YMR- အခန်း ၁၈၇

အခန်း(၁၈၇)

မြေငလျှင်နှင့် နှင်းမလာခင် အပေးအယူတစ်ခု ပြုလုပ်ခြင်း

“ခင်ဗျားတို့ ကျုပ်တို့ကိုပေးမဲ့ ရိက္ခာတွေက ကျုပ်တို့ဆုံးရှုံးသွားတဲ့ ရိက္ခာနှစ်သုတ်နဲ့ တူတူပဲလို့ အာမခံနိုင်လား ခေါင်းဆောင်ယွင်”

ဂေးစုံတွဲ၏ အများပြည်သူရှေ့ ချစ်ခင်မှု ပြသခြင်းကို လုံလောက်အောင် တွေ့မြင်ပြီးနောက် ဝေ့ခမ်းသည် မျက်နှာထားတင်းတင်းဖြင့် သူတို့ကို အာရုံမစိုက်ရန် ကြိုးစားလိုက်၏။ သူပြောတာကို ကြားပြီးနောက် ကျန်သည့်သူများကလည်း သူတို့၏ စိတ်ခံစားချက်များကို အမြန်ထိန်းချုပ်ကာ ယွင်ချဲ့ကြောင့် ဆုံးရှုံးသွားသော အာရုံစိုက်မှုကို ပြန်လည်တည်ဆောက်လိုက်၏။

“မရဘူး မတက်နိုင်ဘူးလေ။ အဲ့ဒီရိက္ခာတွေက ဘာမှန်းတောင် မသိတဲ့အချိန်မှာ တူညီတဲ့ ပစ္စည်းတွေကို ကျုပ်ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ အဲ့ဒီနှစ်သုတ်နဲ့ ပမာဏချင်း တူညီတဲ့ ရိက္ခာတွေကို ပေးမယ်လို့ ပြောနေတာ။ တစ်ထပ်ထဲတူတဲ့ ရိက္ခာတွေလို့ မပြောဘူး။ မဟုတ်ရင် ခင်ဗျားတို့တွေက ကျုပ်ကို ထပ်ဟောင်ကြပြီးတော့ ခင်ဗျားတို့ယူဖို့ စီစဉ်ထားတဲ့ ရိက္ခာတွေကို လုယူသွားတယ်လို့ စွပ်စွဲအုံးမှာ မဟုတ်ဘူးလား”

ယွင်ချဲ့သည် သူ့အတွက် သူတို့ဆင်ထားသည့် ထောင်ချောက်ကြောင့် အံ့သြစွံ့အသွားလေ၏။ ရိက္ခာတစ်သုတ်သည် တုံးဝမ်ဆိပ်ခံတံတား၌ ကွန်တိန်နာ ရာချီထဲ၌ ထည့်ထားတာဖြစ်ပြီး နောက်တစ်ခုက လုံဖင်ဆားတွင်းကနေ စား၍ရသည့် တန်တစ်ရာပဲဖြစ်သည်။ ကွန်တိန်နာထဲတွင်ရှိသည့် ပစ္စည်းများက ဘာမှန်း သူတို့မသိလောက်ချေ။ အလွန်ဆုံးမှ ၎င်းတို့သည် ရိက္ခာများဖြင့် ပြည့်နေကြောင်းသာ သူတို့သိနေမည်ဖြစ်သည်။ စား၍ရသည့် ဆားအတွက်မူ ၎င်းက ဖြန့်ကျက်ပြီး ရောင်းချလိုက်ပြီဖြစ်ရာ သူတို့ကို အကောင်းပကတိအတိုင်း ပြန်ရနိုင်လျှင်တောင် သူတို့က မမှီမှာမဟုတ်ပေ။ သူတို့က အဆုံးတွင်မူ သူ့ဆီကနေ မည်သည့်အရာကို ယူနိုင်မလဲဆိုတာ မြင်ရန်ကြိုးစားနေမှာဖြစ်သည်။

“ကျုပ်တို့တွေ အလွန်အကျွံ တောင်းဆိုမှာကို မစိုးရိမ်ဘူးလား ခေါင်းဆောင်ယွင်”

ယွင်ချဲ့သည် ကွန်တိန်နာထဲတွင် ရှိသည့်ပစ္စည်းများ ဘာမှန်း သူတို့မသိကြောင်း သိလေ၏။ သူတို့သည် စားစရာများနှင့် အဝတ်အစားများသာ ဖြစ်လောက်သည်။ ထိုအချိန်တွင် ဆားက အထူးတလည် မဟုတ်သော်ငြား ကမာ္ဘပျက်ကပ် စတင်သည်နှင့် ပိုတန်ဖိုးကြီးပြီး ရှားပါးလာ၏။ ဆားတန်တစ်ရာဖြင့် ကိစ္စရပ်များစွာကို ပြုလုပ်နိုင်၏။ အရေးကြီးဆုံးက ၎င်းသည် အလွယ်တကူ ရက်မလွန်သွားနိုင်ချေ။

“စိုးရိမ်တာပေါ့ ဒါပေမဲ့ ဗိုလ်ချုပ်မော့က ခင်ဗျားတို့ စစ်ဆင်ရေးအတွက် ဒရုန်းတွေတောင် ပို့ခဲ့တယ်ဆိုတော့ အခြေအနေကို သိပြီးသားလေ။ ကျိုးကြောင်းမသင့် တောင်းဆိုခဲ့မယ်ဆိုရင် ကျုပ်တို့ဒီနေ့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ခဲ့သလို သဘောထားရုံပေါ့”

ယွင်ချဲ့က ထိုပစ္စည်းများကဘာမှန်း လူတိုင်းထက် ကောင်းကောင်းသိနေသောကြောင့် အေးအေးလူလူ တုန့်ပြန်လိုက်သည်။

“ဟုတ်ပြီ မင်းပြောတဲ့အတိုင်းပေါ့။ ဒါပေမဲ့ ရိက္ခာတွေကို အရင်ဆုံး ကြည့်ရမယ်”

ဝေ့ခမ်းသည် ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သို့သော် ယွင်ချဲ့က လက်ချောင်းလေးများကို လှုပ်ခါပြီး သူ့ကို ဖယ်ချလိုက်သည်။

“ကျုပ်တို့မှာ ရိက္ခာတွေ ရှိတာပေါ့။ ဒါပေမဲ့ ခင်ဗျားကိုပြဖို့ မဖြစ်နိုင်ဘူးလေ။ ခင်ဗျားတို့ ကျုပ်ကိုယုံရင်ယုံ မယုံရင် ထွက်သွားလိုက်။ တံခါးက ဟိုမှာရှိတယ်”

သူက သေးသိမ်တာ မဟုတ်ပေ။ ရိက္ခာပမာဏ များစွာကို သူတို့ကိုပြဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် ဝေ့ခမ်းသည် အကြမ်းဖျင်း သဘောတူနိုင်ရုံလောက်သာရှိပြီး သူ့စကားကို ပြန်ရုတ်သိမ်းလောက်၏။

“မင်း”

“ခင်ဗျားစိုးရိမ်နေတယ်ဆိုရင် ချဲ့အတွက် ကျုပ်အာမခံ လုပ်ပေးနိုင်တယ်။ ဗိုလ်ချုပ်ဝေ့”

ဝေ့ခမ်းက နှောက်ယှက်ခံလိုက်ရသည်။ ရှင်းဖုန်း စတင်စကား ပြောလာသောကြောင့် သူစွံ့အသွား၏။ ချောင်ရန်သည် ရိက္ခာပမာဏ များစွာရှိမှာ သေချာ၏။ ထိပ်ဦးတွင်ရှိမှာကို သူစိုးရိမ်နေစရာ မလိုပေ။

“တပ်မှူးရှင်းက အာမခံတယ်ဆိုတော့ ခေါင်းဆောင်ယွင်ကို မယုံစရာ အကြောင်းမရှိတော့ဘူး။ ဒါပေမဲ့ ခင်ဗျားက အဲ့ဒီရိက္ခာတွေကို ကျုပ်တို့ဆီ ပေးမှာလား မပေးဘူးလား”

သူတို့က ရိက္ခာကို ကြည့်တောင်မကြည့်ဘဲ အပေးအယူကို မည်ကဲ့သို့ စတင်လုပ်ရတော့မည်နည်း။

“ခင်ဗျားတို့ မပေးဘူးလို့ မပြောခဲ့ဘူးနော်။ သုတေသန သင်တန်းကျောင်းရဲ့ ပိုင်ဆိုင်မှု အခြေကျသွားတဲ့အချိန် အဲ့ဒါတွေကိုပေးမယ်”

ထိုစစ်သားများနှင့် ရင်ဆိုင်ရာ၌ သူ၏သတိအနေအထားကို မလျော့ကျရဲချေ။ သူ၏ပန်းတိုင် မရောက်မချင်း ဘာကိုမှ ပြမှာမဟုတ်။

“ခင်ဗျားက စိတ်ရင်းမစစ်မှန်ဘူးပဲ ခေါင်းဆောင်ယွင် အဖွဲ့မှူးရှင်းကို သုတေသန သင်တန်းကျောင်းရဲ့ ထိန်းချုပ်မှုရအောင် ကျုပ်တို့ ကူညီပေးပြီးမှ ခင်ဗျားစကား ပြန်ရုတ်သိမ်းရင် ဘယ်လိုလုပ်မလဲ။ ကျုပ်တို့တွေ ဘာမှမရဘဲနေမှာ မဟုတ်ဘူးလား”

အခြားတစ်ယောက်သာဆိုလျှင် ဝေ့ခမ်းက လူလည်ကျခံရမှာကို စိုးရိမ်နေမှာ မဟုတ်ပေ။ သို့သော် ယွင်ချဲ့နှင့် ရင်ဆိုင်သည့်အချိန်၌ သူသတိထားရပေမည်။ စကားရုတ်သိမ်းချင်လျှင် ဝေ့စစ်တပ်က ထိပ်ဦးအဖွဲ့ကို အလွန်ဆုံးမှ ပြောင်ပြောင်တင်းတင်း ရှုံ့ချနိုင်ရုံသာရှိမည်။ သူ၏ဂုဏ်သတင်းသည် ရလဒ်အနေဖြင့် ထိခိုက်လိမ့်မည်။ သူ့အဖ်ို့ ဘာမှဆက်မလုပ်ရန် ခက်ခဲသွားလိမ့်မည်။

“လုပ်စမ်းပါ ဝေ့ခမ်းရယ် ခင်ဗျားရဲ့ဘယ်ဘက်က ဗိုလ်ချုပ်မေဂျာက တချိန်လုံး အိတ်ကပ်ထဲ လက်ထည့်နေတာကို ကျုပ်မတွေ့ဘူးလို့များ ထင်နေလား။ ခင်ဗျားတို့ အရာအားလုံးကို အသံသွင်းထားတဲ့ အချိန်မှာ ကျုပ်စကား ရုတ်သိမ်းမှာကို ဘာတွေစိတ်ပူနေတာလဲ”

ယွင်ချဲ့က ထိုဗိုလ်မှူးကို မေးဆတ်ပြလျှက် ပြောလိုက်သည်။ ဝေ့ခမ်းဘေး၌ ရာထူးမြင့် အရာရှိများစွာ ရှိနေချိန်၌ ဗိုလ်မှူးတစ်ယောက် စထိုင်လိုက်ကြောင်း သိလိုက်ရချိန်၌ သူထူးဆန်းသွားလေ၏။ ကရုတစိုက် လေ့လာပြီးနောက် သူသည် ဝေ့ခန်း၏ စုံစမ်းရေးအေးဂျင့် ဖြစ်နိုင်လောက်သည်။ ထို့ကြောင့် သူသည် ဝေ့ခမ်းသူ့အတွက် ဆင်ထားသည့် ထောင်ချောက်ထဲ မကျအောင် ကရုစိုက်နေတာလည်းဖြစ်သည်။

ဗိုလ်မှူးသည် ကြက်သေ သေသွားပြီးနောက် အမြန်ခေါင်းငုံ့လျှက် အကြည့်လွှဲလိုက်သည်။ မည်သူကမှ ထိုကဲ့သို့ အားကိုးမရပုံ ပေါ်သောကြောင့် ယွင်ချဲ့က ထိုမျှ သတိထား လေ့လာတတ်လိမ့်မည်ဟု မထင်ထားပေ။ ဝေ့ခမ်းနှင့် သူ့လူများက ပိုတောင် ဒေါသထွက်လာကြ၏။ သူတို့သည် တချိန်ထဲ၌ အရည်အချင်းရှိပြီး ပါးနပ်သည့် သူ့လိုလူများ မရှိသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးများက သူတို့မိတ်ဆွေဆိုလျှင် ကံကောင်းတာဖြစ်ပြီး ရန်သူဆိုလျှင် ကံဆိုးတာပဲဖြစ်သည်။ ကံဆိုးသည်မှာ ယွင်ချဲ့သည် မော့စစ်တပ်ကို ပံ့ပိုးပေးနေသောကြောင့် ရန်သူဟုတောင် တွေးနေနိုင်မည်ဖြစ်၏။

“နောက်ကျနေပြီ ကျုပ်တူလေးရဲ့ မွေးနေ့ပွဲကို ကျင်းပရအုံးမယ်။ အချိန်မဖြုန်းကြရအောင် ဝေ့ခမ်း ခင်ဗျားတို့ သဘောတူမယ်ဆိုရင် အပေးအယူလုပ်မယ်။ မဟုတ်ရင်လည်း ရတယ်။ အဖွဲ့မှူးရှင်းက နောက်ရက် အနည်းငယ်အတွင်း အလုပ်လုပ်ရုံပေါ့”

ဧည့်ခန်းထဲရှိ နာရီက ၁၁နာရီ ၄၅သို့ ညွှန်ပြနေတာကိုမြင်ပြီး ယွင်ချဲ့ကသူတို့ကို ဖြေးဖြေးချင်းစဉ်းစားရန် အခွင့်အရေး မပေးတော့ပေ။

“ကောင်းပြီ မော့စစ်တပ်က မနက်ဖြန်မနက် အစည်းအဝေးပွဲမှာ သုတေသန သင်တန်းကျောင်းကိစ္စ ထပ်ပြောတဲ့အချိန် ကျုပ်ရဲ့ထောက်ပံ့မှုကို ထုတ်ပြပေးမယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး မင်းရဲ့ကတိကို မမေ့လိုက်နဲ့။ ခေါင်းဆောင်ယွင် ကျုပ်တို့နယ်မြေ စွမ်းအားရှင်တွေကလည်း အစည်းအဝေးပွဲ ပြီးပြီဆိုတာနဲ့ ချောင်ရန်းစုထဲမှာ လာကြည့်လိမ့်မယ်”

ဝေ့ခမ်းသည် နောက်ဆုံးတော့ ခေါင်းညိမ့်လိုက်၏။ ယင်းက အစကတည်းက သူလက်ခံနိုင်သည့် အရာဖြစ်သည်။ သို့သော် အခြေအနေအချို့ တောင်းဆိုချက်အချို့ကို သူက ထပ်ထည့်လိုက်ရုံသာဖြစ်၏။ ကံဆိုးသည်မှာ ပါးနပ်သော ယွင်ချဲ့နှင့် ရင်ဆိုင်ရချိန်၌ အချိန်အတိုင်းအတာ တစ်ခုအထိ ရိက္ခာများကို ပြန်ယူရုံသာ တက်နိုင်တော့သည်။

“ဒါဆိုဒီလိုပေါ့ ပျော်ရွှင်ဖွယ် ပူးပေါင်းဆောင်ရွက်မှုပါ”

သူ့ကို အသိအမှတ်ပြုသည့် အပြုံးတစ်ပွင့် ပေးပြီးနောက် ယွင်ချဲ့သည် ထရပ်ကာ လက်ဆန့်ထုတ်လျှက် သူတို့ကို ထွက်သွားရန် အမူအရာ ပြလိုက်၏။ စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်နေပြီဖြစ်သော ဝေ့ခမ်းနှင့် သူ့လူများက ထရပ်ကာ လက်ဆွဲနှုတ်ဆက်ပြီး ထွက်သွားကြ၏။

“ဖုန်း ဖုန်း”

“ဘာဖြစ်တာလဲ မြေငလျှင်လား”

“ဘာကြောင့် ငလျှင်လှုပ်ရတာလဲ။ တုန်နှုန်းက ပြင်းလိုက်တာ”

“အို မဟုတ်ဘူး”

မြေပြင်က ရုတ်တရက် စတင်လှုပ်ခါလာ၏။ လူတိုင်းက ဟန်ချက်အနည်းငယ် ပျက်သွားသည်။ သူတို့သည် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း အနောက်တောင်ဘက် ဒေသ၌ မြေငလျှင် လှုပ်နေပြီးသားဖြစ်၏။ သို့သော် ထိုကဲ့သို့ ပြင်းအားကို မခံစားရတာ အတော်ကြာပြီဖြစ်သည်။ လူတိုင်းက စတင်ပြေးလွှားနေပြီး ယွင်ချဲ့၏ မျက်နှာကမူ သုန်မှုန်လာ၏။ ရှင်းဖုန်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နောက်ဆုံးတွင် အိမ်ထဲက ထွက်လိုက်ချိန်၌ မလွှဲမသွေ ရင်ဆိုင်ရတော့၏။

“ဘာကြောင့် နှင်းထပ်ကျပြန်တာလဲ။ ဇွန်လမှာ နှင်းထပ်ကျတာလား။ ကပ်ဘေးတစ်ခုပဲ”

“သေစမ်း”

“ဘာတွေဖြစ်နေတာလဲ”

သူတို့ အပြင်ရောက်သည့်အချိန်၌ သိပ်သည်းနေသော နှင်းမှုန်များဖြင့် ပြည့်နေသော မီးခိုးရောင် ကောင်းကင်ကို တွေ့လိုက်ရသည်။ စစ်တပ်ထဲရှိ လူတိုင်းသည် နိုင်ငံအနှံ့ နှင်းမုန်တိုင်းက ကမာ္ဘပျက်ကပ်ကို ဆောင်ယူလာကြောင်း သိကြ၏။ ယခု ဇွန်လ၌ နှင်းကျနေသည့် အချက်ကြောင့် သူတို့မျက်နှာက ပိုတောင် သုန်မှုန်လေးနက်လာသည်။ ယွင်ယောင်နှင့် ကျန်သည့်သူများကလည်း မြေငလျှင်ကြောင့် ပြေးထွက်လာပြီး သူတို့၏ အမူအရာက တည်တင်းနေကြ၏။ အပြင်ဘက်တွင် ရပ်နေသည့် လူများက မြေပြင်က လှုပ်ခါနေသောကြောင့် အိမ်ပြိုလဲသွားမှာကို စိုးရိမ်နေကြသည်။

“သွားကြရအောင်”

တစ်မိနစ်ခန့် ကြာပြီးနောက် မြေကြီးသည် လှုပ်ခါနေတာ ယာယီရပ်တန့်သွား၏။ ဝေ့ခမ်းသည့် ယွင်ချဲ့ကို အကြောင်းမကြားဘဲ သူ့လူများနဲ့ ထွက်သွားတော့သည်။ အိမ်တုန်ခါတာ ရပ်သွားတာကို မြင်ပြီးနောက် ယွင်ချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အားလုံးအထဲဝင်ကြရအောင် ငါတို့အိမ်ရဲ့ အုတ်မြစ်က သတ္တုပြားတွေနဲ့ တည်ဆောက်ထားပြီး နံရံကလည်း စတီးပြားတွေ ထည့်ထားတာ။ ပြိုမှာမဟုတ်ဘူး”

အနောက်တောင်အရပ်သား အနေဖြင့် သူတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုစာ၌ မြေငလျှင်ကို ကျင့်သားရနေပြီဖြစ်သည်။ ယွင်ချဲ့ပြောတာ ကြားပြီးနောက် စိုးရိမ်ပူပန် မနေဘဲ ယွင်ယောင်၊ ဝမ်စုနှင့် ကျန်သည့်သူများက ခြံဝင်းထဲသို့ သွားပြီး ရယ်မောနေကြလေ၏။

“ချဲ့ဒါက သာမာန်မြေငလျှင် မဟုတ်ဘူး။ ဟုတ်တယ်မလား နှင်းလည်းပါသေးတယ်”

ကျိုးစွမ်းရီနှင့် ကျန်သည့်သူများက အကြီးအကဲများလောက် စိတ်မရိုးရှင်းပေ။ ယွင်ချဲ့သည် ပျော်ရွှင်မှုနှင့် အရှုံးသမား အဖွဲ့များကို မနက်ခင်းက အကြောင်းကြားခိုင်းသည့် အချက်ကို သူတို့မမေ့သေးပေ။

“ဟုတ်တယ် မင်းတို့အားလုံး သိတဲ့အတိုင်း ကမာ္ဘပျက်ကပ်ကို ပြင်းထန်တဲ့ နှင်းမုန်တိုင်းက ဆောင်ယူလာတာ။ ဒီတစ်ခေါက် နှင်းကျတာက အချိန်ပိုကြာပြီး ပိုပြင်းထန်လိမ့်မယ်။ ပြီးတော့ မိုးသည်းထန်စွာ ရွာသွန်းခြင်း မြေငလျှင်နှင့် ဆူနာမီစတဲ့ သဘာဝကပ်ဘေးတွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ ကပ်ဘေးပြီးရင် ဖုတ်ကောင်တွေက တဖန်အဆင့်တက်လာပြီးတော့ ဘယ်အတားအဆီးကိုပဲကျော်ကျော် သူတို့တွေက ပိုမြင့်တဲ့ အဆင့်ကို တက်သွားမှာ”

ယွင်ချဲ့သည် သူတို့ တစ်ယောက်ချင်းစီကို တစ်ချက်ကြည့်ပြီး ဘာကိုမှ မကွယ်ဝှက်ထားပေ။ အစကတည်းက သူသည် သူတို့အားလုံးကို ဖုံးကွယ်ထားရန် မတွေးထားပေ။ သူတို့ကို ရှင်းရှင်းလင်းလင်း ရှင်းပြရန် အခွင့်အရေး မရခဲ့ရုံသာဖြစ်၏။ ပြင်းထန်သော မိုးသက်မုန်တိုင်းသည် ကမာ္ဘပျက်ကပ်ကို ဆောင်ယူလာပြီး သူတို့ယခင်က ကြုံတွေ့ခဲ့ရသည့် အရာများက အသေးအမွှားသာ ဖြစ်နေလိမ့်မည်။

“သေစမ်း ကောင်းကင်ဘုံက ငါတို့ကို သတ်ချင်နေတာလား”

ကျိုးစွယ်ရီက ကျိန်ဆဲလိုက်၏။ အဖွဲ့နှစ်ဖွဲ့၏ ပင်မအဖွဲ့ဝင်များကလည်း သုန်မှုန်နေကြကာ ကျိုးစွယ်ရီကဲ့သို့ ကျိန်ဆဲချင်နေကြသည်။ သူတို့သည် ဖုတ်ကောင်များက အဆင့်တက်ရာ၌ အတားအဆီး မကြုံတွေ့ရတော့ဆိုလျှင်တောင် နောင်ကျ သူတို့သည် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် သို့မဟုတ် ပိုတောင်အဆင့်မြင့်သည် ဖုတ်ကောင်များနှင့် ကြုံတွေ့ရနိုင်ကာ သူတို့သည် လူသားများသည် ဖုတ်ကောင်များလောက် အဆင့်တက်တာ မမြန်သောကြောင့် သူတို့ အသက်အန္တရာယ် များနိုင်၏။

“ဒါပေမဲ့ မင်းတို့တွေ စိတ်ပူနေဖို့ မလိုဘူး။ ဒီနှင်းမုန်တိုင်းက စွမ်းအားရှင်တွေအတွက်လည်း အခွင့်အရေးကောင်း တစ်ခုလို့ ငါထင်တယ်။ မင်းတို့ကောင်တွေ အဆင့်တက်လို့ရတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးက နည်းပါးတာကြောင့် အဆင့်တက်နိုင်လောက်မှာ မဟုတ်ဘူး။ နောင်ကျ ဖုတ်ကောင်တွေက စွမ်းအားရှင်တွေ သန္ဓေပြောင်းကောင်တွေ ဖုတ်ကောင်သားရဲတွေနဲ့ သူတို့နဲ့ မျိုးနွယ်တူ သလင်းအမြူတေတွေကို စားတာကြောင့် အဆင့်တက်နိုင်မှာပဲ။ သူတို့ အဆင့်တက်တာ ငါတို့ထက် ပိုမြန်တယ်ဆိုတဲ့ အကြောင်းအရင်းက သူတို့အားလုံး နေ့ရောညပါ စားနေလို့။ ဒါပေမဲ့ အဆင့်မြင့်ဖုတ်ကောင် အများကြီး ရှိနိုင်မှာမဟုတ်ဘူး။ ငါတို့လည်း သန်မာအောင်လုပ်ရင် အဆင့်တက်တာ မြန်လိမ့်မယ်။ သလင်းအမြူတေတွေကို စုတ်ယူတာလိုမျိုးပေါ့။ ဒါ့အပြင် သုတေသန သင်တန်းကျောင်းရဲ့ ပိုင်ဆိုင်မှုကို ငါတို့ရလာတော့မယ်။ အဆင့်တူ သလင်းအမြူတေတွေကိုသုံးပြီး သုတေသန သင်တန်းကျောင်း စရပြီးဆိုတာနဲ့ အဆင့်တူ သလင်းအမြူတေတွေကိုသုံးပြီး အားပြန်ဖြည့်ဖို့ အဆင့်တက်ဖို့နဲ့ အာဟာရဖျော်ရည်တွေ လုပ်ဖို့အတွက် လေ့လာလို့ရပြီ။ အာဟာရဖျော်ရည်က အဆင့်တူ သလင်းအမြူတေတွေလိုပဲ အလုပ်ဖြစ်လိမ့်မယ်။ ဒီတော့ ငါတို့အနာဂတ်က ဒုက္ခရောက်မှာမဟုတ်ဘူး”

သူတို့သည် လက်ရှိအခြေအနေကို ဆန့်ကျင်လျှက် ရွေ့လျားနေပြီ ဖြစ်သောကြောင့် နောက်မကျစေရန် ရှေ့ဆက်တိုးရုံသာ ရှိသည်။ သို့သော် သူတို့ကိုယ်သူတို့ ကံကောင်းသည်ဟု သတ်မှတ်၍ရသည်။ သူသည် ပြန်လည်မွေးဖွားလာပြီး အရာအားလုံးအတွက် ပြင်ဆင်ထားပြီး ဖြစ်နေ၏။ သူတို့လုပ်နေသည့်အတိုင်း ဆက်လုပ်ရုံသာလိုပြီး ဥမှင်အဆုံး၌ အလင်းကို တွေ့ရမှာပဲဖြစ်သည်။

“ကြားရတာ တော်သေးတယ်။ လခွမ်း နှင်းကပိုပြင်းထန်လာပြီပဲ”

“အထဲဝင်ကြရအောင် ဒီနေ့ ချန်းချန်းရဲ့ မွေးနေ့ပဲ။ ဒါကြောင့် မင်းတို့ကောင်တွေပျော်ကြ။ ချဲ့ပြောသလိုပဲ ငါတို့အနာဂတ်က ဒီလောက်မှုန်မှိုင်းနေတာ မဟုတ်ဘူး။ လုံးဝမှောင်နေတယ်ဆိုရင် အမှောင်ထုကို ဖြတ်ကျော်ပြီး ကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်ကြတာပေါ့”

“ဝိုး ရှင်းချန်း အခုချိန်ကျမှ မင်းရဲ့ရန်လိုမှုကို ဘာကြောင့် သဘောပေါက်သွားရတာပါလိမ့်”

“စီနီယာက အံ့သြဖို့ကောင်းလိုက်တာ”

“ငါ့ကိုနားခွင့်လေး ပေးကြပါအုံး မင်းတို့နှစ်ကောင်ကလည်း ထပ်ပြီး ချစ်ကြည်နူးကြပြန်ပြီလား။ ဒီကနေ သွားရအောင်။ သူတို့ကို သပ်သပ်ထားလိုက်”

ယွင်ချဲ့ပြောတာ ကြားပြီးနောက် အဖွဲ့နှစ်ဖွဲ့၏ အဖွဲ့ဝင်များက စိတ်ငြိမ်သွားပြီး ဆုံးဖြတ်ချက် ချလိုက်ပုံပေါ်၏။ သူတို့နှစ်ဖွဲ့က ရယ်ရယ်မောမောဖြင့် ပြောနေလျှက် ခြံဝင်းထဲ ဝင်သွားကြသည်။ အလှောင်ခံရပြီးနောက် ရှင်းချန်းကလည်း ကူကယ်ရာမဲ့စွာ ရယ်မောလျှက် ကျန်းရှန်၏လက်ကိုတွဲကာ သူတို့နောက်က လျှောက်သွားလိုက်သည်။ မကြာမီ၌ လမ်းပေါ်တွင် ယွင်ချဲ့၊ လင်းရှန်းနှင့် ကုမင်ရွှမ်တို့က ရှိတော့သည်။

“ချဲ့ မင်းဆိုလိုတာက အဆင့်နိမ့် သလင်းအမြူတေကနေ လုပ်ထားတဲ့ အာဟာရဖျော်ရည်တွေက အဆင့်မြင့် စွမ်းအားရှင်တွေလည်း သုံးလို့ရမှာလား”

ထိုအချက်ကို ကုမင်ရွှမ်မှတပါး ကျန်သည့်သူများ သတိမပြုမိပေ။ ယွင်ချဲ့က မျက်ခုံးပင့်လျှက် တအံ့တသြ ကြည့်လိုက်၏။

“ဟုတ်တယ် ကျွန်တော် ပြောပြီးပြီ မဟုတ်ဘူးလား။ အဆင့်နိမ့် သလင်းအမြူတေတွေက သိပ်သည်းနိုင်စွမ်း နည်းရုံလောက်ပဲ။ သူက သကြားဓာတ် နိမ့်တာမျိုးနဲ့ တူတူလောက်ပဲလေ။ သိပ်သည်းမှု တူညီတဲ့ အာဟာရဖျော်ရည်တွေ ပိုထုတ်လုပ်ရုံပဲ။ အစောကတည်းက ပြောပြီးပြီ မဟုတ်ဘူးလား”

ယွင်ချဲ့သည် ယခုအခေါက်၌ ဟန်ဆောင်နေတာ မဟုတ်ကြောင်း သူတို့မြင်ပြီးနောက် ရှင်းဖုန်းနှင့် ကုမင်ရွှမ်တို့က သူတို့ကံကြမ္မာကို မလွှဲသာမရှောင်သာ လက်ခံလိုက်ရ၏။ သူတို့သည် ယခုအချိန်မှစကာ သူပြောသမျှ ကိစ္စရပ်များကို အသေးစိတ် ပိုမေးရတော့မည့်ပုံပေါ်၏။ သူသာ သူတို့ကို အစောကတည်းက ပြောခဲ့လျှင် အဆင့်နိမ့် သလင်းအမြူတေများ ပိုမိုစုဆောင်းထားမှာဖြစ်သည်။ သို့သော် ကံကောင်းသည်က သိပ်နောက်မကျသေးပေ။ ကုမင်ရွှမ်က စွမ်းအားရှင်အဖွဲ့အစည်း အပြင်ဘက်၌ ဈေးဆိုင်တန်းတစ်ခု တည်ဆောက်ကာ သူတို့၌ ရိက္ခာများ ပေါကြွယ်ဝသောကြောင့် သလင်းအမြူတေ အဆင့်မျိုးစုံကို စုဆောင်းရန် လူတစ်ယောက်ကို ခိုင်းလိုက်၏။ အမျိုးမျိုးသော အဖွဲ့များကလည်း အဆင့်နိမ့် သလင်းအမြူတေများစွာ စုဆောင်းထားပြီး ဖြစ်လောက်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset