EJYZ အပိုင်း ၄၂

အပိုင်း (၄၂)

ကျန်းယွင်ကျူးသည် နောက်တစ်နေ့မနက် နိုးလာချိန်တွင် ကျန်းချိန်က အငှားလိုက်ရာမှ ပြန်ရောက်လာပြီး ပျော်ရွှင်သည့်မျက်နှာတစ်ခုနှင့် ခြံထဲတွင် လားကို အစာကျွေးနေလေသည်။

ဒီမနက် သူ ၂၅ဝမ် ရှာနိုင်ခဲ့ပြီလေ။

ဒီငွေနည်းနည်းလေးက ကျန်းယွင်ကျူးရှာခဲ့တာနဲ့ ယှဥ်ရင် အများကြီးမရှိဘူးဆိုပေမဲ့ ကျန်းယွင်ကျူး ပြောတာ မှန်တယ်လို့ သူထင်တယ်။ အငှားလိုက်ရတဲ့ အကျိုးအမြတ်အလားအလာက အရမ်းကောင်းတာပဲ။ နောက်ပိုင်း သူငွေတွေအများကြီးရှာနိုင်တာနဲ့ နောက်ထပ် လားနဲ့မြင်းတွေကို ထပ်ဝယ်လိုက်ရင် ငွေပိုရှာနိုင်လိမ့်မယ်။

သည်အချိန်တွင် အမျိုးသမီးချန်သည် မနက်စာအဖြစ် လက်လုပ်ခေါက်ဆွဲပူပူလေးကို ပြင်ဆင်ထားလေသည်။

ကျန်းယွင်ကျူးနှင့် တခြားသူများက အိပ်ရာကထပြီး ကြက်များကို အစာကျွေးပြီး ခြံဝင်းကို သန့်ရှင်းရေးလုပ်လိုက်သည်။

ကျန်းယွင်ကျူးက တံခါးနားတွင်ရပ်ပြီး စည်ကားနေသည့်မြင်ကွင်းကို ကြည့်နေမိသည်။ အမှတ်တမဲ့ အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် တစတစပေါ်လာလေသည်။

မနက်စာစားပြီးနောက် သူတို့သည် စားဖိုမှူးတစ်ယောက်ငှားရန် စီရင်စုမြို့သို့ တက်လာခဲ့ကြသည်။

အခုတော့ ကျန်းချိန်တွင် လားလှည်းတစ်စီး ရှိလာပြီဖြစ်ရာ သူက ကျန်းယွင်ကျူးကို လိုက်ပို့ပေးမည်မှာ ပြောရန်ပင်မလိုချေ။

နှစ်ယောက်သား ပွဲစားနှင့် ချိန်းထားသည့်နေရာသို့သွားလိုက်ပြီး အနည်းငယ်သိမ်မွေ့ဟန်တူသည့် သက်လတ်ပိုင်းယောက်ျားတစ်ယောက်က နှုတ်ဆက်လာလေသည်။

ထိုယောက်ျားက ကျန်းယွင်ကျူးကို မိန်းကလေးတစ်ယောက်ဖြစ်နေသည့်အတွက် အထင်မသေးဘဲ သူမ လိုချင်သည့်အရာကို မေးလိုက်လေသည်။

ကျန်းယွင်ကျူးက စားဖိုမှူးတစ်ယောက်နှစ်ယောက်လောက် ငှားချင်ကြောင်း ပြောပြလိုက်သည်။ အထူးအချက်မှာ သူမ၏အလုပ်က ချန်ရှီရွာတွင် ရှိနေသည်။ ထို့အပြင် သူတို့သည် စားဖိုမှူးနှင့် စာချုပ်ချုပ် နိုင်ခဲ့လျှင် ဆယ်နှစ်စာ စာချုပ်ဖြစ်ရမည်။ စားဖိုမှူးက သူ့စကားကို ပြန်ရုပ်သိမ်းခဲ့လျှင် သူက လျန်၁၀၀ ပြန်ပေးရမည်ဖြစ်ပြီး ၃နှစ်အတွင်း စားဖိုမှူးတစ်ယောက် မလုပ်ပါဟု ကတိပေးရမည်။

သူမ၏ပထမတောင်းဆိုချက်က အဆင်ပြေလေသည်။ သို့သော် ဒုတိယတစ်ခုကြောင့် သက်လတ်ပိုင်းယောက်ျားက ထိုစကားကို ကြားလိုက်ပြီး မျက်မှောင်ကျုံ့သွားတော့သည်။ ဒီလိုအပ်ချက်က အရမ်းရက်စက်တာပဲ။ သည်လိုဆိုမှတော့

“ မိန်းကလေး မင်း စားဖိုမှူးတစ်ယောက်ပဲ ဝယ်လိုက်တာ ပိုကောင်းလိမ့်မယ်”

သည်လိုမှပဲ အဲဒီလူက သူမရဲ့အပိုင်ဖြစ်မှာလေ။

ကျန်းယွင်ကျူးကလည်း ဝယ်ချင်ပါတယ်။ ဒါပေမဲ့ သူမကလည်း ငွေက ရှိတာမဟုတ်ဘူးမလား။ စားဖိုမှူးကောင်းတစ်ယောက်ဆိုရင် အနည်းဆုံး လျန်၂၀ လောက်ကျမှာ ပြီးတော့ အရမ်းကို ယေဘုယျဆန်တယ်လေ။ သူမကတော့ အရင်ဆုံး တစ်ယောက်ကို စမ်းပြီးငှားကြည့်ချင်တဘ်။ တကယ်လို့ သူမ တစ်ယောက်လောက် ရှာမရနိုင်လည်း နောက်ပိုင်းကျရင် သင့်တော်တဲ့သူ တစ်ယောက်ကို ဝယ်နိုင်တဲ့အချိန်အထိ ငွေစုထားနိုင်တာပေါ့။

သက်လတ်ပိုင်းယောက်ျားက မေးလိုက်ပြီးနောက် ကျန်းယွင်ကျူးက မတတ်နိုင်လောက်မှန်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူက ထပ်မေးလိုက်လေသည်။

“ ဒုတိယလိုအပ်ချက်ကို လျှော့ပေါ့ပေးလို့ရလား”

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ စားဖိုမှူးက သူမရဲ့နေရာမှာ နေရမှာလေ။ ပြီးတော့ သူမရဲ့ဟင်းလျာတွေကို လေ့လာဖို့ လွယ်တယ်။ သူမက နောက်ပိုင်းကျရင် တခြားဆိုင်တွေမှာ သူမရဲ့ဟင်းပွဲတွေ အတူတူပေါ်လာမှာကို မလိုချင်ဘူး။ မဟုတ်ရင်တော့ သူမ မငှားတာကပဲ ပိုကောင်းသေးတယ်။

“ဒါဆိုလည်း ကောင်းပြီးလေ ကျွန်တော် မေးကြည့်လိုက်ပါအုံးမယ်နော် မိန်းကလေး”

သက်လတ်ပိုင်းယောက်ျားက မတတ်နိုင်တော့ဘဲ ထရပ်လိုက်တော့သည်။ သူသည် သည်အလုပ်အတွက် မျှော်လင့်ချက် အများကြီး မထားတော့ပေ။

နာရီဝက်ကြာပြီးနောက် သက်လတ်ပိုင်းယောက်ျားက တံခါးမှ ဝင်ဝင်လာချင်း ခေါင်းခါပြလိုက်တော့သည်။ ဘယ်သူမှ ရွာဘက်ကို မသွားချင်ကြဘူးလေ။ ပြီးတော့ ဆယ်နှစ်တောင် ဆိုတော့ကာ။

ကျန်းယွင်ကျူးသည်လည်း မအံ့ဩပါချေ။ သူမ၏ကံကို စမ်းသပ်ဖို့ရန်သာ သည်နေ့ ရောက်လာခဲ့ခြင်းပင်။

“ကျွန်မ ရှင့်ကို ဒုက္ခပေးမိပါပြီ”

ကျန်းယွင်ကျူးက ပြောလိုက်ပြီး ဝမ်တချို့ကို စားပွဲပေါ်တင်ပေးလိုက်သည်။ ကြိုးပေးခဲ့သည့် အခကြေးငွေဟု သတ်မှတ်နိုင်သည်။ ထို့နောက် သူမက ထထွက်ရန် ပြင်လိုက်လေသည်။

သည်အခိုက်တွင် သက်လတ်ပိုင်းယောက်ျားက အလျှော့မပေးသေးဘဲ

“ ခဏလေးစောင့်ပေးပါအုံး၊ နောက်တစ်ယောက်တော့ ရှိသေးတယ်၊ ဒါပေမဲ့ သူ အခုတလော ပွဲစားဆိုင်ကို မလာဘူး၊ သူ အလုပ်တွေ့သွားပြီးလား ဘာလားတော့ ကျွန်တော် မသိဘူး၊ မိန်းကလေး စောင့်ပေးမယ်ဆိုရင် ကျွန်တော့်မှာ သူ့လိပ်စာရှိတယ် ကျွန်တော် သူ့ကို သွားမေးလိုက်မယ်”

ကျန်းယွင်ကျူးက ခဏရပ်လိုက်သည်။ ဒီကိစ္စက မျှော်လင့်ချက်အများကြီးမရှိတော့ သူ့ကို ထပ်ပြီး အလုပ်မရှုပ်စေချင်တော့ပါဘူးလေ။

“အဲဒီလူက မိုးမခလမ်းမှာ နေတာ၊ ဒီကနေ သိပ်မဝေးဘူး၊ မိန်းကလေး မြို့ကနေ ထွက်သွားရင် သူ့အိမ်ကို ဖြတ်သွားရမှာ” သက်လတ်ပိုင်းယောက်ျားက ပြောလိုက်၏။

သည်အခြေအနေအထိ ရောက်လာသဖြင့် ကျန်းယွင်ကျူးက သဘောတူလိုက်ရတော့သည်။ နောက်ဆုံးတွင် သူတို့သုံးယောက်သည် အခန်းထဲက အတူတူထွက်လာပြီး မိုးမခလမ်းဘက်သို့ ထွက်လာခဲ့ကြတော့သည်။ သည်လူနှင့် အဆင်မပြေခဲ့လျှင် ကျန်းယွင်ကျူးနှင့် ကျန်းချိန်တို့သည် ကုန်စိမ်းစျေးသို့ တန်းသွားပြီး ဝယ်စရာရှိသည်များကို ဝယ်ကာ အိမ်ပြန်ရလိမ့်မည်။

လမ်းကျဥ်းလေးတစ်ခုတွင် ယိုယွင်းနေသည့်သစ်သားတံခါးနှစ်ချပ် ရှိနေသည်။ သက်လတ်ပိုင်း ယောက်ျားက တံခါးခေါက်လိုက်၏။

“ ဘယ်သူလဲ”

အထဲကလူတစ်ယောက်က ပြောလိုက်သည်။ ထို့နောက် ခြေသံများကို ကြားလိုက်ရသည်။ မကြာမီ တံခါးပွင့်လာပြီး ဖြူစင်သိမ်မွေ့သည့်မျက်နှာတစ်ခု ပေါ်လာလေသည်။

ကျန်းယွင်ကျူးနှင့် သည်မျက်နှာပိုင်ရှင်တို့သည် တစ်ပြိုင်တည်း မှင်တက်အံ့ဩသွားတော့သည်။

တစ်ခဏအတွင်း မျက်နှာပိုင်ရှင်က ဝမ်းသာစွာပြောလိုက်လေသည်။

“မိန်းကလေး ရှင် ဒီကိုရောက်လာတယ်၊ ဝင်လာပါ၊ ထိုင်ပါအုံး”

သည်လူသည် တခြားသူမဟုတ်ဘဲ မနေ့က ဖက်ထုပ်ဆိုင်ဖွင့်ခဲ့သည့် အမျိုးသမီးရွမ် ဖြစ်နေလေသည်။

ကျန်းယွင်ကျူးမှာ လောကကြီးက သိပ်ကျဥ်းတာပဲဟုသာ ခံစားလိုက်ရတော့သည်။ ဘာလို့များ မနေ့က တွေ့ခဲ့ကြတဲ့ သူတို့တွေက ဒီနေ့ထပ်တွေ့နေရပြန်တာလဲ။

“ အချင်းချင်း သိနေကြတာလား”

သက်လတ်ပိုင်းယောက်ျားက အံ့ဩတကြီးမေးလိုက်လေသည်။

“ဟုတ်ပါတယ်၊ ဒီကမိန်းကလေးက မနေ့က ကျွန်မကို ကူညီပေးခဲ့တာလေ”

အမျိုးသမီးရွမ့်က ကျန်းယွင်ကျူကို အိမ်ထဲဆွဲခေါ်လာခဲ့လေသည်။

ကျန်းယွင်ကျူးက သက်လတ်ပိုင်းယောက်ျားကို ကြည့်လိုက်၏။ ဒီအမျိုးသမီးရွမ်က သူပြောတဲ့ စားဖိုမှူးလား။

မဟုတ်ပါချေ။ ပွဲစားဆိုင်တွင် အလုပ်လာရှာသူမှာ အမျိုးသမီးရွမ်၏ယောက်ျား ရွှယ်ကျင်း ဖြစ်လေသည်။ ရွှယ်ကျင်းသည် အစက စီရင်စုမြို့က ယွင်ဟဲလို၏ စားဖိုမှူးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယွင်ဟဲလိုပိုင်ရှင်သည် ကောင်းကောင်း မစီမံနိုင်ခဲ့ဘဲ လွန်ခဲ့သည့် တစ်လကျော်လောက်က ပိတ်လိုက်ရသည်။

ရွှယ်ကျင်းက နောက်ထပ်အလုပ်တစ်ခု ရှာခဲ့သဖြင့် သူက ပွဲစားဆီသို့ သွားခဲ့ခြင်းပင်။

သင့်တော်သည့်အလုပ်တစ်ခုမှ ရောက်မလာခဲ့ခြင်းသာဖြစ်လေသည်။

နောက်ပိုင်းတွင် သူသည် အမျိုးသမီးရွမ်နှင့် တိုင်ပင်ခဲ့သည်။ သူ့ကိုယ်ပိုင်ဆိုင်လေး လုပ်မည်ပေါ့။ သူ့အရည်အချင်းနှင့်ဆိုလျှင် အဆင်ပြေလိမ့်မည်။

စီရင်စုမြို့က ဆိုင်ခန်းငှားခက စျေးကြီးနေသည်။ သူတို့ မတတ်နိုင်တော့ချေ။ ထို့ကြောင့် ဖက်ထုပ်ရောင်းရန် ဆိုင်ငယ်လေးတစ်ခုကို စတည်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

သူတို့သည် အားလုံးကို စီစဥ်ထားခဲ့ကြပြီးဖြစ်သည်။ ငွေရှာနိုင်သည်နှင့် ဆိုင်တစ်ဆိုင် ဖွင့်ရမည်။

သို့သော် ဆိုင်ငယ်လေးတစ်ခု တည်ဖို့ရန်ပင် ထင်သလောက်မလွယ်ခဲ့ပေ။ လူတချို့က စားဖိုမှူးကောင်းတစ်ယောက် ဖြစ်နိုင်သော်လည်း သူဌေးကောင်းတစ်ယောက်တော့ မဖြစ်နိုင်ပေ။

ရွှယ်ကျင်းသည် နောက်အမျိုးအစားထဲက ဖြစ်လေသည်။ သူသည် စိတ်မြန်လက်မြန်ရှိလှပြီး စကားပြောမကောင်းပေ။ ထို့ကြောင့် သူသည် ဧည့်သည်များကို လုံးဝမခေါ်နိုင်ခဲ့ပေ။

လုပ်ငန်းက ဖြစ်ဖြစ်မြောက်မြောက် မရှိလှသည်ကို တွေ့လိုက်ရပြီးနောက် ချက်ချင်း စိုးရိမ်လာကာ အအေးမိပြီး ဖျားတော့သည်။

ထို့ကြောင့် ဒါက အမျိုးသမီးရွမ်မှာ သူ့အစား ဖက်ထုပ်ရောင်းလိုက်ရတော့သည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

မနေ့က အမျိုးသမီးရွမ်၏အခြေအနေကို ကူညီပေးခဲ့သူမှာ ကျန်းယွင်ကျူးဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရွှယ်ကျင်းက သူမကို မြန်မြန်ကျေးဇူးတင်စကားပြောလိုက်လေသည်။ သူ့အသားအရေက မလှပသော်လည်း သူ့အခြေအနေကတော့ တိုးတက်လာသည်။ ရက်နည်းနည်းလောက် ဆေးသောက်လိုက်ပြီးနောက် ပိုပြီးကောင်းလာလိမ့်မည်ဟု ခန့်မှန်းရလေသည်။

“ ကိစ္စသေးသေးလေးပါရှင်၊ တခြားသူတွေက တွေ့ရင်လည်း သူတို့လည်း ဒီလိုပဲ လုပ်ကြမှာပါ”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

ရွှယ်ကျင်းက လက်မခံပေ။ သည်လို အခြေအနေမျိုး ရင်ဆိုင်ရလျှင် လူအများစု အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆိတ်နေမည်ကို သူ သိလေသည်။ တရားမျှတမှုအတွက် ထုတ်ပြောနိုင်သည့် ကျန်းယွင်ကျူးလို မိန်းကလေးတစ်ယောက်က ချီးကျူးထိုက်ပေသည်။

သူတို့သည် စကားစမြည်ပြောနေကြသဖြင့် ပွဲစားဆိုင်က သက်လတ်ပိုင်းယောက်ျားသည် စိုးရိမ်လာတော့သည်။ သူက အခကြေးငွေရအောင် နှစ်ဖက်ကြားမှာ စာချုပ်ချုပ်နိုင်အောင် လုပ်ပေးဖို့ လာခဲ့တာလေ။ ထို့ကြောင့် သူက မြန်မြန် စကားဖြတ်ပြောလိုက်ပြီး ကျန်းယွင်ကျူးက စားဖိုမှူးတစ်ယောက် ငှားချင်သည့်အကြောင်းကို ပြောပြလိုက်တော့သည်။

ကိစ္စက ဒီလိုဖြစ်နေတာကိုး။ ရွှယ်ကျင်းနှင့် အမျိုးသမီးရွမ်တို့က အချင်းချင်း ကြည့်လိုက်ကြ၏။

“ကျွန်မက တစ်ချက်လောက် ဝင်ကြည့်မယ်ဆိုပြီး လမ်းကြုံဝင်လာတာပါ၊ ရှင် အလုပ်မလိုချင်သေးဘူးဆိုရင်လည်း ကျွန်မက အတင်းမတိုက်တွန်းပါဘူး”

ကျန်းယွင်ကျူးက ပြောလိုက်သည်။ မနေ့ကတော့ အမှန်ပင် အကူအညီပေးခဲ့ခြင်းသာဖြစ်လေသည်။ သူမသည် ထိုကျေးဇူးကို ပြန်တောင်းလိုခြင်း မဟုတ်ပေ။

“ ဒါဆို မိန်းကလေးကို ခင်ဗျားရဲ့အရည်အချင်းကို ပြကြည့်လိုက်လေ၊ ပြီးမှ မိန်းကလေးက လိုအပ်ချက်ကို ပြောလို့ရပါတယ်၊ ဒီလောကမှာ တသမတ်ထဲဖြစ်နေတယ်ဆိုတာ မရှိပါဘူး”

သက်လတ်ပိုင်းယောက်ျား နည်းလမ်းတစ်ခု ရှိနိုင်သည်ဟု တွေးလိုက်ပြီး သည်ကိစ္စကို ဆောင်ရွက်ပေးရန် အကောင်းဆုံးကြိုးစားလိုက်တော့သည်။

ရွှယ်ကျင်းက ထလိုက်ပြီး မီးဖိုထဲ ဝင်သွားလိုက်သည်။ သူက မွှေကြော်တဲ့နေရာမှာ အကောင်းဆုံးပဲ။ မီးဖိုထဲမှာလည်း ရနိုင်တဲ့ပစ္စည်းတွေ အသင့်ရှိတယ်။ သူ့ဓားသည် ပျံ့သန်းနေသလို လှုပ်ရှားနေလေသည်။ ထို့နောက် မီးအရှိန်ပြင်းပြင်းတစ်ခုအောက်တွင် မွှေကြော်ကို လုပ်လိုက်သည်။ ခဏကြာတော့ အိုးထဲက မုန်လာထုပ်ကြော်တစ်ပန်းကန် ထွက်လာတော့သည်။

မွှေကြော်လုပ်ရာတွင် အရေးအကြီးဆုံးအချက်မှာ အပူချိန်ဖြစ်သည်။ မီးပြင်းပြင်းတစ်ခုနှင့် မီးအားအောက်တွင် မွှေကြော်လုပ်ဖို့လိုသည်။ သို့မှသာ ဟင်းလျာက အရသာရှိလိမ့်မည်။

ကျန်းယွင်ကျူးက ဘေးကစောင့်ကြည့်နေလိုက်သည်။ သူ့ခန္ဓာကိုယ်က အားနည်းသော်လည်း သူ့အချက်အပြုတ်အရည်အချင်းက အလွန်ကောင်းသည်ကို သူမ သတိထားမိလိုက်သည်။ သူမ၏စိတ်ထဲတွင် အစီအစဥ်တစ်ခု ပေါ်လာလေသည်။

မုန်လာထုပ်ကို မြည်းကြည့်လိုက်ပြီးနောက် သူမ စဥ်းစားထားသည့်အရာက သေချာသွားတော့သည်။

“ ရှင် မြည်းကြည့်ဖို့ ကျွန်မ ဟင်းတစ်ပွဲလောက် ချက်ပြမယ်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

ထို့နောက်တွင် သူမသည် ပူပြင်းသည်သံဒယ်အိုးထဲတွင် မုန်လာထုပ်မွှေကြော်ကို လုပ်လိုက်လေသည်။

သူမက အန်းဖင်နယ်စားအိမ်တော်မှာတုန်းက စားဖိုမှူးသုံးယောက်ဆီက သင်ခဲ့ရတယ်လေ။ အဲဒီစားဖိုမှူးအားလုံးက လုပြည်နယ်အပြင် ကျုံးနန်မှာတောင် နာမည်ကြီးစားဖိုမှူးတွေလေ။ နောက်ပိုင်း သူမ မြို့တော်ကို သွားတော့ မြို့တော်က စားဖိုမှူးတွေဆီမှာလည်း အချိန်တစ်ခုအထိ သင်ယူခဲ့သေးတယ်။ သူမရဲ့အရည်အချင်းက ပြီးပြည့်စုံတဲ့အဆင့်တစ်ခုကို ရောက်နေပြီ။

‘ငွေက ကျွန်တွေကို ဖိနှိပ်နိုင်တယ်၊ အရည်အချင်း နယ်ပယ်တူထဲကလူတွေကိုတောင် အနိုင်ယူနိုင်တယ်”တဲ့။ ဒီစကားက လုံးဝမမှားဘူး။ တခြားသူတွေရဲ့ အမြင်တွင် ကျန်းယွင်ကျူး၏ အချက်အပြုတ်လက်ရာက လှပလေသည်။ လှုပ်ရှားမှုတစ်ခုစီတိုင်းက သူတို့မျက်လုံးကို အလွန်ကို နှစ်လိုဖွယ် ဖြစ်စေလေသည်။ သို့သော်ငြား ရွှယ်ကျင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် အသက်ရှူမှားသွားတော့သည်။

သူသည် လုပြည်နယ် ရှန်းခဲ့လိုက ပညာရှင်စားဖိုမှူးတစ်ယောက်လက်အောက်တွင် သင်ကြားခဲ့သည်။ သူ့အချက်အပြုတ်အရည်အချင်းက အလွန်ကောင်းပြီးသားဟု ထင်ခဲ့မိသည်။ သို့သော် သည်နေ့ ကျန်းယွင်ကျူး၏ အချက်အပြုတ်လက်ရာကို မြင်လိုက်ချိန်တွင် ကွာဟချက်ဟူသည့် စကား၏ အဓိပ္ပာယ်ကို သိသွားတော့သည်။ ကျန်းယွင်ကျူး၏ အဆင့်တိုင်းနှင့် မီးအား အချိန်အဆတိုင်းက ကွက်တိကျနေသည်။

သူ့မျက်လုံးများသည် လင်းရှင်းတောက်ပနေတော့သည်။ ကြည့်နေရင်းနှင့် စိတ်ထဲက သူ့နည်းလမ်းကို နှိုင်းယဥ်နေမိပြီး ကွာနေသည့်နေရာများကို လိုက်ထောက်ကြည့်ကာ မည်သို့ပြင်ဆင်ရမည်ကို စဥ်းစားနေလေသည်။ သူသည် ရုတ်ခြည်းဆိုသလို ရှုပ်ထွေးသွားတော့သည်။

“မြည်းကြည့်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ မုန်လာထုပ်ကြော်မှာ အငွေ့တထောင်းထောင်းဖြစ်နေသည်။

ရွှယ်ကျင်းသည် အိပ်မက်တစ်ခုက နိုးလာသလို သတိပြန်ဝင်လာတော့သည်။ ထို့နောက် သူက တခြားသူများကို လျစ်လျူရှုထားလိုက်ပြီး သူ့ပါးစပ်ထဲသို့ မုန်လာထုပ်တစ်ပိုင်းကို အရင်ထည့်လိုက်လေသည်။ အစပိုင်းတွင် လတ်ဆတ်မွှေးပျံ့သည်။ ထို့နောက် မုန်လာထုပ်၏ ပင်ကို ချိုမြိန်သည့်အရသာ ထွက်လာသည်။ လန်းဆန်းသွားပြီး အရသာမှာ ပျောက်မသွားချေ။

မုန်လာထုပ်မွှေကြော်ရာတွင် ကိုင်တွယ်ရခက်သည့်အချက်တစ်ခု ရှိသည်။ ထိုအရာမှာ မုန်လာထုပ်အရွက်ကာ ပါးပြီး အပြင်ဘက်အရွက်က ထူကာ ရေများခြင်းပင်။ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် အရွက်များက ညှိုးသွားသည်။ သို့သော် ကျန်းယွင်ကျူး၏ပန်းကန်ကတော့ ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။

“ ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ” ရွှယ်ကျင်းက ချက်ချင်းမေးလိုက်လေသည်။

ကျန်းယွင်ကျူးက ဘာမှမပြောဘဲ ပြုံးသာနေလိုက်သည်။

ရွှယ်ကျင်းသည် သူက အလွန်ရုတ်တရက်ဆန်သွားမှန်း ချက်ချင်းသိလိုက်တော့သည်။ ဆရာတောင်မှ ကျောင်းသားတွေကို ဒီအချက်အပြုတ်လျှို့ဝှက်ချက်ကို ပြောပြစရာမလိုဘူးလေ။ သူစိမ်းဆို ပိုဆိုးတာပေါ့။

ရွှယ်ကျင်း၏ မျက်နှာသည် နီမြန်းသွားလေသည်။ ပထမတစ်ချက်မှာ သူသည် နေမကောင်းဖြစ်နေပြီး ဒုတိယတစ်ချက်မှာ သူသည် အလွန်စိတ်လှုပ်ရှားနေသောကြောင့်ပင်။

ပွဲစားဆိုင်က သက်လတ်ပိုင်းယောက်ျားသည် မျှော်လင့်ချက်ကို မြင်လိုက်ရပြီး သူ့ကို ပြောလိုက်လေသည်။

“ ဒီမိန်းကလေးက လိုအပ်ချက်နှစ်ခုနဲ့ စားဖိုမှူးတစ်ယောက်ငှားမှာ”

သူက ကျန်းယွင်ကျူး လိုချင်သည့်ချက်နှစ်ခုကို ပြောပြလိုက်လေသည်။

ပထမတစ်ခုကတော့ အရေးမဟုတ်ပါဘူး။ ဒုတိယတစ်ခုက….. သူ ခုနက စားဖိုမှူးငါးယောက်လောက်ကို မေးခဲ့ပြီးပြီလေ။ သူတို့ထဲကနှစ်ယောက်က သူ့ကို မောင်းထုတ်လိုက်တာပဲ။ ကျန်တဲ့သုံးယောက်တော့ သူ့ကို ခပ်ပြတ်ပြတ် ငြင်းလွှတ်လိုက်တယ်။ ဒီတော့ ဒီအချက်တွေကို ရွှယ်ကျင်းကို ရှင်းပြရတာ အရမ်းစိုးရိမ်မိတာပဲ။

ရွှယ်ကျင်း၏ မျက်နှာပေါ်တွင် အံ့ဩရိပ် မတွေ့ရချေ။ ကျန်းယွင်ကျူးက သူ့ဟင်းလျာတွေ အပြင်ကို ရောက်သွားမှာ စိုးရိမ်တာ သူနားလည်ပါတယ်။ ရုတ်တရင် သူ့ဆီရောက်လာခဲ့တာပဲ။ သဘောက သူ ကျန်းယွင်ကျူးအတွက် သွားချက်ပြုတ်ပေးမယ်ဆိုရင် သူမက သူ့ကို ဟင်းလျာတစ်မျိုးနှစ်မျိုးလောက် သင်ပေးမှာလား။

သူ့မျက်နှာသည် ပိုနီရဲလားပြီး သူ့နှလုံးခုန်နှုန်းကလည်း အမှတ်မထင် ပိုမြန်လာလေသည်။ ပထမအချက်မှာ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ရာ သာလွန်သည့်အရည်အချင်းက မရှိမဖြစ်ပင်။ ဒုတိယအချက်မှာ ကိုယ်ပိုင်သီးသန့်ဟင်းလျားများ ရှိထားခြင်းပင်။ အစပိုင်းက သူ့ကိုယ်သူ တော်လှပြီဟု ထင်ခဲ့မိသည်။ သို့သော် အခုတော့ ပထမအချက်နှင့် အလွန်ဝေးကွာနေသေးသည်။ ဒုတိယအချက်အတွက်တော့ သူ့တွင် ဘာတစ်ခုမှပင် မရှိပေ။

သူသာ ကျန်းယွင်ကျူးနောက် လိုက်ခဲ့လျှင်….

သူသည် ကျန်းယွင်ကျူး၏စားဖိုမှူးအဖြစ် ချက်ချင်းသဘောတူမည် ပြင်လိုက်သော်လည်း နောက်ဆုံး လူငယ်တစ်ယောက် မဟုတ်တော့ပေ။ သူ့တွင် ထောက်ပံ့ပေးရမည့် မိန်းမတစ်ယောက်ရှိပြီး နောက်ပိုင်းတွင် ကလေးများ ရှိလာလိမ့်မည်။ သူတို့ကို သူနှင့်အတူ ဒုက္ခခံခိုင်းလို့မဖြစ်ပေ။

“လစာကရော” မငြိမ်မသက်နှင့် သူက ကျန်းယွင်ကျူးကို မေးလိုက်လေသည်။

“ရှင် ယွင်ဟဲလိုမှာ တစ်လ ဘယ်လောက်ရလဲ” ကျန်းယွင်ကျူးက မေးလိုက်သည်။

“၉လျန်ပါ” ရွှယ်ကျင်းက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ကျူးက ထိုပတ်ဝန်းကျင်လောက် မှန်းထားပြီးသားပင်။

“ ကျွန်မ ရှင့်ကို တစ်လ ငွေတစ်စပေးမယ်၊ ဒီဆယ်နှစ်အတွင်းမှာ ရှင့်လုပ်ဆောင်ချက်အပေါ်မူတည်ပြီး လခတိုးပေးမယ်၊ နှစ်တိုင်း ဝေစုရဲ့တဝက်ကို အနည်းဆုံးတိုးပေးမယ်၊ ဆယ်နှစ်ပြည့်သွားရင်တော့ ရှင် ဆက်နေ မနေကတော့ ကျွန်မ ရှင့်ကို မတားပါဘူး။

ပြီးတော့ ကျွန်မ ရွာမှာ ရှင့်အတွက် အိမ်တစ်လုံးငှားပေးနိုင်တယ်၊ ဒီလိုဆိုရင် ရှင်လည်း နေစရာတစ်ခု ရှိလာမယ်”

ဝေစုရဲ့တစ်ဝက်ဆိုတာ ၁၀%ရဲ့တစ်ဝက် ဒါဆို ၅%။ ဒါက ခေတ်သစ်မှာ နှစ်စဥ်လစာတိုးပေးတဲ့ ပုံမှန်စံနှုန်း ဖြစ်သင့်တာလေ။ အိမ်ငှားပေးရတာကတော့ သူတို့တွေက နေ့လယ်စာနဲ့ ညစာကို လုပ်နေတာပြီးတော့ ချန်ရှီရွာက စီရင်စုမြို့နဲ့ အရမ်းဝေးတော့ ရွှယ်ကျင်းက ညနေစာလုပ်ပြီးရင် အိမ်ပြန်လို့ရတော့မှာ မဟုတ်ဘူး။

ရွာထဲက အိမ်ကလည်း စျေးမကြီးဘူးလေ။ သူကသာ တောရွာမှာ အလုပ်လာလုပ်မယ်ဆိုရင် သူတို့က နေစရာတစ်ခုတော့ ပြင်ဆင်ပေးရမှာပေါ့။

သူ သဘောမတူမည်စိုးသဖြင့် ကျန်းယွင်ကျူးက ဆက်ပြောလိုက်သည်။

“ နောက်ဆိုရင် ကျွန်မ စီရင်စုမြို့မှာ ဆိုင်လေးတစ်ခု လာဖွင့်ချင် ဖွင့်အုံးမှာ၊ အဲကျတော့ ရှင်တို့ ကျွန်မနောက်လိုက်လာရင် အများကြီး ပိုအဆင်ပြေလိမ့်မယ်”

အမှန်တွင်တော့ သူမက သည်စကားမပြောလျှင်ပင် ရွှယ်ကျင်းက သဘောတူပြီးသားပင်။ အခုတော့ သူသည် အမျိုးသမီးရွမ်ဘက် လှည့်ကြည့်လိုက်လေသည်။

အမျိုးသမီးရွမ်က သူ့အဓိပ္ပာယ်ကို နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။ ထို့ကြောင့် သူမက သူ့ကို ချက်ချင်း ခေါင်းညိတ်ပြလိုက်တော့သည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း သူမ ဆိုင်ဖွင့်ကတည်းက သူမနှင့် ရွှယ်ကျင်းတို့သည် စီးပွားရေး မလုပ်တတ်ကြမှန်း နားလည်လိုက်သည်။ ကျန်းယွင်ကျူးက လူကောင်းတစ်ယောက် ဖြစ်ပြီး အရည်အချင်းကောင်းများ ရှိသည်။ သူမနောက်လိုက်လျှင် ကောင်းလိမ့်မည်။

အဓိကကတော့ အန္တရာယ်ကင်းတယ်။ အဲဒီယုတ်မာတဲ့လူတွေအကြောင်း စဥ်းစားစရာမလိုတော့ဘူး။ ရွှယ်ကျင်းအတွက် ဆယ်နှစ်တာက ချည်ထားတဲ့ကြိုးတစ်ခုဆိုပေမဲ့ ဒါကလည်း ကတိတစ်ခုပဲမလား။

သည်လိုနှင့် ရွှယ်ကျင်းက မှင်တက်ကာဖြင့် အလုပ်ခန့်ခြင်းစာချုပ်တွင် လက်မှတ်ထိုးလိုက်တော့သည်။ ဆယ်နှစ်။ သူက သူ့ကိုယ်သူ ဆယ်နှစ်ဟု ပြောလိုက်လေသည်။ သူသည် ကြောက်ရွံ့မနေသလို စိုးရိမ်မှုလည်း မဖြစ်နေသယောင်။ သူက ချက်ချင်း နေပြန်ကောင်းချင်လာတော့သည်။ သို့မှသာ ကျန်ယွင်ကျူး၏လက်ရာကို ကြည့်ရှုနိုင်လိမ့်မည်။

အမှန်တွင်လည်း ကျန်းယွင်ကျူးသည် ရွှယ်ကျင်းက လေ့လာသင်ယူရာတွင် အလွန် စိတ်အားထက်သန်သည်ကို သတိထားမိခဲ့သည်။ သူ့ကို အခွင့်အရေးတစ်ခုလိုက်လျှင် သူ့အနာဂတ်က တောက်ပလာလိမ့်မည်။

ထို့အပြင် သူမကလည်း သူ့လိုလူတစ်ယောက်ကို လိုအပ်သည်။

သူမသည် သက်လတ်ပိုင်းယောက်ျားကို အကျိုးဆောင်ခပေးလိုက်ပြီးနောက် ရွှယ်ကျင်းနှင့် ချိန်းဆိုလိုက်သည်။ သူ နေကောင်းလာသည်နှင့် ကျန်းအိမ်သို့ ချက်ချင်းလာပြီး အလုပ်လုပ်ရမည်။ ကျန်းယွင်ကျးသည် စီရင်စုမြို့တွင် ပစ္စည်းအများအပြား ဝယ်လာပြီး ကျန်းချိန်နှင့် အိမ်ပြန်လာခဲ့လေသည်။

စီရင်စုမြို့ကိုသွားသည့် သည်ခရီးသည် အလွန်မှအောင်မြင်လေသည်။

အခန်း (၄၂.၂)

အိမ်ပြန်ရောက်ပြီးနောက် အိမ်တွင် ဧည့်သည့်တစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးလျို ဖြစ်နေ၏။

အမျိုးသမီးလျို၏ မျက်လုံးများသည် နီနေသော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

ကျန်းယွင်ကျူး ပြန်လာသည်ကို မြင်လိုက်ရသဖြင့် သူမက ချက်ချင်းထရပ်လိုက်ပြီး

“ ယွင်ကျူး ပြန်လာပြီလား”

“အင်း အဒေါ် ဘယ်တုန်းက ရောက်တာလဲ” ကျန်းယွင်ကျူးက ပြန်ပြုံးပြလိုက်သည်။

“ ရောက်တာမကြာသေးပါဘူး၊ အို ဟုတ်သားပဲ လာလာ၊ ဒီအဝတ်အစားကို ဝတ်ကြည့်ပါအုံး”

အမျိုးသမီးလျိုက ပြောရင်းဆိုရင်း သူမဘေးက အိတ်တစ်ခုကိုဖွင့်ကာ အထဲက အဝတ်အစားတစ်စုံကို ထုတ်လိုက်ပြီး ကျန်ယွင်ကျူးကို လှမ်းပေးလိုက်သည်။

တည်သီးရောင် ဝတ်စုံပါးလေးတစ်ထည်ဖြစ်သည်။ ကော်လံနှင့် လက်အနားများကို နှင်းဖြူရောင် ယုန်မွေးနှင့် အနားကွပ်ထားသည်။ ဝတ်စုံကို အစိမ်းရောင်ဇာမဏီငှက်ပုံစံ ပန်းထိုးထားသည်။ ကျန်းယွင်ကျူး၏ အကြိုက်ဖြစ်လေရာ သူမသည် သည်ဝတ်စုံကို အလွန်လှသည်ဟု ခံစားလိုက်ရသည်။

“ အဒေါ်ရယ် ဒါကဘာလဲ”

ကျန်းယွင်ကျူးသည် အမျိုးသမီးလျို၏ မျက်လုံးများ နီရဲနေရသည့်အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားတော့သည်။ သူမက အဝတ်အစားချုပ်ဖို့ နောက်ကျတဲ့အထိ နေခဲ့တာပဲ။

“သမီးအတွက်ပါ စမ်းဝတ်ကြည့်ပါအုံး” အမျိုးသမီးလျိုက ပြောလိုက်သည်။

“ ဘယ်ဖြစ်မှာလဲ”

ကျန်းယွင်ကျူးသည် အဝတ်အစားက အလွန်ကောင်းသည့်ပစ္စည်းများဖြင့် လုပ်ထားသည့်ကို တွေ့လိုက်ရသည်။ အမျိုးသမီးလျိုလိုမုဆိုးမနဲ့ လူမမည်ကလေးက….

“ အဒေါ် ချုပ်ပြီးသွားပြီလေ၊ သမီးက ဒါကို မဝတ်ဘူးဆိုရင် ပိုပြီး အပြစ်ရှိသလို ခံစားရလိမ့်မယ်”

အမျိုးသမီးလျိုက ပြန်ပြောလိုက်သည်။

သူမက ထိုသို့ပြောလိုက်ချိန်တွင် အမျိုးသမီးချန်ကလည်း သူမကို ဖျောင်းဖျလိုက်တော့သည်။ ကျန်းယွင်ကျူးက အဝတ်အစားကို ကိုင်ထားပြီး လဲဝတ်ဖို့ အခန်းထဲ ဝင်သွားရတော့သည်။

ခဏကြာပြီးနောက်တွင် သူမသည် အဝတ်အစားလဲလိုက်ပြီး အပြင်ထွက်လာခဲ့လေသည်။

တံခါးလိုက်ကာကို ပင့်လိုက်သည့် အခိုက်တန့်လေးတွင် အမျိုးသမီးလျိုနှင့် အမျိုးသမီးချန်နှစ်ယောက်လုံးက မှင်တက်အံ့ဩသွားကြတော့သည်။ သူတို့နှစ်ယောက်လုံးက ကျန်းယွင်ကျူး လှပမှန်း သိပြီးသာပင်။ သို့သော် သည်လို လှပပြီးနှိုင်းယှဥ်လို့မရနိုင်သည့်လူကိုတော့…

“အမေ အဒေါ်လျို ဘယ်လိုနေလဲ” ကျန်းယွင်ကျူးက မေးလိုက်၏။

အမှန်တွင်တော့ သည်အဝတ်အစား၏ခါးက နည်းနည်းကျပ်လွန်းသည်ဟု ခံစားရသည်။ သူမက ချောင်ချောင်ချိချိနှင့် သက်သောင့်သက်သာဖြစ်သည်ကို ပိုကြိုက်လေသည်။ သို့သော် ဒါက တခြားလူက စေတနာနှင့် ပေးသည့်လက်ဆောင်ဖြစ်နေသည်။ အနည်းဆုံးတော့ အပြစ်မရှာဘဲ လူများ၏စိတ်ကို အေးချမ်းအောင် လုပ်ပေးလိုက်သည့် ပိုကောင်းမည်။

“လှတယ်” “လှတယ်”

အမျိုးသမီးလျိုနှင့် အမျိုးသမီးချန်တို့က ရှေ့ဆင့်နောက်ဆင့် ပြောလိုက်ကြသည်။

အမျိုးသမီးချန်က ထရပ်လိုက်ပြီး ကျန်းယွင်ကျူး၏လက်ကို ကိုင်လိုက်ကာ ခေါင်းအစခြေအဆုံး ကြည့်လိုက်လေသည်။ ဘယ်လိုပဲ ကြည့်ကြည့် ကြည့်လို့ကို မဝဘူး။ ဒါက သူမရဲ့သမီးတဲ့လား။ ဒါက သူမရဲ့သမီးတဲ့လေ။ သူမရဲ့သမီးချောလေး။

“အဒေါ်ကတော့ နန်းတော်ထဲက မိဖုရားတွေတောင် ယွင်ကျူးလောက် လှကြမှာမဟုတ်ဘူးလို့ ခံစားရတယ်” အမျိူးသမီးလျိုုက ချီးကျူးလိုက်သည်။ ဒါပေါ့ သူမက နန်းတော်ထဲက မိဖုရားတွေကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါပေမဲ့ သူမရဲ့စိတ်ထဲမှာတော့ ဒီလောကမှာ နန်းတော်ထဲက မိဖုရားတွေက အလှဆုံးအမျိုးသမီးတွေ ဖြစ်သင့်တယ်ဆိုပေမဲ့ ကျန်းယွင်ကျူးနဲ့တော့ မယှဥ်နိုင်ပါဘူး။

ထိုစကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးချန်မှာ ပိုလို့ပင် ပျော်သွားတော့သည်။

ကျန်းယွင်ကျူးက တစ်ခုခု ပြောမည်ပြင်လိုက်၏။ သို့သော် သူမသည် တစ်ခုခုကို ရုတ်တရက် ခံစားမိလိုက်လေသည်။ ခြံဝင်းထဲသို့ အကြည့်တွင် သူမသည် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က ထိုနေရာတွင် ရပ်နေပြီး သူမကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူတို့ထဲက ဘယ်သူမှ သူတို့ပြန်လာသည်ကို မသိလိုက်ကြပေ။

မူလက ပျော့ပြောင်းပြီး ကျက်သရေရှိလှသည့် ဘေးတစောင်းပုံရိပ်လေးနှင့် အလှဆုံးဖြစ်ကာ နှိုင်းရက်စရာ မရှိလောက်အောင် ချောမောလေသည်။ သူမက လှည့်ကြည့်လိုက်ချိန်တွင် နှင်းဖြူရောင် ယုန်မွေးများ ဝန်းရံထားသည့် မျက်နှာလေးတစ်ခု ပေါ်လာခဲ့သည်။

ကျန်းယွင်ကျူသည် ဒိတ်ခနဲ ရင်ခုန်သွားတော့သည်။ အကြောင်းမှာ ထိုအခိုက်လေးတွင် ရှန်ဖုန်းမင်၏ မျက်လုံးများက အလွန်မှ နက်မှောင်နေရာ သူမကို ဝါးမျိုချင်နေသည့်နှယ်။

ယန်ရှန့်က ရှန်ဖုန်းမင်၏ ပခုံးကို ပုတ်လိုက်ပြီး အလှအပအကြောင်း တစ်ခွန်းနှစ်ခွန်းလောက် ပြောချင်ခဲ့လေသည်။ သူ့အသက်ရှူသံက ပြင်းထန်နေသည်ကို ကြားလိုက်ရ၏။ ဒီလိုဖြစ်နေတာတောင် သူက ဒါကို ထိန်းထားနိုင်သေးတယ်။ သူ့ရဲ့ တကယ့် ရာသက်ပန်ရေခဲတုံးကြီးတစ်ယောက်ပဲ။

သူ ဒီလိုကြီးဖြစ်နေမှတော့ ဘယ်တော့မှ မိန်းမလှတစ်ယောက်ကို ပွေ့ဖက်နိုင်တော့မှာတုံး။

သူသည် ရုတ်တရက်ဆိုသလို အော်ရယ်ချင်သွားတော့သည်။ ထို့ကြောင့် သူက ရယ်သွမ်းသွေးကာ ပြောလိုက်တော့သည်။

“ နန်းတော်က မိဖုရားတွေက တကယ့်ကို ပိုလှတာပဲ”

ကျန်းယွင်ကျူး : …. သူမက နန်းတော်က မိဖုရားတွေနဲ့တွေ့ဖို့ ကံကောင်းအုံးမှကိုး။

ယန်ရှန့်က ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး ထပ်ပြောလိုက်လေသည်။

“ အဝတ်အစားက လှတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ ရတနာတစ်ခုမှ မရှိဘူးနော်”

သူက နောက်ဆုံးတစ်ခွန်းကို ပြောလိုက်ချိန်တွင် ရှန်ဖုန်းမင်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။

သို့သော်ငြား ကျွန်းယွင်ကျူးက သည်ခေါင်းစဥ်ကို မြန်မြန်အဆုံးသတ်ချင်လိုက်သည်။

“ သမီး အခန်းထဲပြန်ပြီး အဝတ်အစားပြန်လဲလိုက်အုံးမယ်”

သူမက အခန်းထဲသို့ လှည့်ဝင်သွားတော့သည်။

သူမ ပြန်လာသည့်အချိန်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က ထိုနေရာတွင် ရှိနေသေးသည်။ သူတို့သည် တခြားအကြောင်းအရာများကို ပြောနေကြသည်။ သူမက ယန်ရှန့်ကို တစ်ခုခုပေးစရာ ရှိလာသည်။

“ ဝက်အူချောင်းက လုပ်ပြီးတော့မယ်၊ ခဏလောက်အခြောက်ခံပြီးရင် စားလို့ရပြီ၊ ကျန်တာကိုတော့ ရှင်တို့မသွားခင် လုပ်ပေးရမလား ဒါမှမဟုတ်…”

“ အရင် လုပ်ထားလိုက်ပါ၊ ပြီးသွားရင် ကျွန်တော် ချက်ချင်း ပြန်ပို့ပေးလိုက်မယ်” ယန်ရှန့်က စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။

ကျန်းယွင်ကျူးကတော့ စိတ်ထဲမရှိပေ။ သည်နေ့ စလုပ်ဖို့ဆုံးဖြတ်လိုက်တော့သည်။

အမှန်တွင်တော့ သည်ပစ္စည်းများသည့် လျန်၂၀သာ တန်လေသည်။ မြို့တော်သို့ အထူး ပြန်ပို့ရမည်ဆိုလျှင် ခရီးစားရိတ်က ကုန်ကျစရိတ်ထက်ပင် များသေးသည်။

ယန်ရှန့်က ကျန်းယွင်ကျူးကို တစ်ခုခု မေးချင်ခဲ့သော်လည်း မည်သို့မေးရမည်မသိသဖြင့် အလွန် ပူပန်နေလေသည်။ ရုတ်တရက်ဆိုသလို ထိုနေ့က နတ်သမီးပေါ်လာပုံနှင့် လူများက ထိုအရာကိုမြင်သွားခဲ့သည်ကို သတိရသွားလေသည်။ ဒါကို မြင်ရင် သူ့အတွက်တော့ အဓိပ္ပာယ်ရှိမှာပါ ဟုတ်တယ်မလား။

ထို့ကြောင့် သူက ကျန်းယွင်ကျူးကို မေးလိုက်တော့သည်။

“ ကျွန်တော် ပြီးခဲ့တဲ့တစ်ခေါက် မပြန်ခင်တုန်းကလေ ရှီဖုန်းတောင်ပေါ်မှာ နတ်သမီးတစ်ပါး ပေါ်လာတာကို မြင်ခဲ့တယ်၊ ဘာတွေဖြစ်သွားတာလို့ ထင်လဲ”

ကျန်းယွင်ကျူးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူ့ကို မျက်လုံးပင့်ကြည့်လိုက်လေသည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူအရာဘာမှ မတွေ့ရချေ။ သူမသည် မြန်သွားသည့် နှလုံးခုန်နှုန်းကို တည်ငြိမ်အောင်လုပ်လိုက်လေသည်။ ဒီကိစ္စကို ချီလင်သက်တော်စောင့်တွေက ဖုံးကွယ်ထားလိမ့်မယ်လို့ မထင်ထားဘူး။ သူမက ဘုရားကျောင်းမှာ အမွှေးတိုင် မပြတ်ထွန်းနေဖို့ ကူညီလိုက်တာပဲလေ။ ဒီတော့ ဘာမှ မဖြစ်လောက်ပါဘူး။

သူက ဒီအတိုင်း သိချင်နေတာများလား။

ကျန်းယွင်ကျူးက ထိုကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ ကျွန်မလည်း နတ်သမီးပေါ်လာတာကို မြင်လိုက်ပါတယ်၊ ဒါပေမဲ့ အရမ်းကို ခပ်ရေးရေးလေးပါပဲ၊ ကျွန်မ ကိစ္စတစ်ခုကို သတိရသွားတယ်၊ ကျွန်မအရင်က ရုပ်သေးအရိပ်ပြဇာတ်တွေကို ကြည့်ခဲ့ဖူးတယ်လေ ပြီးတော့ ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ နောက်ပိုင်းကျတော့ ကျွန်မ သိလိုက်ရတယ်။ ပြတင်းပေါက်တစ်ခုမှာ အပေါက်လေးတစ်ခု ဖောက်ပြီး လူတစ်ယောက်က လက်ထဲမှာ တောက်ပြောင်ချောမွတ်ပြီး ကြည်လင်နေတဲ့ ပစ္စည်းတစ်ခု ကိုင်ထားပြီး ပြတင်းပေါက် အနောက်ဘက်မှာ ရပ်နေရင် ဖယောင်းတိုင်းရဲ့ ရောင်ပြန်ဟပ်လာတဲ့ပုံရိပ်ကို မြင်ရတယ်လေ။

ဒါက အဲတစ်ခုနဲ့ နည်းနည်းတူတယ်၊ ဒါပေမဲ့ ကျွန်မ ခန့်မှန်းကြည့်ရုံလောက်ပါပဲ၊ တကယ် နတ်သမီးတစ်ပါး ပေါ်လာတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”

တကယ်တော့ ဒါက အပေါက်ငယ်တစ်ခုကနေ အရိပ်ထိုးပေးလိုက်တာပဲလေ။ ရှီဖုန်းတောင်ရဲ့ အနောက်ဘက်က တောင်မှာ မှန်လိုပြောင်နေတဲ့ ချောက်ကမ်းပါးတစ်ခုရှိတော့ ဒီကိစ္စအတွက် အဆင်ပြေသွားတာပေါ့။

ဘာ နတ်သမီး ပေါ်လာရမှာလဲ။ တကယ်တော့ ပုံရိပ်ကဖြင့် အရမ်းကိုဝိုးတိုးဝါးတားရယ်ပါ။ ခေတ်သစ်နည်းပညာ ပရိုဂျက်တာကို လုံးဝမမီပါဘူး။

သူမက လူတွေကို အခြေအနေရှုပ်ထွေးသွားအောင် တမင်လုပ်ထားပြီး နတ်သမီးတစ်ပါး ပေါ်လာတယ်လို့ ပြောလိုက်တာ။

သူမသည် ထိုသို့ပြောလိုက်ချိန်တွင် ယန်ရှန့်က ချက်ချင်းစိတ်ဝင်စားသွားပြီး သူကိုယ်တိုင် ကစားချင်လာတော့သည်။

သည်အခိုက်တွင် ရှန်ဖုန်းမင်က ပြောလိုက်၏။

“ ‘မော့ရဲ့အတွေ့အကြုံ’ ထဲမှာ စကားပုံတစ်ခုရှိတယ်၊ လူတစ်ယောက်ရဲ့ အလင်းရောင်က အခိုက်တန့်လေးပဲ၊ အောက်မှာရောက်နေတဲ့သူက အပေါ်မှာရှိနေပြီး အပေါ်မှာရောက်နေတဲ့သူက အောက်မှာရှိနေတယ်၊ ခြေထောက်တွေက အောက်အလင်းရောင်ကို ကာထားတယ်၊ ဒါကြောင့် နောက်ခံပိတ်ကားက အပေါ်မှာသွားပေါ်တယ်၊ ခေါင်းက အပေါ်ကအလင်းရောင်ကို ကွယ်ထားတော့ နောက်ခံပိတ်ကားက အောက်မှာလာပေါ်တယ်၊ နီးနီးဝေးဝေး အစွန်အဖျားနဲ့ အလင်းက ရှိတာပဲ၊ ဒါကြောင့် ဒါက ပိတ်ကားအဟောင်းထဲမှာပဲ ရှိတဲ့မြင်ကွင်းတစ်ခုပဲ”

သည်စာပိုဒ်၏ အဓိပ္ပာယ်မှာ အပေါက်ငယ်လေးဖြင့် ပုံရိပ်ဖော်ထားသည့်အကြောင်းကို ဖော်ပြလိုက်ရုံမဘဲ သူ့သဘောတရားကိုပါ အကျဥ်းချုပ်ပြောလိုက်ခြင်းပင်။

ကျန်းယွင်ကျူးသည် မော့ဇီက ဒါကို မှတ်တမ်းပြုထားပြီးဖြစ်မည်ဟု လုံးဝ မထင်မထားခဲ့ပေ။ ထို့အပြင် ရှန်ဖုန်းမင်က ထိုအကြောင်းကို သိနေလေသည်။

ယန်ရှန့်ကတော့ စဥ်းစားနေသည့် မျက်နှာထားတစ်ခုနှင့်

“ အဲလိုလား ငါဘာလို့ မသိခဲ့တာလဲ”

“မင်းက ကျောင်းမှာတုန်းက နိုးနေတဲ့အချိန်ထက် အိပ်နေတဲ့အချိန်က ပိုများတယ်လေ”

ရှန်ဖုန်းမင်က ပြောလိုက်သည်။

ယန်ရှန့် :….

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset