EJYZ အပိုင်း ၃၂

အပိုင်း (၃၂)

မနက် ၇နာရီတွင် ကျန်းယွင်ကျူးက စားပွဲကို သိမ်းကာ အိမ်ပြန်လာခဲ့တော့သည်။ အမျိုးသမီးချန်က မနက်စာကို ပြင်ဆင်ထားနှင့်ပြီးပြီ။ မှန်ပါသည်။ သည်နေ့မနက်စာက ခါတိုင်းထက် ပိုပြီး အမယ်စုံလင်လှသည်။ ကြက်ဥမွှေကြော်တစ်ပန်းကန်ပင် ပါသေးသည်။

လှီးထားသည့် ကြက်သွန်မြိတ်နှင့်ဆားကို ကြော်ထားသည့် အဝါရောင်ကြက်ဥပေါ်တွင် ဖြူးထားသည်။ တခြားဟင်းခတ်အမွှေးအကြိုင်များ ထပ်မထည့်တော့ဘဲနှင့်ပင် အရသာရှိနေသည်။

မနက်စာစားပြီးနောက် ကျန်းယွင်ကျူးက အမှာစာများကို စီလိုက်ပြီး သူမစိတ်ထဲတွင် ချက်ပြုတ်ရမည့် အစီအစဥ်ကို အစီအစဥ်ချလိုက်လေသည်။ အသားကို အရင်နှပ်ထားရမယ်။ ပြီးရင် အသားလုံးအတွက် အသားနုပ်နုပ်စဉ်းရမယ်၊ ကြက်သားကို လေးထောင့်တုံးလေးတွေ တုံးထားရမယ်၊ ငါးနှပ်ရမယ် ပြီးတော့…..

အစီအစဥ်ချလိုက်ပြီးနောက်တွင် သူမ၏စိတ်ထဲ၌ အားလုံးကို စဥ်းစားပြီးသွားတော့သည်။

“ စုစုပေါင်း ၅၃၂ ဝမ်”

ဘေးတွင် အမျိုးသမီးချန်က ငွေကို နှစ်ကြိမ်လောက် ရေတွက်လိုက်ပြီးနောက် မှန်ကန်သည့်ငွေပမာဏ ရသွားတော့သည်။ ၅၃၂ ဝမ် တဲ့။ သူတို့တွေ ဝမ် ၂၀၀ လောက်ကို ရှာခဲ့တာပဲ။ ပြီးတော့ ဒါက နေ့လယ်စာပဲ ရှိသေးတယ်။ ညနေစာပါ ပေါင်းလိုက်ရင်း တစ်နေ့ ဝမ် ၄၀၀ကျော် ရှာနိုင်မှာလား။

ကျန်းချိန်မှာ တစ်လလုံး ပင်ပင်ပန်းပန်းလုပ်မှ ဝမ် ၆၀၀ ပဲ ရှာနိုင်တာလေ။

အမျိုးသမီးချန်သည် တဒင်္ဂအတွင်း သူမ၏စိတ်တို့က အနည်းငယ်ဝေဝါးသွားတော့သည်။ ဒါက တကယ်ရော ဟုတ်ရဲ့လား။

ဒီလိုသာဆိုရင် သူတို့တွေ မြည်းလှည်းတစ်စီး ဝယ်ဖို့ မခက်တော့သလိုပဲ။

အခက်အခဲလား။ ဒါက အရင်က သူတို့အိပ်မက်ထဲမှာတောင် ဘယ်တော့မှ မစဥ်းစားရဲခဲ့တဲ့ ကိစ္စပဲ။

သူမက စုဘူးကို ကိုင်ပြီး ငွေထပ်ရေနေသည်ကို မြင်လိုက်ရသည်တွင် ကျန်းယွင်ကျူးက ပြုံးကာ ခေါင်းခါလိုက်တော့သည်။ အိပ်မက်ထဲတုန်းက သူမက အန်းဖင်နယ်စားအိမ်တော်မှာ ဆိုင်ပေါင်းများစွာနဲ့ လုပ်ငန်းတွေ အများကြီးကို ဦးစီးခဲ့ရတာတောင် သူမအမေလို မလုပ်ခဲ့ဖူးဘူးလေ။

ဒါပေါ့။ သူမကလည်း ထပ်ပြီး အဲလောက် အပင်ပန်းမခံချင်တော့ပါဘူး။

သူမရဲ့လက်ရှိပန်းတိုင်က စားသောက်ဆိုင်တစ်ခု ဖွင့်ပြီး၊ စားဖိုမှူးနှစ်ယောက်လောက် ငှားမယ်၊ သူမ ချက်ချင်တဲ့အချိန် ချက်မယ်၊ ပြီးတော့ ဘဝကို သာသာယာယာပဲ အသက်ရှင်မယ်။ ကြီးမားတဲ့ချမ်းသာကြွယ်ဝမှုတွေကို မရှာဖွေဘူးဆိုပေမဲ့ အေးအေးချမ်းချမ်းနဲ့ နေနိုင်အောင်တော့ ရှာဖွေရမယ်။

ဒါမှမဟုတ် ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် လုပ်ရမယ်၊ အရသာအရှိဆုံး ဟင်းလျာတွေကို ချက်ပြီး အလှပဆုံးဝိုင်ကို သောက်ရမယ်…

“ယွင်ကျူး အမေ မှားများနေလားမသိပါဘူး၊ သမီး ထပ်တွက်ကြည့်ပါအုံး”

သူမ၏စိတ်ကူးကို ဖြတ်တောက်လိုက်ပြီး အမျိုးသမီးချန်က ကျန်းယွင်ကျူးအား စုဘူးကို လှမ်းပေးကာ ငွေထပ်ရေခိုင်းလေသည်။

ကျန်းယွင်ကျူးက စုဘူးကို သူမ၏ပေါင်ပေါ်တွင် တင်လိုက်ပြီး ဘူးထည့်လက်ထည့်လိုက်ကာ ဝမ်ငွေများကို မွှေကြည့်လိုက်သည်။ သို့သော် သူမက မရေတွက်လိုက်ပေ။ သူမက ဝမ်ငွေများ တိုက်မိပြီး ထွက်လာသည့်အသံကို နားထောင်ချင်ရုံသာ။ အင်း။ ဒါတွေသာ ငွေသားတွေဆိုရင် အသံက ပိုကြည်လင်ပြီး နားထောင်လို့ ပိုနားဝင်ချိုမှာပဲ။

အမျိုးသမီးချန်က အသံကိုကြားလိုက်ချိန်တွင် သူမလည်း သွားများပေါ်သည်အထိ ပြုံးလိုက်တော့သည်။

“အမေတို့တွေ ငွေလုံလောက်အောင် စုပြီးသွားရင် အရင်ဆုံး မြည်းလှည်းတစ်စီး ဝယ်ကြမလား”

အမျိုးသမီးချန်က ကျန်းယွင်ကျူးကို မေးလိုက်၏။

“အင်း”

“ဒါဆို ငွေပို ငွေလျှံရှိလာရင်ကော”

….

နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးက ဟင်းများကို ချက်ပြုတ်လိုက်သည်။ ကျန်းလင်နှင့် အမျိုးသမီးချန်တို့နှင့်အတူ သူမက ထမင်းဘူး သွားပို့လိုက်သည်။ သူမအတွက် အဓိကတာဝန်မှာ ညနေစာအတွက် အမှာစာများကို ချရေးထားခြင်းပင်။

သည်အချိန်တွင် သူမသည် ခေတ်သစ် အစားအသောက်မျာသည့် ဆော့ဖ်ဝဲကို အလွန်အားကျသွားတော့သည်။ တစ်ဖက်က ဖုန်းနှင့် အော်ဒါမှာပြီး တခြားဘက်က ရောင်းသူက အမှာစာကို လက်ခံပေးသည်။ သူမနှင့်မတူပေ။ သူမကတော့ ကိုယ်တိုင်သွားနေရသည်။

“အစ်မ ကျွန်တော် အခုပဲ ဒီစာလုံးတွေကို ကျက်လိုက်မယ်၊ ကျွန်တော် ဒီစာတွေ အလွတ်ရသွားရင် အမှာစာကို လက်ခံပေးမယ်၊ ဒါဆို အစ်မလည်း ပြေးလွှားနေစရာ မလိုတော့ဘူးပေါ့” ကျန်းလင်က အလေးအနက် ပြောနေလေသည်။

ကျန်းယွင်ကျူးက သူ့နဖူးကို လက်ဖြင့်တောက်လိုက်၏။ စာကျက်မယ်တဲ့လား။ စောပါသေးတယ်လို့။ ကျန်းယွင်ရွှယ် လေသံနဲ့ ပိုတူတယ်။ ကျန်းယွင်ရွှယ်က စာပေနဲ့ အရေးမှာ အရမ်းအရည်အချင်းရှိတာ သူမ သတိထားမိတယ်လေ။ ပြီးတော့ သူမက စာလေ့လာရတာ သဘောကျတယ်။ သူမက မနက်ကနေ ညအထိ စာပဲလေ့လာနေတာ။ သူမက စာကို မြန်မြန်ဆန်ဆန် သင်ယူနိုင်တာ သဘာဝပဲပေါ့။

နေ့လယ်ခင်းတွင် အစားအသောက် ပို့ပေးသည့်အလုပ်က အမှားအယွင်း မရှိခဲ့ချေ။ အစားအသောက်မှာသူတိုင်း သူတို့၏ ကိုယ်ပိုင်အစားအသောက်များ ရခဲ့ကြသည်။

မိုင်းတွင်းတစ်ခုလုံးတွင် ဖြန့်ဆောက်ထားသည့် စုစုပေါင်း ထမင်းစားခန်း ၆ခန်း ရှိသည်။

ထမင်းစားခန်းက အခမဲ့အစားအသောက်က အချိန်နှင့်အမျှ အမှန်ပင် ခိုကပ်ပြီး ရနိုင်သည့် ပစ္စည်းများနှင့်သာ ချက်ပြုတ်တတ်သည်။ တချို့ အာလူးကြီးများကို အခွံပင်မခွာဘဲ အိုးထဲ ပစ်ထည့်လိုက်သည်။ မုန်လာထုပ်အိုးကလည်း ဆီလုံးဝမပါချေ။

ထိုဟင်းကို စားလို့ရရုံလောက်သာ ချက်ပြုတ်ထားသည်ဟု ဆိုနိုင်သည်။ အရောင်အသွေး အရသာ မရှိချေ။

အစားအသောက်နဲ့တောင် မတူဘူး။ တကယ့်ကို ချွေတာလိုက်တာမှ လွန်ရော။

သည်နေ့ ထမင်းစားခန်းက အနည်းငယ်ပြောင်းလဲနေသည်။ မွှေ့ပျံ့သည့် ရနံ့လှိုင်းတစ်ခုက လူတို့၏ နှာခေါင်းတည့်တည့် ဝင်သွားတော့သည်။

အားလုံးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ၊ အဆီရွှဲရွှဲ တုန်တုန်အိအိ အသားတုံးကို တွေ့လိုက်ရလေသည်။ အဆီအသား မျှမျှတတရှိလှသည်။ သူတို့ဘေးတွင် လတ်ဆတ်နူးညံ့သည့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ရှိလေသည်။ ဟင်းသီးဟင်းရွက်ဘေးတွင် အရသာသွင်းထားသည့် ဥတစ်ခြမ်း ပါသေးသည်။ အောက်ဘက်တွက်တော့ ထမင်းဖြူထည့်ထားလေသည်။

တစ်ပန်းကန်ထဲနဲ့ အသားရော အသီးအရွက်ရော။ အဓိကက အသားက ဘာလို့ အဲလောက် မွှေးနေတာတဲ့လဲ။

“ ညီအစ်ကို မင်း ဒါကို ထမင်းစားခန်းက ရခဲ့တာလား” တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ ထမင်းစားနေသူကို မေးလိုက်တော့သည်။

“ထမင်းစားခန်း ဟုတ်လား”

ထိုလူက နှာခေါင်းရှုံ့လိုက်၏။ ထမင်းစားခန်းက ဘယ်လိုလုပ်ပြီး ဒီလောက်အရသာရှိတဲ့ထမင်းတစ်နပ် လုပ်ပေးနိုင်မှာလဲ။

“ တောင်ခြေကနေ မှာထားတာ”

“ တောင်ခြေမှာ အစားအသောက်တွေ မှာလို့ရတယ် ဟုတ်လား၊ ဘယ်လောက်လဲ”

“ ငါမှာခဲ့တဲ့ ဝက်ကင်ထမင်းက တစ်ပန်းကန်ကို ၁၃ ဝမ်”

စျေးမကြီးဘူးပဲ။ မေးခွန်း မေးလိုက်သူက တံတွေးမျိုချလိုက်လေသည်။ တစ်ပွဲလိုက် မှာလိုက်ရမလား။

သည်မြင်ကွင်းသည် ထမင်းစားတိုင်းလိုလိုတွင် ဖြစ်သွားခဲ့လေသည်။ နောက်ထပ်လူတစ်စုက တောင်ခြေတွင် အစားအသောက်မှာနိုင်သည့် ဆိုင်တစ်ဆိုင်ရှိမှန်း သိသွားကြသည်။ အစားအသောက်က အရသာရှိပြီး စျေးကလည်း သင့်လေသည်။

သည်အချိန်တွင် နျဲ့ရှင်းနှင့် သူအဖော်တို့လည်း မနက်က သူတို့မှာထားသည့် အစားအသောက်များ ရသွားကြသည်။ ပန်းကန်လုံးကြီးကို ဖွင့်လိုက်ချိန်တွင် လေပူလှိုင်းတစ်ခုက ပြေးတက်လာ၏။ လေပူများ ပျောက်သွားပြီးနောက်တွင်တော့ ငါးခေါင်းတိုဟူးဟင်းရည်ပန်းကန်လုံးကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ ဟင်းရည်က နို့နှစ်ရောင်ဖြူနေပြီး မွှေးပျံ့လွန်းလေသည်။

တခြားနှစ်ပန်းကန်းထဲတွင် ကြက်သားအစပ်နှင့် ကြာစွယ်မွေကြော်တစ်ပန်းကန်ပါသည်။ ကြာစွယ်က အဖြူရောင်ကျောက်စိမ်းလေးနှယ်။ ကြက်သားတုံးကလည်း ကျွတ်ရွရွအရသာအပြည့်ပင်။

နှစ်ယောက်သား တစ်ပြိုင်တည်း တူများကို ကောက်ကိုင်လိုက်ကြလေသည်။ တစ်ယောက်က ငါးတစ်တုံးကို ညှပ်ယူလိုက်ပြီး နောက်တစ်ယောက် တိုဟူးကို ညှပ်ယူလိုက်သည်။ ထို့နောက် သူတို့သည် အချင်းချင်း ကြည့်လိုက်ကြတော့သည်။

လတ်ဆတ်နေတာပဲ။ ဒီငါးကို ဘာငါးညှီနံ့မှာမထွက်အောင် လုပ်ထားတာပဲ။ အရမ်းကို အရသာရှိပြီး နူးအိနေတာပဲ။ တိုဟူးကလည်း အိစက်ပျော့ပြောင်းနေတာပဲ။ နောက်ဆုံးမှာ အရသာအပြည့်ပဲ။ ငါးခေါင်းနဲ့ တိုဟူးအနံ့က ပြီးပြည့်စုံအောင် ရောသွားတာ။ တစ်ကိုက်လောက် စားပြီးရင် ကျန်ခဲ့တဲ့အရသာက စွဲနေရော။

သူတို့နှစ်ယောက်သည် များပြားသည့် အစားအသောက်အတွေ့အကြုံ ရှိကြသဖြင့် သည်ဟင်းလျာက သေချာပေါက် အရသာရှိရမည်ဟု ခန့်မှန်းမိကြသည်။ သို့တိုင် သူတို့သည် သည်ငါးခေါင်း တိုဟူးဟင်းရည်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသေးသည်။

တပ်မှူးနဲ့ ဒုတပ်မှူးတို့က နေ့တိုင်း သူမ လုပ်ထားတဲ့ ဟင်းပွဲတွေ စားခဲ့တာ မဆန်းတော့ပါဘူး။ ဒီလောက်တောင် အရသာရှိနေတာကိုး။ အတွေးက သူတို့နှစ်ယောက်ဆီသို့ တစ်ပြိုင်တည်း ဝင်လာခဲ့လေသည်။

နေ့လယ်စာစားပြီးနောက် ကျန်းယွင်ကျူးက တစ်ရေးအိပ်မည် ပြင်လိုက်စဥ် အပြင်ဘက်က တံခါးခေါက်သံကို ကြားလိုက်ရသည်။

“ဘယ်သူလဲ”

အမျိုးသမီးချန်က ခြံထဲတွင် ညနေခင်းအတွက် ဟင်းရွက်ရွေးနေသည်။ အသံကြားလိုက်သဖြင့် သူမက ထရပ်လိုက်ပြီး ပြန်မေးရင်း တံခါးသွားဖွင့်ပေးလိုက်သည်။

“ကျွန်တော်တို့ပါ၊ ဒီမှာ အစားအသောက်လေး မှာချင်လို့ပါ”

အပြင်ဘက် အမျိုးသားတစ်ယောက်အသံကို ကြားလိုက်ရ၏။

အမျိုးသမီးချန်က အနည်းငယ် အံ့ဩသွားလေသည်။ သူတို့အိမ်အထိ အစားအသောက် လာမှာတယ်တဲ့လား။ ဒါမှမဟုတ် နေ့လယ်က မှာခဲ့တဲ့အစားအသောက်မှာ ပြဿနာရှိလို့ သူတို့တွေ လာရှာကြတာလား။

ကျန်းယွင်ကျူးကလည်း အိမ်ထဲမှ ထိုစကားကို ကြားလိုက်ရသည်။ ထို့ကြောင့် သူမက ထလိုက်ပြီး ဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် ခြံဝင်းထဲသို့ ထွက်လာခဲ့လိုက်သည်။

တံခါးဖွင့်လိုက်ပြီး သူမက တစ်ချက်လှမ်းကြည့်လိုက်၏။ မျက်နှာသိတစ်ယောက်ဖြစ်နေပြီး မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနှင့်လူ ဖြစ်နေသည်။ ချီလင်သက်တော်စောင့်အဖွဲ့ကဟု သူမ ထင်ထားသည့် တစ်ယောက်ပင်။ သူ့ဘေးကတစ်ယောက်ကတော့ သူ့အဖော်ဖြစ်လိမ့်မည်။

ကျန်းယွင်ကျူးကို မြင်လိုက်သည်တွင် နျဲ့ရှင်းက တောင်းပန်လိုက်လေသည်။

“ ကျွန်တော် အနှောင့်အယှက်ဖြစ်သွားလာ မသိဘူး၊ တကယ်တော့လေ ကျွန်တော် မင်းကို အကူအညီတောင်းစရာလေး ရှိလို့ပါ၊ မင်းအတွက် အဆင်ပြေပါ့မလားမသိဘူး”

“ဘာကိစ္စလဲရှင်” ကျန်းယွင်ကျူးက မေးလိုက်၏။

နျဲ့ရှင်းက ပြန်ဖြေလိုက်သည်။

“ ကျွန်တော် နေ့လယ်က မင်းလုပ်ပေးခဲ့တဲ့ အစားအသောက်ကို စားပြီး အရမ်းအရသာရှိတယ်လို့ တွေးမိလို့လေ၊ ကျွန်တော်တို့ ခဏနေ တခြားနေရာကို သွားရတော့မှာ၊ လမ်းမှာ သယ်သွားလို့ရမဲ့ အစားအသောက်မျိုးဖြစ်ဖြစ်၊ အချိန်အကြာကြီး အထားခံတဲ့ အစားအသောက်ဖြစ်ဖြစ် ကျွန်တော်တို့ကို ရောင်းပေးနိုင်မလားလို့ မေးချင်လို့ပါ၊ ကျွန်တော်တို့ လမ်းမှာလည်း စားချင်လို့၊ ပြီးတော့ ကျွန်တော့်မိတ်ဆွေတွေအတွက်လည်း နည်းနည်းပါးပါး ယူပြန်သွားချင်လို့၊ ဒါမှ သူတို့လည်း မင်းရဲ့ဟင်းချက်လက်ရာကို မြည်းလို့ရမှာလေ”

ဒါသည် နျဲ့ရှင်းနှင့် သူ့အဖော်တို့က ငါးခေါင်းဟင်းရည်စားပြီးနောက် တိုင်ပင်ပြီး ရလာသည့် အဖြေပင်။ သူတို့သည် မြို့တော်သို့ ပြန်ရောက်သွားလျှင် သူတို့ညီအစ်ကိုများသည် သူတို့လွဲသွားသည့်အရာက ပြောပြရုံနှင့် မသိနိုင်သည့်အရာဖြစ်ကြောင်း ခံစားမိလိုက်လေသည်။

သူတို့အတွက် နည်းနည်းပါးပါး ယူပြန်သွားပြီး စားကြည့်ခိုင်းမှာ သိသွားလိမ့်မည်။

ဒါပေါ့လေ။ အဓိကအကြောင်းအရင်းက သူတို့တွေလည်း လမ်းမှာ စားလို့ရတယ်လေ။

“ကျွန်တော် မင်းကို ငွေပေးနိုင်ပါတယ်” နျဲ့ရှင်းက ပြောရင်းဆိုရင်း ငွေတစ်စ ထုတ်ပေးလေသည်။

ကျန်းယွင်ကျူးသည် ငွေစ၏အလင်းရောင်ကြောင့် အတွေးတစ်ခု ဖျတ်ခနဲ ဝင်လာတော့သည်။ လမ်းမှာစားလို့ရမဲ့ဟာ။ အချိန်အကြာကြီးအထားခံမဲ့ဟာတဲ့လား။ သူက သူ့မိတ်ဆွေတွေအတွက်လည်း ယူသွားချင်သေးတာတဲ့လား။ သူမသည် နည်းနည်းပါးပါးစဥ်းစားမိသော်လည်း မြို့ထဲတွင် ပါဝင်ပစ္စည်းများ ရနိုင်ပါ့မလားတော့ မသိပေ။

“မိန်းကလေး မင်း အကူအညီလိုရင် ကျွန်တော့်ကိုသာ ပြောလိုက်ပါ၊ မြန်မြန်ရရင် အကောင်းဆုံးပဲ၊ ကျွန်တော်တို့ အလျင်လိုနေလို့ပါ” နျဲ့ရှင်းက ထပ်ပြောလိုက်၏။

ကျန်းယွင်ကျူးက ပြုံးပြလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမကလည်း အချိန်ကြပ်နေတာလေ။ သူမက သူတို့အတွက် ပိုပြီး စောစောပြီးအောင်လုပ်ပေးမှ ညနေစာ ထမင်းဘူးအတွက်လုပ်နိုင်မှာကိုး။

နှစ်နှာရီကြာပြီးနောက်တွင် နျဲ့ရှင်းတို့နှစ်ယောက်သည် အိုးကြီး အိုးငယ်များနှင့် အားရကျေနပ်စွာ ထွက်သွားကြလေသည်။

ကျန်းယွင်ကျူးက လက်ထဲက ငွေစကို ချိန်ဆကြည့်လိုက်ပြီး တော်တော် တက်ကြွသွားတော့သည်။ ဒါက တကယ့်ကို မမျှော်လင့်ဘဲ ရလာတဲ့ငွေပဲ။

လုစီရင်စုပြည်နယ်မှာ မြို့တော်သို့ ကီလိုမီတာ ၇၀၀ ဝေးလေသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့၏ မြင်းက အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်။ သူတို့သည် လူများကို နောက်တွင် ချန်ခဲ့ကြပြီး မြို့တော်သို့ လေးရက်နှင့် ပြန်ရောက်လာခဲ့ကြသည်။

ခရီးလမ်းတစ်လျှောက် ညစ်ပတ်ပေရေလျက်နှင့်ပင် နှစ်ယောက်သားက နန်းတော်သို့ တန်းဝင်သွားကြခဲ့သည်။

ရှန်ဖုန်းမင်က အမျက်ဒေါသထွက်နေသည့် ဧကရာဇ်ချင်းလုံကို ရှာတွေ့သမျှ အစီရင်ခံလိုက်သည်။ ညီလာခံမှာ တုန်လှုပ်သွားတော့သည်။

သို့သော် ထိုအခြင်းအရာက ရှန်ဖုန်းမင်ကို မထိခိုက်ပေ။ သူသည် အမှုများကို စုံစမ်းစစ်ဆေးပြီး တာဝန်များကို ကိုင်တွယ်ကာ သူရှာဖွေတွေ့ရှိသည့်အချက်များကို ဧကရာဇ်ချင်းလုံထံ အမှန်အတိုင်း လျှောက်တင်ဖို့ရန်သာ တာဝန်ရှိလေသည်။

ထိုကိစ္စကို မည်သို့ကိုင်တွယ်မည်ဆိုသည်ကတော့ ဧကရာဇ်ချင်းလုံး၏ သဘောထားပင်။

သည်ကိစ္စကြောင့်လာတော့မသိပေ။ ဧကရာဇ်ချင်းလုံက သူ့ကို အလွန်ယုံကြည်သွားတော့သည်။

နန်းတော်မှ ထွက်လာပြီးနောက် ရှန်ဖုန်းမင်သည် ရှန်အိမ်တော်သို့ ပြန်လာခဲ့တော့သည်။

ရှန်မိသားစု။ ဟန်မင်းဆက်ဆုံးခါနီးတါင် စတင်တည်ထောင်ခဲ့သည့် မိသားစုကြီးတစ်ခု။ သူတို့သည် မင်းဆက် ၃ခုတိုင်တိုင် ရှင်သန်ခဲ့ပြီး စာပေပညာရှင်အဖွဲ့ကြားတွင် ခေါင်းဆောင် ဖြစ်ခဲ့သည်။ တော်ဝင်ပညာရှင်ရှန်သည် ရှေ့ခေတ်နှင့် မျက်မှောက်ခေတ်အကြောင်း ကောင်းမွန်သည့် အသိပညာဗဟုသုတ ပိုင်ဆိုင်ထားသည်။ သူ့တွင် မရေမတွက်နိုင်သည့် ကျောင်းသားများနှင့် တပည့်များ ရှိပြီး သူတို့သည် သည်နေ့ခေတ် စာပေလောကထဲက ခေါင်းဆောင်များဖြစ်ကြသည်။

ရှန်မိသားစုသည် စာပေပညာရှင် အိမ်ထောင်စစ်စစ်တစ်ခုဖြစ်သည်။ တော်ဝင်ပညာရှင်ရှန်သည် ငယ်ရွယ်စဥ်က သိမ်မွေ့ကာကျက်သရေရှိလှသည်။ ထို့ကြောင်းပင် ထိုစဥ်က မင်းသမီးတန့်ယန်းက သူနှင့်လက်ထပ်ခဲ့ပြီး လိုက်ဖက်သည့်စုံတွဲတစ်ခုဟု သတ်မှတ်ခဲ့ကြသည်။

သူတို့လက်ထပ်ပြီးနောက်တွင် တစ်ဦးတည်းသောသား ရှန်ဖုန်းမင်ကို မွေးဖွားခဲ့သည်။

သူ အပြင်ထွက်နေသည်မှာ တစ်လကျော်သွားပြီဖြစ်သည်။ ယုခု သူ အိမ်ပြန်တော့ ရှန်အိမ်တော်က ရုတ်တရက် အသက်ဝင်လာခဲ့သည်။

အလယ်ခန်းမ။

“အဖေ အမေ” ရှန်ဖုန်းမင်က တော်ဝင်ပညာရှင်ရှန်နှင့် မင်းသမီးတန့်ယန်းကို နှုတ်ဆက်လိုက်၏။

မင်းသမီးတန့်ယန်းက မြန်မြန်ထရပ်လိုက်ပြီး သူ့ကို တွဲထားလိုက်ကာ “ အမေတို့တွေက မိသားစုတစ်ခုထဲကို၊ အဲလောက်အထိ ယဥ်ကျေးနေစရာ မလိုပါဘူး၊ အချိန်အကြာကြီး ခရီးသွားခဲ့ရတော့ ပင်ပန်းသွားပြီ မလား၊ ကြည့်စမ်းပါအု့ဂ….”

သူမက သူ ပိန်သွာသည်ဟု ပြောချင်ခဲ့သည်။ ပုံမှန်ဆိုရင် ရှန်ဖုန်းမင်က အလုပ်ကိစ္စအပြင်ထွက်ပြီး အပြင်မှာအိပ်ရတိုင်း သူသည် ပိုပိန်သွားတတ်သည်။ ဒါက မင်းသမီးတန့်ယန်း၏ လက်သုံးစကား ဖြစ်လာခဲ့သည်။

သည်နေ့ သူမသည် ရှန်ဖုန်းမင်ကို မြင်လိုက်ချိန်တွင် သူသည် အရင်ကထက် ပိုပြီး ရွှင်လန်းတက်ကြွလာသည်ဟု ခံစားမိလိုက်သည်။ သူ့မျက်နှာက အလွန်စိုပြေနေသည်။ သူသည် ပိုပိန်သွားသည်ဟု ပြောလို့မရနိုင်ပေ။

တော်ဝင်ပညာရှင်ရှန်က ထူးချွန်သည့် အရည်အချင်းနဲ့ အသွင်ပြင်တို့ပိုင်ဆိုင်ထားသည့် ကျောက်စိမ်းသရဖူတစ်ခုနှင့် မျက်နှာထားရှိသည့် သူ့တစ်ဦးတည်းသောသားကို ကြည့်လိုက်လေသည်။ သူ့စိတ်ထဲတွင် အေးချမ်းသွားတော့သည်။ တစ်ခုသာ။

“ မင်း ချန်ဖုန်းမှာ လူအများကြီး သတ်ခဲ့တယ်လို့ ငါ ကြားထားတယ် ဟုတ်လား”

သူသည် ထိုစကားကို ပြောလိုက်သည်နှင့်မင်းသမီးတန့်ယန်း၏အမူအရာက အေးစက်သွားတော့သည်။

ရှန်ဖုန်းမင်က ထိုအခြေအနေကို ကျင့်သားရနေပြီးဖြစ်ရာ ပြန်ဖြေလိုက်တော့သည်။

“ အဖေပဲ ကျွန်တော့်ကို အမြဲတမ်းဆုံးမခဲ့တယ်မလား၊ ရာဇဝတ်မှုဥပဒေက ရှင်းရှင်းလင်းလင်း ပြဌာန်းထားတဲ့အတိုင်း သစ္စာမဲ့တဲ့သူတွေကို တားဆီးရလိမ့်မယ်ဆို”

တော်ဝင်ပညာရှင်ရှန်က မျက်မှောင်ကျုံ့လိုက်သည်။ သူ သူ့သားကို အဲလို သေချာသင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့လူသ-တ်တဲ့ဉာဥ်က ပိုဆိုးလာပြီး နောက်ဆုံး သူ့နှလုံးသားကိုပါ ဆုံးရှုံးသွားမှာ စိုးရတယ်။

သူက ထပ်ပြောချင်လိုက်သော်လည်း မင်းသမီးတန့်ယန်းက ရှန်ဖုန်းမင်ကို ပြောလိုက်၏။

“ ဖုန်တလိမ်းလိမ်းနဲ့ ခန္ဓာကိုယ်ကိုလည်း ကြည့်အုံး၊ အမေ သားအတွက် ရေနွေးပြင်ခိုင်းထားတယ်၊ သွားဆေးကြောလိုက်အုံး”

“ကျေးဇူးတင်ပါတယ် အမေ”

ရှန်ဖုန်းမင်က ပြန်ဖြေပြီး အခန်းထဲက ထွက်သွားတော့သည်။

“ ငါတောင် စကားပြောလို့မပြီးသေးဘူးလေ”

တော်ဝင်ပညာရှင်ရှန်၏ အသံက ထွက်လာခဲ့သည်။

“ ရှင်က ကလေးကို အပြစ်ပဲ ပြောတတ်တယ်၊ ရှင်ပဲ သူ့ကိုဒါတွေ သင်ပေးလို့ဖြစ်လာတာပဲ၊ ရှင့်ကြောင့်သာ မဟုတ်ရင် သူ….” မင်းသမီးတန့်ယန်းက ရေရွတ်တော့သည်။

နှစ်ယောက်သား စကားများကြပြန်တော့သည်။

အိမ်ထဲက အစေခံများက သည်ဖြစ်ရပ်ကို မအံ့ဩကြတော့ပေ။ သူ့နောက်က ငြင်းခုံသံကို ကြားလိုက်ရပြီးနောက် ရှန်ဖုန်းမင်သည် ခေါင်းမော့ကာ အဝေးတစ်နေကို လှမ်းကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကျုံ့သွားလေတော့သည်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset