အပိုင်း (၅၇) ပိုက်ဆံဆုံးသွားတဲ့ အရူးကောင်လေး
စုန့်ရန်သည် ရှောင်းမိသားစု၏ တင်းကျပ်မှုအောက်၌ အိမ်မှုကိစ္စကြီးကြပ်ရင်း ကြီးပြင်းလာခဲ့သည်။ သူ၏ဘ၀၌ ဖိအားပေးသည့် တစ်ဖက်သတ်ဆန်သော စီးပွားရေးမျိုး မလုပ်ဖူးခဲ့ပေ။ အခြားလူ၏စွပ်စွဲမှုကို မည်သို့ခံနိုင်မည်နည်း။ သူ၏ကြည်လင်သည့် အသားအရေလမှာ နီမြန်းလာတော့သည်။ သို့သော်လည်း သူ၏သခင် ညွှန်ကြားထားသော တာ၀န်မှာ မပြီးမြောက်သေးပေ။ ထိုသို့သာ အိမ်ပြန်သွားပါက သူ့သခင်မှ အသေမသတ်လျှင် အရေခွံခွာလိမ့်မည်။ ထို့အတွက် အရဲစွန့်ကာ ထပ်မေးလိုက်ရသည်။
ယိုကျင့်သည်လည်း ဘေးကျပ်နံကျပ်ဖြစ်နေလေသည်။ ထိုကဲ့သို့ အရောင်းအ၀ယ်အကြီးစားကို လက်လွှတ်ရန် နှမြောသော်လည်း ထိုကိစ္စကြီးတစ်ခုအတွက် သူမ၏နေ့စဉ်၀ယ်ယူသူများကို မသိကျိုးကျွံပြုရန်လည်း မဖြစ်ပေ။ ထို့အတွက် သူမသည် ထိုလူနှင့် ညှိနှိုင်းလိုက်သည်။
“ဒီကအစ်ကိုကြီး ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ကျွန်မဒီနေ့ အစ်ကို့ကို တစ်ပုလင်းစာ ရောင်းပေးမယ်။ လိပ်စာပေးထားခဲ့လိုက်ပါ။ ကျွန်မမနက်ဖြန်ကျမှ အစ်ကိုတို့ဆီ တစ်အိုးသပ်သပ် လာပို့ပါ့မယ်”
စုန့်ရန်သည် မတတ်သာစွာပင် သခင်ဖြစ်သူ စိတ်ကျေနပ်စေရန် ယိုကျင့်ပြောသည့်အတိုင်းသာ ကရားတစ်အိုးစာ ပမာဏကိုသာ ၀ယ်ယူခဲ့လိုက်ရသည်။
“ကလေးမ အဲဒါဆို မနက်ဖြန်ကျ ယုချန်လမ်းကြား အရှေ့ဘက်က အိမ်တော်ကို သေချာပေါက်ပို့ပေးနော်”
“ဟုတ်ကဲ့ စိတ်ချပါ။ မနက်ဖြန် အစောကြီးပို့ပေးပါ့မယ်” ထို့နောက် ယိုကျင့် ကရားထဲသို့ ဆီးချိုရည်များ အမြန်ထည့်ပေးလိုက်သည်။ ကရားဖိုးအပါအ၀င် နှစ်ဆယ့်ငါးယွမ်မျှ တောင်းယူလိုက်သည်။ ထို့နောက် စုန့်ရန်အား နှုတ်ဆက်လိုက်သည်။
အနောက်၌ရပ်ကာ လော့ဟယ်စီရင်စု၏ အကောင်းဆုံး ဆီးချိုရည်ကို သောက်နေသော ၀ယ်သူသည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း ၀မ်းသာမိသည်။ “စုမိန်းကလေး မင်းတို့စီးပွားရေးက တစ်နေ့တခြား ကြီးကြီးလာတာပဲ”
“အကုန်လုံးရဲ့အကူအညီကြောင့် တစ်နေ့ ငွေနည်းနည်းလောက် စုမိရုံပါပဲ။ စီးပွားရေးကြီးကြီးလို့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ” ယိုကျင့်သည် သစ်သားပုံးထဲမှ နောက်ဆုံးကျန်ရှိသည့် ဆီးချိုရည်ကို ခပ်ကာ နောက်ဆုံး၀ယ်သူဆီသို့ အပြုံးလေးဖြင့် ကမ်းပေးလိုက်သည်။
ယိုကျင့်သည် ထိုသို့ပြောနေသော်လည်း ခေါင်းထဲ၌ မျက်နှာစာ ဆိုင်ခန်းတစ်ခု တည်ရန် တွက်ချက်လျက်ရှိသည်။ သူမတို့သည် နွေရာသီတွင် အပူသက်သာစေသော အစားအသောက်များ ရောင်းချပြီး ဆောင်းရာသီတွင် ခေါက်ဆွဲနှင့် ဘိန်းမုန့်များ ရောင်းချ၍ရပေသည်။ ထိုသို့ပြုလုပ်ခြင်းက လယ်စိုက်ခြင်းထက် သာပေလိမ့်မည်။
သို့သော် ယခုတွင် ဆိုင်ဖွင့်ရန်အတွက် ပြဿနာနှစ်ခုရှိပေသည်။ ပထမတစ်ခုသည် ငွေမလုံလောက်ခြင်း ဖြစ်သည်။ မိသားစု၏ပိုက်ဆံများသည် ယိုကျင့်၏လက်ထဲ၌သာရှိသည်။ စုစုပေါင်း သုံးဆယ်လေးဆယ်လျန်မျှသာ ရှိသေးသည်။ လော့ဟယ်စီရင်စု၌ ကောင်းမွန်သည့်နေရာတွင် ဆိုင်တစ်ခုတည်ရန် ငွေအမြောက်အမြားလိုအပ်သည်။ သူမတို့သည် ထိုမျှ မတတ်နိုင်သေးပေ။ ဒုတိယတစ်ခုမှာ လုပ်သားအင်အား မလုံလောက်ခြင်းပင်ဖြစ်သည်။ စုမိသားစုတွင် အားနည်းသည့် အမျိုးသမီးများနှင့် ကလေးများသာ ရှိကြသည်။ လက်ရာကောင်းမွန်သည့် အမျိုးသမီးစုသည်လည်း ကျန်းမာရေး ကောင်းမွန်သည် မဟုတ်ပေ။ ထို့အပြင် မွေးကင်းစကလေးနှစ်ဦးလည်း ရှိသည့်အတွက် သူမသည် မီးဖိုချောင်၌ မည်သို့ စိတ်လွတ်လက်လွတ် ပါ၀င်ကူညီနိုင်မည်နည်း။
ထို့အတွက် သူမတွင် နည်းလမ်းတစ်မျိုးသာ စဉ်းစားနိုင်တော့သည်။ ရှေးဦးစွာ စိတ်အေးလက်အေးဖြင့်သာ ဆီးချိုရည်ရောင်းပြီး ပိုက်ဆံစုမိမှသာ ဆိုင်ခန်းတည်မည်ဖြစ်သည်။
ဆီးချိုရည်များ ရောင်းကုန်သွားပြီးနောက် အိမ်ပြန်ချိန် ကျရောက်လာပေသည်။ ယိုကျင့်တို့ ညီအစ်မသုံးယောက်သည် မနက်ဖြန် ရောင်းရမည့် ဆီးချိုရည်အတွက် ဖျော်စပ်ရင်း အလုပ်များနေကြသည်။ သူမတို့သည် အမျိုးသမီးစုဆီမှာ ဆီးချိုရည်ပြုလုပ်ခြင်း နည်းလမ်းကို သင်ယူကာ ကူညီလုပ်ကိုင်ပေးသည့်အတွက် အမျိုးသမီးစုသည် အနည်းငယ် သက်သာရာရပေသည်။
ဆီးချိုရည်များ ပြုတ်ပြီးသည့်အချိန်၌ နေမပူပြင်းတော့သည့်အတွက် ယိုကျင့်သည် တောင်ပေါ်သို့ ခြင်းတောင်းဖြင့် တက်ကာ နွယ်ချိုပင်များကို ရှာလေသည်။ နွယ်ချိုပင်များသည် ဆီးချိုရည်ပြုလုပ်ရာ၌ မရှိမဖြစ် လိုအပ်သည့် ပါ၀င်ပစ္စည်းဖြစ်သည်။ ငွေကုန်သက်သာစေရန် စုမိသားစု အသုံးပြုသမျှ နွယ်ချိုပင်များအားလုံးကို တောင်ပေါ်မှသာ ခူးယူအသုံးပြုခဲ့ရသည်။
ယိုရင်နှင့်ယိုကျူးသည် အိမ်၌နေကာ မနက်ဖြန် ရောင်းရမည့် အချိုပွဲများကို အမျိုးသမီးစုနှင့်အတူ ကူညီလုပ်ကိုင်ပေးနေခဲ့သည်။ သူမတို့၏အချိုပွဲများသည် ရောင်းရလွယ်ကူပေသည်။ အချိုပွဲများသည် နူးညံ့ပျော့ပြောင်းကာ ချိုမြသည့်အပြင် အခြားသော အချိုပွဲဆိုင်များထက် ထက်၀က် ဈေးသက်သာပေသည်။ ထို့ကြောင့် နာရီပိုင်းအတွင်းပင် ရောင်းကုန်လေသည်။
အမျိုးသမီးစုသည် ဂျုံများကို စည်းစနစ်တကျ ရောနယ်နေရင်း အပြုံးဖျော့ဖျော့လေးတစ်ခုသည် သူမ၏နှုတ်ခမ်းထောင့်၌ ထွက်ပေါ်နေလေသည်။ သူမသည် ယခုကဲ့သို့ ဘ၀မျိုးကို အိပ်မက်ပင် မမက်ဖူးခဲ့ချေ။ ယခင်က ယွဲ့မိသားစုအိမ်၌ သူမ၏ ဟင်းချက်စွမ်းရည်များကို မထုတ်သုံးခဲ့ခြင်း မဟုတ်ပါချေ။ အဘွားချန်၏နှစ်သက်မှုကို ရရန်အတွက် သူမသည် အရသာရှိသည့် ဟင်းပွဲအများအပြားကို ချက်ပြုတ်ပေးခဲ့ဖူးသည်။ အစပိုင်း၌ ထိုအရာသည် အသုံး၀င်ခဲ့သည်။ သို့သော် သူမသည် သားယောက်ျားလေး မမွေးဖွားနိုင်ဘဲ သမီးမိန်းကလေးများသာ တစ်ဦးပြီးတစ်ဦး မွေးဖွားခဲ့ချိန်၌ ပြောင်းလဲသွားခဲ့သည်။ သူမသည် အစားအသောက် ဖြုန်းတီးသည်ဟုသာ စွပ်စွဲအပြစ်တင်ခံခဲ့ရသည်။ ထိုမှတ်ဉာဏ်များသည် ပြန်တွေးကြည့်ပါက မခံမရပ်နိုင်စရာပင်ဖြစ်သည်။
ယခု၌ အရာအားလုံး ပြောင်းလဲသွားပေသည်။ သူမ၏ကျန်းမာရေးလည်း တိုးတက်လာပြီး ကလေးများ၏အပြုံးများလည်း တဖြည်းဖြည်း ပို၍တောက်ပလာခဲ့သည်။ ကလေးများ၏ အရပ်သည်လည်း ရှည်လာကာ ၀ဖြိုးလာကြပေသည်။ ထို့အပြင် သူမသည်လည်း မီးဖိုချောင်၌ သူမသဘောကျနှစ်သက်သည်များကို ချက်ပြုတ်နိုင်ပေသည်။ ယခုလက်ရှိ အရာအားလုံးသည် ယိုကျင့်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
…………..
ရှောင်လင်ဖုန်းတို့ဘက်၌ စုန့်ရန်က ဆီးချိုရည် ၀ယ်ပြန်လာသည့်အချိန်တွင် သူသည် ဆီးချိုရည် နှစ်ခွက်ကို အလျင်စလို သောက်လိုက်လေသည်။ သူ၏ညစာစားချင်စိတ်မှာလည်း တိုးတက်လာပေသည်။ ယခင်နေ့များထက် ထမင်းတစ်ပန်းကန် ပိုစားဖြစ်ခဲ့သည်။ ထိုအရာက အကြီးဆုံးသား ရှောင်လင်ယွိကို အံ့အားသင့်စေခဲ့သည်။ သူသည် ညီဖြစ်သူဆီသို့ ရတနာရှစ်ပါး ဘဲပေါင်းကို ဖဲ့ကာ ထည့်ပေးလိုက်တော့သည်။ “ဒီတစ်ခါရော ဘာစိတ်၀င်စားစရာများတွေ့လို့လဲ”
ရှောင်လင်ဖုန်းသည် အစ်ကိုဖြစ်သူအား မကျေနပ်သကဲ့သို့ စိုက်ကြည့်လိုက်သည်။ “လူအိုကြီးမရှိတုန်း အစ်ကိုကြီးက မသိချင်ယောင်ဆောင်ပေးပါ့လား”
တကယ်လို့ အစ်ကိုကြီးသာ အမိန့်မပေးခဲ့ရင် ငါအပြင်ခိုးထွက်လို့ ရနိုင်တယ်မလား။
ညီဖြစ်သူ၏ ဆိုးသွမ်းသည့် ဒေါသမှာ မပျောက်သေးပေ။ အကြောင်းအရင်း သိနေသည့် အပြုံးတစ်ခုသည် ရှောင်လင်ယွိ၏ မျက်နှာ၌ ပေါ်ထွက်လာကာ ထိုအပြုံးသည် ရှောင်လင်ဖုန်း၏အပြုံးနှင့် ခုနှစ်ဆယ်ရာခိုင်နှုန်းမျှတူလေသည်။ ရှောင်လင်ယွိသည် သူ၏တူကို ချလိုက်ကာ ပြောလေသည်။ “လူအိုကြီးက မင်းကို မြို့တော်ကို မြန်မြန်ပြန်လာစေချင်တာ။ အစ်ကိုသာ မင်းအတွက် မတောင်းဆိုခဲ့ရင် မင်းအခုဆို မြို့တော်ကို ပြန်ရောက်နေလောက်ပြီ”
လင်ဖုန်းသည် လူအိုကြီး၏အနှစ်သက်ဆုံး မြေးဖြစ်သည်။ ထို့အတွက် မြေးဖြစ်သူထံ၌ ထိုသို့ အန္တရာယ်မျိုး မည်သို့ အဖြစ်ခံနိုင်မည်နည်း။ သို့သော်လည်း ညီဖြစ်သူမှာ တစ်ဆယ့်သုံးနှစ်ရှိပြီဖြစ်၍ လောကဒဏ် အနည်းငယ်ကို ခံစားသင့်ပြီဟု သူထင်ပေသည်။ သူ၏မိသားစုကို ညီဖြစ်သူအပေါ်၌ တစ်သက်လုံး ကာကွယ်စောင့်ရှောင်ခြင်း မပြုစေချင်ပေ။ ထို့ကြောင့် လူအိုကြီး ပို့လိုက်သည့် လူမှာ နောက်ဆုတ်သွားခဲ့ခြင်းဖြစ်သည်။ ရှောင်လင်ယွိသည် ရှောင်လင်ဖုန်းအား လော့ဟယ်စီရင်စု၌ နေခွင့်ပြုခဲ့သည်။
ရှောင်လင်ဖုန်းသည် သူ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ မထူးဆန်းတော့ပါဘူး…. ထိုလူအိုကြီး၌ ကြင်နာတတ်သည့် စိတ်ထားလေး ပေါ်လာပြီဟု သူတွေးလိုက်မိသည်။ ထိုလူကြီး၌ ထိုသို့အတွေးမျိုး ပေါ်လာရန် အကြောင်းမရှိပေ။ အစ်ကိုကြီးသာ သူ့အတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း အစ်ကိုဖြစ်သူထံ၌ အလိုမကျစွာ ပြုမူခဲ့သည်ကို စဉ်းစားမိပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ရှောင်လင်ဖုန်းသည် စုန့်ရန်အား လက်ယက်ခေါ်လိုက်ကာ သူ၏နားသို့ စကားအနည်းငယ် ကပ်ပြောလိုက်သည်။ စုန့်ရန်သည် ထွက်ခွာမသွားခင် ကိုယ်ကိုကိုင်းကာ နားလည်ကြောင်း အထပ်ထပ်ပြောခဲ့လေသည်။
ခဏအကြာ၌ စုန့်ရန်သည် ရေခဲထဲ၌ သိပ်ထားခဲ့သော ဆီးချိုရည် နှစ်ခွက်ဖြင့် ပြန်လာခဲ့သည်။
“အကြီးဆုံးသခင်လေး သခင်ငယ်လေး”
စုန့်ရန်ယူကာ ပြန်လာသည့် ဆီးချိုရည်များသည် ယနေ့၀ယ်လာခဲ့သည့် နောက်ဆုံးကျန်ရှိသည့် အချိုရည်များ ဖြစ်ပေသည်။
သေးငယ် ဖြူဖွေးသည် ကျောက်ပန်းကန်လုံးလေးထဲရှိ အမည်မသိ အရည်များကိုကြည့်ကာ ရှောင်လင်ယွိသည် အနည်းငယ်ချဉ်သည့်အနံ့ကို ရလိုက်သည်။ “ဆီးချိုရည်”
အစ်ကိုဖြစ်သူ ရှောင်လင်ယွိ၏ မျက်နှာပေါ်မှ အနည်းငယ် မကြိုက်နှစ်သက်သည့် အမူအရာကို မြင်သည့်အခါ ရှောင်လင်ဖုန်းသည် မပျော်မရွှင် ဖြစ်မိသွားသည်။ အစ်ကိုဖြစ်သူအား တိုက်ရန် သူသည် အချိန်အတန်ကြာ စဉ်းစားခဲ့ရပေသည်။ သူက မကြိုက်ဘူး။ ရှောင်လင်ဖုန်းစည် မကြည်မသာ ပြောလိုက်တော့သည်။ “အစ်ကို မကြိုက်ရင်လည်း ကျွန်တော့်ကို ပြန်ပေး”
ရှောင်လင်ယွိသည် ရှောင်လင်ဖုန်းထက် အသက်ခုနှစ်နှစ် ကြီးပေသည်။ မိသားစု၏ အကြီးဆုံးသား အနေဖြင့် လေးလံသည့်၀န်များကို သယ်ပိုးထားရသည်။ သူသည် ငယ်စဉ်ကတည်းကပင် တင်းကျပ်သည့် သင်ကြားမှုကို ခံယူခဲ့ရသည့်အတွက် ရင့်ကျက်ပေသည်။ ငယ်စဉ်ကတည်းက မိသားစု၏လက်ထဲ၌ ချစ်ခင်မြတ်နိုး အလိုလိုက်ခံခဲ့ရသော ရှောင်လင်ဖုန်းနှင့်မတူညီပေ။ သို့သည့်တိုင် ရှောင်လင်ယွိသည် ညီငယ်လေးအား ချစ်ခင်ပေသည်။ ညီဖြစ်သူ၏ မပျော်ရွှင်သည့်မျက်နှာကို မြင်လိုက်ရသောအခါ မကြိုက်နှစ်သက်သည့် ဆီးချိုရည်ကိုပင် ပါးစပ်အပြည့် တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
“ဘယ်လိုလဲ သောက်ကောင်းတယ်လား” အစ်ကိုဖြစ်သူထံမှ အသိအမှတ်ပြု ခေါင်းညိတ်မှုကို လက်ခံရရှိလိုက်သောအခါ ရှောင်လင်ဖုန်းသည် သူ၏ခေါင်းကိုမော့ကာ လက်ကို ခါး၌ထောက်ရင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောလေသည်။
“ဒါကို ခက်ခက်ခဲခဲ ၀ယ်ထားရတာနော်” ရှောင်လင်းယု၏ မျက်နှာ၌ အပြုံးဖျော့ဖျော့လေး ပေါ်လာခဲ့သည်။ “မဆိုးပါဘူး”
အစ်ကိုဖြစ်သူ၌ ဟင်းပွဲမြောက်မြားစွာ ရှိသော်လည်း အရသာ မတွေ့တတ်မှန်း ရှောင်လင်ဖုန်း သိပေသည်။ အစ်ကိုဖြစ်သူထံမှ ထိုကဲ့သို့ မှတ်ချက်များရရန် ရှားပါးပေသည်။ ရှောင်လင်ဖုန်းသည် သူ၏ခါးကို တည့်တည့်မတ်ထားကာ အမှတ်များ အားလုံးကို ယူလိုက်သည့်ပုံစံဖြင့် ပြောလိုက်သည်။
“အဲဒါအကုန် ကျွန်တော့်ကျေးဇူးကြောင့်နော်”
ညီဖြစ်သူ၏ ခဏတာ ကြည့်ရှုစောင့်ရှောက်သူအနေဖြင့် ညီဖြစ်သူမှာ ယနေ့အပြင်ထွက်ချင်ခဲ့ကြောင်း ရှောင်လင်ယွိ သိပေသည်။ ထိုအချိန်၌ ပျော့ပျောင်းချိုမြသည်ကိုသာ စားသုံးလေးရှိသည့် ညီဖြစ်သူအား အပြင်ခိုးထွက်ရသည်အထိ အစားအသောက်ခုံမင်လာစေသော ဆီးချိုရည်ပြုလုပ်သူကို သိချင်မိခဲ့သည်။ ယခု သူအမြည်းစမ်းကြည့်သည့်အခါ အမှန်ပင် အရသာရှိပေသည်။
ညီအစ်ကို နှစ်ယောက်သည် အချိန်အကြာကြီး စကားပြော ဆွေးနွေးခဲ့ကြသည်။ ရှောင်လင်ယွိသည် သူ့ညီအား နောက်လာမည့်နှစ်ရက်အတွင်း မြို့ထဲသို့ လိုက်ပြမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ရှောင်လင်ဖုန်း၏ နှစ်ရက်တာ ဆိုးရွားခဲ့သော စိတ်အခြေအနေမှာလည်း သက်သာသွားခဲ့သည်။
………….
နောက်ရက်မနက်အစော၌ စုညီအစ်မများသည် ဆီးချိုရည်များ ရောင်းရန် မြို့ထဲသို့ ထပ်မံရောက်လာခဲ့ကြသည်။ ဆိုင်ခန်း၌ သစ်သားအိုးတစ်လုံးချကာ ပြင်ဆင်ပြီးနောက် ယိုကျင့်သည် ဦးလေးနျို၏ နွားလှည်းပေါ်သို့ မတက်ခင် ညီမများအား မှာကြားလိုသည်များ မှာကြားခဲ့သည်။ ထို့နောက် ယုချန်လမ်းကြား အရှေ့ဘက်သို့ သဘောတူညီမှုအတိုင်း ဆီးချိုရည်တစ်အိုး ပို့ဆောင်ရန် သွားရောက်ခဲ့သည်။
ထိုအချိန်တွင် ရှောင်အိမ်တော်၏ ခြံအရှေ့နှင့် အနောက်ပိုင်းမီးဖိုချောင်သည်ပင် ပုံမှန်အတိုင်း အလုပ်များနေခဲ့သည်။ ရှောင်အိမ်တော်၏ အကြီးဆုံးသခင်လေးသည် နေ့စဉ် မနက်သုံးနာရီ၌ အပြင်ထွက်လေ့ရှိပေသည်။ အနောက်ပိုင်း မီးဖိုချောင်သည် သခင်ဖြစ်သူအတွက် အရသာရှိသော ဟင်းခွက်များနှင့် နူးညံ့လှသည့် မနက်စာကို ပြင်ဆင်ပေးနေပေသည်။
တစ်ချိန်တည်း၌ပင် အငယ်ဆုံးသခင်လေးမှာ အိပ်ရာ၌ အိပ်မောကျနေခဲ့သည်။ အကြီးဆုံးသခင်လေးသည် ဖြီးလိမ်းပြီးချိန်၌ သူ၏ဖြူဖျော့သွယ်လျသော လက်ချောင်းများဖြင့် ကျောက်စိမ်းဆံထိုးကို ယူကာ ရေတံခွန်ကဲ့သို့ ဖြာကျနေသော ပိုးသားဆံပင်ထဲသို့ အလှဆင်လိုက်သည်။ သူသည် အင်္ကျီကို ဝါးရွက်များဖြင့် စီခြယ်ထားသော အပြာရောင် မြကျောက်ရောင် ၀တ်စုံကို လဲလယ်လိုက်သည်။ သူ၏ ကြယ်ရောင်ကဲ့သို့ စူးရှတောက်ပသည့် မျက်၀န်းများကြောင့် မိန်းကလေးများ၏ နှလုံးသားများကို မည်မျှ ဖမ်းစားနိုင်မည်ကို မည်သူသိမည်နည်း။ ရှောင်လင်ယွိသည် အမှန်ပင် ကျောက်တောင်ကဲ့သို့ မာကျောလှပသည့် အမျိုးသားကောင်းတစ်ဦးဖြစ်သည်။
ယိုကျင့်သည် ရှောင်မိသားစု၏ ၀င်ပေါက်သို့ ဆီးချိုရည် ပို့ချိန်၌ ရှောင်လင်ယွိသည် မနက်စာစားပြီး လှည်းထဲသို့ ရောက်နေပြီးဖြစ်သည်။ သူသည် ၀င်ပေါက်မှ ဆူညံသံများကြောင့် လှည်းကို ရပ်ခိုင်းလိုက်သည်။ “အပြင်မှာ ဘာဖြစ်နေတာလဲ”
အပြင်မှ စာသင်ကူလေးသည် ပြန်လည် ဖြေကြားလိုက်သည်။ “အကြီးဆုံးသခင်လေးကို ဖြေကြားပါတယ်။ ဆီးချိုရည်ဆိုင်ကနေ ဆီးချိုရည် ပို့ဖို့ မိန်းကလေးတစ်ယောက်ကို လွှတ်လိုက်တာပါ”
ထိုနေ့က ညီလေးကို ကယ်တင်လိုက်သည့် သူဖြစ်ရမည်။ ရှောင်လင်ယွိသည် လှည်းရှိ လိုက်ကာစကို မကာ ၀င်ပေါက်ကို လှမ်းကြည့်လိုက်သည်။ ဝါးစိမ်းရွက်များဖြင့် စီခြယ်ထားသည့် အပေါ်၀တ်နှင့် စကတ်ကို တွဲ၀တ်ထားသော အသက်ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ် ကောင်မလေးတစ်ဦးသည် သူ၏မျက်၀န်းထဲသို့ ၀င်လာခဲ့သည်။ သူမသည် အမှန်ပင် လူကြီးသုံးဦးကို အနိုင်ယူကာ ရှောင်လင်ဖုန်းကို အလွယ်တကူ ကယ်တင်ခဲ့သည့်အတွက် ထိုကလေးမအပေါ် အနည်းငယ် အထင်ကြီးမိသွားသည်။
ရှောင်လင်ယွိသည် ၀င်ပေါက်၌ ရပ်စောင့်နေသော လူငယ်အစောင့်လေးအား ခေါ်လိုက်လေသည်။
“ငွေကြီးကြပ်ရေးမှူးဆီသွားပြီး အဲ့ကလေးမကို လျန်းငါးဆယ် ပေးလိုက်”
သူ၏ညီငယ်အား ကယ်တင်ပေးသည့်အတွက် ဆုအဖြစ် သတ်မှတ်လိုက်သည်။ မှာကြားပြီးနောက် လှည်းအား ဆက်သွားရန် အချက်ပြလိုက်သည်။
ရှောင်မိသားစု၏ ၀င်ပေါက်၌ စောင့်ဆိုင်းနေသည့် ယိုကျင့်သည် ငွေလျန်ငါးဆယ်အား တခဏအတွင်း လက်ခံလိုက်ရပေသည်။ ဘ၀၏အနိမ့်အမြင်အတက်အကျကို ခံစားဖူးသည့် ယိုကျင့်သည်ပင် ပါးစပ်ဟကာ မအံ့ဩဘဲ မနေနိုင်ချေ။ ဘာလဲဟ။ အခုလတ်တလော လူချမ်းသာတွေက လှည့်စားရတာ သဘောကျနေတာလား။ ဆီးချိုရည် တစ်အိုးမှ ယွမ်ခုနှစ်ဆယ် ရှစ်ဆယ်လောက်ပဲရှိတာကို လျန်ငါးဆယ်ပေးတယ်။ ယိုကျင့်သည် ထိုငွေကို လက်ခံချင်သော်လည်း သူမ၏မသိစိတ်က ထိုသို့ ပြုလုပ်ခွင့် မပြုခဲ့ပေ။ “ဒီက အစ်ကိုကြီး ညီမတို့ရဲ့ ဆီးချိုရည်က အဲ့လောက်မထိုက်တန်ပါဘူး…”
ထိုလူငယ်လေးသည် ပြုံးလိုက်ကာ စကားအနည်းငယ် ပြောလိုက်သည်။
“မိန်းကလေး မင်းက တအားကံကောင်းတာပဲ။ ဒါက ငါတို့အကြီးဆုံး သခင်လေးက ပေးဖို့ မှာခဲ့တာ။ သူက မင်းအတွက်ဆိုခဲ့မှတော့ ယူလိုက်ပေါ့”
ယိုကျင့်သည် သူတို့ရှောင်မိသားစု၏ အကြီးဆုံးသခင်လေးမှာ မျက်ကန်းဖြစ်နေလားဟု မေးချင်သော်လည်း အမျှော်အမြင်ရှိစွာဖြင့် စကားလုံးများကို မြိုချလိုက်ကာ ကျေးဇူးတင်စကားပြော လိုက်သည်။ ငွေကိုလက်ခံပြီးနောက် ရှောင်အိမ်တော်မှထွက်ခွာကာ သူမ၏ ဆိုင်ခန်းငယ်လေးဆီသို့ ပြန်သွားလိုက်သည်။ သူမ၏ဆီးချိုရည်များကို ရောင်းရဦးမည်ဖြစ်သည်။
ရှောင်လင်ဖုန်းသည် နေမြင့်သည်အထိ အိပ်ရာမှမထသေးပေ။ သူသည် ဆေးကြောပြီးနောက် ရေခဲစိမ်ထားသော ဆီးချိုရည်ကို သောက်ကာ ယနေ့ ယိုကျင့်ယူလာသည့် ပဲပူတင်းနှင့် နှမ်းကပ်ကြော်ကို စားလိုက်ပြီး စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
“ဒီလို နေရာစုတ်လေးမှာ စားသောက်လို့ရတဲ့ နေရာလေးရှိမယ်မှန်း မထင်ထားခဲ့ဘူး”
တစ်ကိုက်ပြီးတစ်ကိုက်ဖြင့် ပန်းကန်ပေါ်ရှိ ချိုမြသည့် ပဲပူတင်းမှာ ခဏအတွင်း ကုန်သွားပေသည်။ ရှောင်လင်ဖုန်းသည် သူ၏နှုတ်ခမ်းအာ စိတ်ကျေနပ်စွာ သပ်ချလိုက်သည်။ ထို့နောက် သူသည် စုန့်ရန်အား နောက်နေ့၌ အချိုမုန့်များ သွား၀ယ်ရန် မှာကြားလိုက်သည်။
ယိုကျင့်သည် လျန်ငါးဆယ်အား တခဏအတွင်း လက်ခံလိုက်ရပေသည်။ ထိုပမာဏသည် သူမတို့ စုဆောင်းသည်ထက် နှစ်ဆပိုများပေသည်။ ယိုကျင့်သည် ယခုထက်ထိ မယုံကြည်နိုင်သေးပေ။ အချိုမုန့်နည်းနည်းပါသော ခြင်းလေးတွေသည် လျန်ငါးဆယ် တန်မည်ဟု မည်သူယုံမည်နည်း။
မိသားစုအတွင်း၌ ထိတ်လန့် အံ့ဩကာ မယုံကြည်နိုင်ဖွယ်ရာ ကိစ္စများကို ရှောင်ရှားရန် ထိုကိစ္စကို မသိမသာ ချောင်ထိုးကာ သူမ၏ နေ့စဉ်ကိစ္စရပ်များကိုသာ လုပ်ကိုင်နေခဲ့သည်။ သို့သော်လည်း သူမသည် လော့ဟယ်စီရင်စု၌ ငှားရမ်းသည့်မြေဧကများ ရှိမရှိကို စတင်စုံစမ်းတော့သည်။ ပြီးရင် ငါတို့တွေချမ်းသာတော့မယ်……
…