EJYZ အပိုင်း ၃၁

အပိုင်း (၃၁)

မြို့ထဲတွင် နေသည် အနောက်ဘက်သို့ ယွန်းနေပြီ။ ဝမ်သဲ့က ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း အိုးခွက်ပန်ကန်းလုံးများကို စိတ်မပါ့တပါနှင့် ကြည့်နေလေသည်။ သူ ဒါတွေအားလုံးကို တစ်ခုချင်း တစ်ခုချင်း ဂုဏ်မှုတစ်စိတ်၊ စိတ်ပျက်မှုတစ်စိတ်နဲ့ လုပ်ထားတာလေ။ ဒီနေ့ပြီးသွားရင်တော့ ဒါတွေအားလုံးကို ချောင်ထဲ ထိုးထားရတော့မယ်။

သည်နေ့သည် သူနှင့် ကျန်းယွင်ကျူးတို့ သဘောတူထားသည့် နောက်ဆုံးရက်ဖြစ်သည်။ အမှန်တွင်တော့ ကျန်းယွင်ကျူးလာသည်ဖြစ်စေ မလာသည်ဖြစ်စေ အရေးမကြီးတော့ပေ။ သူမက ပန်းကန်လေး တစ်လုံးနှစ်လုံးလောက် ဝယ်သွားလျှင်တောင် သူ့လုပ်ငန်းကို ကယ်တင်နိုင်လိမ့်မည်မဟုတ်။ ဒါသည် သူ့အတွက် အချိန်ဆွဲနေဖို့ရာ ဆင်ခြေတစ်ခုသက်သက်ပင်။ သူက သူ့လက်မှုပညာအလုပ်ကို မခွဲခွာချင်ရုံသာ။

အခုတော့ သည်ဆင်ခြေကလည်း ပျောက်ကွယ်သွားတော့မည်။ သူသည် မိန်းမနှင့် မိသားစုကို တာဝန်ယူစရာရှိသည်ကိုလည်း သိပါသည်။

ရှိပါစေတော့လေ။ မနက်ဖြန်ကျရင် မိုင်းတွင်းကိုပဲ သွားကြတာပေါ့။ သူစဥ်းစားလိုက်၏။

သည်အခိုက်မှာပင်

“သူဌေး ကျွန်မကို မှတ်မိသေးလား”

ကျွတ်ဆတ်ဆတ်အသံတစ်ခုက မေးလာ၏။

ဝမ်သဲ့က မော့ကြည့်လိုက်သည်။ ကျန်းယွင်ကျူး ပင်။ သူ သူမကို မှတ်မိပါသည်။

“ မိန်းကလေး မင်း အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပြီလား” ဝမ်းသာအံ့ဩခြင်းနှင့် သူက မေးလိုက်၏။

“အင်း” ကျန်းယွင်ကျူက ပြုံးပြလိုက်၏။

“အဲဒီမိန်းကလေးက….”

မနက်ဖြန် မိုင်းတွင်းကို သွားမည့် ဝမ်သဲ့၏ဆုံးဖြတ်ချက်မှာ ကျန်းယွင်ကျူးအား ပန်းကန်လုံးများ ကူညီလုပ်ပေးရခြင်းကြောင့် နှောင့်နှေးပေတော့မည်။

“သူဌေး ကျွန်မလိုချင်တဲ့ နေ့လယ်စာထမင်းဘူးမျိုး ရှင့်ဖိုမှာ အရေအတွက်ဘယ်လောက်ထိုးနိုင်လဲ”

ကျန်းယွင်ကျူးက မေးလိုက်၏။

သူမ ဘာပြောချင်တာလဲ။ ဝမ်သဲ့၏နှလုံးသည် မသိမသာခုန်သွားတော့သည်။

“ အခု ၁၀၀ လောက်ပေါ့”

“ဒါဆိုရင် ကျွန်မ ဒီလိုထမင်းဘူးမျိုး အခု၁၀၀ မှာချင်တယ်၊ သူဌေးလုပ်ပေးနိုင်မလား”

အခု ၁၀၀။ ဒါဆို ဝမ် ၇၀၀ ပဲ။ သူက သူမကို စျေးလျှော့ပေးအုံးမယ်ဆိုရင် ဒီအမှာစာကနေ ငွေအများကြီး ရှာနိုင်တယ်။ မိုင်းတွင်းကို သွားတာထက် ပိုပြီး သက်သာတယ်။

ဝမ်သဲ့က အရေးတကြီးမေးလိုက်သည်။

“ မင်း အခု၁၀၀ မှာချင်တာလား”

“အင်း အရင်ဆုံး အခြေအနေကို ကြည့်ရမယ်၊ နောက်ပိုင်းကျရင် ပိုမှာရစရာရှိတယ်”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ မိုင်းတွင်းမှာ စစ်သားနဲ့ လက်မှုပညာသည် ထောင်ချီရှိတယ်လေ။ တစ်ရာက မလောက်ဘူးထင်တာပဲ။

ဝမ်သဲ့မှာ အပျော်လွန်သွားတော့သည်။

“ဒါဆို မင်းအတွက် စျေးလျှော့ပေးပါ့မယ်” သူက အရင်ဆုံး ကမ်းလှမ်းလိုက်လေသည်။

ကျန်းယွင်ကျူးက သူနှင့် စျေးကို မငြင်းတော့ချေ။ ပထမအချက် စျေးက အလွန်စျေးမကြီးပေ။ ဒုတိယအချက် သူမနှင့် သူမအလုပ်ကို မှတ်မိနေသေးသည့် သူဌေးမျိုးက ရှားလေသည်။

ထမင်းဘူး အခု၁၀၀။ ဝမ် ၆၅၀။ ကျန်းယွင်ကျူးက အရေးတကြီးလိုအပ်နေသည်ဟု ကြားလိုက်ရသဖြင့် ဝမ်သဲ့က အိမ်ပြန်ပြီး သူမအတွက် လုပ်ပေးရန် ဆိုင်သိမ်းလိုက်ပြီး သူ့ပစ္စည်းမျာကို ချက်ချင်း ထုပ်ပိုးလိုက်တော့သည်။

ကျန်းယွင်ကျူးက ကုန်ကြမ်းများဝယ်ရန် စျေးသို့သွားလိုက်သည်။ သူမသည် နေ့လယ်စာနှင့် ညနေစာထမင်းဘူးကို ရေရှည်လုပ်မည်ဟု ဆုံးဖြတ်ထားသဖြင့် လိုအပ်သည့်ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားသင့်သည်။ အခုတော့ ရာသီဥတုက အေးလာပြီ။ ညနေခင်းက ဝယ်ထားသည့် ကုန်ကြမ်းများသည် နောက်တစ်နေ့အထိ မပျက်စီးပေ။ ဤနည်းဖြင့် သူတို့သည် မနက်တိုင်း စျေးသို့ အလျင်စလိုသွားစရာမလိုဘဲ သူမလိုအပ်သည့် ပစ္စည်းများကိုသာ ဝယ်နိုင်လေသည်။

နောက်တစ်နေ့မနက်တွင် ကျန်းယွင်ကျူးက ဆိုင်ဖွင့်လိုက်သေးသည်။ သို့သော် သည်နေ့တော့ သူမက အစားအသောက် မရောင်းချေ။ မီးဖိုပေါ်တွင် လက်ဖက်ရည်အိုကြီးတစ်လုံးကိုသာ တည်ထားသည်။

ဝမ်ပင်းနှင့် တခြားသူများ အဖမ်းခံလိုက်ရသော်လည်း ဘာပြင်းပြင်းထန်ထန်မှ ဖြစ်မသွားပေ။ မိုင်းတွင်းရှိ လူတော်တော်များများက ဘာဖြစ်သွားမှန်းပင် မသိကြပေ။ သူတို့သည် မနေ့က စစ်သား အများကြီး ရောက်လာပြီးနောက် အားလုံးကပြန်ထွက်သွားကြသည်ကိုသာ တွေ့လိုက်ရသည်။ ဘဝက ပုံမှန်အတိုင်း ဆက်သွားနေ၏။

သို့သော်ငြား

“သူဌေး မင်း အစားအသောက်တွေ ထပ်မရောင်းတော့ဘူးလား”

လူတစ်ယောက်က ကျန်းယွင်ကျူး၏ဆိုင်သို့ အစားအစာရန် တမင်လာခဲ့ပြီးမှ ဘာမှမရှိသည်ကို တွေ့လိုက်ရလေသည်။

“ကျွန်မတို့ မနက်စာ မရောင်းတော့ဘူးရှင့်၊ ကျွန်မတို့ နေ့လယ်စာနဲ့ ညစာကိုပဲ ရောင်းပါတော့မယ်၊ နေ့လယ်စာအတွက် ဝက်ကင်ထမင်း၊ ကြက်ထမင်းနဲ့ ပဲနှစ်အသားလုံးထမင်း၊ ဒါမှမဟုတ် ဒီမှာ ဟင်းလျာစာရင်းရှိပါတယ်၊ ဧည့်သည်ကြီးက စားချင်တာ ဘာပဲဖြစ်ဖြစ် မှာလို့ရပါတယ်၊ နေ့လယ်ခင်း အဆင်သင့်ဖြစ်ရင် ကျွန်မတို့က ဧည့်သည်ကြီး သတ်မှတ်ထားတဲ့နေရာကို လာပို့ပေးမှာပါ”

ကျန်းယွင်ကျူးက မိတ်ဆက်ပေးလိုက်လေသည်။

မနေ့က ဟင်းသီးဟင်းရွက်များကို ဝယ်ခြမ်းပြီးနောက် သူမက ညတွင်းချင်း ဟင်းလျာစာရင်းတစ်ခု လုပ်လိုက်သည်။ စာရင်းကို နေ့တိုင်း သူမဝယ်လာသည့် ကုန်ကြမ်းများအပေါ် အခြေခံကာ ရေးထားလိုက်သည်။

ဝက်ကင်ထမင်းလို အမျိုးအစားက ထမင်းဟင်းပေါင်းထားသည့် ပထမအမျိုးအစားဖြစ်သည်။ သည်အမျိုးအစားအတွက် ဟင်းတစ်မျိုးသာပါပြီး သာမန်ပန်းကန်လုံးဖြင့် စားသုံးနိုင်သည်။

အမှန်တွင်တော့ ကျန်းယွင်ကျူးက ထမင်းနှင့် တွဲစားရသည့်ပုံစံကိုလည်း စဥ်းစားကြည့်ခဲ့သေးသည်။ သို့သော် ထမင်းပေါ်ပုံစားခြင်းက အမျိုးအစားများစွာ ခွဲရပြီး အလွန်အလုပ်ရှုပ်လေသည်။ မွှေကြော်လေးနှင့် ထမင်းပေါင်းထားသည့် ပုံစံလောက် အဆင်မပြေပေ။ နောက်တစ်မျိုးကို ထုပ်ပိုးပြီးသည်နှင့် ချက်ချင်းရောင်းချနိုင်သည်။ ဒါက ရိုးရှင်းသည်။

လူတချို့က ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် စိတ်ပျက်သွားသော်လည်း တချို့ကတော့ နေ့လယ်စာကို အလွန်စိတ်ဝင်စားသွားပြီး စျေးနှုန်းကို မေးကြသည်။

“ ဝက်ကင်ထမင်းတစ်ပန်းကန်က ၁၃ ဝမ် ၊ ကြက်ထမင်း တစ်ပန်းကန်က ၁၁ ဝမ်၊ ပြီးတော့ ပဲနှစ်အသားလုံးထမင်းက ၁၂ဝမ်ပါ”

မိုင်းလုပ်သားအားလုံးက စျေးကြားပြီး ဝမ်းနည်းသွားကြပြန်သည်။ သူတို့သည် တစ်နေ့ ပင်ပင်ပန်းပန်းလုပ်မှ ဝမ်၂၀ သာရကြသည်။ စွပ်ပြုတ်တစ်ပန်းကန်နှင့် ပေါက်စီက ၃ဝမ်သာကျသည်။ သူတို့သည် တစ်ခါတလေ စားသောက်နိုင်ကြသေးသည်။ သည်ထမင်းတစ်နပ်ကတော့ သူတို့သည် ဝယ်စားဖို့ရာ အမှန်ပင် နှမြောနေမိသည်။

ကျန်းယွင်ကျူးကတော့ ပြုံးလျက်ပင်။ သူမ၏ညစာအတွက် အဓိကဧည့်သည်များမှာ မိုင်းလုပ်သားများ မဟုတ်ဘဲ စစ်သားနှင့် လက်မှုပညာရှင်များ ဖြစ်လေသည်။

သေချာပါသည်။ တချို့စစ်သားများက ထိုသတင်းကို ကြားပြီး တစ်နပ်လောက်ဝယ်စားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ၁၃ဝမ်က တတ်နိုင်သည့်ပမာဏပင်။ အဓိကအကြောင်းအရင်းမှာ ကျန်းယွင်ကျူး၏ စွပ်ပြုတ်၊ ပန်ကိတ်၊ ပေါက်စီ အားလုံးက အလွန်အရသာရှိသည်။ ဒီထမင်းတစ်နပ်ကလည်း ဆိုးဝါးလိမ့်မည်မဟုတ်ဟု ခန့်မှန်းလိုက်ကြသည်။

ထို့အပြင် ကျန်းယွင်ကျူးသည် မွှေကြော်လုပ်ပေးပြီးကတည်း လုံခြုံရေးစစ်သားများကြားတွင် အနည်းငယ် နာမည်ရပြီးဖြစ်သည်။ ဒုစစ်သူကြီးကျောက်နှင့် တခြားသူများ နေ့တိုင်းစားနေသည့် အစားအသောက်က အလွန်အရသာရှိသော်လည်း ကျန်းယွင်ကျူးလုပ်ပေးထားမှန်းကိုတော့ လူတော်တော်များများက မသိကြပေ။ အခုတော့ သူတို့ သိသွားကြသဖြင့် တစ်ပွဲလောက် မှာစားကြည့်သည်က ထုံးစံပင်။

“ကျွန်တော် ဝက်ကင်ထမင်းတစ်ပွဲယူမယ်”

“ကျွန်တော်က ပဲနှစ်အသားလုံးထမင်း”

“ စာရင်းထဲမှာ ဘာဟင်းလျာတွေ ပါတာလဲ၊ ကျွန်တော် စာမဖတ်တတ်ဘူး”

အသားမဲမဲ ပိန်ပိန်ပါးပါးလူက မေးလိုက်၏။ သူသည် တောင်ပေါ်က သံရည်ကျိုပညာရှင်တစ်ယောက် ဖြစ်လေသည်။ ဒါသည် ပညာသားပါသည့် အလုပ်တစ်ခုဖြစ်ပြီး လစဥ်ဝင်ငွေကလည်း အလွန်မြင့်လေသည်။

ဘေးတွင်ရပ်ကာ ကျန်းလင်က သူ့ကို ဟင်းလျာစာရင်းဖတ်ပြလိုက်သည်။

အသဲကြော်ပါသည်ဟု ကြားလိုက်ရသည်တွင် သူက ချက်ချင်းပြောလိုက်၏။

“ ကျွန်တော့်ကို တစ်ပွဲပေးပါ၊ ကျွန်တော် အသဲကြော်ယူမယ်”

သူ ဒီဟင်းကို အရင်ကတည်းက စားချင်နေတာလေ။ ဒါပေမဲ့ တောင်ပေါ်မှာက ဆိုင် မရှိဘူး။

“ ကောင်းပါပြီ၊ အသဲကြော်တစ်ပွဲ ဝမ် ၂၀ ပါ” ကျန်းယွင်ကျူးက စားပွဲတစ်လုံးရှေ့တွင် ထိုင်နေသည်။ စားပွဲပေါ်တွင် ပစ္စည်းသုံးခုရှိသည်။ ဘယ်ဖက်စွန်တွင် အလျား တစ်ဖဝါးစာ အနံ လက်နှစ်လုံးစာ အရွယ်ရှိသည့် စာရွက်အထပ်လိုက်ရှိသည်။ မှာသည့်အစားအစာတိုင်းကို သူမသည် စာရွက်ပေါ်တွင် နံပါတ်စဥ်နှင့် ဟင်းနာမည်ကို ချရေးထားသည်။ ထို့နောက် သူမက အလယ်ကဖြဲလိုက်ပြီး တစ်ဝက်ကို မှာယူသူအား ပေးလိုက်ပြီး ကျန်တစ်ဝက်ကို သူမကိုယ်တိုင် သိမ်းထားလိုက်သည်။

အစားအသောက်ကို လာပို့ချိန်တွင် လာယူသူက သူ့နံပါတ်စဥ်နှင့် သူလက်ထဲက အမှာစာနှင့် သူမ၏လက်ထဲက အမှစာကို တိုက်ဆိုင်ကြည့်ရမည်။ မှန်ကန်လျှင် ထမင်းဘူးကို ယူသွားနိုင်သည်။

ဒုတိယတစ်ခုမှ သူမထံတွင် စရံငွေပေးထားသူများကို မှတ်ထားသည့် စာရင်းစာအုပ်ဖြစ်သည်။ ဘယ်သူက ဘယ်နေ့တွင် စရံငွေ ဘယ်လောက်ပေးထားပြီး ဘယ်သူက ဘယ်နေ့တွင် ဘာအစားအသောက်မှာခဲ့ပြီး ဘယ်လောက်သုံးခဲ့ကာ ဘယ်လောက်ကျန်သေးသည်ကို ရှင်းလင်းနေအောင် ရေးထားသည်။

တတိယတစ်ခုမှာ ငွေစများကို အလေးချိန်ရာတွင် အထူးအသုံးပြုသည့် ချိန်ခွင်ငယ်လေးတစ်ခု ဖြစ်သည်။

သည်ပစ္စည်းသုံးမျိုးနှင့် သူမသည် ဆိုင်ရှင်တစ်ယောက်နှင့် တူနေတော့သည်။

စာလုံးများကို သင်ယူရာတွင် သူမသည် ကုယန်ကျိုးရှေ့တွင် အလွန်သတိထားနေစရာမလိုခဲ့ချေ။ သူမသည် လူနာမည်၊ ဟင်းနာမည်နှင့် ဂဏန်းများကို ရက်နည်းနည်းလောက်သာ လေ့လာခဲ့ပြီးနောက် ပြန်အသုံးချလိုက်တော့သည်။ အကယ်၍ ကုယန်ကျိုးက တကယ်မေးလာခဲ့လျှင်လည်း သူမကတော့ မစိုးရိမ်ပေ။

သုံးနှစ်အရွယ် ပါရမီရှင်ကလေးတွေတောင် ရှိသေးတာလေ။ ဒီတော့ သူမက ပိုပြီး ဉာဏ်ကောင်းလို့ ရနိုင်တယ်မလား။

ခဏအကြာအတွင် ၁၂ယောက်မကသည်လူများက ထမင်းဘူးမှာကြပြီး ဝမ်၃၀၀နီးပါး သူတို့လက်ထဲ ရောက်လာလေသည်။ ကုန်ကျစရိတ်ကို နုတ်လိုက်ပြီးနောက် သူတို့သည် ဝမ်၁၀၀ခန့် ရှာနိုင်ခဲ့ကြသည်။ ဒါသည် မနက်စာရောင်းရငွေ၏ အမြတ်ငွေတဝက်ဖြစ်သည်။ သူမဘေးက အမျိုးသမီးချန်မှာ နောက်ဆုံးတော့ စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။

သည်နေ့ အစားအသောက်မရောင်းသဖြင့် လာစရာတော့ မလိုပေ။ သို့သော် သူမက စိတ်ပူနေမိသည်။ ထို့ကြောင့် လိုက်လာခဲ့လိုက်သည်။ အခုတော့ လုပ်ငန်းက သည်လောက်အဆင်ပြေနေသဖြင့် သူမက ကျန်းယွင်ကျူးကို ပြောလိုက်လေသည်။

“ဒါဆို သမီးနေလိုက်အုံး၊ အမေ ပြန်ပြီး သမီးတို့အတွက်မနက်စာ ပြင်လိုက်အုံးမယ်၊ သမီးဘာစားချင်လဲ”

သည်နေ့ လုပ်ငန်းအသစ်ကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပြီလေ။ ပြီးတော့ သူမက အားလုံးအတွက် အရသာရှိတဲ့ အစားအသောက်တချို့ လုပ်ပေးဖို့ ဆုံးဖြတ်ထားတယ်။

“အမေ့သဘောပါ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

အမျိုးသမီးချန်က စိတ်ကူးတစ်ခုရသွားပြီး ချက်ပြုတ်ရန် အိမ်သွားတော့သည်။

သူမ ထွက်သွားပြီး မကြာခင်တွင် လူသုံးယောက် ထိုနေရာသို့ ရောက်လာခဲ့ကြသည်။ သူတို့သည် ဒုစစ်သူကြီးကျောက်တို့ သုံးယောက်အပြင် တခြားမဟုတ်ပေ။ သူတို့သည် မနေ့က ဖြစ်ခဲ့သည့်အရာများကြောင့် တအံ့တဩဖြစ်နေကြသည်။ နောက်တော့ စစ်တပ်က ချက်ချင်း ရောက်လာပြီး ချက်ချက်း ပြန်ထွက်သွားကြသည်။ သူတို့နှင့် လုံးဝမသက်ဆိုင်သည့် ကိစ္စပင်။

နောက်ပိုင်း နည်းနည်းကြာမှ ဖြစ်ပျက်သွားသည့်အကြောင်းအရာကို သိလိုက်ကြလေသည်။

စစ်သူကြီးကြီးဝမ်နှင့် ကျူးလျန့်တို့က သတ္တုရိုင်းတချို့ကို လျှို့ဝှက်ကာ ထိန်ချန်ထားပြီး မင်းသားခြောက်ကို ပေးခဲ့သည်တဲ့။

သတ္တုရိုင်းက တားမြစ်ထားသည့်အရာပင်။

နာမည်ကြီး ချီလင်သက်တော်စောင့်များပင် ရောက်လာခဲ့သည်က မဆန်းတော့ပေ။

ထိုအကြောင်းကို ကြားလိုက်ကြပြီးနောက် သူတို့သည် ဆက်ပြီး မစုံစမ်းရဲကြတော့ပေ။ သူတို့သည် ခဏလောက် သက်ပြင်းချလိုက်ကြပြီးမှ ဘာတရားမဝင်အလုပ်မှ မလုပ်ကြဖို့သာ ဆုံးဖြတ်လိုက်ကြလေသည်။ သို့မဟုတ်လျှင် အနှေးနှင့် အမြန် ဇာတ်သိမ်းလှမည် မဟုတ်ပေ။

ဘဝကတော့ ဆက်ရှင်သန်ရအုံးမည်။ အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် နန်းတော်က စစ်သူကြီးအသစ်တစ်ယောက် လွှတ်လိုက်လေသည်။ ပုံမှန်အတိုင်း ဆက်လုပ်ရုံသာ။

စားစရာရှိတာတော့ စားရပေအုံးမည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ဝမ်ပင်းသည် သူတို့ကို တစ်နေ့ သုံးကြိမ်လောက် ဒုက္ခပေးခဲ့ပြီး သူတို့အတွက်လည်း လုံလောက်သွားပြီ။ သည်နေ့တော့ ဘာမှလုပ်စရာမရှိတော့ပေ။ ထို့ကြောင့် သူတို့သည် တောင်ခြေသို့ ဆင်းဖို့ ချက်ချင်းဆုံးဖြတ်လိုက်ကြပြီး မနက်စာအတွက် ကျန်းယွင်ကျူး၏ဆိုင်သို့ ရောက်လာကြလေသည်။

“ မနက်စာ မလုပ်တော့ဘူးဟုတ်လား”

ဒုစစ်သူကြီးကျောက်၏ နွားမျက်လုံးက ပြူးထွက်လာ၏။

“အင်း နေ့လယ်စာနဲ့ ညစာပဲ လုပ်ပါတော့တယ်”

ကျန်းယွင်ကျူးက ခုနကပြောခဲ့သည့် စကားကို ထပ်ပြောလိုက်သည်။

ဒုစစ်သူကြီးကျောက်မှာ အနည်းငယ်စိတ်ပျက်သွားတော့သည်။ သို့သော် ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် … မဆိုးပါဘူး။ သူတို့တွေ ညနေခင်းမှာလည်း အရသာရှိတဲ့ အစားအသောက် စားလို့ရတာပဲ။ မနက်စာကိုတော့ တစ်ခုခုမှာစားလိုက်လည်း အဆင်ပြေတယ်။

သူတို့သည် သူတို့အစားအသောက်များကို မှာလိုက်ပြီး မနက်စာစားရန် တခြားဆိုင်ကို သွားလိုက်ကြသည်။ နည်းနည်းလောက်ပတ်ရှာလိုက်ပြီးနောက်တွင် ကျန်းယွင်ကျူး၏ အစားအသောက်လောက် မကောင်းကြသည်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူတို့သည် သည်အတိုင်း နည်းနည်းပါးပါး ဝယ်ခြမ်းပြီး တောင်ပေါ်ပြန်တက်ကာ နေ့လယ်စာကို စောင့်နေလိုက်ကြတော့သည်။

သည်အချိန်တွင် နောက်ထပ်လူနှစ်ယောက်က ကျန်းယွင်ကျူး၏ဆိုင်သို့ ရောက်လာပြန်သည်။

“ဧည့်သည်တို့”

ကျန်းယွင်ကျူးက မော့ကြည့်လိုက်သော်လည်း နေရာတွင်ပင် ငေးကြောင်ကြောင်ဖြင့် ရပ်နေလိုက်မိသည်။

သူမဆီက နေ့တိုင်း အစားအသောက်ဝယ်နေကျ မျက်လုံးဝိုင်းဝိုင်းနှင့်ယောက်ျား ဖြစ်သည်။ သူက ချီလင်သက်တော်စောင့်မှန်း သူမ ခန့်မှန်းမိသည်။ ဘာလို့လဲ။ ရှန်ဖုန်းမင်က ပြန်သွားနှင့်ပေမဲ့ သူတို့နှစ်ယောက် ဘာလို့ ဒီနေရာမှာ နေခဲ့တာလဲ။ သူမ အရင်က ခန့်မှန်းချက် မှားသွားတာလား။

သူမ ခန့်မှန်းချက်က မမှားပေ။ နျဲ့ရှင်းတို့နှစ်ယောက်သည် ချီလင်သက်တော်စောင့်များ ဖြစ်ကြသည်။ သူတို့တွေက နေ့တိုင်း ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့အတွက် အစားအသောက် လာဝယ်ပေးနေကျလေ။ သူတို့တွေလည်း မနေ့ကတည်းက ရှန်ဖုန်းမင်နဲ့ လိုက်ပြန်သွားရမှာ။ ဒါပေမဲ့ ဆန်ဝယ်ဖို့ပါလို့ ယန်ရှန့်ကို ဘယ်သူက လိမ်ခိုင်းလိုက်လို့တုံး။

ယန်ရှန့်က သူတို့နှစ်ယောက်ကို နေခဲ့ခိုင်းပြီး ဒီကိစ္စကို ဖြေရှင်းခိုင်းလိုက်တယ်လေ။

နှစ်ယောက်သားက လိမ်ထားတာတွေကို အဆုံးထိလိုက်ရှင်းရင်း ယန်ရှန့်ကို ကူညီပေးဖို့လိုတယ်လေ။ ဆန်တွေ အဲလောက်အများကြီးစုပြီး မြို့တော်ကို ပြန်ဖို့က တကယ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့တွေက ဆန်ကုန်သည်တစ်ယောက်ကို ရှာပြီး သူ့ဆီမှာပဲ ဆန်တွေကို တိုက်ရိုက်ရောင်းခဲ့ရတာပေါ့။

ဟိုလှည့် သည်လှည့်နဲ့ပဲ အချိန်က ကုန်သွားလေရဲ့။

အခုတော့ အားလုံးပြီးသလောက်ရှိသွားပြီလေ။ နှစ်ယောက်သားက ပြန်ချင်ပေမဲ့ ရုတ်တရက်ကြီး ရက်ပေါင်းများစွာ ရှူရှိုက်ခဲ့ရပေမဲ့ မြည်းတောင်မကြည့်ခဲ့ရတဲ့ အနံ့ကို သတိရသွားကြတယ်။ သူတို့တွေက မပြန်ခင် ဆိုင်မှာ သွားမယ်ဆိုမှ တိုက်ဆိုင်သွားတော့တာပဲ။ ဒီတစ်ခါတော့ ဒုတပ်မှူးက သူတို့ကို ထိန်းချုပ်လို့ မရနိုင်တော့ဘူးလေ။ ဟုတ်တယ်မလား။

ဒါကြောင့် သူတို့ ရောက်လာခဲ့တာပေါ့။

ကျန်းယွင်ကျူးက တစ်ပုံစံတည်း ရှင်းပြလိုက်လေသည်။ သူမသည် သည်နေ့ မနက်စာမရောင်းတော့ဘဲ နေ့လယ်စာနှင့် ညစာကိုသာ ရောင်းချတော့မည်။

နှစ်ယောက်သားက အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့ ဘာလုပ်ကြမလဲ။ နေ့လယ်စာစားပြီးမှ သွားကြရင်ကော။ ခရီး အလျင်လိုနေတယ်ဆိုပေမဲ့ အချိန်မီတော့ ရောက်မှာပါ။

နှစ်ယောက်သားသည် နေလိုက်ကြတော့သည်။ သူတို့သည် သည်တစ်နပ်ကို စွဲလမ်းနေသည်ကို မြင်နိုင်လေသည်။ အမှန်တွင်တော့ သူတို့နှစ်ယောက်တည်း မဟုတ်ပေ။ ကျန်သည့် ချီလင်သက်တော်စောင့်များကလည်း စားချင်ခဲ့ကြသည်။ သို့သော် ကံဆိုးချင်တော့ သူတို့တွေ အခွင့်အရေးတစ်ခုပင် မရလိုက်ခဲ့ချေ။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး နှစ်ယောက်သားက နေခဲ့ရသည်က ကောင်းသည့်ကိစ္စတစ်ခုဟု ခံစားမိသွားတော့သည်။ ဒီတစ်နပ်က တကယ်ပဲ အဲလောက်အရသာရှိသလားကိုသာ မသိတာလေ။ တပ်မှူးကတောင် နေ့တိုင်းစားတယ်ဆိုတော့။

ရှားရှားပါးပါး အရသာပဲဖြစ်ရမယ်။

အင်း။ သူတို့တွေ စားသောက်ပြီးသွားရင်တော့ မြို့တော်ကို ပြန်ရောက်တဲ့အခါ သူတို့ညီအစ်ကိုတွေကို သွားကြွားရမယ်။ အဲ… ကောင်းကြောင်းပြောပြရမယ်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset