အခန်း ၁၉၉
ချန်ချန်ကရော ခရီးသွားမှာလား။
ယွင်ချဲ့သည် ယွင်ချန်းကို ပထမဆုံးအကြိမ် အပြင်ခေါ်သွားတာ မဟုတ်ပေ။ ဝေ့စစ်တပ်၏ ရိက္ခာများကို ကြားဖြတ်လုချိန်တွင် ခရီးစဉ်နှစ်ခေါက်၌ ယွင်ချန်းနှင့်အတူ သူ သွားခဲ့သည်။ သို့သော် ယင်းတို့က ခရီးတိုများသာ ဖြစ်ပြီး တစ်နေ့တည်း ပြန်လာကြတာပဲ ဖြစ်သည်။ ယခုအခေါက်တွင် ကမ်းရိုးတမ်းဧရိယာသို့ သွားမည်ဖြစ်သည်။ ဆိုရလျှင် ယွင်ချန်းက ဖုတ်ကောင်တစ်ကောင်ပဲ ဖြစ်၏။ သူလမ်း၌ စိတ်ဖောက်သွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ သူတို့ ပူးပေါင်းတိုက်ခိုက်လျှင်ပင် ယွင်ချန်း၏ လက်ရှိအဆင့်နှင့် မယှဉ်နိုင်ပေ။ သူ့ကို ပြန်ရှာရ ခက်ခဲပေလိမ့်မည်။ သူသည် မဟုတ်သာ သူတို့သာ သူ့ကို ပျောက်သွားခဲ့ပါက သာမန်လူတစ်ယောက်အဖြစ် ပြန်ခေါ်လာနိုင်ဖို့က ခက်ခဲပေလိမ့်မည်။
“ချန်း သွားလို့ မရဘူး”
သူ နောက်နေတာ မဟုတ်ကြောင်း အတည်ပြုပြီးနောက် လန်ယဲ့ဟန်၏ မျက်နှာက တည်တင်းလာလျက် ယွင်ချဲ့ကို ခိုင်မာစွာ ကြည့်လိုက်သည်။
“ဒီတစ်ခေါက် သွားမဲ့နေရာက ဝေးလွန်းနေတယ်။ မေ့လိုက်နိုင်မလား..”
ယွင်ယောင်သည် လန်ယဲ့ဟန်ကဲ့သို့ မာမာထန်ထန် ပြောမည့်အစား ယွင်ချဲ့နှင့် ဆွေးနွေးရန် ကြိုးစားနေ၏။ ချန်းသည် နောက်ဆုံးတော့ အနည်းငယ် ပုံမှန်ဖြစ်လာပြီး သာမန်လူတစ်ယောက်ကဲ့သို့ တဖြည်းဖြည်းချင်း ဖြစ်လာ၏။ သူ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့လျှင် သူ့ကို ဆုံးရှုံးရမည့် နာကျင်မှုကို မည်သူမျှ မခံစားနိုင်ပေ။
“ဘာတွေ စိုးရိမ်နေကြတာလဲ။ ချန်းက မင်းတို့အားလုံးကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူနိုင်တယ်လို့ ပြောရင် ငါ့ကို ယုံကြမှာလား”
ယွင်ချဲ့က နောက်ပြောင်မှုတစ်ဝက်ဖြင့် ပြောလိုက်၏။ သူသည် ထိပ်ဦးအဖွဲ့မှ လူများကို ကြည့်လိုက်၏။ ပင်လယ်ကမ်းခြေ အခြေစိုက်စခန်းသို့ သွားရန် ချန်းကို ခေါ်သွားမည့် ဆုံးဖြတ်ချက်က ယနေ့တွင်သာမဟုတ် သူတို့က ကြုံတွေ့ရနိုင်သည့် ပြဿနာများကို မှန်းဆနိုင်သည်ဖြစ်စေ မမှန်းဆနိုင်သည်ဖြစ်စေ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရုံသာ ရှိ၏။ သူ့ကို အိမ်တွင်သာ ထားခြင်းက အပြင်လောကနှင့် မတွေ့အောင် ပိတ်ဆို့ခြင်း ဖြစ်ပြီး ယင်းက သူတို့အတွက်လည်း မကောင်းသလို သူ့အတွက်လည်း မကောင်းပေ။
“အလေးထား..”
လန်ယဲ့ဟန်၏ ဦးဆောင်မှုဖြင့် ထိပ်ဦးအဖွဲ့မှ လူများသည် သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်၏။ သူ ပြောနေတာကို တွေးနေသလား သို့မဟုတ် တိတ်ဆိတ်နေသည်လားမသိ။ သူတို့ကဲ့သို့ စိတ်မရှည်သည့် ယွင်ယောင်က သူ့ကို စိုးရိမ်ပူပန်စွာ ဆွဲဆိတ်လိုက်သည်။ ယွင်ချဲ့က ချဲ့ကား အော်လိုက်ပြီး သူ့လက်ကို ပွတ်သပ်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
“အစ်မ ဘာကို စိတ်ပူနေလဲဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ချန်းကို တစ်ချိန်လုံး အပြင်လျှောက်ခိုင်းမှာ မဟုတ်ဘူး။ သူက ကျွန်တော့်စွမ်းအားနယ်မြေထဲ ဝင်နိုင်တယ်ဆိုတာ မမေ့လိုက်နဲ့.. သူက ကျွန်တော့်ရဲ့ညီလေးလည်း ဟုတ်တယ်။ ကျွန်တော်က မစိုးရိမ်ဘူးတဲ့လား။ ဒါပေမဲ့ ကျွန်တော်တို့တွေ သူ့ကို တစ်ချိန်လုံး အိမ်ထဲမှာ ထားလို့ မရဘူးလေ။ ကျွန်တော်တို့ သူ့ကို အပြင်ခေါ်သွားချိန်တိုင်း သူ ဘယ်လောက် ပျော်နေလဲဆိုတာ စဉ်းစားကြည့်.. အရွယ်ရောက်ပြီးတဲ့သူ တစ်ယောက်အနေနဲ့ အပြင်ထွက်လိုစိတ်က ကျွန်တော်တို့ တွေးနိုင်တာထက် ပိုကြီးမားတာပဲ။ ချန်းရဲ့ဉာဏ်ရည်က တိုးတက်နေပြီ အခုဆို ဆယ်နှစ်အရွယ်နဲ့ ညီမျှနေပြီဆိုတာ အစ်မတို့လည်း သဘောပေါက်ရမှာ သူက ရှေ့ဆက် တိုးတက်လာပြီး ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်လို ပြုမူလာခဲ့မယ်ဆိုရင် ဘယ်သူ သိမှာလဲ။ ကျွန်တော်တို့ တွေးနေတာတွေက သူ့အတွက် အကောင်းဆုံး မဟုတ်လောက်ဘူးလေ”
ယွင်ချန်း၏ အခြေအနေသည် အဆင့်တိုင်းက သူတို့မသိရသည့် အခြေအနေ ဖြစ်နေ၏။ သူတို့ကက ၎င်းကို နားလည်ရန် အမြဲတစေ ကြိုးစားနေရသည်။ ယွင်ချဲ့ကိုယ်တိုင်ကတောင် ယွင်ချန်းကို ပင်လယ်ကမ်းခြေအခြေစိုက်စခန်းသို့ ခေါ်သွားခြင်းက မှန်ကန်ရဲ့လားဆိုတာ မသိပေ။ သို့သော် ခရီးထွက်ပြီးမှသာ အဖြေတစ်ခု ရမည်မှန်း သိနေ၏။ မဟုတ်လျှင် သူတို့ ဘယ်တော့မှ သိမှာ မဟုတ်ပေ။
“ဒါက..”
ယွင်ယောင်က တွေဝေနေသည်။ သူမ၏မောင်လေးကိစ္စနှင့် ပက်သတ်သည့် အချိန်တိုင်းတွင် သူမက အမြဲတမ်း ဒွိဟဖြစ်နေပြီး ဆန့်ကျင်သင့်လား သဘောတူသင့်လားဆိုတာ မသိပေ။
“ချန်းက မင်းရဲ့စွမ်းအားနယ်မြေထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တယ်ဆိုတာ သေချာရဲ့လား”
လန်ယဲ့ဟန်သည် ယွင်ချဲ့ကို အချိန်အတော်ကြာ ကြည့်ပြီးနောက် လေးနက်စွာ ပြောလိုက်၏။ ယွင်ချန်းသည် အားလုံးရှေ့၌ ချန်ချန်ကို ပို့ခဲ့ကြောင်း သူ သိထားပြီးသား ဖြစ်သည်။ အမှန်တကယ်တွင် ရက်အနည်းငယ်လောက် ဝေးနေရသည့် အချိန်တိုင်း၌ သူ စိတ်မအေး လက်မအေး ဖြစ်နေသည်။ ချန်းကသာ စွမ်းအားနယ်မြေထဲ လွတ်လွတ်လပ်လပ် အမှန်တကယ် သွားလာနိုင်မည် ဆိုပါက သူသည်လည်း သူနှင့်အတူ လိုက်သွားနိုင်၏။ ဘာမှထပ်ပြီး စိုးရိမ်ပူပန်ရန် မလိုတော့ပေ။
“စမ်းကြည့်ကြည့်မလား”
ယွင်ချဲ့က မျက်ခုံးပင့်လျက် သူ့ကို ကြောင်အစွာ ကြည့်နေသော ယွင်ချန်းကို လက်ဝေ့ယမ်းပြလိုက်သည်။ တစ်ဖက်လူက ချက်ချင်းပင် လန်ယဲ့ဟန်ကို ထားခဲ့ပြီးနောက် သူ့အစ်ကိုနား ထိုင်လိုက်လေ၏။
“အစ်ကို..”
ယင်းက မသင့်တော်သော်ငြား လူတိုင်းက လန်ယဲ့ဟန်အတွက် စိတ်မကောင်း ဖြစ်နေသေးသည်။ သူ့ချစ်သူအတွက် အရေးအကြီးဆုံးလူက သူ့အစ်ကို ဖြစ်ပြီး သူမဟုတ်တာက ဝမ်းနည်းစရာ ခံစားချက်ဖြစ်ရမည်။
သို့သော် ဂရုဏာသက်မှုက မလိုအပ်ချေ။ လန်ယဲ့ဟန်သည် ထိုကိစ္စကို ဘာမှမတတ်နိုင်သောကြောင့် အသားကျနေတာ ကြာပြီဖြစ်၏။ သတိပြန်လည်လာပြီးနောက် ယွင်ချဲ့သည် ယွင်ချန်း ပထမဆုံး တွေ့သည့်သူ ဖြစ်ပြီး ယွင်ချန်းက ယွင်ချဲ့ကြောင့်သာ မဟုတ်လျှင် အနားတွင် မရှိနိုင်လောက်တော့ပေ။ ထိုသို့ဖြစ်ခဲ့လျှင် သူက ယွင်ချန်းကို စကားပြောရန် အခွင့်အရေးတောင် ရမှာမဟုတ်။ သူ့အတွက် အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်ဖို့ ယွင်ချဲ့နှင့် ယှဉ်ပြိုင်ဖို့က ဝေလာဝေးပင်။
“ချန်း.. ဒီတစ်ခေါက် ငါတို့တွေ အဝေးကြီးကို သွားအုံးမှာ.. မင်း ငါတို့နဲ့ သွားချင်လား..”
ယွင်ချဲ့က ဆိုဖာပေါ်တွင် တင်ပျဉ်ခွေချိတ် ထိုင်လျက် ယွင်ချန်းကို ကြည့်နေလိုက်သည်။ သူ့နောက်ရှိ ရှင်းဖုန်းက ခေါင်းခါပြီး ဖုန်းထုတ်ကာ ကူးမင်ရွှမ်း ပို့ထားသည့် စာကို ဖတ်ကြည့်လိုက်၏။ စာဖတ်ပြီးနောက် သူ၏မျက်နှာက သုန်မှုန်သွားသည်။ ချဲ့ပြောတာ မှန်ပေ၏။ အခြေစိုက်စခန်းအားလုံးက စားနပ်ရိက္ခာများ လှူဒါန်းရန် ငြင်းဆန်နေကြပြီး ကပ်ဘေးကို ဆင်ခြေအနေဖြင့် အသုံးပြုနေ၏။ လက်ရှိတွင် အနောက်တောင်အရပ်ရှိ အခြေစိုက်စခန်း နှစ်ခုသုံးခု ကသာလျှင် မတုံ့ပြန်သေးတာ ဖြစ်ပြီး မြို့တော်ရှိ အခြေစိုက်စခန်းအားလုံးက တုံ့ပြန်ပြီးဖြစ်သည်။
“အင်း ငါလည်း သွားချင်တယ် အစ်ကို.. မင်းသွားတဲ့နေရာတိုင်း ခေါ်သွားမယ်လို့ ပြောထားတာ.. မင်းစကားကို ရုပ်သိမ်းလို့ မရဘူး”
ယွင်ချဲ့ပြောတာကို ကြားပြီးနောက် ယွင်ချန်းသည် သူ့လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ နောက်ဆုံးအခေါက်က ယွင်ချဲ့တို့ ရက်ပေါင်းများစွာ အပြင်ထွက်သွားချိန်ကို သူ မှတ်မိနေသေးသည်။ သူတို့ ပြန်လာမှာကို အိမ်မှာ သူတစ်ယောက်တည်း အကြာကြီး မစောင့်ချင်ပေ။ လူတိုင်းက သူ အစွမ်းထက်မှန်း သိနေသောကြောင့် သူသည်လည်း သူ၏အစ်ကိုကို ကူညီချင်သည်။
“မင်းကို အခု မေးနေတာ မဟုတ်ဘူး.. ဒါပေမဲ့ ချန်း အပြင်ထွက်တာက ခက်ခဲကြမ်းတမ်းပြီး အိမ်မှာနေတာနဲ့ မယှဉ်နိုင်ဘူးနော်။ မင်းငါတို့နဲ့ သွားမယ်ဆိုရင် ညစ်ပေတာ ဒါမှမဟုတ် ရေချိုးချင်တာ အဝတ်အစားလဲချင်တာတွေ စောဒဂတက်လို့ မရဘူး.. လိုအပ်လာရင် စွမ်းအားနယ်မြေထဲလည်း သွားရမယ် လုပ်နိုင်လား”
“ဟမ်”
သူ့ကို အသန့်ကြိုက်လွန်းသူအဖြစ် မနေရန် ပြောခြင်းကပင် တောင်းဆိုမှုများလွန်းနေတာ သိသာ၏။ ယွင်ချန်းသည် တစ်ချက် အော်သံ ထွက်လာပြီးနောက် လန်ယဲ့ဟန်နှင့် သူ၏အစ်မကို လှည့်ကြည့်ကာ ခဏအကြာတွင် သနားစဖွယ် ပြောလိုက်လေ၏။
“ငါ တကယ် တကယ် ညစ်ပတ်သွားရင်ရော.. ငါ ရေချိုးပြီး အဝတ်အစား လဲလို့ မရသေးဘူးလား”
ထိုသို့သာ ဆိုလျှင် သူ လိုက်နိုင်မှာ မဟုတ်ပေ။ သူ၏အဝတ်အစားများက အစက်အပြောက် မရှိ၊ ထို့အပြင် ယွင်ယောင်က သူ့အခန်းကို သူ သန့်ရှင်းရန် သင်ပေးထားပြီး နေ့စဉ်နေ့တိုင်း အိပ်ရာခင်းများ လဲ၏။ ဝမ်စုဟွာနှင့်အဖွဲ့ကလည်း မှော်ဆန်သည့် အလုပ်များကို ပြုလုပ်နိုင်သည့် ယွင်ချန်း ရှိနေတာ ကံကောင်းသည်ဟု မကြာခဏ ပြောတတ်၏။ သူ လိုအပ်သမျှ ပစ္စည်းများ အားလုံး ရှိသည်။ မဟုတ်လျှင် သူ၏ဘဝပုံစံကို သူတို့က သူ့ကို ထိန်းထားခွင့် ပေးနိုင်မှာ မဟုတ်။ သူ ညစ်ပတ်သွားချိန်၌ အဝတ်အစားလဲခွင့်မပေးခြင်းက သူ့ကို သတ်နေခြင်းသာ ဖြစ်သည်။
“အင်း..”
သူ အလွန်စိတ်ပူပန်နေမှန်း သိသောအခါ ယွင်ချဲ့က သူ့မေးစေ့ကို တမင်တကာ ထိလျက် အချိန်ဆွဲနေသည်။ ယင်းကို မြင်သောအခါ လန်ယဲ့ဟန်က ထိုင်ပြီး သူ့ကို ပွေ့ဖက်လိုက်၏။
“မင်းရဲ့အစ်ကိုက မင်းကို စနေရုံပဲ။ ငါတို့အဖွဲ့ထဲမှာ မုန့်ကန် ရှိတာပဲ မင်း ရေချိုးချင်တယ် ဆိုရင် သူ့ကို ရေတောင်းလိုက်လေ”
သူက နှစ်သိမ့်လိုက်သည်။
သူသာ အလိုရှိမည် ဆိုလျှင် ဖုတ်ကောင်များ ကြားထဲ၌တောင် သူက ရေချိုးကန်ကို ထားပြီး ရေချိုးအောင် လုပ်ပေးနိုင်သည်။ ပြီးနောက် ဖုတ်ကောင်များက သူ့အတွက် အခမဲ့သက်တော်စောင့် ဖြစ်ပေးနိုင်သည်။
ယင်းကို ယွင်ချန်းမှအပ မည်သူမျှ မလုပ်နိုင်ပေ။ လန်ယဲ့ဟန်သည် ယင်းကို ကျယ်လောင်စွာ မပြောသော်ငြား သူ၏မျက်လုံးများက ပြုံးနေ၏။ အမှန်တကယ်တော့ အစိုးရိမ်လွန်နေတာ ဖြစ်လောက်သည်။ ယွင်ချဲ့ပြောသည့်အတိုင်း ချန်းက သူတို့အားလုံးထက် ပိုအစွမ်းထက်သည်။ ထို့ကြောင့် ဘာမှမမှားလောက်ပေ။
“ဟုတ်လား အစ်ကို”
ယွင်ချန်းက လိမ်လိမ်မာမာ ခေါင်းညိတ်ပြီးနောက် သနားစဖွယ် အကြည့်ဖြင့် သူ၏အစ်ကိုကို ကြည့်လိုက်ပြီး သူ၏ခွင့်ပြုချက်ကို လိုအပ်နေသေးဆဲ ဖြစ်သည်။
“ဟား ဟား ငါ မင်းကို စနေရုံပဲ.. မင်းကိုယ်ပေါ် သွေးတစ်ပေါက်စွန်းသွားရုံနဲ့ အဝတ်အစားလဲချင်တယ် ဆိုပြီး မပြောဖို့ မျှော်လင့်တာပဲ။ ဒါပေမဲ့ တကယ် ညစ်ပတ်သွားရင်တော့ မင်း ဆေးကြောလို့ ရတာပေါ့”
သူသည် အမှန်တကယ်တော့ ယွင်ချန်းကို ထိုအကြောင်းပြောဖို့ မစီစဉ်ထားပေ။ သို့သော် ရုတ်တရက် တွေးမိလိုက်ပြီး သူ ယခင်နှစ်ခေါက်က တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံက အနည်းငယ် လွှမ်းမိုးနေသေးသည်။ ထို့ကြောင့် ဤအခွင့်အရေးကို ယူပြီဲး သူ အသန့်ကြိုက်တာ စွဲလမ်းလွန်းမှုကို လျော့နည်းအောင် လုပ်နိုင်လျှင် ကောင်းမည်ဟု တွေးလိုက်သည်။
“ကောင်းပြီ ကျေးဇူးပါ အစ်ကို ငါ သွားချင်တယ်”
ထိုစကားကို ကြားပြီးနောက် ယွင်ချန်းသည် ချက်ချင်းပင် တောက်ပစွာ ပြုံးလိုက်တော့၏။
“ဒါဆို အခု စွမ်းအားနယ်မြေထဲ ဝင်ဖို့ ကြိုးစားကြည့်မလား”
ထိုအကြောင်းကို သူ မေ့သွားတာ သိသာနေသောအခါ ယွင်ချဲ့က မျက်ခုံးပင့်လျက် ပြောလိုက်သည်။ ယွင်ချန်းက ထပ်ပြီးတွေဝေမနေတော့ဘဲ လိမ်လိမ်မာမာဖြင့် မတ်မတ်ထိုင်လိုက်သည်။ ယွင်ချဲ့က ခေါင်းခါလျက် လက်ဝေ့ယမ်းလိုက်ပြီးနောက် ယွင်ချန်းသည် သူတို့အမြင်အာရုံရှေ့မှ ပျောက်ကွယ်သွားသည်။ ယွင်ချဲ့သည် ယခုအခေါက်တွင် မနက်တုန်းက စွမ်းအားနယ်မြေထဲသို့ ချန်းချန်းကို ပို့သည့်အချိန်နှင့် ယှဉ်လျှင် ယခုအခေါက် အနည်းငယ် မသက်မသာ ဖြစ်သလို ခံစားနေရသော်ငြား သူ မပြခဲ့ပေ။ ထိုသို့ အကြိမ်ရေအနည်းငယ် ပြုလုပ်ပြီးနောက် မသက်မသာ ဖြစ်မှုက ပျောက်ကွယ်သွားလိမ့်မည်ဟု တွေးထင်နေသည်။ ဆိုရလျှင် ယွင်ချန်းက ယခု သူ ပထမဆုံး ထွက်လာစဉ်ကနှင့် ကွဲပြားခြားနားသွားပြီဖြစ်သည်။
“ကျစ်.. မင်း ဘာကြောင့် ဒီရောက်နေတာလဲ ချမ်း..”
“ဟွေးယွီ.. ချန်ချန်”
စွမ်းအားနယ်မြေထဲတွင် ချန်း၏ တည်ရှိမှုကို အာရုံခံမိပြီးနောက် ဟေးယွီသည် ချန်ချန်ကို နောက်ကျောပေါ် တင်ပြီး ချက်ချင်း ရောက်လာ၏။ သူတို့ကို မြင်ပြီး အရပ်မျက်နှာ ရှာနေသေးသော ယွင်ချန်းက သူတို့ဆီ ပျော်ရွှင်စွာ လျှောက်လာ၏။ ချန်ချန်ကလည်း သူတို့ဆီ ပြေးလာသည်။
“ဦးဦးချန်း..”
ယွင်ချန်းက သူ့ကို ဖက်ထားလျက် နှစ်ယောက်သားက ပျော်ရွှင်စွာ လှည့်ပတ်နေကြသည်။
“အထဲကို ဘာကြောင့် ဝင်လာတာလဲ ချန်း.. အပြင်မှာ တစ်ခုခု ဖြစ်လို့လား”
ဟေးယွီသည် အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့တာကို အာရုံခံမိချင်ယောင်ဆောင်ပြီး မေးလိုက်၏။ သို့သော် ယွင်ချန်းက ရပ်တန့်လိုက်ကာ အသေးစိတ် ပြောပြတော့သည်။
“အစ်ကိုက မင်းအတွက် စက်ပစ္စည်းယူပေးဖို့ ကမ်းရိုးတမ်းဒေသကို သွားမယ်လို့ ပြောတယ်။ သူက ငါ့ကို ခေါ်သွားချင်နေတာ။ ဒါကြောင့် စွမ်းအားနယ်မြေထဲ ဝင်ခိုင်း ကြည့်ချင်နေတယ်”
“သခင်က ဘယ်အချိန်ကစပြီး တခြားသူတွေကို ဒီလောက် ကောင်းကောင်း ဆက်ဆံသွားတာလဲ ငါ အပြင်ထွက်ပြီး သူ့ကို အာဘွားပေးအုံးမှ.. တကယ်အံ့ဩဖို့ ကောင်းတာပဲ”
ထိုစကားကို ကြားသောအခါ ဟေးယွီက စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေခဲ့၏။ သူသည် စွမ်းအင်ချောင်းထုတ်လုပ်ရေး ကိရိယာများကို မျက်စိကျနေတာ ကြာပြီဖြစ်သည်။ သူ ရက်အနည်းငယ်သာ အပြင်မထွက်ရသေးသော်ငြား သူ၏သခင်က သူ့အတွက် ယူပေးရန် ဆုံးဖြတ်လိုက်၏။ သူ၏သခင်က သူ့ကို အချစ်ဆုံးဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
“ဘယ်သွားနေတာလဲ ဦးဦးချန်း.. သားလည်း သွားမယ်လေ”
ချန်ချန်က ထိုစကားကို ပြောသည့်အချိန်တွင် ယွင်ချဲ့က သူတို့အားလုံးကို ခေါ်ထုတ်လိုက်ပြီဖြစ်၏။ ယွင်ယောင်သည် သူ ပြောတာ ကြားသည်နှင့် ဒေါသတကြီး ပြောလိုက်သည်။
“သားရဲ့ဦးဦးချန်း သွားမှာကိုတောင် အမေ စိုးရိမ်ပူပန်နေရပြီးပြီ သား ဘယ်ကိုမှ သွားလို့မရဘူး”
“မား..”
သူ၏မေမေသည် သူ့ကို မာမာထန်ထန် စကားမပြောတာ ကြာခဲ့ပြီဖြစ်သည်။ ချန်ချန်က ယွင်ချန်း၏ လည်ပင်းကို တွဲခိုထားလျက် စူပုတ်သွားတော့၏။ သူက သူ၏ဦးလေးများနှင့် အတူရှိချင်ရုံသာ ဖြစ်သည်။
“အစ်မ ချန်ချန်ကို သွားခိုင်းလိုက် ကျွန်တော် သူ့ကို ကာကွယ်နိုင်တယ်”
ချန်ချန်က ယွင်ချန်း၏ တူလည်းဖြစ် မိတ်ဆွေလည်း ဖြစ်သည်။ သူ၏ သုန်မှုန်သော မျက်နှာကို မြင်ပြီး ယွင်ချန်းက သူ့ရင်ဘတ်ကို အမြန်ပုတ်လျက် သူ၏အစ်မကို အာမခံလိုက်သည်။ ယင်းကို အလွန်အလေးထားနေ၏။
“ချန်း မောင်လေးကို အစ်မ မယုံတာ မဟုတ်ဘူး။ ဒါပေမဲ့..”
“အစ်မ ချန်ချန်ကို ကျွန်တော်တို့နဲ့ သွားခွင့် ပေးလိုက်ပါ”
ယွင်ယောင်ကဲ့သို့ပင် ယွင်ချဲ့က သူ၏ညီလေးကို အင်မတန် ကာကွယ်တတ်၏။ သူက ဦးလေးကောင်း တစ်ယောက်လည်း ဖြစ်သည်။ သူ၏တူလေးက စူပုတ်နေပြီး သူ့ညီလေး အာမခံနေတာကို မြင်သောအခါ သူက သူတို့ကို သွားခွင့်ပေးရုံသာ တတ်နိုင်သည်။
“မင်း ဘာကြောင့် ဒီလောက်ပြဿနာ ရှာရတာလဲ”
ယွင်ယောင်က သူ့ကို လှည့်ကြည့်ပြီး မျက်စောင်းထိုးလိုက်၏။ ချန်းကို ခရီးရှည် ခေါ်သွားမည့်အကြောင်း သူသာ ရုတ်တရက် မပြောခဲ့လျှင် ထိုသို့ဖြစ်လာမှာမဟုတ်။ ယခု သူသည် ချန်ချန်ကိုတောင် ခေါ်သွားချင်နေ၏။ သူမကို တမင်တကာ ဒုက္ခပေးနေသလော။
“မဟုတ်ပါဘူး စဉ်းစားကြည့်လေ.. အစ်မ ချန်းက ဒီခရီးစဉ် အများစုမှာ စွမ်းအားနယ်မြေထဲ နေရလောက်တယ်။ ဒါပေမဲ့ ဟေးယွီက ကျွန်တော့်ကို ကူညီပေးရမှာ သူနဲ့တစ်ချိန်လုံး မရှိနိုင်ဘူး။ သူ တစ်ယောက်တည်း ပျင်းနေမယ်လို့ မထင်ဘူးလား။ ချန်ချန်ပါ သူနဲ့အတူ စွမ်းအားနယ်မြေထဲ ပါလာရင် ပြီးပြည့်စုံသွားပြီ မဟုတ်လား”
ယွင်ချဲ့သည် တစ်စုံတစ်ယောက်ကို မဖျောင်းဖျနိုင်လျှင် မည်သူမျှ ဖျောင်းဖျနိုင်မှာမဟုတ်။ အထူးသဖြင့် ယွင်ယောင်နှင့် ပက်သတ်လာလျှင် ဖြစ်သည်။ သူက သူမ၏အားနည်းချက်ကို ပစ်မှတ်ထားလိုက်ပြီး သူမကို လှည့်ပတ်ပြောနေ၏။
“ဒါ အလုပ်ဖြစ်မှာလား။ ချန်ချန်က အီနေပြီး ထွက်လာချင်တယ် ဆိုရင်ရော.. သူ ငယ်သေးတာပဲ။ သူ့စွမ်းအားက အဆင့်နှစ်မှာပဲ ရှိသေးတာ။ မင်းတို့ကို ဒုက္ခပေးရန် ဘယ်လိုလုပ်မလဲ”
ယွင်ယောင်က တွေဝေနေပြီး သူ၏မောင်လေး အထီးကျန်မှာကို စိုးရိမ်နေသော်ငြား သူ့သားက သူတို့ကို ဒုက္ခပေးမှာကိုလည်း စိုးရိမ်မိသည်။ သူမသည် သူမသား၏ ဘေးကင်းလုံခြုံရေးအကြောင်း တစ်ခါမှ မစိုးရိမ်ဖူးသည့်ပမာ ဖြစ်နေ၏။ သူတို့ သွားရမည့်နေရာက မိုင်ထောင်ချီ အကွာတွင် ရှိနေမည် ဆိုလျှင်တောင် သူမသားသည် ယွင်ချဲ့နှင့် ရှိနေချိန်၌ ဘေးအကင်းဆုံးဆိုတာ လူတိုင်းထက် သူမ ပိုသိနေတာ ဖြစ်နိုင်သည်။
“သူက ကျွန်တော်တို့ကို ဘာကြောင့် ဒုက္ခပေးရမှာလဲ။ ကျွန်တော်တို့မှာ ဟေးယွီ၊ လင်းယုန်ဘုရင်နဲ့ ဘုရင်မရှိနေပြီး ဝံပုလွေဘုရင် ရှိနေတာ ကလေးတစ်ယောက်ကိုတောင် သူတို့ မကာကွယ်နိုင်ရင် သူတို့တွေကို ထားပြီး အစာြဖုန်းမနေသင့်ဘူးလေ သူတို့ကို သတ်ပြီး ကောင်းကောင်း စားလိုက်မှာပေါ့”
“လခွမ်း သခင် မင်း ငါ့ကို စားချင်နေတာလား မင်းနဲ့ တိုက်ခိုက်တော့မယ်”
“ကျစ်.. ဘာလား”
ယွင်ချဲ့သည် ခွေးပေါက်လေးအဖြစ် ကျုံ့သွားသည့် ဟေးယွီ ရှိနေကြောင်းကိုလည်း မေ့လျော့သွား၏။ ယွင်ချဲ့ ပြောပြီးနောက် ဟေးယွီသည် အလင်းရောင်ခြည် အသွင်ပြောင်းပြီးနောက် ခုန်အုပ်လိုက်၏။ ယွင်ချဲ့က ကျိန်ဆဲမိကာ ရှင်းဖုန်းနောက် ပုန်းလိုက်၏။ အနက်ရောင်အရိပ် ချဉ်းကပ်လာတာကို မြင်ပြီး ရှင်းဖုန်းက သူ၏နောက်ခြေထောက်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။
“လခွမ်း မင်းကို ကူညီပေးမဲ့ တစ်ယောက်ယောက်တောင် ရှိနေတာပဲ ရှင်းဖုန်း ငါ့ကို လွှတ်.. သတ္တိရှိရင် တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်.. မင်းကို လက်တစ်ဖက်တည်းနဲ့ စုတ်ဖြဲပစ်မယ်.. ငါ့ကို လွှတ်..”
သူ့အရွယ်အစား ထိန်းချုပ် ခံထားရသောကြောင့် ဟေးယွီသည် ခြေထောက်များ ကန်ကျောက်ပြီး အော်ရုံသာ တတ်နိုင်သည်။ သို့သော် ရှင်းဖုန်းက မကြားချင်ယောင်ဆောင်ပြီး သူ့ကို နောက်ခြေကနေ ဆွဲကိုင်လျက် လွှဲယမ်းလိုက်သည်။ အစာမကြေသလို ခံစားလိုက်ရပြီး ဟေးယွီက ဆက်တိုက် ကျိန်ဆဲကာ သူ၏အသံက ခန်းမထဲ၌ ပဲ့တင်သံ ထွက်နေတော့သည်။ ထိပ်ဦးအဖွဲ့မှ လူများသည် အကြည့်လွှဲလျှင်လွှဲ မလွှဲလျှင် ခေါင်းငုံ့နေကြ၏။ သို့သော် သူတို့ပခုံးများကမူ သူတို့ကို သစ္စာဖောက်နေ၏။ ဟေးယွီအဖို့ ထိုကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြစ်တာက ရှားပါးလွန်းလှသည်။