အပိုင်း (၄၃)
ယန်ရှန့်သည် လက်တွေ့သွား ကလိဖို့ထွက်သွားလိုက်ပြီး ရှန်းဖုန်းမင်ကတော့ ပြန်ထွက်သွားလေသည်။ ကျန်းယွင်ကျူးက အမျိုးသမီးချန်နှင့် အမျိုးသမီးလျိုတို့နှင့် စကားဆက်ပြောနေလိုက်လေသည်။
“ ရှင် နောက်ပိုင်းဘာလုပ်ဖို့ စဥ်းစားထားလဲ” အမျိုးသမီးချန်က အမျိုးသမီးလျိုကို မေးလိုက်သည်။
“ကျွန်မက အဲဒီခြံဝင်းနဲ့ပဲ ရင်းနှီးတာလေ၊ ပြီးတော့ ထပ်လည်းမရွှေ့ချင်တော့ဘူး၊ ဒါကြောင့် ကျွန်မ အဲမှာပဲ ဆက်နေမယ်ဆိုပြီး မြေပိုင်ရှင်နဲ့ စာချုပ်အသစ်ထပ်ချုပ်လိုက်တယ်”
အမျိူုးသမီးလျိုက ပြောလိုက်၏။
အမျိုးသမီးချန်ကတော့ မအံ့ဩပါချေ။ မြို့တွင်ငှားနေရသည်က စျေးကြီးတာသာ ရှိလေသည်။ သူမက မည်သို့ အသက်မွေးဝမ်းကြောင်းပြုပါမည်နည်း။
“ ကျွန်မ ရောင်းဖို့ ပစ္စည်းလေးတွေ ပန်းထိုးချင်တယ်”
အမျိုးသမီးလျိုက အနည်းငယ်စိုးရိမ်စိတ်နှင့် ပြောလိုက်လေသည်။ ဒါက သူမ၏ စိတ်ကူးသက်သက်သာ ဖြစ်သည်။ အလုပ်ဖြစ်ပါ့မလားတော့မသိပေ။
အမျိုးသမီးချန်ကတော့ အလုပ်ဖြစ်လောက်သည်ဟု ထင်သည်။ မြို့က အခြေအနေကို သူမ မသိသဖြင့် ဖြစ်သလိုတော့ မပြောရဲချေ။
“အဒေါ် ဒါကို သေချာပေါက်လုပ်နိုင်မှာကါ”
ကျန်းယွင်ကျူးက ပြောလိုက်သည်။ အမျိုးသမီးလျို သူမအတွက် ချုပ်ပေးတဲ့ ဝတ်စုံကိုကြည့်ရင် သူမက ပန်းထိုးနဲ့အချုပ်အလုပ်မှာ အရည်အသွေး အလွန်ကောင်းတယ်လို့ ပြောနိုင်တယ်လေ။ နောက်ပိုင်းကျရင် ပန်းထိုး၊ အဝတ်အစားချုပ်ပြီး သေချာပေါက်ငွေရှာနိုင်မှာပဲ။
ထိုစကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးလျိုက အလွန်စိတ်လှုပ်ရှားသွားတော့သည်။ သူမက အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အနည်းငယ်ပိုရှိလာတော့သည်။
“ ကျွန်မ ကူညီပေးနိုင်တာ ရှိရင် ရှင် ကျွန်မကို သေချာပေါက်လာရှာရမယ်နော်” သူမက ပြောလိုက်သည်။
နေ့လယ်ခင်းတွင် ကျန်းမိသားစုက အလုပ်များနေချိန်၌ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် ရင်းနှီးသည့်ငှက်ခေါ်သံကို ကြားလိုက်ကြသဖြင့် ထွက်သွားကြလေသည်။
တောင်အနက်ဘက်က ချိုင်းဝမ်းတစ်ခုထဲတွင် ချီလင်သက်တော်စောင့်အဖွဲ့တစ်ဖွဲ့က မြင်းများစီးကာ ဖုန်မှုန့်အလိမ်းလိမ်းနှင့် ထိုနေရာတွင် ရပ်နေကြသည်။ သူတို့သည် သည်နေရာသို့ နေ့ရောညပါ ခရီးပြင်းနှင်လာခဲ့ရသည်။ သူတို့သည် ပင်ပန်းနွမ်းနယ်နေကြသော်လည်း အားလုံးက တောက်ပသည့်မျက်လုံးများနှင့်အတူ ထင်းရှူးပင်များကဲ့သို့ မားမားမတ်မတ် ရပ်နေကြသည်မှာ သူတို့ခန္ဓာကိုယ်အတွင်းတွင် မီးတောက်တစ်ခု တောက်လောင်နေသည့်နှယ်။
“ တပ်မှူးနဲ့ ဒုတပ်မှူးတို့ကို နှုတ်ဆက်ပါတယ်”
ရှန်ဖုန်းမင်နှင့်ယန်ရှန့်တို့ကို တွေ့လိုက်ကြသည်တွင် လူအုပ်စုကြီးက တညီတညွတ်တည်း ဒူးထောက်လိုက်ကြလေသည်။ သူတို့၏အသံက ဝမ်းသာမှုနှင့် စိတ်ရင်းအတိုင်း ဖြစ်နေသည်။
အပြင်လူများက ရှန်ဖုန်းမင်ကို မည်သို့ပင်တွေးကြသည်ဖြစ်စေ သူတို့နှလုံးသားထဲတွင်တော့ တပ်မှူးသည် သူတို့ ဆန္ဒအလျောက် နောက်ကလိုက်ပြီး သူတို့တဘဝလုံးအတွင် အထင်ကြီးလေးစားရသူ ဖြစ်လေသည်။
အကျင့်ပျက်ချစားတဲ့အရာရှိတွေနဲ့ ဂုဏ်ရှိပါတယ်ဆိုတဲ့လူတွေကို သ-တ်တာပဲ။ ဒီလောကမှာ တရားမျှတမှု အရိပ်အယောင်လေးတစ်ခု ရှိမယ်ဆိုရင် အဲဒါက သူတို့ရဲ့အထက်အရာရှိပဲလေ။ သူက အရိုင်းအစိုင်းတွေရဲ့ စခန်းထဲကို တစ်ယောက်ထဲ ဝင်သွားပြီး သူတို့ရဲ့ညီအစ်ကိုတွေကို ကယ်တင်ပေးခဲ့တယ်။ သူ့အမူအရာက အေးစက်စက် နိုင်တယ်ဆိုပေမဲ့ သူ့သွေးကတော့ ပူလောင်တယ်ဆိုတာ သူတို့ သိပြီးသား….
သူတို့တွေက လက်ထဲမှာ ဓားကိုင်ဖို့ ဆန္ဓရှိကြတယ်လေ။ အထက်ရှဆုံးဓားတစ်ချောင်းကိုပေါ့။ ဓားဦးက သူတို့ရှေ့တိုးသွားတဲ့ဘက်ပဲ။
နောင်တတရားမရှိဘဲ အကြိမ်တစ်ရာမက သေရဲတယ်။
“မဆိုးဘူး”
ယန်ရှန့်က အားလုံးကို လှမ်းကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
သူသည် သည်ကိစ္စကို ကိုင်တွယ်ဖို့ရာ သူ့အတ္တရည်ရွယ်ချက်ဖြင့် ရွေးချယ်ခဲ့သော်လည်း သူသည် သည်နေရာကို ရောက်လာပြီဖြစ်ရာ အမှုကို မှန်မှန်ကန်ကန် ပြီးအောင်လုပ်ရလိမ့်မည်။
သည်အခိုက်တွင် တူလင်စီရင်စုရှိ တရားဝင်လမ်းကြီးပေါ်၌ လူနှင့်မြင်းတစ်စုတို့သည် ဒုန်းစိုင်း နင်းလာကြလေသည်။ လူနှစ်ရာကျော်ခန့် ရှိသည်။
အနီးက တောင်ကုန်းလေးတစ်ခုပေါ်တွင် ကျီစန်းညန်က ထိုနေရာတွင်ရပ်နေသည်။ လေက သူမ၏ အဖြူရောင်စပ်ကို တိုက်ခတ်နေပြီး သူမကို အဝေးသို့ပျံ့သွားတော့မယောင် ထင်ရစေသည်။
“စုန့်လီ ဒါက မိုးနတ်မင်းက ကျွန်မကို ပေးတဲ့အခွင့်အရေးတစ်ခုလို့ ရှင်ထင်လား”
သူမက လူအုပ်ကြီးကို ငေးကြည့်နေပြီး အထူးသဖြင့် အလယ်ကမြင်းစီးလာသည့် လူငယ်တစ်ယောက်ကို ကြည့်နေသည်။ သူမက ရုတ်တရက် ထုတ်ပြောလိုက်သည်။
“သခင်မ”
စုန့်လီ၏မျက်လုံးက စိုးရိမ်မှုအပြည့်ဖြစ်သွားလေသည်။
“ အဲဒီလူဘက်မှာ အစောင့်တွေနဲ့ အစေခံတွေ အများကြီးပဲ…”
သူတို့တွေ လွယ်လွယ်လေးနဲ့ နိုင်မှာမဟုတ်ဘူးလေ။
သို့သော် ကျီစန်းညန်က ထိုစကားကို မကြားသည့်နှယ်။ သူမက သည်အတိုင်း ပြောလိုက်တော့သည်။
“ မိုးနတ်မင်း မဟုတ်ပါဘူး၊ အဲဒီနေ့က ကောင်းကင်ပေါ်မော့ကြည့်ပြီး မိုးနတ်မင်းနဲ့ ဘုရားကို ဆုတောင်းခဲ့တာပဲ ဒါပေမဲ့ ဘယ်သူမှ ကျွန်မကို လာမကယ်ခဲ့ကြဘူး၊ ရှောင်ဇဲ့ပဲ ဖြစ်ရမယ်၊ ကောင်းကင်ဘုံက သူ့ဝိညာဉ်က ကျွန်မကို ကူညီနေတာ”
“သခင်မ”
စုန့်လီမှာ စိတ်မအေးဖြစ်သွားလေသည်။
သို့သော် ကျီးစန်ညန်က ပြုံးလိုက်၏။ သူမက ခေါင်းပေါ်က အဖြူရောင်ပန်းကို ယူလိုက်ပြီး လေထဲလွင့်မျောလိုက်လေသည်။
နောက်ဆိုရင် သူမက ဒီ အဖြူရောင်ပန်းလေးကို မလိုတော့ပါဘူး။ သူမရဲ့ရှောင်ဇဲ့ကို လူကိုယ်တိုင် အဖော်ပြုပေးဖို့ လိုက်ဆင်းသွားတော့မှာလေ။ သူက သူမရဲ့သွေးစွန်းနေတဲ့လက်တွေကို သဘောမကျဘူးလို့ မပြောသ၍ပေါ့။
တရားဝင်လမ်းမကြီးပေါ်တွင် ရှောင်းချီစုန့်သည် သူ့မြင်းပေါ်တွင် ထိုင်ရင်း တိန်ဟုန်ကို မေးလိုက်လေသည်။
“ ဝူလင်မိုင်းတွင်းကို ရောက်ဖို့ ဘယ်လောက်ကြာအုံးမှာလဲ၊ ဒီခရီးကြောင့် ငါ သေလောက်အောင် ပင်ပန်းနေပြီ”
ပြီးခဲ့သည့်အခေါက်က ရှန်ဖုန်းမင်သည် ဝမ်ပင်းနှင့် တခြားသူများကို မြို့တော်သို့ ပြန်ဖမ်းလာချိန်က ရုံးတော်က ပေါ်တင်တမျိုး ကျိတ်ကာတစ်မျိုး တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံး သူတို့သည် လူတစ်ယောက်ကို လွှတ်လိုက်ရလေသည်။ တိန်ဟုန်သည် ဝူလင်ခံတပ်၏ စစ်သူကြီးအသစ်ဖြစ်သည်။ ရှောင်းချီစုန့်ကတော့ သူ့လက်ထောက်ပင်။
လက်ထောက်တစ်ယောက်က စစ်သူကြီးကို ဒီလိုပြောရဲသတဲ့လား။ သူသာ စစ်တပ်ကလူဆိုရင် ဆွဲထုတ်ခံရပြီး ကြိမ်ဒဏ်အချက်၂၀လောက် အရိုက်ခံရပြီးပြီ။
ဒါပေမဲ့ ရှောင်းချီစုန့်က ရှောင်းမျိုးနွယ်လေ။ ရှမင်းဆက်ရဲ့ တော်ဝင်မိသားစုရဲ့ ရှောင်းမျိုးနွယ်။ သူ့အဖေက ဘုရင်ဟွိုက်နန်။ ဒီတော့ သူက တိန်ဟုန်ကို မကြောက်တာ သဘာဝပဲပေါ့။
တိန်ဟုန်သည် ဒေါသထွက်နေလေသည်။ နဂိုက ၆ရက် ၇ရက်လောက်ပဲ သွားရမဲ့ခရီးက အခုချိန်အထိ သူ့ကြောင့် နှောင့်နှေးနေရတာလေ။ သူတို့တွေက အပျော်ခရီး ထွက်လာတာလို့များ သူက ထင်နေတာလား။
အမှန်ပင်။ တစ်ဖက်လူကတော့ မိုင်းတွင်းသို့ လာပြီး ငွေရှာကာ လာပျော်ပါးခြင်းပင်။ အန္တရာယ်ကင်းကင်းနှင့် တပ်အသုံးစားရိတ်ကို ရှာနိုင်သည်။ တစ်ဖက်လူက ပြန်သွားလျှင် စစ်သူကြီးရာထူးကို ယူနိုင်ပြီး သူ့နှင့် ခြေရာတိုင်းနိုင်မည်။
ဒါသည် နှစ်ပေါင်းများသွာ သေရေးရှင်ရေးကို ရင်ခဲ့ရသည့် သူ့အဖို့တော့ ဝမ်းနည်းကြေကွဲဖွယ်ရာပင်။ ဦးခေါင်းကို ပေးဆပ်ပြီး သွေးမြေကျခဲ့ရသည့် ထိုစစ်သားများအဖို့တော့ ကြေကွဲဝမ်းနည်းစရာပင်။ နောက်ဆုံးတွင် သူတို့သည် လှံတစ်ချောင်းပင် မကိုင်နိုင်ခဲ့သည့် ဝတ်ကောင်းစားလှနှင့် ဟန်အပြည့်လူတစ်ယောက်လောက်ပင် ကောင်းကောင်းနေခဲ့ရပေ။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး တိန်ဟုန်သည် ရှောင်းချီစုန့်ကို မြင်းပေါ်က ဆွဲချကာ စစ်တပ်အစီအစဥ်ကို နှောင့်နှေးအောင်လုပ်ပြီး အထက်လူကြီးကို မလေးစားသည့်အတွက် အပြစ်ပေးရန် တစ်ယောက်ယောက်အား အမိန့်ပေးလိုက်ချင်တော့သည်။
သို့သော် နောက်ဆုံးတော့လည်း သူ့မှာ မျိုသိပ်ထားလိုက်ရသည်။ သူသည် ရုံးတော်တွင် ဘာနောက်ခံမှမရှိပေ။ သူသည် သည်နေ့ ရှောင်းချီစုန့်ကို ဆုံးမခဲ့လျှင် ရက်ပိုင်းအတွင်း မြို့တော်သို့ ပြန်ပို့ကာ အစစ်ဆေးခံရလိမ့်မည်။
“ ကျုပ်တို့ ဝူလင်စီရင်စုမြို့ကို ရောက်ပါပြီ၊ မြန်မြန်သွားကြရအောင်၊ ညနေခင်းလောက်ဆို ဝူလင်မိုင်းတွင်းကို ရောက်နိုင်မှာပါ” သူက အေးတိအေးစက်မျက်နှာဖြင့် ပြန်ပြောလိုက်တော့သည်။
နောက်တစ်နေ့ ညနေခင်းတွင် ကျန်းယွင်ကျူးက အအေးခံယုန်သားဟင်း နောက်ဆုံးအိုးကို ကြော်ပြီးသွားကာ အားလုံးကို အိုးတစ်လုံးထဲ ထည့်ကာ အလုံပိတ်လိုက်ပြီး ယန်ရှန့်ဆီ လာခဲ့လေသည်။
“ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီနော်၊ တစ်ချက်လောက် လာကြည့်ပါအုံး” သူမက ပြောလိုက်သည်။
သည်နှစ်ရက်တွင် သူသည် မွှေးပျံ့လှသည့်အနံ့ကြားတွင် နေလာခဲ့ရသည်။ ထို့ကြောင့် ထိုစကားကို ကြားလိုက်ချိန်တွင် မြန်မြန်ထွက်လာခဲ့လေသည်။
အနောက်ဘက်ခြံရှိ ဂိုဒေါင်တစ်ခုထဲတွင် သပ်သပ်စီထားသည့် အိုးများကို ၁၂လုံးမက တွေ့လိုက်ရသည်။ အိုးတစ်လုံးစီသည် ဖရဲသီးတစ်လုံးအရွယ်ရှိပြီး နှင်းကဲ့သို့ဖြူနေကာ အပေါ်တွင် အနီရောင်စာရွက်ကို ကပ်ထားသည်။ အနီရောင်စာရွက်ပေါ်တွင် စာများ ရေးထားလေသည်။
‘အအေးခံယုန်သား, အမဲသားလွှာနှပ်၊ အရိုးလွတ်ဘဲခြေထောက်, ကြက်အစပ်…’ တစ်မျိုးကို နှစ်အိုး လုပ်ထားသည်။ ပစ္စည်းများသည် ၁၂ခုမကပေ။
ယန်ရှန့်သည် ဆွံ့အသွားတော့သည်။ သူက ကျန်းယွင်ကျူးက အဲလောက်အများကြီး အလုပ်မရှုပ်စေခဲ့ပါဘူး။ ဒီလောက်အများကြီး လုပ်ထားခဲ့တာတဲ့။ သူမ ဘယ်လောက်တောင် အားစိုက်လိုက်ရလေမလဲ။
ပြီးတော့ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီပစ္စည်းတွေက နျဲ့ရှင်းဝယ်လာတဲ့ဟာတွေထက် ပိုပြီးကောင်းတာပဲ။
“ မင်း ကျွန်တော့်ကို ပုံမှန်စျေးနဲ့ ရောင်းပေးမှာလို့ ပြောခဲ့တာမလား”
ယန်ရှန့်မှာ စိတ်ပူသွားလေသည်။ ကျန်းယွင်ကျူးက အလုပ်ကြိုးစားပြီး ငွေရှာနေတာလေ။ သူက သူမအပေါ် လုံးဝအခွင့်အရေးမယူချင်ပါဘူး။
သို့သော် ကျန်းယွင်ကျူးက ဝေ့ခမ်းဖျင်ကိစ္စကို ထည့်စဥ်းစားပေးခဲ့လေသည်။ သူနဲ့ ရှန်ဖုန်းမင်တို့ သူမကို ကူညီခဲ့တာ ဖြစ်နိုင်တယ်လေ။ ဒီတော့ သူမကလည်း ကျေးဇူးတင်ကြောင်း တတ်နိုင်သလောက် ဖော်ပြချင်တာပေါ့။ သူမက ဒါတွေလုပ်တုန်းက တကယ့်စိတ်ရင်းနဲ့ လုပ်ပေးခဲ့တာ။
“ဒါက ပုံမှန်စျေးပါပဲ”
သူမက ပြန်ပြောလိုက်သည်။ သည်လိုဆိုရင်တောင် သူမက သူ့ဆီက ငွေ ၄လျန်လောက် ရခဲ့သေးတယ်လေ။
“ဒါတော့ မဟုတ်သေးပါဘူး”
ယန်ရှန့်က ၁၀လျန်တန်သည့် နောက်ထပ်ငွေတစ်ခုကို ထုတ်ကာ ကျန်းယွင်ကျူးကို ပေးလိုက်လေသည်။
ဒါပေါ့ ကျန်းယွင်ကျူးက ဒါကို မလိုချင်ပါဘူး။ ယန်ရှန့်ကလည်း ယောက်ျားတစ်ယောက်လေ။ သူက သူမနဲ့ ရန်ဖြစ်ဖို့ ဘယ်လုပ်ရဲပါ့မလဲ။ ဒီလိုနဲ့ ခဏကြာတဲ့အထိ မတိုးသာမဆုတ်သာဖြစ်နေကြလေရော။
ကျန်းယွင်ကျူးက မတတ်သာတော့ဘဲ ပြောလိုက်ရတော့သည်။
“ ဒါက တကယ် ပေါပေါပဲပဲစျေးတစ်ခု မဟုတ်ပါဘူးရှင့်၊ ဒါက မိတ်ဖြစ်ဆွေဖြစ် စျေးနှုန်းပါ”
မိတ်ဖြစ်ဆွေဖြစ်စျေးနှုန်းက ပုံမှန်စျေးနှုန်းထက် နည်းနည်းစျေးပေါပေမဲ့ အထူးတလည် စျေးပေါနေတာမျိုးလည်း မဟုတ်ဘူးလေ။
ယန်ရှန့်၏နားက ဆတ်ခနဲဖြစ်သွားတော့သည်။ “ မိတ်ဆွေဖြစ်စျေးနှုန်းတဲ့လား” ဒါဆို သူမက သူ့ကို မိတ်ဆွေတစ်ယောက်လို့ သတ်မှတ်လိုက်ပြီပေါ့။
ကျန်းယွင်ကျူး :….
သည်ရက်ပိုင်းတွေမှာ ခင်မင်လာခဲ့ပြီးနောက်ပိုင်း ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့က တော်တော်လေး ကောင်းတယ်လို့ သူမ တကယ်ခံစားခဲ့မိတယ်လေ။ မိတ်ဆွေအနေနဲ့ကတော့….
ယန်ရှန့်သည် ပြုံးဖြီးသွားတော့သည်။ အခုကစပြီး သူတို့တွေက မိတ်ဆွေတွေတဲ့။ သူက ထိုအိုးများကို ဝမ်းသာအားရ ကြည့်လိုက်လေသည်။ သူ အအေးခံယုန်သား၊ အမဲသားလွှာနှပ်၊ အရိုးလွတ်ဘဲခြေထောက်ကို မြည်းကြည့်ရမယ်။
“ ဒါက ဘဲခြေထောက်လား” သူက သိချင်စိတ်ဖြစ်သွားလေသည်။
ရှမင်းဆက်က လူတွေက ဘဲသားကို စားကြပေမဲ့ ဘဲခြေထောက်ကိုတော့ ဘယ်သူမှာ ထူးခြားတယ်လို့ မထင်ကြဘူးလေ။
“ဟုတ်ပါတယ်၊ ဘဲခြေထောက်ကို အရိုးထုတ်ပြီး ဆားနဲ့နှယ်ထားတာ၊ ဟင်းခတ်ငါးမျိုးအရသာတစ်ခုနဲ့ မာလာအစပ်အရသာတစ်ခု ပါတယ်”
ကျန်းယွင်ကျူးက ရှင်းပြလိုက်လေသည်။ ဒီခေတ်မှာက ဆောင်းတွင်အပူချိန်က အရမ်းနိမ့်တယ်။ ကျလာတဲ့ရေစပ်တောင် ရေခဲဖြစ်ကုန်တယ်။ ဒီပစ္စည်းတွေကို အခုအချိန်လုပ်မယ်ဆိုရင် လမ်းမှာ ပျက်သွားမှာ စိုးရိမ်စရာ မလိုတော့ဘူး။ ဒါကြောင့် သူမက ဟင်းခတ်ငါးမျိုးအရသာတစ်ခုကိုလည်း ထပ်ထည့်လိုက်တယ်။ ဒါဆိုရင် ငရုတ်သီး မစားတဲ့သူတွေက ဒါကို စားနိုင်တယ်လေ။
ယန်ရှန့်သည် မှင်တက်အံ့ဩသွားတော့သည်။ ဘဲခြေထောက်တွေကလည်း အကြီးကြီးပဲ။ အရိုးတွေကကို တစ်ခုချင်း ဖယ်ထုတ်ရတာမလား။ သူသည် ချက်ချင်းဆိုသလို အိုးကိုဖွင့်လိုက်ပြီး တူဖြင့် တစ်ခုကို ထုတ်ယူလိုက်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။
သေချာတာပေါ့။ အရိုးမပါဘူး။ ဘဲခြေက ပျော့အိချောမွတ်ပြီး ဘဲအရွတ်က အရမ်းကို တထုတ်ထုတ်နဲ့ပဲ။ ပါးစပ်ထဲ တစ်ခုလုံး ထည့်လိုက်တော့ သူ့အစပ်အရသာကို လျှာကလည်း ခံစားနိုင်ပြီး သွားတွေကလည်း ဝါးရတာ အားရစရာပဲ။ တစ်ကိုက်လောက်စားလိုက်တာနဲ့ လုံးဝကို ကျေနပ်သွားတယ်။
“အရသာရှိလိုက်တာ”
ယန်ရှန့်က တအံ့တဩဖြင့် ကြေညာလိုက်လေသည်။
ကျန်းယွင်ကျူးကလည်း အရိုးမဲ့ဘဲခြေထောက်ကို အကြိုက်ဆုံးဖြစ်ရာ ထိုစကားကို ကြားလိုက်သည်တွင် ခေါင်းညိတ်ပြလိုက်လေသည်။
စိတ်ဝင်စားလာသဖြင့် ယန်ရှန့်သည် တူကို ကောက်ကိုင်လိုက်ပြီး တစ်ခုချင်း လိုက်မြည်းကြည့်တော့သည်။ ထို့နောက် သူသည် နေရာက မခွာနိုင်ဖြစ်သွားတော့သည်။ ရုတ်တရက်ကြီး သူ ဒီပစ္စည်းတွေကို မြို့တော်ကို ပြန်မပို့ချင်တော့ဘူး။ သူ့အမေက ဒါတွေစားပြီးလို့ ထပ်ပြီး အတင်းဝယ်ခိုင်းရင်ဘယ်လိုလုပ်မတုံး။
မဟုတ်ဘူး။ သူ့အမေကတော့ သူ့ကို သေချာပေါက် အတင်းထပ်ဝယ်ခိုင်းမှာပဲ။ ဒါဆိုရင် သူ ကျန်းယွင်ကျူးကို ထပ်ပြီး ဒုက္ခပေးရလိမ့်မယ်။
သူမရဲ့လက်တွေ ရေအေးအေးထဲမှာ စိမ်နေရမှာကို သူ ထပ်ပြီးမမြင်ချင်တော့ဘူး။
အမှန်ပင်။ ကျန်းယွင်ကျူးက သူ့စိတ်ထဲတွင် ဖြစ်ပျက်နေသည်များကို မသိပေ။ ထို့ကြောင့် သူမက သံသယစိတ်ဖြင့် မေးလိုက်လေသည်။
“ဘာလဲဟင်၊ အရသာ မရှိလို့လား”
“ အရသာရှိတယ်၊ အရမ်းရသာရှိတယ်” ယန်ရှန့်က ပြန်ဖြေလိုက်၏။
ကျန်းယွင်ကျူးက နှုတ်ခမ်းထောင့်ကို ပင့်ပြီးပြုံးလိုက်လေသည်။ ဒါဆိုရင်တော့ ဟုတ်ပါပြီ။ တော်ပါသေးရဲ့။ ဖန်းလောင်စစ်နဲ့ သူ့မိန်းမတို့က တော်တော်လုပ်ရည်ကိုင်ရည် ရှိကြလို့ပဲ။ သူမက မီးဖိုဘေးမှာပဲ တာဝန်ယူပေးခဲ့ရတယ်။ တစ်ခါတလေမှပဲ ရေအေး ကိုင်ရတာ။
“ကျွန်တော် စဥ်းစားနေတာလဲ၊ ဒါကို ကျွန်တော်ပဲ ယူထားပြီး တစ်ယောက်ထဲပဲ စားလိုက်ရမလားလို့”
ယန်ရှန့်က ရှင်းပြလိုက်လေသည်။
ကျန်းယွင်ကျူးက အော်ရယ်တော့သည်။ ဒီလောက်များတဲ့ အစားအသောက်အိုးတွေကို သူက တစ်ယောက်ထဲ ဘယ်လောက်ကြာကြာစားနိုင်မှာမလို့လဲ။ ပြီးတော့
“ အိုးထဲ တချို့ရှိသေးတယ်၊ ရှင့်အတွက် လောက်မှာပါ”
ဒါဆိုရင်လည်း ဟုတ်ပြီလေ။ ယန်ရှန့်သည် သည်ပစ္စည်းများကို မြို့တော်သို့ ပြန်မပို့ရန် အကြောင်းပြစရာ မရှိတော့သယောင်။ ဤတွင် သူသည် ဘေးတွင်ချထားသည့် အိုး ၄-၅လုံးကို ဖျတ်ခနဲ တွေ့လိုက်လေသည်။ နာမည်ကိုကြည့်လိုက်လျှင် ထိုအိုးများက အအေးခံယုန်သား သို့မဟုတ် တစ်ခုခုဖြစ်မည်။
“ဒါကရော” သူက မေးလိုက်သည်။
“ ကျွန်မ ဒါကို လူကြီးမင်းရှန်ကို လက်ဆောင်ပေးချင်လို့ပါ”
ကျန်းယွင်ကျူးက ဖြေလိုက်သည်။ သူမက အစကတည်းက ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့ကို အစားအသောက်တချို့ လက်ဆောင်ပေးဖို့ စဥ်းစားထားခဲ့တာလေ။ အခုတော့ ကွက်တိပဲပေါ့။
“ ကျွန်မ မသိဘူး….”
သူမ ဆိုလိုချင်သည်မှာ ရှန်မိသားစုသည် အိမ်တော်ကြီးတစ်ခု ဖြစ်သည်။ သူတို့က သည်လိုအစားအသောက်မျိုးကို လုံးဝကြိုက်လျှင် မည်သို့လုပ်ရပါ့။
ယန်ရှန့်က သူမ၏စကားကို ဆုံးအောင်ပင် နားမထောင်ခဲ့ချေ။ သူက ပြေးထွက်သွားပြီး ရှန်ဖုန်းမင်ကို မြန်မြန် သွားဆွဲခေါ်လာလိုက်သည်။
“ မိန်းကလေးကျန်းက ပြောတယ် ဒါတွေက မင်းအတွက်တဲ့”
ယန်ရှန့်က အိုးများကို လက်ညှိုးထိုးပြလိုက်ပြီး ပေါ့ပါးသည့်လေသံတစ်ခုဖြင့် ပြောလိုက်လေသည်။
ရုတ်တရက်ဆိုသလို သူ့ဘဝကြီးက သနားစရာကောင်းသည်ဟု ခံစားလိုက်ရတော့သည်။ သူ ဒါတွေကို လိုချင်ပါတယ်လို သေချာပြောခဲ့ပြီး ငွေအကုန်ခံခဲ့ရတာလေ။ ရှန်ဖုန်းမင်ကျတော့ ဘာမှလည်း မလုပ်ရပါဘဲနဲ့ သူက တစ်ခုခုကို ရလိုက်သေးသတဲ့လား။
…
အခန်း (၄၃.၂)
ရှန်ဖုန်းမင်၏မျက်တောင်ရှည်များသည် တဖျတ်ဖျတ်ခတ်သွားတော့သည်။ သူက ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။
ပြတင်းပေါက် ဘောင်မှ ဖြတ်ဝင်လာသည့် နူးညံ့သည့်နေရောင်ခြည်က သူ့မျက်လုံးထဲတွင် တောက်ပနေသောကြောင့် ဖြစ်မည်။ ထိုတဒင်္ဂလေးတွင် ကျန်းယွင်ကျူးသည် သူ့တကိုယ်လုံးက အလွန်မှ အေးစက်မနေတော့သည်ကို ခံစားလိုက်လေသည်။ နွေးဦးအစ၏ နှင်းပွင့်သစ်ကလေးနှယ်။ အေးစက်နေသေးသော်လည်း လူများကို လန်းဆန်သည့်အငွေ့အသက်တစ်ခု ပေးစွမ်းနေသည်။
“မင်းက ဒါတွေကို ကျွန်တော့်ကို အိမ်ပြန်ပို့ပေးဖို့ လက်ဆောင်ပေးချင်တာလား”
အိုများကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်းက မေးလိုက်၏။ အိုးပေါ်တွင် ကျန်းယွင်ကျူးရေးထားသည့် စာများရှိနေသည်။ စာလုံးများက သိပ်သေသေသပ်သပ် မဖြစ်သော်လည်း အမျိုးသမီးတစ်ယောက် ရေထားသည်နှင့် တူလေသည်။
သူ့အမေသာ တွေ့ရင်တော့…
“ အင်း… ရှင် မလိုချင်ဘူးဆိုရင်လည်း….”
“ယူမယ်”ရှန်ဖုန်းမင်က ပြောလိုက်သည်။
ကျန်းယွင်ကျူး၏မျက်လုံးများသည် အနည်းငယ် ဝိုင်းစက်သွားကာ သူ့ကို ကြည့်လိုက်မိတော့သည်။ ဒီတပ်မှူးလေးကိုတော့ ဘယ်တော့မှ ကြိုတင်ခန့်မှန်းလို့ကို မရနိုင်သေးတာပါလား။
ယန်ရှန့်က ပစ္စည်းများကို ပြန်ပို့ရန် လူတစ်ယောက်ကို ဆက်ချင်း စီစဥ်ခိုင်းလိုက်သည်။ ဘေးက အိုးခြောက်လုံးကို ရှန်အိမ်သို့ ပို့ရန်နှင့် ကျန်သည်များကို ယန်မိသားစုသို့ပို့ရန် အထူး မှာကြားလိုက်လေသည်။ ဝက်အူချောင်းများကတော့ အခြောက်ခံဖို့ရန် ရက်အနည်းငယ်ကြာအုံးမည်။ ထို့ကြောင့် အလျင်လိုစရာမရှိပေ။
လှည်းက အဝေးသို့ လိမ့်သွားသည်နှင့် ယန်ရှန့်သည် လက်နောက်ပစ်ကာ ပြန်လည်လန်းဆန်းသွားသလို ခံစားလိုက်ရတော့သည်။
နောက်တစ်နေ့ နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးက ချက်ပြုတ်ရင်း အလုပ်များနေခဲ့သည်။ လှည်းတစ်စီးက တရားဝင်လမ်းမှ အလျင်အမြန် မောင်းဝင်လာပြီး မကြာမီတွင် ကျန်းအိမ်တံခါးရှေ့သို့ ရောက်လာခဲ့သည်။
လှည်းခန်းဆီးက မြောက်တက်လာပြီး အထဲကလူနှစ်ယောက် ထွက်လာခဲ့သည်။ သူတို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လှည်းထဲလူကို ပြောလိုက်လေသည်။
“ခွင့်ပြုပါအုံး”
ထို့နောက် သူတို့သည် လှည်းအပြင်ဘက်တွင်လူကိုချခဲ့ပြီး ပြန်မောင်းထွက်သွားကာ ပျောက်ကွယ်သွားလေသည်။
မြေကြီးပေါ်က လူက သူက လွတ်လပ်သွားသလို ခံစားလိုက်ရပြီး ချက်ချင်း ထခုန်လိုက်လေသည်။ သူက ခေါင်းပေါ်က အဝတ်ထုပ်ကို ဆွဲထုတ်လိုက်ကာ သူ့ခါးကို စမ်းလိုက်ပြီး ပါးစပ်ဖွင့်ကာ ဆဲရေးလိုက်လေသည်။
သို့သော် သူ့ရှေ့က ဘယ်သူမှမရှိသည့် မြင်ကွင်းက ကြိုဆိုနေလေသည်။ သူ့ကို အဝေးက စိမ်းစိုနေသည့် တောင်းကုန်းများက ဝန်းရံထားပြီး အနီးအနားတွင် ရွာငယ်လေးတစ်ခု ရှိသည်။
လေထဲတွင် ရနံ့တစ်ခု ဝေ့တက်လာလေသည်။ အဘိုးကြီးက နှာခေါင်းပင့်ပြီး အနံ့ကို ရှူလိုက်လေသည်။ ထို့နောက် သူက အနံ့လာရာဘက်ကို မျှော်ကြည့်လိုက်လေသည်။
အလွန်မှ သာမန်ဖြစ်သည့် လယ်သမားအိမ်တစ်လုံးကို မီးဖိုမှ တလိပ်လိပ်တက်လာသည့် မီးခိုးများနှင့် တွေ့လိုက်ရသည်။ အမွှေးနံ့က အဲဒီအိမ်ရဲ့မီးဖိုကနေ လာတာပဲ။
ဗိုက်က တဂွီဂွီမြည်လာတော့သည်။
“ အဲခွေးကောင်တွေ ငါ့ကို အစားတောင် ပေးမစားဘူး”
အဘိုးကြီးက ဒေါသထွက်ထွက်နှင့် တံခါးခေါက်လိုက်လေသည်။
“ အမေ တံခါးသွားဖွင့်လိုက်မယ်”
အမျိုးသမီးချန်က ဆူညံသံကို ကြားလိုက်ပြီး ကျန်းယွင်ကျူး အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် ထွက်လာခဲ့လေသည်။
သူမသည် တံခါးကို ဖွင့်လိုက်ချိန်တွင် အပြင်၌ ထူးဆန်းသည့် အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတော့သည်။ အဘိုးကြီးက အသက် ၅၀-၆၀ခန့်ရှိပြီး သာမန်အညိုရောင် အဝတ်အစားကို ဝတ်စားထားသည်။ ရွာထဲက တခြားသာမန်အဘိုးကြီးများလိုပင်။
မဟုတ်ဘူး။ သူက နည်းနည်းထူးခြားတယ်။ သူ့မျက်လုံးတွေက ထူးထူးခြားခြား ကျန်းမာ တောက်ပနေတယ်။ ဒါကပဲ သူ့ကို အရမ်းတက်ကြွအားအင်ပြည့်နေတဲ့ပုံပေါ်စေတာ။
“ရှင်က ဘယ်သူ” အမျိုးသမီးချန်က မေးလိုက်သည်။
အဘိုးကြီးက ခဏလောက် တိတ်ဆိတ်သွာပြီးမှ ပြန်ဖြေလိုက်လေသည်။
“ ဖြတ်သွားဖြတ်လာတစ်ယောက်၊ မင်းတို့ခြံထဲမှာ အစားအသောက်ရနံ့တွေ ရတယ်လို့ ကြားလို့၊ ငါ ဗိုက်ဆာတယ်၊ မင်းဆီက အစားအသောက်တချို့ ဝယ်ချင်တယ်”
အဘိုးကြီးက ပြောရင်းဆိုရင်း သူ့ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်သော်လည်း သူ့တွင် ငွေတစ်ပြားမှာ မရှိသည်ကို တွေ့လိုက်ရတော့သည်။ သူ့မျက်နှာက တဖန် ညိုမည်းသွားတော့သည်။
တိုက်တိုက်ဆိုင်ဆိုင် သည်လိုအချိန်တွင် သူ့ဗိုက်ကလည်း အသံမြည်လာပြန်သည်။
သူ့ရှက်သွားသည်ကို တွေ့လိုက်ရသဖြင့် အမျိူးသမီးချန်က သည်လိုအသက်အရွယ်တစ်ခုတွင် သူ့အတွက် မလွယ်ကူကြောင်း ခံစားမိလိုက်လေသည်။ သူမက တံခါးဖွင့်ပေးလိုက်ပြီး အထဲသို့ ဖိတ်လိုက်လေသည်။
“ ဝယ်စရာမလိုပါဘူးရှင်၊ အစားအသောက်တချို့ပြင်ဆင်ထားပြီးသားရှိတယ်၊ ခဏလေးစောင့်နော်၊ ကျွန်မ ရှင့်အတွက် ပြင်ဆင်ပေးမယ်”
အဘိုးအိုက လှမ်းဝင်လာခဲ့သည်။
ကျန်းယွင်ကျူးသည် မီးဖိုဆောင်ထဲတွင် အလုပ်များနေသော်လည်း အပြင်ဘက်က အသံများကို ကြားလိုက်ချိန်တွင် ခြံဝင်းထဲကို ကြည့်လိုက်လေသည်။ သူမသည် အဘိုးကြီးတစ်ယောက် အေးအေးဆေးဆေး ဝင်လာပြီး ထိုနေရာတွင် ငေးငေးငူငူနှင့် ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။
နတ်ဆေးသမားတော်။ ဒါ အထင်ကရ နတ်ဆးသမားတော်ဝူ မလား။ အိပ်မက်ထဲမှာ သူမ အန်းဖင်နယ်စားအိမ်မှာတုန်းက နယ်စားအိမ်တော်ရဲ့ သခင်မကြီးနေမကောင်း ဖြစ်ခဲ့တယ်။ လင်ထင်အန်းက လူလွှတ်ပြီး သူ့ကို နေရာတိုင်းမှာ ရှာပြီး ရောဂါကုသပေးဖို့ သူ့ကို အကူအညီ တောင်းခဲ့တယ်လေ။
အဲဒီတုန်းက သူမ သူ့ပုံတူပန်းချီကားကို တွေ့ခဲ့ဖူးတယ်။ အဲဒီပုံတူပန်းချီကာကို တန့်ချင်းရဲ့ဆရာလက်နဲ့ ဆွဲထားခဲ့တာ။ မျက်ခုံး၊မျက်လုံးတွေက သူနဲ့ ၇၀%လောက်တူပြီး အမူအရာမျက်နှာထားက သူနဲ့ ၁၀၀%တူတယ်။
ဒါ နတ်ဆေးသမားတော်ဝူပဲ။ ကျန်းယွင်ကျူးက အတည်ပြုလိုက်တော့သည်။
ဒါပေမဲ့ သူက ရုတ်တရက်ပြီး ဘာလို့ ဒီကိုရောက်လာတာလဲ။
သူရှိတဲ့နေရာက လျှို့ဝှက်တယ်လို့ ပြောကြတာပဲ။ အဲဒီတုန်းက လင်ထင်အန်းက သူ့ကို နှစ်ဝက်လောက် ရှာခဲ့ပေမဲ့ ရှာမတွေ့နိုင်ခဲ့ဘူးလေ။ နောက်ဆုံးတော့ သူ လက်လျှော့လိုက်ရတယ်။ အခုကျတော့ရော။
သူ ဒီနေရာကို အလည်အပတ်လာခဲ့တာလား။
ကျန်းယွင်ကျူးသည် ရုတ်တရက်ဆိုသလို ဝမ်းသာသွားတော့သည်။ သူသာ အဘိုးချန်ရဲ့ရောဂါကို ကူညီပေးဖို့ ဆန္ဒရှိရင် အဘိုးချန်ရဲ့မျက်လုံးတွေကို ကုသနိုင်မှာလား။ ဒါပေမဲ့ သူ့မှာ အရမ်းထူးဆန်းတဲ့ အကျင့်တစ်ခုရှိတယ်လို့ ပြောတယ်။ သူ လုပ်ချင်ရင် သူတောင်းစားနဲ့ သေမိန့်ကျ အကျဥ်းသားတွေကိုတောင် ကုသပေးလိမ့်မယ်တဲ့။
သူ မလုပ်ချင်ရင်တော့ ဘုရင်ကြွလာရင်တောင် အသုံးမဝင်ဘူးတဲ့။ သူက ပြောထားသေးတယ်။ စောစောသေပြီး စောစောပြန်မွေးဖွားရမယ်ဆိုရင်တော့ သူက အဲလိုပဲ လက်ခံလိုက်မှာပဲတဲ့။
ဒါပေါ့လေ။ မင်းကြီးက သူ့ကို ဘယ်ပေးသေစေချင်ပါ့မလဲ။ အားလုံးကလည်း သူ့ကို ပေးမသေချင်ကြပါဘူး။ သူသေသွားရင် သူတို့ရဲ့ရောဂါတွေကို ကုပေးမဲ့သူ မရှိတော့ဘူးလေ။
သည်အချိန်တွင် ဘေးအခန်း၌ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် အဘိုးကြီးဝူကို မြင်လိုက်ကြလေသည်။
ယန်ရှန့်က လက်ပိုက်ပြီး အပြင်ကို ကြည့်လိုက်သည်။ သူက အပြုံးတစ်ခုနှင့် ရှန်ဖုန်းမင်ကို မေးလိုက်၏။
“ သူ တကယ်ပဲ ဟန်ကျိုးကနေ ထွက်မသွားခဲ့ဘူး၊ သူ့ကို တွေ့တုန်းက သူဘာလုပ်နေလဲ မှန်းကြည့်စမ်း”
“ သူ ဘာလုပ်နေတာလဲ”
ရှန်ဖုန်းမင်သည် ယန်ရှန့်ကို ရှားရှားပါးပါး ပြန်မေးလိုက်လေသည်။
“အနောက်ရေကန်မှာ လိပ်တွေကို မျှားနေတာတဲ့၊ အနောက်ရေကန်ထဲမှာ သက်တမ်းတစ်ထောင်ရှိတဲ့ လိပ်တွေရှိတယ်လို့ အတင်းကိုပြောနေတာ၊ တစ်ကောင်လောက် ဖမ်းမိပြီး စွပ်ပြုတ်နှပ် စားရရင် ကွက်တိပဲတဲ့၊ ပြောပါအုံး ဒီအဘိုးကြီးက…”
ယန်ရှန့်သည် ခေါင်းခါလိုက်တော့သည်။
ရုတ်တရက် သူက ရှန်ဖုန်းမင်ကို ထပ်မေးလိုက်လေသည်။
“ မှန်းကြည့်စမ်း၊ နောက်မှ သူ မင်းကိုတွေ့သွားရင် မင်းရဲ့သရုပ်မှန်ကို ထုတ်ပြောလိမ့်မယ်လို့ထင်လား”
အဘိုးကြီးဝူသည် ရှန်ဖုန်းမင်ကို တွေ့ခဲ့ဖူးသည်။
အမှုတွဲကို ကိုင်ထားသည့် ရှန်ဖုန်းမင်၏လက်သည် ခေတ္တ တုံ့ဆိုင်းသွားပြီး
“ ပြောပါစေပေါ့”
အမှန်တွင်တော့ သူနှင့် ယန်ရှန့်တို့သည် ကျန်းယွင်ကျူးကို တစ်ချိန်လုံး လိမ်ညာထားဖို့ စိတ်ကူးမရှိပေ။
သို့သော် ယန်ရှန့်က တစ်ယောက်တည်း ပဋိပက္ခ ဖြစ်နေတော့သည်။ သူက ကျန်းယွင်ကျူးကို ရှန်ဖုန်းမင်၏ သရုပ်ကို သိစေချင်ရုံမက သူမ၏တုံ့ပြန်မှုကိုလည်း မြင်ချင်နေသည်။ သို့သော် သူ့သရုပ်မှန်ကို သိသွားပြီးနောက်တွင် သူမက အလွန်အထိတ်တလန့် ဖြစ်သွားမှာကိုလည်း စိုးရိမ်ပြန်သည်။ ဒါက တကယ် အရမ်းကို ခက်တာပဲ။
သည်အချိန်တွင် ကျန်းယွင်ကျူးသည် ဟင်းတစ်အိုးကို ကြော်ချက်ပြီး မြန်မြန်ထွက်လာခဲ့သည်။ သူမက အဘိုးကြီးဝူကို စကားသွားပြောလိုက်လေသည်။
“ဆရာကြီးရှင့်၊ ဖြတ်သွားဖြတ်လာခရီးသည်လားရှင်”
အဘိုးကြီးဝူက ကျန်းယွင်ကျူးကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး သည်လိုခေါင်သည့် တောင်ပေါ်ရွာလေးတွင် မိန်းမလှလေးတစ်ယောက် ရှိနေသည်ကို အနည်းငယ်အံ့ဩသွားတော့သည်။
“ဟုတ်တယ်”
အဘိုးကြီးဝူက သူ ထွက်သွားတော့မည်ဟု မပြောချင်ပေ။ သူလည်း ရင်ဆိုင်ကြည့်ချင်သေးသည်။
ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး
“ အဘိုး အထဲမှာ ဝင်ထိုင်ပါအုံးရှင်၊ ကျွန်မ ဆရာကြီးအတွက် အစားအသောက်ပြင်ဆင်ပေးပါ့မယ်”
သူမက ပြောလိုက်ပြီး မီးဖိုထဲ ဝင်သွားလေသည်။
သူတို့သည် ခြံဝင်းထဲ ဝင်လာချိန်တွင် အစားအသောက်နံ့က ပိုပြီးထင်ရှားလာခဲ့သည်။ အဘိုးကြီးဝူက မနေနိုင်တော့ဘဲ မီးဖိုဆောင်ဘက်ကို ကြည့်လိုက်လေသည်။
ထိုအချိန်တွင် ဘေးက ခြေသံများ ထွက်လာလေသည်။ သူက ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဘေးအခန်းက ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ထွက်လာသည်ကို တွေ့လိုက်ရတော့သည်။
ချီလင်သက်တော်စောင့်တပ်မှူး ရှန်ဖုန်းမင်။ အဘိုးကြီးဝူ၏မျက်နှာသည့် ချက်ချင်း အေးစက်သွားတော့သည်။ သူ့ကို သည်နေရာတွင် ဘာကြောင့် လာအပစ်ခံရသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူ အနောက်ရေကန်မှာ ရှိတာကို သိတဲ့သူက ဒီနာမည်ကြီး ချီလင်သက်တော်စောင့်က လွဲရင် ဘယ်သူရှိအုံးမှာလဲ။
သူက ဘာအတွက် သူ့ကို လာရှာတာတဲ့လဲ။ ဆေးကုခိုင်းဖို့လား။ စဥ်းတောင် မစဥ်းစားနဲ့။ ခွေးကို ကုပေးရင်တောင် သူ့ကိုတော့ မကူညီဘူး။
သူ လူတွေကို ဘယ်လိုသ-တ်ခဲ့လဲဆိုတာကိုရော မှတ်မိသေးရဲ့လား။ အရမ်းကို ဝင့်ဝင့်ကြွားကြွားနဲ့ ရက်စက်လိုက်တာလဲလွန်ရော။
“ လူကြီးမင်းရှန်နဲ့ လူကြီးမင်းယန်တို့ ခဏလေးစောင့်ပေးပါအုံးနော်၊ အစားအသောက်တွေ ခဏနေဆို အသင့်ဖြစ်ပါပြီ”
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ထွက်လာသည်ကို မြင်လိုက်သည်တွင် အမျိုးသမီးချန်က အစားအသောက်ကို စောင့်ရသည်ကို စိတ်မရှည်တော့ဘူးဟု ထင်ပြီး ပြောလိုက်လေသည်။
“ ရပါတယ်ခင်ဗျာ အလျင်မလိုပါဘူး” ယန်ရှန့်က ပြန်ပြုံးပြလိုက်လေသည်။
တစ်ယောက်က မေးလိုက်ပြီး တစ်ယောက်က ပြန်ဖြေသည်။ ပုံမှန်ဟု ထင်ရသော်လည်း အဘိုးကြီးဝူ၏ မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ သူ ဘာတွေ့လိုက်တာလဲ။ ဒီမိန်းမကလား။ သူမက ရှန်ဖုန်းမင် ဘယ်သူဆိုတာ မသိဘူးလား။ သူမက သူ့ကို ဒီပုံစံနဲ့ စကားပြောရဲတယ်။
မြို့တော်တစ်ခုလုံးမှာ ရှန်ဖုန်းမင်ကို ဘယ်သူက ဒီလိုစကားပြောရဲခဲ့လို့လဲ….. မဟုတ်သေးဘူး။ အမျိုးသမီးချန်သည် ရှန်ဖုန်းမင်၏ သရုပ်မှန်ကို လုံးဝသိပုံမရမှန်း ချက်ချင်း သဘောပေါက်သွားတော့သည်။ မဟုတ်ရင် သူမက ဒီလိုသဘောထားမျိုး ရှိနိုင်ပါ့မလား။
သည်အချိန်တွင် အဘိုးချန်က အသံကို ကြည့်လိုက်ပြီး အခန်းထဲက ထွက်လာကာ မေးလိုက်လေသည်။
“ဘယ်သူလဲ”
သူ၏ စမ်းတဝါးဝါးအသွင်ကို ကြည့်လိုက်ရင်း အဘိုးဝူက သူ့မျက်လုံးက တစ်ခုခု မူမမှန်သည်ကို ချက်ချင်း သတိထားမိသွားတော့သည်။
“အဖေ ဖြတ်သွားတဲ့ခရီးသည်လူကြီးတစ်ယောက်ပါ”
အမျိုးသမီးချန်က အဘိုးချန်ကို ရှင်းပြလိုက်သည်။
“ အဘိုးရယ် ဘာလို့ အခန်းထဲမှာ မထိုင်တာလဲ”
ကျန်းယွင်ကျူးက အစားအသောက်နှင့် မီးဖိုဆောင်မှထွက်လာပြီး မေးလိုက်လေသည်။
အဘိုးဝူက တစ်ဖက်က လှမ်းကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို သူသည် ပြုံးဖြီးသွားတော့သည်။ စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။
…