အပိုင်း (၃၇)
ဒုတိယနေ့တွင် ကျန်းယွင်ကျူးက ထမင်ဘူးလုပ်ငန်းကို ဆက်လုပ်လိုက်သည်။ သေချာပါသည်။ သည်နေ့ အစားအသောက်မှာသည့် လူအရေအတွက်မှာ လျော့မသွားပေ။
သည်နေ့ နေ့လယ်ခင်းတွင် သူမက အနားယူမည်ပြင်နေစဥ် လူတစ်ယောက်က တံခါး လာခေါက်လေသည်။
အမျိုးသမီးချန်က တံခါးလာဖွင့်ပေးပြီး ဝမ်းသာစွာ ပြောလိုက်လေသည်။
“ရှင်တို့ ရောက်လာပြီပဲ”
လုယွမ်ကို ခေါ်လာသည့် အမျိုးသမီးလျိုဖြစ်နေသည်။ ဝေ့ခမ်းဖျင်က သူမဘေးက ပါလာ၏။ သူသည် လက်ထဲတွင် ပစ္စည်းများစွာကို သယ်ထားလေသည်။
သူက အမျိုးသမီးချန်တို့အတွက် ပစ္စည်းများကို ဧည့်ခန်းသို့ သယ်လာကာ ချပေးလိုက်သည်။ သူက အပြုံးတစ်ခုနှင့် ရှင်းပြလေသည်။
“ စုန့်ကျီသရေစာ၊ ပေါင်ဖုလို ကြက်ကင်နဲ့ တောင်ပိုင်းက လိမ္မော်သီးနည်းနည်းပါးပါး စားကြည့်လိုက်ရအောင် ယူလာပေးတာပါ”
အမျိုးသမီးချန်က အနည်းငယ် မြောက်သွားတော့သည်။ မုန့်တွေ၊ ကြက်ကင်တွေနဲ့ လိမ္မော်သီးတွေပါလား။ သူမက ဒါတွေကို ပြီးခဲ့တစ်ခေါက် စီရင်စုမြို့ကိုသွားတုန်းက တွေ့ခဲ့တယ်လေ။ အရမ်း စျေးကြီးတာတွေပဲ။
“ မဖြစ်ပါဘူး၊ တကယ်မဖြစ်ပါဘူး၊ ကျွန်မတို့ ဒါတွေ လက်မခံနိုင်ပါဘူး” သူမက ငြင်းလိုက်၏။
“ယောက်မကြီးချန်ရယ် လက်ခံထားလိုက်ပါ၊ ကျွန်မက ရှင့်ကို ကျေးဇူးတင်လို့ပေးတာကို သဘောထားပေးပါ” အမျိုးသမီးလျိုက တစ်ခါတည်း ဝင်ထောက်ခံလေသည်။
အမျိုးသမီးချန်က သူမကို ကျင်းနျိုရွာမှာ ထွက်သွားဖို့ သတိပေးခဲ့ခြင်းကြောင့်ဟု မှတ်ယူလိုက်ပြီး ပြန်ပြောလိုက်လေသည်။
“ ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး”
သူမက စကားနည်းနည်းပါးပါးသာ ပြောလိုက်သည်။ တကယ်မဖြစ်ပါဘူးလေ။
အမှန်တွင်တော့ အမျိုးသမီးလျိုက ထိုကိစ္စကို ရည်ရွယ်ချင်းမဟုတ်ပေ။ သူမက အမျိုးသမီးချန်ကို ဝေ့ခမ်းဖျင်နှင့် တွေ့ခွင့်ရအောင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်နေခြင်းပင်။ သို့သော် ကိစ္စက အဆုံးမသတ်သေးသလို ရှင်းလင်းအောင်လည်း ရှင်းပြလို့မရနိုင်ပေ။ သူမက အမျိုးသမီးချန်အား လက်ခံပေးဖို့သာ ပြောနိုင်တော့သည်။
အမျိုးသမီးချန်က မတတ်သာတော့ဘဲ ပစ္စည်းများကို လက်ခံလိုက်ပြီး သူတို့ကို အခန်းထဲတွင် ထိုင်ခိုင်းလိုက်တော့သည်။
“အစ်ကိုကြီးကျန်းရော ဘယ်သွားလဲ”
အမျိုးသမီးလျို့က ကျန်းချိန်ကို အခန်းထဲတွင်မတွေ့ရသဖြင့် မေးလိုက်သည်လေ။
“ သူလား”
အမျိုးသမီးချန်က ရယ်မောလိုက်ပြီး
“ အဲဒီလားကို ရပြီးကတည်းက ပျော်လွန်းလို့ နေ့တိုင်း အိပ်မပျော်နိုင်ဖြစ်နေတာလေ၊ သူက လမ်းတွေ ရင်းနှီးအောင်ဆိုပြီး လားတစ်ကောင်နဲ့ ပတ်သွားနေလေရဲ့”
သည်အချိန်တွင် ကျန်းယွင်ကျူး၊ ကျန်းလင်နှင့် တခြားသူများက အခန်းထဲဝင်လာကြသည်။ အမျိုးသမီးလျိုက ပစ္စည်းများယူလာပြီး သူတို့သည် ဧည့်သည်များ ဖြစ်ကြသည်။ မိသားစုဝင်များအနေဖြင့် သူတို့သည် ဧည့်သည်ကို နှုတ်ဆက်ရမည်။
ကျန်လူများက လွန်လွန်ကဲကဲ မဖြစ်ကြပေ။ ဝေ့ခမ်းဖျင်တစ်ယောက်သာ ကျန်းယွင်ကျူးကို တွေ့လိုက်ချိန်တွင် သူ့မျက်လုံးများက လင်းလက်လာတော့သည်။ ဟိုနေ့က လားနဲ့ မြင်းစျေးမှာတုန်းက လှမ်းကြည့်လိုက်တဲ့အချိန်တုန်းက သူမကို အနီးကပ်ကြည့်ဖို့ အချိန်မရလိုက်ဘူးလေ။ ဒီနေ့မှာ သူမကို ကြည့်ရတာ ဟိုနေ့ကထက် ပိုလှနေသလိုပဲ။
ကျန်းယွင်ကျူးမှာ တစ်ယောက်ယောက်က သူမကို ကြည့်နေသလို ခံစားလိုက်ရပြီး လှမ်းကြည့်လိုက်လေသည်။ သူမသည် ဝေ့ခမ်းဖျင်၏အကြည့်နှင့် ဆုံသွားတော့သည်။
ဝေ့ခမ်းဖျင်က လူကြီးလူကောင်းတစ်ယောက် အသွင်ဖြင့် မသိမသာ ခေါင်းညိတ်ပြလေသည်။ သူယူဆထားသည့် ကျန်းယွင်ကျူး၏မျက်လုံးထဲတွင် အမှန်တကယ် မျက်နှာလိုမျက်နှာရ လုပ်နေခြင်းဖြစ်ပြီး ‘ ငါက အကောင်းဆုံးပဲ’ ဟူသည့် အတ္တဗဟိုပြုခံစားချက်ကို ပေးနေလေသည်။
ကျန်းယွင်ကျူးက သူမအကြည့်ကို လွှဲလိုက်ပြီး ဟိုတနေ့က ကိစ္စက သူမ၏စိတ်ထင်နေခြင်းမဟုတ်မှန်း စဥ်းစားမိလိုက်တော့သည်။ ဒီဝေ့ခမ်းဖျင်က….
“ လမ်းနဲ့ ရင်းနှီးအောင်ဟုတ်လား၊ ဘယ်လမ်းနဲ့ ရင်းနှီးအောင်လဲ”
အမျိုးသမီးလျိုက ခုနက အမျိုးသမီးချန်၏စကားကို ပြန်မေးလိုက်လေသည်။
အမျိုးသမီးချန်က နောက်ပိုင်းကျလျှင် အငှားလိုက်ပြီး ငွေရှာမည့် ကျန်းချိန်၏အစီအစဥ်ကို ရှင်းပြလိုက်လေသည်။
အမျိုးသမီးချန်က နားထောင်ရင်း ဒါက အလုပ်ကောင်းတစ်ခုဟု ခံစားမိလိုက်သည်။ ဒါပေမဲ့ ဘာလို့ နောက်ပိုင်းမှလဲ။ လားကိုလည်း ဝယ်ထားပြီးပြီလေ။
လှည်းတစ်စီးဝယ်ဖို့ရာ ငွေမရှိပေ။ အမျိုးသမီးချန်က ရှက်ရှက်နှင့် ပြောလိုက်တော့သည်။
အမျိုးသမီးလျိုက ခန့်မှန်းမိသွားပြီး ချက်ချင်း ကမ်းလှမ်းလိုက်လေသည်။
“ယောက်မကြီးချန် ရှင် ငွေလိုနေရင် ကျွန်မ ပြောနော်၊ ကျွန်မမှာ ရှိပါသေးတယ်”
သူမက လူမမည်ကလေးတစ်ယောက်နဲ့ မုဆိုးမလေ။ အမျိုးသမီးချန်က သူမဆီက ငွေကို ဘယ်လိုလုပ် ချေးရက်မှာလဲ။ ထို့ကြောင့် သူမက မလိုကြောင်း မြန်မြန်ပြောလိုက်တော့သည်။
“ ငွေလိုနေရင် ကျွန်တော့်မှာ နည်းနည်းပါလာသေးတယ်၊ မရီးကြီး ဒါကို ယူထားလိုက်ပြီး သုံးလိုက်ပါ၊ နောက်ပိုင်း အဆင်ပြေလာမှ ပြန်ပေးပေါ့၊ မပြေဘူးဆိုလည်း ကိစ္စမရှိပါဘူး”
ဝေ့ခမ်းဖျင်က ပြောလိုက်ပြီး ၁၀လျန်တန်ဖိုးရှိ ငွေတစ်စကိုပင် ထုတ်ကာ အမျိုးသမီးချန်ထံ လှမ်းပေးလိုက်လေသည်။
ဒါက ၁၀ လျန်ပဲ။
အမျိုးသမီးချန်က အံ့ဩသွားပြီး မြန်မြန် ငြင်းလိုက်တော့သည်။
“ မလိုဘူး၊ မလိုပါဘူး၊ တကယ်မလိုတာပါ” သူမက အခါခါပြောလိုက်လေသည်။
သူမက ကိုယ်ကို ရှောင်လိုက်သဖြင့် သူမဘေးတွင် ထိုင်နေသည့် ကျန်းယွင်ကျူးက ပေါ်လာလေသည်။
သူ့လက်မောင်းကို လှည့်လိုက်ပြီး ဝေ့ခမ်းဖျင်က ကျန်းယွင်ကျူး၏လက်ထဲ ငွေကို ထိုးထည့်ပေးလိုက်ကာ ပြောလိုက်လေသည်။
“ညီမ မင်းအမေအတွက် သိမ်းထားလိုက်ပါ”
သူက အမျိုးသမီးချန်ကို ‘မရီး’ဟုခေါ်ပြီး ကျန်းယွင်ကျူးကိုတော့ ‘ညီမ’ဟုခေါ်လိုက်သည်။
“ လက်မခံရဲပါဘူးရှင်”
ကျန်းယွင်ကျူးက သူ့လက်ကို ကျင်လည်စွာ ရှောင်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
ဝေ့ခမ်းဖျင်က နေရာတွင်ပင် ရပ်သွားတော့သည်။ နည်းနည်း ကို့ယို့ကားယားဖြစ်သွားလေသည်။
“ မြန်မြန်သိမ်းထားလိုက်ပါ၊ ရှင် ကျွန်မတို့ကို အများကြီး ကူညီခဲ့ပြီးပါပြီ”
အမျိုးသမီးချန်က အခြေအနေကို မြန်မြန် ဖြေရှင်းလိုက်သည်။ တစ်ဖက်လူကလည်း စေတနာမပါဘဲ လုပ်နေခြင်းပင်။
“ ကောင်းပါပြီဗျာ၊ ဒါဆို ငွေလိုတဲ့အခါတိုင်း ကျွန်တော့်ဆီကို လာခဲ့ပါ” ဝေ့ခမ်းဖျင်က ပြောလိုက်သည်။
သည်ကိစ္စဖြစ်သွားပြီးနောက် အားလုံးက စကားစမြည်ပြောလိုက်ကြပြီး ကျန်းနျိုရွာက ကိစ္စအကြောင်းကို ပြောလိုက်ကြကာ သက်ပြင်းချမိကြလေသည်။
စကားပြောနေရင်း အမျိုးသမီးချန်က လုယွမ့်မှာ အလွန်လိမ္မာပြီး ချစ်စရာကောင်းသည်ကို သတိထားမိသွားတော့သည်။ ထို့ကြောင့် သူမက ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီး အိမ်တွင် စားစရာတစ်ခုခု ရှိသလားဟု မေးရင်း ကလေးအတွက် နည်းနည်းပါးပါး ယူလာဖို့ပြောလိုက်သည်။
ကျန်းမိသားစုတွင် ဘာသရေစာမှမရှိချေ။ ကျန်းယွင်ကျူးက နေ့လယ်ကလုပ်ထားသည့် ကောက်ညင်းကြာစွယ် ရှိသေးသည်ကို သတိရသွားသည်။ သူမက ထရပ်လိုက်ပြီး မီးဖိုထဲသို့ ဝင်သွားလေသည်။
သူမသည် အိုးထဲက ကောက်ညင်းကြာစွယ်ကို တွေ့လိုက်ရသည်။ လုယွမ့်၏အသက်ကို စဥ်းစားလိုက်ပြီး လုယွမ့်ကို မပေးခင် သူမက ကြာစွယ်များကို စဥ်းနှီတုံးပေါ်တင်လိုက်ကာ ကြာစွယ်များကို အပိုင်းသေးသေးလေး ဖြစ်အောင် လှီးဖြတ်ပေးလိုက်သည်။ ဒီလိုဆိုရင် သူ စားဖို့ ပိုလွယ်သွားပြီ။
“ညီမ ဒါက ဘာလဲ၊ အနံ့က မွှေးနေတာပဲ”
ဝေ့ခမ်းဖျင်က မီးဖိုဆောင်ထဲသို့ အကြောင်းပြကာ ရောက်လာပြီး အိုးကိုကြည့်ရင်း အပြုံးတစ်ခုနှင့် မေးလိုက်လေသည်။
ကျန်းယွင်ကျူးက ခပ်တိုတိုပြန်ဖြေလိုက်သည်။
“ ကောက်ညင်းကြာစွယ်ပါ”
“ ကောင်းညင်ကြာစွယ်ဟုတ်လား၊ အဲဒါဘာလဲ”
ကျန်းယွင်ကျူးက သူ့ကို စကားဆက်မပြောချင်တော့ပေ။
ဝေ့ခမ်းဖျင်က ပြုံးလိုက်ပြီး သူ့အင်္ကျီလက်ထဲက ဘူးလေးတစ်ခုကို ထုတ်လိုက်ကာ ဖွင့်လိုက်ပြီး ကျန်းယွင်ကျူးကို လှမ်းပေးလိုက်လေသည်။
“ ညီမရယ် ကြည့်ပါအုံး၊ မင်းက အဲလောက်တာကို၊ ခေါင်းမှာ ဆံထိုးတစ်ခုတောင် မထိုးထားဘူး၊ အရမ်းရိုးရှင်းနေတယ်။ ဒါက ညီမအတွက်ပါ”
ဘူးထဲတွင် လိပ်ပြာပုံစံ ပုတီးပန်းဆံထိုးတစ်ခုက လင်းလက်တောက်ပနေသည်။
ကျန်းယွင်ကျူးကသာ သာမန်မိသားစုတစ်ခုက မိန်းကလေးတစ်ယောက်ဖြစ်ပြီး အလှအပကြိုက်သည့် အရွယ်ဖြစ်ခဲ့လျှင် သူမသည် သည်လှပသည့် လိပ်ပြာပုံပန်းဆံထိုးကိုမြင်ပြီး သေချာပေါက် လိုချင်သွားလိမ့်မည်။ ဆိုးတာပဲ။ သူမက မလိုချင်ဘူးလေ။ အန်းဖင်နယ်စားအိမ်တော်မှ သူမဝတ်ခဲ့တဲ့ ကျောက်စိမ်းပုတီးဆံထိုး မပြောနဲ့ ခေတ်သစ်မှာတောင် ဒီပုလဲပန်းဆံထိုးထက် အများကြီးလှတာ တွေ့ခဲ့ဖူးသားပဲ။
“မလိုပါဘူး”
ကျန်းယွင်ကျူးက ကြာစွယ်ကောက်ညင်းကို ပန်းကန်လုံးတစ်ခုထဲ ထည့်လိုက်ပြီး မီးဖိုဆောင်မှာ ချက်ချင်းလှည့်ထွက်လာခဲ့လိုက်သည်။
ဝေ့ခမ်းဖျင်၏ မျက်နှာပေါ်က အပြုံးက အေးခဲသွားလေသည်။ သူ့အတိတ်က ပြိုင်ဘက်ကင်းပရိယာယ်တွေက ကျန်းယွင်ကျူးဆီမှာ အလုပ်မဖြစ်ဘူးတဲ့။
သူသည် ကျန်းယွင်ကျူး၏ကျောပြင်ကို ကြည့်နေလိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အရိပ်တစ်ခု ပေါ်လာလေသည်။
အခန်းထဲတွင် ကျန်းယွင်ကျူးက ကြာစွယ်ကောက်ညင်းကို လုယွမ့်အား ပေးလိုက်သည်။
လုယွမ့်မှာ ကြာစွယ်ကောက်ညင်း၏ အနံ့ကြောင့် အလွန်ပျော်သွားလေသည်။ သူက အမျိုးသမီးလျိုကို ကြည့်လိုက်၏။
“ ဒါက ကြာစွယ်ကောက်ညင်းတဲ့၊ ယွင်ကျူး လုပ်ထားတာ၊ ယွမ့်အာ စားကြည့်ပါအုံး”
အမျိုးသမီးချန်အပြုံးတစ်ခုနှင့် တိုက်တွန်းလိုက်သည်။
“ သားရဲ့အစ်မယွင်ကျူးက သားကိုပေးတာလေ၊ မြန်မြန်စားလိုက်”
အမျိုးသမီးလျိုက လုယွမ့်ကို ပြုံးပြလိုက်၏။
“ဒါနဲ့ သားက ဘာလိုချင်တာလဲ”
“ကျေးဇူးတင်ပါတယ် အစ်မယွင်ကျူး”
လုယွမ့်က ကြာစွယ်ကောက်ညင်းထည့်ထားသည့် ပန်းကန်လုံးကို ယူလိုက်ပြီး သူမျက်နှာသေးသေးလေးနှင့် ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။
“ရပါတယ်ရှင်” ကျန်းယွင်ကျူးက သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး သူမ၏စိတ်ထဲတွင် လေးလံသွားတော့သည်။ ဒီဝေ့ခမ်းဖျင်က လူကောင်း မဟုတ်ဘူးပဲ။ အမျိုးသမီးလျိုနဲ့ ဒီကလေးကတော့…
သည်အခိုက်တွင် ဝေ့ခမ်းဖျင်က အခန်းထဲဝင်လာခဲ့သည်။ အခန်းထဲက သူထိုင်နိုင်သည့် နေရာအများကြီးထဲမှ ကျန်းယွင်ကျူးဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ကျန်းယွင်ကျူးက သူ့ကို မကြည့်သော်လည်း သူမသည် သူ့ကို သတိထားမိနေသည်။
ရုတ်တရက်ဆိုသလို သူ့လက်မောင်းက သူမကို လာတိုးနေသည်ကို သတိထားမိလိုက်သည်။ သူသည် အဘိုးချန်နှင့် စကားပြောနေသယောင်ထင်ရသော်လည်း အမှန်တွင်တော့ သူ့မျက်လုံးထောင့်မှနေ၍ သူမကို ကြည့်နေခြင်းပင်။
ကျန်းယွင်ကျူးသည် သူက တမင်လုပ်နေမှန်း သေချာသိလိုက်၏။ သူက သူမရဲ့လက်မောင်းကို တမင်ထိချင်နေတာပဲ။
သူက အဘိုးချန် မျက်လုံးမကောင်းတာကို အခွင့်ကောင်းယူနေတာ။
ကျန်းယွင်ကျူးက ရွံရှားသွားတော့သည်။ ချက်ချင်းဆိုသလို သူမ၏လက်မောင်းကို ရုတ်လိုက်ပြီး အော်လိုက်တော့သည်။
“ ရှင်ဘာလုပ်တာလဲ”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။ အားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြသည်။
“သူ သမီးရဲ့လက်ကို ထိချင်နေတာလေ” ကျန်းယွင်ကျူးက ချက်ချင်း ပြောထုတ်လိုက်သည်။
သည်နေ့ခေတ်အခါမျိုးတွင် အားလုံးက မိန်းမများ၏ စင်ကြယ်မှုကို အလွန်တန်ဖိုးထားကြသည်။ အထူးသဖြင့် ကျန်းယွင်ကျူးသည် လက်မထပ်ရသေးချေ။ ဝေ့ခမ်းဖျင်လို ယောက်ျားတစ်ယောက်က သူမရဲ့လက်မောင်းကို ထိချင်တာတဲ့လား။
အမျိုးသမီးချန်က ချက်ချင်း ထရပ်လိုက်ပြီး ဒေသထွက်သွားသည့်မျက်နှာဖြင့် ဝေ့ခမ်းဖျင်ကို ကြည့်လိုက်လေသည်။
အဘိုးချန်က သူ့လက်ထဲက တုတ်ကောက်ကို ဆုပ်ထားသည်။
အမျိုးသမီးလျိုက အလန့်တကြား ထရပ်လိုက်ပြီး ဝေ့ခမ်းဖျင်ကို ကြည့်လိုက်ပြီးနောက် ကျန်းယွင်ကျူးကို ကြည့်လိုက်ပြန်သည်။ လုံးဝ အံ့ဩနေမိသည်။
အားလုံး၏ စိုက်ကြည့်နေသည်ကို ခံလိုက်ရသဖြင့် ဝေ့ခမ်းဖျင်သည် ရှက်သွားသလို တစ်ချိန်ထဲတွင် ဒေါသထွက်သွားတော့သည်။ သူ တကယ်ပဲ ကျန်းယွင်ကျူးရဲ့လက်မောင်းကို သူ့လက်မောင်းနဲ့ ထိချင်ခဲ့တယ်လေ။ သူ့အမြင်ကတော့ သူ အဲလိုလုပ်လိုက်ရင်တောင် ကျန်းယွင်ကျူးက လက်မထပ်ရသေးတဲ့ မိန်းကလေးအနေနဲ့ ထုတ်မပြောရဲလို့ လက်ခံရုံပဲ ရှိမှာလို့ ထင်ထားခဲ့တာ။
သူမက ရှက်ရွံ့သွားတဲ့အမူအရာတစ်ခု ပြချင်လည်းပြမှာပေါ့။
သူက မိန်းကလေးတွေ ဒီလိုအမူအရာမျိုးဖြစ်သွားတာကို ကြည့်ရတာ သဘောအကျဆုံးပဲလေ။
ထင်မထားဘဲ ကျန်းယွင်ကျူးက ရှောင်လိုက်ပြီး သူ့ကိုတောင် တိုက်ရိုက်မေးခွန်းထုတ်လိုက်သေးတယ်။
“ အစ်ကို မင်းကို မထိချင်ခဲ့ပါဘူး”
ဝေ့ခမ်းဖက်က သည်အခြေအနေကို နားလည်နိုင်လေသည်။ ထို့နောက် သူက ရှင်းပြလိုက်၏။
“ အစ်ကိုက အစ်ကို့အင်္ကျီကို သပ်ရပ်အောင် လုပ်လိုက်တာပါ”
သူက သူ့အင်္ကျီကို လက်ညှိုးထိုးပြလိုက်သည်။
နောက်ဆုံး ဘာသက်သေမှမရှိချေ။ ဝေ့ခမ်းဖျင်နှင့် အမျိုးသမီးလျိုတို့သည် ရှက်ရှက်နှင့် ပြန်သွားကြတော့သည်။ အမျိုးသမီးချန်က သူတို့ယူလာခဲ့သည့်ပစ္စည်းများကို သူတို့လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး နှုတ်မဆက်တော့ဘဲ တံခါး ပိတ်လိုက်တော့သည်။
အမျိုးသမီးလျိုက နေရာတွင်တွင် အချိန်တော်တော်ကြာအောင် ရပ်နေလိုက်ပြီးမှာ အေးစက်သည့် မျက်နှာထားဖြင့် ပြန်လာခဲ့လေသည်။
ဝေ့ခမ်းဖျင်က ကျန်းမိသားစု အိမ်တံခါးကို ခါးခါးသီးကြည့်လိုက်ပြီး နောက်က မြန်မြန်လိုက်သွားတော့သည်။
“ချိုးညန် ကိုယ် ကတိပေးထားတာပဲ၊ ကိုယ် သူ သူ့ကို လုံးဝမထိချင်ခဲ့ပါဘူး၊ ကိုယ် မင်းပဲ ချစ်တာ မင်းသိပါတယ်”
“မိန်းကလေးတစ်ယောက်က ဒီလိုကိစ္စမျိုးကို အသုံးချပြီးတော့ ရှင့်ကို ချောက်ချမယ်ပေါ့လေ”
အမျိုးသမီးလျိုက မယုံပေ။
“ သူ နားလည်မှု လွဲသွားတာနေမှာပါ၊ ပြီးတော့ စဥ်းစားကြည့်လေ၊ သူဘာလို့ ကိုယ့်ကို အမြဲတမ်း စိုက်ကြည့်နေတာလဲ”
အမျိုးသမီးလျိုက အေးစက်စက်မျက်နှာထားနှင့် သူ့ကို လျစ်လျူရှုထားဆဲ။
“ချိုးညန်ရယ် ကိုယ်နှလုံးသား ထုတ်ပြီးပဲ မင်းကို ပြလိုက်ချင်တော့တယ်၊ ဒီလိုမှပဲ အထဲမှာဘယ်သူရှိတယ်ဆိုတာ မင်း သိတော့မှာ၊ မင်း မယုံသေးဘူးဆိုရင် ကောင်းပြီလေ ကိုယ် ကျိန်တယ်၊ ကိုယ်ဒီနေ့ သူ့ကို တကယ်ပဲ ထိချင်ခဲ့ရင် အသေကောင်းနဲ့ မသေရပါစေနဲ့” ဝေ့ခမ်းဖျင်က ကျိန်ပြောလိုက်လေသည်။
ရှေးခေတ်က လူများသည် သည်လောကတွင် နတ်ဘုရားနှင့် တစ္ဆေသရဲများ တည်ရှိသည်ကို ယုံကြည်ကြသည်။ ဝေ့ခမ်းဖျင်က သူ့ကိုယ်သူ သည်လို ကျိန်ဆဲလိုက်သည်ကို မြင်လိုက်ရသောအခါ အမျိုးသမီးလျို၏စိတ်က စတင် ယိမ်းယိုင်လာတော့သည်။ ကျန်းယွင်ကျူးက တကယ်ပဲ အထင်လွဲခဲ့တာများလား။
ဒါပေမဲ့ ဒါက ရှင်းပြရခက်တာပဲ။ အစက သူမက အမျိုးသမီးချန်ကို ကျေးဇူးတင်ချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
သူမက လုယွမ့်ကို လက်တွဲကာ ဆက်လျှောက်လာခဲ့ပြီး ဝေ့ခမ်းဖျင်ကို လျစ်လျူရှုထားလိုက်သည်။ သို့သော်ငြား သူမ၏အမူအရာက ပျော့ပြောင်း သွားခဲ့ပြီ။
ဝေ့ခမ်းဖျင်က အံ့ကြိတ်ရင်း နောက်က မြန်မြန်လိုက်သွားလေသည်။
ကျန်းမိသားစုအိမ်၌ အမျိုးသမီးလျိုတို့ သုံးယောက် ပြန်သွားသောအခါ အမျိုးသမီးချန်သည် ဘယ်သူမှ မရှိတော့သည်ကို တွေ့လိုက်သဖြင့် ကျန်းယွင်ကျူးကို တိုးတိုးတိတ်တိတ် မေးလိုက်လေသည်။
“ သူ တကယ်ပဲ သမီးကို ထိချင်ခဲ့တာလား”
“ အမေက သမီးကို မယုံဘူးလား” ကျန်းယွင်ကျူးက ပြန်မေးလိုက်သည်။
အမျိုးသမီးချန်မှာ ဒေါသထွက်သွားတော့သည်။ ဒါပေါ့ သူမ ကျန်းယွင်ကျူးကို ယုံတာပေါ့။
နောက်ပိုင်းတွင် ကျန်းချိန် ပြန်လာသောအခါ အမျိုးသမီးချန်က နေ့လယ်ခင်းက အဖြစ်အပျက်ကို ကျန်းချိန်အား ပြောပြလိုက်လေသည်။ ကျန်းချိန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် နီရဲလာတော့သည်။ သူ ကျန်းယွင်ကျူးကို ယုံတယ်လေ။ အဲဒီ ဝေ့မျိုးနွယ်ကတော့ကွာ။
“အိမ်ဦးနတ်ကြီး” အမျိုးသမီးချန်က တဖန် စိတ်ပူလာပြန်သည်။
“အမေ သမီးတို့မှာ သက်သေမရှိဘူး”
ကျန်းယွင်ကျူးက ကျန်းချိန်ကို တားလိုက်သည်။ ကျန်းချိန်ထွက်သွားလျှင် သူရှုံးပြီးပြန်လာမည်ကို စိုးရိမ်မိလိုက်သည်။
“ယွင်ကျူး” ကျန်းချိန်က သူမဘက်ကို လှည့်ကြည့်လိုက်သည်။
ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့ရင်း စဥ်းစားနေလေသည်။သူမ အထိမခံလိုက်ရပေမဲ့ ဒီအပြူအမူအတွက် ဝေ့ခမ်းဖျင်ရဲ့ ရည်ရွယ်ချက်က လိင်ပိုင်းဆိုင်နှောင့်ယှက်မှုပဲ။
ပြီးတော့ သူ့လိုလူမျိုးတွေက လက်တုံ့ပြန်လာမှာကို နည်းနည်းတော့ စိတ်ပူမိတယ်။ နောက်တစ်ခုက အမျိုးသမီးလျိုနဲ့ အဲဒီကလေး….
တိုတိုပြောရရင် အရာအားလုံးအတွက် အဆိုးဆုံးကို ပြင်ဆင်ထားတာက မှန်ကန်တဲ့နည်းလမ်းပါပဲ။
ဟယ် ဟုတ်သားပဲ။ ကျန်းချိန် ကိုင်ထားတဲ့ လားကို မြင်လိုက်မှ ဝေ့ခမ်းဖျင်လိုလူက ဒီလောက်ကောင်းတဲ့ လားတစ်ကောင်ကို သူတို့ကို စျေးပေါပေါနဲ့ ရောင်းပေးခဲ့တာအကြောင်းအရင်းကို ရုတ်တရက် စဥ်းစားမိလိုက်တာပါလား။
…