EJYZ အပိုင်း ၅၀

အပိုင်း (၅၀)

ရှန်ဖုန်းမင်သည် သည်နေ့တွင် အရောင်ရင့်ရင့် တိမ်ပုံစံ ပန်းထိုးထားသည့် ဆင်စွယ်ရောင် ဘရိုကိတ်သား လက်အဝကျဥ်း အနွေးထည်ကို ဝတ်ဆင်ထားသည်။ ကော်လံနှစ်ဖက်တွင် နှင်းဖြူရောင် မြေခွေးသားမွေးကို ဝတ်ထားလေသည်။ အရောင်တူ ခါးပတ်ကြီးတစ်ခုကို ခါးတွင် ပတ်ထားသည်။ သူ့ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ကောက်ကြောင်းပေါ်နေစေသည်။ အေးတိအေးစက် ခံစားချက်တစ်ခုကို ဆောင်ထားသော်လည်း သူသည် ပိုပြီး ချောမောနေပုံပေါ်သည်။

“လူကြီးမင်းရှန်”

ကျန်းယွင်ကျူး၏မျက်လုံးများသည် အမှတ်တမဲ့ ဆွဲဆောင်ခံလိုက်ရလေသည်။

ရှန်ဖုန်းမင်၏အကြည့်က သူမ၏နှုတ်ခမ်းပေါ်တွင် အခိုက်တန့်ဆိုသည်ထက် နည်းနည်းကြာအောင် ဆက်ရှိနေသည်။ ရာသီဥတုက ပြီးခဲ့သည့်ရက်ပိုင်းတွင် အေးပြီးခြောက်သွေ့လာသည်။ ကျန်းယွင်ကျူး၏ နှုတ်ခမ်းများပေါ်တွင် နှုတ်ခမ်းဆီပါးပါး အလွှာလေးတစ်ခု ဆိုးထားသည်။ သူမ၏နှုတ်ခမ်းများကို နှင်းဆီရောင်သန်းကာ ပိုနူးညံ့သည်ဟု မြင်ရစေတော့သည်။

သူသည် လက်ထဲက ယုန်ကို ကျန်းယွင်ကျူးအား ကမ်းပေးလိုက်ပြီး

“ ကျွန်တော် ဒီနေ့ အမဲလိုက်ခဲ့တာ”

ကျန်းယွင်ကျူးက ယုန်ကို ယူလိုက်ပြီး သူသည် လတ်တလော လုပ်စရာမရှိသဖြင့် အမဲလိုက်ခြင်းကို သဘောကျနေသည်ဟု စဥ်းစားလိုက်လေသည်။ မဟုတ်ရင် နေ့တိုင်း ဘာလို့ ယုန်တွေ ရစ်ငှက်တွေ ယူပြန်လာမှာလဲ။ တမြန်နေ့ကဆိုရင် မြေခွေးဖြူတစ်ကောင်ကိုတောင် အမဲလိုက်ခဲ့သေးတယ်လေ။

“ ဒီနေ့က ယုန်သားကင်စားကြမလား”

သူမက ဝမ်းသာအားရ မေးလိုက်လေသည်။ ယုန်လေးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ သူမကလည်း ယုန်သားကို တကယ်စားချင်မိနေတယ်။ ယုန်းသားကင် နီနီရဲရဲ၊ ယုန်အသားတုံး မွှေကြော်၊ သစ်အယ်သီးနဲ့ ယုန်သားနပ်…. သူမဆီမှာ ယုန်သားဟင်းချက်နည်းတွေ ၁၂မျိုးမကတောင် ရှိတယ်လေ။ တစ်ခုစီကလည်း အရမ်းကိုစားချင်စရာကောင်းတယ်။

“ကောင်းတယ်”

ရှန်ဖုန်းမင်၏အသံက ကြည်လင်နေ၏။

ကျန်းယွင်ကျူးက ယုန်ကို မီးဖိုဆောင်ထောင့်တွင် တင်ထားလိုက်သည်။ ညနေစာ လုပ်ရန် အချိန်မကျသေးပေ။ အရင်ဆုံး အချဥ်ဖောက်ထားသည့်ဝိုက်ဖြင့် ကောက်ညှင်းထမင်းလုံး လုပ်ရမည်။

အားအစိုက်ရဆုံးအပိုင်းမှာ ကောက်ညှင်းဆန်လုံး လုပ်ရခြင်းပင်။ ကျန်းယွင်ကျူးသည် မုန့်သားနှယ်ရန် ဇလုံတစ်ခုကို ထုတ်လာခဲ့လိုက်သည်။

ကောက်ညှင်းမှုန့်ရော။ ကောက်ညှင်းမှုန့်ဘယ်မှာဦလဲ။ ပြီးခဲ့တစ်ခေါက်တုန်းက အိတ်လေးတစ်လုံး ဝယ်လာခဲ့တာ မှတ်မိနေပါသေးတယ်။ အိမ်ရဲ့ တနေရာရာမှာ ရှိမှာပါ။

ဘယ်နားမှာပါလိမ့်။

ရုတ်တရက် သူမသည် မျက်လုံးကို ပင့်ကြည့်လိုက်ပြီး ဗီဒို အပေါ်ဆုံးထပ်က အဝတ်အိတ်တစ်လုံးကို တွေ့လိုက်ရလေသည်။ အဲဒါ ကောက်ညှင်းမှုန့် ထည့်ထားတဲ့အိတ် မဟုတ်လား။

သူမက လှမ်းယူလိုက်သော်လည်း လုံးဝမမီနိုင်သည်ကို တွေ့လိုက်ရသည်။

သူမက လက်ကို ပြန်ရုပ်လိုက်ပြီး ခုံတန်းရှည် သို့မဟုတ် တစ်ခုခုကို ရှာဖို့စဥ်းစားလိုက်လေသည်။

သည်အချိန်တွင် လက်တစ်ချောင်းက ဘေးမှ ဆန့်ထွက်လာပြီး အဝတ်အိတ်ကို လှမ်းယူကာ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။

ရှန်ဖုန်းမင် ။ သူသည် အချိန်တစ်ခု ကတည်းက မီးဖိုဆောင်သို့ ရောက်လာနေခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။

“မလိုပါဘူး” ရှန်ဖုန်းမင်က ပြန်ပြောသည်။

မီးဖိုဆောင်သည် ကျဥ်းကြုတ်လေသည်။ ခုနက အဝတ်အိတ်ယူပေးလိုက်သောကြောင့် သည်အခိုက်တွင် ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူးနှင့် အလွန်နီးကပ်သွားတော့သည်။ နီးကပ်လွန်းသဖြင့် ကျန်းယွင်ကျူးသည် သူ့ခန္ဓာကိုယ်ပေါ်က ခပ်သင်းသင်းအနံ့လေးကို ရနေသည်။

ကျန်းယွင်ကျူးက ခြေတစ်လှမ်းဆုတ်လိုက်၏။ သည်အကွာအဝေးက အမှန်ပင် အလွန်နီးကပ်နေလေသည်။

“လူကြီးမင်းရှန် မြန်မြန် သွားပါ၊ ရှင့် အဝတ်အစားတွေ မပေစေနဲ့အုံး” သူမက တိုက်တွန်းလိုက်သည်။

“မိန်းကလေးကျန်းက တစ်နေ့လုံး မီးဖိုထဲမှာ ရှိနေတာ၊ မင်းရဲ့အဝတ်အစားတွေက မညစ်ပတ်ဘူးနော်’

ရှန်ဖုန်းမင်က ပြောလိုက်၏။ သူက နောက်သို့ နှစ်လှမ်းဆုတ်ပေးလိုက်ပြီး မီးဖိုဆောင် တံခါးနားတွင် ရပ်နေလိုက်သည်။

ကျန်းမိသားစု၏ မီးဖိုဆောင်ကို အလွန်မှ သန့်သန့်ရှင်းရှင်း လုပ်ထားသည်။ ကျန်းယွင်ကျူးက သူမ၏အလုပ်တွင် စေ့စပ်သေချာအောင် လုပ်တတ်သည်။ ထို့ကြောင့် သူမ၏အဝတ်အစားများက ညစ်ပေခဲလေသည်။ သူမက ဆပ်ပြာမှုန့်ကို သံပယိုသီးနှင့်ရောကာ သုံးရသည်ကို သဘောကျသည်။ ထို့ကြောင့် ဆပ်ပြာကို လန်းဆန်းသည့် သံပယိုနံ့တစ်ခုနှင့် ရောထားလိုက်သည်။

နည်းနည်းလောက် ခွာရပ်လိုက်ပြီးနောက် ကျန်းယွင်ကျူးက ရေတစ်ခွက်ကို ခပ်လိုက်ပြီး မုန့်သားလုပ်လိုက်သည်။ ထို့နောက် သူမက ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။

“လူကြီးမင်းရှန်က အခုတလော အားလပ်နေတဲ့ပုံပဲနော်”

“အင်း အရင်အလုပ်တွေ ပြီးသွားပြီလေ”

နှစ်ယောက်သားသည် ပုံမှန်အတိုင်း နည်းနည်းပါးပါး စကားပြောလိုက်ကြသည်။ သည်အချိန်တွင် ကျန်းယွင်ကျူးက မုန့်သား လုပ်ပြီးသွားလေသည်။ နောက်တစ်ဆင့်သို့တက်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူမက ခေါင်းထောင်လိုက်ပြီး

“လူကြီးမင်းရှန်….”

“မိန်းကလေးကျန်း အဲလောက် ယဥ်ကျေးနေစရာမလိုပါဘူး၊ ကျွန်တော့်ကို နာမည်နဲ့ပဲခေါ်ပါ”

ရှန်ဖုန်းမင်က ရုတ်တရက်ထပြောလိုက်၏။

ကျန်းယွင်ကျူး၏ ထောင်လိုက်သည့်ခေါင်းက လမ်းတစ်ဝက်တွင် ရပ်သွားပြီး သူ့ရင်ဘတ်ကို ငေးကြည့်လိုက်လေသည်။ နာမည်နဲ့လား။ သူ့ကို ဘယ်လိုခေါ်ရမှာလဲ။ ရှန်ကျယ်ယွီ ဒါမှမဟုတ် ရှန်ဖုန်းမင်လား။

“အင်း”

သူမက ပျော့ပြောင်းစွာ ပြန်ဖြေလိုက်လေသည်။ သူ ဆက်မပြောလိုက်ခင်မှာပင် သူမက ပြောလိုက်သည်။

“ကျွန်မ ဒီမုန့်သားကို ခဏလောက်နပ်ထားရအုံးမှာ ၊ အခန်းထဲမှာ ခဏလောက်သွားနားလိုက်အုံးမယ်”

“မိန်းကလေးကျန်း အဆင်ပြေသလိုလုပ်ပါ” ရှန်ဖုန်းမင်က ပြောလိုက်သည်။

ကျန်းယွင်ကျူးက အခန်းဆီသို့ ပြန်သွားလေသည်။ ရှန်ဖုန်းမင်က ထိုနေရာတွင် အချိန်တော်တော်ကြာအောင် ရပ်နေလိုက်သည်။

နောက်တစ်နေ့ ရာသီဥတုက သာယာလေသည်။ ကျန်းယွင်ကျူးသည် ထိုဝက်အူချောင်းများကို သိမ်းလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ရက်ပေါင်းများစွာ အခြောက်ခံလာခဲ့ပြီးနောက် စားဖို့ အသင့်ဖြစ်သွားတော့သည်။

သူမသည် ဝက်အူချောင်းကို ထမင်းဘူးစာရင်းထဲတွင် ထည့်ချင်သောကြောင့် ပြီးခဲ့သည့်အခေါက် ဝက်အူချောင်းအများကြီး လုပ်ခဲ့လိုက်သည်။ ယန်ရှန့်၏အမှာစာ အပြင် ဝက်အူချောင်း ၇၀-၈၀ခန့်ရှိသည်။ နှစ်သစ်ကူးအထိရောင်းဖို့ လုံလောက်မည်ထင်သည်။

ကျန်းယွင်ကျူးက စဥ်းစားနေစဥ်မှာပင် လူတစ်ယောက်က တံခါးလာခေါက်လေသည်။ သူမက ထကာ တံခါးသွားဖွင့်ပေးလိုက်၏။

မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနှင့် ယောက်ျားတစ်ယောက်။ သူသည် ပြီးခဲ့သည့်အခေါက်က လက်ဆောင်ပေးရန် သူမဆီက ပစ္စည်းအများကြီး ဝယ်သွားခဲ့သူမှန်း ကျန်းယွင်ကျူး ချက်ချင်း မှတ်မိလိုက်သည်။

နျဲ့ရှင်းက ထိုနေရာတွင် သတိဖြင့် ရပ်နေ၏။ သည်တစ်ကြိမ် သူ မြို့တော်က ထွက်လာတော့ ချီလင်သက်တော်စောင့်ဌာနက ညီအစ်ကိုများက သူ့ကို ငွေအများကြီးပေးပြီး အရသာရှိသည့် အစားအသောက်များကို ယူပြန်လာပေးဖို့ အကူအညီတောင်းခဲ့ကြသည်။ သို့သော် တပ်မှူးနှင့် ဒုတပ်မှူးတို့သည် သည်အိမ်တွင် တည်းခိုနေကြသည်။ သူသည် လာရောက်ဝယ်ယူရန် အမှန်ပင် အတင့်မရဲခဲ့ပေ။

အချိန်တော်တော်ကြာအောင် ဆွဲထားခဲ့ပြီး သည်နေ့အထိ နှောင့်နှေးခဲ့ရသည်။

ဒုတပ်မှူးစကားအရဆိုလျှင် သူတို့သည် ရက်အနည်းငယ် ကြာလျှင် မြို့တော်သို့ ပြန်ရလိမ့်မည်။ သူက ဘာမှ ယူပြန်မသွားခဲ့လျှင် သူ့ညီအစ်ကိုများ ပြစ်တင်ပြောဆိုသည်ကို ခံရလိမ့်မည်။ ထို့ကြောင့် သူ့မှာ အရဲစွန့်ပြီး ကျန်းအိမ်တံခါးကို လာခေါက်ရတော့သည်။

“သူဌေး ကျွန်တော့်သူငယ်ချင်းတွေက ပြီးခဲ့တဲ့တစ်ခေါက်က ဝယ်သွားတဲ့ အစားအသောက်ကို ကြိုက်လို့တဲ့” နျဲ့ရှင်းက စိုးရိမ်စိတ်ဖြင့် ပြောလိုက်လေသည်။

“ သူတို့ ကြိုက်တယ်ဆိုတော့ ဝမ်းသာပါတယ်ရှင်” ကျန်းယွင်ကျူးက အပြုံးလေးဖြင့် ပြန်ပြောလိုက်လေသည်။

“သူဌေးဆီမှာ အရသာရှိတဲ့ အစားအသောက်တစ်ခုခုများ ရှိသလား၊ ကျွန်တော် နည်းနည်းလောက် ဝယ်သွားချင်လို့ပါ၊ ဟုတ်ပါတယ်၊ ကျွန်တော့်သူငယ်ချင်းတွေကို ပေးဖို့ပါ” နျဲ့ရှင်းက ပြောလိုက်၏။

တိုက်ဆိုက်လိုက်တာ။

“ ဝက်အူချောင်းနည်းနည်းတော့ ကျန်သေးတယ်၊ ရှင် နည်းနည်းလောက်လိုချင်ရင် ကျွန်မ ရှင့်အတွက် လုပ်ပေးလို့ရပါတယ်၊ ရှင် အလျင်မလိုဘူဆိုရင်ပေါ့” ကျန်းယွင်ကျူးက ပြောပြလိုက်၏။

နျဲ့ရှင်းက တောက်ပသည့်မျက်လုံးများနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မြန်မြန် ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။

“ဝက်အူချောင်းဆိုရင်ပဲ ရပါပြီ၊ ကျန်တာကိုတော့ သူဌေးကို အလုပ်မများစေချင်ပါဘူး”

ဝက်အူချောင်းနဲ့ဆိုရင် သူ့ညီအစ်ကိုတွေကို ပြန်သတင်းပို့ပေးဖို့ လုံလောက်ပြီလေ။ တခြားဟာကတော့… ထားလိုက်ပါလေ။ သူတို့အတွက် အစားအသောက်ဝယ်ဖို့ သူ့မှာ ဘယ်လောက်တောင် ဖိအားများလိုက်သလဲဆိုတာ သူတို့တွေ နားလည်ကြမှာပါ။ သူက ဘယ်လိုလုပ်ပြီး အများကြီး တောင်းဆိုနိုင်မှာလဲ။

ကျန်းယွင်ကျူးသည် သူ့ကို နည်းနည်းထူးဆန်းနေသည်ဟု ခံစားမိလိုက်လေသည်။ သူက ဝယ်ချင်ပေမဲ့ မဝယ်ဘဲ နေသလိုပဲ။ အင်းလေ။ ဒါက တစ်ဖက်လူရဲ့ရွေးချယ်မှုပါ။

“ရှင် ဝက်အူချောင်း ဘယ်လောက်လိုချင်တာလဲ” သူမက မေးလိုက်၏။

“သူဌေးမှာ ရှိသလောက်ပါ”

နျဲ့ရှင်းသည် နောက်ဆုံးတော့ ယုံကြည်မှု ရှိလာတော့သည်။ သည်ဝက်အူချောင်းများက ယူပြန်သွားလျှင်တောင် မလောက်ငှမှာစိုးရသည်။

“ ၇၀-၈၀လောက်တော့ ရှိတယ်” သူက အလျင်လိုနေတယ်ဆိုရင် သူ့ကို အရင်ရောင်းပေးလိုက်ပါမယ်လေ။

“ဟုတ်ကဲ့၊ ကျွန်တော် အကုန်ယူပါမယ်၊ ဘယ်လောက်လဲခင်ဗျ”

“ ငွေ၃စ လောက်ကျမယ်၊ ကျွန်မ ရှင့်အတွက် ထုပ်ပိုးပြီးရင်း သေချာလေး ပြန်တွက်ပေးမယ်နော်”

ကျန်းယွင်ကျူးက ဖြေလိုက်လေသည်။

နျဲ့ရှင်းက ခေါင်းတွင်တွင်ညိတ်လိုက်၏။

ကျန်းယွင်ကျူးက သူ့ကို ခြံဝင်းထဲတွင် စောင့်ခိုင်းသော်လည်း သူက မဝင်ဖို့ ဆုံးဖြတ်ထားလေသည်။ မတတ်သာတော့ဘဲ ကျန်းယွင်ကျူးကသာ ဝင်လာလိုက်ပြီး ဝက်အူချောင်းများကို ထုပ်ပိုးလိုက်ကာ သူ့အတွက် ယူထွက်လာပေးလိုက်သည်။

ဝက်အူချောင်း ၇၀-၈၀လောက် ရှိနေသည်။ တော်တော်ကြီးသည့် ဝန်တစ်ခုဖြစ်နေ၏။ ကျန်းယွင်ကျူးက ကျန်းလင်ကို အကူအညီတောင်းပြီး ထိုဝက်အူချောင်းများကို တံခါးအပြင်သို့ ထုတ်လာရလေသည်။

တံခါးအပြင်ဘက်တွင် နျဲ့ရှင်းက လှည်းတစ်စီးကို ကြိုတင်ပြင်ဆင်ထားလေသည်။

“ ဝက်အူချောင်း တစ်ချောင်းကို ၃၅ဝမ်ပါ၊ စုစုပေါင်း ၈၂ချောင်းပါပါတယ်၊ ဒါကြောင့် ဝမ် ၂၈၇၀ ကျပါတယ်” ကျန်းယွင်ကျူးက သူမ၏နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး ပြောပြလိုက်လေသည်။

“ဟုတ်ကဲ့”

နျဲ့ရှင်းက ပြောရင်းဆိုရင် ဝက်အူချောင်းများကို လှည်းပေါ်သို့ အလွယ်တကူတင်လိုက်တော့သည်။ ထို့နောက် သူက ငွေတစ်တုံးကို ထုတ်လိုက်ပြီး ကျန်းယွင်ကျူကို ပေးလိုက်လေသည်။

ငွေ၃စပဲ။

“ခဏနော်၊ ကျွန်မ ရှင့်ကို ၁၃၀ ဝမ် ပြန်အမ်းပေးမယ်”

“မလိုပါဘူးခင်ဗျ၊ သူဌေးကို ကျေးဇူးတင်ပါတယ်”

ကျန်းယွင်ကျူး စကားမဆုံးခင်မှာပင် နျဲ့ရှင်းက ထိုသို့ပြောလိုက်ပြီး ခြေရာပင်မကျန်ဘဲ လှည်းတစ်စီးနှင့် ပျောက်ကွယ်သွားတော့သည်။

သူသည် အမှန်ပင် လေပွေလိုရောက်လာပြီး လေပွေလို ပြန်ထွက်သွားခဲ့သည်။ ကျန်းယွင်ကျူးက လက်ထဲက ငွေတုံးကို ကိုင်ရင်း သက်ပြင်းချလိုက်လေသည်။

ထို့နောက် သူမသည် ယန်ရှန့်ဆီသွားပြီး ထိုဝက်အူချောင်းများကို မည်သို့လုပ်ဖို့ စဥ်းစားသလဲဟု မေးလိုက်လေသည်။

ယန်ရှန့်က သူ ပြန်သွားလျှင် သူနှင့်အတူ ယူပြန်သွားမည်ဟု ဆိုသည်။

ကျန်းယွင်ကျူးသည် သူပြောချင်သည့် စကားနောက်ကွယ်က အဓိပ္ပာယ်ကို ကြားလိုက်ရလေသည်။ သူ ပြန်တော့မှာပဲ။

သူမ၏အခန်းထဲသို့ ပြန်လာခဲ့ပြီး ခဏလောက်ထိုင်နေလိုက်စဥ် ကျန်းချိန်က အပြင်မှ ပြန်ရောက်လာခဲ့သည်။ သူက ကျန်းယွင်ကျူးအား ငွေအိတ်ကို ပေးလိုက်လေသည်။

အထဲတွင် သူရှာထားသည့် ငွေ ၃ လျန်ပါသည်။ သူသည် ထိုငွေကို ပြီးခဲ့သည့်အခေါက်က အာမခံဌာနခေါင်းဆောင်လီကို ပေးချင်ခဲ့သည်။ အဖြစ်အပျက်များ ပြီးဆုံးသွားသည့်နောက် အာမခံဌာနခေါင်းဆောင်လီက ထိုငွေကို လုံးဝမလိုချင်တော့ပေ။ ထို့ကြောင့် သူက ငွေကို ကျန်းယွင်ကျူးအား ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

“အဖေ ဒါက အဖေကိုယ်တိုင် ရှာထားတာလေ၊ သိမ်းထားလိုက်ပါ”

ကျန်းယွင်ကျူးက မလိုချင်ပါ။

“ စီရင်စုမြို့မှာ လုပ်ငန်း သွားလုပ်ချင်တယ်မလား၊ ပြီးတော့ လားနဲ့လှည်းအတွက် သုံးထားတဲ့ ငွေအရင်းအနှီးကလည်း သမီးရဲ့ငွေလေ….” ကျန်းချိန်က ပြောလိုက်၏။

“အဖေ….”

“အင်းပါ အခု ဒီအကြောင်း မပြောကြရအောင်၊ ဒါပေမဲ့ ဒီငွေတွေကိုတော့ သမီးကိုပဲ ပေးရမယ်၊ နောက်တစ်ခါ ငွေရှာနိုင်တဲ့အချိန် ဒီငွေတွေကို အဖေသိမ်းထားလိုက်မယ်” ကျန်းချိန်က ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

ကျန်းယွင်ကျူး : အဲလိုဆိုတော့လည်း ဟုတ်ပါပြီ။ အခုလောလောဆယ်တော့ လက်ခံထားလိုက်ပါမယ်။

ဒီနေ့က ဘယ်လိုမင်္ဂလာနဲ့ ပြည့်စုံတဲ့နေ့လဲဟင်။ အရင်ဆုံး ငွေ ၃လျန် ရှာနိုင်ခဲ့တယ်။ နောက်ပြီး နောက်ထပ် ၃ လျန် ထပ်ရခဲ့တယ်။ ပေါင်းလိုက်ရင် ၆လျန်။ ကျန်းယွင်ကျူးသည် စီရင်စုသို့သွားပြီး လုပ်ငန်းလုပ်ချင်သည့်ကိစ္စကို ပြန်စဥ်းစားလိုက်လေသည်။ အစတုန်းကတော့ သူမမှာ ငွေအရင်းနှီးမရှိသေးလို့ စိတ်ကူးသက်သက်ပဲ ဖြစ်နေခဲ့တာ။ အခုတော့ သူမက သေသေချာချာ စီစဥ်နိုင်တော့မှာပဲ။

နောက်နှစ်အစမှာ လုပ်ငန်းကို စလုပ်နိုင်ရင် အကောင်းဆုံးပဲ။ ဒီလိုဆိုရင် ကျန်းလင်နဲ့ကလေးတွေ ကျောင်းတက်ဖို့လည်း အဆင်ပြေသွားလိမ့်မယ်။

စီရင်စုမြို့မှ သူမဖွင့်ချင်တဲ့ ဆိုင်က တစ်နှစ်ငှားခ အနည်းဆုံး ၂၀လျန်လောက် ရှိမယ်။ ကျန်းလင်နဲ့ ကျန်းဝူတို့ရဲ့ကျောင်းလခကိုလည်း ပြင်ဆင်ထားဖို့လိုတယ်။ အခု သူမမှာ ၆လျန် အပြင် နဂိုက စုထားတဲ့ ၅လျန်ရှိသည်။ ဒါဆို ၁၁ လျန်။ အခုချိန်ကစပြီး နှစ်သစ်ကူးတဲ့အထိဆိုရင် ထမင်းဘူးအလုပ်ကနေ ၁၅လျန်လောက် ရှာနိုင်လိမ့်မယ်။ ဒါဆို ၂၆လျန်။

၁၄လျန် လောက်လိုသေးတယ်။

ဒီငွေကို သူမ ဘယ်မှာ ရှာလို့ရနိုင်မလဲ။ ကျန်းယွင်ကျူးက ထိုအကြောင်းကို စဥ်းစားလိုက်လေသည်။ ရုတ်တရက် သူမသည် စိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။ ရှမင်းဆက်က လူများသည် နှစ်သစ်ကူးတွင် ၅ရက်နေ့မှ ၁၅ရက်နေ့အထိ ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်တတ်သည့် အလေ့အထ ရှိသည်။ အထူးသဖြင့် ၁၅ရက်နေ့ မီးပုံးပွဲတော်နေ့တွင် ဖြစ်သည်။ အားလုံးနီးပါးက ဘုရားကျောင်းသို့ ကြာသည်။

ဒါက လမ်းဘေးဆိုင်လေးတစ်ခု ဖွင့်ပြီး ငွေရှာလို့ရမဲ့ အခွင့်အရေးကောင်းတစ်ခုပဲမလား။

ရောင်းမဲ့ဟာကိုတော့ စဥ်းစားစရာမလိုပါဘူး။ လူတွေက ဗိုက်ဆာလာရင် ဘယ်သူကများ အကင်နံ့ကို လွန်နိုင်လို့လဲ။

ဒါဆို နောက်ဆုံးမေးခွန်းက – စီရင်စုမြို့မှာ ရောင်းမှာလား ဒါမှမဟုတ် လုပြည်နယ် စီရင်စုမြို့မှာ ရောင်းမှာလား။

စီရင်စုမြို့လေးက နီးပြီး လုပ်ရကိုင်ရလွယ်တယ်။ ဒါပေမဲ့ လူဦးရေနဲ့ ချမ်းသာတဲ့လူဦးရေကျတော့ လုမြို့ကို မမီဘူး။ လုမြို့ကို သွားမယ်ဆိုရင် ခရီးရှည်ပြီး အလုပ်တော်တော်ရှုပ်မဲ့ခရီးပဲ။

တခြားသူသာဆိုရင် လုမြို့ကို သွားဖို့ သေချာပေါက်စဥ်းစားမှာမဟုတ်ဘူး။ နောက်ဆုံး သူတို့တွေက နေရာနဲ့လည်း မရင်းနှီးဘူးလေ။

ဒါပေမဲ့ ကျန်းယွင်ကျူးက ရင်းနှီးပါတယ်။ သူမက အိပ်မက်ထဲမှာ လုမြို့မှာ ခုနှစ်နှစ်လောက် နေလာခဲ့တာပဲ။ သူမက စီရင်မြို့ထက်တောင် လုမြို့အကြောင်း ပိုသိသေးတယ်။

စီရင်စုမြို့ကို သွားရင် လုံခြုံပေမဲ့ ဒီလောက်ငွေအများကြီးကို ရှာနိုင်ချင်မှာ ရှာနိုင်မှာ။ လုမြို့ကိုသွားရင်တော့ စိန်ခေါ်မှုတစ်ခုပဲ။ ဒါပေမဲ့ စွန့်စားမှုကြီးလေ ဆုလာဘ်ကလည်း ပိုကြီးလေပဲ။

ကျန်းယွင်ကျူးသည် မျက်မှောင်ကျုံ့ရင်း စဥ်းစားနေမိသည်။

အပိုင်း (၅၀) (ခ)

“ အဲလောက်တောက် စိတ်နှစ်ပြီးတော့ ဘာတွေစဥ်းစားနေတာလဲ”

အမျိုးသမီးချန်သည် အခန်းထဲရုတ်တရက်ဝင်လာပြီး မှတ်ချက်ပေးလေသည်။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ဘာမှမဟုတ်ပါဘူး”

သို့သော် အမျိုးသမီးချန်က သူမဆီ လျှောက်လာခဲ့သည်။ သူမ၏ စိတ်လှုပ်ရှားနေဟန်ကို ဖုံးကွယ်မထားနိုင်ဘဲ သူမက မေးလိုက်လေသည်။

“ အမေ ခုနက ဘယ်သူနဲ့ တွေ့ခဲ့လဲ သိလား”

“ဘယ်သူနဲ့လဲ”

ကျန်းယွင်ကျူးက သူမကို လိုက်ပြောပေးလိုက်၏။

“ အဒေါ်ဖုန်းရဲ့ ဒုတိယချွေးမနဲ့လေ”

အမျိုးသမီးချန်က ပြန်ဖြေလိုက်သည်။

ကျန်းယွင်ကျူးက မျက်ခုံးများကို ပင့်ထားလိုက်၏။ သူတို့တွေ ခဏခဏ တွေ့နေကြတာမလား။

အမျိုးသမီးချန်က ပြုံးလိုက်၏။ ဟုတ်တယ်လေ။ သူမနဲ့တွေ့တာကို အရမ်းပျော်နေတာမဟုတ်ပါဘူး။ သူမပြောလိုက်တဲ့ စကားကြောင့်ရယ်ပါ….

“ တစ်ယောက်ယောက်က သမီးရဲ့သဘောထားကို မေးပေးဖို့ သူ့ကို အလုပ်အပ်ထားတယ်တဲ့”

သူမနဲ့ ဘာဆိုင်သွားတာလဲ။ ကျန်းယွင်ကျူးသည် သူမ ဆက်ပြောမည့်စကားကို စောင့်နေလိုက်လေသည်။

“သမီးအဒေါ်လင်းက သူ့ကို မေးခိုင်းလိုက်တယ်တဲ့၊ သမီးက ယန်ကျိုးကို ဘယ်လိုသဘောရလဲတဲ့”

သည်အချိန်တွင် အမျိုးသမီးချန်သည် တခစ်ခစ်ရယ်မော မိတော့မတတ်ပင်။ အမျိုးသမီးလင်းရဲ့ စကားကို ဒီထက်ပိုပြီး မရှင်းလင်းတော့ဘူးမလား။ ကျန်းယွင်ကျူးသာ ခေါင်းညိတ်ရင် အောင်သွယ်တော်က လက်ထပ်ဖို့ လာတောင်းရမ်းလိမ့်မယ်ထင်တယ်။

ကုယန်ကျိုးက ချောမောပြီး အနာဂတ်ကလည်း တောက်ပေနတာပဲ။ အမျိုးသမီးချန်ကတော့ ဒီလိုသားမက်မျိုး တစ်ယောက်လောက် ရဖို့ တခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။

ကျန်းယွင်ကျူးက ပါးနပ်ပြီး လှပတယ်။

အမျိုးသမီးချန်၏ စိတ်သည် ဂုဏ်ယူမှုအပြည့်ဖြစ်နေတော့သည်။ ခဏအကြာတွင် သူတို့နှစ်ယောက်က ကောင်းကင်ဘုံမှ စုံမက်ပေးသည့် တကယ်စုံတွဲတစ်ခု ဖြစ်သည်ဟု ခံစားမိလိုက်သည်။ သည်လောက်ကောင်းသည့် လက်ထပ်ပွဲတစ်ခု နောက်တစ်ခါ ရှိလာမည်မဟုတ်တော့ပေ။

ကျန်းယွင်ကျူးက မှင်တက်အံ့ဩသွားတော့သည်။ သူမက အမျိုးသမီးချန် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်။ ဒါပေမဲ့ ကုယန်ကျိုးတဲ့လား။

“အမေ ထားလိုက်ပါ” သူမက ပြန်ပြောလိုက်၏။

“အမေ့ အထင်တော့…”

အမျိုးသမီးချန်သည် ရတ်တရက် ရပ်လိုက်ပြီး ကျန်းယွင်ကျူးကို တအံ့တဩနှင့် ကြည့်လိုက်လေသည်။

“သမီး လက်မထပ်ချင်သေးဘူး” ကျန်းယွင်ကျူးက ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။

အမျိုးသမီးချန်မှာ စိတ်ပူလာတော့သည်။

“ သမီး ဒီကိစ္စပြောဖို့ အရမ်းရှက်နေလို့လား၊ ဒါမှမဟုတ် လက်ထပ်ပြီးရင် ဖြစ်လာမဲ့ကိစ္စတွေအတွက် စိုးရိမ်နေလို့လား”

သူမက မိန်းကလေးလေ။ ဒီလိုကိစ္စတွေနဲ့ အမြဲတမ်း ပူပန်နေရမှာပဲ။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်လေသည်။

“ ဒါဆို ဘာလို့လဲ…. ယန်ကျိုးက တကယ့်ကို ပြစ်ချက်လုံးဝ မရှိတဲ့သူပါ”

“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါက သမီး သူ့ကို လက်ထပ်ချင်ပါတယ်လို့ သဘောမသက်ရောက်ဘူးလေ”

“ဘာလို့လဲ” အမျိုးသမီးချန်သည် လုံးဝမစဥ်းစားတတ်တော့ပေ။

“သမီး သူ့အပေါ်မှာ ခံစားချက် မရှိဘူး၊ ဘယ်လိုလုပ်ပြီး သူ့ကို လက်ထပ်နိုင်မှာလဲ”

“ ခံစားချက်ကို ဖြည်းဖြည်းချင်း လုပ်ယူလို့ရပါတယ်၊ သူ သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာကပဲ ရှားပါးတဲ့ကိစ္စဖြစ်နေပြီ၊ ပြီးတော့ စာမေးကြီးကလည်း နောက်နှစ်ဆို ကျင်းပတော့မယ်၊ သူက စာမေးပွဲအောင်ပြီး ရာထူးတောင် ဝင်နိုင်တယ်လို့ အမေကြားထားတယ်၊ သူသာ ကျွီရန်တစ်ယောက် ဖြစ်လာခဲ့ရင် သမီးလည်း ကျွီရန်ကတော် ဖြစ်လာလိမ့်မယ်၊ သူသာ စာမေးပွဲအောင်သွားရင်….”

အမျိုးသမီးချန်သည် ထိုစကားကို မပြောရဲတော့ပေ။ ကုယန်ကျိူးသာ စာမေးပွဲတွင် ပထမအဆင့် အောင်သည့် ပညာရှင်ခဲ့လျှင် ကျန်းယွင်ကျူးကလည်း ပထမအဆင့်ပညာရှင် ကတော်ဖြစ်လာလိမ့်မည်။

ဒါဆိုရင် ဒီလောကမှာ မိန်းကလေးဘယ်လောက်တောင်ကများ သူမကို အားကျနေကြမလဲ။

“ သမီး တစ်နေကုန် ချက်ပြုတ်ပြီး အစားအသောက်ရောင်းတာထက်စာရင် ပိုကောင်းတယ်မလား”

ဒါက ကောင်းကင်ပေါ်ကို တစ်လှမ်းထဲနဲ့ ရောက်နိုင်မဲ့အခွင့်အရေးလေ။ လုံးဝကို ပြန်လည်မွေးဖွားခြင်းတစ်ခု။

ကျန်းယွင်ကျူး၏ မျက်နှာထားက လေးနက်နေလေသည်။ သူမသာ နယ်စားအိမ်တံခါးကို ဝင်ချင်ရင် အရင်ကတည်း တုတ်ချောင်းအတိုကို လုယူခဲ့ပြီး နယ်စားမိသားစုရဲ့ သခင်မငယ်ဖြစ်လာမဲ့ ပိုမြန်တဲ့နည်းလမ်းတွေ ရှိခဲ့သားပဲ။

ဒါပေမဲ့ ဘာအသုံးဝင်မှာမလို့လဲ။

ဟုတ်ပါတယ်။ ကုယန်ကျိုးက လင်ထင်အန်းထက် ပိုအားကောင်းချင် ကောင်းလိမ့်မယ်။ ဒါပေမဲ့ အရာရှိလောကထဲ ရောက်သွားပြီးမှ သူ မပြောင်းလဲပါဘူးလို့ ဘယ်သူက အာမခံလို့လဲ။

အိပ်မက်ထဲက ကုယန်ကျိူးက လက်ရှိကုယန်ကျိုး မဟုတ်တော့တာ သူမ မှတ်မိနေသေးတယ်။

တစ်ထစ်လျှော့ပြီး သူ မပြောင်းလဲဘူးဆိုရင်တောင် အတက်အကျဖြစ်နေတဲ့ အရာရှိလောကဆိုတာ ပင်ပန်းလှပါတယ်။

ကုယန်ကျိုးကို လက်ထပ်လိုက်တာက သူမရဲ့လက်ရှိပြဿနာတချို့ကို ဖြေရှင်းပေးနိုင်ပေမဲ့ ပိုကြီးမားတဲ့ ပြဿနာတွေလည်း ပါလာမှာလေ။

အဲဒီအစား သူမက ကိုယ့်ကိုယ်ပိုင်ဘဝလေးကိုပဲ တစ်ဆင့်ချင်း လျှောက်တာက ပိုကောင်းပါတယ်။ ဒါက အန္တရာယ်အကင်းဆုံး နည်းလမ်းပဲ။

“အမေကတော့ ချက်ပြုတ်တာကို ပင်ပန်းတယ်လို့ထင်ပေမဲ့ သမီးကတော့ ချက်ပြုတ်ရတာကို သဘောကျတယ်လေ၊ သမီးလိုချင်တာကလည်း ဂုဏ်ကျက်သရေနဲ့ ချမ်းသာကြွယ်ဝတာတွေ လုံးဝ မဟုတ်ဘူး။

အာဏာဆိုတာ စွဲမက်စရာကောင်းပါတယ် ဒါပေမဲ့ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပြန်ပေးရမှာပဲ၊ မဟုတ်ရင် ဘာမှမကျန်တော့တဲ့အထိ တခြားလူတွေ ဝါးမျိုတာကိုပဲ ခံရလိမ့်မယ်”

ဒါကို ကျန်းယွင်ကျူးက အရမ်းကို ရင်းနှီးပြီးသားလေ။ အိပ်မက်ထဲမှာ သူမက ဦးနှောက်ကို အမြဲတမ်း အလုပ်ပေးပြီး လျှောက်တဲ့ခြေလှမ်းတိုင်းကို ဂရုစိုက်ခဲ့ရတာ။

အခုတော့

“ သမီးက စားသောက်ဆိုင်လေးတစ်ခု ဖွင့်ပြီး သမီးရဲ့နေ့ရက်တွေကို အေးအေးချမ်းချမ်းပဲ ကုန်ဆုံးချင်တယ်”

အမျိုးသမီးချန်သည် နားလည်သလိုလို နားမလည်သလိုလို ရှိနေလေသည်။ သူမက ကျန်းယွင်ကျူးကို ငေးကြောင်ကြောင်နှင့် ကြည့်နေမိသည်။

အခန်းအပြင်ဘက်တွင် ရှန်ဖုန်းမင်က ထိုနေရာတွင် ငေးငိုင်ကာ ရပ်နေလေသည်။ သူသည် သူ့လက်ထဲက ခဏကြာသည်အထိ ကျောက်စိမ်းဖြူဆံထိုးကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ သူကိုယ်တိုင် ထွင်းထားသည့် ဆံထိုးဖြစ်ပြီး ရွှေစထောင်ချီ တန်ဖိုးရှိလေသည်။

ဘာအသုံးဝင်တော့မှာလဲ။

အခန်းထဲကလူက နည်းနည်းလေးပဲ လိုချင်ပေမဲ့ သူကတော့ ဒါကို မပေးနိုင်ခဲ့ဘူး။

နောက်တစ်နေ့တွင် ရှန်ဖုန်းမင်သည် ယန်ရှန့်နှင့် ပြန်သွားတော့သည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ထားဆဲ။ ဓားတစ်ချောင်းကို အေးစက်နေလေသည်။

တတိယမြောက်နေ့တွင် အဘိုးဝူသည် ကျန်းယွင်ကျူးနှင့် သွားတွေ့ပြီး သူမကို ရွှေ၁၂လျန်တန် ရွှေတစ်တုံးကို ပေးလိုက်လေသည်။

“ မင်းအတွက်ပါ၊ ငါ့နေ့စဥ်စားသောက်စားရိတ်လို့ မှတ်လိုက်”

အာမခံဌာနခေါင်းဆောင်လီထံမှ ရခဲ့သည့် ရွှေနှစ်တုံးထဲက တစ်တုံးကို ကျန်းယွင်ကျူးအား ပေးလိုက်လေသည်။ ကျန်တစ်တုံးကိုတော့ ခရီးစရိတ်အဖြစ် သုံးရမည်။

ကျန်းယွင်ကျူးက ရွှေတုံးကို လက်မခံလိုက်ပေ။ ထိုအစား သူမက ပြောလိုက်လေသည်။

“ဒါဆို ကျွန်မက အဘိုးကို လျန်ငွေ၁၀၀ ပေးရမှာပေါ့နော်”

သူမ ချက်ပြုတ်ခဲ့သည့် အစားအသောက်များက လျန်ငွေ ၁၀၀ တန်သည်။ အဘိုးကြီးဝူ၏ ကုသစားရိတ်က လျန်ငွေ၂၀၀ ကျသည်။ သည်လိုဆိုလျှင် ကျန်းယွင်ကျူးက အဘိုးကြီးဝူကို နောက်ထက်လျန်ငွေ ၁၀၀ ပေးရပေမည်။

“ကျွန်မက အခုလောလော အဲလောက်ငွေအများကြီး မရှိသေးဘူးရှင့်” ကျန်းယွင်ကျူးက နုံးချိစွာ ပြောလိုက်လေသည်။

အဘိုးကြီးဝူက အော်ရယ်လိုက်ပြီး

“ မင်းကတော့လေ၊ မင်း ငါနဲ့အတူတူ ဆေးပညာကို တကယ်မသင်ချင်ဘူးလား၊ ဒါမှမဟုတ် ငါနဲ့အတူတူ လိုက်ခဲ့ဖို့လေ”

သူက မေးလိုက်၏။ သူသည် သူမကို အမှန်ပင် ချစ်ခင်လေသည်။ သူမက တခြားသူတွေထက် ကိစ္စကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လေ။

“ အဘိုးက ထွက်သွားတော့မလို့လား”

ကျန်းယွင်ကျူးက အံ့ဩသွားတော့သည်။

“ငါ သွားရမယ်”

အဘိုးကြီးဝူသည် ကျန်းအိမ်တွင် ရက်နည်းနည်းလောက် ထပ်နေချင်ခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ကျန်းယွင်ကျူး၏အစားအသောက်များကို မခွဲချင်သောကြောင့်ပင်။ သို့သော် သည်ရက်ပိုင်းတွင် သမားတော်ကျင်းက မနေနိုင်တော့ဘဲ သည်နေရာကို အပြေး ရောက်လာခဲ့လေသည်။ သည်လောကတွင် တားဆီးလို့ရသည့်အရာက မရှိပေ။ ရက်အနည်းငယ်အတွင်း လူတွေက သူ့ကို လာရှာကြတော့မည်ဟု သိနေလေသည်။

သူသည် ဘာကိုမှ မကြောက်ပေ။ သို့သော် ကျန်းယွင်ကျူးကတော့ မတူပေ။ သူသည် သူမ၏ လက်ရှိ အေးချမ်းနေသည့်ဘဝကို အနှောင့်အယှက်မဖြစ်စေချင်ပေ။

အဘိုးကြီးဝူက နာမည်ဂုဏ်သတင်းကျော်ကြားမှုနှင့် သက်ဆိုင်သူဟု ဆိုနိုင်လေသည်။

ကျန်းယွင်ကျူးက နားလည်လိုက်သည်။ သူမက ထိုသို့သာ ပြောလိုက်နိုင်တော့သည်။

“ဂရုစိုက်ပါနော်၊ အဘိုး ကျွန်မရဲ့လက်ရာကို စားချင်ရင် အချိန်မရွေးပြန်လာခဲ့ပါ”

အဘိုးကြီးက သူ့ကို လေးလေးနက်နက်ဖြင့် ကြည့်လိုက်ပြီး ပြုံးပြလိုက်လေသည်။

ဝမ်းသာဖို့ကောင်းလိုက်တာ။ နောက်ဆိုရင် သူ့မှာ ပြန်စရာအိမ်ရှိသွားပြီ။

အဘိုးကြီးဝူသည် အမြဲတမ်း လုပ်ချင်ရာ လုပ်တတ်သူ ဖြစ်လေရာ သူသည် ကျန်းမိသားစုထံမှာ ချက်ချင်း ထွက်သွားလိုက်တော့သည်။

ရောက်လာတုန်းကတော့ ဆန္ဒမပါခဲ့ချေ။ သို့သော် ပြန်ထွက်သွားတော့လည်း သူ့နှလုံးသားက ချည်နှောင်ခံလိုက်ရလေသည်။

ရှန်ဖုန်းမင်က ယန်ရှန်နှင့် ပြန်သွားသည်။ အခုတော့ အဘိုးကြီးဝူကပင် ထွက်သွားပြန်သည်။ ရုတ်တရက်ဆိုသလို ကြီးမားလှသည့်ခြံဝင်းကြီးသည် များစွာ ခြောက်ကပ်သွားတော့သည်။ အမျိုးသမီးချန်နှင့် မိသားစုများက အလွန်မှ အသားမကျနိုင်အောင် ခံစားလိုက်ရတော့သည်။

ကျန်းယွင်ကျူးကတော့ ထိုသို့မတွေးချေ။ သူမတွင် ကိုယ်ပိုင်ဘဝရှိလေသည်။

ထို့ကြောင့် သူမသည် စပြီး အလုပ်များလာတော့သည်။ နှစ်သစ်ကူးရောက်ရန် တစ်လသာလိုတော့သည်။ သူမသည် တချို့ကိစ္စများကို မြန်မြန်ပြင်ဆင်ရတော့မည်။

သူမသည် နှစ်သစ်ကူးကာလတွင် လုမြို့သို့သွားကာ လမ်းဘေးဆိုင်လေးတစ်ခု ဖွင့်ပြီး ငွေမြန်မြန်ရှာဖို့ ဆုံးဖြတ်လိုက်လေတော့သည်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset