EJYZ အပိုင်း ၄၄

အပိုင်း (၄၄)

အဘိုးကြီးဝူက အခန်းထဲ ဝင်ထိုင်လိုက်လေသည်။ ကျန်းယွင်ကျူးက သူ့အတွက် ဟင်းလေးမျိုး ယူလာပေးလိုက်သည်။ ဝက်သားပြုတ်ကြော် တစ်ပွဲ၊ ကြက်ကုန်းဘောင်ကြော်တစ်ပွဲ၊ မုန်လာထုပ်ကြော်တစ်ပွဲ နှင့် အရိုးမဲ့ဘဲခြေထောက်၊ ဝက်မြီး၊ ဘဲအသဲအမြစ် အပါအဝင် အမဲအရွတ်လေးမျိုးတို့ကို အကန့်လိုက်ပြင်ထားသည့် ဟင်းပွဲတစ်ခု ပါလေသည်။

ထမင်းတစ်ပန်းကန်နှင့် ရေညှိကြက်ဥစွပ်ဟင်းရည်လည်း ပါသေးသည်။

ဒီဟင်းလေးမျိုးက သာမန်လို့ထင်ရပေမဲ့ အဖက်ဖက်ကကြည့်ရင် ထူးခြားနေတာပဲ။

ဒီမုန်လာထုပ်မွှေကြော်လိုပေါ့။ အဘိုးဝူက တစ်နိုင်ငံလုံး ပတ်စားလာခဲ့တာလေ။ နန်းတော်ရဲ့ စားဖိုဆောင်မှာတောင် အကြိမ်ကြိမ် စားခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလိုအဆင့်အထိ ချက်နိုင်ဖို့ကတော့ အရေအတွက်က လက်နှစ်ဖက်တောင် မကျော်ဘူး။

ပြီးတော့ ဒီဟင်းပွဲအရော။ ဒါက ဘဲခြေထောက်ပဲ။ ဟုတ်တယ်မလား။ ကွေးတက်နေတဲ့ပုံကို ကြည့်စမ်း။ အရိုးဖယ်ထားတဲ့ပုံပဲ။ ဒါသည် အဘိုးကြီးဝူအတွက် ဘဲခြေထောက်ကို သည်လိုပုံစံတွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

အဘိုးကြီးဝူက သိချင်သွားတော့သည်။ ထို့ကြောင့် သူက ဘဲခြေထောက်တစ်ဖက်ကို ညှပ်လိုက်ပြီး အရင်ဆုံးစားလိုက်လေသည်။

အရသာအပြည့်၊ စပ်တက်တက်၊ တထုတ်ထုတ်နဲ့ အိနေတာပဲ။

သူသည် ဝက်မြီးတစ်ပိုင်းကို စားလိုက်လေသည်။

အရသာမတူဘူး။ ဒါပေမဲ့ အရသာရှိတာရော စားလို့ကောင်းတာရောက အတူတူပဲ။

မုန်လာထုပ်မွှေကြော်။ သေချာတယ်။ သူ ထင်ထားတဲ့အတိုင်းပဲ။ ဒီချက်နည်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီပဲ။ မူလအရသာအတိုင်း ဘာဟင်းခတ်အမွှေးအကြိုင်မှ မထည့်ထားဘူး။ မုန်လာထုပ်ရဲ့ နဂိုအရသာပဲ ရှိတယ်။ ဒါဆိုင် အရမ်းကို လန်းဆန်းပြီး ချိုနေတာပဲ။

အဘိုးကြီးတူသည် ကျန်းယွင်ကျူးကို လှမ်းမကြည့်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။ သူက မေးလိုက်၏။

“ မင်း ချက်ထားတာလား”

“ဟုတ်ပါတယ်၊ အဘိုး သဘောကျရဲ့လားရှင်”

အဘိုးကြီးဝူက သူမကို စိုက်ကြည့်လိုက်လေသည်။ ဒီအရည်အချင်းကို နာမည်ကြီးဆရာတစ်ယောက် ပေးခဲ့ပြီး နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားလေ့ကျင့်တာမျိုး မဟုတ်ရင် ဒီအဆင့်ကို လုံးဝရောက်မှာ မဟုတ်ဘူး။ ဒါပေါ့ နောက်ထပ် ဖြစ်နိုင်ခြေ ရှိပါသေးတယ်။ သဘာဝဖြစ်ရပ်နဲ့ ရှုပ်ထွေးမှုကလည်း ရိုးရှင်းလာနိုင်တာပဲ။ ဒီမိန်းကလေးက ဒီလိုအသိဉာဏ်မျိုးနဲ့ မွေးလာတာပဲ။

အဘိုးကြီးဝူက ကျန်းယွင်ကျူးကို နောက်အမျိုးအစားထဲဖြစ်မည်ဟု ထင်လိုက်လေသည်။ သူသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင်ဖြစ်သွားတော့သည်။ သူ့သက်တမ်းရဲ့ တစ်ဝက်လောက်ကို လှည့်ပတ်သွားလာပြီး ဆက်ခံသူတစ်ယောက်တောင် မရှိခဲ့ဘူး။ ဒီမိန်းကလေး….

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူ့အမူအရာကို အများကြီး ပိုပျော့ပြောင်းလာကာ ပြောလိုက်လေသည်။

“အရသာရှိတယ်”

ကျန်းယွင်ကျူး၏ မျက်လုံးများသည် ရွှန်းလဲ့သွားတော့သည်။ အဘိုးကြီးဝူဆီက သည်လို စကားမျိုး ကြားရဖို့ တကယ်မလွယ်တာလေ။ အဘိုးက စားသောက်ရလို့ ပျော်တယ်ဆိုတော့ သူ အဘိုးချန်ရဲ့ ရောဂါကို ကူညီပေးမလားမသိဘူး။ အမှန်ပင်။ သူမသည် ထိုစကားကို ထုတ်ပြောလိုက်ခြင်း မဟုတ်ပေ။ သူမက အောင်မြင်မှု မြန်မြန်ဆန်ဆန် ရဖို့ရန် အလွန်မှစိတ်အားထက်သန်နေသည့်သဘောပင်။

အဘိုးကြီးဝူ ကိုယ်တိုင် ထုတ်ပြောလာတာကို စောင့်လိုက်တာက ပိုကောင်းပါတယ်လေ။

“အရသာရှိတယ်ဆိုရင် များများပါနော်” သူမက သည်လိုသာ ပြောလိုက်တော့သည်။

အဘိုးကြီးဝူက ဗိုက်ဆာနေပြီးဖြစ်သည်။ သူသည် နှစ်လုတ်လောက် စားလိုက်ပြီး အစားစားချင်စိတ်က ကြီးထွားလာတော့သည်။ ချက်ချင်းဆိုသလို သူက စကားမပြောတော့ဘဲ စတင် စားသောက်တော့သည်။

ဟင်းလေးမျိုးရှီပြီး တစ်မျိုးစီက အများကြီးမဟုတ်ပေ။ မကြာခင်မှာပင် သူသည် ဟင်းအားလုံး၊ ထမင်းတစ်ပန်းကန်ကို ကုန်အောင်စားလိုက်ပြီး နောက်ဆုံးတွင် ဟင်းရည်ပန်းကန်လုံးတစ်ဝက်ကို သောက်လိုက်လေသည်။

စားသောက်ပြီးနောက် သူက ထိုနေရာတွင် ထိုင်ကာ ဗိုက်ကို ပွတ်သပ်နေလိုက်လေသည်။ နောက်ကျမှ သတိထားမိလိုက်သည်က သူက စားသောက်ပြီးသည်တွင် ၇၀%သာ ဗိုက်ပြည့်လေသည်။ သူ့လက်ရှိအခြေအနေက ကျန်းမာရေးကို ထိန်းသိမ်းရန် မသင့်တော်ပေ။

ဟင်းပွဲအားလုံးက အလွန်မှ အရသာရှိနေခြင်းကြောင့်ပင်။ နှမြောတသကာဖြင့် သူက လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်လေသည်။

ဒီလက်ဖက်ခြောက်က အရသာမရှိဘူး။ သူက စဥ်းစားလိုက်၏။

အမှန်ပင်။ ကျန်းမိသားစုသည် ပယ်ထားသည့် လက်ဖက်ခြောက်များကိုသာ ဝယ်သောက်နိုင်သည်။ ထို့ကြောင့် အရသာကောင်းကောင်း မထွက်ချေ။

သည်အချိန်တွင် ကျန်းယွင်ကျူးနှင့်တခြားသူများက စတင် စားသောက်လိုက်ကြသည်။ အဘိုးချန်က အမြင်အာရုံ မကောင်းပေ။ အမျိုးသမီးချန်က စားပွဲပေါ်တွင် ဘာဟင်းများ ရှိကြောင်း သူ့ကို ပြောပြပြီး သူစားချင်သည့်ဟင်းကို မေးလိုက်လေသည်။

အဘိုးချန်က ပြောလိုက်ပြီး အမျိုးသမီးချန်က သူ့ကို ကူညီပေးလိုက်သည်။

ကျန်းယွင်ကျူးက ဘေးက ကြည့်နေပြီး အဘိုးကြီးဝူကို တိတ်တိတ်လေး ခိုးကြည့်လိုက်လေသည်။ အဘိုးချန်ရဲ့ ရောဂါက သိသာပါတယ်။ သူက တစ်ချက်လောက် မကြည့်ပေးချင်တာလားမသိဘူး။ ဒါမှမဟုတ် အဲဒီဟင်းတွေကို သူ သဘောမကျလို့လား။

တကယ်တော့ အဲဒီဟင်းလျာတွေက အိမ်ချက်ဟင်းသာသာပဲလေ။ အဘိုးကြီးဝူက အဆင့်အတန်း မြင့်တဲ့သူဆိုတော့ သူ သဘောမကျတာ ပြောစရာမလိုပါဘူး။

ကျန်းယွင်ကျူးသည် သူမ၏အိပ်မက်ထဲတွင် ပြင်ဆင်ခဲ့သည့် ဟင်းပွဲကို သူ့အတွက် လုပ်ပေးလျှင် ကောင်းမည်လားဟု စဥ်းစားလိုက်လေသည်။

အိပ်မက်ထဲက အန်းဖင်နယ်စား လင်ထင်အန်းသည် အဘိုးဝူကို ရောဂါကြည့်စေချင်ခဲ့သည်။ လူတစ်ယောက်ကို ရှာဖွေရသည်က တစ်ကိစ္စပင်။ သူ့ကို မည်သို့ ဖျောင်းဖျရမည်က နောက်အကြောင်းတစ်ခု ဖြစ်လေသည်။

ကျန်းယွင်ကျူးသည် အဘိုးကြီးဝူက စားသောက်လည်ပတ်ရသည်ကို သဘောကျမှန်း သိထားသည်။ ထို့ကြောင့် သူမသည် သူ သဘောကျလာအောင် ဟင်းပွဲတစ်မျိုးကို ဂရုတစိုက် စဥ်းစားလိုက်လေသည်။

နှမြောစရာကောင်းသည်က နောက်ဆုံးတွင် ဘယ်သူကမှ သူ့ကို ရှာမတွေ့ခဲ့ဘဲ သူမ၏ဟင်းလျာကိုလည်း ချပြရန်နေရာ မရှိခဲ့ချေ။

အခုတော့ အခွင့်အရေးတစ်ခုရလာသည်။

သို့သော် ထိုဟင်းလျာကို မည်သို့ချက်ပြုတ်ရမည်က ချင့်ချင့်ချိန်ချိန်နှင့် ဂရုတစိုက်စဥ်းစားဖို့ လိုအပ်သေးသည်။

ကျန်းယွင်ကျူး၏စိတ်က အဝေးသို့ပျံ့လွင့်နေတော့သည်။ သူမ မသိလိုက်သည်က အဘိုးကြီး၀ူသည် ထိုဟင်းပွဲများကို စားသောက်ပြီးနောက်တွင် အဘိုးချန်ကို စမ်းသပ်ပေးချင်ခဲ့ပြီးဖြစ်သည်။ တစ်ခုသာ။ ရှန်ဖုန်းမင်က အဘိုးချန်ကို ကြည့်ရှုပေးဖို့ရာ သူ့ကို ပြန်ပေးဆွဲခဲ့တာဖြစ်နိုင်သည်ဟု တွေးမိလိုက်ခြင်းပင်။ သူက ကြည့်ရှုပေးလိုက်ရင် ရှန်ဖုန်းမင်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးသလို ဖြစ်နေမှာမလား။

မကြည့်ဘူး။ မကြည့်ပေးဘူး။ အနည်းဆုံးတော့ အခုလောလောဆယ်ပေါ့။

ရှန်ဖုန်းမင် ထွက်သွားပြီးမှပဲ သူ ကြည့်ပေးတော့မယ်။

သူက သည်လိုစဥ်းစားထားလိုက်လေသည်။

“အဘိုးက တစ်ယောက်ထဲနော်၊ ဒီလောက်အေးတဲ့နေ့မှာ ဘယ်သွားဖို့ စဥ်းစားထားတာလဲ၊ အရေးကြီးတာ မရှိဘူးဆိုရင် ဒီမှာပဲ တစ်ရက်နှစ်ရက်လောက် ထပ်နေပါလား” ကျန်းယွင်ကျူးက အကြံပြုလိုက်လေသည်။

ဒါသည် အဘိုးကြီးဝူလိုချင်သည့် အရာပင်။ ထို့ကြောင့် သူက ချက်ချင်းခေါင်းညိတ်လိုက်တော့သည်။

နှစ်ယောက်လုံးက ချက်ချင်း အဆင်ပြေသွားကြလေသည်။

ခြံဝင်းထဲတွင် ဘေးအခန်း၂ခန်းရှိသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က တစ်ခန်း ယူထားသည်။ ကျန်အခန်းကိုတော့ အစက နေလှန်းထားသည့်ပစ္စည်းများ သိမ်းရန် အသုံးပြုခဲ့သည်။ ကျန်းယွင်ကျူးက အခန်းကို ချက်ချင်း သန့်ရှင်းရေးလုပ်လိုက်ပြီး အဘိုးကြီးဝူနေဖို့ ပေးထားလိုက်သည်။

နေ့လယ် ၁နာရီတွင် ကုယန်ကျိုးက ကျန်းလင်နှင့် တခြားသူများ စာလာသင်ပေးလေသည်။

ကျန်းယွင်ကျူးသည် ခဏလောက် စာသင်လိုက်ပြီးနောက် သူမက စာဖတ်တတ်ပါပြီဟု လိမ်လိုက်ပြီး သူ့ဆီက စာသင်နေသည်ကို ရပ်လိုက်တော့သည်။

သည်နေ့ သူမသည် ပင်မဆောင်ထဲတွင် ဟိုသည် ပတ်လျှောက်နေခဲ့ရသည်။

“ ကြာပန်းလေးက သူ့အဖျားတံလေးတွေကို ထုတ်ပြီး ပုစဥ်းလာနားမှာကို စောင့်နေပါတယ်”

ကုယန်ကျိုးသည် ကျန်းလင်နှင့်ကလေးများကို ရှေးခေတ်ကဗျာများ ရွတ်ကာ သင်ပေးနေသည်။

ထိုစကားကို ကြားလိုက်ချိန်တွင် ကျန်းယွင်ကျူးသည် နောက်ဆုံးတော့ အကြောင်းအရင်းတစ်ခု ရှာတွေ့သွားတော့သည်။ စားပွဲတွင် ထိုင်လိုက်ပြီး သူမက ကုယန်ကျိုးကို ပြောလိုက်သည်။

“ ဒီကဗျာစာနှစ်ကြောင်းက အရမ်းနားထောင်ကောင်းတာပဲနော်၊ ပြီးတော့ ရှင် ဖတ်နေတာကို နားထောင်နေရင်းနဲ့ ရေကန်ထဲက ကြားဖူးလေးတွေကို မြင်ယောက်လာတယ်၊ အရွက်က ရေပေါ်မှာ ပေါ်နေပြီး ပုစဥ်းတစ်ကောင်က သူ့ပေါ်မှာ လာနားနေတာ”

ကုယန်ကျိုး၏ ကြယ်ရောင်မျက်လုံးများသည် တဖျတ်ဖျတ်လက်သွားလေသည်။

“ ကဗျာကောင်းတစ်ပုဒ်က လူတွေကို တကယ်ပဲ အဲဒီနေရာရောက်သွားတယ်လို့ ခံစားရစေတယ်လေ”

ကျန်းယွင်ကျူးက တစ်ခုခုကို စဥ်းစားမိသွားသည့်နှယ် ထုတ်ပြောလိုက်လေသည်။

“ ရှင်က အဲလိုပြောတယ်ဆိုတော့လေ ကျွန်မ ရုတ်တရက် ချက်ပြုတ်ဖို့အတွေး ဝင်လာတယ်၊ အချက်အပြုတ်ကလည်း အဲလိုပဲ ဖြစ်နေမလားဟင်”

ကုယန်ကျိုးက အခိုက်တန့် မှင်တက်သွားပြီး သူ့စာအုပ်ကို ချထားလိုက်လေသည်။

“ဒါပေါ့၊ ၅ဆက်မြောက်မင်းဆက်မှာ ဖန်ကျန်း ဆိုတဲ့ အမျိုးသမီးစာဖိုးမှူးတစ်ယောက်ရှိတယ်၊ သူက ဟင်းပွဲတွေကို လှပတဲ့ရှုခင်းဖြစ်အောင် လုပ်တဲ့နေရာမှာ အရမ်းတော်တာ။

သူ လုပ်ခဲ့တဲ့ ‘ဝမ်ချွန်းပန်းချီကား’ကို ‘ ဟင်းပွဲပေါ်က မြစ်နဲ့တောင်တွေဆိုပြီး၊ ကဗျာက ဟင်းပွဲတွေထဲမှာ စီးဆင်းနေတယ်’ဆိုပြီး ချီးကျူးကြတယ်လေ။

ဝမ်ချွန်းဆိုတာ ဝမ်ဝေ သီးသန့်နေတဲ့ နေရာပေါ့၊ ရှုခင်းတွေက လှတယ်။

ဝမ်ဝေက နာမည်ကြီးကဗျာဆရာတစ်ယောက်လေ၊ သူက သူနေတဲ့နေရာအကြောင်း သရုပ်ဖော်တဲ့ ကဗျာတွေအများကြီး ရေးခဲ့တယ်၊ ဥပမာ နာမည်ကြီး စာစုတွေဖြစ်တဲ့ “ မြက်ပင်တွေက မိုးရေထဲမှာ အရမ်းကို စိမ်းစိုနေပြီး မက်မွန်ပန်းတွေက ရေခဲမှာလိုပဲ နီရဲနေတယ်’ ဒီလိုတွေပေါ့။

ဖန်ကျန်းက သူ့ကဗျာတွေထဲက ရှုခင်းအတိုင်း ဟင်းပွဲတွေလုပ်ခဲ့တာ၊ ဟင်းပွဲတွေက အသက်ဝင်ပြီး တကယ့်အစစ်အတိုင်းပဲ၊ ပိုရှားပါးတာက စားပွဲ ဧည့်သည် အယောက်၂၀ရှိရင် သူတို့ရှေ့က ဟင်းပွဲတွေကလည်း မတူကြဘူးတဲ့ ဒါပေမဲ့ သူတို့တွေ အတူတူ တွဲစားလို့ရတယ်တဲ့၊ တော်တော်လေးကို တီထွင်ဉာဏ်ကောင်းလွန်းပါတယ်”

ကျန်းယွင်ကျူးသည်လည်း ထိုသို့ လုပ်ရန် တောင့်နေမိပြီး ပြောလိုက်လေသည်။

“ ကျွန်မလည်း စမ်းကြည့်ချင်လိုက်တာ”

ကုယန်ကျိုးက ပြုံးလိုက်သည်။ အဲလောက် မလွယ်ဘူးလေ။ ခေတ်အဆက်ဆက်မှာ ဖန်ကျန်းတစ်ယောက်ပဲ ရှိခဲ့ဖူးတယ်။ သို့သော်ညား သူသည် ကျန်းယွင်ကျူးကို မျှော်လင့်ချက် မပျက်စေချင်ရာ ပြောလိုက်တော့သည်။

“ ကောင်းပြီလေ၊ မင်းက အကူအညီလိုရင် ကျွန်တော့်ကို ပြောလို့ရပါတယ်”

ကျန်းယွင်ကျူးက ထိုသို့သာ ပြောလိုက်သည်။

“ ရှင် ကျွန်မကို ဝမ်ဝေရဲ့ကဗျာတွေ ထပ်ပြီးဖတ်ပြလို့ရမလား၊ ကျွန်မ စိတ်ကူးလေးများ ရလာမလား သိချင်တယ်”

အမှန်ပင်။ ကုယန်ကျိုးအတွက် အဆင်ပြေလေသည်။ သူက ချက်ချင်း ရွတ်ပြလိုက်၏။

သူသည် အဆင့်တစ်ပညာသင်တစ်ယောက်ဖြစ်ပြီး သည်ကဗျာအားလုံးကို အလွတ်ရနေသည်။

ကျန်းယွင်ကျူးသည် “ ထင်းရှူးပင်ကို ဖြတ်သန်းလို့ လရောင်က တောက်ပနေ၊ ကျောက်ဆောင်တွေပေါ်မှာ ကြည်လင်တဲ့စမ်းရေက စီးဆင်းနေ” ဟူသည်စာဟုကို ကြားလိုက်ချိန်တွင်

စိတ်ထဲက ဒီနေရာပဲဟု ရွတ်လိုက်မိလေသည်။ သူမက ချက်ချင်းပြောလိုက်၏။

“ ဒီစာကြောင်းက အရမ်းကောင်းတာပဲ”

ကုယန်ကျိုးက သည်ကဗျာ၏မူလဇာစ်မြစ်နှင့် ဝမ်ဝေက သည်ကဗျာကို ရေးစဥ် ဖြစ်နေသည့် အခြေအနေကို သူမအား ရှင်းပြလိုက်လေသည်။

နှစ်ယောက်သားသည် စကားစမြည်ပြောရင်း ရယ်မောနေကြလေသည်။ သူတို့သည် အချိန်ကောင်းလေးတစ်ခု ရခဲ့သည့်နှယ်။ ဘေးတွင် ယန်ရှန့်က ရှန်ဖုန်းမင်ကို စူပုတ်ပြနေတော့သည်။

အခန်း (၄၄.၂)

ရှန်ဖုန်းမင်က ပင်မဆောင်ထဲက လူနှစ်ယောက်ကို တွေ့လိုက်၏။ သူက ထရပ်ကာ ထွက်သွားတော့သည်။

ယန်ရှန့်က နောက်မှဖြည်းဖြည်းချင်း လိုက်လာခဲ့သည်။

“မိန်းကလေးကျန်း”

ရှန်ဖုန်းမင်းသည် အခန်းထဲဝင်လာပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။

ကျန်းယွင်ကျူးက ခေါင်းမော့ကာ သူ့ကို မသင်္ကာသလို ကြည့်လိုက်လေသည်။

ရှန်ဖုန်းမင်က စားပွဲကို ကြည့်လိုက်ပြီး

“ မိန်းကလေးကျန်းရဲ့ စာလုံးရေးကျင့်တာ အခြေအနေဘယ်ရောက်ပြီလဲ”

ကျန်းယွင်ကျူး : …. ဆရာက သူမကို အိမ်စာစစ်နေသလို ခံစားနေရပါလား။ ဆရာက သူမကို ရက်နည်းနည်းပဲ သင်ပေးခဲ့ပေမဲ့လေ။

“ မိန်းကလေးကျန်းက အရမ်းဉာဏ်ကောင်းပါတယ်၊ သူက ဟင်းနာမည်တွေနဲ့ စာရင်းမှတ်တာကို အများကြီး တတ်သွားပါပြီ”

ကုယန်ကျိုးက ပြုံးကာ ပြန်ဖြေလိုက်လေသည်။

“ဪ”

ရှန်ဖုန်းမင်က စေ့စေ့စပ်စပ်အကြည့်တစ်ခုဖြင့် သူ့ကိုကြည့်လိုက်၏။

ကုယန်ကျိုးက သူ့အပြုံးကို ပြန်သိမ်းထားလိုက်လေသည်။ သူ့အမူအရာက တင်းမာလာတော့သည်။ သူသည် ထူးထူးဆန်းဆန်း ဖိနှိပ်ခံနေရသလို ခံစားလိုက်ရတော့သည်။ သူက ရှန်ဖုန်းမင်ကို လေ့လာကြည့်လိုက်သည်။ ချောမောတဲ့မျက်နှာတစ်ခုနဲ့ အရပ်မြင့်မြင့် ဖြောင့်မတ်တဲ့ရုပ်ရည်ပဲ။ အထူးသဖြင့် သူ့ဘေးက ထူးခြားတဲ့အငွေ့အသက်တစ်ခုက တောင်တစ်လုံး၊ ပင်လယ်တစ်ခုနဲ့ တူတယ်။

ဒီလူက မြို့တော်က ကုန်သည်တစ်ယောက်တဲ့လား။ ကုယန်ကျိုးက သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်သည်။ သူ အရင်က စာလေ့လာဖို့ မြို့တော်ကို သွားခဲ့ပြီး မြို့တော်က အထက်တန်းစား သားတွေနဲ့ တွေ့ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ သူ့လို လူမျိုး မတွေ့ခဲ့ဖူးဘူး။

“မိန်းကလေးကျန်း ယွီယွီက မင်းကို အရင်က စာဖတ်တတ်အောင် သင်ပေးနေတာမလား၊ အခု ကျွန်တော်တို့ ပြန်လာပြီဆိုတော့ သူ့ကို သင်ခိုင်းလိုက်ပါလား၊ သခင်လေးကုကျတော့ ကျွန်တော့်အထင် စာမေးပွဲက ပိုအရေးကြီးပါတယ်”

ယန်ရှန့်က သူတို့ အပြန်အလှန်ဖြစ်နေပုံကို စိတ်မရှည်လာတော့ဘဲ ကျန်းယွင်ကျူးကို တိုက်ရိုက် ပြောလိုက်လေသည်။

‘ယွီယွီ’ဟု ပြောလိုက်သည်တွင် သူသည် အလွန်မှ အသားမကျနိုင်သလို ခံစားလိုက်ရတော့သည်။ သူသည် ရှန်ဖုန်းမင်ကို ဤသို့ တစ်ခါမှမခေါ်ခဲ့ဖူးချေ။

ရုတ်တရက် သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာတော့သည်။ ကျန်းယွင်ကျူးရဲ့နာမည်မှာ ပုလဲ လို့ရေးရတဲ့ စာလုံးပါတယ်။ ရှန်ဖုန်းမင်ရဲ့နာမည်တုက ‘ကျောက်စိမ်း’။ ပုလဲနဲ့ကျောက်စိမ်း။ တကယ့်ရေစက်ပဲဟ။

သူသည် သူ၏တမူထူးခြားသည့် အသိတစ်ခုကြောင့် စိတ်ကျေနပ်သွားလေသည်။

အမှန်ပင်။ တခြားသူများကတော့ သူ့စိတ်က မိုင်ထောင်ချီပြေးလွှားနေသည်ကို သိကြမည် မဟုတ်ပေ။ ရှန်ဖုန်းမင်နှင့် ကုယန်ကျိုးတို့က သူ့စကားကို ကြားလိုက်ချိန်တွင် အားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြလေသည်။

ပြီးခဲ့တဲ့တစ်ခေါက် သူတို့သည် ဒီကိစ္စနဲ့ အငြင်းအခုံဖြစ်ခဲ့ကြပြီးပြီ။ ဒီတစ်ခါတော့ ငြင်းခုံနေစရာ မလိုတော့ဘူး။ ကျန်းယွင်ကျူး ဆုံးဖြတ်တာကိုပဲ စောင့်လိုက်တာပေါ့။

ကျန်းယွင်ကျူးသည်လည်း ကုယန်ကျိုးကို ထိုအကြောင်းပြောရန် အခွင့်အရေး ရှာနေခြင်းဖြစ်ရာ သူမက ပြောလိုက်တော့သည်။

“ စာမေးပွဲက သေချာပေါက် ပိုအရေးကြီးတာပေါ့ရှင်”

“ဒါပေမဲ့….”

ကုယန်ကျိုးက ရှင်းပြချင်လိုက်သည်။

သို့သော် ကျန်းယွင်ကျူးက ပြုံးပြလိုက်ပြီး

“ ကျွန်မတို့ကို ဒီရက်ပိုင်းမှာ စာသင်ပေးခဲ့တဲ့အတွက် သခင်လေးကုကို ကျေးဇူးတင်ပါတယ်ရှင်၊ တကယ်တော့ ကျွန်မလည်း ဒီကိစ္စကို ပြီးခဲ့တဲ့ရက်တုန်းက ကျွန်မအမေနဲ့ တိုင်ပင်ထားပြီးပါပြီ၊ ကျွန်မတို့ ရက်နည်းနည်းလောက် ငွေစုပြီးရင် ကျန်းလင်နဲ့ကလေးတွေကို ကျောင်းပို့ပေးမယ်လို့လေ။

ကျွန်မကတော့ စာရင်းမှတ်တာနဲ့ ဟင်းအမယ်တွေကို သိရုံနဲ့လုံလောက်ပါပြီ”

“မိန်းကလေးကျန်း ကိုယ့်ဟာကို အဲလောက် နှိမ့်ချဖို့ မလိုပါဘူး၊ မင်းရဲ့ဉာဏ်ရည်နဲ့ဆိုရင် အချိန်တစ်ခုရောက်ရင် တစ်ခုခုကို သေချာပေါက် အောင်မြင်မှာပါ”

ကုယန်ကျိုးက သူမကို နှစ်သိမ့်ပေးလေသည်။

ကျန်းယွင်ကျူးက ရှက်သွားတော့သည်။ သူမ ပြခဲ့တဲ့’ဉာဏ်ကောင်းတယ်’ဆိုတာလည်း သူမက ဆယ်နှစ်ကျော်လောက် ခေတ်သစ်ပညာရေးကို သင်ခဲ့ရတာကိုး။ သူမက ဂန္ဓဝင်စာပေတွေ လုပ်ခိုင်းကြည့်ပါလား၊ တကယ်လုပ်နိုင်မှာမဟုတ်ဘူး။

သို့သော်ငြား သူမသည် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြလို့မရနိုင်ပေ။ ထို့ကြောင့် သူမက ပြောလိုက်တော့သည်။

“ ကျွန်မကတော့ တစ်ခုထဲကိုပဲ အာရုံစိုက်တာ ကောင်းမယ်လို့ထင်တယ်၊ မဟုတ်လည်း ကျွန်မမှာ အချိန်မလောက်ဘူးလို့ အမြဲတမ်းခံစားနေရတာ”

“တစ်ခုတည်းကို အာရုံစိုက်မယ်ဟုတ်လား”

ကုယန်ကျိုးက သံယောင်လိုက်ပြောလိုက်ပြီး သူသည် ကျန်းယွင်ကျူးကို လျှော့တွက်မိခဲ့သည်ဟု ခံစားလိုက်ရတော့သည်။ ဟုတ်တယ်လေ။ လူတွေရဲ့အင်အားက အကန့်အသတ်နဲ့ရှိတာကိုး။ ဒီတော့ လုပ်ချင်တာလုပ်ပြီး ကောင်းကောင်းလုပ်ရမှာပေါ့။ ဒါဆို ကောင်းတယ်မလား။

“ကျွန်တော် ပြောတာ အရမ်းရုတ်တရက်ဆန်သွားတယ်”

သူက ကျန်းယွင်ကျူးကို ကြည့်ပြီး စိတ်အေးအေးနှင့် ပြောလိုက်တော့သည်။ သူ့မျက်လုံးများက စမ်းရေပမာ လူများကို စမ်းရေပေါ်တွင် ဖြတ်တိုက်လာသည့်လေပြေလို ခံစားရစေတော့သည်။

ကျန်းယွင်ကျူးက သူ့ကို ပြုံးပြလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်တော့သည်။

“ ကျွန်မကတော့ ဒီရက်ပိုင်းမှာ ကျွန်မတို့ကို စာသင်ပေးခဲ့တဲ့ သခင်လေးကုကို ကျေးဇူးတင်စကား ပြောချင်ပါသေးတယ်”

ထို့နောက် သူမက ရှန်ဖုန်းမင်ဖက်သို့ လှည့်လိုက်ပြီး

“လူကြီးမင်းရှန် ကျွန်မ….”

သူမသည် ကိစ္စကို အလွန်ရှင်းလင်းအောင် ပြောခဲ့သည်ဟု ခံစားလိုက်ရသည်။

“အင်း”

ရှန်ဖုန်းမင်က ခေါင်းညိတ်ပြလိုက်၏။

သည်ကိစ္စသည် သည်လိုနှင့် ပြီးသွားတော့သည်။ ထို့နောက် ကျန်းယွင်ကျူးက သူမ၏ဟင်းပွဲကို စတင် စမ်းသပ်လိုက်တော့သည်။

ကုယန်ကျိုးသည် သူမက ထိုကဗျာကို ပုံဖော်ထားသည့် ဟင်းပွဲတစ်မျိုးကို အမှန်တကယ်လုပ်နေသည်ကို သိလိုက်ရချိန်တွင် သူသည် စိတ်ဝင်စားသွားပြီး ဘေးမှ ကြည့်နေလေသည်။

ယန်ရှန့်ကလည်း စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်သဖြင့် ဘေးတွင်ရပ်နေသည်။

ခဏအကြာတွင် အဘိုးကြီးဝူကပင် ရောက်လာတော့သည်။ သူက ကုယန်ကျိုးနှင့် ရှန်ဖုန်းမင်တို့ကို တွန်းလိုက်ပြီး လည်ပင်းကို ဆန့်လိုက်ကာ ကျန်းယွင်ကျူး၏လုပ်ရှားမှုများကို ကြည့်နေလေသည်။

ကျန်းယွင်ကျူး : …. လူအများကြီးက ကြည့်နေကြတော ဖိအားများလိုက်တာနော်။

တော်ပါသေးရဲ့ ဒီဟင်းကို အိပ်မက်ထဲမှာ အန်းဖင်နယ်စားအိမ်တော်မှာကတည်းက နည်းနည်းပါးပါး ချက်ပြီး အချိန်အကြာကြီး ပြင်ဆင်ထားလို့သာပဲ။ ခဏခဏ မှားပေမဲ့လည်း အခြေခံလမ်းကြောင်းကတော့ မှန်သေးတယ်။

အရင်ဆုံး လ ကိုလုပ်ရမယ်။ ဒါအတွက် မုန်လာဥဖြူကို သုံးမယ်။ ဒါပေါ့ မုန်လာဥဖြူကို လပုံစံပဲ လုပ်လိုက်တာမဟုတ်ပါဘူး။ ဟင်းရည်တစ်အိုး လုပ်ရမယ်။ ပြီးရင် ဟင်းရည်ကို ပြင်ဆင်ထားတဲ့ မုန်လာဥဖြူပေါ်လောင်းချပြီး ဖြည်းဖြည်းချင်းကျက်သွားပြီး အရသာသွင်းရမယ်။

အိုးထဲက ထုတ်လာတာနဲ့ အဖြူရောင်ကျောက်စိမ်းပန်းကန်ပြားတစ်လို ရွှန်းစိုတောက်ပနေအောင် ကြက်သားဆီနည်းနည်းကို မုန်လာဥဖြူပေါ်မှာ ဖြန်းလိုက်မယ်။

သည်မုန်လာဥဖြူတစ်ပိုင်းနှင့်တင် အဘိုးကြီးဝူ၏မျက်လုံးများကို ခံ့ညားထယ်ဝါသည့်ခံစားချက်တစ်ခု ဖြစ်သွားရန် လုံလောက်ပေသည်။ ဟုတ်တာပေါ့။ အကောင်းဆုံးနည်းလမ်းက အရာအားလုံးကို အရိုးရှင်းဆုံး ဖြစ်အောင် လုပ်ပေးတယ်။

ထို့နောက်တွင် ကျန်းယွင်ကျူးက ထင်းရှူးပင်များနှင့် တောင်ကမ်းပါးရံကို စတင်ပုံဖော်လိုက်သည်။

လုပ်နေရင်း ညနေစာ ပြင်ဆင်ရန် အချိန်ရောက်လာသောအခါ သူက ညနေစာ သွားလုပ်လိုက်သေးသည်။

“ ဒါကို အရင်လုပ်ပါ၊ ညနေစာအတွက် ဘာလောနေတာလဲ”

ဟင်းပွဲက ပြင်ဆင်ပြီးတော့မည်ကို တွေ့လိုက်သဖြင့် အဘိုးကြီးဝူက စိုးရိမ်တကြီးပြောလိုက်လေသည်။

“နေ့လယ်စာ မှာထားတဲ့ ဧည့်သည်တွေရှိလို့ပါ” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။

အဘိုးကြီးဝူ ထမင်းဘူးကို မှာသည့်သူတိုင်း စောင့်ပေးရမည်ဟု အမှန်ပင်ချင်လိုက်သည်။ သို့သော် သူ၏ လက်ရှိအခြေအနေဖြစ်သည့် ခရီးသွားအဘိုးကြီးတစ်ယောက်ဖြစ်နေသည်ကို စဥ်းစားလိုက်ပြီး သူ့မှာ မျိုသိပ်ထားလိုက်ရတော့သည်။ သူသည် ကျန်းယွင်ကျူးအား သူက ဝူရှင်းဝေပါဟု ပြောရမည်ကို မကြောက်ပေ။ သို့သော် ကျန်းယွင်ကျူးက သိသွားပြီး သူ့အား အဘိုးချန်၏မျက်လုံးများကို ကုပေးဖို့ တောင်းဆိုလာခဲ့လျှင် သူသည် သဘောတူပေးရမည်လား၊ ငြင်းရမည်လား။

သူက ရှန်ဖုန်းမင်ရဲ့ဆန္ဒအတွေအတိုင်း လိုက်မလုပ်ချင်ဘူးလေ။ ဒါကြောင့် ခေါင်းကုပ်ရင်း စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပဲ တတ်နိုင်တော့တယ်။

ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးနောက် ကျန်းယွင်ကျူးက ညနေစာကို ချက်ပြုတ်လိုက်ပြီး သည်ဟင်းကို ဆက်လုပ်လိုက်သည်။

လထဲယုန်လေးက အရှေ့ဘက်သို့ တက်လာလျှင် သည် ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲ သည် နောက်ဆုံးတော့ ပြီးစီးသွားလေသည်။

ကျန်းယွင်ကျူးက ဟင်းပွဲကို မီးဖိုဆောင်မှ ယူထုတ်လာခဲ့လိုက်သည်။ တောက်ပနေသည့်လတစ်စင်းက တောင်ကမ်းပါးရံတွင် တွဲလောင်းကျနေသည်ကို မြင်ရသည်။ ကောင်းကင်က တောက်ပသည့်လမင်းနှင့် လိုက်ဖက်နေတော့သည်။ အလယ်တွင် ရှည်လျားဖြောင့်မတ်သည့် ထင်းရှူးတောတစ်ခုနှင့် ကျောက်ဆောင်အနည်းငယ် ရှိနေသည်။ ကျောက်ဆောင်ပေါ်တွင် ကွေ့ကောက်နေသည့် ကြည်လင်သည့်စမ်းချောင်းတစ်ခုက ဖြည်းညင်းစွာ စီးဆင်းနေသည်။

တောင်ကမ်းပါးရံ၊ ထင်းရှူးတော နှင့် ကျောက်ဆောင် အားလုံးတို့သည့် အသက်ဝင်လှသည်။ တစ်မျိုးတစ်ဘာသာ အထူးခြားဆုံးအရာမှာ အမှန်တကယ် ဖြည်းညင်းစွာစီးဆင်းနေပြီး လရောင်အောင်တွင် တစ်လက်လက် ရောင်ပြန်နေသည့် ကြည်လင်နေသည့်စမ်းချောင်းလေးပင်။

“ထင်းရှူးပင်ကို ဖြတ်သန်းလို့ လရောင်က တောက်ပနေ၊ ကျောက်ဆောင်တွေပေါ်မှာ ကြည်လင်တဲ့စမ်းရေက စီးဆင်းနေ” အံ့ဩစရာကောင်းလိုက်တဲ့ ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲပဲ”

ယန်ရှန့်က အရင်ဆုံး ချီးကျူးလိုက်သည်။ ဒီဟင်းပွဲကို မြင်လိုက်ရတော့ ကဗျာထဲမှာ ဖော်ပြထားတဲ့ အလှတရားကို တကယ်မြင်လိုက်ရတဲ့ပုံပဲ။

ကုယန်ကျိုးကလည်း သည်ဟင်းပွဲကို အံ့ဩတကြီး ကြည့်နေလေသည်။ ဖန်ကျန်းက တစ်ခါက ‘ဝမ်ချွန်းပန်းချီကား’ ကို လုပ်ခဲ့ဖူးသည်ဟု အမှန်ပင်ပြောခဲ့သည်။ သို့သော် နောက်ဆုံး ဒါသည် လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာက ဖြစ်လေသည်။ သူသည် တခါမှ မတွေ့ခဲ့ဖူးပေ။ သို့သော်ငြား ကျန်းယွင်ကျူးက သည် ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲ လုပ်ခဲ့ပြီးနောက် သူသည် မျက်မြင်ကိုယ်တွေ့ဖြစ်ရသည်။

သည်အချိန်တွင် ရှန်ဖုန်းမင်ကလည်း ရှိနေသည်။ သူ့မျက်နှာပေါ်တွင် အံ့ဩသည့်အရိပ်အယောင်တစ်ခု ရှိနေသည်။

အဘိုးကြီးဝူက ပိုလို့ပင် အံ့ဩနေမိလေသည်။ သူက ဟိုနားကြည့် သည်နားကြည့်လုပ်ခဲ့ပြီး နောက်ဆုံးမှ သူ့ခေါင်းကို ပုတ်ကာ ပြောလိုက်လေသည်။

“ ငါ ဒါကို မစားရက်တော့ဘူး”

“ အရသာက အမြင်ထက် ပိုကောင်းတယ်နော်” ကျန်းယွင်ကျူးက ပြောလိုက်၏။

အဘိုးကြီးဝူသည် သူမပြောလိုက်သည့်စကားကို နတ်ဆိုးတစ်ပါး၏ မက်လုံးတစ်ခုလို ခံစားလိုက်ရတော့သည်။ သူက သွေးတိုးစမ်းက ပြောလိုက်၏။

“ ဒါဆို ဘယ်လိုလဲ ငါ မြည်းကြည့်ရမလား”

ကျန်းယွင်ကျူးက သူ့ကို တူတစ်စုံလှမ်းပေးလိုက်၏။

အဘိုးကြီးဝူသည် မုန်လာဥဖြူကို မြည်းကြည့်နေချင်နေသည်မှာ အစောကြီးကတည်းကပင်။ ထို့ကြောင့် သူက တူဖြင့် မုန်လာဥကို ချက်ချင်း ကောက်ယူလိုက်တော့သည်။

မျှော်လင့်မထားဘဲ မုန်လာဥဖြူသည် အရသာကောင်းပြီး နူးညံ့နေလေသည်။ သူက တစ်တုံးကို အလွယ်တကူ ကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်တော့သည်။ မုန်လာဥဖြူ၏ရှတတ အရသာ လုံးဝမပါချေ။ လတ်ဆတ်သည့်အနံ့နှင့် ချိုမြသည့် မုန်လာဥဖြူ၏အရသာ သာရှိလေသည်။ တော်တော်လေး ခံတွင်းရှင်းသည်။

“အရသာရှိတယ်” သူက ချက်ချင်း ချီးကျူးလိုက်၏။

လ အပိုင်းအစလေး မရှိတော့သည်ကို တွေ့လိုက်ကြသည်တွင် ကျန်လူများကလည်း တူများကို စတင်ကောက်ကိုင်လိုက်ကြတော့သည်။ တောင်ကမ်းပါရံ၊ ထင်းရှူးတော၊ ကျောက်ဆောင် နှင့် ကြည်လင်နေသည့်စမ်းချောင်း အားလုံးက ဟင်းများဖြစ်လေသည်။ ဟင်းတစ်မျိုးစီးတွင် အရသာတစ်မျိုးစီရှိကြသည်။ သို့တိုင် အားလုံးတွင် ထူးခြားသည့်အရသာ ရှိနေသည်။ သူတို့က သူတို့အကြိုက်အတိုင်း စားသောက်ကြရင်း စူးကျိုးပန်းဥယျာဥ်လို ခံစားချက်တစ်ခု ရလာခဲ့သည်။ တစ်ဆင့်လျှင် ရှုခင်းတစ်မျိုးနှင့် တော်တော်လေး ခံစားမှုရသာပြည့်စုံသည်။

မကြာမီတွင် ဟင်းများ ကုန်သွားတော့သည်။

ယန်ရှန့်က ကျန်းယွင်ကျူးကို စိတ်အားထက်သန်နေသည့် မျက်လုံးများနှင့် ကြည့်နေသည်။ သူ့အထက်လူကြီးက မကိုင်တွယ်နိုင်လျှင် သူကတော့ ရှေ့ဆက်တိုးပြီး ကျန်းယွင်ကျူးကို မြို့တော်သို့ ခေါ်သွားတော့မည်ဟု ခံစားလိုက်ရတော့သည်။ အနည်းဆုံးတော့ အနာဂတ်တွင် သူသည် နေ့တိုင်း အရသာရှိသည့် အစားအသောက်များကို စားနိုင်ပေလိမ့်မည်။

သူ့အမေကလည်း ကျန်းယွင်ကျူးကို သဘောကျလိမ့်မည်ကို ခံစားမိသည်။

သည်အခိုက်တွင် ရုတ်တရက်ဆိုသလို ချမ်းစိမ့်သွားတော့သည်။ ခေါင်းလှည့်ကြည့်လိုက်ရာ ရှန်ဖုန်းမင်က သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။ သူ့မှာ အသံထွက် အော်ရယ်မိတော့သည်။

ကျန်းယွင်ကျူးမှာ တခြားလူများ၏ တုံ့ပြန်မှုများကို စောင့်ကြည့်ရန် အာရုံမရပေ။ သူမက အဘိုးကြီးဝူတစ်ယောက်ကိုသာ စောင့်ကြည့်နေလေသည်။ အဘိုးကြီး ကျေနပ်သွားပြီလား။ သူ ရောဂါကို ကုပေးတော့မှာလား။

အဘိုးကြီးဝူသည် အလွန်မှ ကျေနပ်သော်လည်း အဘိုးချန်၏မျက်လုံးကို ကုမပေးနိုင်သေးချေ။

သူက ခဏလောက်စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူးကို မေးလိုက်တော့သည်။

“ မင်း ငါ့ကို ဆရာအဖြစ် သတ်မှတ်ချင်လား”

ကျန်းယွင်ကျူးက နေရာတွင် ငေးကြောင်ကြောင်ဖြင့် ရပ်နေတော့သည်။ ဒါက သူမ တွေးထားတဲ့ဟာနဲ့ လုံးဝကို တခြားစီပဲလေ။ အဘိုးကြီးဝူက သူမကို သူ့တပည့်လုပ်စေ ချင်တာတဲ့လား။ ဒါက လူတော်တော်များများ အိပ်မက်မက်ရတဲ့ အခွင့်အရေးတစ်ခုပဲလေ။ ဒါပေမဲ့ သူမက ဆေးပညာကို မသင်ချင်ဘူး။

“အဘိုးက ချက်ပြုတ်တတ်တာလား”

ကျန်းယွင်ကျူးသည် အဘိုးကြီးဝူက ဆေးပညာကိုပဲ တတ်သည်ဟု ပြောလာစေချင်သည်။ သည်လိုမှ သူမက အခွင့်အရေးကို အမိအရယူပြီး အဘိုးချန်၏မျက်လုံးကို ကုသပေးဖို့ သူ့ကို တောင်းဆိုနိုင်မည်။ သို့ဆိုလျှင် အားလုံးက ဝမ်းသာကြပေမည်။

အဘိုးကြီးဝူက ခဏလောက် တွေဝေနေလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်လေသည်။ လိပ်စွပ်ပြုတ် လုပ်တာကလည်း ချက်ပြုတ်တာပဲလေ ဟုတ်တယ်မလား။ သူ အခုလောလောဆယ် လိပ်ကို မဖမ်းမိသေးပေမဲ့ အနှေးနဲ့အမြန်တော့ ဖမ်းမိမှာပဲ။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ နောက်ပိုင်း ကျွန်မ အခွင့်အရေးတစ်ခုလောက် ရလာရင် အဘိုးဆီက အကြံအဉာဏ်ကို သေချာပေါက်တောင်းပါအုံးမယ်”

ဒါသည် ပရိယာယ်ဖြင့် ငြင်းဆန်လိုက်ခြင်းပင်။

အဘိုးကြီးဝူကလည်း ဒေါသမထွက်ချေ။ အခွင့်အရေးများ ရှိလိမ့်ပါအုံးမည်။

နှစ်ယောက်သားက ခဏလောက် အပြန်အလှန် စကားပြောလိုက်ကြ၏။ နောက်ကျနေပြီဖြစ်သဖြင့် အားလုံးက လူချင်းခွဲလိုက်ကြတော့သည်။

အခန်း (၄၄.၃)

ကျန်းယွင်ကျူးသည် တနေ့လယ်ခင်းလုံး အလုပ်များနေခဲ့ပြီး အမှန်ပင် ပင်ပန်းလို့နေသည်။ သူမသည် တခြားဘာအကြောင်းကိုမှ မစဥ်းစားနိုင်ခဲ့ပေ။ ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာဝင်ရန် ပြင်ဆင်လိုက်တော့သည်။

ကုယန်ကျိုးလည်း ပြန်သွားတော့သည်။ ယန်ရှန့်က ကျန်းယွင်ကျူး၏ ဟင်းပန်းကန်ကို အခန်းထဲ ယူပြန်လာခဲ့သည်။ သူက စမ်းရေကို ကြည်လင်နေအောင် စီးဆင်းရန်လုပ်ထားပုံကို အဖြေရှာကြည့်ချင်သည်။

ရှန်ဖုန်းမင်က ကိုယ်လက်သန့်စင်ရန် သွားလိုက်၏။ ဆေးကြောပြီးနောက် အိပ်ဖို့ ပြင်ဆင်လိုက်လေသည်။

ခြံဝင်းထဲက ရေတွင်းဘေးတွင် သူသည် ရုတ်တရက် ရပ်တန့်သွားလေသည်။ ခဏနေတော့ အိမ်နောက်ဘက်မှ လူတစ်ယောက် ထွက်လာ၏။ အဘိုးကြီးဝူ ဖြစ်နေ၏။

သူသည် တစ်နေ့လယ်ခင်းလုံး လေ့လာပြီးနောက်ဆုံးတော့ ရှန်ဖုန်းမင်က အဘိုးချန်ကို ကြည့်ပေးရန် သူ့အား ချည်တုတ်ကာ ခေါ်လာသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူက ကျန်းယွင်ကျူးကို စိတ်ဝင်စားနေတာပင်။

သူသည် အေးတိအေးစက်နှင့် နှာခေါင်းရှုံ့လိုက်တော့သည်။ မြို့တော်မှာ ချီလက်သက်တော်စောင့်တပ်မှူး ရှန်ဖုန်းမင်က မိန်းမတွေနဲ့ နီးနီးကပ်ကပ် မနေဘူးလို့ သတင်းထွက်နေတာလေ။ သူက ဘာလို့ ဒီမှာ မိန်းကလေးတစ်ယောက်နဲ့ လာကစားနေရတာလဲ။ ပြီးတော့ သူ့သရုပ်မှန်ကိုတောင် ဖုံးကွယ်ထားလိုက်သေးတယ်။ မိန်းကလေး နောက်ပိုင်းကျရင် သူ့အိမ်တံခါးကို လာခေါက်မှာစိုးလို့လား။

ဒါဆိုရင်တော့ သူက လူကို ဒီအတိုင်းသ-တ်ပြီး ကိစ္စတုံးအောင်လုပ်မှာပဲ။

ဘာပဲဖြစ်ဖြစ်က သူက လူသ-တ်နေကြပဲကိုး။

အဲဒါထက် သူက မိန်းကလေး သဘောကျအောင် သူလို အဘိုးကြီးဝူကို ကူညီပြိးရောဂါ ကုသစေချင်တာပေါ့လေ။ အိပ်မက်မက်နေလိုက်။

ရှန်ဖုန်းမင်သည် အဘိုးကြီးဝူ၏မျက်နှာမှာ ကောင်းသော ရည်ရွယ်ချက်မပါမှန်း ခံစားလိုက်ရ၏။ သူက အနည်းငယ် မျက်မှောင်ကျုံ့ထားလိုက်တော့သည်။

“မင်းက ငါ့ကို ရောဂါ ကုပေးစေချင်တာလား”

အဘိုးကြီးဝူက ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။

“ဟုတ်ပါတယ်” ရှန်ဖုန်းမင်က ထောက်ခံလိုက်သည်။

“ အဲဒီမိန်းကလေးနဲ့ ဝေးဝေးနေလိုက်”

အဘိုးကြီးဝူက ချက်ချင်းတောင်းဆိုလိုက်သည်။

ရှန်ဖုန်းမင်က သူ့ကို စိုက်ကြည့်လိုက်ပြီး သူ့အကြည့်မှာ အေးစက်နေလေသည်။

အဘိုးကြီးဝူက စိုးရိမ်ပူလာတော့သည်။ အရေခြုံထားပြီး သူတော်ကောင်း ယောင်ဆောင်ထားတဲ့ အရိုင်းစိုင်းကောင်။ ဒါပေါ့။ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို တကယ်သဘောကျမယ်လို့ သူကတော့ မယုံပါဘူး။ သူက ကျန်းယွင်ကျူးကို လှည့်စားဖို့ ကြိုးစားနေတာလို့ပဲ ထင်တယ်။

မြောက်ပြန်လေက ဖြတ်သန်းတိုက်ခတ်သွားပြီး လူတို့၏အရိုးများကို ခိုက်ခိုက်တုန်သွားစေလေသည်။ သူက ပြောလိုက်၏။

“ ရောဂါကုစေချင်တာလား၊ ရတယ်လေ၊ မင်း အရင်ဆုံး ဒီမှာ တစ်ညလောက် ရပ်နေလိုက်၊ မဟုတ်ရင် ငါသေသွားရင်တောင် နောက်ဆိုရင် မင်းနဲ့ပတ်သက်တဲ့ ဘယ်သူ့ကို ကုသပေးမှာမဟုတ်ဘူး”

အဘိုးကြီးဝူက သေရမည်ကို မကြောက်ပေ။ သူသည် သမားတော်တစ်ယောက် ဖြစ်ခဲ့သည့် သက်တမ်းတလျှောက် သေသူ ရှင်သူများကို တွေ့ခဲ့ဖူးပြီးဖြစ်လေသည်။

သူ့စကားများက ရှန်ဖုန်းမင်ကို အခက်တွေ့စေရန်သာ ရည်ရွယ်လေသည်။ တစ်ချက်မှာ ပြန်ပေးဆွဲခံခဲ့ရခြင်းအတွက် လက်စားချေခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ရှန်ဖုန်းမင်၏ သူတော်ကောင်း ယောင်ဆောင်နေပုံကို သက်သေပြဖို့ရန်ပင်။

“ ကျွန်တော် ဒီမှာ ရပ်နေရင် ခင်ဗျားက အဘိုးကို ကုသပေးမှာလား” ရှန်ဖုန်းမင်က မေးလိုက်၏။

“ မင်း ရပ်နေရင်တော့ ငါ ကုချင် ကုပေးမှာပေါ့၊ မင်း မရပ်ဘူးဆိုရင်တော့….”

ဒါပေါ့ ကုပေးရမှာပေါ့။ ဒါပေမဲ့ နောက်မှလေ။

ရှန်ဖုန်းမင်သည် သူ့စိတ်ကို မဖတ်နိုင်ပေ။ သူ့စိတ်သဘောထားက ထူးဆန်းသည်ဟုသာ သိထားလေသည်။ အနည်းငယ် တွေဝေသွားပြီးနောက် သူက ပြောလိုက်တော့သည်။

“ ကောင်းပြီ”

“ငါ သိသားပဲ မင်း….”

အဘိုးကြီးဝူစကားမဆုံးခင်မှာပင် သူသည် ‘ကောင်းပြီ’ဟူသည့် စကားကို ကြားလိုက်ရတော့သည်။

သူ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ရှန်ဖုန်းမင်က သဘောတူလိမ့်မယ်လို့ သူလုံးဝ ထင်မထားခဲ့ဘူးလေ။

ရှန်ဖုန်းမင်က စကားဆက်မပြောတော့ဘဲ ရေဇလုံကို ချထားလိုက်ကာ ထိုနေရာတွင် ရပ်နေလိုက်လေသည်။ သူသည် ထိုနေရာတွင် တစ်ညလုံး ရပ်နေဖို့ရာ အမှန်တကယ် စိတ်ကူးထားသည့်နှယ်။

အဘိုးကြီးဝူက သူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်၏။ ထို့နောက် သူက နှာခေါင်းရှုံ့လိုက်ပြီး သူ့အခန်းသို့ လှည့်ပြန်သွားတော့သည်။

ခဏအကြာတွင် ရှန်ယန့်က အိပ်ရာဝင်တော့မည် ပြင်လိုက်သည်။ ရှန်ဖုန်းမင် အခန်းထဲ ပြန်မလာသေးသည်ကို တွေ့လိုက်ရသဖြင့် သူ့ကို ထွက်ရှာရန် အပြင်ထွက်လာပြီး ရှန်ဖုန်းမင်က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်ကိုတွေ့လိုက်ရတော့သည်။

“မင်း ဘာလုပ်နေတာလဲ” ယန်ရှန့်က မေးလိုက်၏။

ရှန်ဖုန်းမင်က သူ့ကို မရှင်းပြချင်တော့ပေ။

“ မင်း အိပ်တော့မလို့လား”

“မင်းကရော”

“ ငါ့ကို လာမနှောင့်ယှက်နဲ့”

“ မင်းက ဘာကို မနှောင့်ယှက်ခိုင်းနေတာ….”

ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် အပြန်အလှန် ကြည့်လိုက်လေသည်။ ကျန်သည့်စကားကို မျိုသိပ်ထားလိုက်တော့သည်။ ခဏလောက်ကြာမှ သူက အံကျိတ်ကာ ပြောလိုက်တော့သည်။

“ မင်း လုပ်ချင်တာလုပ်၊ ငါတော့ သွားအိပ်တော့မယ်”

ရှန်ဖုန်းမင်၏ လုပ်ရပ်တွင် အကြောင်းအရင်းတစ်ခုတော့ ရှိရမည်ကို သိလိုက်လေသည်။ သူက ဘာမှမပြောသဖြင့် သူကလည်းမမေးတော့ပေ။

သို့တိုင် သူက ပြန်ဝင်သွားပြီး သူ့အတွက် ဝတ်ရုံကြီးတစ်ထည် သွားယူပေးလိုက်တော့သည်။ သည်ဝတ်ရုံကို ငွေရောင်မြေခွေးသားမွှေးနှင့် ပြုလုပ်ထားသည်။ ဒါသည် လေဒဏ်ခံနိုင်ပြီး သူ့ကို နွေးထွေးစေရန်အကောင်းဆုံး နည်းလမ်းပင်။

ကျန်းယွင်ကျူးက အိပ်ရာပေါ်တွင် လဲလျောင်းနေလေသည်။ သည်နေ့ သူမသည် ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲကို လုပ်ခဲ့၍လား သို့မဟုတ် အဘိုးကြီးဝူက အဘိုးချန်၏မျက်လုံးကို ကုပေးမည်ဟု မပြောခဲ့၍လား မသိပေ နောက်ဆုံးတော့ သူမသည် အိပ်ရာပေါ်တွင် ဟိုလှည့်သည်လှည့် ဖြစ်နေတော့သည်။

သူမက မျက်လုံးဖွင့်လိုက်ပြီး အချိန်ကို ကြည့်ချင်သွားတော့သည်။ ပြတင်းပေါက်အပြင်ဘက်မှာ သူမ …. လူတစ်ယောက်ကို တွေ့လိုက်တာလား။

သူမက ပြတင်းပေါက်နား မြန်မြန်သွားလိုက်ပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်တော့သည်။

လရောင်အောက်တွင် လူတစ်ယောက် အမှန်တကယ်ရှိနေသည်ကို အတည်ပြုလိုက်တော့သည်။ သူသည် ရေတွင်းဘေးတွင် ရပ်နေ၏။ ရှန်ဖုန်းမင်။

သူ ဘာလုပ်နေတာလဲ။ အတွေးအမျိုးမျိုးတို့သည် ကျန်းယွင်းကျူး၏ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာသော်လည်း တစ်ခုမှ ယုံကြည်စရာမကောင်းပေ။

သူမက သူ့ကို ကြည့်နေရင်း သူ လုပ်နေသည့်အရာကို ကြည့်ချင်သွားတော့သည်။ သူ အခန်းထဲ ပြန်သွားမလား။

ရလဒ်မှာ… သူသည် ထိုနေရာတွင် ကျောက်ရုပ်တစ်ခုလို ရပ်နေလေသည်။

ဘာမှတော့ မဖြစ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား။ သူမက အဝတ်အစားမြန်မြန်ဝတ်လိုက်ပြီး၊ မီးအိမ်တစ်ခုကို မ,လိုက်ကာ တံခါးဖွင့်ပြီး ခြံဝင်းထဲ လျှောက်သွားလိုက်တော့သည်။

ကောင်းကင်က မှောင်မည်းနေ၏။ မီးအိမ်က နွေးထွေးသည့်အဝါရောင်အလင်းကို ထုတ်လွှတ်နေပြီး သူမ၏ မျက်နှာပေါ်တွင် တောက်ပနေသည်။

ရှန်ဖုန်းမင်သည် သူမ၏အခန်းဘက်က လှုပ်ရှားသံကို ကြားလိုက်ရချိန်တွင် သူမ ရှိရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထိုအခိုက်တွင် မီးအိမ်တစ်လုံးနှင့် ချဥ်းကပ်လာသည့်သူမကို မြင်လိုက်ရသောအခါ သူ့မျက်ခုံးများနှင့် မျက်လုံးများက မသိမသာ မြင့်တက်သွားတော့သည်။

နွေးထွေးသည့်အဝါရောင်အလင်းရောင်က တဖြည်းဖြည်း နီးသထက်နီးလာပြီး သူ့ခန္ဓာကိုယ်ထဲက အမှောင်ယံနှင့် အအေးဓာတ်တို့မှာ လွင့်ပြယ်သွားသည့်နှယ်။

“ရှင်အဆင်ပြေရဲ့လား”

ကျန်းယွင်ကျူးက မီးအိမ်ကို မြှောက်ကာ မေးလိုက်လေသည်။

“ပြေပါတယ်” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်၏။

“ဒါဆို ရှင်က ဘာလုပ်”

ကျန်းယွင်ကျူးသည် သူ့ကို ဘာလုပ်နေတာလဲဟု မေးလိုက်ချင်လေသည်။

ရှန်ဖုန်းမင်က သူမကို ငေးကြည့်လိုက်၏။ သူမသည် မီးအိမ်ကို မြောက်ထားသဖြင့် အလင်းရောင်က သူမမျက်ခုံးနှင့် မျက်လုံးများကို ပိုမိုကြည်လင်နေအောင် မီးထိုးပေးထားလေသည်။

“ကျွန်တော် အရင်က လက်ထပ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး” သူက ပြောလိုက်သည်။

ကျန်းယွင်ကျူးမှာ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ ဒါက ဘယ်ကရောက်လာတာလဲ။ ဒါပေမဲ့ အိပ်မက်ထဲမှာတော့ သူက ၇နှစ်ကြာပြီးသွားတာတောင် တစ်ယောက်ထဲဖြစ်နေတုန်းပဲ ထင်တယ်။

ရှန်ဖုန်းမင်က မျက်လုံးကို ချထားလိုက်ပြီး

“ကျွန်တော့်အမေက အဖေ့ကို မချစ်ဘူး၊ အဖေကလည်း အတူတူပါပဲ၊ သူတို့နှစ်ယောက်က နေ့တိုင်း ရန်ဖြစ် စကားများနေကြတာလေ၊ ကျွန်တော် ငယ်ငယ်တုန်းကတော့ သူတို့တွေ အချင်းချင်း အဲလောက် မုန်းနေပါလျက်နဲ့ ဘာလို့ အတူတူနေကြသေးလဲလို့ နားမလည်နိုင်ခဲ့ဘူး။

ကျွန်တော်လည်း သူတို့တွေ ရန်ဖြစ်စကားများနေတာကို မကြားချင်တော့ဘူး”

သည်အချိန်တွင် သူက စကားကို ရပ်ထားလိုက်တော့သည်။ သူသည် သည်စကားများကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပေ။ သို့သော် အခုတော့ သူသည် သူမကို ပြောပြချင်ခဲ့လေသည်။

ကျန်းယွင်ကျူးသည် တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်ကို တစ်ခါမှမတွေ့ခဲ့ဖူးချေ။ သို့သော် သူတို့သည် နိုင်ငံရေးအရ လက်ထပ်ခဲ့ရသည်ဟုတော့ ကြားခဲ့ဖူးသည်။ ရှန်မိသားစုသည် အိမ်တော်ကြီးတစ်ခု ဖြစ်ပြီး ရှမင်းဆက်၏ ထောက်တိုင်တစ်ခု ဖြစ်သည်။ ထိုအချိန်က လက်ရှိမင်းကြီးသည် နှစ်သက်မခံရသည့်မင်းသားတစ်ပါးသာ ဖြစ်ခဲ့သည်။

သူ့ညီမတော်က ရှန်မိသားစုနှင့် လက်ထပ်လိုက်သောအခါ ရှန်မိသားစု၏ ထောက်ခံချက် ရလာသည်နှင့် အတူတူပင်။

ကျန်းယွင်ကျူးက ဘာပြန်ပြောရမည်မသိ ဖြစ်သွား၏။ ရှေးခေတ်ကတည်းက ဧကရာဇ်မိသားစုအတွင်းက ကိစ္စများသည် သည်လိုဖြစ်ခဲ့သည်ချည်းပင်။

သူမက မျက်မှောင့်ကျုံ့ရင်း နှုတ်ခမ်းများကို စေ့ထားလိုက်တော့သည်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset