အပိုင်း (၂၉)
ဆောင်းစဝင်လာသည့်နေ့တွင် ကျန်းယွင်ကျူးသည် ဟင်းပွဲအသစ်လုပ်ဖို့ရာ စိတ်မပါဖြစ်နေလေသည်။ ထို့ကြောင့် သူမက အသားပန်ကိတ်ကိုသာ လုပ်လိုက်တော့သည်။ ရောင်းအားက မဆိုးချေ။
နေ့ခင်းတွင် သူတို့သည် ဖက်ထုပ်ပြုတ်ရောင်းကြမည်။ ဝက်သားနှင့်မုန်လာထုပ်၊ သိုးသားနှင့် မုန်လာထုပ် ဟူ၍ အစာနှစ်မျိုးလုပ်ကြမည်။ ပုံမှန်စားသုံးသူများက သူမ၏ဟင်းချက်လက်ရာကို ယုံကြည်ကြသည်။ ထို့အပြင် သည်နေ့သည် ဖက်ထုပ်စားသည့်ပွဲတော်ရက်တစ်ရက် လည်းဖြစ်သည်။ လူများစွာက ဖက်ထုပ်များကို မှာယူကြလေသည်။
ကျန်းယွင်ကျူးသည် ချန်ရှီရွာသို့ ပြန်လာချိန်တွင် ကုယန်ကျိုးက လမ်းကြုံဝင်လည်နှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။
“ မိန်းကလေးကျန်း ကျွန်တော် ဒီနေ့ စာသင်ပေးဖို့ အချိန်မရှိလို့ အားနာမိပါတယ်၊ ဆရာက ကျွန်တော့်ကို ညနေကျရင် သူ့ကို လာတွေ့ခိုင်းထားပြီး သူ့မိတ်ဆွေတွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးမယ်လို့ ပြောတယ် ကျွန်တော် နောက်ကျတဲ့အထိ ပြန်လာဖြစ်မှာမဟုတ်ဘူး” ကုယန်ကျိုးက ပြောလိုက်၏။
ကျန်းယွင်ကျူးက သူမ၏နှုတ်ခမ်းကို စေ့ထားလိုက်လေသည်။ ဟော ရောက်လာပြီ။ ကုယန်ကျိုးက မြို့ကိုသွားတော့မယ်။ အရမ်းနောက်ကျတဲ့အထိ ပြန်မလာဘူးတဲ့။ ဒါမှမဟုတ် သူ ဒီည ပြန်မလာတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံး မြို့တံခါးက ညနေ ၅နာရီဆို ပိတ်ပြီလေ။ သူ အချိန်မီမပြန်ရင်နိုင် သူ့ဆရာအိမ်ပဲ တည်းလိမ့်မယ်။
ဒါဆို အိပ်မက်ထဲမှာ ဒီည သူ ကပ်ဘေးကနေ လွတ်သွားခဲ့တာပေါ့။
ဒါက သူ့အတွက် ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူး။
ကြည့်ရတာ အားလုံးက အိပ်မက်ထဲကအတိုင်း တထပ်တည်း ဖြစ်နေပြီ။ ကျန်းယွင်ကျူးသည် စိုးရိမ်သွားပြီးနောက် တဖြည်းဖြည်း စိတ်အေးသွားတော့သည်။ ဒါလည်း ကောင်းပါတယ်။ သူမက ကျန်းယွင်ရှို့နဲ့ ကံကြမ္မာချင်း လဲလိုက်လို့ ဒီနေ့ကိစ္စကို သက်ရောက်မှုရှိသွားမှာ စိုးရိမ်နေခဲ့တာ။ အခု အကြည့်ရတာတော့ အဲလိုမဖြစ်လောက်ဘူး။
“မိန်းကလေးကျန်း”
ကုယန်ကျိုးက ကျန်းယွင်ကျူး၏ လေးနက်နေသည့်မျက်နှာကို သတိထားမိသွားပြီး တောင်းတောင်းပန်ပန်နှင့် ရှင်းပြလိုက်လေသည်။
“ ဆရာက သူ့ရဲ့ အရေးကြီးတဲ့မိတ်ဆွေတွေလို့ ပြောလို့ပါ၊ ဒါကြောင့် ကျွန်တော် သွားမှ ဖြစ်မှာမလို့”
“ရပါတယ်ရှင်၊ ရှင် သွားလိုက်ပါ၊ ကျွန်မတို့က စာသင်ဖို့ အလျင်မလိုပါဘူး” ကျန်းယွင်ကျူးက ပြုံးပြလိုက်၏။
ကုယန်ကျိုးလည်း ပြုံးပြလိုက်ပြီး လှည့်ထွက်သွားတော့သည်။
ကျန်းယွင်ကျူးက သူ့ကျောပြင်ကို ကြည့်ပြီး ရွှီချင်ရှန့်အကြောင်း စဥ်းစားမိသွားလေသည်။ သူမရဲ့အိပ်မက်ထဲမှာ သူလည်း ဒီည ကပ်ဘေးကနေ လွတ်သွားတယ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲ ဆိုတာတော့ သူမ မသိဘူး။
ညနေ ၃နာရီ ထိုးခါးနီး…. ရွှီချင်ရှန့်သည် မုန့်ကျားရွာသို့ လိုက်ပို့ပြီးနောက်တွင် မိုင်းတွင်းဘက်သို့ မြန်မြန်ပြန်လာချင်ခဲ့သည်။ မိုင်းလုပ်သားများ အလုပ်ဆင်းခါနီးတော့မည်။ သူသည် ပြန်သွားပြီး အငှားလိုက်ရပေမည်။
သည်အချိန်တွင် အနီးနားက လူတစ်ယောက်က အလောတကြီး ရုတ်တရက်ပြေးဝင်လာတော့သည်။
“ တစ်ယောက်လောက် ကျွန်တော့်ကို ကူညီကြပါအုံး”
ယောကျ်ားတစ်ယောက်။ သူသည် လုံးဝပျာယာခတ်နေပြီး နေရာတွင်ရပ်ကာ အော်ဟစ်နေလေသည်။
“ဘာဖြစ်တာလဲ”
ရွှီချင်ရှန့်သည် စိတ်ထားကောင်းသူဖြစ်၏။ သူက မြည်းလှည်းပေါ်က ချက်ချင်း ဆင်းလာခဲ့လိုက်သည်။
ထိုယောက်ျားက သူ့လက်မောင်းကို ဆွဲကာ ပြန်ဖြေလေသည်။
“ ကျွန်တော့်မိန်းမ မီးမဖွားနိုင်လို့ပါ၊ သူ သွေးတွေအများကြီး ထွက်နေတယ်၊ လက်သည်ကလည်း ပြောတယ် သူ….”
ထိုယောက်ျားသည် စကားမဆုံးမခင်မှာပင် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာတော့သည်။
မီးဖွားရခက်နေတာပဲ။
“ သူ့ကို မြို့ကို မြန်မြန်ခေါ်သွား၊ မဟုတ်ဘူး၊ စီရင်စုမြို့ကို ခေါ်သွားရမယ်၊ စီရင်စုမြို့မှာ သမားတော်ကောင်းတွေ အများကြီးရှိတယ်၊ သူ့အသက်ကို ကယ်နိုင်မှာပါ”
မုန့်ကျားရွာသည် ချန်လင်းမြို့တွင်ပါဝင်သော်လည်း ချန်လင်းမြို့စွန်တွင်ရှိကာ လမ်းတစ်လျှောက် တောင်ပေါ်လမ်းများဖြစ်လေသည်။ သူမကို မြို့လေးသို့ ပို့သည်ထက် စီရင်စုမြို့သို့ တန်းပို့လိုက်သည်က ပိုကောင်းလေသည်။ နည်းနည်းပိုဝေးသော်လည်း လမ်းက ဖြူးသည်။ မိခင်လောင်းက လမ်းခရီးကြမ်းကို သည်းခံနိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ရွှီချင်ရှန့်က ထိုသို့ပြောလိုက်ခြင်းပင်။
ထိုယောက်ျားက အသက်ကယ်ကောက်ရိုးကို ဖမ်းဆုပ်မိသွားသယောင် ထပ်ပြောလိုက်၏။
“ စီရင်စုမြို့ကို သွားမယ်၊ အဲဒီကို သွားမယ်”
ဒါပေမဲ့ စီရင်စုမြို့ကို ဘယ်လိုသွားရမှာလဲ။
“ကျွန်တော် ခင်ဗျားတို့ကို ခေါ်သွားပေးမယ်”
ရွှီချင်ရှန့်က ချက်ချင်းပြောလိုက်၏။ ဒါက သူ့အလုပ်ကို နှောင့်နှေးစေမှာ ဆိုပေမဲ့ သူ ဒီကိစ္စကို ဒီအတိုင်း လျစ်လျူရှုထားလို့မရဘူးလေ။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ထိုယောက်ျားက သူ့လက်ကို ဆုပ်ထားကာ ဒူးထောက်ပြီး ကျေးဇူးတင်ချင်နေတော့သည်။
ရွှီချင်ရှန့်က သူ့ကို မြန်မြန်တားလိုက်၏။ သူတို့သည် ကိုယ်ဝန်သည်အမျိုးသမီးကို မြည်းလှည်းပေါ်သို့ အတူတူမ,တင်ပေးလိုက်ပြီး စီရင်စုမြို့သို့ မြန်မြန်သွားလိုက်ကြတော့သည်။
ရွှီချင်ရှန့် ဘာဖြစ်ခဲ့သည်ကို ကျန်းယွင်ကျူး မသိသည်က ပြောရန်ပင်မလိုချေ။ သူမသည် ထိုအခိုက်တွင် အနောက်ဘက်ကောင်းကင်ကိုသာ ငေးကြည့်နေလေသည်။
ညနေ ၅နာရီ…. မိုင်းလုပ်သားတွေ အလုပ်ဆင်းပြီ။ ဒီနေ့သည် ဆောင်းဝင်သည့်ပထမဆုံးရက် ဖြစ်သည်။ အိမ်မှာ ဖက်ထုပ်များ လုပ်ထားကြသည်။ မိသားစု စုံစုံညီညီ ဖက်ထုပ် အတူတူထိုင်စားရမည်ကို တွေးရင်း အားလုံး၏မျက်နှာပေါ်တွင် အပြုံးကိုယ်စီနှင့် သူတို့သည် အိမ်သို့ ချက်ချင်း ပျံသွားချင်တော့သည်။
ဆောင်းရာသီတွင် နေဝင်စောလေသည်။ ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မှောင်နှင့်နေသည်။
မိုင်းလုပ်သားနောက်ဆုံးအဖွဲ့က ပြန်ကြတော့မည်။ သည်အခိုက်တွင် လူတစ်ယောက်က အနောက်ဘက်သို့ လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။
“ အဲဒါက ဘာလဲ”
အားလုံးက ထိုလူ ညွှန်ပြလိုက်သည့်ဘက်ကို ကြည့်လိုက်ကြ၏။ မီးလုံးတစ်ခုက လေထဲက ဆင်းလာပြီး တောင်ထိပ်တွင် ကျသွားသည်ကို မြင်လိုက်ရသည်။
“အဲဒါ ရှီဖုန်းတောင်ပဲ”
ထိုတောင်ကို ရှီဖုန်းတောင်မှန်း သိသူတစ်ယောက်က ပြောလိုက်၏။
အားလုံးက ထိုမြင်ကွင်းကို စိတ်ဝင်စားသွားတော့သည်။
သည်အခိုက်တွင် ချန်ရှီရွာထဲက အိမ်အပြင်တွင် ရှိနေသည့်လူများကလည်း မီးလုံးကို တွေ့လိုက်ကြပြီး အိမ်ထဲကလူများကို ချက်ချင်း အော်ပြောလိုက်ကြလေသည်။
“ ထွက်လာပြီး ကြည့်ပါအုံး၊ ဟိုးနားမှာ မီးလုံးတစ်ခု ရှိနေတယ်”
ထိုစကားကို ကြားလိုက်ကြပြီးနောက် အခန်းထဲကလူများက ပစ္စည်းများကို ချထားလိုက်ကာ အပြင်ထွက်ပြီး ကြည့်လိုက်ကြလေသည်။
ဘာမှမရှိပါဘူး။ မဟုတ်ဘူး။ နောက်ထပ်မီးလုံးတစ်ခုက လေထဲမှ ကျလာပြန်သည်။
“ဘာဖြစ်နေတာလဲ”
မီးလုံးတွေက ကောင်းကင်ကနေ ကျလာတယ်တဲ့လား။ ဒါက ကပ်ဘေးတစ်ခု ဖြစ်တော့မယ်လို့ ပြောတာလား။ ကြောက်ရွံ့ကြသူများက နတ်ဘုရားများကို ချက်ချင်း ဆုတောင်းကြတော့သည်။
ရဲတင်းကြသူများကလည်း စိတ်ထဲက ရေရွတ်လိုက်ကြသည်။ တစ်ခုခုဖြစ်တော့မှာတော့ မဟုတ်လောက်ပါဘူး။
အမှတ်တမဲ့ အားလုံးက စုရုံးသွားပြီး လေသံတိုးတိုးဖြင့် တိုင်ပင်ကြရင်း အနောက်ဘက်သို့ ကြည့်နေကြလေသည်။
“ရွာသူကြီး ဘာတွေဖြစ်နေတာလဲ”
လူတစ်ယောက်က ကုယုံသယ်ကို တိတ်တိတ်လေး မေးလိုက်သည်။
ကုယုံသယ်မှာ မည်သို့သိပါမည်နည်း။ သူက သည်အတိုင်း မျက်မောင်ကျုံ့ထားလိုက်ပြီး ဘာမှမပြောပေ။
“ သွားစစ်ဆေးကြည့်ကြမလား၊ ရှီဖုန်းတောင်ပေါ်မှာ ဘုရားကျောင်းတစ်ခု ရှိတယ်ထင်တယ်၊ အဲမှာ လူတွေ နေကြသေးတယ်” လူတစ်ယောက်က ထောက်ပြလိုက်၏။
အားလုံးက အချင်းချင်း ကြည့်လိုက်ကြလေသည်။ သွားမှာလား။ မသွားဘူးလား။
ထိုအခိုက်လေးမှာပင် နောက်ထပ် မီးလုံးကြီး သုံးခုက ကျလာတော့သည်။ ထိုနောက် လင်းထိန်သွားပြီး ငါးပေးခန့်ရှိသည့် အနီရောင်အဝတ်အစားနှင့် နတ်သမီးတစ်ပါး ရုတ်တရက် ပေါ်လာတော့သည်။ သူမသည် မင်္ဂလာတိမ်တိုက်ပေါ်တွင် လှမ်းလျှောက်နေသလို တလှပ်လှပ်ဖြစ်နေပြီး ကျယ်ပြောလှသည့် ကြယ်တာရာကြီးတစ်ခုလို ထည်ဝါနေလေသည်။
အားလုံးမှာ မှင်တက်အံ့ဩသွားကြတော့သည်။ မြင်ကွင်းက အခိုက်တန့်လေးသာ ပေါ်လာသော်လည်း အစစ်လိုလို အတုလိုလို ဖြစ်နေသယောင်။ သို့တိုင် သူတို့သည် သေသေချာချာ မြင်လိုက်လေသည်။ နတ်သမီး ကိုယ်ထင်ပြတာပဲ။
“အဲဒါ ကောင်းကင်ဘုံရဲ့သမီးတော် နတ်သမီးပဲ၊ အားလုံး ကောင်းကင်ဘုံနတ်သမီးကို သွားကန်တော့ကြရအောင်”
ကြည်လင် ပြတ်သားသည့် ကလေးအသံတစ်ခု ထွက်လာလေသည်။ ထိုစကားနောက်တွင် အားလုံးက တစ်စုံတစ်ယောက်၏ ဦးဆောင်မှုနောက်မှ ရှီဖုန်းတောင်ဆီသို့ အပြေးအလွှားသွားလိုက်ကြတော့သည်။
မိုင်းတွင်းဆီက ဝမ်ပင်းကလည်း ထိုမြင်ကို တွေ့လိုက်ပြီး ချက်ချင်း မျက်မှောင်ကျုံ့သွားတော့သည်။ ထိုအရာက ကောင်းချီးပေးနေသည်လား။ ကျိန်စာတိုက်နေသည်လားကိုတော့ သူမသိတော့ချေ။
နေပါအုံး။ သူသည် ရုတ်တရက် သတိရသွားတော့သည်။ ရွာသားတွေအားလုံး ရှီဖုန်းတောင်ကို သွားလိုက်ကြရင် သူ့အစီအစဥ်ကရော။
ချီလင်သက်တော်စောင့်များ သိသွားမည်စိုးသဖြင့် သူရွေးထားသည့် လူများကို လွန်ခဲ့သည့် နှစ်ရက်ကတည်းက တောင်ခြေသို့ လွှတ်လိုက်ပြီး သူတို့ကိုယ်သူတို့ မိုင်းလုပ်သားများလို ဟန်ဆောင်ခိုင်းထားခဲ့သည်။ သည်အချိန်ဆိုလျှင် သူတို့သည် ချင်းလုံအောက်မှ ကီလိုမီတာ ၃၀လောက်တွင် ရောက်နေလောက်ပြီ။ သူတို့သည် အချိန်ကျသည်နှင့် လှုပ်ရှားကြလိမ့်မည်။
ဘာလုပ်ရမလဲ။ အစီအစဥ်ပြောင်းရမလား။ ဒါပေမဲ့ ဒီနေ့ညပြီးသွားရင် အနာဂတ်မှာ နောက်တစ်ခါ တိုက်ခိုက်ဖို့ နောက်အခွင့်အရေးတစ်ခု ရပါ့မလားတောင် မသိဘူး။
ဒါပေမဲ့ သူ အစီအစဥ်မပြောင်းဘူးဆိုရင် ငါးစာက လွတ်သွားပြီ၊ သူတို့တွ ချီလင်သက်တော်စောင့်တွေကို ဘယ်လိုသ-တ်နိုင်တော့မှာလဲ။
သူသည် ကုလားထိုင်တွင် ပစ်ထိုင်လိုက်လေသည်။ ကောင်းကင်ဘုံက သူ့ကို ဆန့်ကျင်နေတာပဲ။
ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့လည်း ခုနက မြင်ကွင်းကို တွေ့လိုက်ရသည်။ ယန်ရှန့်သည် သည်ရက်ပိုင်းတွင် ကျန်းယွင်ကျူးကို အာရုံစိုက်မိနေပြီး သူမက နေ့တိုင်း ကောင်းကင်ဘုံနတ်သမီးဘုရားကျောင်းသို့ သွားနေမှန်း သိထားလေသည်။ ကြည့်ရတာ သူမက ဘုရားကျောင်း ပြန်စည်ကားလာအောင် ကူညီပေးနေတာထင်တယ်။
သည်တစ်ကြိမ်တွင် သည်မြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယွင်ကျူး၏ လုပ်ရပ်မှန်း ချက်ချင်း ခန့်မှန်းမိပြီး လက်ခုပ်တီးလိုက်မိတော့သည်။
“ အံ့ဩစရာပဲ၊ သူက ဉာဏ်ကောင်းပါတယ်လို့ ငါပြောသားပဲ၊ ဒီလိုတောင် လုပ်နိုင်တယ်တဲ့၊ မီးလုံးတွေကို ခဏထားပါအုံး၊ သူက နတ်သမီးကို ဘယ်လိုလုပ်ခဲ့တာလဲ၊ နောက်မှ သူ့ကို မေးပြီး ငါလည်း အဲလို ကစားကြည့်ရမယ်”
ရှန်ဖုန်းမင်၏မျက်လုံးထဲတွင် အံ့ဩရိပ်ဖြတ်ပေးသွားလေသည်။ ထို့နောက် သူကမေးလိုက်၏။
“ ဒီမြင်ကွင်းကို သူလုပ်ခဲ့တာ ဘယ်သူသိသေးလဲ”
“ ငါတို့ ချီလင်သက်တော်စောင့်က လူနည်းနည်းပါးပါးပဲ ရှိမှာပေါ့ ၊ဘာလို့လဲ” ယန်ရှန့်က မေးလိုက်၏။
“ အဲလူတွေကိုပြောလိုက် ဒီကိစ္စကို အပြင်ကို တစ်ခွန်းမှ မပေါက်ကြားစေနဲ့လို့၊ မင်းရောပဲ”
ရှန်ဖုန်းမင်သည် ယန်ရှန့်ကို ကြည့်ကာ ပြောလိုက်လေသည်။
“ဘာ….”
ယန်ရှန့်က အကြောင်းအရင်းကို မေးချင်ခဲ့သော်လည်း ရှန်ဖုန်းမင် စိတ်ပူသွားသည်ကို ရုတ်တရက် နားလည်လိုက်လေသည်။ အပင်မြင့်လေ လေတိုက်လေပေါ့။ ပြီးတော့ ဒီလုပ်ရပ်ကို ကျူးလွန်တာက အနည်းနဲ့ အများတော့ လူတွေရဲ့စိတ်ကို ပြုစားတာလို့ သံသယရှိနိုင်တယ်လေ။ မကောင်းတဲ့အကြံရှိတဲ့သူ တစ်ယောက်သာ ဒါကို သိသွားရင် အခြေအနေ ဆိုးသွားလိမ့်မယ်။
အဲလိုဆိုရင်တောင် သာမန်လူတစ်ယောက်ကိုတော့ ဘယ်သူမှ အာရုံစိုက်ကြမှာ မဟုတ်ပါဘူး။
“စိတ်မပူပါနဲ့၊ ငါတို့ချီလင်သက်တော်စောင့်တွေထဲက ဘယ်သူမှ ဘာမှပြောကြမှာမဟုတ်ဘူး”
ယန်ရှန့်သည် စကားဆုံးသွားနှင့် ပြောင်စပ်စပ်မျက်နှာဖြင့် ရှန်ဖုန်းကို ခေါင်းစခြေဆုံး ကြည့်လိုက်လေသည်။ သူက တခြားသူတွေကို အရမ်းစဥ်းစားပေးတတ်တယ်ပေါ့လေ။ ဟုတ်လား။
ရှန်ဖုန်းမင်က သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်လေသည်။
ယန်ရှန့်က ချောင်းဟန့်လိုက်ပြီး သူလုပ်စရာရှိတာကို သွားလုပ်တော့သည်။
ချင်းလုံအောက်မှ ၃၀ ကီလိုမီတာအကွာတွင် ကျူးလျန့်က သည်နေရာတွင် လူများကိုဦးဆောင်ကာ ပုန်းခိုနေလေသည်။ ရှီဖုန်းတောင်နှင့် အလွန်ဝေးလေသည်။ ထိုအခြင်းအရာထက် သည်နေရာက တောင်ချိုင့်ဝှမ်းတစ်ခု ဖြစ်နေသည်။ ပတ်ဝန်းကျင်တောင်များက မြင်ကွင်းကို ကာဆီးထားသည်။ ကျူးလျန့်နှင့် တခြားသူများသည် အနောက်ဘက်ရှိ ထူးခြားမှုကို မမြင်ကြပေ။
ည ၇နာရီ။ ကျူးလျန့်သည် အံကြိတ်လိုက်ပြီး သူ့မြင်းပေါ် တက်ကာ သူ့လူများကို ဦးဆောင်ပြီး ချန်ရှီရွာသို့ တန်းတန်းမတ်မတ်ဦးတည်သွားလိုက်လေသည်။
လူ ၅၀၀-၆၀၀ခန့် ရှိသည်။ သူတို့အားလုံးသည် ဓားပြများလို ဝတ်စားထားပြီး ရောင်စုံအဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ သူတို့မျက်နှာကို အဝတ်များဖြင့် စည်းထားသည်။ သူတို့၏လက်ထဲတွင်တော့ ဓားကြီးများကို ကိုင်ထားကြသည်။
မြင်းစီးကာ လူအများကြီး ဖြတ်သွားကြသဖြင့် ဆူညံသံများ ထွက်လာတော့သည်။ လမ်းတစ်ဝက်တွင် ရွာသားတချို့က အပြင်ဘက်က ဆူညံသံကို ကြားလိုက်ပြီး တံခါးဖွင့်ကြည့်လိုက်ပြီးမှ ကြောက်လန့်တကြား တံခါးကို ချက်ချင်းပြန်ပိတ်လိုက်ကြသည်။ အမေရေ ဓားပြတွေ။ ဓားပြတွေအများကြီးပဲ။
ချန်ရှီရွာ၏ မိုင်၃၀အကွာတွင် ကင်းပုန်းစောင့်နေသည့် ချီလင်သက်တော်စောင့်က သူတို့ကို တွေ့သွားပြီး သတိပေးလေချွန်သံ အတိုသုံးခါ အရှည်သုံးခါ မှုတ်လိုက်လေသည်။
အချိန်တိုအတွင်းတွင် ယန်ရှန့်သည် သတင်းရသွားပြီး ရှန်ဖုန်းမင်းအား အလျင်စလို လာပြောပြလေသည်။
“ ဓားပြတစ်စုတဲ့၊ လူ ၅၀၀-၆၀၀လောက်ရှိတဲ့ လူတွေက ဓားကိုင် မြင်းစီး’ပြီး ငါတို့ဘက်ကို ဦးတည်လာနေတယ်တဲ့”
“ဓားပြ ဟုတ်လား”
ရှန်ဖုန်းမင်၏အသံမှာ ခပ်ဩဩထွက်လာလေသည်။ ဝူလင်စီရင်စုမှာ ဒီလိုလက်နက်အပြည့်အစုံရှိတဲ့ ဓားပြတွေ ရှိလို့လား။
…