အပိုင်း (၁၂)
သေချာပါသည်။ ဒုစစ်သူကြီးကျောက်က ခဏလောက်ရပ်လိုက်ပြီးနောက် ကျန်းယွင်ကျူး၏ ဆိုင်ဘက်သို့ လျှောက်သွားလိုက်သည်။
အမျိုးသမီးချန်၏မျက်ခုံးများသည် ပျော်ရွှင်မှုများ လင်းဖြာနေတော့သည်။ သည်အချိန်တွင် သူမသည် ဒုစစ်သူကြီးကျောက်၏ ကြောက်စရာကောင်းသည့်အသွင်ပြင်ကို လုံးဝမကြောက်တော့ဘဲ ချက်ချင်း ရှေ့သို့ ထွက်သွားလိုက်၏။ သူမက အားတက်သရော မေးလိုက်တော့သည်။
“ ထိုင်ပါရှင်၊ ကျွန်မ ရှင်တို့အတွက် စွပ်ပြုတ်ယူလာပေးပါ့မယ်၊ ဘယ်နှစ်ပွဲလောက် ချပေးရမလဲ”
“ သုံးပွဲ”
မနေ့က ဟူလထန်း မသောက်လိုက်ရသည့် စစ်သားက ချက်ချင်း ပြန်ဖြေလိုက်၏။ သူသည် သည်နေ့တော့ စွပ်ပြုတ်ကို အရသာခံရတော့မည်။
အမျိုးသမီးချန်သည် အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်သုံးပွဲကို မြန်မြန်ယူလာပေးလိုက်သည်။
သည်ဖက်တွင် ကျန်းယွင်ကျူးက အသားပန်ကိတ်များကို လုပ်လိုက်ပြီး သူတို့ရှေ့ ချပေးလိုက်လေသည်။
ဒုစစ်သူကြီးကျောက်သည် သည်နေ့ စောစောရောက်လာခဲ့သည်။ စွပ်ပြုတ်နှင့်ပန်ကိတ်တို့သည် မနေ့ကထက် ပိုပူနေပြီး သူတို့ကို အရသာပိုရှိအောင် လုပ်ပေးနေလေသည်။
တစ်လုတ်စာအပြည့် စွပ်ပြုတ်တစ်ဇွန်းက ပူလောင်ကာ ချဥ်ဖြုန်းဖြုန်းနှင့် လူကို လန်းဆန်းသွားစေတော့သည်။ ထို့နောက် အသားပန်ကိတ် ပါးစပ်တစ်လုတ်စာအပြည့်က ကြွတ်ရွကာ နူးညံ့နေသည်။ သူတို့သည် သည်နေ့ရောက်လာသည်မှာ အချည်းနှီးမဖြစ်ဟု ခံစားလိုက်ရတော့သည်။
စစ်သားနှစ်ယောက်ကလည်း မနားတမ်း စားသောက်နေ၏။
ဒုစစ်သူကြီးကျောက်က သည်နေ့တွင် တစ်ယောက်ထဲ အသားပန်ကိတ် ရှစ်ခုနှင့် စွပ်ပြုတ် ၂ပွဲ စားခဲ့သည်။ စစ်သားနှစ်ယောက်က အသားပန်ကိတ် လေးခုနှင့် စွပ်ပြုတ်တစ်ပွဲစီ စားလိုက်ကြသည်။ ကျန်းယွင်ကျူးသည် သက်ပြင်းချမိလေသည်။ ထင်ထားတဲ့အတိုင်းပဲ။ သူတို့တွေက တကယ့်အကြီးစား စားသောက်တဲ့သူတွေပဲ။
ကျသင့်ငွေတွက်ချက်ချိန်တွင် သူတို့သုံးယောက်သည် ၁၀၄ ဝမ်ဖိုး စားသောက်ခဲ့ကြသည်။ အမျိုးသမီးချန်က ဝမ် ၁၀၀ လောက်တင် အဆင်ပြေပါသည်ဟု ဆိုလေသည်။
သည်တစ်ကြိမ်တွင်လည်း ငွေချေသူမှာ မျက်နှာရှည်ရှည်နှင့် စစ်သားဖြစ်လေသည်။
သူတို့ထွက်သွားပြီးနောက်တွင် အမျိုးသမီးချန်၏မျက်ခုံးနှင့် မျက်လုံးတို့သည် ကွေးနေပြီး ငွေအထပ်လိုက်ကို ကိုင်ထားလေသည်။ ဒါက မနေ့က ဝင်ငွေရဲ့ တစ်ဝက်လောက်တန်တယ်လေ။ သူတို့လို စားသုံးသူများ ထပ်လာရင် သူတို့တွေကရော ဘာလို့ငွေမရှာနိုင်ရမှာလဲ။
ကျန်းယွင်ကျူးလည်း အလွန်ပျော်နေလေသည်။ အံ့ဩစရာကောင်းလိုက်တာ။
သူတို့သည် ဝမ်းသာနေကြစဥ် တခြားဘက်တွင်တော့ အမျိုးသမီးဆွန်း၏နှာခေါင်းမှာ ကွေးကောက်တော့ မတတ်ပင်။ အဲဒီ ဝမ် ၁၀၀ကို ရှာနိုင်မဲ့သူက သူမဖြစ်ရမှာလေ။
အမျိုးသမီးချန်သည် သူမ၏မနာလိုမှုကို ခံစားမိနေသော်လည်း သူမကို လျစ်လျူရှုထားလိုက်၏။ သူမက ဒုစစ်သူကြီးကျောက်လို ချမ်းသာခြင်းနတ်ဘုရားကို ဆွဲထားဖို့ရာ မနက်ဖြန် အသားဘယ်လောက်နှပ်ရမည့် အကြောင်းကိုသာ စဥ်းစားနေလိုက်သည်။
သည်အခိုက်တွင် ကျန်းယွင်ရှို့က သူမသည် သည်နေ့ ပန်းကန်မဆေးရရေးကို စဥ်းစားရင် သူမ၏ဦးနှောက်ကို အလုပ်ပေးနေလေသည်။
သူမသည် အေးစက်စက် တွင်းရေေနှင့် တောင်လိုပုံနေသည့် ညစ်ပတ်သည့်ပန်းကန်လုံးများအကြောင်း တွေးမိလိုက်ချိန်တွင် တစ်ကိုယ်လုံး ချမ်းစိမ့်သလိုဖြစ်သွားပြီး အန်ချင်လာတော့သည်။
အမျိုးသမီးကျိုးထံမှ နေမကောင်းခွင့် ယူမည်ဟု စဥ်စားလိုက်ပြီး သူမက သည်အချိန်အထိ မထဘဲ နေလိုက်လေသည်။
အမျိုးသမီးကျိုး လာမှပဲ သူမက….
ဝုန်း ဟူသည့်မြည်သံတစ်ခုနှင့်အတူ တံခါးသည် ကန်ဖွင့်ခံလိုက်ရတော့သည်။
“ အခုချိန်ထိတောင် နင်က မထသေးဘူးလား၊ မီးဖိုထဲက ပန်းကန်လုံးတွေက တောင်လို ပုံနေပြီ၊ ဘာလဲ၊ သခင်တွေက နင့်ကို လာခစားဖို့ စောင့်နေတာလား၊ နင့်ကိုယ်နင်များ ဘွားအေကြီးလို့ ထင်နေတာလား”
အမျိုးသမီးကျောက်သည် လက်ထဲတွင် ကြိမ်တံတစ်ခုကို ကိုင်ထားလေသည်။ သူမ၏မျက်နှာသည် အစောကြီးကတည်း နွမ်းနယ်နေပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
“ နင့်မှာ ဘယ်လိုကံပါလာတယ်ဆိုတာ အရင်ကြည့်ပါအုံးလား၊ အောက်တန်းစားတစ်ယောက်ရဲ့ ကံလေ၊ အခုထိ အလုပ်သွားဖို့ မထသေးဘူးလား၊ ဒီနေ့ ထမင်းစားရဖို့ မစဥ်းစားနဲ့”
ဒါဆိုလည်း နေလေ။ မစားဘူးပေါ့။ အရသာရှိတဲ့ အစားအသောက်လည်း မဟုတ်ဘဲနဲ့။ ကျန်းယွင်ရှို့သည် ဒေါပွနေသော်လည်း ထုတ်မပြောရဲချေ။ သူမသည် အမျိုးသမီးကျိုး၏လက်ထဲက ကြိမ်တံ၏အစွမ်းကို တွေ့ကြုံဖူးလေသည်။ သံပူခတ်ထားသလို သူမ၏ခန္ဓာကိုယ်ကို ပူလောင်ကာ နာကျင်အောင် လုပ်နိုင်လေသည်.။
“ ခေါင်းဆောင်ကျိုး ကျွန်မ…”
သူမက အားနည်းချင်ဟန်ဆောင်ကာ နေမကောင်းဖြစ်နေကြောင်း ပြောဖို့ ကြိုးစားလိုက်တော့သည်။
“ နင်က ဘယ်သူ့အတွက် ဟန်ဆောင်ပြနေတာလဲ၊ အထိန်းအကွပ် မရှိတဲ့ဟာမ၊ နင် လူရွေးမှားသွားပြီ”
အမျိုးသမီးကျိုးသည် ပိုပိုပြီး ဒေါသထွက်လာတော့သည်။ ယောက်ျားတွေကို မြှူဆွယ်တတ်တဲ့ ဒီလိုကလက်တက်တက်မိန်းကလေးတွေကြောင့်ပေါ့။ ယောကျ်ားတွေက သစ္စာဖောက်ချင်နေတာ။ ကြည့်နေစမ်းပါ။ ဒီနေ့ ဒီအရှက်မရှိတဲ့မျက်နှာကို သူမ ဘယ်လိုပါးချမလဲဆိုတာ။
သူမသည် ထိုသို့တွေးလိုက်ရင်း လက်ထဲက ကြိမ်တံနှင့် ကျန်းယွင်ရှို့ကို ရိုက်လေတော့သည်။
ကြိမ်တံက သူမ၏ခန္ဓာကိုယ်ကို လာရိုက်မိပြီး ပြင်းစွာသောနာကျင်မှုက ပေါက်ထွက်လာလေသည်။
ကျန်းယွင်ရှို့တွင် နေမကောင်းဖြစ်ချင်သည့် စိတ်ပင် မရှိတော့ပေ။ သူမက ချက်ချင်း ထထိုင်လိုက်၏။ သူမသည် ရှောင်ရှားရင်း တောင်းပန်နေတော့သည်။
“ ခေါင်းဆောင်ကျိုး ကျွန်မကို မရိုက်ပါနဲ့တော့၊ ကျွန်မ အခုချက်ချင်း ပန်းကန်သွားဆေးပါ့မယ်”
“မြန်မြန်သွားစမ်း”
ကျန်းယွင်ရှို့သည် ဘာမှ ထပ်မပြောရဲတော့ဘဲ ပန်ကန်းများကို ဆေးကြောရန် စားဖိုဆောင် နောက်ကျောသို့ ထွက်သွားတော့သည်။
ထိုနေရာတွင် ထျန်ယင်းနှင့် မျက်နှာဝိုင်းဝိုင်းနှင့် ရှောင်သုန်း တို့က ပန်းကန်များကို ဆေးကြောနေကြသည်။
သုံးယောက်လုံးသည် ပန်းကန်အတူတူ ဆေးကြရသော်လည်း ကျန်းယွင်ရှိုမှာ ကျန်နှစ်ယောက်ထက် ပိုပြီး ဒုက္ခရောက်ခဲ့လေသည်။ သူမသည် နေမကောင်းချင် ဟန်ဆောင်ခဲ့ပြီး မနက်စာ မစားရခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။ အခုတော့ သူမသည် ဗိုက်ဆာနေလေသည်။ ထို့အပြင် သူမ၏ပခုံးပေါ်က ရိုက်နှက်ခံထားရသည့်နေရာက ဆိုးဆိုးရွားရွား နာကျင်နေသည်။
သည်နေ့တွင် အန်းဖင်နယ်စားအိမ်တော်၏ ကောင်းကင်မှာ အလွန်မှ ပြာလွင်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်တွင် ပန်းများ အပြည့်ပွင့်လန်းနေလေသည်။ သို့သော်ငြား ကျန်းယွင်ရှို့ကတော့ ထိုအရာများကို ကြည်နူးဖို့ရာ စိတ်မပါတော့ချေ။
သူမ၏ကံကြမ္မာက လွဲချော်သွားပြီလား ဟူ၍သာ တွေးတောနေမိသည်။ ကျန်းယွင်ကျူးကလည်း အန်းဖင်နယ်စားအိမ်တော်ကို ရောက်စ,တုန်းက နေ့တိုင်း ပန်းကန်တွေ ဆေးခဲ့ရတာလား။ ဒါမှမဟုတ် သူမကပဲ ကံဆိုးပြီး စားဖိုဆောင်မှာ တာဝန်ချခံလိုက်ရတာလား။
နည်းနည်းတော့ နောင်တရမိသား။ သူမရဲ့အိပ်မက်ထဲမှာ ကျန်းယွင်ကျူး ဘယ်လိုများ နယ်စားအိမ်တော်ရဲ့ သခင်မ ဖြစ်လာလဲဆိုတာကို မေးခဲ့လိုက်သင့်တာ။
သို့သော် မကြာခင်မှာပင် သူမသည် သည်အတွေးကို လက်လျှော့လိုက်တော့သည်။ ကျန်းယွင်ကျူး လုပ်နိုင်တာကို သူမလည်း လုပ်နိုင်ရမှာပေါ့။ အိပ်မက်ထဲမှာ သူမ လင်ထင်အန်းကို မြှူဆွယ်ဖို့ ကြိုးစားခဲ့သေးတယ်။ အဲဒီတုန်းက သူမရဲ့ရုပ်ရည်က မွဲခြောက်နေပြီလေ။ ဒါပေါ့ သူမ သူ့စိတ်ကို ဘယ်ရနိုင်ခဲ့ပါ့မလဲ။ အခုတော့ သူမက ကျန်းယွင်ကျူးထက်တောင် နည်းနည်းပိုလှသေးတယ်။ သူမ သူ့ကို တွေးနိုင်သရွေ့….
“ ငါ ရေအိမ်သွားလိုက်အုံးမယ်”
ထျန်ယင်းက အချိန်တစ်ခုကြာသွားပြီးနောက် ရုတ်တရက် ပြောလိုက်ကာ ထရပ်လိုက်လေသည်။
ရှောင်သုန်းက ဘာမှ မပြောဘဲ ပန်းကန်ဆက်ဆေးနေလိုက်သည်။ ကျန်းယွင်ရှို့ကတော့ မော့ကြည့်လိုက်ပြီး သူမ၏အကြည့်က ထိုပုံရိပ်နောက် ပါသွားလေသည်။ ထိုပုံရိပ်သည် ထောင့်ဆီတွင် ပျောက်သွားသည်နှင့် တစ်ပြိုင်နက် အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက စားဖိုဆောင်မှ ထွက်လာလေသည်။ သူက ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး ပျင်းရိငြီးငွေ့နေသယောင် လေပူနှစ်ချက် မှုတ်ထုတ်လိုက်လေသည်။ ထို့နောက် သူသည် ထျန်ယင်း ပျောက်သွားသည့် နေရာဆီသို့ လျှောက်သွားလိုက်တော့သည်။
ထိုလူမှာ ကောင်းရွှင့်ပင်။ ယခုမူ မနက်စာစားချိန် ပြီးသွားပြီဖြစ်ရာ အမျိုးသမီးကျိုးက မီးဖိုထဲတွင် လူများကို သန့်ရှင်းရေး လုပ်ခိုင်းနေလေသည်။ ထို့ကြောင့် သူက အားလပ်နေ၏။
ကျန်းယွင်ရှို့၏ မျက်လုံးများသည် ဝင်းလက်သွားတော့သည်။ ထျန်ယင်းနှင့် ကောင်းရွှင့်ကြားတွင် တစ်ခုခု ရှိလိမ့်မည်ဟု သံသယဖြစ်သွားလေသည်။
ဒါက သူနဲ့ လုံးဝမဆိုင်ပါဘူးလေ။ ဒါပေမဲ့ …. အခုလောလောဆယ် သူမ ကိစ္စတစ်ခုကိုတော့ နားလည်ချင်မိတယ်။ စားဖိုဆောင် နောက်ဖေးမှာပဲ ပန်းကန်ဆေးနေရုံနဲ့ သူမဘဝမှာ နယ်စားမိသားစုရဲ့ အကြီးဆုံးသား လင်ထင်အန်းကို ဘယ်တော့မှ တွေ့ရလိမ့်မှာမဟုတ်ဘူး။
သူမ ဒီလိုပုံစံမျိုးတော့ မလိုချင်ပါဘူး။ သူမက နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်ချင်တာလေ။
ဒါဆိုရင်တော့ သူမမှာ ရွေးစရာနှစ်ခုရှိတယ်။ တစ်ခုက အမျိုးသမီးကျိုးကို မျက်နှာချိုသွေးရမယ်။ သူမက စားဖိုဆောင်ရဲ့ အကြီးအကဲကိုး။ အမျိုးသမီးကျိုးကသာ သူမကို သဘောကျရင် စားဖိုဆောင်ထဲက ထွက်ပြီး အိမ်တော်ထဲက တခြားခြံဝင်းတွေဆီ သွားဖို့ အခွင့်အရေးရလာပြီး လင်ထင်အန်းကို တွေ့ရလိမ့်မယ်။
ဒုတိယတစ်ခုက ကောင်းရွှင့်ကို မျက်နှာချိုသွေးဖို့ပဲ။ သူက အန်းဖင်နယ်စား သဘောအကျဆုံးသူပဲ။ သူကသာ ကူညီပေးမယ်ဆိုရင် သူက သူမကို ယီရွှယ်ခန်းမဆီ ချက်ချင်း ပြောင်းပေးနိုင်လောက်တယ်။
ယီရွှယ်ခန်းမသည် လင်ထင်အန်း နေသည့်အဆောင် ဖြစ်လေသည်။
ကျန်းယွင်ရှို့မှာ တစ်ခုမှ မရွေးချင် ဖြစ်နေတော့သည်။ ဒါပေမဲ့ သူမက တစ်ခုကို ရွေးရမယ်ဆိုရင်တော့ ပထမတစ်ခုကို ရွေးမှာပဲ။ အဲဒီကောင်းရွှင့်က အမွှေးအတောင်စုံတဲ့ နှာဘူးကြီး။ သူနဲ့ ပတ်သက်မိရင် အသားယူခံရနိုင်တယ်။ နောက်ဆိုရင် သူမက နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဘယ်လိုဖြစ်နိုင်တော့မှာလဲ။
ပြီးတော့ တစ်စုံတစ်ယောက်က ကောင်းရွှင့်နဲ့ ငြိနေပြီးပြီလေ။ သူမ သွားရင်လည်း ဘာအကျိုးမှ ရှိလာမှာမဟုတ်ဘူး။
နောက်ဖေးမှာ တစ်ရက် နှစ်ရက် ပန်းကန်တွေပြီးတဲ့နောက်ပိုင်း အမျိုးသမီးကျိုးက သူမနဲ့ ထျန်ယင်းကို ဘာလို့ မကြိုက်လဲဆိုတာ တဖြည်းဖြည်း သိလာခဲ့တယ်။ သူမက သူတို့တွေက ကောင်းရွှင့်ကို မြူဆွယ်မှာ ကြောက်နေတာကိုး။ အမျိုးသမီးကျိုးကို မျက်ချိုသွေးဖို့ဆိုရင် သူမက သစ္စာရှိပါတယ်ဆိုတာကို အရင်ဆုံး သက်သေပြရမယ်။
“ ငါလည်း ရေအိမ်သွားလိုက်အုံးမယ်”
ထိုသို့တွေးလိုက်ပြီး ကျန်းယွင်ရှို့က ပြောလိုက်၏။
ထောင့်ဖက်သို့ ချိုးလိုက်ကာ ဘယ်ဘက်စင်္ကြံပေါ်က လျှောက်လာလျှင် ရေအိမ်ကို တွေ့ရလေသည်။ သို့သော် ကျန်းယွင်ရှို့က ညာဘက်သို့ ချိုးလိုက်လေသည်။
ညာဖက်တွင် ဥယျာဥ်ငယ်လေးတစ်ခု ရှိသည်။ သည်လိုအချိန်ဆိုလျှင် သည်နေရာတွင် အလွန်မှ တိတ်ဆိတ်လေးသည်။
ကျန်းယွင်ရှို့၏ မျက်လုံးများသည် အလွန်လျင်လေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ပန်းသီးရိုင်းပင်နောက်က အဝတ်အစားမှာ ထျန်ယင်း၏ အဝတ်အစားမှန်း တွေ့လိုက်ရသည်။
သူမက ခြေဖျားထောက်ကာ ကြည့်လိုက်၏။
သည်အခိုက်တွင် ကောင်းရွှင့်သည် အပြုံးများ အပြည့်နှင့် ထျန်ယင်းကို ဆွဲတော့မည့်ဟန် ပြင်နေလေသည်။
ထျန်ယင်းက ခေါင်းခါပြလိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။
“ကျွန်မကို မထိနဲ့နော်၊ ခဏနေ ခေါင်းဆောင်ကျိုး တွေ့သွားရင် သူ ကျွန်မကို အစိမ်းလိုက်စားပစ်လိမ့်မယ်”
“ အဲဒီ ကိုယ့်ဟာကိုယ် ဟုတ်လှပြီထင်နေတဲ့ အဘွားကြီး၊ သူ လုပ်ရဲလုပ်ကြည့်ပါလား၊ ငါ သူ့ကို ကွာရှင်းပစ်မယ်”
ကောင်းရွှင့်က ချက်ချင်း အားနှင့်မာန်နှင့် အော်ပြောလိုက်လေသည်။
“ ရှင်က သူ့ကို ကျွန်မအတွက် တကယ်ပဲ ကွာရှင်းမှာလား” ထျန်ယင်းက မေးလိုက်၏။
“ဒါပေါ့ကွ၊ ငါဖြင့် သူ့ကို မကြိုက်တော့တာ ကြာလှပြီ”
ကောင်းရွှင့်က ပြောရင်းဆိုရင် ထျန်ရင်းကို ဖက်လိုက်လေသည်။
သို့သော် ထျန်ယင်းက သူ့ကို တွန်းထုတ်လိုက်ပြီး ဝမ်းနည်းသလိုနှင့် ပြောလိုက်သည်။
“ လူလိမ်၊ ကျွန်မ ဘာမှ မတောင်းဆိုပါဘူးနော်၊ ရှင် ကျွန်မကို တကယ်ချစ်ရင် ကျွန်မရဲ့အလုပ်ကို ပြောင်းပေးလို့ ရတာပဲ၊ ကျွန်မရဲ့လက်တွေကိုလည်း ကြည့်ပါအုံး”
သူမက လက်များကို ဆန့်ထုတ်လိုက်ပြီး ကောင်းရွှင့်ကို ပြလိုက်လေသည်။
ကောင်းရွှမ်းက စိတ်မကောင်းစွာဖြင့် သူမ၏လက်ကို ချက်ချင်း ကိုင်လိုက်ပြီး
“ ငါ နည်းလမ်းရှာဖို့ ကြိုးစားနေပါတယ်၊ အဲဒီဘဝင်မြင့်နေတဲ့အဘွားကြီးက နင့်ကို အနီးကပ် စောင့်ကြည့်နေတာ နင်လည်းသိပါတယ်”
“ဒါဆိုလည်း ရှင် မြန်မြန်စဥ်းစားလေ၊ ကျွန်မ ရှင့်ကို ပြောလိုက်မယ်၊ တကယ်လို့ ရှင် ကျွန်မရဲ့အလုပ်ကို တစ်ရက်လေးတောင် မပြောင်းပေးနိုင်ရင် ကျွန်မကို ထိဖို့ မကြိုးစားနဲ့”
ကောင်းရွှင့်မှာ အနည်းငယ် စိတ်ပျက်သွားတော့သည်။ သူက ထျန်ယင်းနဲ့ ဒီအတိုင်း ကစားချင်တာလေ။ ထင်တောင်မထားဘူး။ သူမကိုယ်သူမ အဖိုးတန်ရတနာလေးကို ထင်နေတာပဲ။
သူ့အမူအရာကို မြင်လိုက်ရသည်တွင် ထျန်ယင်းလည်း သဘောပေါက်သွားတော့သည်။ သူမက သူမ၏ လက်ဖျားလေးများဖြင့် သူ့ရင်ဘတ်ကို မွှေလိုက်တော့သည်။
ကျီစယ်ခံလိုက်ရသဖြင့် အာရုံပြောင်းသွားသည့် ကောင်းရွှင့်က သူ့ရင်ဘတ်ကို ချက်ချင်းပုတ်လိုက်ကာ သူမကို ကူညီပေးမည်ဟု ကတိပေးလိုက်တော့သည်။
သည်ဖက်တွင် ခိုးနားထောင်နေသူ ကျန်းယွင်ရှို့သည် စိတ်လည်းပျက်မိသလို ကျေးဇူးလည်း တင်နေတော့သည်။ ထျန်ယင်းက သူမ၏လမ်းကြောင်းအတွက် ကောင်းရွှင့်အား တောင်းဆိုနေသည်ကို စိတ်ပျက်မိသည်။ သူမ ထွက်သွားတာနဲ့ အမျိုးသမီးကျိုးက သူမကို ထပ်ပြီး နှိပ်စက်လို့ရတော့မှာ မဟုတ်ဘူးမလား။ တော်ပါသေးရဲ့။ သူမ စောစောစီးစီး သိလိုက်ရလို့။ ဒီအကြောင်းကို အမျိုးသမီးကျိုးဆီ ပြောပြလိုက်လို့ကတော့…
…