YMR- အခန်း ၁၉၆

အခန်း(၁၉၆)

သေကြေပျက်စီးမှု အရေအတွက် အခြေစိုက်စခန်းက အကူအညီတောင်းခြင်း

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က အိပ်ယာထဲတွင် လှဲရတာ ပျော်နေစဉ် အခြေစိုက်စခန်းက ဗရမ်းဗတာ ထပ်ဖြစ်ပြန်၏။ မနေ့တုန်းက ကြွက်ပြဿနာသည် အခြေစိုက်စခန်းအတွက် ရှုပ်ထွေးမှုကြီးတစ်ခု ဖန်တီးခဲ့ပြီး အေးခဲသော ရာသီဥတုက ကိစ္စရပ်များကို ပိုဆိုးရွားသွားစေသည်။ အပိုင်းစီနှင့်ဒီရှိ စွမ်းအားရှင်များကတောင် အအေးဒဏ်ကို အံ့မတုနိုင်လေရာ အပိုင်းအီးနှင့်အက်ဖ်ဆို ပြောရန်မလိုတော့ပေ။ အခြေအနေ ဆိုးရွားသွားပုံကို ညနေခင်းတွင် သတိပြုမိပြီး မော့ဝမ်ရန်ကိုယ်တိုင် စစ်သားများကို ဂွမ်းစောင်များနှင့် ဂျာကင်များ ဖြန့်ဖြူးပေးရန် စီစဉ်ခဲ့၏။ မော့စစ်တပ်သည် ထိုအတွက် အတော်လေး ပြင်ဆင်ထားသည့်တိုင် သူတို့၏ ရိက္ခာများက မလုံလောက်ပေ။ ကျန်သည့် တပ်ဖွဲ့နှစ်ဖွဲ့ဆို ပြောရန်မလိုတော့ပေ။ အခြေစိုက်စခန်းထဲရှိ လူနှစ်ထောင်ကျော်က ညတွင်းချင်း အေးခဲပြီး သေသွားကာ အရေအတွက်က မြင့်တက်နေသေး၏။ ဝမ်ဝေ့နှင့် ဝေ့ခမ်းတို့သည် သတင်းပို့ချက် ရသည့်အချိန်တွင် နှစ်ယောက်လုံးက ထိတ်လန့်ကာ အအေးဒဏ်ခံသည့် ရိက္ခာများကို ဖြန့်ဖြူးပေးရန် သူတို့၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ အသက်ကယ်ရန်ထက် မည်သည့်အရာကမှ ပိုအရေးမကြီးပေ။

ကမာ္ဘပျက်ကပ်၌ သာမာန်လူများသည် အများစုကို တာဝန်ရှိသူများအဖြစ် သတ်မှတ်ထား၏။ သို့သော်ငြား လူသားများသည် ကမာ္ဘပျက်ကပ် ရောက်သည့်အချိန်၌ သူတို့သည် မျိုးပွားရန်အတွက် သာမာန်လူများကို လိုအပ်သည်။ စွမ်းအားရှင်များက သာမာန်လူများ မျိုးတုံးသွားလျှင် လူသားများ မတည်ရှိနိုင်တော့မှန်း သိနေလေ၏။

ကမာ္ဘပျက်ကပ်၌ အကြီးမားဆုံး ကပ်ဘေးကို ရင်ဆိုင်နေရစဉ် တပ်ဖွဲ့သုံးဖွဲ့နှင့် အစိုးရက ထပ်မံစည်းလုံးသွားပြန်သည်။ သူတို့သည် အသက်ကယ်ရန်အတွက် တပ်ဖွဲ့သုံးဖွဲ့နှင့် ပြည်သူပိုင် သိုလှောင်ရုံကနေ အအေးဒဏ်ခံ ရိက္ခာများကို ဖြန့်ဖြူးပေးခဲ့၏။ ယွင်ချဲ့သည် အပူပေးကိရိယာအချို့ကို စုဆောင်းထားကြောင်း သတင်းကလည်း ပေါ်လာသည်။ ထို့ကြောင့် မနက်ခင်းတိုင်း သူတို့၏ လက်အောက်ငယ်သားများကို စီမံခန့်ခွဲပေးပြီးနောက် ဝေ့ခမ်း၊ ဝမ်ဝေ့၊ ဝမ်ကော့ချန်နှင့် မော့ဝမ်ရန်တို့သည် ယွင်ချဲ့ကို ကိုယ်တိုင်ဖုန်းခေါ်လျှက် အပူပေးကိရိယာများ လှူဒါန်းရန် သူတို့ ဖြောင့်ဖျနိုင်ဖို့ မျှော်လင့်နေကြသည်။

ယွင်ချဲ့သည် ခါတိုင်းလိုပင် သူတို့ထံကနေ ငွေညစ်ရန် အခွင့်အရေး သုံးလိမ့်မည်ဟု သူတို့ထင်ခဲ့၏။ သို့သော် သူကသူတို့ကို အံ့သြသွားစေ၏။

“ပြဿနာမရှိဘူး ခင်ဗျားတို့တွေ နယ်မြေစွမ်းအားရှင် ခေါ်လာလား”

အိပ်ယာထကာစ ယွင်ချဲ့သည် မေးခွန်းရှည်ကြီး နားထောင်ပြီးနောက် တွေဝေမနေဘဲ သူတို့၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်။

“တဆိတ်လောက်”

တပ်ဖွဲ့များနှင့် အစိုးရမှ ကိုယ်စားလှယ်များသည် ထိတ်လန့်သွား၏။ ယွင်ချဲ့ထိုမျှ သဘောထား ကြီးလိမ့်မည်ဟု သူတို့မထင်ထားပေ။ တစ်ဖက်တွင်မူ ရှင်းဖုန်းနှင့် သူ့အဖွဲ့ရှိ လူများကမူ မအံ့သြပေ။ ယွင်ချဲ့က သူတော်စင်မဟုတ်။ သူသည် ကျန်သည့်သူများကို ကရုစိုက်လေ့မရှိသော်ငြား သူ၏ မိသားစုနှင့် မိတ်ဆွေများကို ကရုစိုက်သည်။ သို့သော် သူသည်လည်း လူသားတစ်ယောက်ဖြစ်ပြီး ဖုတ်ကောင်တစ်ကောင် မဟုတ်ပေ။ များပြားလှသည့် သေကြေမှုများကို ကြုံတွေ့ရချိန်၌ သူကူညီရမည်။ ထို့အပြင် ထိုလူများ လိုအပ်သည့်အရာက သူပေးနိုင်သည့်အရာဖြစ်နေသည်။

“ဘာလဲ ကိရိယာတွေ မလိုချင်ဘူးလား။ မလိုချင်ရင်ကျုပ်က”

“လိုတယ် လိုတယ် လိုတာပေါ့”

ယွင်ချဲ့ပြောမပြီးသေးခင် အကူအညီလာတောင်းသည့် လူများက ထပ်တလဲလဲ ခေါင်းညိမ့်လိုက်၏။ ဝမ်ကောချန်က သူ့လက်ကိုကိုင်ရန် ထရပ်လိုက်၏။

“ကျေးဇူးပါ ခေါင်းဆောင်ယွင် အကူအညီအတွက် တကယ် အသိအမှတ်ပြုပါတယ်”

တချိန်လုံး နိုင်ငံရေးလှည့်ကွက်များ ပြုလုပ်ခဲ့ကြသည့် တစ်ကိုယ်ကောင်းဆန်သော အရာရှိများသည် လူများကို ကာကွယ်ရန်က သူတို့၏ တာဝန်ဖြစ်ကြောင်း မှတ်မိနေသေး၏။ အထူးသဖြင့် ကမာ္ဘပျက်ကပ်ကို ကြုံတွေ့ရချိန်၌ဖြစ်သည်။ ဝမ်ကောချန်က အတုအယောင်ခံစားနေသည့် သွင်ပြင်မဟုတ်။ သူ၏ ကျေးဇူးတင်ရှိမှုက စစ်မှန်၏။

“ခင်ဗျားကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါအရပ်သားတွေအတွက် လုပ်ပေးတာ”

ယွင်ချဲ့သည် သူ၏ဆုပ်ကိုင်မှုကနေ ရုန်းထွက်ပြီးနောက် ရှင်းဖုန်းကို တစ်ချက်ကြည့်လိုက်၏။ ရှင်းဖုန်းက ကုမင်ရွှမ်ကို အချက်ပြလိုက်ရာ ထိုလူသည် သူ့အသင်းဖော်များကို ဧည့်ခန်းထဲရှိ ဆိုဖာနှင့် ကုလားထိုင်များ ဖယ်ရှားခိုင်းလိုက်၏။ ယွင်ချဲ့က လျှောက်လာပြီး လက်ဝှေ့ယမ်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဧည့်ခန်းထဲ၌ အပူပေးကိရိယာများ ပြည့်သွားတော့၏။

“ဒီကိရိယာတွေကို ထုတ်ပိုးဖို့ ခင်ဗျားရဲ့ နယ်မြေစွမ်းအားရှင်တွေကို ပြောလိုက်”

သူတို့၏ မှင်သက်နေသော အကြည့်ကို လျစ်လျူရှု့ထားလျှက် ယွင်ချဲ့သည် ရှင်းဖုန်းဆီသို့ ပြန်လျှောက်သွားကာ ထိုင်ချလိုက်သည်။ ဝမ်ကောချန်က ကိရိယာများကိုသယ်ရန် နယ်မြေစွမ်းအားရှင်များကို စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်သည်။ ယွင်ချဲ့၏ သဘောထားကြီးမှုနှင့် ကြုံတွေ့ရစဉ် ဝမ်ဝေ့နှင့် ဝေ့ခမ်းတို့က သူတို့သူ့ကို မည်သို့ကျေးဇူးတင်ရမည်မှန်းမသိ ဖြစ်လောက်အောင် ရှက်ရွံ့နေကြသည်။ မော့ဝမ်ရန်က လျှောက်လာပြီး ပြောလိုက်၏။

“ကျေးဇူးပါ မင်းကိုအကြွေးတင်သွားပြီ။ အခုကစပြီး မင်းငါတို့ဆီက တစ်ခုခုလိုအပ်ရင် လွတ်လွတ်လပ်လပ်သာပြော။ တစ်ခြားလူတွေအတွက် မပြောနိုင်ပေမဲ့ ဒါကိုငါအမြဲတမ်း မှတ်ထားမယ်လို့ ငါကတိပေးတယ်”

ကျန်သည့်သူများသည် သူ့လိုကျေးဇူးမတင်တတ်ဟု သွယ်ဝိုက်၍ ပြောလိုက်ပုံပေါ်၏။ သူတို့သည်လည်း ကျေးဇူးတရား မသိတတ်သည့်လူများ မဟုတ်ကြောင်း သက်သေပြရန် ဝေ့ခမ်း၊ ဝမ်ဝေ့နှင့် ဝမ်ကောရန်တို့ကလည်း ယွင်ချဲ့လိုအပ်ချိန်၌ အကူအညီ ပြန်ပေးမည်ဟု ပြောခဲ့ကြသည်။

“ကောင်းပါပြီ စိတ်ထဲမှတ်ထားမယ်”

သူတို့ယခုအချိန်တွင် စိတ်ရင်းစစ်မှန်နေသော်ငြား ကမာ္ဘပျက်ကပ် ပြီးသွားချိန်၌ သူတို့ ကတိတည်ပါ့မလားဆိုတာ မည်သူက သိမည်နည်း။ ယွင်ချဲ့သည် အချိန်ဖြုန်းမနေချင်ပေ။ သူသည် အစကတည်းက မည်သည့်နည်းနှင့်မဆို ပြန်တောင်းဆိုဖို့ မရည်ရွယ်ထားပေ။ သူက ဝမ်ကောချန်းကို ပြောခဲ့သည့်အတိုင်း အရပ်သားများအတွက် ပြုလုပ်ပေးတာပဲဖြစ်သည်။

တပ်ဖွဲ့သုံးဖွဲ့နှင့် အစိုးရ၏ ကိုယ်စားလှယ်များက အိမ်ထဲတွင် အချိန်ကြာမြင့်စွာ မနေခဲ့ပေ။ သူတို့၌ အလုပ်များစွာ ရှိနေသောကြောင့်ဖြစ်သည်။

သူတို့ထွက်သွားပြီးနောက် ရှင်းဖုန်းသည် ကုမင်ရွှမ်ကို ချောင်ရန်းအစုထဲရှိ အပူလှိုင်းအကြောင်း ပြောခဲ့သည်။ ရှင်းဖုန်းသည် ချောင်ရန်းအစုထဲ ရွှေ့ပြောင်းလာစဉ်၌ လေအေးပေးစက်များ တပ်ဆင်ထားပြီးသားဖြစ်သည်။ သုတေသန ပညာရှင်များက အခြေစိုက်စခန်းသို့ လာချိန်၌ ကုမင်ရွှမ်သည် သူတို့အဆောက်အဦး၌လည်း လေအေးပေးစက်များ တပ်ထားသည်။ ထို့အပြင် သူတို့က ကိုယ်ပိုင်မီးစက်များလည်းရှိ၏။ ထို့ကြောင့် အေးခဲသည့် ရာသီဥတုက သူတို့ကို မထိခိုက်စေပေ။

“ဦးဦး ဦးဦး”

ချန်းချန်း၏အသံသည် အပြင်ကနေ ရုတ်တရက် ပေါ်ထွက်လာ၏။ ရှင်းဖုန်း၏ ပေါင်ပေါ်တွင် လှဲနေပြီး ဖုန်းဆော့နေသော ယွင်ချဲ့က ချက်ချင်းထလိုက်သည်။ ကျန်သည့်သူများက သတိပြန်ဝင်လာချိန်၌ သူသည် ဧည့်ခန်းထဲကနေ ပျောက်ကွယ်သွားပြီဖြစ်သည်။

“ဦးဦး ဦးဦး”

လူကြီးများသည် မကြာသေးခင်က ခြံဝင်းကို လှည်းခဲ့၏။ သို့သော် မကြာမီ၌ နှင်းများထပ်ကျလာသည်။ အင်္ကျီထူထူဝတ်ပြီး ဆောင်းရာသီဦးထုပ်က ခေါင်းနှင့်နားရွက်ကို ဖုံးထားလျှက် ချန်းချန်းက ခြံဝင်းထဲ လျှောက်လာသည်။ သူက ဉာဏ်ကောင်းသည့် ကောင်လေးတစ်ယောက်ဖြစ်၏။ လမ်းလျှောက်နေစဉ် နှင်းလုံးများကို အရည်ပျော်ရန် စွမ်းအားကိုသုံးပြီး လမ်းကြောင်းရှင်းလိုက်၏။ ယွင်ချဲ့က ပြေးထွက်လာပြီး ၎င်းကိုမြင်ချိန်၌ အလိုလိုပြုံးမိကာ ချန်းချန်းကို ပွေ့ဖက်လိုက်တော့သည်။

“ဆိုးလိုက်တဲ့ကလေး အေးနေတာကို ဒီမှာဘာလုပ်နေတာလဲ”

ယွင်ချဲ့က သူ့တင်ပါးကို ပုပ်လိုက်၏။ သို့သော် နူးညံ့သော အထိအတွေ့ကို မခံစားရပေ။ အကြောင်းမှာ သူအဝတ်အစား အများကြီး ဝတ်ထားသောကြောင့်ဖြစ်သည်။ ချန်းချန်းက ယွင်ချဲ့၏လည်ပင်းကို လက်အိတ် ဝတ်ထားသောလက်ဖြင့် ချစ်ခင်ရင်းနှီးစွာ ဖက်တွယ်လျှက် ပြုံးကာပြောလိုက်တော့သည်။

“ဦးဦးကို သတိရနေတာ”

“ထားပါ ပြော ဘာလို့လဲ”

ယွင်ချဲ့က ချန်းချန်းကို အိမ်ထဲချီလာလျှက် မေးလိုက်သည်။ မွန်းတည့်ချိန် ရောက်တော့မည်ဖြစ်သည်။ အမျိုးသမီးများက နေ့လည်စာအတွက် ချက်ပြုတ်နေကြ၏။ ကျန်းထန်းလုံနှင့် မစ္စတာချန်းက ရုပ်ရှင်ကြည့်ပြီး လက်ဖက်ရည်သောက်နေသည်။ လူငယ်များက စကားပြောလျှက် ငြင်းခုံနေကြကာ သူတို့ထဲတွင် ချူးဟောက်လင်းနှင့် ကျိုးစွယ်ရီက စကားပြောတာ အချစ်ဆုံးဖြစ်သည်။ ယွင်ချဲ့က သူ့တူလေးကို တံခါးဝတွင် ချပြီးနောက် အဝတ်အစားပေါ်ရှိ နှင်းများကို ကရုတစိုက် ဖယ်ပေးကာ အထဲသို့ ခေါ်လိုက်၏။

“အစ်ကို”

သူ့အစ်ကို၏အနံ့ကို ရသောအခါ ယွင်ချန်းသည် သူ့တက်ပလက်ဆီကနေ အကြည့်လွှဲလျှက် ယွင်ချဲ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ယွင်ချဲ့က ချန်းချန်းကို ခေါ်လာလျှက် သူ့ဘေးတွင် ထိုင်လိုက်၏။

“ဗီဒီယိုဂိမ်း ထပ်ဆော့နေပြန်ပြီလား”

လတ်တလောတွင် ချန်းက ဗီဒီယိုဂိမ်းများ စွဲလမ်းနေ၏။

“အင်း စိတ်ဝင်စားဖို့ ကောင်းတယ်လေ။ ကျွန်တော် အဆင့်၄၈ရောက်နေပြီ”

ယွင်ချန်းက ယွင်ချဲ့ကို တက်ပလက်ပေးလိုက်သည်။ ယွင်ချဲ့က ငုံ့ကြည့်လိုက်ရာ သူအစောတုန်းက ဆော့ခဲ့သည့်ဂိမ်းနှင့် တူနေကြောင်း သိလိုက်ရ၏။

“ယဲ့ဟန်အထီးကျန်နေတာ မတွေ့ဖူးလား။ ဂိမ်းတွေသိပ်မစွဲနဲ့။ ယဲ့ဟန်နဲ့ အချိန်ဖြုန်းပေး”

ဖုတ်ကောင်တစ်ကောင်က အဝေးမှုန်တတ်လား။

ယွင်ချဲ့သည် သူ၏အတွေး ထူးဆန်းနေမှန်းသိ၏။ သူသည် သူ၏ညီလေးကို အယူသာရှိပြီး ဘယ်တော့မှ မပေးတတ်သည့် လူတစ်ယောက် မဖြစ်ချင်ပေ။ လူနှစ်ယောက်အတွက် ချစ်ကြည်နူးဖွယ် ဆက်ဆံရေးကို ရအောင် တည်ဆောက်ရမည်။ လန်ယဲ့ဟန်က ယွင်ချန်းကို အမြဲတမ်း ကရုစိုက်၏။ ယွင်ချန်းက သူ့လက်တွဲဖော်ကို ကရုစိုက်ဖို့ သင်ယူသင့်သည်။ အထူးသဖြင့် သူက ပိုမိုပြီး ဉာဏ်ရှိလာသည့် အချိန်တွင်ဖြစ်သည်။

“ကျွန်တော်သိပြီ ယဲ့ဟန် ငါဗီဒီယိုဂိမ်း ဆော့နေတာကိုမုန်းလား”

ယွင်ချန်းက တက်ပလက်ကို ပစ်ချလျှက် ယဲ့ဟန်၏လက်ကို ဖက်တွယ်လိုက်သည်။ အမှန်တကယ်တွင် ယွင်ချဲ့က သူ၏ညီလေးကို နားလည်မှုလွဲသွားခြင်းဖြစ်သည်။ ယွင်ချန်းသည် ယဲ့ဟန်ကို ကရုစိုက်၏။ သို့သော် သူ၏ချစ်ခြင်းတရားသည် လန်ယဲ့ဟန်ပြသည့် ချစ်ခြင်းတရားလောက် မသိသာရုံသာဖြစ်သည်။

“မမုန်းပါဘူး မမုန်းဘူး မင်းကို အဓိပ္ပာယ်မရှိ ပြောနေတာတွေ ကရုမစိုက်နဲ့။ ကြိုက်တာလုပ်လို့ရတယ်။ ရံဖန်ရံခါ ခြေထောက်ဆန့်ဖို့ပဲ သတိရ။ တက်ပလက်ကို အကြာကြီးမကြည့်နဲ့”

သူသည် ယွင်ချန်း၏ နဖူးပေါ်ရှိ ဆံပင်ကို ဘေးသို့သပ်တင်ပေးလျှက် ညင်သာသောအသံဖြင့် ပြောလိုက်သည်။ ယွင်ချန်းနှင့် ရှိသည့်အချိန်သာလျှင် သူကထိုမျှ နူးညံ့တာဖြစ်သည်။

“ဟုတ်ပြီ”

ယွင်ချန်း၏ဉာဏ်ရည်သည် သာမာန်လူများထက် နိမ့်ကျနေသေး၏။ သို့သော် သူ့ကို မည်သူကကောင်းကြောင်း မည်သူက မကောင်းကြောင်း ပြောနိုင်နေ၏။ လန်ယဲ့ဟန်သည် သူ့ကို အကောင်းဆုံး ဆက်ဆံသည့် လူများထဲမှ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူပြောတာ နားထောင်ရတာ နှစ်သက်သည်။

“လုပ်စမ်းပါ ငါက လူလိမ်လား။ လန်ယဲ့ဟန် မင်းဒါကို မမှတ်မိတာ ပိုကောင်းလိမ့်မယ်။ ငါ့ကို တစ်နေ့နေ့ကျ လာမတောင်းပန်နဲ့”

သူတို့ပြောတာ နားထောင်ပြီးနောက် ယွင်ချဲ့သည် ရယ်ရမလား ငိုရမလား မသိတော့ပေ။ မျက်နှာချင်းဆိုင်တွင် ထိုင်နေစဉ် ကျိုးစွယ်ရီက ရုတ်တရက် အော်လိုက်၏။

“ယဲ့ဟန်မင်းတော့ ဒုက္ခပဲ။ မင်းကချဲ့ကို စိတ်ဆိုးအောင် လုပ်လိုက်ပြီ။ သူက မင်းကီးဘုတ်ပေါ်မှာ ဒူးထောက်ရအောင်လို့ ချန်းကိုသင်ပေးလောက်တယ်။ အို ဘုရားရေ မင်းအဲ့လိုလုပ်တဲ့အချိန် ငါရိုက်ထားရမယ်။ ကမာ္ဘပျက်ကပ် ပြီးသွားတာနဲ့ ကွန်ရက်တွေ ပြန်ရောက်လာရင် ဗီဒီယိုကို အွန်လိုင်းပေါ်တင်မယ်။ ဟေ့လူ မင်းတော့ နာမည်ကြီးတော့မှာ”

“ကြားရတာ ကောင်းသားပဲ။ အဖွဲ့လိုက် စကားပြောခန်းထဲ ကော်ပီပို့ဖို့ မမေ့လိုက်နဲ့”

အမြဲလိုလိုပင် ချူးဟောက်လင်းသည် ထိုကဲ့သို့ ပျော်ရွှင်စရာကို ဘယ်တော့မှ လွဲချော်မခံပေ။ သူက ပြောနေစဉ် စာစရိုက်လိုက်၏။ မကြာမီ၌ လူတိုင်းက သူတို့ဖုန်းထဲ စာတစ်စောင် ရလိုက်သည်။ လန်ယဲ့ဟန်က ကျိုးစွယ်ရီကို အေးစက်စက် ကြည့်လိုက်၏။

“မင်းစမ်းကြည့်လို့ရတယ်။ မင်းငါ့ထက် နာမည်ကြီးတယ်ဆိုတာ သေချာတယ်”

သူ့ထက် နာမည်ကြီးမည့် ပုံအတွက်ကမူ ဧည့်ခန်းထဲရှိ လူတိုင်းအဖြေကို သိကြသည်။

“မင်းတို့ကောင်တွေမှာ စကားပြောခန်းရှိတယ်လား။ အဲ့ဒါကို ငါဘာကြောင့် မသိရတာလဲ”

ယွင်ချဲ့က ဖုန်းထုတ်လိုက်ပြီး သူတို့ကို ဇဝေဇဝါ ကြည့်လိုက်သည်။ ဘယ်Appက သူတို့စကားပြောနေတာလဲ။ သူတို့မှာ လက်ရှိကွန်ရက် ရှိသေးတယ်ဆိုပေမဲ့ လုပ်ဆောင်ချက်က အကန့်အသတ်နဲ့ပဲ ရတာလေ။ Appနဲ့ Website အများစုက ရပ်တန့်နေပြီ။ Wechat၊ ကျူကျူ၊ ပိုင်တူနှင့် အရင်ကမာ္ဘပျက်ကပ် မတိုင်မီက တရုတ်မှာ အသုံးအများဆုံးအရာတွေ ရပ်တန့်နေပြီလေ။

“ဝမ်ချင်းက Wechatနဲ့ လုပ်ဆောင်ချက်ချင်းတူတဲ့ Appတစ်ခု တီထွင်ထားတယ်။ မသွင်းရသေးဘူးလားချဲ့”

ချူးဟောက်လင်းက အံ့သြသွား၏။ ပြီးနောက် ဝမ်ချင်းသည် သိပ်မကြာခင်ကမှ သူတို့ကို Appပေးခဲ့ကြောင်း သတိရသွား၏။ ယွင်ချဲ့က ထကာစဖြစ်သည်။ ထို့ကြောင့် သူမသိတာ ယုတ္တိရှိသည်။

“မင်းရဲ့ဖုန်းပေးလေ မင်းကိုDownပေးမယ်”

ထိုနည်းဖြင့် ချူးဟောက်လင်းက လက်တော့ပ်ကိုယူလျှက် ယွင်ချဲ့သည် သူ၏ဖုန်းကို ပစ်တင်လိုက်သည်။

“ဝမ်ချင်းက တကယ်ကွန်ပျူတာ ပါရမီရှင်ပဲ။ Appတွေကို သူ့ကိုပိုတီထွင်ခိုင်းလိုက်။ သူက စမ်းသစ်တဲ့ အကြံဉာဏ်တွေ သုံးနေဖို့မလိုဘူး။ ငါတို့ကမာ္ဘပျက်ကပ် မတိုင်မီကသုံးတဲ့ Appလိုမျိုးလုပ်ရင်ရပြီ”

ကမာ္ဘပျက်ကပ် စတင်ချိန်၌ ကွန်ယက်တစ်ခုလုံးက ကြာသွားပြီး Websiteအားလုံး လုပ်ဆောင်ချက် ရပ်တန့်သွားသည်။ သူတို့က ယခုဆို Websiteအနည်းငယ်ဆီသာ သွားနိုင်ပြီး ဗီဒီယိုအချို့ကို ကြည့်နိုင်၏။ အကြောင်းမှာ လူအချို့က ထိုWebsiteနှင့်တင် အချက်အလက်များကို ပြန်လည်ရယူထားသောကြောင့် ဖြစ်သည်။ သို့သော် လူအနည်းစုကသာလျှင် ထိုသို့ပြုလုပ်ရန် အရည်အချင်းနှင့် အချိန်ရှိသည်။ အစိုးရသည် အချက်အလက် တည်ဆောက်မှု Pageများ မြေပုံများနှင့် မြို့မြေပုံများ စသည်တို့ကို ပြန်လည် တည်ဆောက်ထားသော်ငြား ဖျော်ဖြေရေး ကိစ္စများအတွက် အချိန်မဖြုန်းကြပေ။

“အဲ့လောက်လွယ်မယ်ဆိုရင် အစောကတည်းက လုပ်ပြီးလောက်ရောပေါ့။ Appတိုင်းက သူ့ရဲ့လုပ်ဆောင်ချက်ကို ပံ့ပိုးပေးဖို့ အချက်အလက်လိုအပ်တယ်။ အရင်တုန်းက အွန်လိုင်းကုမ္ပဏီတွေဆီက အချက်အလက်ဖိုင်တွေ အားလုံးကို မင်းရအောင် ယူပေးနိုင်ရင် အချိန်မရွေး ပြန်ပြီးရေးပေးနိုင်တယ်။ အီပေ့တောင် လုပ်နိုင်တာ။ ဘာမဆို ဝယ်နိုင်မယ်လို့တော့ အာမမခံနိုင်ရုံပဲ”

ရီဝန်ချင်း၏အသံက နောက်ကနေ ပေါ်ထွက်လာ၏။ ရှင်းဖုန်းနှင့် ကုမင်ရွှမ်လည်း ရောက်လာသည်။

“ပြဿနာမရှိဘူး။ တစ်နေ့ကျ အဲ့ဒီကုမ္ပဏီတွေဆီ ငါဖြတ်သွားရင် မင်းအတွက် အချက်အလက်ဖိုင်နဲ့ ဆာဗာတွေ သယ်လာပေးမယ်”

ယွင်ချဲ့ပြောပြီးချိန်၌ လူတိုင်းက ရယ်မောမိသွားသည်။ ကျန်သည့်သူများက စားစရာနှင့် ဝတ်စရာကို စိုးရိမ်ပူပန်နေကြစဉ် သူတို့က ဖျော်ဖြေရေးအကြောင်း စတွေးနေ၏။ ယင်းက ကျန်သည့်သူများကို သေချာပေါက် မနာလိုဖြစ်စေသည့် အရာပဲဖြစ်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset