အခန်း(၁၉၀)
မင်းက လူပါးဝတဲ့လူပဲ။ ဒါကမင်းကို ဘုတ်ဖြစ်စေတယ်။ လန်ယဲ့ဟန်နှင့် ယွင်ချန်းကို ပြန်လည်အာရုံစိုက်နေသော ယွင်ယောင်မှအပ လူတိုင်းသည် ရုတ်ချည်း အဆင့်ချိုးဖြတ်တက်မှုကြောင့် စိတ်လှုပ်ရှားမှုထဲ နစ်မြုပ်နေလေ၏။ ချူးဟောက်လင်းကလည်း အတော်လေး ရုတ်ရုတ်သဲသဲ ဖန်တီးခဲ့သော်လည်း သူတို့သည် ယွင်ချန်းက သာမာန်စားစရာကို စားနိုင်မစားနိုင်ကို မမေ့လျော့ခဲ့ပေ။ သူတို့သည် တစ်ဖွဲ့လုံး အဆင့်တက်သွားသည့် ကိစ္စထက် ထိုကိစ္စကို ပိုကရုစိုက်၏။
“ချဲ့ ချန်းက ငါးတကယ် စားလိုက်တာလား”
ယွင်ယောင်က ထိုအကြောင်းကို မသေချာသေးပေ။ ထို့ကြောင့် အတည်ပြုရန် ယွင်ချဲ့ဘက် လှည့်မေးလိုက်သည်။ အလိုလိုပင် သူမသည် ယွင်ချဲ့ကို အားအကိုးရဆုံး လူအဖြစ် ရှု့မြင်နေတာဖြစ်သည်။
မေးခွန်းကို ကြားသည့်အချိန်တွင် လူတိုင်းက ဆူညံပူညံလုပ်နေတာကို ရပ်တန့်လိုက်တော့၏။ သူတို့က ယွင်ချန်းကို ကြည့်လိုက်ပြီးမှ အဖြေကို မျှော်လင့်စောင့်စားကာ ကြည့်လိုက်၏။
“ဟုတ်တယ် သူစားလိုက်တယ်။ မဟုတ်ရင် သူမြိုချမှာ မဟုတ်ဘူးမလား။ ယဲ့ဟန်သူ့ကို ကြက်သား ကျွေးကြည့်ပါအုံး”
ယွင်ချဲ့က ခေါင်းညိမ့်လိုက်သော်ငြား တစ်ရာ ရာခိုင်နှုန်း မသေချာပေ။ သူသည် ထိုအကြောင်းကို ယခင်က တစ်ခါမှ မတွေ့ကြုံဖူးပေ။ မှန်ကန်သည့် နည်းလမ်းအတွက် သူတို့စစ်ဆေးရန် လိုအပ်သည်။
“ဟုတ်ပြီ”
လန်ယဲ့ဟန်သည် ခါတိုင်းလိုပင် နှုတ်နည်းနေသည်။ သူသည် စားပွဲ၏ အခြားတစ်ဖက်မှ ကြက်သားကိုယူရန် ထမရပ်ရသေးခင် ဖုန်းရီက ပန်းကန်ပြားပေါ်၌ ကြက်ပေါင်ကိုတင်ပြီး လန်ယဲ့ဟန်အား ပေးလိုက်၏။ လန်ယဲ့ဟန်က သူ့ကို ခေါင်းညိမ့်ပြလိုက်သည်။ သူက ကြက်သားတစ်မျှင်ကို ဖဲ့လိုက်ပြီးနောက် မပူတော့သည်အထိ မှုတ်လိုက်ပြီး ယွင်ချန်း၏ ပါးစပ်နား ကပ်ပေးလိုက်၏။ သို့သော် သူဘာမှမပြောရသေးခင် ယွင်ချန်းက ပါးစပ်ထဲ စုပ်ယူလိုက်သည်။
“အရသာရှိတယ်”
အသားက ယွင်ချန်းအတွက် အသစ်အဆန်း မဟုတ်တော့သောကြောင့် ကြက်သားစားပြီးနောက် သူက လက်မထောင်ပြလိုက်သည်။ ရောင်စုံမျက်ကပ်မှန် ဝတ်ဆင်ထားသည့် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူသည် အသားထက် သစ်သီးကို ပိုနှစ်ခြိုက်သော်ငြား သစ်သီးမရှိတော့သောကြောင့် သူ့၌ ရွေးချယ်စရာမရှိပေ။
“ဒါဆိုထပ်စား”
လန်ယဲ့ဟန်က တောင့်တင်းသွားပြီးနောက် သူ့ကို ပန်းကန်ပေးလိုက်၏။ ပြီးနောက် ယွင်ချဲ့ကို ကြည့်လိုက်သည်။
“မင်းရဲ့စွမ်းအား နယ်မြေထဲမှာ ဘာရှိသေးလဲ”
ယွင်ချဲ့သည် အများရှေ့ ထိုအကြောင်းကို တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေ။ သို့သော် သူ၏စွမ်းအား နယ်မြေထဲ၌ ကောက်ပဲသီးနှံများ စိုက်ပျိုးပြီး မွေးမြူရေးတိရိစာ္ဆန်များ မွေးထားကြောင်းသိသည်။ မဟုတ်လျှင် ငါးများနှင့် ဟင်းများက စားပွဲပေါ်တွင် ပေါ်လာမှာမဟုတ်။ သို့သော် ထိုကောက်ပဲသီးနှံများနှင့် တိရိစာ္ဆန်များတွင် ထူးခြားသည့် အာနိသင် ရှိလိမ့်မည်ဟု မည်သူမှ မမှန်းဆခဲ့မိပေ။ ယွင်ချဲ့၏ စွမ်းအားနယ်မြေသည် အပြိုင်ကမာ္ဘကဲ့သို့ ဖြစ်နေ၏။
“ငါးရယ် ကြက်သားရယ် ပြီးတော့ယုန်ရယ်”
ပင်လယ်စာများနှင့် ဟင်းသီးဟင်းရွက်တို့သည် စွမ်းအားနယ်မြေမှ မဟုတ်ပေ။ သို့သော်ငြား စွမ်းအားနယ်မြေကနေ အတော်လေး ရခဲ့၏။ လန်ယဲ့ဟန်က ထရပ်ပြီးနောက် ပန်းကန်လုံးထဲ အရာအားလုံးကို ထည့်လိုက်၏။ သူပြန်ထိုင်လိုက်ချိန်တွင် ယွင်ချန်းက သူ့လက်ထဲ ကြက်ပေါင်ကို ကိုင်ထားကာ တွေ့လိုက်ရသည်။ သူကခဏတာ ရပ်တန့်ပြီးနောက် ယွင်ချန်းသည် တူကိုတောင် အသုံးမပြုနိုင်ကြောင်း သဘောပေါက်သွား၏။ ထိတ်လန့်ဖွယ် ခံစားချက်က သူ့ကိုရုတ်တရက် ဝင်တိုးသွားတော့သည်။ ယွင်ချန်းသည် ပါမောက္ခတိုင်း၏ ခွင့်ပြုချက်ကိုရသည့် တော်သော ကျောင်းသားတစ်ယောက် ဖြစ်ခဲ့၏။ သို့သော် ယခုမူ သူသည် တူကိုမည်ကဲ့သို့ အသုံးပြုရမည်မှန်းတောင် မသိတော့ပေ။
“အဆင်ပြေပါတယ် ငါတို့တွေသူ့ကို အစကနေ အရာအားလုံး သင်ပေးကြတာပေါ့”
ယွင်ချဲ့သည်လည်း သတိပြုမိသည်။ သို့သော် သူက ကတိသစ္စာပြုလိုက်သည်။ ယွင်ချန်းသည် စွမ်းအားနယ်မြေထဲကနေ ထွက်ပြီးနောက် စကားတောင် မပြောနိုင်ပေ။ ယခုမူ သူ့ဘာသာသူတောင် ရေတောင်ချိုးနိုင်နေပြီဖြစ်သည်။ သူ၏ ဉာဏ်ကောင်းလိမ္မာလှသည့် တူလေးသည် တူသုံးနည်းကို သုံးတတ်ပြီး မကြာမီအချိန်၌ တော်သည့် ကျောင်းသားကောင်း တစ်ယောက်အဖြစ်သို့ ပြန်ရောက်နိုင်မည်ဆိုတာ သေချာသိနေသည်။
“ဒါပေါ့”
လန်ယဲ့ဟန်က ခေါင်းညိမ့်လိုက်၏။
ယွင်ချန်းသည် ကြက်ပေါင်စားပြီးသည့်အချိန်၌ လန်ယဲ့ဟန်သည် တစ်ရှုးအစိုဖြင့် သူ့ပါးစပ်ကို သုတ်ပေးလိုက်၏။ ပြီးနောက် ယွင်ချန်း၏လက်ထဲ တူထည့်ပေးကာ သူ့ကို စတင်သင်ကြားပေးတော့သည်။ ထိုမြင်ကွင်းက လူတိုင်း၏ စိတ်နှလုံးကို ထိခိုက်စေ၏။ လူကြီးများက မျက်ရည်တောင် သုတ်မိကြသည်။
“ဘုရားသခင်က ဒီလိုအံ့သြဖွယ်ကောင်းတဲ့ ကလေးကို သိပ်ရက်စက်တာပဲ”
“စားကြရအောင် စားစရာက အေးနေပြီ”
ခဏအကြာတွင် ယွင်ချဲ့က သူ့တူကို ကောက်ကိုင်ပြီးနောက် လူတိုင်းကို နေ့လည်စာ ဆက်စားရန် အားပေးလိုက်၏။ အနည်းဆုံးတော့ ယွင်ချန်းသည် ယွင်ချဲ့၏ စွမ်းအားနယ်မြေထဲမှ စားစရာကို စားနိုင်ကြောင်း သူတို့ အတည်ပြုခဲ့ပြီးပြီဖြစ်သည်။
“ဟုတ်တယ် ငါဗိုက်ဆာနေတာ။ အားလုံးက ဟင်းကောင်းတွေကြီးပဲ။ ငါမင်းကို သတိပေးလိုက်မယ်။ လုဟောက်ရွှမ် နောက်တစ်ခါ ငါ့ရဲ့စားစရာကို ထပ်ယူရင် ငါမင်းနဲ့တိုက်ခိုက်ဖို့ စိန်ခေါ်မယ်”
“နှစ်ယောက်တိုက်ခိုက်မှာလား။ မင်းနဲ့သူလား မင်းတို့က နေ့ဘက်မှာတိုက်ခိုက်ပြီး ညဘက်မှာ ချစ်ကြိုက်နေကြတာလေ။ မင်းတို့နှစ်ယောက်က အိပ်ယာထဲမှာ မင်းတို့ပြဿနာတွေကို ဖြေရှင်းတာ ပိုကောင်းလိမ့်မယ်”
“ဘာအကြောင်းတွေ ပြောနေတာလဲ။ ဒီမှာ အမျိုးသမီးတွေနဲ့ ကလေးရှိနေတာ မတွေ့ဘူးလား။ မင်းကြည့်ပြောနိုင်မလား”
“ဒီတော့ မင်းကျဆဲနိုင်တယ်ပေါ့ဟုတ်လား”
ပျော်ရွှင်နေသော လူအုပ်ကြီးက ပျော်စေပျက်စေ ရယ်မောစနောက်ပြီး စိတ်အခြေအနေကို မြင့်တက်လာစေတော့သည်။ ကျန်းရဖေးက လက်မြှောက်လျှက် ဝင်ပြောလိုက်သည်။
“အမ် ငါ့ကိုစိတ်ထဲမထားနဲ့။ ငါက နင်တို့ရဲ့ ညစ်တီးညစ်ပတ် ဟာသတွေနဲ့ အသားကျနေပြီးပြီ”
“ဟား ဟား”
သူမက ရှက်ရွံ့နေသော ချူးဟောက်လင်းကို ပြောလိုက်ချိန်၌ စားသောက်နေသူ အားလုံးက ရယ်မောတော့သည်။ အခန်းက ပိုရွှင်ပျလာပြီး လူကြီးများကတောင် ဟာသအချို့ ဝင်ပြောတော့၏။ ဝမ်းနည်းဖွယ် အခိုက်အတန့်ကို နောက်တွင်ထားလိုက်တော့သည်။
“ဘာကြောင့်မစားတာလဲ ချန်းချန်း ဗိုက်မဆာဘူးလား”
ယွင်ယောင်သည် သူမ၏သားလေးက သူ့အတွက် စားစရာများ ထည့်ပေးတာကို မစားတာ မြင်သည့်အချိန်၌ မေးလိုက်၏။ သူနှစ်သက်သော အသားကတောင် သူ့ကိုစားချင်စိတ် မဖြစ်စေပေ။
“ဟုတ် သားဗိုက်ပြည့်နေပြီ သားအက်ထရာမန်းကိတ် လိုချင်တာ”
ချန်းချန်းက လေးလံစွာ ခေါင်းညိမ့်လိုက်ပြီးနောက် သူ၏လုံးဝိုင်းသော ဗိုက်လေးကို ထိလိုက်၏။ သူသည် စားပွဲ၌ ရှိနေရသည့် အကြောင်းအရင်းမှာ သူ၏ဦးလေးသည် သူ့ကို အက်ထရာမန်းကိတ် ပေးမည်ဟု ကတိပေးခဲ့သောကြောင့်ဖြစ်သည်။
“အစ်မသူ့ကို အနားပေးလိုက်အုံး။ ချန်းချန်းက သစ်သီးတွေအများကြီး စားထားတာ။ ချန်းက ကျန်တာစားခဲ့ရုံပဲ”
ယွင်ချဲ့က သူ၏အစ်မကို ပြောပြလိုက်၏။ အကြောင်းမှာ သူက တစ်ခုခု ပြောပြတော့မည်မှန်း သိနေသောကြောင့် ဖြစ်သည်။ ချန်းချန်းကို ကြည့်ချိန်၌ သူ၏မျက်ဝန်းထဲတွင် ပျော်ရွှင်မှု၊ ချစ်မြတ်နိုးမှုတို့ ပြည့်နေ၏။ ချန်းချန်းကြောင့်သာ မဟုတ်လျှင် ချန်းသည် စွမ်းအားနယ်မြေမှ စားစရာကို စားနိုင်ကြောင်း သူတို့သိသွားမှာမဟုတ်ပေ။ ချန်းချန်းက သူတို့၏ ကံကောင်းခြင်း ကြယ်ပွင့်လေးဖြစ်သည်။
“သားဝိတ်ချသင့်တယ် မဟုတ်ဘူးလား”
ယွင်ယောင်သည် သူမသားကို ဘာမှမလုပ်နိုင်ပေ။ မကြာမီ၌ပင် အနှေးနှင့်အမြန်သူက အလိုလိုက်ခံရအုံးမည်ဖြစ်သည်။
“ဟီး ဟီး”
ချန်းချန်းက ရယ်မောလိုက်၏။ ပြီးနောက်သူသည် မနက်က ရှင်းဖုန်းသူ့ကို ပေးထားသည့် သေတ္တာကို စွမ်းအားနယ်မြေထဲကနေထုတ်လျှက် ဖွင့်ကြည့်လိုက်၏။ သေတ္တာထဲ၌ အနက်ရောင် ပြိုင်ကားလေးရှိသည်။ တံဆိပ်က ဖရာရီဟူ၍ ရေးထိုးထား၏။ ကမာ္ဘပျက်ကပ် မတိုင်မီကဆို အတော်လေး ဈေးကြီးသော်ငြား ယခုကစားစရာတစ်ခုသာ ဖြစ်နေ၏။
စားသောက်ပြီးစီးချိန်တွင် နေ့လည်တစ်နာရီ ထိုးသွားပြီဖြစ်သည်။ ယွင်ယောင်က သန့်ရှင်းရေးမလုပ်ခင် ယဲ့ရှင်းချန်က ရေခဲသေတ္တာထဲကနေ မွေးနေ့ကိတ်ကို ထုတ်လာပြီး စားပွဲပေါ်တင်လိုက်၏။ လူတိုင်းသည် ကိတ်၏ထိပ်ပေါ်၌ ခွေးပေါက်လေးနှင့် ခပ်ဖိုင့်ဖိုင့် အက်ထရာမန်းတို့ကို မြင်သည့်အချိန်၌ ရယ်မောမိကြသည်။ အန်တီးချန်းကလည်း ထိုကဲ့သို့ တစ်ခါတစ်ရံတွင် ထိုကဲ့သို့ ဟာသဉာဏ်ရွှင်လိမ့်မည်ဆိုတာ သူတို့မသိခဲ့ပေ။
“လခွမ်း ဒီဟာက ခွေးနဲ့တူနေတာပဲ”
ဟေးယွီက ဘာကိုမှ သတိမပြုခဲ့မိပေ။ သူက ပုခုံးပေါ်ကနေ အော်လိုက်ရာ အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရသွား၏။
“ဘာ အနည်းဆုံးတော့ သူတစ်ခုခုကို သတိပြုမိသင့်တယ်”
လုံလောက်သွားပြီပင်။ သူက ရှေ့ခြေဖြင့် ကိတ်မုန့်ကို လက်ညိုးထိုးပြီး မေးလိုက်၏။
“နေပါအုံး အဲ့ဒါငါလား”
နောက်ဆုံးတော့
သူ့ကိုမည်သူမှ မဖြေကြသော်ငြား သူတို့၏ မျက်လုံးများကမူ မင်းမှန်တယ်ဟု ပြောနေသယောင်ပင်။
“အမ်”
ဟေးယွီက ရန်စခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် လူတိုင်းက သူစိတ်ရူးဖောက်တော့မည်ဟု တွေးမိသည့်အချိန်၌ ခွေးပေါက်လေးက စားပွဲပေါ် ခုန်တက်ပြီးနောက် ဂိတ်နား လှည့်ပတ်ကြည့်ကာ ယွင်ချဲ့၏ပုခုံးပေါ် ပြန်လာလိုက်၏။
“အနီးကပ်ကြည့်ရင် မိုက်တယ်မလား။ ကျနတဲ့ခန္ဓာကိုယ်နဲ့ ချွန်ထက်တဲ့လက်သည်း ခြိမ်းချောက်နိုင်တဲ့ မျက်လုံးတွေကိုကြည့်ကြည့်။ ဘယ်လောက် ခမ်းနားလိုက်သလဲ”
“ဘာ”
ဟေးယွီပြောတာကို ကြားသည့်သူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်သွား၏။
“ဘာကိုဘာလဲလဲ ငါကမခမ်းနားဘူးလား။ မင်းတို့ငါ့ရဲ့ လက်သည်းကို မြည်းချင်နေတာလား”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး”
ဟေးယွီက ငြင်းဆန်သူများကို အစွယ်တငေါငေါဖြင့် ခြိမ်းချောက်ပြီး သူ၏လက်သည်းများ ပြလိုက်သည်။ သူတို့အားလုံးက ခေါင်းခါလိုက်၏။ ဒီလက်သည်းတွေကို ဘယ်သူက မြည်းချင်မှာလဲ။ သူတို့က သေစေနိုင်တဲ့ လက်သည်းတွေလေ။
“မင်းပဲလူပါးဝ မင်းပဲဘုတ်”
“ဟား ဟား”
ယွင်ချဲ့က ဟေးယွီကို လှောင်ပြောင်ချိန်၌ လူတိုင်းက မရယ်ဘဲ မနေနိုင်တော့ပေ။ ယွင်ချဲ့၏ လှောင်ပြောမှုက တိကျ၏။ ဟုတ်ပေသည် ဟေးယွီက လူပါးဝလွန်းသည်။
“ဟုတ်ပြီ မင်းတို့တွေ အသက်မရှုနိုင်ဘဲ သေမဲ့အထိ ဆက်ရယ်လို့ရတယ်”
ဟေးယွီက သူ၏သခင်ကို ပြန်မပြောနိုင်ပေ။ ထို့ကြောင့် ထိုလူတစ်စုကို ကျိန်ဆဲနိုင်၏။ သူက အားလုံးကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။ အကြည့်ကသာ လူသတ်နိုင်မည်ဆိုလျှင် သူတို့ သေနေလောက်ပြီဖြစ်သည်။
“ချန်းချန်း ဘာဖြစ်လို့လဲ”
စနောက်ပြီးနောက် ယွင်ချဲ့သည် မွေးနေ့ရှင်လေးက မေးစေ့ပေါ် လက်နှစ်ချောင်းတင်လျှက် နှုတ်ခမ်းဆူနေတာကို တွေ့လိုက်ရသည်။
“အက်ထရာမန်းက ဝနေတယ်”
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူ့ကိုသတိပြုမိပြီး ချန်းချန်းသည် သူ့ဦးလေးနှင့် အကြည့်ချင်း ဆုံလာချိန်၌ မျက်ရည်များ ဝဲလာတော့သည်။ ကောင်လေးတစ်ယောက်အဖို့ အက်ထရာမန်းသည် အကြီးမားဆုံး သူရဲကောင်းတစ်ယောက်ဖြစ်ပြီး သူ့ဦးလေးသည် လက်တွေ့ဘဝတွင် အက်ထရာမန်းဖြစ်၏။ သို့သော် ၎င်းကမူ ဖက်တီးလေးဖြစ်နေ၏။ သူက ဝနေသော အက်ထရာမန်းကို သဘောမကျပေ။
“ဟုတ်ဘူးလေ ဒါက မင်းကိုအခြေခံပြီး လုပ်ထားတာ”
လူတိုင်းကတွေးလိုက်၏။
မည်သူမှ ထုတ်မပြော။ ဟေးယွီကတောင် ရက်ရက်စက်စက် မပြောပေ။ မွေးနေ့ရှင်လေးသည် သူတို့ထိုသို့ ပြောလိုက်သည်နှင့် မျက်ရည်ပိုးပိုးပေါက်ပေါက် ကျမည်မှန်း သူတို့အားလုံး သိနေ၏။
ယွင်ချဲ့က သင့်တော်သည့် အကြောင်းပြချက်ကိုရှာရ၏။ သူကခဏတာ တိတ်ဆိတ်သွားပြီးနောက် ကိတ်ပေါ်ရှိ အက်ထရာမန်းကို လက်ညိုးထိုးပြလိုက်သည်။
“ချန်းချန်း အထင်မမှားနဲ့။ ဒါက ဝတာမဟုတ်ဘူး ကလေးအဆီတွေ ဟုတ်တယ် ကလေးအဆီတွေ။ သူက ပုပုသေးသေးလေး မဟုတ်ဘူးလား”
“ကလေးအဆီဖြစ်ပြန်ပြီလား အဲ့ဒီအချက်ပဲ တချိန်လုံး သုံးနေမှာလား”
လူတိုင်းက ထိုစကားကို ငြီးငွေ့နေပြီဖြစ်သည်။ ထိုစကားစုက ပိုကောင်းသည့် အခြေအတင်နှင့် ထိုက်တန်၏။
“ဟုတ်”
ချန်းချန်းသည် လူကြီးများ၏ လှောင်ပြောင်သော အမူအရာကို မဖက်နိုင်ဘဲ သူက ခပ်ဖိုင့်ဖိုင့် အက်ထရာမန်းဆီသာ အာရုံစိုက်လိုက်တော့သည်။ ယွင်ချဲ့က ပြုံးလိုက်၏။
“ဟုတ်တယ်သူက သေးသေးလေး အခုအချိန်မှာ သားလိုမျိုး အက်ထရာမန်း သေးသေးလေးပဲလေ။ သားတို့နှစ်ယောက်မှာ တူညီတဲ့ ကလေးအဆီတွေရှိတယ်။ သူကြီးလာရင် သူက အစွမ်းထက်ပြီး ပိန်သွားမှာ။ ပြီးတော့ သားလိုပဲလေ သားက ဦးဦးအရွယ် ရောက်တဲ့အချိန် သားလည်းအထာကျပြီး ဦးလိုအစွမ်းထက်လာမှာ”
နောက်ဆုံးတွင် ကပ်ဘေးက ဖြေရှင်းပြီးသွား၏။ ယွင်ချဲ့သည် ပြင်ဆင်နိုင်သည့်အတွက် သူ့ကိုယ်သူ လေးစားသွားတော့၏။
“တကယ်လား”
ချန်းချန်းသည် အက်ထရာမန်းကို ကြည့်ပြီးနောက် သူ့ဦးဦးကို ကြည့်လိုက်၏။ သို့သော်သူက မသေချာ မရေရာ ဖြစ်နေသေးသည်။ ယွင်ချဲ့က အတည်ပြုကြောင်း ခေါင်းညိမ့်လိုက်၏။
“ဟုတ်တယ် ဦးဦးသားကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။ ပြီးတော့ ထပ်ကြည့်ကြည့် ချစ်ဖို့မကောင်းဘူးလား။ သားလိုပဲ ဦးဦးရဲ့ ချစ်ဖို့ကောင်းတဲ့ တူလေးလိုပေါ့ ဟုတ်တယ်”
ချန်းချန်းသည် ယွင်ချဲ့၏ စကားချိုချိုလေးများကြောင့် မျက်နှာရွှင်ပျသွားတော့သည်။
“ဖယောင်းတိုင်တွေ ဘယ်မှာလဲ။ ဖယောင်းတိုင်မီးညှိ”
ရှင်းဖုန်းသည် ၎င်းက ယွင်ချဲ့အတွက် ခက်ခဲမည်မှန်း သတိပြုမိသည်။ ပြဿနာများ ပိုတက်မလာစေရန် သူက ဖယောင်းတိုင်ရှာလိုက်သည်။ အက်ထရာမန်းသည် မကြာခင် ပျောက်သွားရမည်။
“ဒီမှာဒီမှာ”
ထိုလူများကလည်း သူတို့ရယ်မောနေချင်သည့်တိုင် မွေးနေ့ရှင်လေး မျက်ရည်ကျတာကို မမြင်ချင်ပေ။ ယဲ့ရှင်းဟန်က ရှင်းဖုန်းပြောလိုက်သည်နှင့် ကိတ်မုန့်ပေါ် ဖယောင်းတိုင် တင်ပေးလိုက်သည်။ ချူးဟောက်လင်းက လက်ဖျောက်တီးလျှက် ဖယောင်းတိုင်က လင်းသွားတော့၏။
“ဟက်ပီးဘက်ဒေးတူးယူ ဟက်ပီးဘက်ဒေးတူးယူ ဟက်ပီးဘက်ဒေးတူးယူ”
လူတိုင်းက လက်ခုပ်တီးလျှက် မွေးနေ့သီချင်းကို သီဆိုနေကြသည်။ သီဆိုနေသည့် လူအုပ်ကြီးထဲတွင် ချန်းချန်းက အရွယ်အစား ပြဿနာကို ကရုမစိုက်တော့ဘဲ မျက်နှာပေါ်၌ အပြုံးကြီးကြီး ရှိနေ၏။
ယနေ့တွင်မူ ယွင်ချဲ့သည် လူတိုင်းကို သူ၏လေစွမ်းအားကနေ အထင်ကြီးစေခဲ့တော့သည်။