EJYZ အပိုင်း ၅

အပိုင်း (၅.၁)

ကျန်းယွင်ကျူးသည် ထိုလူ၏ မဟာဂုဏ်သတင်းကြောင့် သူ့ကို သိလေသည်။

ရှန်ဖုန်းမင်။ မင်းသမီးတန့်ယန်းရဲ့သား ။ လက်ရှိဧကရာဇ်ရဲ့ တူတော်။

သူ့အကြောင်း ပြောမယ်ဆိုရင် သူတာဝန်ယူထားတဲ့ ချီလင်အစောင့်တပ်ကလည်း မပါမဖြစ်ပဲ။ သူတို့တွေက မင်မင်းဆက်က ကျင်ရိဝေ့ (ကိုယ်ရံတော်တပ်) နဲ့တူမယ်ထင်တယ်။ သူတို့တွေက ဘုရင့်အမိန့်ကို တိုက်ရိုက်နာခံပြီး သက်တော်စောင့်၊ စုံစမ်းရေးနှင့် အကျဥ်းထောင်ဘက်မှာ အာဏာရှိကြတယ်။

မင်းဆက်တိုင်းမှာ ချီလင်သက်တော်စောင့်တွေရဲ့ တည်ရှိမှုက အားလုံးကို အသားမကျနိုင်အောင် ဖြစ်ရစေတယ်။ ရှန်ဖုန်းမင် အလှည့်ရောက်တော့ ပိုကြောက်စရာကောင်းလာပြီး ကျောချမ်းစရာ ဖြစ်သွားခဲ့တယ်။

သူ သွားလိုက်တဲ့နေရာတိုင်းမှာ အကျင့်ပျက်ခြစားနေတာ၊ ဥပဒေချိုးဖောက်နေတာ၊ အုပ်စုဖွဲ့ ခိုးဆိုးလုယက်နေတာနဲ့ ကိုယ်ကျိုးရှာတဲ့သူ ရှိနေတာမလို့ သွေးချောင်းစီးတဲ့ကိစ္စဖြစ်နေတာက မြေကြီးလက်ခတ်မလွဲ။ ကြက်ငှက် ခွေးတွေကိုတောင် အလွတ်မပေးဘူး။ ဒါကြောင့်ပဲ အားလုံးက သူအကြောင်းကို တိတ်တိတ်လေးပဲ ပြောကြပြီး သူ့ကို ရှန်ငရဲမင်းလို့ ခေါ်ကြတယ်။ တော်တော်လေးကို နာမည်ကြီး ကြောက်စရာကောင်းတဲ့ ဂုဏ်သတင်းတစ်ခုနဲ့ပေါ့။

ကျန်းယွင်ကျူးသည် သူ့ကို အိပ်မက်ထဲတွင် မြင်ခဲ့ဖူးသည်။ အဲဒီတုန်းက သူက လင်အိမ်တော်ကို ရုတ်တရက် ရောက်လာပြီး အိမ်တော်မှာ ရက်နည်းနည်းလောက် တည်းခိုခွင့်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်။

လင်မိသားစုမှာ သူ့ကို မသိတဲ့သူ ဘယ်မှာရှိလဲ။ သူ တံခါးရှေ့ ရောက်လာတဲ့အချိန်မှာတော့ ဟေးဒီစ့်ဘုရင်(ငရဲမင်း)က အိမ်တံခါးကို လာခေါက်တဲ့အတိုင်းပဲ။ အားလုံးက ကပ်ဘေးကြီးတစ်ခု ဖြစ်တော့မယ်လို့ ရုတ်တရက် ခံစားလိုက်ရတော့သည်။ ကျန်းယွင်ကျူးကိုယ်တိုင်တောင် လင်မိသားစုတော့ သွားပါပြီ၊ သူမသာ ရာဇဝတ်သားတစ်ယောက်ဖြစ်လာရင် ဘယ်လို အသက်ရှင်နေထိုင်ရပါ့မလဲလို့စဥ်းစားခဲ့မိတယ်။

အဲဒီတုန်းကဆိုရင် လင်မိသားစုက တကယ့်ကို စိတ်ဓာတ်ကျနေတော့တာပေါ့။ လင်ထင်အန်းဆိုရင် နေ့တိုင်း သံသယစိတ်နေနဲ့ နေခဲ့ရတယ်။

တစ်နေ့ကျတော့ သူ ရုတ်တရက်ကြီး ထွက်သွားလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ ထွက်သွားတာမှ တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ။

လင်မိသားစုဝင်အားလုံးက ဒီကိစ္စကို မယုံကြည်နိုင်လောက်အောင်ပဲ။ ဒီလူသ-တ်နတ်ဘုရားက ဒီအတိုင်း ထွက်သွားတာတဲ့လေ။ အစတုန်းကတော့ သူက မြွေကို တွင်းထဲက ထွက်လာအောင်မျှားပြီး တခြားသူတွေကို စိတ်ရှုပ်သွားအောင် လုပ်ခဲ့တာလို့ သူတို့တွေ ထင်ထားခဲ့တာ။

ဒါပေမဲ့ တစ်လလဲကြာပြီးရော အိမ်တော်က အေးအေးချမ်းချမ်း ဖြစ်နေအုံးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူ မြို့တော်ကို ပြန်ရောက်သွားပြီဆိုတဲ့ မြို့တော်က သတင်းရောက်လာခဲ့တယ်။

အဲဒီအချိန်ကျမှပဲ လင်အိမ်တော်က လူတွေက ရှန်ဖုန်းမင် သူတို့ကို တကယ် အလွတ်ပေးလိုက်ပြီး သူတို့တွေ အန္တရာယ်ကင်းသွားပြီလို့ ယုံကြည်သွားကြတော့တယ်။

ကပ်ဆိုးကြုံပြီးမှာ အသက်ပြန်ရှင်ခွင့်ရခဲ့တာက ဝမ်းသာပီတိတိုးလာစေတော့တယ်။

ဒါကြောင့်လည်း အန်းဖင်နယ်စားက နောက်ဆုံးတော့ သူမကို လင်ထင်အန်းရဲ့ ဇနီးအဖြစ် လက်ထပ်ပြီး နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေးအဖြစ် သဘောတူပေးခဲ့တာပဲ။

ဒါနဲ့ပတ်သက်ပြီး ပြောရရင်တော့ ကျန်ယွင်ကျူးက အိပ်မက်ထဲမှာ သူအမှတ်မထင် ပေါ်လာတာကနေ အမြတ်ထွက်သွားခဲ့တာပေါ့။

သူရုတ်တရက် ရောက်လာတဲ့အကြောင်းအရင်းနဲ့ ပြန်ထွက်သွားတဲ့အကြောင်းအရင်းကတော့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုလိုပဲ ကျန်နေခဲ့တယ်။

ကျန်းယွင်ကျူး၏ သူအပေါ်ခံစားချက်ကို စကားတစ်လုံးတည်းနှင့် ဖော်ပြရမည်ဆိုလျှင် ကြောက်ရွံ့ခြင်းပင်။ အထူးသဖြင့် ယခုအချိန်တွင် သူတို့သည် ကပ်ဘေးဒုက္ခသည်များဖြစ်ပြီး လမ်းပြလည်းမရှိ၊ အိမ်ထောင်စုစာရင်းရှိသည့်နေရာနှင့်လည်း မိုင်ရာချီဝေးသည့်အရပ်တွင် ရောက်နေသည်။ သူတို့သည် ရှန်ဖုန်းမင်နှင့် တွေ့လိုက်ရသောအခါ ကြွက်တစ်ကောင်က ကြောင်တစ်ကောင်ကို တွေ့လိုက်ရသည့်နှယ်။

အခုတော့ သူမသည် ရှန်ဖုန်းမင်နှင့် သူ့အဖွဲ့က မြန်မြန်ထွက်သွားဖို့သာ ဆုတောင်းနေရတော့သည်။

သို့သော် မိုးနတ်မင်းက သူမ၏ဆုတောင်းကို ကြားဟန်မတူ။ လူအုပ်ကြီးသည် ဆိုင်နှင့် နီးလာသည်နှင့်အမျှ သည်နေရာတွင် သ-တ်ဖြတ်တော့မည့်နှယ် အမှန်ပင် အရှိန်လျှော့လိုက်ကြလေသည်။

ဆိုင်ရှင်မှာ ကြီးမားသည့်ဝင်ငွေတစ်ခုကို တွေ့လိုက်ရသောအခါ ဝမ်းသာသွားသလို စိတ်လည်းပူသွားတော့သည်။

ကျန်းယွင်ကျူးက စဥ်းစားလိုက်၏။ ငါတို့တွေ အခုနေထွက်သွားရင် အရမ်းနောက်ကျသွားပြီလား။

အလွန်နောက်ကျသွားလေပြီ။ ထိုချီလင်သက်တော်စောင့်များသည် အလွန်မှလျင်မြန်လှပြီး ဆိုင်ငယ်လေးရှေ့သို့ ရောက်နှင့်ပြီးဖြစ်နေတော့သည်။ သူတို့အားလုံးက မြင်းပေါ်မှ ဆင်းလိုက်ကြ၏။ သူတို့သည် ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်ထားကြဟန်တူသည်။

“ သူဌေး ရေနွေးအိုးနည်းနည်းနဲ့ စားစရာတချို့ ချပေး၊ ကျုပ်တို့တွေ အလျင်လိုနေတယ်၊ ဒါနဲ့ မြင်းတွေကို အစာကျွေး ရေတိုက်ပေးအုံး၊ ကျုပ်တို့တွေ ခင်ဗျားရဲ့ငွေကို အလကားမသုံးပါဘူး”

အရပ်မြင့်မြင့်နှင့်လူတစ်ယောက်က ဆိုင်ထဲဝင်လာပြီး သူဌေးကို ပြောလိုက်သည်။

သူ့နာမည်က ယန်ရှန့်။ ရှန့်ဖုန်းမင်ရဲ့လက်ထောက်။

“ ဟုတ်ကဲ့ ဟုတ်ကဲ့”

ဆိုင်ရှင်သူဌေးက မြန်မြန်သဘောတူလိုက်ပြီး တစ်ယောက်ကို မြင်းစာသွားကျွေးခိုင်းလိုက်ကာ သူကတော့ စားပွဲကို သုတ်ပေးရင်း လက်ဖက်ရည်ကို ချပေးလိုက်ပြီး မီးဖိုဆောင်ကို မြန်မြန် လောဆော်လိုက်လေသည်။

ဆိုင်က မကြီးပေ။ စားပွဲ ၇လုံး ၈လုံးသာရှိသည်။ စားပွဲနှစ်လုံးတွင် ဧည့်သည်များရှိနေသည်။ ထိုစားပွဲက ဧည့်သည်များကတော့ စားသောက်ပြီးခါနီးနေပြီဖြစ်သည်။ ကြီးမားသည့် လူအုပ်ကြီးတစ်ခုကို တွေ့လိုက်ရသဖြင့် သူတို့က ချက်ချင်းငွေချေကာ ထွက်သွားတော့သည်။ ဆိုင်ထဲတွင် ကျန်းယွင်ကျူးတို့ အဖွဲ့သာ ကျန်ခဲ့လေသည်။

ကျန်းယွင်ကျူးတို့အဖွဲ့က အခုမှ ရောက်စပင် ရှိသေးသည်။ သူတို့မှာ လက်ဖက်ရည်သောက်လက်စ ဖြစ်နေ၏။ သူတို့သည် ဇဝေဇဝါဖြစ်နစဥ်မှာပင် ထိုချီလင်သက်တော်စောင့်များက ဝင်လာပြီး ကျန်သည့်စားပွဲအားလုံးကို ယောက်ယက်ခတ်နေအောင် အပြည့်ထိုင်လိုက်ကြသည်။ ထိုအရာက ထောင့်တွင် ရှိနေသည့် သူတို့စားပွဲကို ပိတ်ထားလိုက်တော့သည်။

ရှန်ဖုန်းမင်ကတော့ တခြားဘက်က စားပွဲတစ်လုံးတွင် ထိုင်နေလိုက်သည်။ သူ့စားပွဲတွင် ယန်ရှန့်တစ်ယောက်သာ ထိုင်နေသည်။

သည်ဆိုင်လေးသည် ပေါင်မုန့်ပေါင်း၊ မန်ထိုနှင့် ချက်ပြီးသား သာမန်ဟင်းတချို့သာ ရောင်းချသည်။ သည်အစားအစာများက အဆင်ပြေလှသည်။ ခဏကြာပြီနောက် ပေါင်မုန့်ပေါင်း တချို့ နှင့် ဟင်းပွဲတချို့ကို စားပွဲတစ်ခုစီတွင် ခင်းကျင်းထားလိုက်သည်။

“ ဘယ်လိုလဲ၊ ကျွန်တော်တို့လည်း သွားကြမယ်”

ဤမျှ ကြောက်လန့်ဖွယ်အရောင်အဝါနှင့် လူအုပ်ကြီးတစ်ခု၏ ဝိုင်းရံခံထားရသဖြင့် အဖေရွှီက ကျန်းချိန်ကို လေသံတိုးတိုးဖြင့် ပြောလိုက်ရင်း သူ့ခြေသလုံးကြွက်သားမှာ ဆတ်ခနဲဖြစ်သွားတော့သည်။

ကျန်းချိန်ကလည်း ပြဿနာတက်မည်စိုးသဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်ရှင်ဆီ ငွေသွားရှင်းရန် လွတ်နေသည့်ကြားနေရာတစ်ခုလောက်ကို ရှာလိုက်လေသည်။

သည်အခိုက်တွင် ယန်ရှန့်က ပါးစပ်အပြည့်ငုံထားသည့်ရေကို ထွေးထုတ်လိုက်၏။ အစပိုင်းတွင် သူသည် အလွန်မှ ရေဆာနေခဲ့သည်။ လက်ဖက်ရည်ပန်းကန် ရလာသည်နှင့် မစောင့်နိုင်တော့ဘဲ တစ်ငုံအပြည့် သောက်လိုက်တော့သည်။ ဒါပေမဲ့ ဒါက လက်ဖက်ရည်တဲ့လား။ တရုတ်ဆေးရည်နဲ့တောင် ပိုတူသေးတယ်။

“ ဆိုင်ရှင်ရေ ၊ ဆိုင်ရှင်” သူသည် လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်မြောက်ထားရင် ဆိုင်ရှင်ကို လှမ်းခေါ်လိုက်၏။

ဆိုင်ရှင်က မြန်မြန်ထွက်လာပြီး

“ ဘာဖြစ်လို့လဲ ဧည့်သည်ကြီး”

“ ဒါက ဘာလဲ”

ယန်ရှန်က မေးလိုက်သည်။ သူ့အဝတ်အစားနှင့် အသွင်အပြင်က ဒေါသထွက်ပြီး ခြိမ်းခြောက်နေသည့် အငွေ့အသက်တစ်ခု ဖြစ်နေလေသည်။

ဆိုင်ရှင်၏ခြေထောက်တို့မှာ ချိနဲ့သွားတော့သည်။ သူက သူ့လက်ထဲက လက်ဖက်ရည်ပန်းကန်လုံးကို ကြည့်လိုက်ပြီး

“လက်ဖက်ရည်ပါ”

သူက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“ ဒါက လက်ဖက်ရည် ဟုတ်လား၊ အရသာက ဘာလို့ ထူးဆန်းနေတာလဲ” ယန်ရှန့်က မေးလိုက်၏။

သူ့စကားကို ကြားလိုက်ရသဖြင့် ဆိုင်ရှင်က သူတို့၏ဖုန်တက်နေသည့် အသွင်အပြင်ကို ကြည့်လိုက်ပြီး ခန့်မှန်းကာပြောလိုက်လေသည်။

“ အားလုံးက အဝေးကြီးကနေလာခဲ့တာ မလား၊ ချန်ဖုန်းကရေက ဒီလိုအရသာပဲလေ”

ယန်ရှန့်အမေးကို စောင့်မနေဘဲ သူက ဆက်ပြောလိုက်လေသည်။

“ ချန်ဖုန်းက ရေက အစတုန်းကတော့ ဒီလိုအရသာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက မိုးခေါင်ရေရှားတာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်မလား၊ မြစ်ရေနဲ့ ရေတွင်းတွေကလည်း ခမ်းကုန်ပြီလေ၊ အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ရေသောက်ရတာပဲ ဟုတ်နေပါပြီ၊ အရသာ ဘယ်လိုရှိရှိ ဘယ်သူက ဂရုစိုက်နေမှာလဲ”

“ ချန်ဖုန်းမှာ မိုးခေါင်တာ အရမ်းကို ဆိုးရွားနေတာလား”

ကြည်လင်သည့်အသံတစ်ခုက ရုတ်တရက် မေးလာ၏။ ရှန်ဖုန်းမင်ပင်။

“ ဆိုးရွားတာပေါ့၊ ဘယ့်နှယ် မဆိုးရွာဘဲ နေမလား၊ ပြည်သူတွေက သေအံ့ဆဲဆဲအဖြစ်ရောက်နေပြီ၊ အထူးသဖြင့် ဒီနှစ်ဆိုရင် ကျိုင်းကောင်ပလိပ်ရောဂါလည်း ဖြစ်လိုက်သေးတယ်၊ ဒါက….”

ဆိုင်ရှင်သည် သည်နေရာတွင် ဆိုင်တစ်ဆိုင် ဖွင့်ထားခဲ့သည်။ နေ့တိုင်း လူများ သွားလာနေသည်ကို မမြင်တော့ပေ။ သည်နှစ်၏ကပ်ဘေးအကြောင်းပြောရင်း သူသည် သက်ပြင်းချလို့မပြီးနိုင် ဖြစ်နေတော့သည်။

“တော်ဝင်ရုံးတော်က ကပ်ဘေးကယ်ဆယ်ရေးအတွက် ဆန်တွေ ဝေပေးတယ်မလား”

ရှန်ဖုန်းမင်၏အသံက ပိုပြီးအေးစက်လာလေသည်။

“ ဆန် လား၊ တခြားနေရာမှာ ဝေတာဖြစ်မှာပေါ့၊ ဒါပေမဲ့ ကျွန်တော်ကတော့ မတွေ့မိပါဘူး” ဆိုင်ရှင်က ပြန်ဖြေလိုက်၏။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးတို့အဖွဲ့ကို ကြည့်လိုက်လေသည်။ ဒီဆိုင်ထဲမှာ ဆိုင်ရှင်ကလွဲရင် သူတို့ပဲ ကျန်တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းအားလုံးကို ဆွဲလာတာဆိုတော့ ကပ်ဘေးဒုက္ခသည်တွေ ဖြစ်မယ်။

ယန်ရှန့်က သဘောပေါက်သွားပြီး ကျန်းယွင်ကျူးတို့အဖွဲ့နား ချက်ချင်း ကပ်လာတော့သည်။

ကျန်းယွင်ကျူးမှာ ခေါင်းကြီးသွားသလို ခံစားလိုက်ရတော့သည်။ သူမ စိုးရိမ်နေသည့်အရာက အမှန်ပင် ဖြစ်လာလေတော့သည်။

အပိုင်း (၅.၂)

အဖေရွှီနှင့် တခြားသူများသည် စိုးရိမ်ပူပန်လာကြတော့သည်။

ယန်ရှန့်က ကျန်းယွင်ကျူးတို့ စားပွဲဆီ လျှောက်လာပြီး ရေစစ်နေသည့် ရေကရားကို စိတ်ဝင်စားသွားတော့သည်။ ဒါက ဘာပါလိမ့်။

သူက ထိုပစ္စည်းကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ သာမန်အိုးခြမ်းပဲ့လေးတစ်ခု တစ်ခုပုံစံပါပဲ။ ဒါပေမဲ့ ရေဆိုးတွေက အပေါ်ကနေ စီးဆင်းသွားပြီးတဲ့အခါမှ ရေသန့်တွင် ထွက်လာခဲ့တယ်။

သူက ကရားအိုးကို ကောက်ကိုင်လိုက်ပြီး ချိန်ဆကြည့်လိုက်ကာ ကရားအိုးထဲက ပါဝင်ပစ္စည်းများကို မြေကြီးပေါ် သွန်ချလိုက်လေသည်။

ကျောက်ခဲများတစ်လွှာ၊ သဲကြမ်းတစ်လွှာ၊ သဲနုတစ်လွှာ၊ မီးသွေးတစ်လွှာ။ နောက်ဆုံးတွင် ဝါဂွမ်းနည်းနည်းနှင့် ချည်သားပိတ်စာတစ်လွှာ။

လက်ရာမြောက်လိုက်တဲ့ ပစ္စည်းပဲ။

ရှမင်းဆက်မှာ ရေသန့်စင်တဲ့ ပစ္စည်းက မရှိတာတော့ မဟုတ်ပါဘူး။ သူတို့ ချီလင်သက်တော်စောင့်တွေလိုပဲ ကျောက်ချဥ်ကနေ လုပ်ထားတဲ့ ဆေးလုံးတစ်မျိုးကို သုံးကြတယ်လေ။ သူတို့တွေ တောထဲမှာ ညစ်ပတ်တဲ့ရေ သုံးရမယ်ဆို အဲဒါကို တစ်လုံးလောက် ထည့်ထားလိုက်တာပဲ။

ပြီးတော့ ရေဆေးတဲ့နည်း၊ ကျောက်ဆေးတဲ့နည်းတွေကို မြင်ခဲ့ဖူးပါတယ်။ ဒီလို ရိုးရှင်းပြီး သိမ်မွေ့တဲ့နည်းကိုတော့ တစ်ခါမှမမြင်ခဲ့ဖူးဘူး။ ရလဒ်ကလည်း ပိုကောင်းပုံရတယ်။

သူက ဘေးမှ လက်ဖက်ရည်ပန်းကန်လုံးကို လှမ်းယူလိုက်ပြီး အောက်က ရေပုံးထဲက ရေတစ်ခွက် လှမ်းခပ်လိုက်သည်။ သေချာနေပါပြီ။ ရေက သိပ်ကို ကြည်လင်နေတာပဲ။

သူက တစ်ငုံလောက် သောက်ကြည့်လိုက်၏။ ထူးထူးဆန်းဆန်း အရသာမျိုးလုံးဝ မရှိပေ။

“ ဒါကို ဘယ်သူလုပ်ထားတာလဲ” သူက သိလိုစိတ်ဖြင့် မေးလိုက်တော့သည်။

ကျန်းချိန်နှင့် ကျန်လူများအားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြသည်။

“ကျွန်မပါ” ကျန်းယွင်ကျူးမှာ ပြန်ဖြေရန်သာ တတ်နိုင်တော့သည်။

ယန်ရှန့်က သူမကို ကြည့်လိုက်၏။ သူ့မျက်လုံးများက လင်းလက်သွားတော့သည်။ လူအရမ်း များနေသဖြင့် သည်ဆိုင်ငယ်လေးထဲတွင် သည်လိုမိန်းကလေးတစ်ယောက် ရှိနေသည်ကို သတိမထားမိလိုက်ပေ။ သူမ၏မျက်လုံးများသည် ကြည်လင်တောက်ပနေပြီး ရေကန်ထဲက ကြာပန်းလေးတစ်ပွင့်နှယ်။

“ မင်း ဒီလိုစိတ်ကူးမျိုး ဘယ်လိုရခဲ့တာလဲ” သူက မေးလိုက်သည်။

ရှေ့လူကြီးတွေရဲ့ အတွေ့အကြုံကို အခြေခံပြီး နောက်မျိုးဆက်တွေက အဆင့်မြှင့်တင်လာခဲ့တာ သဘာဝပဲလေ။ သို့သော် ကျန်းယွင်ကျူးက ထိုသို့ မပြောရဲပေ။ ရွာက လူကြီးတချို့ ပြောခဲ့ဖူးသည်ကို ကြားခဲ့ပြီး စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့ပြီး မျှော်လင့်မထားဘဲ့ အလုပ်ဖြစ်သွားသည်ဟူ၍ သူမက ကျန်းချိန်နှင့် တခြားသူများအား ရှင်းပြခဲ့သည့်အတိုင်းသာ ပြန်ရှင်းပြလိုက်သည်။

ယန်ရှန့်သည် နှစ်ပေါင်းများစွာ နေရာပေါင်းစုံကို ခရီးသွားလာနေခဲ့ပြီး လူထူးဆန်းနှင့် ထူးထူးဆန်းဆန်း ပစ္စည်းများစွာကို တွေခဲ့ဖူးသည်။ သူသည် ထိုစကားကို ကြားလိုက်တော့ အံ့ဩမသွားပေ။ ကျန်းယွင်ကျူးကို ဉာဏ်ထက်မြက်သူတစ်ယောက်ဟု ခံစားမိလိုက်သည်။

“ လက်ဖက်ရည်ကျိုချင်လို့ ရေနည်းနည်းလောက် တောင်းလို့ရမလား” သူက မေးလိုက်၏။

“ ရပါတယ်” ကျန်းယွင်ကျူးမှာ မငြင်းရဲပေ။

ယန်ရှန့်က စစ်ထားသည့်ရေကို ဆိုင်ရှင်ဆီ ချက်ချင်းပေးလိုက်သည်။ သူက လက်ဖက်ခြောက်အိတ်တစ်လုံးကိုလည်း သူ့ကိုပေးလိုက်ပြီး လက်ဖက်ရည်နည်းနည်းလောက် မြန်မြန်သွားကျိုရန် ပြောလိုက်တော့သည်။

“ဒါနဲ့ သူတို့အတွက် ပေါက်စီနဲ့ အရံဟင်းတွေ ချပေးလိုက်၊ သူတို့စားထားတာကို ငါ့စာရင်းထဲ ထည့်လိုက်နော်” သူက ဆိုင်ရှင်ကို အမိန့်ထပ်ပေးလိုက်လေသည်။

ဆိုင်ရှင်က မြန်မြန် ဖြည့်ဆည်းပေးလိုက်သည်။ မကြာခင်ပင် သူက ကျန်းယွင်ကျူးတို့၏ စားပွဲဆီသို့ ပေါက်စီ တချို့နှင့် ဟင်း ၅-၆ပွဲလောက် ယူလာပေးလိုက်သည်။

ပူပူနွေးနွေး ပေါက်စီများက ကြီးကာ ဖြူဆွတ်နေ၏။ ပါးလွှာသည့်အပေါ်ယံအခွံကိုဖောက်ကာ အထဲက အစာများကို ခပ်ပါးပါးလေး မြင်နေရသည်။ အလွန်လတ်ဆတ်ပြီး အရောင်အသွးစုံလှသည်။

ဟင်းခတ်ငါးမျိုးပဲပြားဟင်းတစ်ပွဲ၊ မြေပဲချဥ်ဟင်းတစ်ပွဲ၊ ဆားဘဲဥဆီဆန်း၊ ဝက်နားရွက်ဟင်းနှင့် အနံ့မွှေးလွန်းသည့် ဝက်ကင်ဟင်းတစ်ပွဲ။

သည်ဟင်းပွဲများသည် ကျန်းယွင်ကျူးတို့လို နေ့တိုင်း အေးစက်စက်မုန့်ခြောက်နှင့် ရေအေးသာ စားသောက်ရသူများအဖို့ မည်မျှဆွဲဆောင်မှုရှိနေကြောင်း စဥ်းစားကြည့်နိုင်သည်။

အဖေကြီးရွှီကပင် ဝက်ကင်ဟင်းနောက်ဆုံးစားခဲ့သည့်အချိန်ကို မမှတ်မိနိုင်တော့ပေ။

ကျန်းဝူနှင့် ကျန်ကလေးများက ဖြူဖွေးကာ အဆီများပြည့်နေသည့် ပေါက်စီကို ငေးကြည့်နေကြပြီး တစ်လုပ်ထဲ မျိုချလိုက်ချင်စိတ်များ ဖြစ်နေတော့သည်။

ကံအားလျော်စွာ အမျိုးသမီးချန်နှင့် ကျန်းချိန်တို့က သူတို့ကို ယဥ်ကျေးတတ်ရန် သင်ထားပေးခဲ့သည်။ သူတို့အားလုံးက စောင့်စည်းနေပြီး အစားအစာများကို မထိရဲချေ။

“ ထိန်းမနေကြနဲ့၊ စားကြ၊ ဒါကို မင်းတို့ရဲ့ရေ သုံးခွင့်ပေးတဲ့အတွက် ငါက မင်းတို့ကို လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်၊ ဒါနဲ့ ငါ မင်းရဲ့ပစ္စည်းတွေကို ရှုပ်ပွအောင် လုပ်ခဲ့မိပြီ”

ယန်ရှန့်က လှည့်လိုက်ကာ ဆိုင်ရှင်းအား တန်းပြောလိုက်လေသည်။

“နောက်ထပ် ပေါက်စီနည်းနည်း ထပ်ပေးပါ”

သည်ပေါက်စီပေါင်းများက ကျန်းယွင်ကျူးတို့အဖွဲ့အတွက် မလောက်မှန်း သတိထားမိသွားသည်။

ဆိုင်ရှင်က နောက်ထပ်ပေါက်စီ ၄-၅ပေါင်းကို ယူလာပေးသဖြင့် စားပွဲပေါ်တွင် ပြည့်သွားတော့သည်။ အခုတော့ လူတိုင်းနီးပါးက သူတို့ရှေ့တွင် အစာသွပ်ပေါက်စီတစ်ပေါင်းစီ ရှိသွားကြလေသည်။

ထူးခြားလှသည့် ဂျုံနံ့မွှေးမွှေးလေးက အားလုံး၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ယန်ရှန့်က လက်ယမ်းပြလိုက်၏။

အဖေကြီးရွှီတို့အဖွဲ့သည် စိတ်မဆုံးဖြတ်နိုင်ဘဲ ကျန်းယွင်ကျူးကို လှည့်ကြည့်လိုက်ကြတော့သည်။ ကရားအိုးသည် သူမ၏ပစ္စည်းဖြစ်သလို ရေကလည်း သူမပစ္စည်းပင်။

ကျန်းယွင်ကျူးက ယန်ရှန့်နှင့် အဆင်ပြေအောင် နေလိုက်သည်က ပိုကောင်းသည်ဟု ခံစားမိလိုက်၏။ သူမက သူ့ကို ပြောလိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ်ရှင်”

ထို့နောက် သူမက အဖေကြီးရွှီနှင့် တခြားသူများကို လေသံအေးအေးလေးဖြင့် ပြောလိုက်လေသည်။

“ ဒါက တစ်ဖက်လူရဲ့ စေတနာလေ၊ စားကြရအောင်ပါ”

ပြောပြီးသည်နှင့် သူမက ပေါက်စီတစ်လုံးကို ယူလိုက်ပြီး ကျန်းဝူ၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။

ကျန်းဝူက သူမကို ကြည့်လိုက်၏။ သူမက သဘောတူကြောင်း အကြည့်ကို လက်ခံလိုက်ရသဖြင့် သူက ပေါက်စီကို ကိုက်စားလိုက်တော့သည်။

အရသာရှိလှသည့် အသားရည်က ပါးစပ်ထဲတွင် ချက်ချင်း စီးဝင်သွားတော့သည်။ သူက လောကကြီးတွင် အရသာအရှိဆုံးပေါက်စီဟု ထင်သွားတော့သည်။

ထိုသို့ တွေ့လိုက်ရသဖြင့် တခြားသူများကလည်း တစ်ယောက်ပြီး တစ်ယောက် ယူစားလိုက်ကြသည်မှာ လေက တိမ်များကို အဝေးသို့ လွှင့်သွားအောင် တိုက်ခတ်သွားသည့်နှယ်။

ယန်ရှန့်က ထိုင်ခုံတစ်လုံးကို ရွှေ့လိုက်ပြီး ကျန်းယွင်ကျူး၏စားပွဲဘေးတွင် ထိုင်ချလိုက်လေသည်။ သူတို့ စားပြီးခါနီးသည်နှင့် သူက မေးလိုက်၏။

“ ဘယ်သွားကြမလို့လဲ”

သူတို့သည် ဗိုက်ပြည့်နေအောင် စားသောက်လိုက်ကြသည်။ ထိုအခြင်းအရာထက် ယန်ရှန့်က လူဆိုးတစ်ယောက်ပုံ မပေါ်ပေ။ အဖေကြီးရွှီနှင့် တခြားသူများက သူ့ကို သိပ်မကြောက်ကြတော့ဘဲ သူနှင့် စကားစမြည် ပြောကြတော့သည်။

ခဏကြာပြီးနောက် သူတို့က သူတို့၏ပုံစံအစစ်အမှန်ကို ပြောပြလိုက်ပြီး ဒေသတွင်း အစိုးရကို သဘောမကျကြောင်းပင် အများအပြား ထုတ်ပြောလိုက်ကြသေးသည်။

ကျန်းယွင်ကျူးက အကြိမ်ကြိမ် စကားဖြတ်ပြောရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ တကယ်တော့ ဒီယန်ရှန့်က အရမ်းတော်တာလေ။ မက်လုံးပေးဆွဲဆောင်ပြီး ဝန်ခံလာအောင် ဆွဲထုတ်တတ်တဲ့ သူ့နည်းတွေက ထိပ်တန်းအဆင့်ပဲ။ ရိုးသားတဲ့ အဖေကြီးရွှီလိုလူတွေက သူ့ကြားဖြတ်စစ်ဆေးရေးကို ဘယ်လိုခုခံနိုင်မှာတဲ့လဲ။

ကျန်းယွင်ကျူးက ထိုင်ခုံပေါ်တွင် ရို့ရို့လေး ထိုင်နေလိုက်သည်။ အခုတော့ သူတို့သည် သာမန်ပြည်သူများ ဖြစ်သဖြင့် မျက်နှာချင်းဆိုင်မှလူများက သူတို့ကို လွှတ်ပေးလိုက်ဖို့သာ ဆုတောင်းနေရတော့သည်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset