အပိုင်း (၂၈.၁)
သည်အချိန် တောင်ပေါ်၌ ဝမ်ပင်၏မျက်လုံးများသည် သွေးကြောများ ထောင်တက်နေတော့သည်။ ကျူးလျန် ဝင်လာသည်ကို မြင်လိုက်ရသည်နှင့် သူက ချက်ချင်းမေးလိုက်လေသည်။
“ဘယ်လိုဖြစ်သွားပြီလဲ”
ကျူးလျန့်က ခေါင်းခါပြလိုက်၏။ လူအများကြီး အဖမ်းခံလိုက်ရတာတောင် ချီလင်သက်တော်စောင့်တစ်ယောက်မှ ပါတဲ့ပုံမပေါ်ဘူး။
သူက မဝံ့မရဲ ပြောလိုက်၏။
“ စစ်သူကြီးကြီး အတွေးလွန်နေတာဖြစ်မှာပါ၊ အဲဒီလူက ဝူလင်မိုင်းတွင်းကို လုံးဝမလာခဲ့ဘူး”
သူသည် ရှန်ဖုန်းမင်အကြောင်း ပြောလိုက်ချိန်တွင် သူ့ကို နာမည်ဖြင့် မခေါ်ရဲချေ။ ထို့အစား သူက ဝမ်ပင်း စိတ်ဆိုးသွားမည်စိုးသဖြင့် ‘အဲဒီလူ’ဟုသာ သုံးနှုန်းလိုက်တော့သည်။
ဝမ်ပင်းက တုံ့ဆိုင်းသွားပြီး မေးလိုက်၏။
“ ကျောက်ဖင်မြို့က ဘာသတင်းကြားလဲ”
“ အခုပဲ သတင်းရောက်လာတယ်၊ အဲဘက်က ခြေရာလက်ရာတွေအားလုံးကို ရှင်းလင်းပြီးပြီတဲ့၊ ချီလင်သက်တော်စောင့်တွေက ဘာမှ ရှာတွေ့မှာမဟုတ်ပါဘူးတဲ့၊ စစ်သူကြီး စိတ်ချလို့ရပါပြီ”
“ အဲဒီ ရှန်ဆိုတဲ့လူက ကျောက်ဖင်မြို့ကို သွားခဲ့သေးလားလို့မေးနေတာကွ” ဝမ်ပင်းက ဟိန်းဟောက်လိုက်၏။
ကျူးလျန့်မှာ အနည်းငယ် အံ့ဩသွားတော့သည်။ ထို့နောက် သူက ခေါင်းခါပြလိုက်၏။ အဲဒီလူက ကျောက်ဖင်မြို့မှာ ပေါ်မလာခဲ့ပါဘူး။
“ သူ ဝူလင်မိုင်းတွင်းမှာပဲ ရှိနေရမယ်”
စိုးရိမ်တကြီးဖြင့် ဝမ်ပင်းက ချက်ချင်း ထရပ်လိုက်ပြန်သည်။ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူကပြောလိုက်၏။
“ သူ ရှိကိုရှိနေတယ်၊ သူ ရှိနေရမယ်”
ရလဒ်အနေဖြင့် လုံခြုံရေးများက ထပ်ပြီး ပတ်ရှာရတော့သည်။
ညနေ ၃နာရီတွင် မိုးတိတ်သွားလေသည်။ သို့သော် ကောင်းကင်ကတော့ မကြည်လင်သေးချေ။ မကြာမီ မိုးထပ်ရွာအုံးမည့်ပုံပင်။
ဘုန်းကြီးက ကျန်းမိသားစုက ထပ်ပြီး ကျေးဇူးတင်စကားပြောလိုက်ပြီး ထွက်သွားတော့သည်။
ထင်ထားသည့်အတိုင်းပင် မိုးက နောက်တစ်နေ့မနက်အထိ ရွာနေခဲ့သည်။ အမျိုးသမီးချန်က မနေ့က ဟူလထန်း မလုပ်ခဲ့မိသည့်အတွက် ကိုယ့်ဟာကိုယ် ကျေးဇူးတင်သွားလေသည်။ သူတို့သည် ဆိုင်မခင်းနိုင်ခဲ့လျှင် အလကားဖြစ်သွားလိမ့်မည်။
တစ်ဖက်တွင်တော့ ကျန်းယွင်ကျူးက မအိပ်ဖြစ်သလောက်ပင်။ အိပ်ရာပေါ်တွင် လဲလျောင်းရင်း ပြတင်းပေါက် အပြင်ဘက်က မိုးဖွဲကျနေသံကို နားထောင်နေလေသည်။ သူမ မနေ့က လုပ်ခဲ့တဲ့ အစီအစဥ်ကို ပြင်ဆင်ရလိမ့်မယ်။ ဘာဟာကွက်မှ မရှိသည်ကို ခံစားမိလိုက်ပြီးနောက် သူမက အိပ်ရာထလိုက်တော့သည်။
မနက် ၉နာရီတွင် မိုးတိတ်သွား၏။ အားလုံးကို ရေဆေးချလိုက်သလို သန့်ရှင်းလန်းဆန်းနေတော့သည်။ သူမက အမျိုးသမီးချန်ကို လမ်းထွက်လျှောက်အုံးမည်ဟု ပြောခဲ့လိုက်သည်။
အမျိုးသမီးချန်ကလည်း စိတ်ထဲမထားချေ။
ကျန်းယွင်ကျူးက ထွက်လာပြီး အနောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ ဟုတ်နေတာပဲ။ အဲဘက်မှာ မတ်စောက်တဲ့ တောင်ထိပ်နှစ်လုံးရှိတယ်။ တစ်ခု မြင့်ပြီး တစ်ခုက နိမ့်တယ်။ မြင့်တဲ့ တစ်ခုက မတ်မတ်ကြီးတက်သွားပြီး မတ်မတ်ပြီး ပြန်ဆင်းလာတယ်။ သူ့ပတ်ဝန်းကျင်က ချောမွတ်တဲ့ကျောက်နံရံတွေပဲ။ လူတွေ လုံးဝ တက်သွားလို့မရနိုင်လောက်ဘူး။ သူ့ဘေးမှာ တောင်နိမ့်တစ်လုံး ရှိတယ်။ ဆင်ခြေလျှောက နည်းနည်းပြေသလိုပဲ။
ဝူလင်စီရင်စုမြို့တွင် နေရာတိုင်း၌ တောင်များ ရှိလေသည်.။ သူမသည် သည်တောင်နှစ်လုံးကို အရင်က အမှန်ပင် သတိမထားခဲ့မိသလို ထိုတောင်ပေါ်တွင် ဘုရားကျောင်းတစ်ခု ရှိမှန်းလည်း မသိခဲ့ချေ။
ကျန်းယွင်ကျူးက ထိုဘက်သို့ လမ်းလျှောက်သွားလိုက်သည်။
သူသည် နေ့တိုင်းလိုလို မြို့သို့ ၃ကီလိုမီတာနီးပါး လမ်းလျှောက်နေရသည်။ သူမသည် လမ်းလျှောက်ရာတွင် အသားကျလာခဲ့သည်။ ၅ ကီလိုမီတာ အကွာအဝေးတစ်ခုလောက်ကတော့ ဘာမှမဟုတ်တော့ချေ။ သူမသည် တောင်ခြေသို့ ရောက်လာခဲ့သည်။
သည်နေရာတွင် လမ်းတစ်ခု ရှိနေသော်လည်း လူကတော့ မရှိသလောက်ပင်။ မကြာခဏဆိုသလို လူတစ်ယောက် နှစ်ယောက်သာ မြင်ရသည်။ သူတို့အများစုက ထင်းလာရှာကြခြင်းပင်။ တခြားတောင်များတွင် မိုင်းတွင်းများ ရှိကြသည်။ လူများကို တောင်ပေါ်သို့ တက်ခွင့်မပြုပေ။ သည် ရှီဖုန်းတောင်ကိုတော့ အစောင့်မချထားပေ။ ထို့ကြောင့် လူများက သည်နေရာသို့လာပြီး ထင်းလာကောက်ကြလေသည်။
ကျန်းယွင်ကျူးက တောင်ပေါ်တက်သည့် လမ်းအတိုင်း တက်လာခဲ့သည်။ လမ်းတစ်ဝက်တွင် တောင်ပေါ်မှ လူသုံးယောက် အလောတကြီး ဆင်းလာသည်ကိုတွေ့လိုက်ရလေသည်။
အသက်ကြီးကြီး ဘုန်းကြီးနှစ်ပါးဖြစ်ပြီး သူတို့ထဲက တစ်ပါးက ကိုရင်ငယ်လေးကို ကျောပိုးထားသည်။
ထိုဘုန်းကြီးက မနေ့က သူမတွေ့ခဲ့သည့် တစ်ပါးပင်။
“ဝမ်ရှင်း ကိုယ်တော် မီရှန်းကို ခေါ်ပြီး သမားတော် သွားပြလိုက်မယ်၊ ကိုယ်တော်က မြို့ထဲသွားပြီး သူ့အတွက် ဆေးဝယ်ဖို့ အလှူငွေလေးများ ရလိုရငြား သွားအလှူခံခဲ့လိုက်” ဘုန်းကြီး ဝမ်ကြွယ်က ပြောလိုက်၏။
“ အစ်ကိုတော် ကိုယ်တော်နားလည်ပါပြီ” နောက်တစ်ပါးက သဘောတူလိုက်၏။
ကျန်းယွင်ကျူးမှာ ဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သွားပြီး ဘုန်းကြီး၏ကျောပြင်ကို ကြည့်လိုက်လေသည်။ ဟုတ်နေပါပြီ။ ကိုရင်လေးက အသက် ၅-၆နှစ်လောက်ပဲ ရှိအုံးမယ်။ သူ့မျက်နှာက နီရဲနေတာပဲ။
“ အရှင်ဘုရား” သူမက ဘုန်းကြီးကို နှုတ်ဆက်လိုက်၏။
ဘုန်းကြီးက သူမကို မှတ်မိသွားသည်။ သို့သော်ငြား အခိုက်တန့်အတွင်း သူမနှင့် စကားပြောဖို့ရာ အချိန်က မရှိပေ။ သူက ရေရွတ်လိုက်လေသည်။
“ ဒကာမလေး”
“ ကိုရင်လေးကို သမားတော်ဆီ အရင်ဆုံး သွားပို့လိုက်ပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။
“ကောင်းပါပြီ” ဘုန်းကြီးက ပြန်ဖြေလိုက်သည်။
သူတို့လေးယောက်သည် မြို့သို့ အတူတူရောက်လာခဲ့လေသည်။ ထို့နောက် ဝမ်ရှင်း အမည်ရှိ ဘုန်းကြီးက ထွက်သွားလိုက်သည်။ အလှူခံသွားလိုက်ပုံရသည်။ ကျန်းယွင်ကျူးက ကွမ်းရှန်းခန်းမသို့ ဘုန်းကြီးနောက်က လိုက်ဝင်လာခဲ့သည်။
“ ကြည့်ရှုခ ၁၀ ဝမ်ပါ” ကွမ်းရှန်းက စာရေးက ပြောလိုက်၏။
ဘုန်းကြီးက အင်္ကျီလက်ထဲတွင် အချိန်တော်တော်ကြာအောင် ဟိုစမ်းသည်စမ်း လုပ်လိုက်သော်လည်း ၆ ဝမ်သာ ထွက်လာလေသည်။
“ဒကာကြီး ကျေးဇူးပြုပြီး….”
“ကျွန်တော်တို့ ကွမ်းရှန်းခန်းမက အလှူလုပ်တဲ့နေရာမဟုတ်ဘူး၊ အားလုံးက အရှင်ဘုရားလိုသာဆိုရင် ကျွန်တော်တို့တွေ ငတ်သေတော့မှာမလား၊ ဒါဆိုရင် ဘယ်သူက အရှင်ဘုရားတို့ကို စမ်းသပ်ပေးနိုင်တော့မှာလဲ”
မနက်ခင်းက တာဝန်ခံ၏ ဆူဆဲခံထားရသည့် စာရေးက စိတ်အခြေအနေမကောင်းပေ။ ထို့ကြောင့် သူ့စကားများက အေးစက်နေတော့သည်။
ဘုန်းကြီးက တုန်ယင်သွား၏။ သူသည် ကိုရင်လေး၏နဖူးကို ကိုင်ကာ အပူချိန်စမ်းကြည့်လိုက်ပြီး အပြင်ကိုလှမ်းကြည့်ရင်း ညီတော်က သမားတော်ပြရန် လုံလောက်သည့် ငွေများနှင့် ပြန်လာဖို့ရာ ဆုတောင်းနေမိသည်။
“ ကျွန်မမှာ ရှိတယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ ထိုသို့ပြောလိုက်ပြီး သူမက ၄ ဝမ်ကိုထုတ်ကာ ကောင်တာပေါ်တွင် တင်လိုက်လေသည်။
ဘုန်းကြီးက သူမကိုကြည့်လိုက်ပြီး
“ ဒကာမလေး”
“ သမားတော်နဲ့ မြန်မြန်ပြလိုက်ပါ” ကျန်းယွင်ကျူးက တိုက်တွန်းလိုက်သည်။
ဘုန်းကြီးက ခေါင်းညိတ်ပြလိုက်ပြီး ၁၀ ဝမ်ကို စာရေးအား ပေးလိုက်လေသည်။
စာရေးက ပိုက်ဆံကို သိမ်းလိုက်ပြီး သူတို့အား ဘေးအခန်းသို့ သွားဖို့ ပြောလိုက်လေသည်။
ဘုန်းကြီးက ကိုရင်လေးကို ကျောပိုးပြီး လျှောက်သွားလိုက်၏။ ကျန်းယွင်ကျူးကလည်း နောက်မှ လိုက်သွားလိုက်သည်။
“ သူ အအေးမိတာပါ၊ သူ့အခြေအနေက အရမ်းပြင်းတယ်၊ ဆေးမြန်မြန် သောက်ဖို့လိုတယ်၊ ပြီးတော့ အအေးထပ်မိလို့မရဘူး”
သမားတော်က ပြောလိုက်ပြီး ဆေးညွှန်းတစ်ခုကို ချရေးလိုက်လေသည်။
ဘုန်းကြီးက ဆေးညွှန်ကို ကောက်ကိုင်လိုက်၏။
“ အရှင်ဘုရား၊ တပည့်တော် သွားလိုက်ပါ့မယ်၊ အရှင်ဘုရားက ကိုရင်လေးကိုပဲ စောင့်ရှောက်ထားလိုက်ပါ”
သူ့တွင် ငွေမရှိတော့သဖြင့် ဆေးညွှန်းရပြီးလျှင်တောင် ဆေးဝယ်နိုင်မည် မဟုတ်မှန်း ကျန်းယွင်ကျူး သိလိုက်သည်။ ထို့ကြောင့် သူမက ဆေးညွှန်းကို ယူလိုက်ပြီး ဆေးဝယ်ရန် အပြင်ထွက်လာခဲ့လိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဒကာမလေး၊ ကျေးဇူးတင်ပါတယ်”
ဘုန်းကြီးသည် မနေ့က မမျှော်လင့်ဘဲ တွေ့ခဲ့ရသည့် မိန်းကလေးတစ်ယောက်က သူ့ကို သည်လို လိုလိုလားလား ကူညီလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ခေတ်ကာလတိုင်းတွင် ရောဂါကုပြီး ဆေးသောက်ဖို့ရန်က ပြဿနာကြီးတစ်ခုပင်။ ဆေးတစ်ဖုံနှစ်ဖုံက ကျန်းယွင်ကျူးကို ဝမ် ၂၀၀ လောက်ကုန်သွားစေတော့သည်။ ဒါသည် ကျန်းမိသားစု တစ်မနက်စာ ဝင်ငွေနီးပါး ရှိလေသည်။ သို့သော် လူသားတစ်ယောက်၏အသက်က အန္တရာယ်ဝသို့ ရောက်နေပြီ။ ထို့အပြင် ကျန်းယွင်ကျူးသည် ဘုန်းကြီးနှင့် ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိသေးသည်။ ထို့ကြောင့် သူမသည် စိတ်ထဲမထားခဲ့ချေ။
သည်အချိန်တွင် ဘုန်းကြီးက ကိုရင်လေးကို ကျောပိုးကာ တံခါးနားတွင် ရပ်နေလေသည်။
ကျန်းယွင်ကျူးက လျှောက်သွားလိုက်ပြီး ဆေးဝယ်ပြီးကြောင်း လက်ဟန်ပြလိုက်လေသည်။
“ ဒကာမလေးကို ကျေးဇူးတင်ပါတယ်၊ ဒီလိုမှမဟုတ်ရင် ကလေးရဲ့အသက်က ဆုံးရှုံးရတော့မှာပါ”
ဘုန်းကြီးက သူမကို ကျေးဇူးစကားထပ်ဆိုပြန်သည်။
“အရှင်ဘုရား အရမ်းအားနာစရာမလိုပါဘူး၊ အရင်ပြန်ပြီး ကိုရင်လေးအတွက် ဆေးကြိုပေးရအောင်ပါ”
ကျန်းယွင်ကျူးက ပြောလိုက်၏။
သူတို့နှစ်ယောက်က လမ်းလျှောက်ကာ ထွက်လာခဲ့ကြသည်။ သူတို့သည် မြို့ဝင်ပေါက်သို့ အရောက်တွင် အလှူခံနေသည့် ဝမ်ရှင်းကို တွေ့လိုက်ရလေသည်။ တချို့ စေတနာရှိသူများက ဘုန်းကြီးအိုတစ်ပါးကို တွေ့ပြီး သနားကြသဖြင့် တစ်ဝမ် နှစ်ဝမ်လောက် လှူကြသည်။ ဆေးဖိုးသည် အလွန် အကုန်ကျများလေသည်။ မည်သို့ လောက်ငှပါမည်နည်း။
ဝမ်ရှင်းသည် အလွန်စိုးရိမ်နေသဖြင့် မျက်နှာပေါ်တွင် ချွေးများ စီးကျနေတော့သည်။
“ ညီတော်” ဘုန်းကြီးက သူ့ကို ခေါ်လိုက်၏။
“အစ်ကိုတော်” ဝမ်ရှန်းက လျှောက်လာခဲ့သည်။
“ ဒီဒကာမလေးက မီရှန်းအတွက် စစ်ဆေးခရော ဆေးဖိုးရော ကူပြီး ကြိုရှင်းပေးခဲ့တယ်” ဘုန်းကြီးက ကျန်းယွင်ကျူး စိုက်ရှင်းပေးခဲ့သည့်အကြောင်းနှင့် နောက်ပိုင်း သူတို့တွင် ငွေရှိလာလျှင် ကျန်းယွင်ကျူးကို ပြန်ပေးရမည့်အကြောင်း ရှင်းပြလိုက်လေသည်။
“ဒကာမလေးကို ကျေးဇူးတင်ပါတယ်”
ဝမ်ရှင်းက လက်အုပ်ချီကာ ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။
သူတို့လေးယောက်သည် မြန်မြန်ပြန်လာခဲ့ကြလေသည်။ ခဏအကြာအတွင် သူတို့သည် တောင်ပေါ်သို့ရောက်လာပြီး ထိုနေရာတွင် လူသုံးယောက်က စိုးရိမ်တကြီး စောင့်ဆိုင်းနေကြလေသည်။ လူကြီးနှစ်ယောက်နှင့် လူငယ်တစ်ယောက်တို့ဖြစ်သည်။
“ အရင်ဝင်သွားလိုက်” လူသုံးယောက်က မေးခွန်းများ မမေးရသေးခင်မှာပင် ဘုန်းကြီးက ပြောလိုက်၏။
ဘုရားကျောင်းသို့ ဝင်လာပြီးနောက်တွင် ဘုန်းကြီးက ကိုရင်လေးကို ချပေးလိုက်သည်။ တစ်ယောက်က သူ့ကို စောင့်ရှောက်နေလိုက်သည်။ တစ်ယောက်က ဆေးကြိုပေးရန် နောက်ဖေးသို့ ဝင်သွားသည်။ တချို့က အလုပ်များနေကြလေသည်။
ကျန်းယွင်ကျူးက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ခြံဝင်းနှစ်ထက် ဘုရားကျောင်း တစ်ခုပဲ။ အရမ်းလည်း မကြီးဘူး။
ရှေ့မျက်နှာစာက ဘေးအခန်းတွေထဲမှာ ခန်းမအလယ်မှာ ကြားဖြူတစ်ကောင်စီးနေတဲ့ နတ်သမီးတစ်ပါးကို ပူဇော်ထားတယ်။ နတ်သမီးက ဇာမဏီငှက်အသွင်ကိုယ်နေဟန်တစ်ခုနဲ့ အနီရောင်နတ်ဝတ်နတ်စားကို ဆင်မြန်းထားပြီး မာန်ပါပါ မျက်ခုံးပင့်ထားတယ်။
နှမြောစရာကောင်းတာက အချိန်တွေ အရမ်းကြာသွားတော့ ရုပ်တုပေါ်က ဆေးကလည်း အစက်အပြောက်တွေနဲ့ နတ်သမီးရဲ့အရောင်အဝါကို ဖျက်ဆီးပစ်လိုက်တာပဲ။
ဒါက သကြားမင်းရဲ့ သမီးတော် နတ်သမီးပဲ ဟုတ်တယ်မလား။ ကျန်းယွင်ကျူးက စဥ်းစားလိုက်လေသည်။ သူမ ဒီနတ်သမီးအကြောင်းကို တစ်ခါမှ မကြားဖူးပါဘူး။ ရှေ့ခေတ်တုန်းကတော့ သူမနဲ့ နာမည်တူ နတ်သမီးနှစ်ပါး ရှိခဲ့တယ်။ တစ်ပါးက ကောင်းကင်ဘုံရဲ့ သမီးတော် နွီပါ အဝါရောင်ဧကရာဇ်ရဲ့ သမီးတော်။ သူမက အပြာရောင်ဝတ်ရုံကို ဝတ်စားပြီး သူမရှိတဲ့ နေရာကနေ ကီလိုမီတာ ထောင်ကျော်အထိ ခြောက်သွေ့နေတတ်လို့ ဆိုကြတယ်။
ဘုံကိုးဆင့်နတ်သမီး လို့လည်းခေါ်တဲ့ ကောင်းကင်ဘုံ နတ်သမီးလည်း ရှိသေးတယ်။ သူက လူဦးခေါင်းနဲ့ ငှက်ကိုယ်ထည်ရှိတယ်တဲ့။ သူမက တောက်ဝါဒီသမားတစ်ယောက်တဲ့။
သိကြားမင်းရဲ့သမီးတော် နတ်သမီးက ဘယ်တစ်ယောက်လဲတော့ မသိဘူး။ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီတဲ့အသွင်လည်း မရှိဘူး။ ကြည့်ရတာ ရွာသားတွေထဲက တစ်ယောက်ယောက် သူမရဲ့ ကျေးဇူးတော်ကို သိတတ်တဲ့အနေနဲ့ ကိုးကွယ်ဖို့ ဘုရားကျောင်းတစ်ဆောင် ဆောက်ပေးခဲ့တာနေမှာပါ။
ဘုရားကျောင်းရဲ့နောက်မှာတော့ ဘုန်းကြီးတွေနေတဲ့ နေရာရှိတယ်။ ဒီဘုရားကျောင်းက မပြုပြင်တာ ဘယ်လောက်တောင် ကြာပြီလဲ မသိဘူး။ မျက်နှာစာက ခန်းမအားလုံးနီးပါးကလည်း ပျက်စီးနေပြီ။ အနောက်ဖက်မှာလည်း ယိုင်နဲ့နဲ့အိမ်တွေနဲ့။ မနေ့က တစ်ညလုံးမိုးရွားထားတာ။ အခုတော့ ခြောက်တဲ့နေရာ မရှိသလောက်ပဲ။ လေအေးကလည်း တိုက်နေတာ ရင်ထဲ တန်းဝင်လာတော့တာပဲ။
ကိုရင်လေး အအေးမိတာလည်း မဆန်းတော့ပါဘူး၊။
“ကျေးဇူးတင်ပါတယ်”
ဘုန်းကြီးက ရောက်လာပြီး ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ဆိုပြန်သည်။ သူမက ကျိုးပျက်နေသည့် အိမ်ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူက သက်ပြင်းချလိုက်၏။
ဘုရားကျောင်းထဲတွင် အမွှေးတိုင်လည်းမရှိသလို ဧည့်သည်များလည်း မရှိပေ။ လူကြီးက ဆုံးသွားတဲ့အချိန်မှာ ဘာမှပြောစရာလည်း မရှိတော့ဘူး။ ဒါပေမဲ့ လူငယ်နှစ်ယောက်ကရော။ သူတို့ကို မွေးစားပေးမဲ့ ကြင်နာတတ်တဲ့သူတွေ ရှိပါ့မလားမသိဘူး။ သူတို့တွေက ပထမနေရာကို စွန့်ခွာလာပြီး အသက်အရွယ်ကလည်း ဟိုမရောက်သည်မရောက်။ ဒီလိုသာဆိုရင် သူတို့တွေ မိသားစုတစ်ခုကို ရှာနိုင်မှာမဟုတ်လောက်ဘူး။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ဘုန်းကြီးမှာ စိတ်ဓာတ်ကျသွားတော့သည်။
သည်အခိုက်တွင် ကျန်းယွင်ကျူးက သိမ်သိမ်မွေ့မွေ့ မေးလိုက်လေသည်။
“အရှင်ဘုရား ဒီဘုရာကျောင်းကို ပြန်စည်ပင်လာအောင် လုပ်လိုပါသလား”
ဘုန်းကြီးမှာ သူ့နားကိုပင် လုံးဝမယုံနိုင်ဖြစ်သွားတော့သည်။ သူမ ဘာတွေပြောနေတာလဲ။
ကျန်းယွင်ကျူးက ဘုန်းကြီးမှာ အသက်အရွယ်အိုမင်းနေပြီး သူမ၏စကားကို စကားကို သေချာမကြားလိုက်ဟု ထင်လိုက်လေသည်။ ထို့ကြောင့် သူမက ထပ်မေးလိုက်လေသည်။
“အရှင်ဘုရား ဒီဘုရားကျောင်းကို ပြန်စည်ပင်လာအောင် လုပ်လိုပါသလား”
…
အပိုင်း (၂၈.၂)
ဒါပေါ့။ သူ လိုချင်တာပေါ့။ ဒီဘုန်းကြီးက ဒီအကြောင်းကို ရည်စူးနေခဲ့မိတာပဲ။ ဒါပေမဲ့ ဘယ်လိုစည်ပင်လာအောင် လုပ်ရမှာတဲ့လဲ။
“အရှင်ဘုရား တပည့်တော်မှာ စိတ်ကူးတစ်ခုရှိပါတယ်”
ကျန်းယွင်ကျူးက သူမ၏အစီအစဥ်ကို ဘုန်းကြီးအား ပြောပြလိုက်လေသည်။
ဘုန်းကြီးမှာ ဆွံ့အသွားလေသည်။ ဒါက အဆင်ပြေပါ့မလား။
“အရှင်ဘုရား မစမ်းကြည့်ဘဲနဲ့တော့ ဘယ်လိုလုပ်ပြီး သိပါ့မလဲ” ကျန်းယွင်ကျူးက ပြောလိုက်၏။
ဘုန်းကြီးက တွေဝေနေဆဲ။ ဒီက လူတွေကို လှည့်စားတာ ဖြစ်မနေဘူးလား။ ကောင်းကင်ဘုံက ဧကရီကရော အမျက်ထွက်မှာလား။
“ ကောင်းကင်ဘုံသမီးတော် နတ်သမီးမှာ စိတ်တန်ခိုးရှိပါတယ်၊ ဒီတော့ နတ်သမီးက အရှင်ဘုရားရဲ့ အပတ်တကုတ်အားထုတ်မှုကို အသိအမှတ်ပြုမှာပါ”
ဘုန်းကြီးက ပျက်စီးယိုယွင်းနေသည့် အိမ်ကို ကြည့်လိုက်ပြီးနောက် အိမ်ထဲ လူများကို ကြည့်လိုက်လေသည်။ လူကြီးတွေကလည်း အိုကြပြီ။ လူငယ်တွေကလည်း ငယ်ကြသေးတယ်။ သူတို့တွေ ဒီဆောင်းတွင်းကိုတောင် ရှင်သန်နိုင်ကြပါ့မလား။ သူသည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်တော့သည်။ ကောင်းပြီလေ။ ငရဲကို သွားရမယ်ဆိုရင်တောင် သူတစ်ယောက်ထဲပဲ သွားပါ့မယ်။
ကျန်းယွင်ကျူးကတော့ သည်ကိစ္စမှာ အလိမ်အညာတစ်ခု မဟုတ်ဘဲ အသက်များကို ကယ်တင်ခြင်းဟု သိထားသည်။ ထို့ကြောင့် သူမသည် စိတ်ပိုင်းဆိုင်ရာ ဘာဝန်ထုပ်ဝန်ပိုးကိုမှ မခံစားရချေ။ သူမက ဘုန်းကြီးကို အစီအစဥ် အသေးစိတ်ပြောပြလိုက်ပြီး သူ့ကို ငွေအနည်းငယ် ပေးလိုက်လေသည်။ သူတို့နှစ်ယောက်သည် အသီးသီးလမ်းခွဲလိုက်ကြပြီးနောက် အလုပ်များသွားတော့သည်။
အမျိုးသမီးချန်သည် အခုတလော ကျန်းယွင်ကျူး တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိလေသည်။ သူ နေ့တိုင်း အပြင်ထွက်နေတယ်။ သူ့ကို ဘာလုပ်နေတာလဲလို့မေးလိုက်ရင်လည်း အမြဲတမ်း အကြောင်းပြချက် အမျိုးမျိုးပေးနေတယ်။
ကံအားလျော်စွာ အပြင်ထွက်လိုက်တိုင်း အချိန်သိပ်မကြာခဲ့ပေ။ ထို့ကြောင့် သူမက ထိုအကြောင်းကို များများစားစား မတွေးခဲ့ချေ။
ဆောင်းရာသီ ဝင်လာတော့မည်။ ဖက်ထုပ်က ဆောင်းရာသီအစအတွက် မဖြစ်မနေလုပ်ရမည့် အစားအစာပင်။
သည်ထုံးစံက ကျန်းကျုံးကျင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။ ဟိုတုန်းက ဖက်ထုပ်ကို ကျောင်းအာ ဟုခေါ်ကြသည်။ မဟာဆေးပညာရှင်ကြီးတစ်ယောက် အနေဖြင့် ကျန်းကျုံးကျင်းသည် ရာထူးမှ အနားယူပြီး သူ့ဇာတိမြို့သို့ ပြန်လာပြီးနောက်ပိုင်း ဆောင်းတွင်ရောက်သောအခါ သာမန်ပြည်သူများ၏ နားက အေးခဲနေသည်ကို သတိထားမိသွားသည်။ ထို့ကြောင့် သူက သိုးသားနှင့် အအေးဓာတ်ကို ဖယ်ရှားပေးနိုင်သည့် တခြားအစားအစာများကို ဂျုံရွက်ပါးပါးလေးထဲတွင် ထုပ်ကာ ရေထဲထည့်ပြီး ပြုတ်လိုက်သည်။ သူ့ကို အအေးဓာတ် ဖယ်ရှားပေးသည့် ကျောင်းအာစွပ်ပြုတ်ဟု ခေါ်လေသည်။
ဖက်ထုပ်များက နားရွက်ပုံစံရှိသည့်အတွက်ကြောင့် နောက်ပိုင်းတွင် စကားပုံတစ်ခု ပျံ့နှံ့သွားတော့သည်။
“ ဆောင်းဝင်ဝင်ချင်းမှာ ဖက်ထုပ်မစားရင် နင့်နားရွက်တွေ အေးခဲ့သွားတဲ့အခါ ဘယ်သူမှာ ဂရုစိုက်မှာ မဟုတ်ဘူး” ဟူ၍။
ကျန်းယွင်ကျူးသည် သူမ၏ထမင်းဘူးလုပ်ငန်းကို တမင်မကြော်ငြာခဲ့ပေ။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မျက်နှာရှည်စစ်သားနှင့် မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း လူကြီးကလွဲလျှင် သူမတွင် စားသုံးသူ တော်တော်များများ ရှိသေးသည်။ အခုတော့ သူမ နေ့လယ်ခင်းတွင် ရှာဖွေခဲ့သည့် နေ့စဥ်ဝင်ငွေမှာ မနက်ခင်း ဝင်ငွေကို မီလုနီးနီး ဖြစ်လာခဲ့သည်။
“ယွင်ကျူး ဆောင်းဝင်လာတဲ့နေ့မှာ အမေတို့တွေ မွှေကြော်ရောင်းမဲ့အစား ဖက်ထုပ် ရောင်းရအောင်လေ”
အမျိုးသမီးချန်က မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်ရင်း ကျန်းယွင်ကျူးကို အကြံပေးလိုက်လေသည်။
“အင်း”
ကျန်းယွင်ကျူးသည် သူမ၏စိတ်ထဲတွင် ကိစ္စများ ရှိနေသဖြင့် သည်အတိုင်း ပြန်ပြောလိုက်တော့သည်။
သည်အချိန်တွင် သိပ်မဝေးလှသည့် တောင်ပေါ်က စခန်းထဲ၌ မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း သက်တော်စောင့်က စျေးမှ ပြန်ရောက်လာပြီး ယန်ရှန့်ကို တရိုတသေ လှမ်းပေးလိုက်လေသည်။ သူ့သတ္တိကို စုစည်းကာ မေးလိုက်လေသည်။
“ ဒုတပ်မှူး ဒီထမင်းဘူးထဲက ဘာမလို့ အဲလောက်တောင် အရသာရှိတဲ့အနံ့မွှေးနေရတာလဲ”
ယန်ရှန့်က ပြောဆိုရလွယ်သူ ဖြစ်သည်။ ထို့ကြောင့် သည်သက်တော်စောင့်က မေးခွန်းထုတ်လိုက်ခြင်းပင်။ ရှန်ဖုန်းမင်သာဆိုလျှင် သူသည် တတ်နိုင်သလောက် ဝေးဝေးနေဖို့သာ ဆန္ဒရှိလေသည်။
“ အထဲက ဘာလဲဟုတ်လား၊ ဒါပေါ့၊ အစားအစာပေါ့ကွ”
ယန်ရှန့်က ထမင်းဘူးကို ယူကာ ဝမ်းသာအားရ ပြန်ဖြေလိုက်လေသည်။
သက်တောင်စောင့်မှာ နှုတ်ခမ်းမဲ့လိုက်တော့သည်။ အစားအစာမှန်းတော့ သူ သိတာပေါ့။ ဒါပေမဲ့ ဘာအစားအစာလဲပါဆိုမှ။ သည်နေ့ ယန်ရှန့် ပျော်မြူးနေသည်ကို တွေ့လိုက်ရသဖြင့် သူက ဇွဲကောင်းကောင်းနှင့် ဆက်မေးလိုက်လေသည်။
“ ဒါဆို ကျွန်တော်ရော တစ်ယောက်စာလောက် ဝယ်လို့ရလား”
ရုတ်တရက်ဆိုသလို သူ့နောက်က ညီအစ်ကိုများက သူ့ကို မျက်စမှိတ်ပြလိုက်သည်ကို မြင်လိုက်ပြီး ပြောလိုက်လေသည်။
“ ဒါမှမဟုတ် လေး ငါး ယောက်စာလောက်ဝယ်ပြီး သူတို့ကိုလည်း ကျွေးလိုက်မယ်”
ပြီးခဲ့သည့် ရက်ပိုင်းက ချီလင်သက်တော်စောင့်များသည် ဟင်းပွဲများ၏ ရနံ့ကို ရှူရင်း ယန်ရှန့်က မြိန်ရည်ယှက်ရည် စားသောက်နေသည်ကိုသာ ကြည့်နေခဲ့ရသည်။ သူတို့လည်း ကျန်းယွင်ကျူး၏ဆိုင်သို့ သွားပြီး စွပ်ပြုတ်နည်းနည်း၊ ပေါက်စီနည်းနည်း သို့မဟုတ် ဟင်းပွဲတချို့ကို ဝယ်လိုက်ချင်တော့သည်။ အမှန်ပင်။ သည်ကိစ္စကလည်း ယန်ရှန့်၏ ခွင့်ပြုချက်ပေါ် မူတည်လေသည်။
“မင်းတို့လည်း စားချင်လို့လား” ယန်ရှန့်က သူ့မျက်ခုံးများကို ပင့်လိုက်၏။
သက်တော်စောင့်က မြန်မြန်ခေါင်းညိတ်လိုက်လေသည်။
“ လူအများကြီး သွားဝယ်ရင် တခြားသူတွေ မင်းတို့ကို သိသွားမှာ မကြောက်ဘူးလား”
ယန်ရှန့်က ရှုံ့မဲ့ကာပြောလိုက်၏။ ပြီးတော့ လူတွေအများကြီး သွားဝယ်မှာတော့ ကျန်းယွင်ကျူးက အလုပ်ဘယ်လောက်တောင်များသွား လိုက်မလဲ။ သူ့မှာ အစကတည်းက နည်းနည်းပဲ အိပ်ရတာကို။
ဒီကောင်တွေကတော့နော်။ အစားကောင်းတွေ့တာနဲ့ တွယ်ကပ်နေတော့တာပဲ။
သက်တော်စောင့်များသည် သနားစဖွယ် ခံစားလိုက်ရတော့သည်။ သူတို့တွေ အခု မလုပ်နိုင်ဘူးဆိုမှတော့ ဒီကိစ္စ ပြီးသွားမှ ဆိုင်မှာ သွားကိုစားလိုက်အုံးမယ်။ အဲဒီအခါကျရင်တော့ ဒုတပ်မှူးလည်း သူတို့ကို တားလို့မရတော့ဘူး။
အင်း။ မကြာခင် ဖြစ်လာတော့မှာပါ။ ခုရက်ပိုင်း တစ်ရက်ရက်ပဲ ဖြစ်သင့်ပါတယ်။ စာရင်းကို ပြန်အတည်ပြုပြီးရင် သူတို့တွေ လူတွေကို ဖမ်းလို့ရလောက်ပါပြီ။
တစ်ဖက်တောင်ပေါ်တွင် ကျူးလျန့် ဝင်လာချိန်တွင် ဝမ်ပင်း၏ ပုံစံကြောင့် အလန့်တကြား ဖြစ်သွားတော့သည်။ သူသည် မျက်လုံးနီများနှင့် မျက်တွင်းကျနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရပြီး လက်ထဲတွင် ဓားကိုင်ကာ ထိုနေရာတွင် ထိုင်နေလေသည်။ သူသည် တညလုံး မအိပ်ခဲ့သည့်နှယ်။
“စစ်သူကြီးဝမ်”
ကျူးလျန့်သည် စိုးရိမ်တကြီး လှမ်းခေါ်လိုက်၏။ ဘာလို့ ဒီလိုဖြစ်သွားတာလဲ။
“ ကျန်းလု ပြန်လာပြီလား” ဝမ်ပင်းကမေးလိုက်၏။
“ကျန်းလုရဲ့အမေက မနေ့က အပြင်းဖျားနေလို့တဲ့၊ သူပြန်သွားတော့ တစ်ရက်ပဲရှိသေးတယ်၊ ဘယ်လိုလုပ်ပြီး ချက်ချင်း ပြန်လာနိုင်မှာလဲ” ကျူးလျန့်က ပြန်ဖြေလိုက်လေသည်။
ဝမ်ပင်း၏ နှုတ်ခမ်းသည် သွားများပေါ်သည်အထိ ကွေးတက်သွားတော့သည်။
“ သူ ပြန်မလာသေးဘူးပေါ့”
ကျူးလျန့်သည် နားမလည်ပေ။ ထို့နောက် တစ်ခုခုကို ရုတ်တရက် နားလည်သွားတော့သည်။ သူက အံ့ဩတကြီး မေးလိုက်လေသည်။
“ စစ်သူကြီးရဲ့ သဘောက” သူ ထွက်ပြေးသွားတာ မဟုတ်ရင် အဖမ်းခံလိုက်ရတာလား။ ဒါမှမဟုတ် ဘာလဲ။
ဝမ်ပင်းက သူ့ကို ကြည့်လိုက်၏။ သူ့လေသံက တည်ငြိမ်နေလေသည်။
“ ငါတို့လူတွေကို စုလိုက်၊ မင်း ရှန်သေမင်းအကြောင်း ကြားဖူးမှာပေါ့၊ ငွေယူတဲ့သူတွေ အသက်ရှင်ဖို့ မစဥ်းနဲ့တဲ့”
ရှန်သေမင်း…. ကျူးလျန့်သည် ချွေးအေးများ ထွက်လာတော့သည်။
ခဏအတွင်းမှာပင် အခန်းထဲ၌ လူ၁၂ယောက်ကျော် စုဝေးလာလေသည်။ သူတို့အားလုံးသည် သုန်မှုန်နေကြလေသည်။ သည်ရက်ပိုင်းတွင် ဝမ်ပင်း၏ ဝရုန်းသုန်းကားအခြေအနေက သူတို့ အလွန်ပူပန်နေစေတော့သည်။ သူတို့သည် ကောင်းကောင်းလည်း မစားနိုင်သလို ကောင်းကောင်းလည်း မအိပ်နိုင်ခဲ့ချေ။
“ငါတို့တွေက ကြိုးတစ်ချောင်းထဲပေါ်က နှံကောင်တွေပဲ၊ ဒီနေ့ ငါ အားလုံးရဲ့စိတ်ကူးကို နားထောင်ချင်တယ်” ဝမ်ပင်းက အားလုံးကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။
အားလုံးက အမျိုးမျိုး တုံ့ပြန်ကြလေသည်။ တချို့က ဝမ်ပင်းသည် ဘာမှမဟုတ်သည်ကို ရေးကြီးခွင်ကျယ်လုပ်နေသည်ဟု တွေးကြသည်။ သူတို့က သတ္တုတွင်းကို သံစည်ပိုင်းကြီးတစ်ခုလို စောင့်ကြပ်နေကြတာပဲ။ ချီလင်သက်တော်စောင့်တွေ လာရင်တောင် သူတို့တွေ ဘာမှ ရှာလို့တွေ့မှာ မဟုတ်ဘူးလေ။
တချို့ကတော့ ကြောက်လန့်နေကြလေသည်။ နောက်ဆုံး သူတို့အသက်တွေက တွင်းနှုတ်ခမ်းဝကို ရောက်နေပြီကိုး။
အားလုံးက အပြန်အလှန် ပြောဆိုနေကြလေသည်။ တချို့က သူတို့သည် မင်းသားခြောက်ထံ စာရေးပြီး သူ့သဘောထားကို မေးခိုင်းကြသည်။ တချို့က မိုင်းတွင်းကို ခဏလောက်ပိတ်ထားဖို့ အကြောင်းပြချက်တစ်ခု ရှာသင့်သည်ဟု ဆိုသည်။ တချို့က သူတို့သည် လူစားတစ်ယောက်ကို ရှာပြီး ချီလင်သက်တော်စောင့်များ အလာကို စောင့်ကာ သူ့ကို လွှဲပေးလိုက်သင့်သည်ဟု ဆိုသည်။
သူ့ ထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် အားလုံး၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။
လူစားထိုး။ ဘယ်သူ့ကို လူစားထိုးသင့်တာလဲ။
အချိန်တော်တော်ကြာအောင် ဆွေးနွေးပြီးနောက်တွင်လည်း ဘာအဖြေမှ ထွက်မလာခဲ့ကြပေ။
လူအုပ်ကြီး လူစုကွဲသွားချိန်တွင် ဝမ်ပင်းက တည်ငြိမ်သည့်မျက်နှာထားတစ်ခုဖြင့် သူ့လက်ထဲက ဓားကို ဆွဲထုတ်လိုက်တော့သည်။
ကျန်းလျန့်သည် သည်လိုပုံစံကို ကြောက်လန့်မိသည်ဟု ခံစားလိုက်ရသဖြင့် သူ့ကို အော်ခေါ်လိုက်လေသည်။
“စစ်သူကြီးဝမ်”
“ငါ တကယ် နောင်တရတယ်”
ဝမ်ပင်း ပြောလိုက်သည့် စကားပင်။ သူက တိုက်ပွဲမှာ ရေကုန်ရေခမ်းကြိုးစားပြီး နောက်ဆုံးမှာ စစ်တပ်တစ်ခုရဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လာခဲ့တာပဲ။ အမှားတစ်ခုက သူ့ဆီကို ထောင်ချီတဲ့ အမုန်းတရားတွေ ဖြစ်အောင်ပြောင်းလဲလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
“ စစ်သူကြီးဝမ် ကိစ္စတွေက အဲဒီအခြေအနေအထိ မရောက်သေးပါဘူး” ကျူးလျန့်က နားချလိုက်လေသည်။
ဝမ်ပင်းက ခေါင်းခါလိုက်၏။ အခွင့်အရေး မရှိတော့ဘူး။ ဓားက သူ့လည်ပင်းပေါ် ရောက်နှင့်နေတာကို သူခံစားမိနေပြီလေ။
ကျူးလျန့်က သူ့ဆဋ္ဌမအာရုံကို သိပ်မယုံဘဲ သူ့ကိုယ်သူ ခြောက်လန့်နေသည်ဟုသာ ထင်နေလေသည်။
ဝမ်ပင်းကတော့ အခွင့်အရေးလုံးဝ မရှိတော့မှန်း သိလိုက်သည်။ သူ့ သေမင်းနှုတ်ခမ်းဝ လေးဖက်ထောက်ပြီး ထွက်လာခဲ့ဖူးတယ်။ ဒီကြိုတင်သိနေတဲ့ ခံစားချက်က သူ့အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တာ။ အခုတော့ သူ သေတော့မယ်လို့ ပြောနေပြီလေ။
ဒီနေ့လား။ မနက်ဖြန်လား။ သူ့ကို စောင့်ကြိုနေတဲ့အရာက မိုးခြိမ်းသံလိုကျယ်လောင်တဲ့ ထိုးနက်ချက်တစ်ခုပဲ။
သူ့မှာ ရုန်းကန်ဖို့ အခွင့်အရေးတစ်ခုတောင် မရလိုက်ဘဲ ပုရွက်ဆိတ်လေးတစ်ကောင်လို ဖိသ-တ်ခံလိုက်ရနိုင်တယ်။
သူ ဒီလိုနဲ့တော့ အရှုံးမပေးချင်ဘူး။ စစ်ပွဲထဲမှာ မသေဘဲ ဒီမှာသေရတယ်လို့။
သူသည် လက်ထဲက ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရုတ်တရက် ထရပ်လိုက်ကာ လူသ-တ်လိုသည့်အရောင်အဝါတစ်ခု လွှမ်းမိုးသွားတော့သည်။
နောက်ဆုံး စစ်ပွဲက အတွေ့အကြုံရှိပြီးသားပဲ။
“စစ်သူကြီးဝမ်” ကျူးလျန့်က အထစ်ထစ် အငေါ့ငေါ့ဖြင့် လှမ်းခေါ်လိုက်လေသည်။
“ငါ့မှာ စိတ်ကူးတစ်ခုရှိတယ်” ဝမ်ပင်းက ပြောလိုက်၏။
“ဘာများလဲ” ကျူးလျန့်က ပြန်မေးလိုက်၏။
“ အခြေအနေကို ငါးသေတစ်ကောင်လို ပြောင်းပြီး ပိုက်ကျိုးတဲ့အခြေအနေဖြစ်အောင်လုပ်လိုက်မယ်”
ဝမ်ပင်းက ပြန်ဖြေလိုက်လေသည်။
ကျူးလျန့်မှာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဝမ်ပင်းဆိုလိုသည့်သဘောကို သူသိပ်မနားလည်ချေ။
ဝမ်ပင်းက ပြုံးလိုက်၏။ သူ့ပါးစပ်ထဲတွင် သွေးအရသာတစ်ခု ထွက်လာလေသည်။ သူ့နှုတ်ခမ်းကို သပ်လိုက်၏။ စစ်သူကြီးတစ်ယောက်အနေနဲ့ သူက အရင်ဦးဆုံးစတင်တိုက်ခိုက် သင့်တာပေါ့။ သေဖို့စောင့်နေတာက သူ သေသွားရင်တောင် မှားလေစွဆိုပြီး ခံစားနေရလိမ့်မယ်။
သူ၏သွေးကြောများဖြင့် နီရဲနေသည့်မျက်လုံးများနှင့် အပြုအမူတို့ကို ထပ်ပေါင်းလိုက်လျှင် သူသည် အမှန်ပင် အရူးတစ်ယောက်နှင့် တူနေတော့သည်။
“စစ်သူကြီးဝမ်၊ တကယ်ပဲ ဘာကို….”ကျူးလျန့်ကမေးလိုက်လေသည်။
ဝမ်ပင်၏အစီအစဥ်မှာ အလွန်ရိုးရှင်းလေသည်။ ရှန်ဖုန်းမင်နှင့် ချီလင်သက်တော်စောင့်များက ဝူလင်မိုင်းတွင်းသို့ ရောက်နေပြီဟု ကောက်ချက်ချလိုက်သည်။ ဝူလင်မိုင်းတွင်းနှင့် အနီးဆုံးမှာ ချန်ရှီရွာဖြစ်သည်။ သူတို့သည် ထိုနေရာတွင် ပုန်းခိုနေလိမ့်မည်။
သူတို့တွေ ပတ်ဝန်းကျင်ကို အကြိမ်ကြိမ် ရှာဖွေခဲ့ပြီးပြီလေ။ ဒါပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ ဒါက သူတို့တွေမရှိဘူးလို့ အဓိပ္ပာယ်မသက်ရောက်စေဘူးလေ။ ချီလင်သက်တော်စောင့်တွေမှာ ဒီလိုလုပ်နိုင်စွမ်းရှိတယ်။
ချန်ရှီရွာကို စီးနင်းမယ်။ ဓားပြတွေ ဟန်ဆောင်မယ်။ ချီလင်သက်တော်စောင့်တွေသာ အဲမှာရှိရင် သူတို့တွေက သူတို့အားလုံးကို သ-တ်ပစ်ရုံပဲ။ ဒါက တစ်ခုတည်းသော အဖြေပဲ။ လူသေသွားရင် မင်းသားခြောက်က သူ့အတွက် ဖြေရှင်းပေးဖို့ သူ့နည်းသူ့ဟန် ရှိပြီးသား ဖြစ်လိမ့်မယ်။ ပြီးတော့ ညီလာခံမှာလည်း ရှန်ဖုန်းမင်ကို မုန်းတဲ့သူတွေအများကြီးပဲ။
နောက်ပြီး ချီလင်သက်တော်စောင့်တွေ ချန်ရှီရွာမှာ မရှိဘူးဆိုရင်တောင် သူတို့တွေက ချန်ရှီရွာကလူတွေ ဓားပြကြောင့် အသ-တ်ခံနေရတာကို ထိုင်ကြည့်နေပါ့မလား။
သူတို့တွေ လူကယ်ဖို့ ထွက်လာသ၍ သူက သူတို့အားလုံးကို သ-တ်ပစ်လို့ရတယ်။
အဲဒီဓားပြတွေက သူတို့ကို မသတ်နိုင်ဘူးဆိုရင်တောင် သူကိုယ်တိုင် မိုင်းတွင်းစစ်သားတွေကိုခေါ်ပြီး သူတို့ကို သ-တ်လိုက်ရတယ်။ ဓားပြတွေကို ဝိုင်းပြီး သုတ်သင်လိုက်တယ်ပေါ့။ ချီလင်သက်တော်စောင့်တွေကို သ-တ်တယ်တဲ့လား။ စိတ်မကောင်းပါဘူး။ သူတို့တွေက အတုအယောင်တွေလို့ ထင်ပြီး မှားသ-တ်မိတာပါပေါ့။
ကျူးလျန့်သည် ထိုစကားကို ကြားလိုက်ပြီးနောက်တွင် နေရာတွင်ပင် အေးခဲသွားတော့သည်။ ဒါက သာမန်လူတွေ စိတ်ကူးနိုင်တဲ့ အစီအစဥ်တစ်ခု လုံးဝမဟုတ်ဘူး။ အဲလိုဆိုရင်တောင် ဒါက အရမ်းကောင်းတဲ့ စိတ်ကူးဖြစ်နေတာကိုတော့ ငြင်းလို့မရဘူး။ အဲဒီချန်ရှီရွာက လူတွေက သိပ်ပြီး မတရားသဖြင့် သေခဲ့ရတာပဲ။
နောက်ပြီး နောက်ပိုင်းကိစ္စတွေက အရမ်းပြဿနာများတယ်။ ရှန်ဖုန်းမင်နဲ့ ချီလင်သက်တော်စောင့်တွေက သာမန်လူတွေ မဟုတ်ဘူးလေ။ သူတို့တွေ ဒီနေရာမှာ တကယ်သေသွားရင် တော်ဝင်ညီလာခံက ဒီကိစ္စကို ကျော်သွားမှာမဟုတ်ဘူး။
“ စစ်ပွဲမှာ ဘယ်သူမှ မသေကြဘူးလို့ မင်းထင်တာတော့ မဟုတ်ဘူးမလား ၊ အပျက်အစီးအနည်းဆုံးနဲ့ စစ်ပွဲကို အကြီးမားဆုံးအောင်နိုင်ရမယ်” ဝမ်ပင်းက အထင်းသေးစွာပြောလိုက်လေသည်။
ကျူးလျန့် အမှန်ပင် နားလည်မိပါသည်။ သို့တိုင် ကိစ္စက ထိုအခြေအနေအထိ မရောက်သေးဘူးဟုသာ သူက ထင်မိနေသည်။
သို့သော် ဝမ်ပင်းကတော့ အချိန်ကျနေပြီဟု ထင်လိုက်သည်။ ပြီးတော့ ဒီအစီအစဥ်ကျရှုံံးခဲ့ရင်တောင် ရှန်ဖုန်းမင်ကို ထွက်လာအောင် ဖိအားပေးနိုင်တယ်လေ။ အမှောင်ထဲမှာ တစ်ချိန်လုံး မျက်ကန်း ဖြစ်နေရတာထက်စာရင် ပိုကောင်းသေးတယ်။
သေသွားတဲ့ပြည်သူတွေအတွက်ကတော့…. တိုက်ပွဲမှာလည်း သူအများကြီး တွေ့ခဲ့ဖူးပြီးပြီပဲ။
လူအင်အားကို ပြင်ဆင်ထားလိုက်၏။ သည်အစီအစဥ်ကို ဆောင်းဝင်လာသည့် ပထမဆုံးရက်တွင် အကောင်အထည် ဖော်မည်ဟု သတ်မှတ်ထားလိုက်တော့သည်။
…