အပိုင်း (၅၆) လှုပ်ရှားခြင်း
ဆီးဖျော်ရည် သောက်မလို့တဲ့လား။ ယိုကျင့်သည် အခိုက်တန့် တောင့်တင်းသွားတော့သည်။ သူက ဆီးဖျော်ရည်လာဝယ်တာကိုး။ သူမသည် ရှက်သလိုလိုဖြစ်သွားပြီး ပြန်ဖြေလိုက်လေသည်။
“ ဒီနေ့အတွက် ဆီးဖျော်ရည်က ကုန်သွားပြီရှင့်၊ နောက်ဆုံးကျန်တဲ့ သုံးပန်းကန်ကို သူတို့သုံးယောက် သောက်လိုက်တာ”
အစပိုင်းတွင် သူတို့သည် ထိုဆီးဖျော်ရည်သုံးပန်းကန် ရောင်းပြီးလျှင်အိမ်ပြန်ဖို့ စီစဥ်ထားခဲ့သည်။ လူရမ်းကားများနှင့် တွေ့ရလိမ့်မည်ဟု လုံးဝင်ထင်မထားခဲ့ချေ။
ကျောက်ပေါက်မာနှင့် လူကြီးသည် သူ့လည်ပင်းတွင် ဓားတိုဖြင့် ထောက်ခံထားရသည်ဖြစ်ရာ တုန်ယင်နေလေသည်။ အစ်ကိုကြီး အစ်မကြီးတို့ရယ် အလာပသလာပ ပြောချင်တယ်ဆိုရင်လည်း ကျုပ်ကို အရင်လွှတ်ပေးပါဗျာ ဟုတ်ပြီလား။ သို့သော် သူသည် သတ္တိကြောင်သူတစ်ယောက်ဖြစ်ရာ သူ့နောက်က အဒေါ်ကြီးက သူပါးစပ်ဟလိုက်သည်နှင့် ဓားဖြင့် သူ့လည်ပင်းအား ဖြတ်လိုက်မည်ကို စိုးရွံ့နေတော့သည်။
ယိုကျင့်သည် နေ့ခင်းကြောင်တောင် လမ်းပေါ်တွင် လူသ-တ်ဖို့ စိတ်ကူးမရှိချေ။ သူမသည် ဓားတိုကို သားရေဖြင့်ပြုလုပ်ထားသည့် ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး ကျောက်ပေါက်မာနှင့်လူကို ကန်ထုတ်ပစ်လိုက်တော့သည်။
“ငါ့ကို လာရန်လာမစနဲ့၊ နောက်တစ်ခါဆိုရင် နင့်လည်ပင်းက ဒီလိုလွယ်လွယ်လေးနဲ့ ပြီးသွားမှာ မဟုတ်ဘူး”
နောက်ဆုံးတော့ လွတ်လပ်သွားပြီဖြစ်ရာ သူတို့သုံးယောက်သည် စိတ်အားထက်သန်စွာဖြင့် ခေါးညိတ်ပြလိုက်၏။ သေးထွက်မတတ် ကြောက်လွန်းသဖြင့် ဝရုန်းသုန်းကား ပြေးထွက်သွားကြတော့သည်။ သူတို့ကို ရေတစ်စည်အပြည့် သတ္တိများပေးလျှင်ပင် သူတို့သည် သည်ကြောက်စရာကောင်းသည့် အဒေါ်ကြိးကို ရန်လာစရဲတော့မည်မဟုတ်ပေ။
ရှောင်လင်ဖုန်းသည် ဆီးဖျော်ရည် မသောက်ရတော့ပါဟု ကြားလိုက်ရချိန်တွင် သူ့ကျောက်စိမ်းရောင် မျက်နှာလေးသည် ချက်ချင်း ငိုက်စိုက်ကျသွားတော့သည်။ ဒီနေ့တကယ် ကံဆိုးတာပဲ။ သူ့ဘဝမှာ ပထမဆုံးအကြိမ် လူရမ်းကားတွေရဲ့ ခြိမ်းခြောက်ခံခဲ့ရတယ်။ အဲဒါထက် သူအရမ်းသောက်ချင်နေတဲ့ ဆီးဖျော်ရည်လည်း မသောက်လိုက်ရဘူး။
ဝမ်းနည်းနေသည့် မျက်နှာဖြင့် မြင်းပေါ်ပြန်တက်သွားသည့်သူ့ကို ကြည့်ရင်း ယိုကျင့်က မြန်မြန်ဆက်ပြောလိုက်လေသည်။
“ သခင်ကြီး ရှင်သောက်ချင်တယ်ဆိုရင် ကျွန်မတို့ ဒီနေရာ မနက်တိုင်းဆိုင်ဖွင့်ပါတယ်၊ ဒါပေမဲ့ စောစောလာမှရမယ်၊ နောက်ကျသွားရင် ကုန်သွားမှာ”
လင်ရှောင်ဖုန်းသည် ခပ်ရေးရေး ခေါင်းညိတ်ပြလိုက်ပြီး မြင်းစီးကာထွက်သွားလိုက်တော့သည်။ ဒီသခင်လေး အရမ်းစိတ်ပျက်သွားပြီ။ အိမ်ပြန်ရောက်ရင် သူ့လူတွေနဲ့ အဲဒီလူတွေကို ပညာပေးခိုင်းရမယ်။ သူတို့တွေ သူ့ဆီးဖျော်ရည်ကို သောက်သွားကြပြီး လမ်းပေါ်မှာ သူနဲ့တောင်ပြိုင်ပြီး ရန်ဖြစ်ချင်တာလေ။
တစ်နာရီကြာပြီးနောက် ယိုကျင့်၏ အသေအလဲရိုက်ခံလိုက်ရသည့် သနားစရာလူသုံးယောက်သည် မြင်းဖြူတစ်စီးနှင့် ကောင်လေးဦးဆောင်သည့် သိုင်းသမားများလို ဝတ်ဆင်ထားသည့် လူတစ်ဒါဇင်၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းခံလိုက်ရတော့သည်။ သူတို့သည် ဒဏ်ရာမှ ပြန်ကောင်းလာရန် ဆယ်ရက်ကျော်လောက် အိပ်ရာထဲတွင် လဲနေရတော့သည်။ အားလုံးသည် နောက်ဆက်တွဲရလဒ်များ ဖြစ်တော့သည်။
***
ယိုကျင့်ဘက်တွင်တော့ ရှောင်လင်ဖုန်းကို နှုတ်ဆက်လိုက်ပြီးနောက် ထမ်းပိုးတစ်ခုတွင် သစ်သားစည်နှစ်လုံးကို ထမ်းကာ အိမ်ပြန်လာခဲ့တော့သည်။ တောင်ဖက်ဂိတ်တွင် အိမ်မပြန်ကြသေးသည့် ယိုရင်တို့နှင့် တွ့ကြလေသည်။ ယိုကျင့် ဘာမှမဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူတို့သည် စိတ်အေးကာ သက်ပြင်းချလိုက်ပြီး
“ မကြီးရယ် ညီမလေးတို့ဖြင့် လန့်လို့သေတော့မယ်”
“ ဘာမှမဖြစ်ပါဘူး၊ အိမ်မြန်မြန်ကြစို့”
ယိုကျင့်က အသိုက်မှထွက်လာသည့် ငှက်ကလေးများလို ကြောက်လန့်နေသည့် ညီမငယ်များကို ပုတ်ပေးလိုက်တော့သည်။
ထိုနေ့က ယိုကျင့်သည် လက်တစ်ဖက်တည်းနှင့် ထိုလူရမ်းကားများကို စာရင်းရှင်းလိုက်သဖြင့် ထိုနေမှစ၍ ဘယ်သူမှ သူမကို ရန်လာမစရဲတော့ချေ။ အခုတော့ ယိုကျင့်သည် နေ့တိုင်း စောစောထပြီး မြို့သို့သွားကာ ဆီးဖျော်ရည်များ ရောင်းနေလေသည်။ နေ့လယ်ခင်းတွင် သူမသည် အိမ်ပြန်စားပြီး အိပ်သည်။ တစ်ရေးအိပ်ပြီးနောက် တစ်ချိန်က မြေဩဇာများ ပုံထားသည့် မြေရိုင်းအနည်းငယ်ကို ဖြည်းဖြည်းချင်း ဆက်ရှင်းလင်းလိုက်လေသည်။ တစ်လလောက် မြေလှန်ထားပြီးနောက်တွင် မြေဧကအနည်းငယ်သည် တဖြည်းဖြည်း မြေဩဇာများ စုလာတော့သည်။ မြေများသည် မြေဆီကြွယ်ဝသည့်ကွင်းများအဖြစ် ချက်ချင်း ပြောင်းမသွားသော်လည်း အရင်ကထက်စာလျှင် အများကြီး ပိုကောင်းလာလေသည်။
ယခုမူ ထိုကွင်းပြင်ထဲတွင် နူးညံ့သည့်အဖူးငယ်လေးများပင် ပေါက်နေလေသည်။ သူတို့သည် စပါးမစိုက်နိုင်သော်လည်း ယိုကျင့်တွင် ဖရဲမျိုးစေ့များ ရှိသည်ဖြစ်ရာ အားလုံးကို စိုက်ထားလိုက်တော့သည်။ ဆောင်းဦးကောက်ရိတ်ပြီးသွားလျှင် ဖရဲ နှစ်ဧက သုံးဧကကို ခူးဆွတ်နိုင်လိမ့်မည်။ နှစ်သက်ကူးအရောင်းတွက် နောက်ထပ်အကျိုးအမြတ်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ယခုမူ မြစ်အနောက်ဘက်ခြမ်းက စုမိသားစုသည် သူတို့စပြောင်းလာကတည်းက တုန်လှုပ်ဖွယ် အပြောင်းအလဲများကို ကြုံကြိုက်ခဲ့ရသည်။ စည်ကားလှသည့်ရယ်သံများ၊ စိမ်းမြမြလယ်ကွင်းနှင့် မီးဖိုဆောင်မှာ မီးခိုးငွေ့များ။ သည်အေးချမ်းပြီး လှပသည့် ပတ်ဝန်ကျင်အနေအထားတို့က ဝူလီချောင်၏ ရွာသားများကို လူကြီးများပင် နေ့လယ်နေ့ခင်းဖက် ဖြတ်မလျှောက်ရဲ့သည့် အကျည်းတန်သရဲခြောက်သည့်အိမ်အကြောင်း မေ့သွားအောင် လုပ်ပေးလိုက်တော့သည်။ မြစ်အနောက်ဘက်ခြမ်းသည် အရင်ကတည်းက ထိုသို့ရှိနေသည့်နှယ်။
စုမိသားစုကမိန်းကလေးများပင် ရွာထဲက သက်တူရွယ်တူများနှင့် သူငယ်ချင်း ဖြစ်သွားကြလေသည်။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းသည် အရမ်း မနီးသော်လည်း ရွာထဲကဘယ်ကလေးကို ထိန်းထားလို့ရပါမည်နည်း။
ဝူလီချောင်မြစ်အရှေ့ဘက်တွင် လော့ဟယ်သို့သွားသည့် အဓိကလမ်းမကြီးရှိလေသည်။ မြစ်၏ အနောက်ဘက်ခြမ်းတွင်တော့ စုအိမ်တော်တစ်လုံးသာ ရှိသည်။ အလေ့ကျပေါက်သည့် အသီးအရွက်များ၊ ဝက်စာများ၊ ချစ်စဖွယ်မိန်းကလေးများ အကြိုက်ဆုံးတောပန်းများလည်း ရှိလေသည်။
မြစ်အနောက်ဘက်ခြင်းသည် စည်ကားလာသည်နှင့် ရွာထဲကကလေးများကလည်း ဒီဘက်သို့ တဖြည်းဖြည်း လာရဲလာကြသည်။ ကလေးများ ၃၊ ၄ယောက် အုပ်စုဖွဲ့ကာ ဝက်စာလာဖြတ်ရင်း အလေ့ကျပေါက်သည့်အသီးအရွက်များကို ခူးကြသည်။ အချိန်ကြာလာသည်နှင့် စုမိသားစုက ကလေးများနှင့် အသက်အရွယ်တူကြသည့် ကောင်မလေးကများနှင့်လည်း ခင်မင်လာကြတော့သည်။
ထို့ကြောင့် အပြင်ဘက်တွင် ယိုပေါင်ကို ကစားရန်လာခေါ်သူများပင်ရှိလာကြတော့သည်။
အနည်းငယ်ဟောင်းနွမ်းနေသည့် ဝါးခြင်းတောင်းများနှင့် မိန်းကလေးနှစ်ယောက်က စုအိမ်တော်၏ အပြင်ဘက် မြစ်အောက်ခြေတွင် ရပ်ကာ လှမ်းအော်ကြလေသည်။
“ ယိုပေါင်ရေ အသီးအရွက်တွေ သွားခူးရအောင်လေ”
ယိုကျင့်တို့သုံးယောက်က မြို့တွင် ငွေသွားရှာစဥ် ယိုပေါင်က အိမ်တွေနေခဲ့ကာ အမျိုးသမီးစု၏ အလုပ်များကို ကူလုပ်ပေးရသည်။ သူမသည် ရွာထဲက သူငယ်ချင်းလေးများနှင့် ပထမဆုံး တွေ့ခဲ့သူဖြစ်လေသည်။
သူမ၏သူငယ်ချင်းများ ခေါ်သံကို ကြားလိုက်သဖြင် ယိုပေါင်သည် စားသောက်ပြီးနောက် ပန်းကန်လုံးကို ဘေးချကာ ပခုံးတွင် ခြင်းတစ်လုံးကို လွယ်ရင်း မြန်မြန်ထွက်လာလိုက်လေသည်။ သူမသည် အမျိုးသမီးစုကို မမေ့မလျော့ အသိပေးလိုက်သေးသည်။
“ အမေ သမီး ရှောင်ဟွားတို့နဲ့ အသီးအရွက် သွားခူးလိုက်အုံးမယ်နော်”
ပင်မဆောင်တွင် ကလေးများနှင့် ကစားပေးနေသည့် အမျိုးသမီးက ခွင့်ပြုပေးလိုက်၏။ သူမ၏ကလေးက ကစားဖော်ရသွားသည်ကို ကြည့်ရင်း သူမသည် ဝမ်းသာမိလေသည်။ သူမသည် သမီးဖြစ်သူကို တားမည် မဟုတ်သည်က ပြောရန်ပင်မလိုချေ။
အမြွှာလေးများသည် အခုတော့ သုံးလသား ကျော်လာပြီဖြစ်၏။ ယိုကျင့်က အမျိုးသမီးစုအတွက် နှစ်ရက်တစ်ခါလောက် ငါးစွပ်ပြုတ် လုပ်ပေးသဖြင့် အမျိုးသမီးစုလည်း နို့ကောင်းကောင်း ထွက်လာလေသည်။ ကလေးနှစ်ယောက်ကလည်း မြန်မြန်ထွားလာတော့သည်။ သူတို့၏ချာမွတ်ကာ ပြည့်ဖြိုးနေသည့်ကိုယ်လေးကို ကြည့်ခြင်းဖြင့် သူတို့သည် အစက ပိန်လှီသေးကျုံ့နေသည့် ကလေးများဖြစ်ခဲ့ကြောင်း ဘာအရိပ်အရောင်မှ မရှိတော့ချေ။ မွေးစကတော့ အမျိုးသမီးစုကိုယ်တိုင်ပင် ကလေးနှစ်ယောက် အသက်ရှင်နိုင်ပါ့မလားဟု စိုးရိမ်မိသေးသည်။ အခုတော့ ကလေးများသည် ကျောက်စိမ်းရောင်လေးလို ချစ်စဖွယ် ဖြူဖွေးနေတော့သည်။
လယ်ကွင်းထဲတွင် တစ်နာရီနီးပါး အလုပ်လုပ်လိုက်ပြီးနောက် ယိုကျင့်သည် ပခုံးပေါ်တွင် ပေါက်ပြားထမ်းကာ အိမ်ပြန်လာလေသည်။ နေသည် အနောက်ဘက်သို့ပင် စောင်းနေပြီ။ မီးခိုးတလူလူ တက်နေသော သိပ်မဝေးလှသည့် နေရာက အိမ်လေးကို ကြည့်ရင်း ယိုကျင့်သည် မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။ အိမ်က ပျက်ကိန်းကတော့ တစ်ဖန်စလေပြီ။
နေ့လယ်နေ့ခင်းတိုင်း အမျိုးသမီးစုဘေးတွင် ယိုကျူးက ချက်ပြုတ်နေလေရာ ဘာပျက်ကိန်း ဖြစ်နိုင်ပါအုံးမည်နည်း။ နေ့တစ်နေ့၏ သည်လိုအချိန်မျိုးတွင် စုမိသားစုတစ်အိမ်လုံး အလွန်သတိကြီးကြီးဖြင့် နေရတော့သည်။ တစ်ကြိမ်တွင် ယိုကျူးသည် မီးဖိုဆောင်ကိုပင် ပြာကျအောင် လုပ်လုနီးနီးဖြစ်ခဲ့လေသည်။
မီးဖိုဆောင်ထဲတွင် ယိုကျူးသည် အပြင်ကနေ ရယ်စရာလို ကြည့်နေကြသည့် ယိုရင်၊ ယိုလော့၊ ယိုချိုးတို့ကို မှုန်တေတေဖြင့် ကြည့်နေလေသည်။ သူမသည် ခါးထောက်ကာ စိတ်ဆိုးဟန်ဖြင့် ပြောလိုက်လေသည်။
“နင်တို့တွေ ဒီနေ့ညစာ မစားချင်ကြတော့ဘူးပေါ့လေ၊ နင်တို့တွေ ငါ့ကို ဒေါသထွက်အောင် လာလုပ်နေရင် ဒီနေ့ ဘာမှမကျွေးဘဲ နေလိုက်မှာနော်”
“စန်းကျဲ တစ်အိမ်လုံးအတွက် ချက်ပြုတ်ပေးတာ အမေ မဟုတ်ဘူးလား”
ယိုလင်က ဆင်ဝင်အောက်တွင် ရပ်ကာ မြူးထူးစွာ ပြောလိုက်၏။
“ မကြီးက ပြောထားတယ် ညီမလေးတွေ အစ်မကို သေချာစောင့်ကြည့်ရမယ်တဲ့၊ ညီမလေးတို့အိမ် မီးလောင်သွားရင် လမ်းပေါ်မှာအိပ်နေရလိမ့်မယ်တဲ့”
“ နင်တို့တွေ စောင့်ကြည့်နေလိုက်ပါ၊ ငါ အရသာရှိတဲ့ဟင်းတွေချက်ပြမယ်”
ယိုကျူးသည် ခေါင်းအမာဆုံးစိတ်ဓာတ်ရှိသူ ဖြစ်သည်။ သူမ၏မိသားစုဝင်များက သူမကို တမင်တကာ ရယ်မောနေကြသည် မဟုတ်မှန်း သိထားပြီး သူမ၏အားနည်းချက်များကိုလည်း သတိထားမိလာသည်။ ဘာပဲဖြစ်ဖြစ် သူမ ဒါကို ပြောင်းလဲပစ်ချင်တယ်။
“ ကလေးတွေ တော်တော့၊ ယိုကျူးကို မစကြနဲ့တော့၊ အထဲက ရှောင်ပါ့နဲ့ ခန်းအာတို့ နိုးနေကြပြီလား”
ကျွီခနဲမြည်သံတစ်ခု ထွက်လာ၏။ ယိုကျင့်ပြန်လာသည်။ မိသားစု၏ အတက်ကြွဆုံး ခွေးကလေးများသည် သူတို့သခင် ပြန်လာသည်ကို မြင်လိုက်လျှင် ချက်ချင်းပင် ဝမ်းသာအားရဖြင့် ပြေးသွားကြကာ သူမကို ဝိုင်းနေကြတော့သည်။
ခွေးကလေးများ၏ နှောင့်ယှက်ခြင်းခံနေရသဖြင့် ယိုကျင့်သည် ဘာမှလုပ်မရဖြစ်သွားတော့သည်။ သူမသည် ပျော်ရွှင်စွာ ပြောလိုက်တော့သည်။
“ ဟုတ်ပါပြီ ငါ့ကို ပစ္စည်းတွေ အရင်ပေးချပါအုံး”
မိသားစု၏ခွေးလေးကောင်သည် အနက်ရောင်အမွေးတောက်တောက်များ ရှိသည်။ အခုတော့ သူတို့သည် ကြီးလာသဖြင့် ဝံပုလွေမျိုးစိတ်ခွေးများ ဖြစ်မှန်း တဖြည်းဖြည်း သိလာလေသည်။ ယိုကျင့်က သူတို့ကို နေ့တိုင်း စနစ်တကျ လေ့ကျင့်ပေးထားပြီး ယိုကျင့်ကပဲ နေ့တိုင်းကျွေးမွေးသဖြင့် ခွေးများကလည်း ယိုကျင့်နှင့် အရင်းနှီးဆုံးဖြစ်လေသည်။
ပေါက်ပြားကို ချလိုက်ပြီးနောက် သူမသည် မီးဖိုဆောင်ဘက်သို့သွားလိုက်ကာ သူမပြင်ဆင်ထားခဲ့သည့် အသားစိမ်းနှင့် အရိုးအိုးကို ယူလိုက်လေသည်။ ထို့နောက် တက်ကြွနေသည့် ခွေးလေးကောင်နှင့် အိမ်က ပြဇာတ်ကိုကြည့်နေကြသည့်ကလေးတချို့ကို လေ့ကျင့်ပေးရန် ခေါ်ထုတ်လာလိုက်တော့သည်။
တစ်လကျော်ခန့် လေ့ကျင့်ပေးပြီးနောက်တွင် ခွေးများသည် အခြေခံဘာသာစကားကို နားလည်လာကြလေသည်။ ကြမ်းကြမ်းတမ်းတမ်း ကိုက်ဆွဲထားသဖြင့် စုတ်ပြဲနေသည့် အဝတ်အိတ်ကို ကြည့်ရင်း ယိုကျင့်သည် သူတို့ကို အရည်အချင်း ပြည့်ဝသည့် အိမ်စောင့်များ ဖြစ်လာအောင် လေ့ကျင့်ပေးရန် အလွန်ယုံကြည်ချက် ရှိသွားတော့သည်။
***
စုမိသားစု၏ဘဝသည် တစထက်တစ ပေါများကြွယ်ဝလာလေသည်။ အရာအားလုံးက အကောင်းဘက်သို့ ဦးတည်နေသည်။ ယိုကျူးပင် အခုဆိုလျှင် ငါးများကို မီးသွေးခဲဖြစ်အောင် မကြော်တော့ပေ။
စုမိသားစု၏ ဆီးဖျော်ရည်ကလည်း လော့ဟယ်တွင် အနည်းငယ် နာမည်ရလာလေသည်။ အရင်ကဆိုလျှင် ဆီးဖျော်ရည် စည်ပိုင်းကြီးနှစ်လုံး ကုန်အောင်ရောင်းရရန် နှစ်နာရီနီးပါးကြာလေသည်။ အခုတော့ တစ်နာရီမပြည့်ခင်မှာပင် ကုန်သွားတော့သည်။ ထို့ကြောင့် ယိုကျူးနှင့် ယိုရင်တို့က ပထမတစ်သုတ် ကုန်ခါနီးတွင် အိမ်ပြန်လာကာ ရေတွင်းထဲတွင် ချိတ်ဆွဲထားသည့် နောက်ထပ်စည်နှစ်ပိုင်းကို ပြန်လာယူကြသည်။ အခုတော့ တစ်နေ့လျှင် ဆီးဖျော်ရည် စည်းလေးပိုင်း ရောင်းနိုင်လေသည်။ ထိုအရာထက် အမျိုးသမီးစုလုပ်ထားသည့် ပဲနီပူတင်းနှင့် နှမ်းမုန့်တို့လို စျေးပေါပြီး အရသာကောင်းသည့် သရေစာများလည်း ရသေးသည်။ အမျိုးသမီးစု၏လုပ်ငန်းသည် နေ့တိုင်းလိုလို တဝုန်းဝုန်း တိုးတက်နေတော့သည်။
စီးပွားရေးက ကောင်းလာသော်လည်း ပြီးခဲ့သည့်တစ်ခေါက်က မြင်းဖြူတစ်ကောင်ပေါ် အဖြူရောင်ဝတ်စုံနှင့် လူချောလေးကတော့က ပေါ်မလာတော့ချေ။ ယိုကျင့်သည် စိတ်ထဲတွင် အနည်းငယ်စိတ်မကောင်းသလို ခံစားလိုက်ရတော့သည်။ အမှန်တွင်တော့ ဤမျှချောမောသည့် ကောင်လေးတစ်ယောက်ကို ယိုကျင့်အနေဖြင့် ပထမဆုံးတွေ့ဖူးခြင်းပင်။
လင်ရှောင်ဖုန်း ဖက်တွင်တော့ သူသည် အခြေအနေမကောင်းချေ။ ပြီးခဲ့သည့်အခေါက်က အပြင်သွားရင်း လူရမ်းကားများ၏ အရိုက်ခံရလုနီးပါး ဖြစ်သွားသောကြောင့် ထိုသတင်းက မြို့တော်အထိ ရောက်သွားတော့သည်။ သူ့အဖေဆီမှ အရေးပေါ်စာတစ်စောင် ရောက်လာ၏။ ခွင့်ပြုချက် မရဘဲ အပြင်ထွက်ခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်ထားလေသည်။ အခုတော့ သူ့မှာ အပြင်ထွက်လျှင် အစောင့် ၆ယောက် ၇ယောက်လောက်ကို ခေါ်သွားနေရတော့သည်။ ဒါကပင် သူ့ကို ဒေါသထွက်လာစေတော့သည်။
“ သခင်လေး ကျွန်တော်တို့ အစေခံတွေကို အခက်တွေ့အောင်မလုပ်ပါနဲ့ဗျာ၊ လူကြီးမင်းက ပြောထားတယ် သခင်းလေးတစ်ယောက်ထဲ အပြင်သွားခွင့်ပေးတဲ့သူတိုင်း မြို့တော်ပြန်ရောက်ရင် လည်ပင်းပြတ်ပြီး သေမယ်တဲ့ဗျ”
အိမ်တော်ထဲတွင် ရန်ကျန်းသည် ရက်တော်တော်ကြာသည်အထိ မပြီးနိုင်သေးသည့် သူ့သခင်နှင့် အခြေအတင် ဖြစ်နေသည်ကို ကြည့်နေရတော့သည်။
ရှောင်လင်ဖုန်းသည် လောဟယ်မြို့သို့ လာရသည့်အကြောင်းအရင်းမှာ သူ့အစ်ကိုကြီးက အလုပ်ကိစ္စတချို့နှင့် မွေးရပ်မြေက အိမ်ကိုပြန်လာသောကြောင့်ပင်။ သူသည် အားစိုက်ထုတ်မှု အများအပြား လုပ်ခဲ့ရလေသည်။ သူ့မိဘများထံ တောင်းဆိုခဲ့ရပြီး သူ့အစ်ကိုကြီးကလည်း သူ့အတွက်ပြောပေးခဲ့သည်။ ထိုအခါမှ မိဘများက အင်တင်တင်ဖြင့် ခေါင်းညိတ်ပြီး သူ့ကို ခွင့်ပြုပေးခဲ့လေသည်။ သူသည် လော့ဟယ်မြို့သို့ ရောက်သည်နှင့် လွတ်လွတ်လပ်လပ် သွားလာနိုင်တော့မည်ဟု ထင်ထားခဲ့သည်။ မမြင်ရသည့်ကံတရားက အစီအစဥ်အတိုင်း ဖြစ်မလာစေခဲ့ချေ။ ပထမဆုံး အပြင်ထွက်သည့်အခေါက်မှာပင် ခံစားသွားရတော့သည်။
စိတ်ပျက်ပျက်ဖြင့် ရှောင်လင်ဖုန်းက စုန့်ယန်၏ခေါင်းကို လက်ထဲက ခေါက်ယပ်တောင်ဖြင့် ခေါက်လိုက်ပြီး
“ ငါက မင်းသခင်လေ၊ လူကြီးက အဝေးကြီးက မြို့တော်မှာ၊ သူ့မျက်လုံးနဲ့ လက်တွေက ဒီအထိ မရောက်နိုင်ပါဘူး၊ မင်းက ဘာကို ကြောက်နေတာလဲ”
စုန့်ရန်သည် သခင်လေးခေါက်လိုက်သည့် နေရာကို ကိုင်လိုက်ပြီး ကူကယ်ရာမဲ့ကာ သက်ပြင်းချလိုက်တော့သည်။ သခင်လေးရယ်။ လူကြီးမင်းရဲ့ မျက်လုံးနဲ့ လက်တွေ့ အဲလောက်သာ မရှည်ရင် သခင်လေး ပြဿနာဖြစ်ပြီး နှစ်ရက်တောင်မကြာဘူး မြို့တော်ကစာက ဘာလို့ရောက်လာတာတဲ့လဲ။ သို့သော် သူ့မှာ အမှန်တရားကို မပြောရဲချေ။ နားချခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်တော့သည်။
“သခင်လေးရယ် အခုက အကြီးဆုံးသခင်လေးကလည်း သခင်လေးကို အပြင်ထွက်ခွင့် မပိတ်ထားပါဘူး၊ သခင်လေးနဲ့အတူတူ အစောင့်တွေကိုသာခေါ်သွားရင် သခင်လေး အပြင်ထွက်လို့ရပါတယ်”
ရှောင်လင်ဖုန်းသည် ခန်းမအပြင်ဘက်တွင် သစ်တုံးကြီးများကို ရပ်နေကြသည့် အစောင့်များကို အောက်သိုးသိုးဖြင့် စိုက်ကြည့်လိုက်လေသည်။ သူက ယောက်ျားတစ်ယောက်လေ။ မိန်းမမှ မဟုတ်တာ။ အပြင်ထွက်ရင် ဒီလောက်များတဲ့အစောင့်တွေကို ဘာလို့ ခေါ်သွားစရာလိုလို့လဲ။ သည်လူသည် လွန်ခဲ့သည့်ရက်အနည်းက လူရမ်းကားများ၏ အဝိုင်းခံခဲ့ရပြီး သူ့ထက်ငယ်သည့် မိန်ကလေးက ကယ်ပေးခဲ့ရသည်ကို လုံးဝမေ့နေတော့သည်။
ရှောင်လင်ဖုန်းသည် အပြင်ထွက်ပျော်ပါးဖို့ စိတ်မဝင်စားတော့သော်လည်း သူသောက်မည်ဟု စဥ်းစားထားသည့် ဆီးဖျော်ရည်လေးကိုတော့ မမေ့ချေ။ ထို့ကြောင့် သူက စုန့်ရန်ကို ဆီးဖျော်ရည်တစ်ပုံး သွားဝယ်ခိုင်းလိုက်တော့သည်။ ဟုတ်ပါတယ်။ တစ်ပုံးပါ။
စုန့်ရန်သည် သူ့သခင်လေး မှာထားသည့် ဆီးဖျော်ရည်ဆိုင်ဘေးတွင် ရပ်ကာ ဆီးဖျော်ရည် ဝယ်သောက်ရန် တန်းစီနေကြသည့် သူ့နောက်က လူများကို ကြည့်လိုက်လေသည်။ သူ့ကိုယ်သူ ရဲဆေးတင်လိုက်ပြီး ပြောလိုက်၏။
“ မိန်းကလေး ဒီဆီးဖျော်ရည်တစ်ပုံးဆို ဘယ်လောက်ပေးရမလဲ”
“ တစ်စည်လား”
ယိုကျင့်သည် သူ့အား မသင်္ကာသလို ကြည့်လိုက်လေသည်။
“ အစ်ကို ရှင်တစ်စည်လို့ ပြောလိုက်တာနော် ဟုတ်လား”
ယိုကျင့်သည် အရင်က ပါဆယ်မရောင်းခဲ့ဖူး၍ မဟုတ်ပေ။ သည်တစ်ကြိမ်က ပထမဆုံးအကြိမ် တစ်စည်လုံး လာဝယ်ခြင်းကြောင့်ပင်။
စုန့်ရန်သည် လူအုပ်ကြီး၏ အကြည့်အောက်တွင် အနည်းငယ်ရှက်သွားတော့သည်။ သို့တိုင် သူက ခေါင်းညိတ်လိုက်ပြီး
“ ဘယ်လောက်လဲ၊ ငွေတစ်စဆို လောက်လား”
ယိုကျင့်သည် တန်းစီနေကြသည့် များပြားလှသည့် ပုံမှန်စားသုံးသူများကို ကြည့်လိုက်ပြီးနောက် သူမဆိုင်တွင် ကျန်သေးသည့် ဆီးဖျော်ရည်စည်ပိုင်းတစ်ဝက်ကို ကြည့်လိုက်ကာ ပြန်ဖြေလိုက်တော့သည်။
“အစ်ကို ဒီနေ့တော့ တစ်စည်တောင် မပြည့်တော့ဘူး၊ တကယ်လို့ ရှင်အကုန်ဝယ်သွားရင် နောက်က လူတွေ ဘာမှမရဘဲနေလိမ့်မယ်၊ ရှင် ကျွန်မကို လိပ်စာပေးခဲ့ပါလား၊ မနက်ဖြန်မနက်ကျရင် ကျွန်မ တစ်စည် လာပို့ပေးမယ်လေ”
“ အခုမှရောက်လာပြီး တစ်စည်လုံး ဝယ်သွားလို့ရမလား၊ ငါတို့မှာ အကြာကြီး တန်းစီထားရတာ”
နောက်က လူတချို့သည် ရှေ့က အစေခံတစ်ယောက်က အားလုံးကိုဝယ်မည်ဟု တောင်းဆိုသံကို ကြားလိုက်ရလေသည်။ သူတို့သည် မလိုက်လျောပေ။
“ဟုတ်တယ်၊ ငါတို့တွေက မတတ်နိုင်တာလည်း မဟုတ်ပါဘူး၊ မင်း အဲလိုလုပ်လို့တော့မရဘူးလေ”
နေသည် ကျဲကျဲတောက်ပူနေသည်။ နေပူလွန်းသဖြင့် သူတို့မှာ စုမိသားစု၏ဆီးဖျော်ရည် တစ်ပန်းကန်လောက် သောက်ရဖို့အရေး နေပူပူအောက်တွင် တန်းစီခဲ့ရသည်။ အခုတော့ တစ်စုံတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး အားလုံးကို ယူသွားတော့မည်။ မည်သူမှ ပျော်မနေကြတော့ပေ။
…