EJYZ အပိုင်း ၄၆

အပိုင်း (၄၆) (က)

ရှောင်းချီစုန့်က စားသောက်ထဲမှ ထွက်လာသည်။ အစောင့်နှင့်အစေခံများက ချက်ချင်း သူ့ကိုတွဲကာ မြင်းပေါ်တင်ပေးလိုက်ကြသည်။ လူအုပ်စုကြီးက လှည်းနောက် လိုက်သွားကြလေသည်။

လှည်းက လမ်းတစ်ခုထဲသို့ မြန်မြန် ကွေ့ဝင်သွားပြီး အိမ်တစ်လုံးတွင် ရပ်လိုက်၏။

ရှောင်းချီစုန့်က မြင်းပေါ်ကဆင်းလိုက်ပြီး အိမ်ထဲသို့ အတင်းတိုးဝင်သွားတော့သည်။

“ မင်းတို့က….”

အစေခံနှစ်ယောက် ရောက်လာ၏။

“ဖယ်စမ်း”

ရက်စက်သည့်ခွေးများနှင့်တူသည့် ရှောင်းချီစုန့်၏ ကိုယ်ပိုင်အစေခံများက အစေခံနှစ်ယောက်ကို ကန်ကျောက်လိုက်လေသည်။

ရှောင်းချီစုန့်က အလွန်ကျေနပ်သွားပြီး ခြံထဲသို့ ဟိတ်နှင့်ဟန်နှင့် လျှောက်သွားလိုက်စဥ်တွင် ကြော့ရှင်းလှသည့်ပုံရိပ်တစ်ခုက အနီးက အခန်းတစ်ခုထဲ ဝင်သွားသည်ကို တွေ့လိုက်ရတော့သည်။ ထိုအခန်းကို သားသားနားနား ဆင်ယင်ထားလေသည်။ ပန်းပုလက်ရာနှင့်နူးညံ့သည့်အိပ်ရာတစ်ခု ရှိနေသည်။ အမျိုးသမီးနေထိုင်သည့်အခန်းဖြစ်ဟန်တူသည်။

သူက အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး နောက်ကမြန်မြန် လိုက်သွားကာ တံခါးနားသို့ရောက်လာ၏။

အထဲက အမျိုးသမီးက အပြင်က အသံများကို ကြားလိုက်သယောက် အပြင်ထွက်လာရင်း ဘာဖြစ်နေတာလဲဟု မေးလိုက်တော့သည်။

ရှောင်းချီစုန့်သည် နောက်ဆုံးတော့ သူမ၏ အသွင်ပြင်အစစ်အမှန်ကို ရှင်းရှင်းတွေ့လိုက်ရ၏။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အသားအရေက နို့နှစ်လို ချောမွတ်နေကာ မျက်လုံးမျာက တောက်ပပြီး သွားများက ဖြူဖွေးလို့နေသည်။

သည်လိုနေရာသေးသေးလေးတွက် သည်လိုမှင်တက်အံ့ဩဖွယ်အလှမယ်လေး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ့နောက်က တံခါးကို ပိတ်လိုက်ပြီး အမျိုးသမီးကို ဦးညွှတ်နှုတ်ဆက်လိုက်ကာ ပြောလိုက်၏။

“ ဒီကသခင်မ နာမည်ဘယ်လိုခေါ်ပါသလဲ”

သူ၏ သွားရေကျနေသည့်မျက်နှာကို မြင်လိုက်ရသည်တွင် ကျီစန်းညန်သည် သူမ၏ အတွင်းအင်္ဂါငါးခုလုံး တောက်လောက်နေသလို ခံစားလိုက်ရတော့သည်။ သေချာနေပါပြီ။ သူ ဘာလုပ်ခဲ့တယ်ဆိုတာကို လုံးဝမေ့သွားပြီပဲ။

“ ရှင် ဘယ်သူလဲ၊ ရိုင်းလိုက်တာ၊ အခုချက်ချင်း ထွက်သွား”

သူမက ကပျာကယာ အော်ဟစ်လိုက်၏။

သူမ၏ပန်းရောင်မျက်နှာက ဖြူဖျော့သွားသော်လည်း ပိုလို့ပင် ဆွဲဆောင်မှုနေလေသည်။

ရှောင်းချီစုန့်မှာ သည်းမခံနိုင်လောက်အောင် အသဲယားတယားယား ဖြစ်လာတော့သည်။ သူ့ပါးစပ်ကလည်း ညစ်ညမ်းသည့်ဟန်တစ်ခုဖြင့် ပြောနေလေသည်။

“ သခင်မက အရမ်းလှတာပဲ၊ ဘယ်လိုဖြစ်ပြီး ဒီလိုလစ်ဟာနေတဲ့အပျိုခန်းထဲမှာ တစ်ယောက်ထဲ နေနေရတာလဲ၊ လာပါ၊ ကျုပ်ကို ချစ်ခင်ခွင့်ပေးလိုက်ပါ”

အပြင်က အစောင့်နှင့်အစေခံများသည် မအံ့ဩကြပေ။ တချို့က ရယ်စရာလိုလို အပြုံးတစ်ခုပင် ထုတ်ပြနေသေးသည်။

လူအုပ်ကြီးရှေ့တွင် အကြီးအကဲတစ်ယောက်ပါလေသည်။ သူသည် ပါးရိုးမြင့်ပြီး သန်မြန်ပုံရသည်။ သူ့နားထင်များက မသိမသာ ဖောင်းနေပြီး သူသည် အတွင်းအားပညာရှင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေ၏။

သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သည်အိမ်က တစ်ခုခု မူမမှန်ဖြစ်နေသည်ဟု ခံစားလိုက်ရလေသည်။ ခုနက ဟနေသည့်နေရာမှ အခန်းထဲသို့ ကြည့်လိုက်ပြီး သေသေချာချာ နားထောင်လိုက်လေသည်။ အခန်းထဲတွင် မိန်းမတစ်ယောက်သာရှိပြီး တစ်ယောက်က အော်ဟစ်နေသည်…. သူ အတွေးလွန်နေတာပဲ ဖြစ်မှာပါ။

သည်အချိန်တွင် စီရင်စုမြို့၏အနောက်ဘက်က အိမ်တစ်လုံးတွင် ရှန်ဖုန်းမင်ကို လီချွမ်က ထိုနေ့လမ်းကြားထဲတွင် ဖြစ်ခဲ့သမျှကို နှာရည်တရွဲရွဲ မျက်ရည်များနှင့် ပြောပြနေလေသည်။

သူ့ကိုရိုက်ခဲ့တဲ့သူကို မမြင်ခဲ့ရပေမဲ့ သူ့ခြေထောက်ကို ချိုးသွားတာ ယောက်ျားတစ်ယောက်မှန်းတော့ သိလိုက်တယ်။

ဒါပေမဲ့ အဲတုန်းက သူ့ဘေးမှ မိန်းမတစ်ယောက် ရှိမယ်ထင်တယ်။ သူ ခပ်သင်းသင်းအနံ့တစ်ခုကို ရလိုက်တယ်။

မိန်းမ တဲ့လား။ ဒီအမှုရဲ့နောက်ကွယ်က ကြိုးကိုင်တဲ့သူက မိန်းမတစ်ယောက်လား။ ရှန်ဖုန်းမင်သည် သူအရင်က ဖတ်ခဲ့ဖူးသည့် အမှုတွဲတစ်ခုကို ရုတ်တရက် သတိရသွားတော့သည်။

“ သွားမယ်၊ ရှောင်းချီစုန့်ကို သွားရှာရမယ်”

သူက ရုတ်တရက်ထပြောလိုက်သ်ည။

“ဘာဖြစ်လို့လဲ”

ယန်ရှန့်က ဇဝေဇဝါဖြစ်သွားတော့သည်။

“ အဲဒီလူ ဝူလင်စီရင်စုကို လာခဲ့တာ သူ့ကြောင့် ဖြစ်လောက်တယ်”

ထိုသို့ပြောလိုက်ပြီးနောက် ရှန်ဖုန်းမင်က သူ့မြင်းပေါ် ခုန်တက်လိုက်လေသည်။

ရှောင်းချီစုန့်သည် ကျီစန်းညန်ကို ဖက်ထားပြီး သူ့ရင်ခွင်ထဲတွင် နွေးထွေးသည့်အထုပ်လေးတစ်ခု ခံစားနေလေသည်။ သူ့နှာခေါင်းဖျားက ခပ်ဖျော့ဖျော့အေးမြသည့်ရနံ့တစ်ခုကို ရနေ၏။

“သခင်မ မင်းခန္ဓာကိုယ်ပေါ် ဘာအနံ့လဲ မွှေးလိုက်တာ၊ ကျုပ်ကို ပေးနမ်းပါအုံး”

ကျီစယ်ရင်း ပြုံးဖြီးနေသည့်အပြုံးတစ်ခုဖြင့် သူက ကျီစန်းညန် အနားသို့ တဖြည်းဖြည်း ပိုကပ်သွားလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ထိဖို့ရာ လက်လှမ်းလိုက်တော့သည်။

သည်အချိန်တွင် ကျီစန်းညန်၏အမူအရာက အေးစက်သွားတော့သည်။ အကြည့်က ခုနက ပျာယာခတ်နေသည့် အကြည့်နှင့် လုံးဝမတူတော့ချေ။

ရှောင်းချီစုန့်က ထူးဆန်းသလို ခံစားလိုက်ရ၏။ မကြာလိုက်ပေ သူ့လက်နှင့် ခြေထောက်တို့သည် အားအင် ချိနဲ့သွားသည်ကို ခံစားလိုက်ရတော့သည်။ သူက ပါးစပ်ဟပြီး အကူအညီတောင်းဖို့ ကြိုးစားလိုက်သော်လည်း မတတ်နိုင်တော့ပေ။

သူသည် ကျီစန်းညန်ကို ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်နှာတစ်ခုနှင့် ကြည့်နေလေသည်။ မထိန်းနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က လဲကျသွားတော့သည်။

ကျီစန်းညန်က သူမရင်ဘတ်ထဲက ဓားမြောင်တစ်ချောင်းကို ထုတ်လိုက်ပြီး ရှောင်းချီစုန့်အား အပိုင်းပိုင်း ဖြစ်အောင် ခုတ်ဖြတ်ချင်နေသည့်နှယ် စိုက်ကြည့်လိုက်၏။

လွန်ခဲ့တဲ့လေးနှစ်။ အဲဒီတုန်းကလည်း ဆောင်းတွင်းပဲ။ အဲဒီတုန်းက ယွင်ရင်း ဆိုတဲ့သူမက လက်မထပ်ရသေးဘူး။ သူမရဲ့အဖေက လုပြည်နယ်က ကျင်းကွမ်းဘုရားကျောင်းမှာ အမွှေးတိုင်သွားလှူဖို့ သူမကို ခေါ်သွားရာက ဒီလူချမ်းသာ အပျော်ကြူးတဲ့လူနဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့ရတာပဲ။

သူက သူမကို ထိချင်ခဲ့တာလေ။ သူမရဲ့အဖေက သူ့ကို တားမြစ်ခဲ့တာ။ အဲဒီရက်စက်တဲ့ကျေးကျွန်တွေက သူမရဲ့အဖေကို သေအောင် ရိုက်နှက်ခဲ့ကြတာပဲ။

အဲဒီနောက် အဲဒီရဲ့ဘုရားခန်းမထဲက နတ်ဘုရားအမျိုးမျိုးတို့ရဲ့ မျက်လုံးအောက်မှာပဲ အဲဒီအပျော်ကြူးတဲ့ကောင်က သူမကို အနိုင်ကျင့်စော်ကားခဲ့တယ်။

အဲဒီတုန်းကတော့ သူမက ဒီအတိုင်းသေပြီး ကိစ္စတုံးချင်လိုက်တော့တာပဲ။ သူမရဲ့ စေ့စပ်ထားတဲ့သတို့သားလောက် ဟန်ရှောင်ဇဲ့က သူမကို ဆွဲထားပြီး စောင့်ရှောက်ပေးခဲ့တယ်။ ဒါက သူမရဲ့အမှား မဟုတ်ဘူးလို့ သူကတော့ ပြောပါတယ်။ အဲဒီအပျော်ကြူးတဲ့ကောင်ကြောင့်ပေါ့။ သူက သူမအတွက် တရားမျှတမှု ပြန်ယူပေးဖို့ ကြိုးစားခဲ့တယ်။

သူက စီရင်စုမြို့ကနေ စီရင်စုပြည်နယ်အထိ တိုင်ကြားခဲ့တယ်။ နောက်ဆုံး မြို့တော်ကို တက်ခဲ့တဲ့အထိပဲ။

အဲအချိန်တုန်းက သူမက တရားမျှတမှုဆိုတာကိုတောင် မရှာချင်တော့ဘူး။ ဟန်ရှောင်ဇဲ့ အန္တရာယ်ကင်းဖို့ပဲ မျှော်လင့်ခဲ့တာ။

ဒါပေမဲ့ သူမက ဘာအတွက် စောင့်စားနေခဲ့တာလဲ။ သွေးအလိမ်းလိမ်းနဲ့ ခန္ဓာကိုယ်တစ်ခု။ သူ့မှာ သေလုနီးပါး အသက်မျော့မျော့လေးပဲ ကျန်တဲ့အထိ အရိုက်ခံခဲ့ရတယ်။ အဲဒီချောမောတဲ့လူ။ အနာဂတ်တောက်ပနေတဲ့ အဲဒီလူ။ ဒီလိုအချိန်မှာတောင် သူမပျော်ရွှင်ဖို့ ကြိုးစားပေးနေတဲ့သူက သူမရဲ့ရင်ခွင်ထဲမှာပဲ ဆုံးပါးသွားခဲ့တယ်။

သူမ သူ့အလောင်းကို ဖက်ပြီး မိုးနတ်မင်းကို တိုင်တည်ရင်း ငိုကြွေးခဲ့ပေမဲ့ မိုးနတ်မင်းကတော့ မကြားခဲ့ပါဘူး။ မြေကြီးကို တိုင်တည်ပေမဲ့လည်း မြေကြီးထဲ မရောက်နိုင်ခဲ့ပါဘူး။ သူမရဲ့မြင်ကွင်းက သွေးတွေနဲ့ပြည့်သွားသလို ခံစားလိုက်ရတယ်။

အဲဒီမှာပဲ သူမ သိလိုက်ပါပြီ။ ဒီလောကမှ တရားမျှတမှုဆိုတဲ့ အရာမျိုးလုံးဝမရှိဘူး။

သူမက အခွင့်အရေးရဖို့ ခါးခါးသီးသီး စောင့်နေရင်း အချင်းချင်း ကာကွယ်ပေးနေကြတဲ့ အကျင့်ပျက်အရာရှိတွေကို တစ်ယောက်ပြီးတစ်ယောက် ငရဲကို ပို့ပေးလိုက်တယ်။

နောက်ဆုံးတော့ တရားခံတစ်ယောက်ပဲ ကျန်တော့တယ်လေ။

သူက ဟွိုက်နန်ဝမ်ရဲ့သားပဲ။ အဲဒီတုန်းက သူက လုပြည်နယ်ကို ဖြတ်သွားရုံပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူမ မြို့တော်ကို လိုက်သွားမှာပေါ့။

ကောင်းကင်ဘုံက ရှောင်ဇဲ့ရဲ့ စောင့်ရှောက်ပေးတာကြောင့် ရှောင်းချီစုန့်က လုပြည်နယ်ကို ရောက်လာခဲ့တယ်လေ။

ဒီနေ့ သူမက အဖေ၊ ဟန်ရှောင်ဇဲ့နဲ့ သူမကိုယ်တိုင်အတွက် လက်စားချေရလိမ့်မယ်။

ကျီစန်းညန်သည် ဓားမြောင်ကို ကိုင်ကာ ရှောင်းချီစုန့်ကို ရက်ရက်စက်စက် ထိုးချလိုက်တော့သည်။

ရှောင်းချီစုန့်မှာ အလွန်ကြောက်လန့်သွားရာ သူအသဲနှလုံးတို့က ခုန်ထွက်တော့မတတ်ပင်။ သူက ဘေးသို့ အတတ်နိုင်ဆုံး ရှောင်လိုက်တော့သည်။

သူ့ရှိသမျှအားကို ထုတ်လိုက်သောကြောင့်ဖြစ်မည်။ ပြင်းထန်သည့်အထိအခိုက်မှ အမှန်ပင် လွတ်မြောက်သွားခဲ့သည်။ ဓားမြောင်က သူ့လက်မောင်းကို စိုက်သွားသည်။ နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း သူ့ခန္ဓာကိုယ်က အားအနည်းငယ်ပြန်ရလာသည်ကို ခံစားလိုက်ရ၏။ သူ့ခြေထောက်ဘေးက လက်ဆေးစင်ကို တွေ့လိုက်ရလေသည်။ အပေါ်တွင် ကြေးဇလုံတစ်ခု တင်ထားသည်။ ချက်ချင်းဆိုသလို သူက လက်ဆေးစင်ကို ကန်လိုက်၏။

လက်ဆေးစင်က ယိမ်းထိုးသွားသော်လည်း လဲကျမသွားပေ။

သို့သော်ငြား ကြေးဇလုံကို သွားတိုက်မိပြီး ကျွတ်ဆတ်ဆတ်အသံတစ်ခု ထွက်လာတော့သည်။

အရင်ကဆိုလျှင်တော့ ကျီစန်းညန်သည် သည်လိုအချိန်တွင် အပြင်လူများ၏သံသယကို ရှောင်ရှားရန် ဟန်ဆောင်နေလိုက်မည် ဖြစ်သော်လည်း အခုတော့ သူမ၏မျက်လုံးများက နီရဲနေနှင့်ပြီး ဖြစ်တော့သည်။ သူမ၏မျက်လုံးထဲတွင် သူမရှေ့က ရန်သူကိုသာ မြင်တော့သည်။ သူမသည် ဓားမြောင်ဖြင့် သူ့ကိုသာ သ-တ်ပစ်ချင်တော့သည်။

ထို့ကြောင့် သူက ဓားမြောင်ကို ဆွဲထုတ်လိုက်ပြီး ဒုတိယအကြိမ် ထိုးစိုက်ဖို့ လျှောက်သွားလိုက်တော့သည်။

အပြင်ကလူများက အထဲက အသံကို ကြားလိုက်ရ၏။ သူတို့သည် အနည်းငယ် အံ့ဩသွားကြတော့သည်။ ဘာလို့ ဒီလိုအသံကိုပဲ ကြားရတာလဲ။ ပုံမှန်ဆိုရင်….

လူအုပ်ရှေ့က အကြီးအကဲ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားတော့သည်။ သူက တံခါးကို ဖွင့်ကန်လိုက်ပြီး ကျီစန်းညန်က ဓားမြောင်ဖြင့် ရှောင်းချီစုန့်ကို သ-တ်ဖို့ရွယ်နေသည်ကို အချိန်ကိုက် မြင်လိုက်လေသည်။

အနားအထိသွားပြီး သူ့ကို ကယ်ဖို့က အလွန်နောက်ကျနေပြီ။ ထို့ကြောင့် သူက အနီးရှိပန်းအိုးတစ်လုံးကို လှမ်းဆွဲလိုက်ပြီး ကျီစန်းညန်၏လက်ကို လှမ်းပစ်လိုက်၏။

ပန်းအိုးက ကျီစန်းညန်၏လက်ကောက်ဝတ်ကို သွားထိသည်နှင့် ဓားမြောင်သည် တစ်ချွင်းချွင်း မြည်သံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

အကြီးအကဲက ခြေနှစ်လမ်းအတွင်း ရှောင်းချီစုန့်ထံ ခုန်ဝင်သွားပြီး သူ့ကို တွဲထူလိုက်ကာ သူ့ကို ခေါင်းအစခြေအဆုံး စစ်ဆေးလိုက်ပြီးမှ မေးလိုက်လေသည်။

“သခင်လေး ဘာဖြစ်သွားသေးလဲ”

ရှောင်းချီစုန့်၏ မျက်လုံးများက လည်နေပြီး စကားမပြောနိုင်သည်ကို သတိထားမိလိုက်သဖြင့် သူ့အင်္ကျီလက်ထဲက ပုလင်းသေးလေးတစ်လုံးကို ထုတ်ကာ ဖွင့်လိုက်ပြီး သူ့နှာခေါင်းအောက်တွင် ထားပေးလိုက်လေသည်။

ရှောင်းချီစုန့်က ပုပ်အက်အက်အနံ့ကို ရှူလိုက်မိပြီးချိန်တွင် သူ့ခန္ဓာကိုယ်က အားများ ပြန်ရလာခဲ့လေသည်။

သည်အချိန်တွင် ကျီစန်းညန်က ဓားမြောင်ကို ကောက်ယူလိုက်ပြီး ရှောင်းချီစုန့်ကို ထပ်ထိုးလိုက်ပြန်သည်။

“ခွေးမ အတင့်ရဲလှချည်လား”

အကြီးအကဲက ခြေထောက်ကို မြောက်လိုက်ပြီး ကျီစန်းညန်ကို ကန်လိုက်၏။

သို့သော် သူမသည် အကန်မခံလိုက်ရပေ။ အပြင်က ခုန်ဝင်လာသည့် ယောက်ျားတစ်ယောက်က ကျီစန်းညန်ရှေ့တွင် ဝင်ကာပေးလိုက်လေသည်။ ထို့နောက် သူက ကျီစန်းညန်ကိုဆွဲက နောက်သို့ မြန်မြန်ဆုတ်လိုက်ပြီး ဘေးသို့ ရှောင်လိုက်သည်။

စုန့်လီ ဖြစ်နေ၏။ ကျီးစန်းညန်က သူ့ကို ကြည့်လိုက်သည်။ သူမ သူ့ကို ထွက်သွားဖို့ ပြောခဲ့တယ်မလား။

သူမသည် သည်တစ်ကြိမ်တွင် အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူမ၏အသက်ကိုတော့ ဆုံးရှုံးလိမ့်မည်ကို သိထားလေသည်။ ကျီစန်းညန်က စုန့်လီကို လွန်ခဲ့သည့်နှစ်ရက်လောက်ကတည်းက ထွက်သွားဖို့ပြောခဲ့သည်။

စုန့်လီက ပြုံးလိုက်၏။ သူ သေရမှာ မကြောက်မှာပါ။ သူ သေသွားပြီးရင်လည်း ဟိုဘက်မှာ မမလေးနဲ့ သခင်လေးတို့ကို ဆက်ပြီး အလုပ်အကျွေးပြုမှာပဲ။

ကံဆိုးချင်တော့ သူက ရှောင်းချီစုန့်ကို ကြည့်လိုက်၏။…

သည်အချိန်တွင် အပြင်ဘက်က အစောင့်များအားလုံးက အလျင်အမြန် တိုးဝင်လာပြီး ရှောင်းချီစုန့်ကို ဝိုင်းထားလိုက်လေသည်။ စုန့်လီမှာ သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ ထို့အပြင် ထိုအကြီးအကဲကလည်း ရှိနေသည်။ ခုနက ကန်ချက်ကိုကြည့်လျှင် သူ့ပြိုင်ဘက်မဟုတ်မှန်း ခံစားမိလိုက်သည်။ ထို့ထက်ဆိုးသည်က အလွန်မှ ကွာခြားနေလေသည်။

“ ငါ့အတွက် သူမကို သတ်ပေး၊ မဟုတ်ဘူး၊ သူမကို ဖမ်းပေး”

ရှောင်းချီစုန့်က လက်မောင်းပေါ်က ဒဏ်ရာကို အုပ်ထားရင်း အော်ဟစ်လိုက်သည်။ သူ ဒီမိန်းမကို နှိပ်စက်ချင်သွားပြီ။ သူကများ ငါ့ကို ထိခိုက်အောင်လုပ်ရဲရတယ်လို့။

အစောင့်နှင့် အစေခံများက ချက်ချင်း ရှေ့သို့ အရှိန်နှင့်တိုးဝင်သွားကြတော့သည်။

စုန့်လီသည် ကျီစန်းညန်ကို ကာကွယ်ပေးရင်း သည်လူများကို တိုက်ခိုက်နေရသဖြင့် အန္တရာယ်က ပြည့်နက်လို့နေသည်။

သည်အချိန်တွင် အကြီးအကဲက သူ့လက်ကို ရုတ်တရက် ခါလိုက်ပြီး သူ့ထံသို့ တစ်ခုခုကို ပစ်သွင်းလိုက်၏။

ကြေးပြားတစ်ခု။ ကြေးပြားက စုန့်လီ၏ဒူးကို သွားထိလေသည်။

စုန့်လီသည် တည်ငြိမ်အောင် မရပ်နိုင်တော့ဘဲ ဘေးသို့လဲကျသွားတော့သည်။ သည်အချိန်တွင် ထိုအစောင့်များက အရှိန်နှင့် တက်လာပြီး သူ့ကို မြေကြီးပေါ်တွင် ဖိထားလိုက်ကြသည်။

ကျီစန်းညန်ကို အစေခံနှစ်ယောက်က ဖမ်းချုပ်ထားသည်။

ထိုမြင်ကွင်းကို တွေ့လိုက်ရပြီး ရှောင်းချီစုန့်က မြောက်တက်လာတော့သည်။ ဟိတ်ဟန်အပြည့်နှင့် ကျီစန်းညန်ဆီ လျှောက်သွားလိုက်ပြီး သူမ၏မျက်နှာကို လှမ်းညှစ်ထားလိုက်၏။

လှလိုက်တဲ့မျက်နှာလေးပဲ။ နောက်မှ သူမကို….

“ သခင်မကို မထိနဲ့”

ထိုအရာကို မြင်လိုက်ပြီး စုန့်လီ၏မျက်လုံးအိမ်များက နီရဲသွားတော့သည်။ ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်ခုနှင့်အတူ နှစ်ဘက်လုံး ဖိနှိပ်ထားသည့်လူများကို ထိုးဖောက်ပြီး ရှောင်းချီစုန့်ဆီသို့ ပြေးဝင်သွားလိုက်သည်။

သူ့ဘေးက လူများက သူ့ကို အလျင်အမြန် ဖမ်းဆွဲလိုက်ကြသည်။ တစ်ယောက်က သူ့ခြေထောက်ကို ဖမ်းဆွဲလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းတွင် စုန့်လီသည် ရှောင်းချီစုန့်ကို ဝင်တိုက်လိုက်ပြီး သူ့ကို မြေကြီးပေါ် လဲကျသွားအောင် လုပ်လိုက်တော့သည်။ သို့သော်ငြား သူသည် အားအင်ကုန်ခမ်းနေပြီး တဖန် ထိန်းချုပ်ခံလိုက်ရပြန်သည်။

မြေကြီးနှင့် ရိုက်မိသွားပြီး ရှောင်းချီစုန့်က ဒေါသထွက်သွားတော့သည်။ စောစောက ကျီစန်းညန် လွတ်ကျသွားသည် ဓားမြောင်က သူ့လက်ဘေးတွင် ရောက်နေလေသည်။ သူက ဓားမြောင်ကို ကောက်ကိုင်လိုက်ပြီး ထရပ်လိုက်ကာ စုန့်လီကို ထိုးစိုက်လိုက်တော့သည်။

တစ်ချက်။ နှစ်ချက်။ အကြီးအကဲက သူ့လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး

“သခင်လေးရဲ့လက်တွေ ညစ်ပတ်ကုန်ပါလိမ့်မယ်”

အကြီးအကဲက စိုးရိမ်စိတ်ဖြင့် ပြောလိုက်လေသည်။ လူတစ်ယောက်ကို သ-တ်ဖို့လောက်တော့ အစေခံတွေ လုပ်ပါစေလေ။

မုန်းတီးစွာဖြင့် ရှောင်းချီစုန့်က ဓားမြောင်ကို လွှတ်ပစ်လိုက်ပြီး ကျီစန်းညန်ဆီ လျှောက်သွားလိုက်သည်။

အပိုင်း (၄၆) (ခ)

ကျီစန်းညန်က အော်လည်းမအော် ပြဿနာလည်း မရှာပေ။ သူ့ကို အေးတိအေးစက်နှင့်သာ ကြည့်နေလေသည်။ သည်နေ့ သူမက သူ့ကို မသတ်နိုင်ခဲ့လျှင် သည်လို အဆုံးသတ်လိမ့်မည်ကို စိတ်ကူးကြည့်နိုင်လေသည်။ သူမသည် သူ့ရုပ်ရည်ကို မှတ်ထားရလိမ့်မယ်။ သူမသည် သရဲတစ်ကောင်ဖြစ်သွားလျှင်တောင် သူ့အသက်ကို ရအောင်ယူရလိမ့်မည်။

ဒေါသချောင်းချောင်းထွက်နေသည့် ရှောင်းချီစုန့်က ရှေ့သို့ ထပ်တိုးသွားချင်လေသည်။ သို့သော် ကျီစန်းညန်က စုန့်လီလို လုပ်မည်စိုးသဖြင့် သူက အကြီးအကဲကို အမိန့်ပေးလိုက်တော့သည်။

“ ဦလေးလီ သူ့လက်မောင်းနဲ့ ခြေထောက်တွေကို သုံးမရအောင် လုပ်ပစ်လိုက်၊ ဒီလိုဆိုရင် သူဘာလုပ်နိုင်အုံးမလဲ ကြည့်အုံးမယ်”

လီချွန်က တုံ့ဆိုင်းသွားတော့သည်။ ဒါက….

“ဦးလေးလီ ဒီနေ့ ကျွန်တော် သူ့ကို မသေမရှင် ဖြစ်အောင်လုပ်ပြီး သူ့ကိုသ-တ်ပေးဖို့ မတောင်းဆိုအောင်လုပ်ရမယ်၊ သူ့ကြောင့် ကျွန်တော် ထိခိုက်မိမှာ မစိုးရိမ်ဘူးလား”

ရှောင်းချီစုန့်က လီချွန်အား တနည်းနည်းဖြင့် ကလေးဆန်ဆန် ပြောလိုက်လေသည်။

ဒါတော့ မဖြစ်သေးဘူး။ သခင်လေးရဲ့ခန္ဓာကိုယ်က ရွှေထောင်ချီတန်တာ။ လီချွန်က ကျီစန်းညန်ကို ကြည့်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် လိမ်ချိုးလိုက်တော့သည်။ ကျီစန်းညန်၏ လက်နှင့်ခြေထောက်တို့သည် အဆစ်များပြုတ်သွားတော့သည်။ ဘေးကလူများ တွဲထားပေးသဖြင့်သာ သူမသည် မြေကြီးပေါ်သို့ လဲကျမသွားခြင်းပင်။

“ သူ့ကို အိပ်ရာပေါ် မတင်ပေးသေးဘူးလား၊ ငါ အင်အားကို ပြရလိမ့်မယ်” ရှောင်းချီစုန့်က ဟိန်းဟောက်လိုက်တော့သည်။

နှစ်ဖက်လုံးက အစေခံများကိ ရယ်မောလိုက်ကြပြီး ကျီစန်းညန်ကို ခုတင်ပေါ် တင်ပေးလိုက်ကြသည်။

သူမသည် အမှန်ပင် နူးညံ့သိမ်မွေ့လှပေသည်။

ရှောင်းချီစုန့်က ရှေ့သို့ညွတ်လိုက်ပြီး ကျီစန်းညန်၏အဝတ်အစားက ခါးစည်းကြိုးကို ဖြေလိုက်၏။

သူမ၏လက်များနှင့် ခြေထောက်များအားလုံးက ကျိုးပြုတ်နေလေသည်။ ကျီစန်းညန်သည် နာကျင်လွန်းသဖြင့် ချွေးသီးချွေးပေါက်များ ထွက်နေသည့်တိုင် သူမသည် အသံတစ်ချက်ပင် မထွက်ပေ။ ရှောင်းချီစုန့်ကို သည်အတိုင်း စိုက်ကြည့်နေ၏။

သူမ၏ ထိုအကြည့်က အလွန်အားကောင်းလှ၏။ အရိုးထဲ စိုက်ဝင်သွားသယောင်။ ဤသို့ ကြည့်ခံလိုက်ရသည်တွင် ရှောင်းချီစုန့်မှာ ကြက်သီးများ ထသွားတော့သည်။ ထို့ကြောင့် သူက သူမကို ပါးရိုက်လိုက်တော့သည်။

ကျီစန်းညန်က မရှောင်လိုက်ပေ။ ထို့အစား သူမ၏မျက်နှာကို အနည်းငယ်လှည့်လိုက်ပြီး သူ့လက်ချောင်းများထဲက တစ်ချောင်းကို ကိုက်လိုက်တော့သည်။

သူမက မည်မျှအားသုံးလိုက်သည် မသိပေ။ တစ်ချက်အလှုပ်တွင် သူမသည် ရှောင်းချီစုန့်၏လက်ညှိုးကို ကိုက်ချလိုက်ပြီး သွေးများ ပန်းထွက်လာတော့သည်။

“အား…ကျွတ် ကျွတ်….”

လက်ချောင်းဖျားက အာရုံကြောများသည် နှလုံးသားနှင့် ချိတ်ဆက်ထားလေသည်။ ရှောင်းချီစုန့်က သူ့လက်ဒဏ်ရာကို တင်းနေအောင် အုပ်ထားလိုက်၏။ နာကျင်လွန်းလှသဖြင့် သူသည် ခုန်ဆွ ခုန်ဆွ လုပ်ချင်သွားတော့သည်။

“သခင်လေး”

လီချွန်က သူ့ဒဏ်ရာများကို မြန်မြန်ကြည့်ပေးလိုက်လေသည်။

“ငါ့လက်ချောင်း”

ရှောင်းချီစုန့်က ဟိန်းဟောက်အော်ဟစ်တော့သည်။

လီချွန်က လှည့်လိုက်ပြီး ထိုလက်ချောင်းကို ငုံမထား ကိုက်မချနိုင်အောင် ကျီစန်းညန်၏မေးရိုးကို ညစ်ထားလိုက်လေသည်။ ထို့နောက်တွင် သူက အားထည့်လိုက်၏။ ကျီစန်းညန်မှာ မေးရိုးလွဲသွားတော့သည်။ အကြီးအကျယ်ဒဏ်ရာရထားသည့်လက်ချောင်းက ထွက်ကျလာတော့သည်။

လီချွန်က မြန်မြန်ဖမ်းလိုက်ပြီး ရှောင်းချီစုန့်ကို ပြောလိုက်၏။

“သခင်လေး ဆေးခန်းကို မြန်မြန်သွားရပါမယ်၊ ပြန်ဆက်လို့ရရင်ရမှာပါ”

ရှောင်းချီစုန့်က ထွက်သွားမည်ပြင်လိုက်၏။ သို့သော် သူ ထွက်မသွားခင် အစောင့်နှင့်အစေခံများကို ကြောက်စရာကောင်းလောက်အောင် ကြည့်လိုက်ပြီး

“ အဲခွေးမ၊ မင်းတို့ကောင်တွေ သူ့ကို သွား-ျကြစမ်း၊ နာနာလေး-ျ ၊ သေအောင်လုပ်ပစ်”

“ဟုတ်ကဲ့”

ထိုအစောင့်များနှင့် အစေခံများသည် တောက်ပနေသည့်လတစ်စင်းနှင့် တူသည့်ကျီစန်းညန်ကို ကြည့်လိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်ကြလေသည်။

ထိုအချိန်မှာပင် တံခါးနားတွင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားတော့သည်။

လီချွန်က အလွန်မျက်စိလျင်သည်။ ချက်ချင်းဆိုသလို ထိုလူများ၏ အဝတ်အစားကို သေချာ မြင်လိုက်ရပြီး မနေနိုင်တော့ဘဲ ထိတ်လန့်သွားကာ ဖြူဆုတ်သွားတော့သည်။

ချီလင်သက်တော်စောင့်တွေ။ ဘယ်လိုလုပ်ပြီး ချီလင်သက်တော်စောင့်တွေ ဖြစ်နေတာလဲ။

သည်နေရာသို့ ချီလင်သက်တော်စောင့်များ ရောက်လာသည့်အကြောင်းကို စဥ်းစားရန် အချိန်မရှိပေ။ လီချွန်က ရှောင်းချီစုန့်ခါးကို ဖမ်းဆွဲလိုက်ပြီး သည်နေရာက အရင်ဆုံးထွက်သွားရန် နံရဲ့ကို ခုန်ကျော်ချင်လိုက်လေသည်။

သည်အခိုက်တွင် အေးစက်သည့်အလင်းတန်းတစ်ခုကို မြင်လိုက်ရတော့သည်။ ထိုအေးစက်လှသည့် အလင်းတန်းက သူ့ဆီသို့တန်းတန်းမတ်မတ် လာခဲ့သည်။

လီချွန်က ဓားရှည်တစ်ချောင်း၏အရိပ်မှန်း သိလိုက်သည်။ လျင်မြန်ပါးလှပ်သည့်ဓားအရိပ်တစ်ခုပင်။

မတတ်သာတော့ဘဲ သူသည် ခြံဝင်းထဲသို့ ပြန်ကျသွားတော့သည်။

ရှန်ဖုန်းမင် တံစက်မြိတ်ပေါ်၌ လက်ထဲကဓားရှည်တစ်ချောင်းနှင့် ရပ်နေသည်။ ခံ့ညားလှစွာဖြင့် သူက သူတို့ကို ကြည့်နေ၏။ မြောက်ပြန်လေက သူအဝတ်အစား၏အနားကို ဖြတ်တိုက်သွားသည်။

လီချွန်နှင့် ရှောင်းချီစုန့်နှစ်ယောက်လုံးက သူ့ကို တွေ့လိုက်ကြသည်။

လီချွန်သည် ရေခဲခန်းတစ်ခုထဲ ကျသွားသလိုခံစားလိုက်ရတော့သည်။ သူ့မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။ ဘယ်လိုဖြစ်ပြီး သေမင်းက ဒီကို ရောက်နေတာလဲ။

ရှောင်းချီစုန့်မှာ ကြောက်ရွံ့လွန်းလှသဖြင့် ခြေထောက်များပင် ပျော့ကုန်တော့သည်။ ရှန်ဖုန်းမင်နှင့် ချီလင်သက်တော်စောင့်မျာသည် သူ့အိပ်မက်ဆိုးများပင်။ သူ့ဘဝတွင် သူသည် ရှန်ဖုန်းမင်ကို လုံးဝ ထပ်မတွေ့ချင်တော့ပေ။

တိုက်တိုက်ဆိုင်ဆိုင် အခုတော့ သူ့ကို ထပ်တွေ့ရနေပြန်သည်။

တစ်ဖက်တွင် ယန်ရှန့်က အပြင်ကလူများကို ဦးဆောင်လာပြီး လှိုက်လှဲဟန်ဖြင့် မေးလိုက်၏။

“ ဒီလောက် အလျင်စလိုနဲ့ ဘယ်သွားကြမလို့လဲ”

ရုတ်တရက်ဆိုသလို သူသည် သွေးနံ့တစ်ခုကို ရလိုက်လေသည်။ ချက်ချင်းပင် သူက ဘေးကလူများကို ပြောလိုက်၏။

“ဝင်သွား၊ သွားကြည့်လိုက်ကြ”

ချီလင်သက်တော်စောင့်များသည် အခန်းထဲသို့ မြန်မြန် ပြေးဝင်သွားပြီး အခန်းထဲက ကြမ်းပြင်ပေါ်တွင် လူတစ်ယောက် လဲကျနေသည်ကို တွေ့လိုက်ရလေသည်။ ထိုလူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် သွေးများ ဖုံးလွှမ်းနေသည်။ တစ်ဖက်တွင်တော့ အစောင့်နှင့် အစေခံတစ်စုက အမျိုးသမီးတစ်ယောက်၏ အဝတ်အစားများကို ဆွဲဖြဲဖို့ ပြင်နေကြသည်….

သည်မြင်ကွင်းက ချီလင်သက်တော်စောင့်များအားလုံးကို သွေးများ ဆူပွက်လာသလို ခံစားလိုက်ရတော့သည်။ သူတို့က ထိုလူများကို ကြက်ကလေး ငှက်ကလေးများလို ခြံဝင်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ပစ်ထုတ်လိုက်ပြီး ယန်ရှန့်ဆီ အပြေးပြန်လာကာ သတင်းလာပို့လိုက်ကြသည်။

ယန်ရှန့်သည် ထိုသတင်းကို ကြားလိုက်ပြီးနောက် သူ့မျက်မှာပေါ်က အပြုံးက ပျောက်ကွယ်သွားတော့သည်။

သည်အချိန်တွင် ရှန်ဖုန်းမင်က တံစက်မြိတ်ပေါ်က ဆင်းလာ၏။ အခန်းထဲက မြင်ကွင်းကို တွေ့လိုက်ချိန်တွင် သူ့မျက်လုံးထဲတွင် အေးစက်သည့်အလင်းတစ်ခု ဖျတ်ခနဲလက်သွားတော့သည်။

“ အဘိုးကြီးဝူကို ဒီနေရာကို ပင့်လာခဲ့ကြ”

သူသည် သက်တော်စောင့်က သတင်းပို့လိုက်သည်ကို ကြားလိုက်ရသည်။ လဲနေသည့်လူက အသက်ရှိသေးသည်။ အမျိုးသမီးကလည်း ဒဏ်ရာရရုံသာဖြစ်မည်။

“ဟုတ်ကဲ့”

တစ်ယောက်က အမိန့်ကို လက်ခံလိုက်၏။

ထို့နောက်တွင် ရှန်ဖုန်းမင်က လီချွန်နှင့် ရှောင်းချီစုန့်တို့ဖက်သို့ လှည့်လိုက်လေသည်။ ရှောင်းချီစုန့်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများပေကျံနေသည်။ သူသည် တရားခံဖြစ်သည်မှာ အထင်အရှားပင်။

သူက လက်မြှောက်လိုက်ပြီး လေထဲတွင် လက်သီးဆုပ်ထားလိုက်၏။ ဒါသည် ချီလင်သက်တော်စောင့်တို့၏ အမိန့်ပေးသည့်လက်ဟန် ဖြစ်သည်။ ဖမ်းရမည် ဟူသည့်အဓိပ္ပာယ်ပင်။

ထိုချီလင်သက်တော်စောင့်များက ထွက်လာပြီး လီချွန်နှင့် ရှောင်းချီစုန့်တို့ကို ဖမ်းရန် ဝိုင်းထားလိုက်ကြသည်။

လီချွန်က ရှောင်းချီစုန့်ကို ကာထားပြီး ရှန်ဖုန်းမင်ကို တည့်တည့်ပြောလိုက်၏။

“ အရာရှိရှန် ကိစ္စက ခင်ဗျားထင်ထားသလို မဟုတ်ပါဘူး၊ အခန်းထဲက မိန်းမက ကျုပ်သခင်လေးကို သ-တ်မလို့ လုပ်နေတာပါ”

“ကျီစန်းညန် လုပြည်နယ် ယွီမင်စီရင်စု ဇာတိတစ်ယောက်၊ သူမက လွန်ခဲ့တဲ့လေးနှစ်တုန်းက ကျင်းကွမ်းဘုရားကျောင်းမှာ ဟွိုက်နန်ဝမ်ရဲ့သား သခင်လေးရှောင်းချီစုန့်ကို ဖျားယောင်းမြှူဆွယ်ခဲ့တယ်၊ ဒါပေမဲ့ ဖျားယောင်းမှု မအောင်ခဲ့တဲ့အတွက် သူမက သူမရဲ့အဖေကို ဟွိုက်နန်ဝမ်ရဲ့ သခင်လေးကို ရိုက်နှက်ခိုင်းခဲ့တယ်၊ ဟွိုက်နန်ဝမ်ရဲ့ သခင်လေးရဲ့ အစေခံတွေက လက်လွန်သွားပြီး သူ့ကို သ-တ်ခဲ့မိတယ်။

ရှောင်းချီစုန့်ကို ကျီမိသားစုကို လျန်၁၀၀ လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခဲ့တယ်။

လဝက်ကျော်ပြီးနောက်မှာ သူမရဲ့ခင်ပွန်းလောင်းဟန်ရှောင်ဇဲ့က နစ်နာမှုကို တိုင်ကြားဖို့ ဗုံတီးခဲ့တယ်၊ ကျန်းစီရင်စုရဲ့ တရားသူကြီးက မူလအမှုကို ထိန်းသိမ်းထားပြီး ဥပမာအနေနဲ့ သူ့ကို ကြိမ်ဒဏ် အချက်၂၀ ချမှတ်ခဲ့တယ်။

နောက်တစ်လမှာ ဟန်ရှောင်ဇဲ့က သူ့နစ်နာမှုအတွက် လုပြည်နယ်မှာ တိုင်ကြားခဲ့ပြီး ကြိမ်ဒဏ်အချက် ၄၀ ရခဲ့တယ်။

နှစ်ဝက်ကြာပြီးတဲ့နောက်မှာ ဟန်ရှောင်ဇဲ့က မြို့တော်ကို သွားပြီး အရာရှိတွေကို တိုင်ကြားဖို့ ဗုံတီးခဲ့ပြီး ကြိမ်ဒဏ်အချက်၄၀ ရခဲ့ပြန်တယ်။ အချက်၄၀ ရိုက်ခံရပြီးနောက်မှာ ဟန်ရှောင်ဇဲ့က အမှုကို ပိတ်သိမ်းလိုက်ပြီး သူ့ဇာတိမြို့ကို ပြန်ပို့ခံလိုက်ရတယ်”

ရှန်ဖုန်းမင်က ကျီစန်းညန်အမှု၏ အကြောင်းအရာတစ်ခုလုံးကို တစ်ကြောင်းချင်း ထုတ်ပြောလိုက်သည်။

လီချွန်နှင့် ရှောင်းချီစုန့်တို့သည် မှင်တက်အံ့ဩသွားကြတော့သည်။ ကျီစန်းညန်လို့ခေါ်တဲ့ အမျိုးသမီးက အခန်းထဲကလူ ဖြစ်နေတာကိုး။ ရှောင်းချီစုန့်က သူမကို လွန်ခဲ့တဲ့လေးနှစ်က ကျူးလွန်ခဲ့တာ ဖြစ်နေတာကိုး။ သည်တစ်ကြိမ်တွင် ရှောင်းချီစုန့်သည် နောက်ဆုံးတော့ သည်လိုကိစ္စမျိုး ရှိခဲ့ဖူးသယောင် မှတ်မိသွားတော့သည်။ ထိုနှစ်က လုပြည်နယ်ကို ဖြတ်သွားစဥ် ကျင်းကွမ်းဘုရားကျောင်း၌ လှပသည့်ရှုခင်း ရှိသည်ဟု ကြားလိုက်ရသည်။ ထို့ကြောင့် သူက အလည်အပတ် သွားခဲ့သည်။ နောက်ပိုင်းတွင် သူသည် အလွန်လှပသည့် မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့ရသည်။

သူသည် ကျီစန်းညန်၏ရုပ်ရည်ကို လုံးဝမေ့သွားခဲ့လေသည်။ အခုချိန်တွင် သူသည် ပြန်မှတ်မိသော်လည်း အလွန်မှ ဝိုးတိုးဝါးတားသာ ဖြစ်လေသည်။

အခန်းထဲတွင် ကျီစန်းညန်သည် ခုတင်ပေါ်၌ အသက်မဲ့လျက် လဲလျောင်းနေလေသည်။ သို့သော် ရှန်ဖုန်းမင်က ထိုအကြောင်းကို ထုတ်ပြောလိုက်ချိန်တွင် မျက်လုံးထဲမှ မျက်ရည်များက စီးကျလာတော့သည်။ တစ်ခြားသူအတွက်တော့ စာကြောင်းလေး တစ်ကြောင်းနှစ်ကြောင်း ဆိုသော်ငြား သူမအတွက်တော့ ဘတတစ်သက်စာ အိပ်မက်ဆိုးကြီးတစ်ခုပင်။

ယန်ရှန့်သည် ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ပိုပြီးအေးစက်သွားသည့်မျက်လုံးများဖြင့် ရှောင်းချီစုန့်ကို ကြည့်လိုက်တော့သည်။ အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ ဒီလိုလူမျိုးကို သူအမုန်းဆုံးပဲ။

နောက်အကြိမ် ရှောင်းချီစုန့်သည် ချီလင်သက်တော်စောင့်၏ ဖမ်းဆီးခံရချိန်က သူသည် သာမန်မိန်းကလေးတစ်ယောက်ကို အတင်းအကြပ် ဆွဲခေါ်သွားခြင်းကြောင့်ဖြစ်လေသည်။ သူက အကြိမ်ကြိမ် ပြစ်မှုကျူးလွန်နေသူတစ်ယောက်ပင်။

“ အဲခွေးမက ငါ့ကို မြူဆွယ်ခဲ့တာ”

ရှောင်းချီစုန့်က မုန်းတီးစွာ ထုတ်ပြောလိုက်၏။ ပြောရင်းတန်းလမ်း ရှန်ဖုန်းမင်၏အကြည့်နှင့် ဆုံသွားချိန်တွင် လီချွန်နောက်သို့ မြန်မြန်ဝင်ပုန်းနေလိုက်လေသည်။

လီချွန်က သူ့ကို ကာကွယ်ပေးလိုက်ပြီး ရှန်ဖုန်းမင်ကို ပြောလိုက်၏။

“ အရာရှိရှန် ဒါက အမှုဟောင်းတစ်ခုပါ၊ ဒီမိန်းမက ကျုပ်သခင်လေးကို အန္တရာယ်ပြုနေတုန်းပဲ၊ သူမက ကိုယ်တွယ်ရလွယ်တဲ့သူ မဟုတ်ဘူးဆိုတာ သက်သေပြနေတာပါ၊ အရာရှိရှန် သူမ အရူးလုပ်နေတာကို မခံပါနဲ့”

ထို့နောက် သူက ခေါင်းစဥ်ပြောင်းလိုက်လေသည်။

“ကျုပ်တို့ဝမ်ရယ်က သခင်လေးကို အသက်၄၂ မပြည့်သေးခင်အထိ အပြစ်မယူထားတာ အရာရှိရှန် သိပါတယ်၊ ကျုပ်သခင်လေးတစ်ယောက်ပဲ ရှိတာပါ၊ အရာရှိရှန်က မြင့်မြတ်တဲ့လက် ပင့်ပြီး ဒီနေ့ ဒီကိစ္စကို အရေးမယူဖို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်က ကျုပ်တို့ဝမ်ရယ်ကိုယ်စား အရာရှိရှန်ကို ကတိပေးပါတယ်၊ ကျုပ်တို့ဝမ်ရယ်က နောက်ပိုင်း အရာရှိရှန် လိုအပ်သမျှကို သေချာပေါက် ကူညီပေးမှာပါ”

သူ့ကတိမှာ အသေးအမွှားတော့ မဟုတ်ပေ။

အပိုင်း (၄၆) (ဂ)

ဟွိုက်နန်ဝမ် ၊ လက်ရှိဘုရင်၏ဦးရီးတော်သည် မျိုးနွယ်နှင့် အထက်တန်းစားမိသားစုများကြားတွင် သူ့စကားက အလွန်မှအရေးပါလေသည်။

“ ပြီးတော့ ပြောရမယ်ဆိုရင် အရာရှိရှန်က ကျုပ်တို့ရဲ့ဝမ်ရယ်ကို အမေဘက်က ဦးရီတော်လို့ ခေါ်ရမှာပါ၊ အရာရှိရှန်က ကျုပ်တို့သခင်လေးအတွက် အပြင်လူ မဟုတ်ပါဘူး” လီချွန်က ပြောလိုက်၏။

သူက ရှန်ဖုန်းမင် စိတ်ပြောင်းသွားရန် ဆက်တိုက်ပြောဆိုနေလေသည်။ သူက ရှန်ဖုန်းမင်ကို ကြည့်လိုက်၏။

“ကျုပ်က အမှုကိုပဲ ဖြေရှင်းမှာ”

ရှန်ဖုန်းမင်က ထိုသို့သာ ပြောလိုက်လေသည်။

အမှုတစ်ခုကို ဖြေရှင်းချိန်တွင် မိသားစု သံယောဇဥ်ဆိုတာ မရှိသလို၊ ဘာကျေးဇူးတရားမှလည်းမရှိပေ။

လီချွန်က သူ့စကားကို နားလည်သွားပြီး အသက်ရှူကြပ်သွားတော့သည်။ ဒီရှန်ဖုန်းမင်က ကောလာဟလထဲကလိုပဲ တကယ့်ကို အေးစက်ပြီး ရက်စက်တာပဲ။

သည်အချိန်တွင် ထိုချီလင်သက်တော်စောင့်များက ပြေးဝင်လာကြပြီး ရှောင်းချီစုန့်ကို ဖမ်းရန် ကြိုးစားလိုက်ကြသည်။

အားလုံးကို ဝေ့ယမ်းကာ တားဆီးရင်း လီချွန်က စူးရှသည့်အသံဖြင့် အော်ပြောလိုက်လေသည်။

“အရာရှိရှန်၊ ခင်ဗျားတကယ်ပဲ ကျုပ်တို့ကို ခက်ခဲအောင်လုပ်နေမှာလား”

ရှန်ဖုန်းမင်က ဓားအိမ်ထဲကထုတ်ထားသည့် ဓားတိုတစ်ချောင်းလို ထက်ရှအေးစက်စွာဖြင့် သူ့ကို ကြည့်လိုက်လေသည်။

လီချွန်သည် သည်နေ့တော့ အဆင့်ပြေလိမ့်မည်မဟုတ်မှန်း သိလိုက်တော့သည်။ သူက ခါးထဲက အရာတစ်ခုကို ထုတ်လိုက်ပြီး ချီလင်သက်တော်စောင့်အားလုံးကို အော်လိုက်တော့သည်။

“ အနားကပ်မလာနဲ့”

ထို့နောက် သူက ထိုပစ္စည်းကို ကိုင်ပြီး ရှန်ဖုန်းမင်ကို မေးလိုက်၏။

“ အရာရှိရှန် ဒီပစ္စည်းကို သိလား”

ယန်ရှန့်သည် ထိုပစ္စည်းကို တွေ့လိုက်ချိန်တွင် စိတ်ထဲက အံ့ဩသွားတော့သည်။ ဧကရာဇ်မင်းကြီး ချီးမြင့်ထားတဲ့ ရွှေနဂါးအမိန့်ပြား။ ဒီအမိန့်ပြားကို တွေ့ရင် ဘုရင်ကို တွေ့ရသလိုပဲ။

ထိုချီလင်သက်တော်စောင့်များသည် အသိပညာရှိကြပြီး လျစ်လျူရှုမထားရဲချေ။ သူတို့က ချက်ချင်း ဒူးထောက်လိုက်ကြတော့သည်။

ယန်ရှန့်က ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီးမှ ဒူးထောက်လိုက်လေသည်။ မှန်ကန်သည့်ကျင့်ဝတ်တစ်ခု ဖြစ်လာလျှင် အရင်ဆုံး လေးစားရပေမည်။ မဟုတ်လျှင် အရိုအသေမဲ့ခြင်းက ပြစ်မှုတစ်ခုပင်။

ရှန်ဖုန်းမင်၏မျက်ခုံးနှင့် မျက်လုံးများက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာတော့သည်။ သူသည် လက်ထဲကဓားကို မြှောက်လိုက်ပြီး

“ ခွမ်းဝူဓား၊ ဧကရာဇ်မင်းကြီးက အရင်လုပ်ဆောင်ပြီး နောက်မှ သတင်းပို့ဖို့ ခွင့်ပြုထားတယ်”

“သူတို့ကို ဖမ်းလိုက်” သူက ပြောလိုက်၏။

ယန်ရှန့်နှင့် ကျန်လူများက ထရပ်လိုက်ပြီး ရှောင်းချီစုန့်ထံ တဖန်ပြေးဝင်သွားကြတော့သည်။ သည်တစ်ကြိမ်တွင် သူ့ရင်ထဲ၌ ဒေါသမီးများ တောက်လောင်နေလေသည်။ သူတို့အားလုံးက သူ့ကို ချက်ချင်း ဖမ်းချင်နေကြတာပဲ။

လီချွန်မှာ ရှန်ဖုန်းမင်က ရွှေနဂါးအမိန့်ပြားကိုပင် မကြောက်လိမ့်မည်ဟု ထင်မထားခဲ့ချေ။

သူသည် ခုနက ရှန်ဖုန်းမင်၏ဓားချက်ကို မျက်မြင်ကိုယ်တွေ့ ရှိထားခဲ့ပြီး ရှောင်းချီစုန့်နှင့်အတူ ထွက်ပြေးနိုင်ဖို့ လုံးဝလမ်းမရှိမှန်း တွေးမိလိုက်လေသည်။ မတတ်သာတော့ဘဲ သူက ရှောင်းချီစုန့်ကို အရင်ဆုံး လွှတ်လိုက်တော့သည်။ ထို့နောက် သူက အကြိမ်အနည်းငယ် တိမ်းရှောင်လိုက်ပြီး နောက်သို့ ပြန်ဆုတ်လိုက်၏။

ဒီလိုကိစ္စများ ဖြစ်လာရင် တစ်ယောက်ယောက်ကတော့ ဟွိုက်နန်ဝမ်ဆီ သတင်းသွားပို့ရမှာပဲ။ ဟွိုက်နန်ဝမ်က ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုပဲ မင်းကြီးကို သွားရှာမှ ဒီကိစ္စက လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခု ရှိမှာ။

“သူ့ကို မလွှတ်စေနဲ့”

ယန်ရှန့်က စိုးရိမ်တကြီးပြောလိုက်လေသည်။

ထိုသက်တော်စောင့်များသည် လီချွန်ကို ချက်ချင်းတားဖို့ ကြိုးစားလိုက်သော်လည်း လီချွန်၏ သိုင်းပညာက အလွန်မြင့်နေသည်။ သူ ထွက်ပြေးချင်လျှင် ဘယ်သူမှ သူ့ကို လုံးဝတားနိုင်မည်မဟုတ်ပေ။

လီချွန်က လူအုပ်ကြီး ခုန်ကျော်လိုက်သည်နှင့် ပုံရိပ်တစ်ခုက နောက်ကခုန်ဝင်လာပြီး ဓားတစ်ချောင်းနှင့် လီချွန်၏ လမ်းကို ပိတ်ထားလိုက်တော့သည်။

လီချွန်က နောက်နှစ်လှမ်းဆုတ်လိုက်ပြီး ရှန်ဖုန်းမင်းကို ပြတ်သွားစွာမေးလိုက်၏။

“အရာရှိရှန် ဒီလိုလုပ်မှဖြစ်မှာလား၊ နောက်ဆုံးဘာဖြစ်မယ်ဆိုတာ မသေချာဘူးနော်၊ ခင်ဗျား မကြောက်….”

ရှန်ဖုန်းမင်၏ဓားချက်က တခြားသူများထက် ပိုမြန်လေသည်။

လီချွန်သည် ဓားချက်အနည်းငယ်ကို ရှောင်တိမ်းရင်းသာနေရပြီး တစ်ချက်လေး သတိလက်လွတ်ဖြစ်သွားချိန်တွင် သူ့ပခုံး၌ ဒဏ်ရာရသွားတော့သည်။

သူသည် ပခုံးတွင် လက်တင်ထားပြီး နေရာတွင်ပင် မလှုပ်မယှက် ရပ်နေ၏။ သူသည် ရှန်ဖုန်းမင်၏ လက်ထဲတွင် သေသွားမည်ကို စိုးရိမ်သွားတော့သည်။

လီချွန်၊ ရှောင်းချီစုန့်နှင့် အပေါင်းအပါများသည် ဖမ်းဆီးခံလိုက်ရပြီး နေရာတွင်ပင် စစ်မေးခံရတော့သည်။

ရှောင်းချီစုန့်သည် ခြေလက်များ ပျော့အိသွားသည်အထိ ကြောက်ရွံ့နေခဲ့သည်။ ယန်ရှန့်က သူ့ကို ခြိမ်းခြောက်လိုက်သည်နှင့် ချက်ချင်း သူက လွန်ခဲ့သည့်လေးနှစ်ကအကြောင်းနှင့် သည်နေ့အကြောင်းကို ဝါးကျည်တောက်ထဲက ပဲစေ့များလောင်းချလိုက်သလို အားလုံးပြောပြလိုက်လေသည်။

ဘေးတွင်နားထောင်ရင်း လီချွန်က သူ့ကို အကြိမ်ကြိမ်က မျက်လုံးဖြင့်အချက်ပေးနေ၏။ သို့သော် အလုပ်မဖြစ်ပေ။ ထို့ကြောင့် သူက ထိုနေရာတွင်သာ ရပ်နေလိုက်ပြီး မလှုပ်မယှက်နေလိုက်တော့သည်။

သခင်လေးက အပြစ်တွေ ဝန်ခံလည်း ဘာဖြစ်လဲ။ ဒါက တော်ဝင်မိသားစုနဲ့ ပက်သတ်နေတာပဲ။ ဒီကိစ္စရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို မင်းကြီးကပဲ ချရမှာ။

သူတို့တွေ မြို့တော်ကိုရောက်တာနဲ့ သူက သခင်လေးကို ပြန်ကိုက်ခိုင်းပြီး ချီလင်သက်တော်စောင့်တွေက သူ့ကို ခြိမ်းခြောက်ပါတယ်လို့ ပြောလို့ရတာပဲ။ ဒါကြောင့် သူက ဝန်ခံရပါတယ်ပေါ့။ ဟွိက်နန်ဝမ်က မင်းကြီးကို တောင်းဆိုရင် မင်းကြီးကလည်း သခင်လေးရဲ့အသက်ကို သေချာပေါက် ချမ်းသာပေးမှာပဲလေ။

လီချွန်၏ပုံစံကို မြင်လိုက်ရပြီး သူစဥ်းစားနေသည့်အရာကို ယန်ရှန့်က ခန့်မှန်းမိလေသည်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ဒီလိုပဲ ဖြစ်မှာပဲ။ မင်းကြီးက ဟွိုက်နန်ဝမ်ကို အရမ်းတန်ဖိုးထားတာ။ ဒီတော့ ရှောင်းချီစုန့်ကိုလည်း သက်ညှာပေးမှာပဲ။

ပြီးခဲ့အခေါက် ရှောင်းချီစုန့် သာမန်မိန်းကလေးတစ်ယောက်ကို အတင်းဆွဲခေါ်သွားတုန်းက မင်းက ဘာပြောခဲ့လဲ။ ရှောင်းချီစုန့်ကို အဲဒီမိန်းကလေးကို ကိုယ်လုပ်တော်အဖြစ် ယူခိုင်းလိုက်ပြီး သူ့ကို လွှတ်ပေးလိုက်ပါတဲ့။

ဒီလိုနည်းနဲ့ အဲဒီသာမန်မိန်းကလေးကို လျော်ကြေးပေးလိုက်တကာက အဲဒီမိန်းကလေးအတွက်တော့ ကြီးမားတဲ့လက်ဆောင်တစ်ခုနဲ့ တူနေမှာပေါ့။

တကယ်ပါ။ အပြင်လူတွေရဲအမြင်မှာလည်း သာမန်းမိန်းကလေးတစ်ယောက်က နန်းတော်ရဲ့ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာတာက သစ်ကိုင်းအမြင့်ကြီးတစ်ခုပေါ် ပျံ့တက်သွားပြီး ဇာမဏီငှက်တစ်ကောင်ဖြစ်လာတာပဲ။

သို့သော်ငြား ယန်ရှန့်ကတော့ စိတ်ပျက်မိလေသည်။ ကိစ္စများက သည်လိုမဖြစ်သင့်ဟု ခံစားမိသည်။

ဒီတစ်ကြိမ်တွင်လည်း မင်းကြီးက ဘာပြောအုံးမလဲ မသိဘူး။

သည်နေရာတွင် စစ်ဆေးနေစဥ် အဘိုးကြီးဝူကို ခေါ်လာခဲ့တော့သည်။

သူသည် ရှန်ဖုန်းမင်ကို တွေ့လိုက်သည်နှင့် ဒေါသထွက်သွားတော့သည်။ သူက ကျန်းယွင်ကျူး နေ့လယ်စာအတွက် ပြင်ဆင်နေတာကို ကြည့်မလို့ပါဆို။ သူက ဘာလုပ်တာလဲ။

ထို့နောက်တွင် သူသည် သွေးများရွှဲနေသည့် စုန့်လီနှင့် ခုတင်ပေါ်တွင် ကျိုးပဲ့နေသည့် ကျီစန်းညန်တို့ကို တွေ့သွားတော့သည်။

အမှန်အတိုင်းပြောရလျှင် အဘိုးကြီးဝူသည် ကျီစန်းညန်ကို သည်လိုတွေ့လိုက်ရသဖြင့် သနားမိလေသည်။

သည်တစ်ကြိမ်တွင်တော့ သူသည် ရှန်ဖုန်းမင်ကို အခက်တွေ့အောင်မလုပ်တော့ပေ။ အရင်ဆုံး စုန့်လီကို ကုသပေးလိုက်ပြီး သူ့အသက်ကို ထိန်းထားပေးလိုက်သည်. ထို့နောက် သူသည် ကျီစန်းညန်၏ မေးရိုး၊ လက်မောင်းနှင့် ခြေထောက်များကို ပြန်ဆက်ပေးလိုက်သည်။

ကုသနေစဥ် ကျီစန်းညန်က အသံတစ်ချက်ပင် မထွက်ပေ။ အဘိုးကြီးဝူက သူမကို သစ်သားတုံးလားဟုပင် စဥ်းစားမိလေသည်။ သည်အရိုးကိုပြန်ဆက်သည့် နာကျင်မှုက သာမန်လူများ သည်းခံနိုင်သည့်အရာမျိုးမဟုတ်ပေ။

ကျီစန်းညန်က ရှန်ဖုန်းမင်နှင့် ရှောင်းချီစုန့်တို့ကို ဘေးကကြည့်နေလိုက်သည်။ သူမသည် နစ်နာမှုအကြောင်း ထုတ်ပြောချင်ခဲ့သည်။ သို့သော် သည်လောကတွင် တရားမျှတမှု မရှိကြောင်း သူမ သိထားသည်။ နောက်ဆုံး ရှောင်းချီစုန့်ကို အပြစ်မရှိကြောင်းလွှတ်ပေးလိမ့်မယ်။

အဲဒီအစား သူမက လူတွေကို မြှူဆွယ်ပါတယ်လို့ စွပ်စွဲခံရလိမ့်မယ်။

တကယ် ရယ်စရာကောင်းလိုက်တာ။

အဘိုးကြီးဝူက သူမကြည့်နေသည့်ဘက်ကို လိုက်ကြည့်လိုက်ပြီး ရှန်ဖုန်းမင်ကို တွေ့သွား၏။ သူက နှာခေါင်းရှုံ့လိုက်တော့သည်။

“ ရုံးတော်ရဲ့လက်ကိုင်တုတ်”

သည်အချိန်တွင် သက်တော်စောင့်တစ်ယောက်က ရှန်ဖုန်းမင်၏နောက်ဆုံး စီရင်ချက်ကို ဖတ်မိသွားလေသည်။ ‘ချက်ချင်းခေါင်းဖြတ်သတ်စေ’ ဟူသည့် စကားကို ကြားလိုက်ရချိန်တွင် အားလုံးသည် ထိတ်လန့်သွားကြလေတော့သည်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset