်းတဲ့ကိစ္စတစ်ခုပဲလေ ဟုတ်တယ်မလား။
***
သုံးရက်ကြာပြီးနောက် စည်ကားလှသည့်စျေးထဲတွင် စုမိသားစုမှ ညီအစ်မများသည် သည်နေ့လည်း ဆီးဖျော်ရည်များကို ရောင်းလို့ကုန်သွားပြီး အိမ်ပြန်ရန် ထုပ်ပိုးနေကြစဥ် အရည်သွေးကောင်း အိမ်စေအဝတ်အစားများ ဝတ်ဆင်ထားသည့် ယောက်ျားနှစ်ယောက်က ဆိုင်ရှေ့တွင် လာရပ်လေသည်။ ယိုကျင့်က ဆီးဖျော်ရည်လာဝယ်သည်ဟု ထင်လိုက်ပြိး ပြုံးကာ အသိပေးလိုက်လေသည်။
“ အားနာပါတယ်ရှင်၊ ဒီနေ့ အားလုံးရောင်းလို့ကုန်သွားပြီရှင့်၊ မနက်ဖြန်မှ ထပ်လာခဲ့နော်”
ကလေးမျက်နှာနှင့် လူက သဘောထားကြီးစွာ ပြုံးလိုက်ပြီး
“ကလေးမ ငါတို့က ဆီးဖျော်ရည် လာဝယ်တာမဟုတ် ငါတို့အိမ်က သခင်ကြီးက ဆွေးနွေးစရာကိစ္စလေး ရှိလို့ မိန်ကလေးကို ယွင်ဝေ့ရွှမ်းကို ဖိတ်ချင်လို့ပါ”
ယိုကျင့်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။ မျက်မှောင်ကျုံ့ရင်း မေးလိုက်၏။
“ ရှင်တို့အိမ်ရဲ့သခင်ကြီးကဟုတ်လား”
သူမ ဘယ်လူချမ်းသာကိုမှ အပြစ်မလုပ်ခဲ့မိပါဘူးလေ ဟုတ်တယ်မလား။ ဒီအစေခံနှစ်ယောက်က သူတို့တွေထက်တောင် အများကြီး ကောင်းကောင်းမွန်မွန်ဝတ်စားထားသေးတယ်။ အစေခံတွေတောင် ချမ်းသာမှတော့ သခင်ဆိုရင် ဘယ်လောက်တောင်ချမ်းသာလိုက်မလဲ။
“ဘာကိစ်စလဲ မသိဘူး”
သူမ၏ခုခံနေသည့် အမူအရာကို မြင်လိုက်သည်တွင် အစေခံက အပြုံးဖြင့် ပြန်ဖြေလိုက်ေသည်။
“ မိန်းကလေး ကျွန်တော်တို့အိမ်ကသခင်ကြီးက မင်းနဲ့ လုပ်ငန်းတစ်ခုအကြောင်း ဆွေးနွေးချင်တာပါ ကျွန်တော့်သခင်ကြီးရဲ့ မျိုးရိုးက ရှောင်ပါ”
သူက ရှောင်မျိုးရိုးနာမည်ကို ပြောလိုက်သည်နှင့် ယိုကျင့်သည် တစ်နေ့က လူချမ်းကအရူးလေးကို သတိရသွားတော့သည်။ မဟုတ်သေးဘူး။ ချမ်းသာပြီးအာဏာရှိတဲ့ ရှောင်မိသားစုတဲ့။ ရှောင်မိသားစုက သူမနဲ့ လုပ်ငန်းအကြောင်း ဆွေးနွေးချင်လို့ ဆိုပါလား။ ယိုကျင့်သည် အနည်းငယ် သံသယ ဖြစ်မိသော်လည်း သူမ သွားလိုက်သေးသည်။ နောက်ဆုံး အခွင့်အရေးရတုန်းက ငွေမရှာနိုင်ခဲ့ရင် သူမက ငတုံးတစ်ယောက်ပဲပေါ့။ အဲဒါထက် ယွင်ဝေ့ရွှမ်းရဲ့ ဒုတိယသခင်ကြီးဟွမ်က အသိတစ်ယောက်ပဲလေ။ မကောင်းတာ မဖြစ်လောက်ပါဘူး။
သူမသည်နောက်သို့ လှည့်လိုက်ပြီး ညီမငယ်နှစ်ယောက်ကို ရှင်းပြလိုက်လေသည်။
“ တောင်ဘက်ဂိတ်ကိုသွားပြီး ဦးလေးနျိုကို အရင်အိမ်ပြန်ပို့ခိုင်းလိုက်နော်၊ နောက်မှာ ကိုယ့်ဟာကိုယ် ပြန်လာခဲ့မယ်”
လုပ်ငန်းဆွေးနွေးမည်ဟု ဆိုသော်လည်း အမှန် ဟုတ်မဟုတ်က မသိနိုင်ချေ။ ညီမငယ်နှစ်ယောက်ကို အရင်ပြန်ခိုင်းလိုက်သည်က ပိုကောင်းလိမ့်မည်။
“အွန်း မကြီး စိတ်မပူနဲ့နော်”
ယိုရင်နှင့် ယိုကျင့်တို့သည် ဘာသံသယမှ မဖြစ်ကြချေ။ နောက်ဆုံး မကြီးက သူတို့ ဆီးဖျော်ရည် ပြန်ယူခိုင်းသည်ကလည်း ပထမဆုံးအကြိမ် မဟုတ်သည့်အပြင် သူတို့ရှေ့က လူနှစ်ယောက်ကလည်း လူဆိုးများနှင့် မတူ။ ထို့ကြောင့် ညီအစ်မနှစ်ယောက်သည် စည်ပိုင်းလွတ်ကို သယ်ကာ နာနာခံခံဖြင့် ထွက်လာခဲ့တော့သည်။
ကလေးနှစ်ယောက် ထွက်သွားသည်ကို ကြည့်လိုက်ပြီး ယိုကျင့်က ပြုံးကာ သူတို့ကို လှည့်ပြောလိုက်၏။
“ တကယ် အားနာပါတယ်ရှင်၊ သွားကြရအောင်ပါ”
အစေခံလေးက ပြုံးပြပြီး ဘာမှပြန်မပြောပေ။ သူတို့သည် ရှေ့ကဦးဆောင်သွားလိုက်ပြီးနောက် အချိန်တိုအတွင်း ယွင်ဝေ့ရွှမ်း၏ ဝင်ပေါက်သို့ ရောက်လာကြလေသည်။ ထိုအချိန်တွင် ရှောင်ညီအစ်ကိုက ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုထဲတွင် စောင့်နေကြ၏။
သည်နေ့ ရှောင်လင်ဖုန်းသည် သူ့အစ်ကိုက ယွင်ဝေ့ရွှမ်းသို့ လာမည်ကို သိထားလေသည်။ သူသည် သူ့နောက်လိုက်လာရန် တဂျီဂျီလုပ်လေတော့သည်။ သူသည် အိမ်တော်က စားတော်ကဲနှစ်ယောက်၏ လက်ရာကို အမှန်ပင် ငြီးငွေ့လှလေပြီ။ ထို့ကြောင့် သူသည် နားပူနားဆာလုပ်ပြီး အစ်ကိုဖြစ်သူအား ပြဿနာမပေးပါဘူးဟု ကျိန်ဆိုလိုက်တော့သည်။ ထိုအခါမှ ရှောင်လင်ယွိက သူ့အား အပြင်ထွက်ခွင့်ပေးရန် အင်တင်တင်ဖြင့် သဘောတူလိုက်လေတော့သည်။
…