အပိုင်း (၄၅)
“သွားအိပ်တော့လေ”
ရှန်ဖုန်းမင်က ပြောလိုက်၏။
“ရှင်ကရော”
ကျန်းယွင်ကျူးက မေးလိုက်သည်။
“ ကျွန်တော် တစ်ခုခုကို စဥ်းစားနေလို့ပါ”
ကျန်းယွင်ကျူး :… ဟုတ်ပါပြီ။
နောက်တစ်နေ့ မနက်ခင်းတွင် ကျန်းယွင်ကျူး နိုးလာ၏။ သူမ၏စိတ်တို့က အများကြီး ကြည်လင်နေသည်။ မနေ့က သူမသည် အလွန်မှ အလျင်လိုပုံရသည်ဟု ခံစားလိုက်ရသည်။ လူတစ်ယောက်က အဘိုးကြီးဝူကို ရောဂါကုပေးဖို့ ငွေစ တစ်ထောင် ပေးဖူးခဲ့ပေမဲ့ အဘိုးကြီးဝူက သူ့ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ဖူးဘူးလေ။ ဒါနဲ့များ ဟင်းတစ်ပွဲလေး ချက်တာက ဘယ်လောက်ရှိမှာလဲ။
ဘာပဲဖြစ်ဖြစ် အဘိုးကြီးဝူက အိမ်မှာရက်နည်းလောက် နေအုံးမှာပဲ။ သူမကလည်း စိတ်ရင်းကို ဖြည်းဖြည်းချင်း ပြပေးရမယ်လေ။
မနက်စာစားပြီးနောက် ကျန်းယွင်ကျူးတွင် လုပ်စရာရှိနေသည်။ သူမက ကျန်းလင်နှင့် ကလေးများကို ရပ်ခိုင်းလိုက်၏။
“ မနေ့က အစ်မ သခင်လေးကုကို ပြောလိုက်တာ နင်တို့လည်း ကြားတယ်နော်၊ အစ်မ သူ့ကို ဒီနေ့ကစပြီး မနှောင့်ယှက်ချင်တော့ဘူး၊ ပြီးတော့ စာမေးပွဲအတွက် ပြင်ဆင်ဖို့ပဲ သူ့ကို အာရုံစိုက်စေချင်တယ်။
နင်တို့က အရင်ကလေ့လာခဲ့တာတွေကို ပြန်လေ့လာထားလိုက်၊ နှစ်သစ်ကူးပြီးရင် မိသားစုမှာ ငွေရှိလာတဲ့အခါ အစ်မတို့က နင်တို့ ကျောင်းပို့ပေးမယ်”
အဆင့်တစ် စာတမ်းပိုင်ရှင် ကုယန်ကျိုးသည် အခုတော့ စာမေးပွဲအတွက် ပြင်ဆင်ရန် အရေးကြီးကာလသို့ ရောက်နေပြီဖြစ်သည်။ သူမက သူ့ကို မနှောင့်နှေးစေလိုပေ။ သူမက အခြေအနေကို ဆန်းစစ်ကြည့်ပြီး ဆုံးဖြတ်ထားပြီးဖြစ်သည်။ လက်ရှိတွင် မိသားစုက တစ်နေ့လျှင် ၅လျန် ရှာနိုင်ပြီ။ နှစ်သစ်ကူးရောက်ဖို့ရာ တစ်လကျော်လောက် လိုသေးသည်။ သူတို့သည် လျန်၂၀နီးပါး ရှာနိုင်သေးသည်။ ကျောင်းလခအတွက် လုံလောက်နိုင်သည်။
ကျန်းလင်၊ ကျန်းယွင်ရွှယ်နှင့် ကျန်းဝူတို့သည် အမူအရာအမျိုးမျိုး ဖြစ်သွားကြတော့သည်။ အမျိုးသမီးချန်နှင့် ကျန်းချိန်တို့ပင် သူမ စကားကို ရပ်နားထောင်လိုက်ကြသည်။
ကျန်းလင်က ကျန်းယွင်ကျူးကို တိတ်တိတ်လေး အကဲခတ်ကြည့်လိုက်၏။ သူ့တွင် တစ်ခုခု ပြောစရာရှိနေသယောင်။
ကျန်းယွင်ရွှယ်သည် ဖြူဆုတ်သွားတော့သည်။ ကုယန်ကျိုးက သူတို့အိမ်ကိုလာပြီး သူတို့ကို စာသင်ပေးခဲ့တယ်။ သူမလည်း စာလိုက်သင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းတက်ဖို့ ကျတော့လား။ သူမက ဘာလုပ်ရမလဲ။ ဘယ်မိသားစုကမှ မိန်းကလေးတွေကို စာသင်ပေးတယ်လို့ မကြားခဲ့ဖူးဘူး။ သူမသည် အင်္ကျီအနားစကို တင်းနေအောင် ဖျစ်ညစ်ထားလိုက်ပြီး သူမ၏လည်ချောင်းက နည်းနည်း တစ်ဆို့သွားသလို ခံစားလိုက်ရတော့သည်။
သူမသည် စာသင်ကြားရသည်ကို နှစ်သက်လေသည်။ ကျန်းလင်နှင့် ကျန်းဝူတို့ထက်ကို ပိုနှစ်သက်သေးသည်။
ကျန်းဝူက မည်းနက်နေသည့်မျက်လုံးများနှင့် ကျန်းယွင်ကျူးကို မျက်တောင်ခတ်ကာ ကြည့်လိုကလေသည်။ ကျောင်းသွားရမှာလား။ ပျော်စရာကောင်းလား။
ကျန်းယွင်ကျူးက သူတို့၏အမူအရာများကို အကဲခတ်လိုက်၏။ သူမက ကျန်းလင်ကို အရင်ဆုံးမေးလိုက်လေသည်။
“ နင် ဘာပြောချင်လို့လဲ”
“အစ်မ ကျွန်တော် ကျောင်းမသွားချင်ဘူး”
ကျန်းလင်က ကျန်းယွင်ကျူး၏အမူအရာကို အကဲခတ်ရင်း သူမ ဒေါသထွက်သွားမည်ကို ကြောက်ကြောက်နှင့် ပြောလိုက်လေသည်။
“ သား ဘာတွေပြောနေတာလဲ၊ အရင်ကဆိုရင် မင်း ကျောင်းသွားချင်ရင်တောင် မိသားစုက သားကို ကျောင်းပို့ဖို့ ငွေမရှိခဲ့ဘူး၊ မင်းအစ်မက မင်းတို့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်အတွက် ခံစားနေရမှာ မမြင်ချင်လို့ မင်းတို့ကို ကျောင်းပို့ပေးမယ်လို့ အမေ့ကို ပြောခဲ့တာ၊ ဒါက မင်းသဘောထားလား”
အမျိုးသမီးချန်က ဒေါသေထွက်သွားတော့သည်။
အမှန်တွင်တော့ သူမနှင့် ကျန်းချိန်တို့က မိသားစုတွင် ပညာသင်တစ်ယောက်ရှိလာဖို့ မျှော်လင့်ခဲ့လေသည်။ ကျန်းလင်၊ သို့မဟုတ် ကျန်းဝူတို့က ကုယန်ကျိုးလို ဖြစ်လာနိုင်ခဲ့လျှင် အိပ်မက်ထဲပင် ပြုံးရွှင်ပြီး နိုးထလိုက်နိုင်သည်။
ကျန်းလင်က နေရာတွင် နှုတ်ဆိတ်ရင်း ရပ်နေတော့သည်။
“ နင်ဘာလို့ ကျောင်းမသွားချင်တာလဲ”
လုံးဝဒေါသမထွက်ဘဲ ကျန်းယွင်ကျူးက ကျန်းလင်ကို မေးလိုက်လေသည်။
ကျန်းလင်က သူမကို ရှက်ရွံ့ဟန်ဖြင့် ကြည့်လိုက်၏။ သူမ၏မျက်နှာက ကြည်လင်နေသည်ကို မြင်လိုက်ရသဖြင့် သူက ဆက်ပြောလိုက်လေသည်။
“ ကျွန်တော် ဒီအရွယ်တောင် ရောက်နေပြီလေ၊ ကျောင်းသွားရင် စာမလိုက်နိုင်မှာစိုးတယ် ပြီးတော့…”
သည်ရက်ပိုင်းတွင် သူသည် နေ့တိုင်း ကုချီဖုန်းနှင့် အတူရှိနေခဲ့သည်။ ကုချီဖုန်းက သူ့ခါးသီးမှုများကို သူ့ကို မကြာခဏဆိုသလို ရင်ဖွင့်ခဲ့သည်။
ကုချီဖုန်း၏အမြင်တွင်တော့ ကုယန်ကျိုးက ထိုမိသားစု၏ကလေးပင်။ ကုယန်ကျိုးသည် အသက်လေးနှစ်တွင် စာစသင်ခဲ့ပြီး အသက်ခြောက်နှစ်တွင် ကဗျာရေးကာ အသက်ကိုးနှစ်တွင် ဆောင်းပါးများကို ရေးနိုင်ခဲ့ပြီး အသက်ဆယ့်ငါးနှစ်တွင် ရှို့ချိုင်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ကုချီဖုန်းကတော့ သူသည် ကုယန်ကျိုး၏လက်တစ်ချောင်းနှင့်ပင် မယှဥ်နိုင်ခဲ့ပေ။
ထို့အပြင် အဆိုးရွားဆုံးကိစ္စမှာ သူ့မိဘများက သူ့ကို ကုယန်ကျိုးနှင့် ဆက်တိုင်နှိုင်းယှဥ်ပြီး သူ့ကို ဥပမာယူဖို့ ပြောတတ်လေသည်။ ဤနည်းဖြင့် နောက်ဆိုလျှင် သူသည် တော်ဝင်စာမေးပွဲကို ဖြေနိုင်ပြီး မိသားစုအတွက် ဂုဏ်သိက္ခာကို ယူဆောင်ပေးနိုင်လိမ့်မည်။
အခုတော့ ကုချီဖုန်းမှာ အပေါ်လဲမတက်နိုင်သလို အောက်လဲဆင်းလို့မရနိုင်ပေ။
ထိုစကားကို ကြားလိုက်ပြီး ကျန်းလင်မှာ စတင် စိတ်ပူလာတော့သည်။ ကုယန်ကျိုးနှင့် စာလုံးများကို လေ့လာစဥ်ကာလအတွင်း သူသည် ကျန်းယွင်ရွှယ်လောက် မတော်မှန်း သတိထားမိခဲ့သည်။ ကုယန်ကျိုးနှင့် ယှဥ်ရမည်ဆိုလျှင်တော့…. ထားလိုက်ပါပြီလေ။ ယှဥ်နိုင်ဖို့ လုံးဝမဖြစ်နိုင်တာပဲ။
ဒါကြောင့် သူ စဥ်းစားနေတာ။ သူ ကျောင်းတက်ဖြစ်ရင် သူကလည်း ကုချီဖုန်းလို နဲ့အတူတူပဲ ဖြစ်လာမှာမဟုတ်ဘူးလားလို့လေ။
မိသားစုက သူ စာလေ့လာဖို့ ငွေအများကြီး သုံးပြီး ထောက်ပံ့ပေးပေမဲ့ သူကတော့ ဘာမှ မရနိုင်ခဲ့ဘူးလေ။ သူက အမေနဲ့ အစ်မကို ဘယ်လို မျက်နှာပြရမှာလဲ။
ကျောင်းလုံးဝမတက်တာက ပိုကောင်းသေးတယ်။ အလုပ်လုပ်ရင်း အစ်မနောက်လိုက်တာပဲ တော်တော်လေး အဆင်ပြေနေပါပြီ။
ကျန်းယွင်ကျူးက သူ့စိတ်ထဲက ပူပင်မှုများကို ဖြည်းဖြည်းချင် ဆွဲထုတ်လိုက်တော့သည်။ သူမက ပြုံးလိုက်၏။
“ ငါက နင့်ကို တော်ဝင်စာမေးပွဲ ဖြေခိုင်းစေချင်လို့ ကျောင်းသွားခိုင်းတာလို့ ဘယ်သူပြောလို့လဲ”
သူမက ထိုစကားကို ပြောလိုက်နှင့်တစ်ပြိုင်နက် ကျန်းချိန်၊ အမျိုးသမီးချန်နှင့် ကျန်းလင်တို့အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ တော်ဝင်စာမေးပွဲအတွက် မဟုတ်ရင် သူက ဘာအတွက် စာလေ့လာရမှာလဲ။
“စာသင်တယ်ဆိုတာ အကြောင်းအရာကိစ္စတွေကို နားလည်အောင်လုပ်ပေးတာလေ”
ကျန်းယွင်ကျူးက သူ့ကော်လံကို ပြင်ပေးရင်း ပြောလိုက်တော့သည်။ ခေတ်သစ်မှာတုန်းကလည်း သူမက ကောလိပ်တက်ခဲ့ပြီး နောက်ဆုံးတော့လည်း သူယူခဲ့တဲ့မေဂျာနဲ့ မဆိုင်တဲ့အလုပ်တစ်ခုနဲ့ အဆုံးသတ်ခဲ့ရတာပဲလေ။ ကောလိပ်သွားတာက အသုံးမဝင်ဘူးလို့ ပြောနိုင်လားဆိုတော့လည်း….
ကောလိပ်တက်တဲ့အတွေ့အကြုံက သူမကို အမြင်ကျယ်စေခဲ့ပါတယ်။ သူမဘဝမှာ လုံးဝမမေ့နိုင်တဲ့ အမှတ်တရဖြစ်ခဲ့တယ်။ ကျန်းလင်နဲ့ ကလေးတွေကိုလည်း အဲဒီအတွေ့အကြုံကို လွတ်မသွားစေချင်ဘူးလေ။
ငွေကလား။ ငွေဆိုတာ သုံးဖို့ရှာတာပဲ။
“အစ်မ”
ကျန်းလင်၏ မျက်လုံးများက တဖျတ်ဖျတ်လက်သွားတော့သည်။ အစ်မက တကယ်ပဲ အဲလိုတွေးတာတဲ့လား။ တကယ်တော့ သူက ကျောင်းကို တစ်ခါလောက်တော့ သွားဖူးကြည့်ချင်ပါတယ်။
“ယွင်ကျူး ဒါက…”
ကျန်းချိန်က တွေဝေသွားတော့သည်။ ကျန်းယွင်ကျူးက ဒီလိုပြောမှတော့ ကျန်းလင်ကလည်း အရမ်းကာရောတော့ မလုပ်လောက်တော့ဘူးမလား။
ကျန်းယွင်ကျူးက မျက်လုံးမှိတ်ပြလိုက်၏။ သူမက ကျန်းလင်ကို ဖိအားရင်တောင် ဒါက အသုံးမဝင်ဘူးလေ။ သူက စာဖတ်ဖို့တောင် အခုကတည်းက ဆန့်ကျင်နေပြီပဲ။
“အစ်မက အကောင်းဆုံးပဲ”
ကျန်းလင်သည် ကျန်းယွင်ကျူးက လောကကြီးတွင် အကောင်းဆုံးအစ်မဟု ခံစားလိုက်ရတော့သည်။ ကုချီဖုန်းကိုသာ ပြောပြလိုက်ရင် သူတော့ အားကျလို့ ရူးတောင်သွားလောက်တယ်။
“ နင် စာတော့ကြိုးစားရအုံးမယ်နော်၊ မဟုတ်ရင် ငွေရယ် နင့်ကိုယ်ပိုင်အချိန်နဲ့ အင်အားတွေကို ဖြုန်းတီးရာကျလိမ့်မယ်” ကျန်းယွင်ကျူးက ရယ်မောလိုက်လေသည်။
“အွန်း”
ကျန်းလင်က အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယွင်ကျူးက ကျန်းယွင်ရွှယ်ဘက်သို့ လှည့်လိုက်၏။
“အစ်မ”
ကျန်းယွင်ရွှယ်က လေသံတိုးတိုးနှင့် ခေါ်လိုက်လေသည်။ သူမ၏အသံမှာ တစ်ဆို့နေ၏။
ကျန်းယွင်ကျူးက သူမကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။ ဒီခေတ်ကြီးမှာ မိန်းမတွေကို လုံးဝ မျက်နှာသာမပေးထားတာပဲ။
“ညီမလေး စာလေ့လာရတာ ကြိုက်သလား” သူမက ကျန်းယွင်ရွှယ်ကို မေးလိုက်သည်။
ကျန်းယွင်ရွှယ်က သူမကို မကြည့်ရဲဘဲ ခြင်လေးတစ်ကောင်လိုသာ ပြန်ဖြေလိုက်လေသည်။
“အင်း”
“ဒါဆိုရင် စီရင်စုထဲမှာ အမျိုးသမီးကျောင်းရှိလား စုံစမ်းကြည့်လိုက်အုံးမယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ အမှန်တွင်တော့ လုပြည်နယ်ရှိ ဟွာယင်းကျောင်းတော်က အမျိုးသမီးကျောင်းသူများကို လက်ခံမှန်း သိထားလေသည်။
ဟွာယင်းကျောင်းတော်ကို လင်မိသားစုက ဖွင့်ထားခြင်းပင်။
လင်မိသားစုအကြောင်း ပြောရလျှင် သူတို့သည် အလွန်အံ့ဩဖွယ်ကောင်းလေသည်။ အခုအချိန်အထိ သူတို့ဘိုးဘွားမိသားစုမျိုးနွယ်တွင် အဆင့်မြင့်ပညာသင် အယောက်၃၀ကျော်နှင့် အဆင့်တစ် စာပေပညာရှင် သုံးယောက်ပေါ်ထွက်ခဲ့သည်။ သူတို့ကို ဧကရာဇ်ကိုယ်တိုင်က ချီးကျူးခဲ့လေသည်။
ဟွာယင်းကျောင်းတော်သည် သူတို့မျိုးနွယ်၏ ကိုယ်ပိုင်ကျောင်း ဖြစ်သည်။ ခေါ်ယူသည့် အမျိုးသမီးကျောင်းသူအားလုံးမှာ သူတို့ကိုယ်ပိုင်မိသားစု သို့မဟုတ် ဆွေမျိုး မိတ်ဆွေများ၏ သမီးများ ဖြစ်ကြသည်။ ကျန်းယွင်ရွှယ်…. ထိုအကြောင်းကို သေသေချာချာစဥ်းစားကြည့်တော့ ကျန်းယွင်ကျူးက အိပ်မက်ထဲတွင် လင်မိသားစုမှ တစ်ယောက်ယောင်နှင့် တွေ့ခဲ့ဖူးပုံရသော်လည်း အဆက်အဆံတော့ မရှိခဲ့ပေ။ ကျန်းယွင်ရွှယ်အတွက် ဟွာရင်းကျောင်းတော်ကို ဝင်ဖို့က အလွန်မှ ခက်ခဲလေသည်။
သူမသည် ထိုအကြောင်းကို ထုတ်မပြောခဲ့ပေ။ သူမက ကျန်းယွင်ရွှယ်ကို မျှော်လင့်ချက်ပေးခဲ့ပြီးမှ မလုပ်ပေးနိုင်မှာ စိုးရိမ်မိသည်။
ကျန်းယွင်ရွှယ်၏အာရုံသည် သူမပြောသည့် အမျိုးသမီးကျောင်းသို့ ရောက်သွားတော့သည်။
“ တကယ်ပဲ အမျိုးသမီးကျောင်းတော်တစ်ခု ရှိတာလား”
သူမက အမှောင်ညထဲတွင် အလင်းမှိန်မှိန်လေးတစ်ခုကို မြင်လိုက်ရသည့်နှယ် မေးလိုက်လေသည်။
ကျန်းယွင်ရွှယ်က မျှော်လင့်ချက်ရှိနေသ၍ သည်လောက်ဆို လုံလောက်ပြီဟု ထင်လိုက်သည်။
အမျိုးသမီးချန်က ဘေးကကြည့်ရင်း သက်ပြင်းချလိုက်တော့သည်။
ထိုအခါမှ ကျန်းလင်မှာ ကျောင်းတက်နိုင်သည့်သူက မည်မျှကံကောင်းကြောင်း ခံစားလိုက်ရတော့သည်။ ကျန်းယွင်ရွှယ်က စာလေ့လာရာတွင် သူ့ထက်အများကြီး ပိုကောင်းသည်။
“ညီမလေး ငါ ကျောင်းတက်ရင်လေ အိမ်ပြန်လာရင် နင့်ကို သင်ပေးမယ်နော်” သူက ကျန်းယွင်ရွှယ်ကို ပြောလိုက်၏။
“အွန်း”
ကျန်းယွင်ရွှယ်က အကောင်းဆုံး အားတင်းကာ ပြုံးပြလိုက်တော့သည်။
“ ညီမလေးက အမျိုးသမီးကျောင်းကို တကယ်ပဲတက်ချင်တာဆိုရင် ကြိုးစားမှရမှာ၊ မဟုတ်ရင် နောက်ပိုင်း အခွင့်အရေးရလာရင်တောင် ပညာအရည်အချင်း မလုံလောက်လို့ဆိုပြီး သူတို့တွေက လက်ခံမှာ မဟုတ်ဘူး”
ကျန်းယွင်ကျူးက ကျန်ယွင်ရွှယ်ကို ပြောလိုက်၏။ ဟွာရင်းကျောင်းတော်က တော်တော်မြင့်သည့် အရည်အချင်းများ လိုအပ်သည်ကို သူမ မှတ်မိနေသည်။
ကျန်းယွင်ရွှယ်၏မျက်လုံးထဲတွင် အလင်းတစ်ခု ဖြစ်သွားတော့သည်။ သူမ ကြိုးစားရမယ်။
သူမကို သည်လိုမြင်လိုက်ရသည့် ကျန်းလင်မှာ အကြောင်းအရင်းမရှိဘဲ မလုံမလဲဖြစ်သွားတော့သည်။ မဖြစ်သေးပါဘူး။ သူမက သူ့ထက် လေ့လာတဲ့နေရာမှာ ပိုမြနတယ်။ သူမသာ ဒီထက်ပိုကြိုးစားရင် နောက်ဆို သူက သူမကို ဘယ်လိုစာသင်ပေးလို့ရတော့မှာလဲ။
သူသည် စာအုပ်များက သူနောက်လိုက်ခံနေရမည့် ကြောက်မက်ဖွယ်ဘေးကျပ်နံကျပ်အခြေအနေထဲ ရောက်သွားလိမ့်မည်ဟု ခံစားလိုက်ရတော့သည်။
ဒါပေမဲ့လည်း သူ နောက်မဆုတ်ပါဘူး။ ညီမလေးက သနားစရာကောင်းနေပြီ။ သူသာ နည်းနည်းလေးပိုပြီး သိမ်မွေ့လိုက်ရင် ဘယ်လိုအစ်ကိုမျိုး ဖြစ်လာမှာလဲ။ အလွန်ဆုံးတော့ နောက်ဆိုရင် ကစားတာလျှော့၊ အအိပ်လျှော့ပြီး စာပို့လေ့လာရမှာပေါ့။
နောက်ဆုံးတွင် ကျန်းဝူအလှည့်ရောက်လာခဲ့သည်။ ကျန်းယွင်ကျူးက သူ့ကို ကျောင်းနှစ်နှစ်လောက်ပို့ပြီး အခြေအနေကြည့်မည်ဟု နောက်ဆုံး ဆုံးဖြတ်လိုက်တော့သည်။
မိသားတစ်ခုလုံး ဆွေးနွေးတိုင်ပင်နေကြစဥ် အပြင်ဘက်မှ လူတစ်ယောက်က တံခါးလာခေါက်တော့သည်။ အမျိုးသမီးချန်က တံခါးသွားဖွင့်ပေးရာ လူငယ်စုံတွဲတစ်တွဲကို တွေ့လိုက်ရတော့သည်။ ယောက်ျားက သပ်သပ်ရပ်ရပ် ဝတ်ထားပြီး အမျိုးသမီးက သိမ်မွေ့ပျော့ပြောင်းလေသည်။
“ဘယ်သူလဲ”
သူမက စိတ်ထဲတွင် ခန့်မှန်းကြည့်လိုက်သော်လည်း သေချာမသိပေ။
“ အားလုံး နေကောင်းသွားပြီလား”
ကျန်းယွင်ကျူးက အခန်းထဲကထွက်လာပြီး ထိုယောက်ျားကို မေးလိုက်၏။
ရွှယ်ကျင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အားလုံးကောင်းသွားပါပြီ”
သူက ပြောရင်းဆိုရင် ကျန်းယွင်ကျူးက သူ့ကို မယုံမှာစိုးသဖြင့် နှစ်ပတ်လောက် လှည့်ပြလိုက်သည်။
ရွှယ်ကျင်းသည် နဂိုက စိတ်ကျန်းမာရေး မကောင်းဖြစ်ခဲ့ခြင်းပင်။ သို့သော် ကျန်းယွင်ကျူးနှင့် တွေ့ပြီးနောက် သူ့စိတ်ရောဂါက ပျောက်သွားတော့သည်။ သူသည် မြန်မြန် သက်လာသည်က ပြောရန်ပင် မလိုချေ။ အခုတော့ သူသည် စိုပြေကျန်းမာနေတော့သည်။
ကျန်းယွင်ကျူးက နှစ်ဖက်ကို မိတ်ဆက်ပေးလိုက်၏။ ရွှယ်ကျင်း သူမငှားထားသည့် စားဖိုမှူး၊ အမျိုးသမီးရွမ် သူ့ဇနီးနှင့် သည်ဘက်က ကျန်မိသားစုဝင်များ ဖြစ်ကြသည်။
ရွှယ်ကျင်းနှင့် အမျိုးသမီးရွမ်တို့၏နောက်တွင် မြည်းလှည်းတစ်စီး ရှိနေသည်။ မြည်းလှည်းပေါ်တွင် ပစ္စည်းများစွာတင်ထားသည်။
“ ကျွန်တော့်အတွက် အိမ်တစ်လုံး ငှားပေးနိုင်လို့ ပြောထားလို့”
ရွှယ်ကျင်းက ရှက်ရှက်နှင့် ပြောလိုက်၏။ အမျိုးသမီးရွမ်နှင့် တိုင်ပင်ပြီးနောက် သူတို့သည် ချန်ရှီရွာသို့ အတူတူပြောင်းနေဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
ထိုနေ့က ကျန်းယွင်ကျူးသည် ပြန်ရောက်လာပြီး သူ့အတွက် အိမ်တစ်လုံး ငှားထားလိုက်သည်။ ထို့ကြောင့် သူမက သူ့ကို ချက်ချင်းခေါ်ပြလိုက်လေသည်။
သူတို့အိမ်နှင့် သိပ်မဝေးသည့်နေရာတွင် ရှိသည့်အိမ်တစ်လုံးပင်။ ခြံဝင်းက ကျန်းအိမ်လောက်မကြီးပေ။ သို့သော် အခန်းသုံးခန်းသာ ရှိပြီး အိမ်က အလွန်မှကောင်းလေသည်။ အနည်းဆုံးတော့ ရွှယ်ကျင်းတို့ မြို့တွင်နေသည့် အိမ်ထက် အများကြီးပိုကောင်းသည်။
အရှေ့နှင့်အနောက်ဘက်တွင် ခြံဝင်းများ ရှိသည်။ အိမ်ရှေ့တွင် မြစ်ငယ်လေးတစ်ခုရှိသည်။ အိမ်နောက်တွင် စိမ်းစိုနေသည့်တောင်ကုန်းလေး ရှိသည်။ အမျိုးသမီးရွမ်သည် သည်နေရာကို ချက်ချင်း သဘောကျသွားတော့သည်။ သူမသည် ကျပ်ညှပ်နေသည့် နေရာတစ်ခုတွင် အချိန်အကြာကြီး နေခဲ့ရသည်။ အခုတော့ သည်လိုကျယ်ဝန်းသည့် နေရာသို့ရောက်လာသဖြင့် ကောင်းကင်ကြီးက မြင့်မားပြီး တိမ်များကို ရှင်းနေသည်ဟု ချက်ချင်း ခံစားလိုက်ရတော့သည်။
သူမက အသက်ကို ရှည်ရှည်လောက်တစ်ခါရှူလိုက်ပြီး လေကပင် လတ်ဆတ်လာသည်ဟု ခံစားလိုက်တော့သည်။
“နွေဦးရောက်ရင် ခြံထဲမှာ ဖရဲသီးနဲ့ အသီးအနှံတွေ စိုက်ပေါ့၊ ဒါဆိုရင် ရှင်တို့ အသီးအရွယ် ဝယ်စားစရာမလိုတော့ဘူး”
အမျိုးသမီးချန်က ဝမ်းသာစွာ ပြောလိုက်လေသည်။ ဒါက အမျိုးသမီးရွမ်၏ စိတ်ကူးပင်။ နောက်တစ်နှစ် နွေဦးဝင်လာသည်နှင့် ခြံထဲဝွင် ဖရဲသီးနှင့် အသီးအနှံများကို အပြည့်စိုက်ပျိုးရမည်။ ဒါက ငွေကုန်ကြေးကျ အများကြီးသက်သာလိမ့်မည်။
ထို့အပြင် အိမ်တွင် စိုက်ထားသည့် အရာများက လတ်ဆတ်နူးညံ့သည်။
“အင်း”
အမျိုးသမီးရွမ်က ခေါင်းညိတ်ပြလိုက်၏။ သူမသည် သည်လိုဘဝတစ်ခုကို စတင်မျှော်လင့်နေမိလေသည်။
အားလုံးက မြည်းလှည်းပေါ်က ပစ္စည်းများကို ကူသယ်ပေးလိုက်ကြသည်။ ကျန်းယွင်ကျူးက ရွှယ်ကျင်းကို စိတ်မပူဖို့ပြောလိုက်ပြီး အိမ်ကို နေရာချပြီးမှ အလုပ်လာဖို့ ပြောလိုက်လေသည်။
နှုတ်အားဖြင့် ရွှယ်ကျင်းက ကတိပေးလိုက်၏။ သိပ်မကြာခင်မှာပင် သူက ကျန်းအိမ်သို့ ရောက်လာတော့သည်။ သူသည် ကျန်းယွင်ကျူး ချက်ပြုတ်နေသည်ကို မခွာတမ်း စောင့်ကြည့်နေလေသည်။ အမျိုးသမီးရွမ်က အလုပ်ကြိုးစားပြီး စဥ်းစားပေးတတ်သူဖြစ်သည်။ သူမက သူ့ကို လွှတ်ပေးလိုက်သည်။
ကျန်းယွင်ကျူးက ကောင်းကင်ကို မော့ကြည့်လိုက်၏။ စောသေးတာပဲ။
…
အခန်း (၄၅.၂)
“နေ့လယ်စာ ဘာချက်လဲ”
အဘိုးကြီးဝူက အပြင်ဘက်မှ မီးဖိုဆောင်ထဲ ချောင်းကြည့်လိုက်လေသည်။ အမှန်တွင်တော့ သူသည် မနက်စာ စားပြီးသည်ပင် မကြာသေးချေ။ အခုတော့ သူက နေ့လယ်စာအကြောင်းပင် တွေးနေပြီ။
သည်မနက်ခင်းက မနက်စာအတွက် ကျန်းယွင်ကျူးက ကြက်သားစွပ်ပြုတ်ထဲတွင် ဖက်ထုပ်လေးများ ထည့်ပြီး တိုဟူးပေါက်စီလုပ်ပေးခဲ့သည်။ ဖက်ထုပ်သေးသေးလေးများက အရသာရှိပြီး တိုဟူးပေါက်စီက တမူထူးခြားလေသည်။ အဘိုးကြီးဝူက အလွန်အကျွံမစားမိအောင် ထိန်းထားရသည်။
သူက ကျန်းယွင်ကျူးကို မေးလိုက်ခြင်းမှာ သည်နေ့ ထူးထူးဆန်းဆန်းတစ်ခုခုများ ရှိနေမလားဟု သိချင်သောကြောင့်ပင်။ နောက်ဆုံး မနေ့က တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲသည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းလေသည်။
ကျန်းယွင်ကျူးတွင် တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲလိုမျိုး ဟင်းပွဲမရှိတော့ပါ။ သို့တိုင် သူမသည် ဘိုးကြီးဝူကို တတ်နိုင်သလောက် စိတ်ကျေနပ်စေချင်လေသည်။ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လတ်လတ်ဆတ်ဆတ်ရနိုင်မ့ည် ပါဝင်ပစ္စည်းများကို ကြည့်ရန် မြို့တက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက်တွင် သူမက ကျောင်းကိစ္စကိုလည်း စုံစမ်းရလိမ့်မည်။
“ ငါလည်း မင်းနောက်လိုက်မယ်”
အဘိုးကြီးဝူက ချက်ချင်းပြောလိုက်၏။ သူသည် ပျင်းနေပြီး ဘာမှလုပ်စရာမရှိပေ။
ကျန်းယွင်ကျူးကလည်း အဆင်ပြေသည်။ ထုပ်ပိုးပြီးနောက် နှစ်ယောက်သားသည့် ကျန်းချိန်၏လားလှည်းနှင့် အိမ်မှ ထွက်လာခဲ့လိုက်ကြသည်။
“ ကျန်းလင်နဲ့ ကလေးတွေကို မြို့မှာ ကျောင်းထားမလို့လား”
ကျန်းချိန်က အံ့ဩနေ၏။ ကျန်းယွင်ကျူးက ကျန်းလင်နှင့်ကလေးများကို မြို့တွင် ကျောင်းထားမည့်အကြောင်းကို စဥ်းစားလာခဲ့သည်။ နောက်ဆုံး အိမ်နှင့်နီးပြီး ကျောင်းလခကလည်း ပိုသက်သာလိမ့်မည်။
“အဖေ သမီးက နောက်ပိုင်းကျရင် စီရင်စုမြို့တက်ပြီး လုပ်ငန်းလာလုပ်ချင်တာ၊ ဒါဆိုရင် ကျန်းလင်နဲ့ ကျန်းဝူတို့ စီရင်စုမြို့မှာ ကျောင်းတက်ရင် ပိုအဆင်ပြေလိမ့်မယ်”
ကျန်းယွင်ကျူးက ထိုအကြာင်းကို စဥ်းစားထားပြီးဖြစ်သည်။
“စီရင်စုမြို့မှာလား”
ကျန်းချိန်က တစ်ဖန် အံ့ဩသွားပြန်သည်။ ကျန်းယွင်ကျူးက သည်စိတ်ကူးကို သူ့ဆီပြောပြသည်မှာ ပထမဆုံးပင်။
“ သမီးတို့ ဒီကို ပြောင်းလာတုန်းက မြို့ထဲမှာ ပတ်ကြည့်ပြီးပြီ၊ ဘာကောင်းကောင်းကန်းကန်း လုပ်ငန်းမှ မရှိဘူး”
ကျန်းယွင်ကျူးက ရှင်းပြလိုက်၏။ ထို့ကြောင့် သူမက မိုင်းတွင်းတောင်ခြေတွင် အစားအသောက် ရောင်းဖို့ ရွေးချယ်လိုက်ခြင်းပင်။
စီရင်စုမြို့ကတော့ မတူပေ။ စီရင်စုမြို့သည် အသက်ဝင်စည်ကားလှသည်။ ငွေရှာဖို့ရန် အခွင့်အရေးများစွာ ရှိသည်။ ကောင်းစီမံတတ်လျှင် ငွေပိုရှာနိုင်သည်။
ကျန်းချိန်က ထိုအကြောင်းကို သေသေချာချာစဥ်းစားလိုက်သည်။ ဒါက ယုတ္တိရှိတယ်။ ဒါပေမဲ့ စီရင်စုမြို့မှာဆိုရင် လုပ်ငန်းလုပ်ဖို့က ခက်မှာပဲ။ ရွှယ်ကျင်းနဲ့ သူ့မိန်းမကို ကြည့်ရုံနဲ့ သိနိုင်တယ်လေ။
“ ဘာလုပ်ငန်း လုပ်မှာလဲ၊ ငါ့နောက်လိုက်တာက အများကြီးပိုကောင်းတာကို”
အဘိုးကြီးဝူက လည်ချောင်း ရှင်းလိုက်လေသည်။ သူ ငွေကို မကြိုက်ဘူးလေ။ ရွှေတောင် ငွေတောင်တစ်လုံး မဟုတ်ပေမဲ့ သူရှာခဲ့တဲ့ငွေတွေက ကျန်းမိသားစု တစ်သက်စားမကုန်အောင် လုံလောက်ပါတယ်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ ဆေးပညာကို သင်ယူတာ အရမ်းလွယ်ပါ့မလား။ သူမက အချက်အပြုတ်ပဲ ဆက်လုပ်သင့်ပါတယ်လေ။
“ ဒါဆို အဖေတို့ ဘယ်ကို အရင်ဆုံးသွားမှာလဲ”
ကျန်းချိန်က စီရင်စုမြို့ထဲဝင်လာပြီးနောက် မေးလိုက်လေသည်။
ကျန်းယွင်ကျူးက ဆုံးဖြတ်ပြီးသားပင်။
“ ဝမ်ယွမ်ကျောင်းကို သွားမယ်”
ဝမ်ယွမ်ကျောင်းသည် စီရင်စုမြို့တွင် အကောင်းဆုံးကျောင်းဖြစ်သည်။ ကုယန်ကျိုးက ထိုကျောင်းတွင် တက်ခဲ့သည်။
လားလှည်းက ဆက်ပြီးရွေ့လျားနေ၏။ တဖြည်းဖြည်းနှင့် လမ်းတစ်ဖက်တစ်ချက်တွင် စာရွက်နှင့် စုတ်တံဆိုင်များ ပိုပြီးထွက်ပေါ်လာလေသည်။ ထို့နောက် သူတို့ရှေ့က မြင့်မားသည့် ဆိုင်းဘုတ်အခုံးတစ်ခုကို တွေ့လိုက်ရသည်။ အမြင့်တွင် အသက်ဝင်ပြီး စိတ်အားထက်သန်သည့် စာလုံးများကို ရေးထားလေသည်။ “ဝမ်ယွမ်ကျောင်းတော်”
အထဲကို ကြည့်လိုက်လျှင် အထဲဘက်တွင် မရေမတွက်နိုင်အောင်များပြားသည့် အဆောက်အအုံးများက အလွန်မှ ကျယ်ဝန်းသည့်နေရာတစ်ခုကို လွှမ်းခြုံထားသည်။ သည်အချိန်တွင် ကျောင်းသားများ အားလုံးက စာသင်နေကြလိမ့်မည်။ ကျောင်းထဲတွင် အဝင်အထွက် လူများများစားစား မရှိပေ။
“သမီးက ကျန်းလင်နဲ့ကလေးတွေကို ဒီကျောင်းကို ပို့မလို့လား”
ကျန်းချိန်က ကျောင်းကိုမြင်လိုက်ချိန်တွင် မရေရာသလို ခံစားလိုက်ရတော့သည်။
“ ဒါကြီးက ဘယ်လိုတောင် ပျက်စီးနေတဲ့ကျောင်းကြီးလဲ” တစ်ဖက်တွင်တော့ အဘိုးကြီးဝူက မကြိုက်ပေ။
ကျန်းချိန်က အဘိုးကြီးဝူကို လှမ်းကြည့်လိုက်ပြီး သူက အရမ်းကိုပြင်းပြင်းထန်ထန် ဝေဖန်လွန်းသည်ဟုသာ ခံစားလိုက်တော့သည်။
ကျန်းယွင်ကျူးက နှစ်ယောက်လုံးကို လျစ်လျူရှုထားလိုက်ပြီး လှည်းပေါ်က ဆင်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ဘယ်ဖက်တွင် စုတ်တံနှင့် စာရွက်ဆိုင်တစ်ဆိုင် ရှိသည်။ သည်အချိန်မျိုးတွင် အလုပ်ပါးလေသည်။ ဝဖိုင့်ဖိုင့်တာဝန်ခံက တံခါးနားတွင် ရပ်နေ၏။
“တာဝန်ခံ”
ကျန်းယွင်ကျူးက သူနှင့် စကားစမြည်သွားပြောလိုက်သည်။
သူမက စကားကို ချိုချိုသာသာပြောတတ်သည့် မိန်းမလှလေးတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဝဖိုင့်ဖိုင့်တာဝန်ခံက သူမနှင့်စကားပြောချင်သွားတော့သည်။
ခဏအကြာတွင် ကျန်းယွင်ကျူးက အခြေအနေကို မေးကြည့်လိုက်လေသည်။
ဝမ်ယွမ်ကျောင်း လက်အောက်တွင် အသိပညာပေးသည့်အတန်းတစ်ခု ရှိသည်။ သည်နေရာတွင် မဟုတ်ဘဲ မြို့မြောက်ဘက်တွင်ရှိသည်။ နှစ်တိုင်း ဝမ်ယွမ်ကျောင်းက ဝင်ခွင့်အတွက် ထိုအသိပညာပေးအတန်းက ထူးချွန်သည့်ကျောင်းသားများကို ရွေးချယ်ပေးသည်။
အသိပညာပေးအတန်းတွင် လူတစ်ယောက်သည် တစ်နှစ်မှ ကျောင်းလခ ၈လျန်ပေးရသည်။ သူတို့သည် ငွေပေးသ၍ ကျောင်းတက်နိုင်သည်။ ကန့်သတ်ချိန်မှာ သုံးနှစ်ဖြစ်သည်။ သုံးပြည့်သွားပြီး ကျောင်းသားတစ်ယောက်က ကျောင်းတော်သို့ မဝင်နိုင်လျှင် သူတို့သည် ကျောင်းထွက်ရုံသာရှိသည်။
ကျန်းယွင်ကျူးက နားထောင်လိုက်ပြီး သည်ဝမ်ယွမ်ကျောင်းက လှိုင်းလုံးကြီးတစ်ခုနှင့် သဲများကို ဆေးချလိုက်သည်ဟု ခံစားလိုက်ရသည်။ ဘယ်သူမဆို ဝင်နိုင်ပြီး နောက်ဆုံးတွင် ဘယ်သူ ပြန်ထွက်လာမည်ကတော့ သေချာမသိရပေ။ ဒါသည် စီရင်စုမြို့တော်က ကျောင်းသားအားလုံးအတွက် အတွေ့ကြုံပေးသည့် အကျိုးကျေးဇူးတစ်ခုရရှိပြီး သူတို့ကိုယ်ပိုင်ကျောင်းတော်တွင် ထူးချွန်သည့် ကျောင်းသားကို ဆက်ထားနိုင်လေသည်။
သည်ကျောင်းက ပိုပိုပြီး ကောင်းမွန်လာသည်မှာ အဆန်းမဟုတ်တော့ပေ။
သူမက ကျန်းလင်နှင့် ကျန်းဝူတို့ကို အသိပညာပေးအတန်းကို ပို့ဖို့ ဆုံးဖြတ်လိုက်တော့သည်။ နောက်ဆုံးရလဒ်ကတော့ သူတို့အပေါ်တွင်သာ မူတည်သည်။
ဝဖိုင့်ဖိုင့်တာဝန်ခံက အမျိုးသမီးကျောင်း အကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။
ကျန်းယွင်ကျူးလည်း မအံ့ပေ။ သူမ၏အိပ်မက်ထဲက ၇နှစ်တာအတွင်းတွင် သူမသည် နေရာပေါင်းများစွာကို ခရီးသွားခဲ့ပြီး ဟွာယင်းကျောင်းတစ်ခုတည်းကသာ အမျိုးသမီး ကျောင်းသူများကို ခေါ်ယူသည်ဟု ကြားဖူးလေသည်။
ဝဖိုင့်ဖိုင့်တာဝန်ခံကြီးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး သူမက ပြန်လှည့်လာကာ လားလှည်းပေါ် တက်ထိုင်လိုက်လေသည်။
“ သမီး ကုယန်ကျိုးကို ကျောင်းအကြောင်းမေးလို့ရသားပဲ”
ကျန်းချိန်က အခုမှ သတိရသွားသည်။
မှန်ပါသည်။ သို့သော် ကျန်းယွင်ကျူး ရောက်လာရခြင်း၏ နောက်တစ်ချက်ရှိသေးသည်။ သူမက် ဝမ်ယွမ်ကျောင်းပတ်ဝန်းကျင်တွင် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ရန် သင့်တော်သလားဟု ကြည့်ချင်လေသည်။ သူမသည် မိုင်းတွင်းတွေ ချိုမြိန်သည့်အရသာကို ခံစားခဲ့ပြီးဖြစ်ရာ ရိုးသားသည့် ဝန်ထမ်းများနှင့်အတူ သည်လိုလူစည်ကားသည့်နေရာတစ်ခုတွင် လုပ်ငန်းလုပ်လျှင် ပိုလွယ်ကူလိမ့်မည်ဟု ခံစားမိသည်။
အကြိမ်တော်တော်များများ လှည့်ပတ်လိုက်ပြီးနောက် သူမ၏စိတ်ထဲတွင် အစီအစဥ်တစ်ခု ရှိပြီးသားပင်။ သို့သော် အခုချိန်သည် ကျောင်းဆင်းချိန် မဟုတ်သေးပေ။ တချို့ကိစ္စက မရှင်းလင်းသေးချေ။
သည်တစ်ကြိမ်သည် ပြီးခဲ့သည့်တစ်ကြိမ်နှင့် မတူပေ။ ဆုံးဖြတ်ချက်မချခင် ကဏ္ဍတိုင်းကို ထည့်သွင်းစဥ်းစားဖို့လိုအပ်သည်။
သည်လမ်းမှ ထွက်လာပြီးနောက် သူတို့က ကုန်စိမ်းစျေးဘက်သို့ တန်းလာခဲ့လိုက်သည်။
ဆောင်းတွင်းတွင် ကုန်စိမ်းစျေးသည် သိသိသာသာနှင့် တော်တော်လေး လူရှင်းနေသည်။ ရောင်းချသည့်အသားများက ကောင်းသည်။ ဝက်သား၊ သိုးသား နှင့် တခြားအသားများလည်းရှိသည်။ သို့သော် လတ်ဆတ်သည့် အသီးအရွက်များကတော့ မုန်လာထုပ်၊ အာလူးနှင့် မုန်လာဥဖြူတို့သာ ရှိလေသည်။ အရင်က ရောင်းနေသည့် ကြာစွယ်နှင့် ဝဥများပင် မရှိတော့ပေ။
“လတ်လတ်ဆတ်ဆတ် ကကတစ်ငါးတစ်ကောင်တောင် မရှိဘူး”
ငါးဆိုင်သို့ရောက်လာချိနတွင် အဘိုးကြီးဝူက တဖန် ညည်းညူပြန်သည်။
လမ်းတစ်လျှောက်တွင် သူက လုံးဝမနားချေ။ သည်နေရာမကောင်း ဟိုနေရာမကောင်းဟု သာပြောနေလေသည်။
ကျန်းယွင်ကျူက သူ့ကို လှည့်ကြည့်လိုက်၏။ တကယ်ပဲ သူ ဘာပြောဖို့ ကြိုးစားနေတာလဲ။
အဘိုးကြီးဝူက ကျန်းယွင်ကျူးနား ကပ်သွားလိုက်ပြီး
“ ကျန်းတုန်းက ငါးသလောက်ကို သိလား၊ ပါးစပ်ထဲမှာပဲ အရည်ပျော်သွားတာ၊ ပြီးတော့ စုန်းကျန်းက ငါးပြေမရောပဲ၊ တလာကလုံးမှာ အလတ်ဆတ်ဆုံးပဲ၊ အားဟိုင်ကန်က ထရောက်ငါးတို့၊ လျန်ဟွမ်ရေကန်က တရုတ်ငါးတို့ဆိုရင် ပြောနေစရာတောင်မလိုဘူး…. ကျွတ် ကျွန် မင်းက ချက်ပြုတ်ရတာ အဲလောက်သဘောကျတာ မင်းလက်တွေနဲ့ အဲဒီလိုငါးတွေကို မကိုင်ချင်ဘူးလား”
ကျန်းယွင်ကျူးသည် ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် သွားရည်ယိုသွားတော့သည်။ သူပြောသည့် ငါးအားလုံးသည် လောကတွင် အရသာအရှိဆုံးငါးများဖြစ်လေသည်။
သူမက စိတ်ဝင်စားသွားသည်ကို တွေ့လိုက်ရသဖြင့် အဘိုးကြီးဝူက ဆက်ပြောလိုက်သည်။
“ ဒီစီရင်စုမြို့လေးက ကြီးတယ်ဆိုရုံလောက်ပါပဲ၊ မင်းရဲ့အရည်အချင်းတွေ အလကားဖြစ်တယ်၊ ငါ့နောက် လိုက်ခဲ့ပါလား၊ လောကကြီးကို ပတ်ပြီး ခရီးထွက်ရအောင်….”
အဘိုးကြီးဝူသည် ထိုသို့ပြောရင်း ပျော်ရွှင်ခြင်းအတိဖြင့် သူ့မျက်လုံးများကို ကျုံ့ထားလိုက်တော့သည်။
ကျန်းယွင်ကျူးက သူ့ကို ဆရာလို့ သတ်မှတ်လိုက်တယ်။ ပြီးရင် ဆရာတပည့်နှစ်ယောက် နာမည်ကြီး တောင်တန်းတွေ မြစ်တွေရှိတဲ့နေရာကို အတူတူသွားလည်ကြမယ်။ ကျန်းတုန်းကိုသွားပြီး ငါးသလောက်ပေါင်းစားမယ်၊ မော့ပေကိုသွားပြီး မြင်းနို့သောက်မယ်၊ ချုံးကျိုးကို သွားပြီး ဂဏန်းစားမယ်၊ ဒီလိုစုတ်ချာတဲ့နေရာမှာ နေတာဖက် ပိုကောင်းတယ်မလား။
ဟုတ်ပါတယ်။ သူက ကျန်းယွင်ကျူးကို သူ့ကို ဆရာတင်ခိုင်းစေချင်သေးတယ်။ ပြီးရင် သူမကို ဒီနေရာက ခေါ်ထုတ်သွားမယ်လေ။ ဒါမှ သူမလည်း မနစ်နာမှာပေါ့။
အခိုက်တန့်တွင် ကျန်းယွင်ကျူးသည် အဘိုးကြီးဝူနှင့်အတူ အမှန်ပင်လိုက်သွားချင်ခဲ့သည်မှာ မငြင်းနိုင်ပါ။ လူများသည် ပတ်ဝန်းကျင်တစ်ခုတည်းထဲတွင် အချိန်အကြာကြီးနေလျှင် အနည်းငယ် စိတ်ရှုပ်စရာ ကောင်းလာလိမ့်မည်။ ထို့အပြင် သူမတွင်လည်း ချက်ပြုတ်စားချင်သည့် ဟင်းပွဲများစွာ ရှိသေးသည်။
သို့သော် ခဏလောက် တွေဝေသွားပြီးနောက် သူမက ခေါင်းခါလိုက်တော့သည်။
“အဘိုး ကျွန်မ နောက်ပိုင်း အခွင့်အရေးရမှပဲ သွားပါတော့မယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”
သူမရဲ့လုပ်ငန်းက အခုမှစတာလေ။
“နောက်မှ ဟုတ်လား၊ ဘာလို့နောက်မှလဲ၊ ဘဝမှာ နောက်မှဆိုတာ ဘယ်နှစ်ခုရှိလို့လဲ၊ မင်းက ငွေအကြောင်း စိတ်ပူနေတာလား”
အဘိုးဝူက ပြောလိုက်ပြီး ဘေးဘီကို ကြည့်လိုက်လေသည်။ သူ့ဆေးပညာအရည်အချင်းနှင့်ဆိုလျှင် သူသာ လူနည်းနည်းပါးပါးလောက် ကုသပေးလိုက်လျှင် ငွေကရောက်လာလိမ့်မည်။
ကျန်းယွင်ကျူးက သူ့ကို မြန်မြန်တားလိုက်ပြီး
“ အဘိုး၊ သမီးက တည်ငြိမ်တဲ့ပိုင်ဆိုင်မှုတစ်ခု ရှိချင်တာလေ၊ ဒါမှ သမီး ဘယ်ကိုသွားသွား၊ ဘာပဲဖြစ်နေနေ ငွေအတွက် စိတ်ပူစရာ မလိုတော့မှာပေါ့။
ပြီးတော့ သမီးမှာ မိသားစု ရှိသေးတယ်၊ လောကတခွင်ကို ခရီးသွားတာ ကောင်းပါတယ်၊ ဒါပေမဲ့ သမီး ပင်ပန်းတဲ့အချိန်ဆိုတာ ရှိလာမှာပဲ၊ အဲဒီအခါကျရင် အချိန်မရွေး ပြန်လာလို့ရတဲ့ နေရာတစ်ခုရှိတယ်လို့ သိနေတာက ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်သလဲ”
ကျန်းယွင်ကျူးက တခြားအကြောင်းများ မပြောခင် စားသောက်ဆိုင်တစ်ခုတော့ စတင် တည်ထောင်ချင်ခဲ့သေးသည်။ အဓိကအားဖြင့် သူမသည် ဆေးပညာလေ့လာရန် အဘိုးကြီး၏ ဖိအားပေးခြင်းကို မခံလိုပေ။
အိမ်။ အဘိုးကြီးဝူသည် တိတ်ဆိတ်သွားတော့သည်။ သူ့မှာလည်း အိမ်တစ်လုံး၊ သိမ်မွေ့တဲ့ ဇနီးတစ်ယောက် ပြီးတော့ သမီးချောလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့သမီး အသက်ဆယ်နှစ်အရွယ်မှာ ထူးဆန်းတဲ့ရောဂါတစ်ခုကြောင့် ဖျားနာခဲ့တယ်။ သူ့ရှိသမျှ အားအင်နဲ့ လက်ပမ်းကျတဲ့အထိ ကြိုးစားခဲ့ပေမဲ့ သမီးကို မကယ်ပေးနိုင်ခဲ့ဘူး။
နောက်ပိုင်းကျတော့ သူ့မိန်းမလည်း သူ့ကို ထားသွားခဲ့တယ်။ အဲကတည်းက သူ ဘယ်တော့မှ အိမ် မပြန်တော့ဘူး။ သူ့မှာ အိမ်ဆိုတာ ပျောက်ဆုံးသွားခဲ့ပြီ။
သူ၏အထီးကျန်သည့် အကြည့်ကို ကြည့်ရင်း ကျန်းယွင်ကျူးသည် စကားမှားသွားသည်ကို ခံစားလိုက်ရသဖြင့် မြန်မြန် ထပ်ဖြည့်ပြောလိုက်လေသည်။
“အဘိုး သဘောမကျတာမျိုး မရှိရင် သမီးအိမ်မှာ အမြဲတမ်း နေလို့ရပါတယ်၊ ပျင်းတဲ့အခါ အပြင်ထွက် လမ်းလျှောက်ပေါ့၊ သမီးလုပ်တဲ့ အစားအသောက်တွေ စားချင်လာရင် ပြန်လာခဲ့လေ”
အဘိုးကြီးဝူက သူမကို ကြည့်လိုက်ပြီး
“မင်းက ဒီအဘိုးကြီးကို အထင်မသေးဘူးလား”
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ အဘိုးကြီးက သူ့အတွက် အကောင်းဆုံးစဥ်းစားပေးနေမှန်း ခံစားမိလေသည်။ ထို့အပြင်
“ နောက်ပိုင်းကျရင် သမီးက အဘိုးကြီးဝူနဲ့ ခရီးသွားဖြစ်ရင်လည်း သွားဖြစ်မှာပေါ့”
ထိုအခါမှ အဘိုးကြီးဝူက ပြုံးတော့သည်။ သူက ကျန်းယွင်ကျူးကို နေ့လယ်စာ ဘာချက်မည့်အကြောင်းမေးလိုက်၏။
ကုန်စိမ်းများကို ဝယ်လိုက်ပြီးနောက် သူတို့သည် လားလှည်းပေါ်သို့ တက်ကာ အိမ်ပြန်လာခဲ့ကြသည်။
စီရင်စုရှိ အကြီးမားဆုံး စားသောက်ဆိုင်ထဲတွင် ရှောင်းချီစုန့်က စားသောက်ဆိုင် ဒုတိယထပ်တွင် ရပ်နေပြီး ပျင်းပျင်းနှင့် အောက်သို့ငုံ့ကြည့်လိုက်လေသည်။ ဝူလင်စီရင်စုကို ရောက်ကတည်းက သူသည် မိုင်းတွင်းသို့ တစ်ကြိမ်သာ ရောက်ခဲ့လေသည်။ နောက်ပိုင်းတွင် နေရာက တောကျလွန်းသည်ဟု အထင်သေးခဲ့သည်။ ထို့ကြောင့် သူက စီရင်စုမြို့သို့ ပြောင်းနေလိုက်လေသည်။
သို့သော် သူ့မျက်လုံးထဲတွင်တော့ သည်စီရင်စုမြို့က မြို့တော်နှင့် တခြားစီပင်။
သူသည် အဖေဖြစ်သူကို အပြစ်မတင်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။ အဖေကလည်း သူ့ကို ရုတ်တရက်ကြီး ဘာလို့ အဲလောက်တောကျတဲ့နေရာကို လွှတ်လိုက်တာလဲ။
ထိုအချိန်တွင် လားလှည်းတစ်စီးက လှိမ့်သွားခဲ့သည်။ မိန်းမလှလေးတစ်ယောက်ကို မြင်လိုက်ရသည် ထင်သည်။ သို့သော် သူတို့သည် ဖြတ်သွားသည့်လှည်းတစ်စီးကြောင့် ရပ်လိုက်ရဟန်တူသည်။
ရှောင်းချီစုန့်က သူ့ခန္ဓာကိုယ်ကို ဘယ်ညာ လှုပ်ရှားလိုက်ပြီး လှည်းကို ရှောင်ကာ လားလှည်းထဲက လူကို ကြိုးစား ကြည့်လိုက်လေသည်။
သည်အချိန်တွင် လှည်းခန်းဆီးက မြောက်တက်သွားပြီး မှင်တက်အံ့ဩဖွယ်မိန်းမလှလေးတစ်ယောက် ထွက်လာလေသည်။
ရှောင်းချီစုန့်သည် အူကြောင်ကြောင်း ငေးကြည့်နေမိသည်။
လှည်းနှင့် လားလှည်းတို့က ဖြတ်သွားကြ၏။ လားလှည်းကာ ဘေးလမ်းတစ်ခုထဲ ချိုးသွားပြီး လှည်းကတော့ အရှိန်မြင့်သွားလေသည်။
“မြန်မြန် ၊ အဲဒီလှည်း”
ရှောင်းချီစုန့်က လှည်းကို လက်ညှိုးထိုးပြပြီး အော်ဟစ်တော့သည်။ သူ့ဘေးက အစေခံများအားလုံးက သည်လိုကိစ္စများနှင့် ကျင့်သားရနေပြီးဖြစ်ရာ အောက်ထပ်သို့ ချက်ချင်းပြေးဆင်းသွားပြီး လှည်းနောက်လိုက်ကြတော့သည်။
လမ်းတစ်ဖက်တွင် ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်လေသည်။ သူမ လှည်းကို တနေရာရာမှာ တွေ့ခဲ့ဖူးသလိုပဲ။
သူမသည် ချက်ချင်းမမှတ်ဘဲ လှည်းထဲတွင်သာ ထိုင်နေလိုက်ကာ ဆက်သွားလိုက်တော့သည်။
သည်အချိန်တွင် လမ်း၏တခြားဘက်မှ နောက်ထပ်လူ ထွက်လာလေသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ပင်။ သူတို့သည် ဝေ့ခမ်းဖျင်၏ရုပ်အလောင်းကို ရှာတွေ့ခဲ့ပြီးဖြစ်သည်။ ကျန်းယွင်ကျူး၏ အမှုကို ပိတ်သိမ်းနိုင်ပြီ။
သို့သော် ဝေ့ခမ်းဖျင်ကို မည်သူသ-တ်သွားပါသနည်း။
ပြီးခဲ့သည့်နှစ်ရက်က ချီလင်သက်တော်စောင့်များသည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဝူလင်စီရင်စုတွင် ဖြစ်သွားသည့် အမှုအားလုံးကို စုစည်းခဲ့လေသည်။ အခုတော့ သူတို့သည် လီချွန်းကို စစ်မေးရတော့မည်။
အချိန်ကိုက်တွင် သူတို့သည် ထိုဘက်အခြမ်းက စားသောက်ဆောင်၏အခန်းထဲမှ ရှောင်းချီစုန့် လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
“ သူက ဘာလို့ ဝူလင်စီရင်စုကို လာခဲ့တာလဲ”
ယန်ရှန့်သည် ရှောင်းချီစုန့်ကို သိပါသည်။ ထိုအကြောင်း ပြောရမည်ဆိုလျှင် သူသည် ချီလင်သက်တော်စောင့်ဌာနထဲက ခေါင်းနှင့်ကိုယ်မကွဲဘဲ ထွက်လာနိုင်သည့် မရှိသလောက် လူနည်းစုထဲက တစ်ယောက်ဖြစ်သည်။ နောက်ဆုံး သူ့အဖေ ဟွိုက်နန်ဝမ်(ဘုရင်)သည် နဂါးနောက် လိုက်ခဲ့သည့် အကျိုးပြုသူ ဧကရာဇ်၏ဦးရီးတော် ဖြစ်လေသည်။ ဧကရာဇ်က သူ့ကိုလွှတ်ပေးလိုက်ဖို့ အမိန့်ပေးခဲ့သည်။ ချီလင်သက်တော်စောင့်များက ထိုကိစ္စကို ဘာမှမတတ်နိုင်ခဲ့ကြပေ။
“ဟွိုက်နန်ဝမ်က သူ့ကို တိုက်ပွဲကို မလွှတ်ချင်ဘူးလေ၊ ဒါကြောင့် သူက တပ်တွင်းလုပ်ဆောင်မှု ရအောင်ဆိုပြီး မိုင်းတွင်းကို လွှတ်ဖို့ပဲ ရှိတော့တာပေါ့”
ရှန်ဖုန်းမင်က ရှောင်းချီစုန့်၏နောက်ကျောကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
“ဟမ့် ဟွိုင်နန်ဝမ်က ဒီအသုံးမကျတဲ့ကောင်ကို တကယ်တန်ဖိုးထားတာပဲ၊ အင်းပေါ့လေ သူက ဂရုတစိုက်နဲ့ ကာကွယ်ပေးရမှာပေါ့”
ယန်ရှန့်က မှတ်ချက်ပေးလိုက်လေသည်။
သူတို့နှစ်ယောက်က ရှောင်းချီစုန့်ကို သိပ်ပြီးဂရုမစိုက်ခဲ့ကြပေ။ နောက်ဆုံး သူသည် ဝူလင်စီရင်စုသို့ ရောက်လာသည်မှာ ရည်အနည်းငယ်သာ ရှိသေးသည်။
သည်ဘက်တွင် ကျန်းယွင်ကျူးသည် အိမ်သို့ပြန်လာခဲ့၏။ သူမသည် ရွှယ်ကျင်းကို တွေ့သွားပြီး ထိုလှည်းထဲကလူကို မှတ်မိသွားတော့သည်။ အမျိုးသမီးရွမ်ကို ကူညီပေးခဲ့ပြီး သူမအား တခြားသူကိစ္စများကို ဝင်မရှုပ်ဖို့ ပြောသွားခဲ့ မိန်းမလှပင် ဖြစ်တော့သည်။
…