EJYZ အပိုင်း ၂၃

အပိုင်း (၂၃)

ကျန်းယွင်ကျူးသည် အမှန်ပင် အလွန်ပင်ပန်းနေခဲ့သည်။ သူမသည် မနေ့ညက ၁၁နာရီအထိ အိပ်မရသေးဘဲ ဒီမနက် ၃နာရီ အိပ်ရာထခဲ့ရသည်။ သူမသည် ယခုအချိန်မတိုင်ခင်အထိ အလုပ်များနေခဲ့လေသည်။ ရှန်ဖုန်းမင်က ဘေးတွင်ရှိနေပြီး ပိုပြီး သတိရှိဖို့ရာ သူမကိုယ်သူမ သတိပေးထားခဲ့သော်လည်း ထိုင်ခုံတွင် ထိုင်ချလိုက်ချိန်တွင် အလိုမပါဘဲ အိပ်ပျော်သွားခဲ့လေသည်။

သူမ၏အသက်ရှူသံက တည်ငြိမ်နေ၏။ သူမ၏ရှည်သွယ်သွယ်မျက်တောင်များက စင်းကျနေသည်။ သူမ၏ နီရဲရဲနှုတ်ခမ်းများက မသိမသာပွင့်ဟနေသည်။ တည်ငြိမ်အေးချမ်းကာ ဣန္ဒြေရှိလှပေသည်။

ရှန်ဖုန်းမင်၏ အကြည့်က သူမ၏နှုတ်ခမ်းများပေါ်သို့ ဖျတ်ခနဲ ဖြတ်သွားပြီး သူ့ရှေ့က စာရွက်ဖြူပေါ်သို့ သက်ဆင်းသွားလေသည်။

ချိုမြိန်နေအောင် အိပ်နေတာပဲ။

“ ကျူး ချင် ယို ရွှီ ၊ ဟယ် လု ရှိ ကျာန်း”

ကျန်းလင်နှင့် တခြားသူများက စာပြန်ရွတ်နေကြ၏။ ကျန်းယွင်ကျူး၏မျက်တောင်များသည် တဖျတ်ဖျတ်တုန်ခါသွားပြီး မတ်မတ် ထိုင်လိုက်လေသည်။

“ ခုံး ချောင် ယန် ဟွား၊ ကျင်း ဝေ ထောင် ကျန်း”

ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်က သူတို့ကို မိသားစု မျိုးရိုးနာမည်များ အခုတစ်ရာကို သင်ပေးနေမှန်း နားလည်သွားတော့သည်။ သူက စဥ်းစားပေးတတ်တာပဲ။ စာရင်းမှတ်ဆိုရင် ပထမတစ်ချက် သိရမှာက ကိန်းဂဏန်းတွေနဲ့ ဒုတိယအချက်က နာမည်ချရေးထားနိုင်ဖို့ပဲ။

သူမက သူ့ကို တစ်ချက်လောက် ခိုးကြည့်လိုက်၏။ သူမ အိပ်ပျော်နေတာ သူ သတိမထားမိလောက်ပါဘူးနော်။ ဟုတ်တယ်မလား။

ရှန်ဖုန်းမင်၏မျက်နှာက မပြောင်းလဲချေ။ သူမ၏ မြင်ကွင်းဘက်မှ ကြည့်လျှင် သူ့ပုံရိပ်လေးကို စုတ်တံနှင့် ဆွဲထားသည့်အလား မြင်နိုင်လေသည်။ တင့်တယ်လှပြီး ပြတ်သားသည့် ဆွဲချက်များပင်။ မျက်လုံးတစ်စုံက အေးမြသည့်ကြယ်များနှယ် နက်ရှိုင်းတောက်ပနေသည်။

သတိမထားမိလောက်ပါဘူးလေ။ သူမက စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး တခြားသူများကို ကြည့်လိုက်၏။

ကျန်းလင်က အလွန်စိတ်ဝင်တစား လေ့လာနေပြီး စာအပေါ်တွင် အာရုံစိုက်နေပုံရသည်။ ထိုနည်းတူ ကျန်းယွင်ရွှယ်သည်လည်း ပျော်ရွှင်နေသည်။ ပုံမှန်အချိန်ဆို အမြဲတမ်း လိမ္မာပြီး ကြောက်တတ်တဲ့ ဒီကလေးမက အခုကျတော့ တခြားလူတစ်ယောက်လိုပဲ။ သူ့မျက်လုံးထဲမှာ စိတ်အားထက်သန်နေပုံက မီးတောက်နေတဲ့အတိုင်းပဲ။

ကျန်းဝူ။ ကျန်းဝူ၏ ခေါင်းသေးသေးလေးက ငုံ့ကျသွားလိုက် ပြန်ထောက်လာလိုက် တဆတ်ဆတ် ညိတ်နေလေသည်။ ကျန်းယွင်ကျူးက သူ့ခေါင်းကို လှုပ်လိုက်၏။

ထို့နောက်တွင်တော့ ယန်ရှန့်၏ ရွှတ်နောက်နောက်အကြည့်နှင့် သွားဆုံတော့သည်။

ကျန်းယွင်ကျူးသည် မသိမသာ အံ့ဩသွားတော့သည်။ သူက ဘာသဘောလဲ။

“ ရပြီ၊ ဒီနေ့တော့ ဒီလောက်ပဲ” ရှန်ဖုန်းမင်က သည်အချိန်တွင် စကားပြောလိုက်၏။

“ လူကြီးမင်းကို ကျွန်မတို့ ဒုက္ခပေးမိပါပြီ၊ လာပါ၊ ရေလေးသောက်ပါအုံး”

အမျိုးသမီးချန်က အခန်းထဲကလှုပ်ရှားမှုများကို သတိထားစောင့်ကြည့်နေလေသည်။ စာသင်ပြီးပြီဟု ကြားလိုက်ချိန်တွင် သူမက ရှန်ဖုန်းမင်ထံသို့ ပြင်ဆင်ထားပြီးသား လက်ဖက်ရည်ကို မြန်မြန် ယူသွားပေးလိုက်၏။ ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူးနှင့် တခြားသူများကို စာသင်ပေးခဲ့လေသည်။ သူမ၏စိတ်ထဲတွင် ကျေးဇူးဆပ်လိုသည့်စိတ်နှင့် ကျေးဇူးတင်စိတ်တို့က သည်လက်ဖက်ရည်ထဲတွင် အပြည့်ပါနေသည်။

လက်ဖက်ခြောက်က အရည်အသွေးညံ့သော်လည်း ရှန်ဖုန်းမင်က သတိထားမိဟန်မတူ။ သူက လက်ဖက်ရည်ပန်းကန်လုံးကို လက်ခံလိုက်ပြီး တစ်ငုံသောက်လိုက်လေသည်။

ယန်ရှန့်က ကျန်းယွင်ကျူးဘက်သို့ စောင်းလိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။

“ မင်းရဲ့အရည်အချင်းတွေကို ကျွန်တော့်ကို သင်ပေးပါလား” ပြောမရဘူးလေ။ နောက်ပိုင်း အသုံးဝင်ချင် ဝင်လာမှာပေါ့။

“ဘာ အရည်အချင်းလဲ” ကျန်းယွင်ကျူးက နားမလည်ပေ။

ယန်ရှန့်က ရယ်မောလိုက်၏။

“ မျက်လုံးဖွင့်ပြီး အိပ်တဲ့အရည်အချင်းလေ”

မျက်လုံးဖွင့်ပြီးအိပ်တယ်။ သူမကလား။ အများဆုံးတော့ သူမက မျက်လုံးကိုမှေးထားပြီး အိပ်တာပါ။ ခဏလေ။ သူမ အိပ်ပျော်နေခဲ့တာ သူ သိနေတာလား။ ကျန်းယွင်ကျူးက ယန်ရှန့်ကို စိုက်ကြည့်လိုက်လေသည်။

ယန်ရှန့်၏အမူအရာက အားလုံးကို ဖော်ပြနေတော့သည်။

ကျန်းယွင်ကျူးမှာ လက်နှင့်မျက်နှာကို အုပ်ထားချင်လိုက်တော့သည်။ ရုတ်တရက်ကြီး သူမ ဆီကို ရောက်ချလာရတယ်လို့။ နေအုံး၊ ယန်ရှန့်တောင် သူမ အိပ်ပျော်နေတာ သိတယ်ဆိုတော့ ရှန်ဖုန်းမင်….

သူမက ရှန်ဖုန်းမင်ဘက် လှမ်းကြည့်လိုက်ရာ သူ၏မည်းနက်သည့် မျက်လုံးများနှင့် သွားဆုံတော့သည်။

ဟုတ်နေပါပြီ။ သူ သိသွားတာပဲ။ ကျန်းယွင်ကျူးက သူမ၏အကြည့်ကို မြန်မြန်ပြန်သိမ်းလိုက်ပြီး ခေါင်းငုံ့ထားလိုက်တော့သည်။ သူမ တကယ်မရည်ရွယ်ဘူးဆိုတာ ကျိန်ဆိုလည်း ကျိန်ပြောရဲပါတယ်လို့။

“ ကျွန်တော့်ကို ပြောပြလေ၊ ဘယ်လို…” ယန်ရှန့်က ဆက်မေးလိုက်၏။

“ သွားစို့” ရှန်ဖုန်းမင်က သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ထရပ်လိုက်၏။

“ဘာလဲ” အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး ယန်ရှန့်က ပြန်မေးလိုက်၏။

“အရေးကြီးကိစ္စ လုပ်ရမယ်” ရှန်ဖုန်းမင်က ပြောရင်းဆိုရင်း လျှောက်ကာ ထွက်သွားတော့သည်။

သူ့ပြောချင်သည့် စကားကို ယန်ရှန့် နားလည်သွားတော့သည်။ သူ့အမူအရာက ငိုက်စိုက်ကျသွားတော့သည်။ သူ အခုလုပ်နေတာလည်း အရေးကြီးကိစ္စပဲ မဟုတ်ဘူးလားဟ။

ထွက်မသွားခင် ရှန်ဖုန်းမင်က ခေါင်းကို ပြန်လှည့်ကာ သူ့ကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးထဲက သည်အဓိပ္ပာယ်က သည်သဘောပင်။

“ ငါ့ကိုတော့ စောင့်ပါအုံးဟ….” သူ ကျန်းယွင်ကျူးဆီက ပညာတွေ သင်ပြီးတဲ့အထိ စောင့်ပါအုံး။

ရှန်ဖုန်းမင်က ပြန်မပြောဘဲ သည်အတိုင်း ကြည့်နေလေသည်။

“ အေးပါကွာ၊ ငါ့ဘဝကြီးက ဘာလို့ အရမ်းကို ခက်ခဲနေရတာလဲ” ယန်ရှန့်က ခြောက်ကပ်ကပ် အော်ဟစ်ရင်း ရှန်ဖုန်းမင်နောက် လိုက်သွားတော့သည်။

“ သူတို့တွေ စပါး သွားစုကြတော့မလို့လား” အမျိုးသမီးချန်က သူတို့နှစ်ယောက်၏ ကျောပြင်များကို စောင့်ကြည့်ကာ မေးလိုက်၏။

“ သူတို့ လူတွေ ရောက်လာမှာကို စောင့်နေကြတာဟုတ်ဘူလား”

ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့ထားလိုက်ပြီး နှုတ်ဆိတ်နေလိုက်တော့သည်။

ညနေပိုင်းတွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ပြန်လာကြ၏။ ရှန်ဖုန်းမင်က မြေပုံတစ်ခုကို ထုတ်လိုက်ပြီး တစ်ခုခု အမှတ်အသားလုပ်လိုက်သ်ည။ ယန်ရှန့်ကတော့ အိပ်ရာပေါ်တွင် လေးဖင့်စွာ လှဲချလိုက်ပြီး မလှုပ်ရှားချင်တော့ပေ။

ကျန်းယွင်ကျူးက သူတို့အတွက် အစားအသောက်များ ပြင်ဆင်ထားပြီးဖြစ်လေသည်။ သည်နေ့လယ်တွင် သူမသည် သူတို့အတွက် ကြက်တစ်ကောင် ဝယ်လာခဲ့လိုက်သည်။ ကြက်ရင်ပုံသားကို ကြက်ကုန်းဘောင်ကြော်ဖို့ သုံးခဲ့သည်။ ကြက်ပေါင်ကို မွထားပြီး မုန်လာဥနီ၊ မုန်လာထုပ်တို့နှင့် အအေးသုပ်ထားလိုက်သည်။

မူလက သည်ဟင်းတွင် သခွားခြစ်ကို သုံးသင့်သော်လည်း သည်ရာသီတွင် သခွားသီးမပေါ်တော့ချေ။ သူမက မုန်လာထုပ်ကို ပါးပါး စိပ်စိပ်လေးလှီးကာ စမ်းကြည့်လိုက်သည်။ ဒါသည်လည်း အလွန်လတ်ဆတ်လေသည်။

နောက်ဆုံး စွပ်ပြုတ်အတွက် ကြက်နံရိုးကို သုံးလိုက်သည်။ ထို့နောက် စွပ်ပြုတ်ကို ပန်ကိတ်နှစ်ပန်းကန်နှင့် တွဲစားရသည်။ ယန်ရှန်းနှင့် ရှန်ဖုန်းမင်တို့ စားသောက်ရန် လုံလောက်သွားပေမည်။

ဟုတ်ပါသည်။ ယန်ရှန့်သည် ညစာကိုမြင်လိုက်ချိန်တွင် အင်အားများ ပြန်ပြည့်လာခဲ့သည်။ သူသည် အစားအသောက်ကို အလွန်အာရုံစိုက်ထားမိသဖြင့် ကျန်းယွင်ကျူးထံမှ ပညာသင်ဖို့ရာ မေ့သွားတော့သည်။

ကျန်းယွင်ကျူးက ပြန်ထွက်သွား၏။

ကျန်းချိန်သည် ညပိုင်း အလုပ်မှ ပြန်လာသောအခါ အိမ်တွင် တည်းခိုနေသည့် ကုန်သည်နှစ်ယောက်က သူ့ကလေးများကို စာသင်ပေးခဲ့သည်ဟု ကြားလိုက်ရပြီး အလွန်ကျေးဇူးတင်သွားတော့သည်။ သူသည် အရင်ကလည်း ကလေးများကို စာသင်ပေးဖို့ စိတ်ကူးရှိခဲ့သေးသည်။ သို့သော် ကလေးတစ်ယောက်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ရာ အခကြေးငွေ တစ်နှစ်လျှင် ၁၀လျန် လိုအပ်သည်။ သူ့အတွက်တော့ ဒါသည် အလွန်ဝေးကွာသည့် အိပ်မက်တစ်ခုပင်။ လုံး၀အကောင်ထည်ဖော်ရန် မတတ်နိုင်သည့် အိပ်မက်တစ်ခုပင်။

အခု အိပ်မက်က တကယ်ဖြစ်လာတာလား။

“ မင်းတို့လေးတွေ စာကြိုးစားရမယ်နော်၊ ပြီးတော့ သူ့ကို စိတ်ဆိုးအောင် မလုပ်ရဘူး”

သူက ကျန်းလင်နှင့် တခြားသူများကို မှာကြားလိုက်၏။ အထူးသဖြင့် ကျန်းဝူသည် ငယ်သေးသောကြောင့်ပင်။ သူ သည်ကိစ္စများကို နားမလည်မှာ စိတ်ပူနေမိသည်။

ကျန်းဝူသည် ရို့ရို့လေး ခေါင်းညိတ်ပြလိုက်၏။ နေ့လယ်တုန်းက စာသင်နေတုန်းက သူ အိပ်ပျော်သွားတယ်ထင်တယ်။ အဲဒီအစ်ကိုကြီးက စိတ်မဆိုးလောက်ပါဘူးနော်။ ဟုတ်တယ်မလား။

သူသည် ထိုအကြောင်းကို စဥ်းစားလေလေ ပိုပြီး အပြစ်ရှိသလို ခံစားရလေလေ ဖြစ်လာတော့သည်။ သူက မနက်ဖြန်ကစကပြီး စာကြိုးစားတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ကျန်းချိန်က ကျန်းယွင်ကျူးသည် အလွန်သိတတ်လိမ္မာသည်ဟု တွေးမိသဖြင့် သူမကို ဘာမှမပြောခဲ့ချေ။ သည်ကိစ္စများကို သူပြောရန်လည်း မလိုပေ။

ကျန်းယွင်ကျူးက ထိုနေရာတွင် ရပ်နေ၏။ ဟုတ်ပါပြီ။ သူမ မှားမှန်းသိပါပြီ။ အိပ်မနေသင့်ဘူးလေ။ သူမက အဲဒီစာလုံးတွေကို သိတယ်ဆိုရင်တောင် ရှန်ဖုန်းမင်ဆီက လက်ရေးလှသင်ရတာလည်း ကောင်းတာပါပဲ။

ဒါက ရှားရှားပါးပါး အခွင့်အရေးလေ။ သူ့လက်ရေးကို ဝန်ကြီးချန်းကတောင် ချီးကျူးထားခဲ့တာပဲ။

ကျန်းချိန်သည် သတိပေးလိုက်ပြီးနောက် ရှန်ဖုန်းမင်ကို ကျေးဇူးတင်စကားပြောရန် ကလေးမျာကို ဘေးအခန်းသို့ ခေါ်သွားလိုက်တော့သည်။

“ လူကြီးမင်းတို့နှစ်ယောက်ကို ကျွန်တော်တို့တွေ တကယ်ပဲ ဒုက္ခပေးခဲ့မိပါပြီ၊ ကလေးတွေက အလိုက်မသိကြလို့ပါ၊ သူတို့ တစ်ခုခု အမှားလုပ်ခဲ့မိရင် သူတို့ကို အပြစ်ပေးလို့ရပါတယ်၊ သည်းခံစရာမလိုပါဘူး ခင်ဗျာ” ကျန်းချိန်က စိတ်ရင်းနှင့် ပြောလိုက်၏။

ရှေးခေတ်က စည်းကမ်းတင်းကြပ်တဲ့ဆရာတွေက တုတ်တစ်ချောင်းအောက်မှာ ထူးချွန်တဲ့ ကျောင်းသားတွေနဲ့ လိမ္မာသိတတ်တဲ့သားတွေကို မွေးထုတ်ပေးခဲ့တယ်တဲ့။ ဆရာက ကျောင်းသားတစ်ယောက်ကို အပြစ်ပေးရင် မိဘတွေက စကားတစ်ခွန်းမှ မပြောကြဘူး။ တခါတလေ ဆရာတွေက မိဘတွေကိုတောင် အပြစ်ပေးကြသေးတယ်တဲ့။ ဒါကို ဘယ်သူကမှ မှားတယ်လို့ မထင်ခဲ့ကြဘူး။

ဆန့်ကျင်ဘက်အနေနဲ့ ဆရာက ကျောင်းသားတွေကို အပြစ်မပေးဘူးဆိုရင် မိဘတွေက စိတ်ထဲမှာ မကျေနပ်ကြဘဲ သူတို့တွေက စာသင်တဲ့နေရာမှာ အားထုတ်မှုမရှိဘူးလို့ ထင်ကြတာတဲ့။

ယန်ရှန့်ကလည်း သူ စာသင်တုန်းကဆိုရင် ခဏခဏ အပြစ်ပေးခံရသတဲ့။ အခုတော့ ကျန်းချိန်က အဲလိုပြောတာကြားလိုက်ရတော့ သူ့အမူအရာက ထူးဆန်းနေသလိုဖြစ်သွားပါရော။

“ကျွန်တော်တို့တွေ့က ဒီမှာ အကြာကြီး နေနိုင်မှာမဟုတ်လောက်ပါဘူး” ရှန်ဖုန်းမင်က ပြောလိုက်၏။

ကျန်းချိန်သည် နားလည်ပါသော်လည်း သူ့ကို အလွန်ကျေးဇူးတင်မိလေသည်။

ရှန်ဖုန်းမင် အနားယူနေသည်ကို နှောင့်ယှက်မိမည်စိုးသဖြင့် သူက ကျေးဇူးတင်စကား နည်းနည်းပါးပါး ထပ်ပြောလိုက်ပြီးနောက် ကျန်းယွင်ကျူးနှင့် တခြားသူများကို ခေါ်သွားလိုက်တော့သည်။

သူတို့ထွက်သွားပြီးနောက် ယန်ရှန့်က လက်ဖက်ရည်သောက်ကာ ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။

“ နေ့လယ်တုန်းက မိန်းကလေးကျန်း အိပ်ပျော်နေတာလေ မင်းသူ့ကို ဘာလို့အပြစ်မပေးတာလဲ”

“ဘယ်လို အပြစ်ပေးရမှာလဲ” ရှန်ဖုန်းမင်က ပြန်မေးလိုက်၏။

“ ဒါ…..” သူက ငါ့ကို မေးစရာလိုသေးလို့လား။ ယန်ရှန့်သည် သူ့ပါးစပ်ထဲက လက်ဖက်ရည်များကို ပြန်ထွေးထုတ်မိမလို ဖြစ်သွားတော့သည်။ ဘယ်လို အပြစ်ပေးရမှာလဲ တဲ့လား။ ဒါပေါ့….။ ရုတ်တရက်ဆိုသလို တစ်ခုခုလွဲနေသလို ခံစားလိုက်ရတော့သည်။ သူက ရှန်ဖုန်းမင်ကို ကြည့်လိုက်သည်တွင် သူ့မျက်လုံးများနှင့် သွားဆုံတော့သည်။

သူ့မျက်များသည် ရေခဲကန်တစ်ခုလို အေးစက်နေလေသည်။

ယန်ရှန့်က ပခုံးတွန့်ပြလိုက်ပြီး အောင့်သက်သက်နှင့် ရယ်ပြလိုက်ကာ

“ ငါတို့ချီလင်ကိုယ်ရံတော်တွေ အရင်က အမှားလုပ်ခဲ့မိရင် မင်း သူတို့အားလုံး အပြစ်မပေးဘူးလား”

“ သူတို့တွေက သာမန်လူတွေပဲလေ” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။

“ ဟုတ်တယ်လေ၊ ဒါက ဆရာက ကျောင်းသားတွေကို အပြစ်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ပဲ”

“ ငါက သူ့ဆရာမှ မဟုတ်တာ” သူ့ကို ရက်ပိုင်းလေးပဲ စာသင်ပေးတာပါ။

ယန်ရှန့်က လက်လျှော့လိုက်တော့သည်။ သူ ဒီကိစ္စကို ရှန်ဖုန်းမင်နဲ့ ပြိုင်မငြင်းသင့်တာပဲ။

“ ငါမှားသွားတာ၊ ဟုတ်ပြီနော်၊ ငါမှားတာ” သူက အရှုံးပေးလိုက်တော့သည်။

ကျန်းချိန်နှင့် တခြားသူများက ညစာစားရန် ပြန်သွားကြပြီးနောက်တွင် တစ်ဖန်အလုပ်များလာပြန်သည်။ ခေါက်ဆွဲလုပ်၊ အသီးအရွက်လှီးပြီး မနက်ဖြန်မနက်အတွက် အစပ်အရသာစွပ်ပြုတ်နှင့် ယိုမော့ထို လုပ်ရန်အတွက် ပြင်ဆင်လိုက်ကြသည်။

ည ၉နာရီမထိုးခင်အထိ အလုပ်များခဲ့ကြသည်။

အိပ်ပေါ်တွင် လဲလျောင်းနေရင်း ယန်ရှန့်က အပြင်ဘက်က မီးဖိုဆောင်ထဲတွင် အလုပ်များနေကြသည့် အသံများကို နားထောင်နေလေသည်။ သူက ရှန်ဖုန်းမင်ကို မှတ်ချက်ပေးရင်း ပြောလိုက်၏။

“ သူတို့အတွက် တကယ်ပင်ပန်းမှာပဲ”

သူတို့ရဲ့ချီလင်ကိုယ်ရံတော်တွေထက်တောင် အများကြီးပင်ပန်းမှာပဲ။ အထူးသဖြင့် တနေ့လုံး အလုပ်များနေတဲ့ ကျန်းယွင်ကျူးပေါ့။

ကျန်းယွင်ကျူး နေ့လယ်ခင်းက အိပ်ပျော်သွားသည့်အကြောင်းကို ရုတ်တရက် နားလည်သွားပြီး ထိုကိစ္စအတွက် နောင်တရသွားတော့သည်။ သူသည် သူမ အိပ်ပျော်နေသည့်ကိစ္စကို ဆွဲမထုတ်ခဲ့သင့်ဘဲ ထိုအကြောင်းနှင့် ပတ်သက်ပြီး ရှန်ဖုန်းမင်ကို ရယ်စရာလုပ်ခဲ့မိသည့်အဖြစ်ကို နောင်တရသွားတော့သည်။

“အင်း”

ရှန်ဖုန်းမင်က ဘာမှထူးခြားသလို ဘာခံစားချက် အတက်အကျမှ မရှိဘဲ ပြန်ဖြေလိုက်လေသည်။

ယန်ရှန့်မှာ သက်ပြင်းချမိတော့သည်။ သူနဲ့စကားပြောရတာက ကျောက်တုံးတစ်တုံးနဲ့ စကားပြောရတာထက်တော့ သာပါတယ်လေ။

ပင်ပန်းသလားတဲ့။ တစ်ယောက်ယောက်ကသာ ကျန်းယွင်ကျူးကို သည်မေးခွန်း မေးလာခဲ့လျှင် သူမကတော့ ‘အင်း’ဟုသာ ဖြေလိမ့်မည်။ သို့သော် သူတို့သည် သည်ကာလကို ကျော်လွှားနိုင်ပြီး ထမင်းဘူးလုပ်ငန်း စနိုင်မည့်အချိန်ကို စောင့်နိုင်ခဲ့လျှင် သူတို့သည် မနက်စာ လုပ်ခြင်းကို ရပ်လိုက်တော့မည်။ ဒါက အများကြီးပိုကောင်းပေသည်။

သို့ဆိုလျှင် အနာဂတ်သည်လည်း တောက်ပနေလိမ့်မည်။ ကျန်းယွင်ကျူးသည် သည်အလုပ်ကို ပင်ပမ်းသည်ဟု ထပ်မမြင်မိတော့ချေ။

နောက်တစ်နေ့မနက်တွင် သူတို့သည် ခါတိုင်းလို ဆိုင်ဖွင့်လိုက်ကြသည်။ သည်နေ့ သူတို့သည် အသားပန်ကိတ် လုပ်ခဲ့ကြသည်။ အသားပန်ကိတ် စားချင်သူများသည် သည်နေ့တော့ အသားပန်ကိတ် စားနိုင်တော့မည်ကို တွေ့လိုက်ရပြီး တစ်ခုလောက် မြန်မြန်ဝယ်လိုက်ကြသည်။ မနက်ဖြန် မလုပ်တော့မှာ စိုးရိမ်နေကြသူများလည်း ရှိလေသည်။ အစောပိုင်းက မဝယ်ချင်သူများနှင့် တစ်ခုသာ ဝယ်ထားသူများသည် တစ်ခု နှစ်ခု လောက်ထပ်ဝယ်ရန် ချက်ချင်းဆုံးဖြတ်လိုက်ကြတော့သည်။

ထို့ကြောင့် သည်နေ့၏အသားပန်ကိတ်မှာ ရောင်းကောင်းခဲ့သည်။

“ယွင်ကျူး သမီးဘယ်လိုလုပ်ပြီး ဒီစိတ်ကူးရလာတာလဲ”

အမျိုးသမီးချန်က လေးစားနေတော့သည်။ နှစ်ရက်တစ်ကြိမ် အသားပန်ကိတ်ရောင်းသည့် စိတ်ကူးက အမှန်ပင် အံ့ဩစရာကောင်းလေသည်။ အသားပန်းကိတ်တစ်ခုသည် ၆ဝမ်ပေးရသည်။ တစ်ခုရောင်းရလျှင် ဟူလထန်းနှစ်ပွဲစာနှင့် ညီသည်။ သည့်နေ့ ပိုက်ဆံအိုးထဲ ငွေသိမ်းရသည့် ပိုများလာသည်ဟု ခံစားရလေသည်။

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ ဒါတွေအားလုံးက ငွေနည်းနည်းလေးပါလေ။

ခဏကြာပြီးနောက် ဧည်သည်ကြီးတစ်ယောက်က ရောက်လာ၏။

စစ်သူကြီးကျောက်နောက်လိုက် မျက်နှာရှည်စစ်သားဖြစ်လေသည်။ သူသည် လက်ထဲက ထမင်းဘူးနှင့် ခပ်သွက်သွက်လျှောက်လာပြီး ကျန်းယွင်ကျူးကို ထမင်းဘူးလှမ်းပေးကာ မေးလိုက်သည်။

“ သူဌေး ဒီနေ့ ဆန်ပြုတ်နဲ့ အသားပန်ကိတ် လုပ်တာလား”

“ အသားပန်ကိတ်ပါပဲ” ကျန်းယွင်ကျူးက ထမင်းဘူးကို ယူကာ ပြန်ဖြေလိုက်၏။

“ကျွန်တော် အသားပန်ကိတ် အခု၃၀နဲ့ စွပ်ပြုတ် ၈ပွဲလိုချင်တယ်၊ ကျွန်တော့်အတွက် ကျေးဇူးပြုပြီး ထုပ်ပေးပါ၊ ကျွန်တော် သူတို့အတွက် တောင်ပေါ်ကို ယူသွားပေးရမှာ” မျက်နှာရှည်စစ်သားက ပြောလိုက်သည်။

ဒီလောက်တောင် အများကြီးလား။ ကျန်းယွင်ကျူးသည် သည်နေ့ အသားပန်ကိတ် ပိုလုပ်လာခဲ့သေးသည်။ ဒါတောင် မလောက်သေးဘူးတဲ့။

“ ဘယ်လောက် ရှိလဲ၊ ကျွန်တော် အကုန်ယူမယ်”

ကျန်းယွင်ကျူးက ရေတွက်လိုက်ပြီး

“ ၁၉ခုပဲ ရတော့မယ်”

သုံးတစ်ပုံတစ်ပုံပဲ။ မျက်နှာရှည်နှင့်စစ်သားက သက်ပြင်းချလိုက်၏။ သူ အစောကြီး ရောက်လာတာလေ။ ထင်မထားဘဲ နောက်ကျနေသေးတယ်တဲ့။

“ ကောင်းပြီလေ အားလုံး ကျွန်တော့်ကိုပေးလိုက်ပါ၊ ကျန်တာကိုတော့ ယိုမော့ထို အခု၄၀ထပ်ပေးလိုက်”

မျက်နှာရှည်နှင့် စစ်သားက ခဏလောက်စဥ်းစားလိုက်လေသည်။

ဒါက လူ ၇-၈ယောက်စာအတွက် တနပ်စာပဲလေ။ ကြည့်ရတာ စားသုံးသူအသစ် တိုးလာတာဖြစ်မယ်။ ကျန်းယွင်ကျူးသည် စိတ်ထဲက နားလည်လိုက်လေသည်။ သူမက အမျိုးသမီးချန်ကို စွပ်ပြုတ် ထည့်ခိုင်းလိုက်ပြီး သူမကတော့ အသားပန်ကိတ်နှင့် ယိုမော့ထို ကို ပြင်ဆင်ပေးလိုက်သည်။

“ ဒါနဲ့ ကျွန်တော် မင်းဆီမှာ နေ့လယ်စာအတွက် မှာချင်တယ်၊ အသားပန်းကိတ်ကို အရင်ဆုံးလုပ်ပေးပါ၊ ပြီးမှ ကျွန်တော်ပြောမယ်” မျက်နှာရှည်နှင့်စစ်သားက ဆက်ပြောလိုက်၏။

ကျန်းယွင်ကျူး၏စိတ်မှာ အနည်းငယ် လှုပ်ရှားသွားတော့သည်။ သူမက သည်အတိုင်း မေးကြည့်လိုက်လေသည်။

“ ဘာကိစ္စရှိလို့လဲ ၊ ရှင့်ကြည့်ရတာ အလျင်လိုနေသလိုပဲ”

မျက်နှာရှည်နှင့် စစ်သားက ညည်းညူလိုက်ချင်လေသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘယ်သူ့ကို မတွေ့လိုက်တော့မှ လေသံကို နိမ့်ကာ ကျန်းယွင်ကျူးကို ပြောပြလိုက်၏။

“ ဘာမှတော့ မဟုတ်ပါဘူး၊ စစ်သူကြီးဝမ်ပေါ့၊ သူ ဘာတွေဖြစ်နေမှန်းကို မသိဘူး၊ တောင်တစ်ခုလုံးကို လူတွေ အတင်းရှာခိုင်းပြီး သံသယရှိတဲ့လူတွေကို ဖမ်းနေတယ်လေ။ ဒါနဲ့ အားလုံး အလုပ်များနေကြတာ”

သည်အခြေအနေအထိရောက်လာသဖြင့် သူက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။

“ ဘာသံသယဖြစ်စရာလူမှ မရှိဘူး၊ ဒီမှာ ကျွန်တော်တို့လူတွေ အများကြီးစောင့်ကြပ်နေတာ ဘယ်သူက ပြဿနာရှာရဲမှာလဲ၊ အသက်မရှင်ချင်ကြတော့လို့လား”

ကျန်းယွင်ကျူးသည် ထိုစကားကို ကြားလိုက်သည်တွင် သားလှီးနေသည့်လက်က တုံ့ဆိုင်းသွားတော့သည်။ သံသယဖြစ်စရာလူက အိမ်က အဲဒီနှစ်ယောက်ပဲ ဖြစ်ရမယ်။

သူမက ဘာမှ ထပ်မမေးတော့ဘဲ အသားပန်ကိတ်အားလုံးကို လက်စသတ်လိုက်တော့သည်။

ဘေးတွင် အမျိုးသမီးချန်ကလည်း စွပ်ပြုတ် ခူးပြီးသွားပြီ။

စွပ်ပြုတ်ကို ထမင်းဘူးထဲ ထည့်ပေးလိုက်၏။ အသားပန်ကိတ်များကိုတော့ ချက်ပြုတ်ပြီးနောက် ခြင်းတောင်းနှင့် ပြန်ထည့်ပေးလိုက်လေသည်။ ပိတ်စလေးတစ်ခုနှင့် ဖုံးထားလိုက်ပြီး မျက်နှာရှည်စစ်သားကို လှမ်းပေးလိုက်တော့သည်။

“ရှင် သယ်ဖို့ အဆင်မပြေလောက်ဘူး၊ ကျန်းလင်ရေ သား လိုက်သွားပေးလိုက်ပါအုံး” အမျိုးသမီးချန်က အပြုံးလေးတစ်ခုဖြင့် ကျန်းလင်ကို လှမ်းခေါ်လိုက်လေသည်။

“ဟုတ်ကဲ့” ကျန်းလင်က ပြန်ထူးလိုက်ကာ အသားပန်ကိတ်ခြင်းကို ယူလိုက်လေသည်။

သူတို့သည် အလွန်မှ သဘောကောင်းသဖြင့် မျက်နှာရှည်စစ်သားက သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး

“ အလုပ်သွားဖို့ အလျင်မလိုသေးပါဘူး၊ ကျွန်တော် မင်းကို နေ့လယ်စာအတွက် မပြောရသေးဘူးလေ၊ ဪ ဟုတ်သား၊ အသားပန်ကိတ်နဲ့ စွပ်ပြုတ်ကဘယ်လောက်လဲ”

“အသားပန်ကိတ် ၁၉ခုက ၁၀၄ ဝမ်ပါ၊ စွပ်ပြုတ် ၈ပွဲနဲ့ ယိုမော့ထို အခု၄၀ က ၂၄ ဝမ်၊ စုစုပေါင်း ၁၃၈ဝမ်ပါ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်လေသည်။

မျက်နှာရှည်စစ်သားက ငွေချေလိုက်၏။ ထို့နောက် သူက မှတ်စုစာရွက်လေးတစ်ခုနှင့် ငွေတစ်တုံးကို ထုတ်ကာ ကျန်းယွင်ကျူးကို လှမ်းပေးလိုက်လေသည်။

“ ဒီထဲမှာ ဟင်းတချို့နဲ့ မနေ့က အသားပြုတ်တစ်ပွဲစာလည်း ပါတယ်၊ ကျန်တာကိုတော့ မင်း သဘောပဲလုပ်ပါ၊ လူရှစ်ယောက်စာ လောက်ရင် ရပြီ။

ဒီငွေအရင်ယူထားလိုက်၊ ထမင်းဘူးလာပို့တဲ့အခါကျရင် ပိုရင် ပြန်အမ်းပြီး လိုရင် ထပ်တောင်းလိုက်ပါ”

မနေ့က ဒုစစ်သူကြီးကျောက်တို့ သုံးယောက်ရဲ့ဟင်းတွေကို စစ်သားငါးယောက် စားလိုက်တာကိုး။ အရသာရှိလို့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်သူမှ ဝဝလင်လင်ဖြစ်မှာ မဟုတ်ဘူး။ ဟင်းသုံးပွဲကို လူ ၈ယောက် စားခဲ့တာဆိုတော့။ လူငါးယောက်သည် အလွန်အားနာသွားပြီး သည်နေ့ အစားအသောက်အတွက် သူတို့ပေးကာ ဒုစစ်သူကြီးကျောက်တို့သုံးယောက်ကို ဒကာခံမည်ဟု ပြောခဲ့လေသည်။

သူတို့သည် ကျန်းယွင်ကျူးကို မသိကြပေ။ ထို့ကြောင့် သူတို့က မျက်နှာရှည်စစ်သားကို အကူအညီ တောင်းပြီး အပြန်လမ်းတွင် မနက်စာယူလာခိုင်းရလေသည်။

ကျန်းယွင်ကျူးက ငွေတုံးကို ချိန်ကြည့်လိုက်၏။ လျန်တစ်ဝက်ကျော်သည်။ ထို့နောက် သူမက မှတ်စုကို ကြည့်လိုက်၏။ ဟင်းပွဲငါးခုပါသည်။ ဝက်ဒူးဆစ်သား၊ အချဥ်ရည်နှင့် ဝက်ဆာတေးအသားလုံး၊ ဝက်ကင်သား၊ ဝက်ချိုချဥ် ၊ ဝက်ကျောက်ကပ်ဆာတေး အပြင် အသားပြုတ်တစ်ပွဲပါလေသည်။ ဟုတ်ပြီလေ။ အသားတွေ ချည်းပဲ။

လူရှစ်ယောက်အတွက် လုံလောက်တဲ့ဟင်းပွဲပဲ။ ငွေကလည်း သေချာပေါက်လောက်တယ်။ ကျန်းယွင်ကျူးသည် ထိုမှတ်စုကို ကြည့်လိုက်ပြီးနောက် ဘာလုပ်ရမည်ကို အဖြေရှာတွေ့ပြီး ဖြစ်တော့သည်။

မျက်နှာရှည်နှင့် စစ်သားကို နှုတ်ဆက်လိုက်ပြီးနောက် ကျန်းယွင်ကျူးက စွပ်ပြုတ်ကို ဆက်ရောင်းလိုက်လေသည်။ နောက်ပိုင်းတွင် အသားပန်ကိတ် ဝယ်ချင်သူ တချို့ရှိသော်လည်း ရောင်းကုန်သွားပြီဟု သိလိုရသဖြင့် အလွန်နှမြောသွားကြတော့သည်။

မျက်နှာရှည်စစ်သား၏ ကြီးမားသည့်အဝယ်တော်ကြောင့် သည်နေ့အတွက် ကျန်းယွင်ကျူး၏ အစားအသောက်များသည် မနက် ၇နာရီမထိုးခင်မှာပင် ရောင်းကုန်သွားတော့သည်။

သူတို့သည် ပစ္စည်းများကို ထုပ်ပိုးလိုက်ကြပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ကြလေသည်။

သည်အချိန်တွင် လူတစ်ယောက်သည် မြည်းလှည်းတစ်စီးနှင့် ရောက်လာ၏။ ရွှီချင်ရှန့်ပင် ဖြစ်လေသည်။

“ ဒီနေ့ ဆိုင်က အစောကြီး ပိတ်တာလား” သူက အံ့ဩသွားပြီး မြန်မြန်ရောက်လာကာ ပစ္စည်းများကို သိမ်းဆည်ကူလိုက်လေသည်။

“ ဒီနေ့ အများကြီးဝယ်သွားတဲ့ ဧည့်သည်ကြီးတစ်ယောက် ရလိုက်တယ်လေ” အမျိုးသမီးချန်က ဝမ်းသာအားရ ပြန်ဖြေလိုက်၏။ ထို့နောက် သူမက အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး

“ မင်း မနက်စာ မစားရသေးဘူးနော်၊ အိုဟယ် အဒေါ် မင်းအတွက် တစ်ပွဲလောက် ချန်ထားလိုက်ရမှာ”

“မလိုပါဘူး အဒေါ်ရယ်၊ ရောင်းလို့ရရင် ရောင်းလိုက်ပါ၊ ကျွန်တော်လည်း အိမ်ပြန်ရောက်ရင် တစ်ခုခု စားလိုက်လို့ရပါတယ်” ရွှီချင်ရှန့်က မြန်မြန်ပြောလိုက်သည်။

အားလုံးက အတူတူ သန့်ရှင်းရေးလုပ်လိုက်ကြပြီး မကြာခင်မှာပင် သိမ်းဆည်းပြီးသွားကြတော့သည်။ ရွှီချင်ရှန်းက ပစ္စည်းများကို သူ့မြည်းလှည်းပေါ်သို့ ပြောင်းတင်လိုက်လေသည်။

“ တကယ် မဖြစ်ပါဘူးဟယ်” အမျိုးသမီးချန်က တားရင်း ပြောလိုက်သည်။

“အဒေါ် ကျွန်တော် အိမ်ပြန်မှာလေ၊ လမ်းကြုံတာပဲ”

အမျိုးသမီးချန်က လွတ်ပေးလိုက်ပြီး ဘေးတွင် အလုပ်များနေသည့် ကျန်းယွင်ကျူးကို ကြည့်လိုက်၏။ သူမ သဘောပေါက်လိုက်ပါပြီလေ။

ကျန်းယွင်ကျူးက မမြင်လိုက်သော်လည်း အမျိုးသမီးချန်နှင့် ရွှီချင်ရှန့်တို့ စကားပြောနေသည်ကို ကြားလိုက်ရသည်။ သူမက မသိမသာ မျက်မှောင်ကျုံ့လိုက်၏။ သူမ ရွှီချင်ရှန့်ကို အရမ်းကို ဒုက္ခမပေးချင်ပါဘူး။

အားလုံးက မြည်းလှည်းတစ်စီးနှင့် ပြန်လာခဲ့ကြပြီး အချိန်တိုအတွင်းတွင် ချန်ရှီရွာသို့ ရောက်လာကြတော့သည်။

“အဒေါ် ဒီနေ့ မြို့တက်အုံးမှာလား၊ ကျွန်တော်ခဏနေ အဖေ့အတွက် ဖက်ဆေးလိပ်ရွက် သွားဝယ်ဖို့ မြို့တက်မလို့”

ကျန်းအိမ်တံခါးတွင် ရွှီချင်ရှန့်က အမျိုးသမီးချန်ကို ပစ္စည်းကူချပေးရင်း မေးလိုက်လေသည်။ သူ့သဘောမှာ အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့က မြို့တက်မည်ဆိုလျှင် သူ့မြည်းလှည်းနှင့် လိုက်လို့ရသည့်သဘောပင်။

ကျန်းယွင်ကျူးက မြို့တက်ရမှာလေ။ အမျိုးသမီးချန်သည် သွားများ ပေါ်အောင် ပြုံးလိုက်တော့သည်။

သည်တစ်ကြိမ်တွင် ကျန်းယွင်ကျူးက ဘာမူမမှန်ဖြစ်နေသည်ကို သတိမထားမိခဲ့လျှင် ထူးဆန်းရာ ကျပေလိမ့်မည်။ ရွှီချင်ရှန့်က မနေ့က မြို့တက်ပြီးပြီလေ။ ဒီနေ့ရောလား။ သူ သူမကို တမင် ပို့ပေးတာပဲ ဖြစ်ရမယ်။

သူမသည် ရွှီချင်ရှန့်၏ရည်ရွယ်ချက်များကို တစ်နည်းနည်းဖြင့် အာရုံခံမိသော်လည်း ဘယ်တော့မှ ထုတ်မပြောခဲ့ချေ။ သူမဘက်က တစ်ဖက်သတ် ထုတ်မပြောနိုင်ပေ။

အခွင့်အရေးတစ်ခုရှာပြီး သူ့ကို သေသေချာချာ ရှင်းပြလိုက်တာ ပိုကောင်းမယ်။ သူမ ချက်ချင်း ငြင်းရမယ်။

ဒါပေမဲ့ ဘယ်လိုငြင်းရမလဲ။ သူမ တကယ်ပဲ မြို့တက်ဖို့လိုတယ်လေ။

ထိုအခိုက်တွင် အမျိုးသားအသံတစ်ခုက ထွက်လာတော့သည်။

“ မိန်းကလေးကျန်း မြို့တက်မလို့လား၊ ကျွန်တော်တို့ ခေါ်သွားပေးမယ်လေ”

မော့အကြည့်တွင် မြင်းနှစ်ကောင်ပေါ်က ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် ခြံရှေ့တွင် အေးအေးလူလူ လျှောက်လာသည်ကို တွေ့လိုက်ရလေတော့သည်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset