အခန်း ၁၈၁။
လင်းယုန်ဘုရင်နှင့် လင်းယုန်ဘုရင်မနှင့်အတူ အခြေစိုက်စခန်းသို့ပြန်ခြင်း
ဘန်း
ငှက်အားလုံးကို ဘယ်သူကချက်ချင်း အနိုင်ယူလိုက်တာလဲ။ အဲ့ဒါက ကြီးမြတ်လှတဲ့ အံ့ဖွယ်သားရဲပဲပေါ့။
ဟေးယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ဆုံးတွင် လေထဲ၌ ကျန်နေသေးသော ရွှေရောင်လင်းယုန် အချို့ကလည်း ပုံမှန်အရွယ်အစားအဖြစ် ပြန်ကျုံ့သွားပြီးနောက် မြေကြီးပေါ် တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာ၏။ ယွင်ချဲ့သည် သေသွားသော ရွှေရောင်လင်းယုန်များကို အိတ်ထဲထည့်ရန် လက်ဝှေ့ယမ်းလိုက်သည်။ အကြည့်တစ်ချက်ဖြင့် လင်းယုန်များသည် ဒဏ်ရာရထားရုံသာဖြစ်ပြီး အသက်ရှင်လျက် ရှိနေကြောင်း တွေ့လိုက်ရသည်။ သူက ဟေးယွီ၏ပခုံးကို ပုတ်လိုက်၏။ ဟေးယွီက သူပြောချင်တာကိုသိပြီး မြေကြီးပေါ်၌ လှဲနေသော ရွှေလင်းယုန်များကို ပြောလိုက်၏။
“မင်းတို့ မသေသေးဘူးဆိုတာ သိတယ် ထကြ”
လင်းယုန်များဆီမှ တုံ့ပြန်မှုကို စောင့်မနေဘဲ ဟေးယွီက ကျုံ့လိုက်ကာ ယွင်ချဲ့ကို သူ့ကျောပေါ် သယ်ဆောင်လျက် ရှင်းဖုန်းဆီသို့ သွားလိုက်သည်။
“ဟေ့လူ မင်းကိုကြည့်ပါအုံး။ ခင်ဗျားက လင်းယုန်နည်းနည်း သေးသေးလေးတွေကိုတောင် မကိုင်တွယ်နိုင်ဘူး”
လူတိုင်းက မင်းလို အံ့ဖွယ်စွမ်းအား ရှိနေတာမှမဟုတ်တာ။ ဟုတ်ပြီလား။
မျက်ဆန်လှည့်လျက် ရှင်းဖုန်းသည် သူ၏ဖဲကြိုးကို ပြန်ဆွဲယူကာ ဝံပုလွေဘုရင်၏ ကျောပေါ်ကနေ ခုန်ဆင်းပြီး လျှောက်လိုက်တော့၏။
“မင်း သွေးနွယ်ပင် ရလာခဲ့လား”
“ဟင့်အင်း”
မြေကြီးပေါ် ခြေချကာစ ယွင်ချဲ့သည် ခေါင်းညိတ်လျက် ရှင်းဖုန်း၏နောက်၌ လှည့်နေသည့် တုန်ယင်နေသော လင်းယုန်နှစ်ကောင်ကို ကြည့်လိုက်သည်။ သူတို့သည် ပုံမှန်အရွယ်အစားဖြင့် အသွင်ပြောင်းခဲ့ပြီးပြီ ဖြစ်သော်ငြား သူတို့သည် တစ်မီတာကျော်ခန့် မြင့်နေသေး၏။ သူတို့၌ ခမ်းနားသည့်သွင်ပြင် ရှိသော်ငြား ဟေးယွီသည် ပိုခြိမ်းချောက်နိုင်စွမ်းရှိပြီး ပိုအစွမ်းထက်၏။
“ဟေးယွီ သူတို့တွေ ရှင်းဖုန်းရဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်ဖို့ ဆန္ဒရှိလားဆိုတာ မေးလိုက်”
အစက သူသည် ရှင်းဖုန်းအတွက် သိန်းငှက်တစ်ကောင်ကို ယဉ်ပါးအောင် ပြုလုပ်ပေးရန် စဉ်းစားခဲ့တာဖြစ်သည်။ သို့သော် ယခုအချိန်၌ သူ့၌ပိုကောင်းသည့် ရွေးချယ်မှုရှိနေပြီဖြစ်သည်။
“ငါပြောတာကြားလား တုန်ယင်နေတာ ရပ်လိုက်။ မဟုတ်ရင် မင်းတို့ကို အရှင်လတ်လတ် ဝါးမျိုပစ်မယ်”
တဖန် လျစ်လျူရှုခံရပြီးနောက် ဟေးယွီသည် အားနည်းသူကို အနိုင်ကျင့်သည့် လူဆိုးတစ်ယောက်ပမာ လင်းယုန်နှစ်ကောင်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။
“ကု”
ပိုကြီးသည့် ရွှေလင်းယုန်သည် ဒဏ်ရာရထားသည့် လင်းယုန်နား ကပ်သွားကာ ဟေးယွီကို လှည့်ကြည့်ပြီး ကုနေတော့၏။ သို့သော်ငြား မကြာမီ၌ အင်မတန် ကြောက်နေသည့်ပမာ မျက်လွှာချထားတော့သည်။
“သူတို့တွေက စုံတွဲဖြစ်ကြောင်း လင်းယုန်က ပြောတယ်။ သူတို့သေရင်တောင် တစ်ယောက်နဲ့ တစ်ယောက် မခွဲချင်ဘူးတဲ့။ နှစ်ယောက်လုံးက အဆင့်သုံးဖြစ်ပြီး အဆင့်လေး ရောက်ခါနီးပြီ။ ပိုသေးတဲ့အကောင်က အမ”
သူ့သခင် စိုက်ကြည့်တာ ခံရပြီးနောက် ဟေးယွီသည် သူတို့အတွက် ဘာသာပြန်ပေးရတော့သည်။ ယွင်ချဲ့က သူ၏စိတ်ကိုထိန်းလျက် အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အိမ်မွေးသားရဲနှစ်ကောင် ထားရင်ရော စိတ်ရှိမလား”
ရှင်းဖုန်းသည် လင်းယုန်နှစ်ကောင်ကို မလိုချင်ပါက သူတို့သည် ရှင်းချန်ကို တစ်ကောင်ပေးနိုင်၏။ အတူနေသည် ဖြစ်သောကြောင့် လင်းယုန်နှစ်ကောင်သည် ခွဲရမှာမဟုတ်ပေ။
“တစ်ကောင်ကမင်းအတွက် တစ်ကောင်က ငါ့အတွက်။ ဘယ်လိုထင်လဲ”
ရှင်းဖုန်းက အကြံယူလိုက်၏။
ယွင်ချဲ့က ပြန်မပြောနိုင်သေးခင် ဟေးယွီက ဒေါသထွက်သွားသည်။
“ငါ့ရဲ့သခင်မှာ ငါရှိပြီးသား။ သူကနောက်ထပ် အိမ်မွေးတိရိစ္ဆာန် မလိုဘူး”
သူ့ထံကနေ သူ့သခင်၏ အချစ်တစ်ဝက်ကို ခိုးယူရန် ကြိုးစားသည့် သားရဲရှိခဲ့လျှင် သူကထိုသားရဲကို ချက်ချင်းစားပစ်မှာပဲဖြစ်သည်။ သူ၏သခင်ကသူ့အတွက် တစ်ဦးတည်းမူပိုင်ပဲ။
“ဟား ဟား ခင်ဗျားကြားလား သူနဲ့မကြာခဏ အငြင်းပွားနေရလိမ့်မယ်”
ယွင်ချဲ့က လက်ဖြန့်လျက် ရယ်မောကာ ပခုံးတွန့်လိုက်တော့သည်။ ရွှေရောင်လင်းယုန်က သန်မာသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ ဟေးယွီရှိခြင်းက သူ့အတွက် လုံလောက်နေပြီဖြစ်သည်။
“ဒါဆိုကောင်းပြီလေ အိမ်မွေးတိရိစ္ဆာန်နှစ်ကောင် ပျိုးထောင်ရုံပဲပေါ့”
ရှင်းဖုန်းက ပြုံးပြီးပြောလိုက်၏။
ထိုအံ့ဖွယ်သားရဲသည် မနာလိုတတ်သည့် အမျိုးအစားမှန်း သိနေသောကြောင့် ရှင်းဖုန်းသည် ကျန်သည့် ရွေးချယ်စရာ မရှိမှန်း သဘောပေါက်သွား၏။ ယွင်ချဲ့အမိန့်ပေးတာကို စောင့်မနေဘဲ ဟေးယွီက ချက်ချင်းပင် လင်းယုန်နှစ်ကောင်ကို မော့ကြည့်ခိုင်းလိုက်ပြီး သူတို့ပါးစပ် ဟခိုင်းလိုက်၏။ သူသည် သူတို့ပါးစပ်ထဲသို့ သွေးနှစ်စက် ချပေးလိုက်သည်။
“ဒီနေ့ကစပြီး သူက မင်းရဲ့သခင်ပဲ။ ငါ့သခင်နား ကပ်တောင်မကပ်နဲ့”
“ကူ”
လင်းယုန်ငှက်နှစ်ကောင်က လေးဖင့်မနေဘဲ ကူလိုက်ကြ၏။ အံ့ဖွယ်သားရဲ၏သွေးသည် သူတို့၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် ဟေးယွီကြောင့် အကြော်ခံလိုက်ရသည့် လင်းယုန်အမ၏ တောင်ပံများက လျင်မြန်စွာ ပြန်ပေါက်လာပြီး ရှင်းဖုန်းကြောင့်ဖြစ်သည့် လင်းယုန်အထီး၏ ဒဏ်ရာများကလည်း ချက်ချင်းပင် ကုသပျောက်ကင်းသွားကာ ငှက်မွှေးအသစ်များ ပေါ်လာ၏။ သူတို့က တောင်ပံများ တဖြတ်ဖြတ်ခတ်လျက် ရှင်းဖုန်းကို ကြည့်ပြီး ခေါင်းညိတ်လိုက်ကြတော့သည်။ ယင်းက ယခုအချိန်တွင် ရှင်းဖုန်းက သူတို့၏သခင် ဖြစ်လာပြီဆိုသည့်အကြောင်း ကြေညာတာပဲဖြစ်သည်။
“သူတို့ကို နာမည်ပေးသင့်တယ် မထင်ဘူးလား”
ယွင်ချဲ့က ရှင်းဖုန်းကိုကြည့်ပြီး အကြံပြုလိုက်၏။ လင်းယုန်နှစ်ကောင်ကို လင်းယုန်အထီး လင်းယုန်အမဟု သူတို့ခေါ်၍မရသည် မဟုတ်ပါလော။
“လင်းယုန်ဘုရင်နဲ့ လင်းယုန်ဘုရင်မ”
ရှင်းဖုန်းသည် များများစားစား စဉ်းစားမနေဘဲ သူတို့နာမည်ကို ဆုံးဖြတ်လိုက်၏။ သူသည် ထိုလင်းယုန်များကို အိမ်တွင်ပျိုးထောင်မည် ဖြစ်သော်ငြား တောရိုင်းတိရိစ္ဆာန်များ အနေဖြင့် သူတို့၏ သဘာဝကို မဆုံးရှုံးစေချင်ပေ။
“ကြားရတာ ကောင်းသားပဲ”
သူတို့နာမည်များကို ဆုံးဖြတ်ပြီးနောက် ယွင်ချဲ့သည် လှည့်ထွက်သွားကာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော ရွှေရောင်လင်းယုန်များဆီ လျှောက်သွားလိုက်၏။ သူက မျက်လုံးမှိတ်လျက် အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် သူတို့ထဲမှ တစ်ကောင်ကို နယ်မြေစွမ်းအားထဲ ပို့လိုက်သည်။
“ဟမ်”
ထိုလင်းယုန်သည် လင်းယုန်ဘုရင် သို့မဟုတ် လင်းယုန်ဘုရင်မလောက် မကြီးမားသော်ငြား အရွယ်အစား ကြီးမားသေး၏။ သူ၏လည်ပင်းထဲ၌ ငံကျိကျိအရသာကို ခံစားလိုက်ရပြီး ယွင်ချဲ့က သွေးများ စီးမကျလာအောင် အမြန်နှုတ်ခမ်းစေ့ထားလိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် သူသည် ရွှေရောင်လင်းယုန်ကို စွမ်းအားနယ်မြေထဲ ထည့်နိုင်ခဲ့ပြီဖြစ်သည်။
“အမ်ဟမ်း”
“ချဲ့”
“အစ်ကို”
ရွှေရောင်လင်းယုန် ပျောက်ကွယ်သွားချိန် ယွင်ချဲ့က သွေးတစ်ပွက် အန်ပြီးနောက် မြေကြီးပေါ် ဒူးတစ်ဖက် ထောက်ကျသွားတော့သည်။ သူ့ကို စိုက်ကြည့်နေကြသည့် ကျန်သည့်သူများက စိတ်လောသွားကြ၏။ ယွင်ချဲ့က ဟန့်တားရန် လက်မြှောက်လိုက်သည်။ သူက ဝိညာဉ်စွမ်းရည် တစ်ပုလင်းကို ထုတ်ပြီးနောက် ၎င်းကိုသောက်ကာ နောက်ထပ် ရွှေရောင်လင်းယုန်ကို စွမ်းအားနယ်မြေထဲ ပို့လိုက်၏။ ထိုသို့ ပြုလုပ်ပြီးနောက် သူသည် နောက်ဆုံးတော့ လင်းယုန်အသစ် လေးကောင်ကို စွမ်းအားနယ်မြေထဲ ပို့နိုင်ခဲ့ပြီဖြစ်ကာ ဖြစ်စဉ်တစ်ခုလုံးက တစ်နာရီနီးပါး ကြာသွားသည်။
“ချဲ့”
နောက်ဆုံးရွှေရောင်လင်းယုန် ပျောက်ကွယ်သွားသည်နှင့် ရှင်းဖုန်းသည် မောပန်းနွမ်းနယ်နေပြီဖြစ်သော သူ့ကိုယ်ကို ကူတွဲရန်အတွက် ကမန်းကတန်း ရှေ့ရောက်လာ၏။ ယွင်ချဲ့ကလည်း သူ၏လက်မောင်းကို အမြန်ဆုပ်ကိုင်လာသည်။ နှုတ်ခမ်းရှိ သွေးများကို စိုက်ကြည့်ပြီး ယွင်ချဲ့က သူယခင်က တွေ့ကြုံခဲ့ဖူးသည့်ပမာ အမည်မသိ တိုက်တွန်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူက ယွင်ချဲ့၏လက်ကို အလိုလိုပင် ပိုပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်မိသည်။
“ချဲ့”
သူသည် အနေခက်လာ၏။ သူထုတ်မပြောချင်သော်ငြား သူ့ညီအစ်ကို၏ သွေးများကို မြင်တွေ့ချိန်၌ သူ့ကိုယ်သူ မထိန်းနိုင်ပေ။
သူစိတ်လှုပ်ရှားနေတာကိုမြင်ပြီး ယွင်ချဲ့က သူ့လက်ကိုဆုပ်ကိုင်ကာ အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်၏။
“အားလုံး အဆင်ပြေသွားလိမ့်မယ်။ အနားယူဖို့ပဲလိုတာ။ ငါဒဏ်ရာရထားတာကြောင့် မင်းကိုယ်မင်း အညံ့မခံလိုက်နဲ့”
ယခုအချိန်တွင် ယွင်ချဲ့သည် သွေးကို ထိုကဲ့သို့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှု မရှိသင့်ပေ။ ဒဏ်ရာရထားသည့်သူက ယွင်ချဲ့ဖြစ်နေသောကြောင့် အတိတ်တုန်းက သူတို့၏အစ်မ ဒဏ်ရာရပြီး သွေးအန်တာကို မြင်သည့်အချိန်၌ ပြင်းပြသည့် တုံ့ပြန်မှု ရှိသည့်အတိုင်း စိတ်ဆတ်လာတာပဲဖြစ်သည်။ ယွင်ချဲ့သည် ယွင်ချန်းအတွက် အဖေတစ်ယောက်နှင့်တူ၏။ ထို့ကြောင့် ယွင်ချန်းသည် သူသွေးထွက်နေတာကိုမြင်ပြီး လှုံ့ဆော်ခံလိုက်ရတာ သဘာဝကျပေ၏။ ထိုအဖြစ်အပျက်က သူနောက်ဆို ဂရုစိုက်ပြီး နောင်ကျ ယွင်ချန်းရှေ့၌ ဒဏ်ရာမရအောင် ရှောင်ရမည်ဆိုတာ သတိပေးလိုက်၏။
“အင်းအင်း”
ခေါင်းတစ်ချက် ညိမ့်ပြီးနောက် ယွင်ချန်းသည် အဆင့်သုံး သလင်းအမြုတေတစ်ခုကို ထုတ်ပြီးနောက် သူ၏ပါးစပ်ထဲ ထိုးသွင်းလိုက်သည်။ သူ့ဘေး၌ တစ်ချိန်လုံးရပ်နေသော လန့်ရဟန်က သူ့ကို ပွေ့ဖက်လိုက်၏။
“စိတ်မပူနဲ့ ငါတို့တွေ မင်းရဲ့အစ်ကိုကို ဟေးယွီရဲ့နောက်ကျောပေါ် ခေါင်းဆောင်ရှင်းကို သယ်သွားခိုင်းရအောင်လား။ သူအဆင်ပြေမှာပါ”
ယွင်ချန်းသည် ယွင်ချဲ့ဆီကနေ အကြည့်လွှဲပြီးနောက် သူ့ကိုပြုံးပြနေသော လန့်ယဲ့ဟန်ကို ကြည့်ပြီး တွေဝေနေလေ၏။ ခဏအကြာတွင် နောက်ဆုံးတော့ သူ၏အစ်ကိုကို လွှတ်လိုက်ကာ လန့်ယဲ့ဟန်ကို သူ့အား သယ်သွားခွင့်ပေးလိုက်သည်။
“သခင်ခုနတုန်းက အဆင်အခြင်မဲ့သွားတယ်။ အချိန်ယူသင့်တာ”
ပုံမှန်မဟုတ် တိတ်ဆိတ်နေသော ဟေးယွီသည် ရုတ်တရက် ထိုင်ချလိုက်၏။ သို့မှသာ ရှင်းဖုန်းသည် ယွင်ချဲ့ကို သူ့ကျောပေါ် တင်နိုင်မှာဖြစ်သည်။
“ဟား ဟား”
သူ့ကို ရှင်းဖုန်း စိုးရိမ်နေကြောင်းသိပြီး ယွင်ချဲ့က သိမ်မွေ့စွာ ရယ်မောလိုက်၏။ သူသည် ပင်ပန်းပုံပေါ်နေ၏။ အကြောင်းမှာ စွမ်းအားနယ်မြေထဲမှ ပြန်ကန်အားကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သို့သော် ခဏအနားယူပြီးနောက် သူပြန်ကောင်းလာလိမ့်မည်။ အဆင့်ချိုးဖျက်တက်ခြင်းနှင့် တိုးတက်မှု၌ တန်ကြေးတစ်ခု အမြဲတမ်းရှိသည်။
“သခင် သူပြောတာ ကြားရဲ့လား။ သူက ခင်ဗျားကို စိတ်ပူနေတာလေ”
ဟေးယွီက စိတ်တိုသွား၏။ သူအခွင့်အရေး ရချိန်၌ သူ၏သခင်အကြောင်း ဇောတကတက်ခဲ့သော်ငြား ယွင်ချဲ့ဒဏ်ရာရချိန်၌ သူသည် အားလုံးထက်ပို စိုးရိမ်ပူပန်တတ်တာဖြစ်သည်။
“အိမ်ပြန်ကြမယ်”
ယွင်ချဲ့ကို ဟေးယွီ၏ကျောပေါ် တင်ပေးပြီးနောက် ရှင်းဖုန်းသည် ကျောပေါ်တတ်ကာ ယွင်ချဲ့နောက်၌ထိုင်ကာ ယွင်ချဲ့ခါးကို ထိန်းဖက်ထားပြီး သူ့ကို သက်တောင့်သက်သာ အနေအထားရှိအောင် ပြင်ပေးလိုက်၏။ ယခုအချိန်တွင် လူတိုင်းက တိတ်ဆိတ်နေ၏။ လန့်ယဲ့ဟန်နှင့် ယွင်ချန်းတို့က သူတို့၏ စီးတော်သားရဲပေါ် ရောက်ချိန်၌ ဟေးယွီသည် တောင်ပေါ် စပြေးနေပြီဖြစ်သည်။ လင်းယုန်နှစ်ကောင်က ဝေဟင်၌ ပျံသန်းလျက် သူတို့နှင့် နီးကပ်စွာ လိုက်ပါလာသည့် နာရီပေါင်းများစွာ ဆူညံနေခဲ့သော တောအုပ်သည် နောက်ဆုံး၌ ၎င်း၏ငြိမ်းချမ်းမှု ပြန်ရရှိပြီး တုန်ယင်နေသော သန္ဓေပြောင်း သားရဲများက စိတ်အေးသွားကြ၏။
“ကြည့်အုံး အဲ့ဒါဘာလဲ”
“သိန်းငှက်တွေလား အကြီးကြီးပဲ သူတို့တွေက လင်းယုန်တွေထင်တယ်”
“ခေါင်းဆောင်ရှင်းနောက်က လိုက်လာတာပဲ။ ခေါင်းဆောင်ယွင်က နောက်ထပ် တိရိစ္ဆာန်နှစ်ကောင်ကို ယဉ်ပါးအောင် လုပ်လိုက်တာလား”
“လခွမ်း ခေါင်းဆောင်ယဉ်က အစွမ်းထက်တဲ့ တိုက်ခိုက်ရေး သားရဲတွေရဲ့ တိရိစ္ဆာန်ရုံတစ်ခု ဖွင့်ဖို့ ကြိုးစားနေတာလား”
သူတို့အခြေစိုက် စခန်းသို့ ပြန်လာချိန်၌ ညနေငါးနာရီ ထိုးခါနီးပြီဖြစ်သည်။ စွမ်းအားရှင် အဖွဲ့အစည်းသည် ယနေ့၌ မည်သည့်တာဝန်မှ မပေးအပ်သော်ငြား စွမ်းအားရှင်များစွာသည် ဖုတ်ကောင်များသတ်ပြီး သလင်းအမြုတေများ စုရန် အပြင်သို့ထွက်သွားတာဖြစ်သည်။ ထိုလူများသည် ယခုအချိန်၌ တစ်သုတ်ပြီး တစ်သုတ် အခြေစိုက်စခန်းသို့ ပြန်လာနေ၏။ ဝေဟင်၌ ပျံဝဲနေသော ရွှေရောင်လင်းယုန် နှစ်ကောင်ကို မြင်တွေ့ပြီး လူတိုင်းက အလိုလို ရပ်တန့်သွားမိသည်။ သူတို့က ဟေးယွီနှင့် ဝံပုလွေဘုရင်၏ ကျောပေါ်၌စီးပြီး အခြေစိုက်စခန်း၏ဂိတ်သို့ လာနေသည့်သူများကို ကြည့်ပြီးကာ အားကျမှု၊ မနာလို ဖြစ်မှုတို့ဖြင့် ထုတ်ပြောမိကြသည်။ သန္ဓေပြောင်း သားရဲများ၌ ကြီးမားလှသည့် တိုက်ပွဲဝင်စွမ်းအား ရှိသည်ဟု ဆိုကြသည်။ မည်သူက မလိုချင်ဘဲ ရှိမည်နည်း။ စစ်တပ်ကတောင် သန္ဓေပြောင်း သားရဲအချို့ကို အညံ့ခံအောင် ပြုလုပ်ချင်ခဲ့သည်။သို့သော် မည်သူကမှ တောင်တန်းထဲ မဝင်ရဲချေ။ ဖုတ်ကောင်သားရဲများသည် မကြာခဏ တိုးနေကျဖြစ်ပြီး သူတို့က ယဉ်ပါးအောင် ပြုလုပ်၍ရသည့် တိရိစ္ဆာန်များမဟုတ် အကြောင်းမှာ ထိုဖုတ်ကောင် သားရဲများသည် တိုက်ခိုက်ပြီး လူအများကို သတ်ဖြတ်ရာတွင်သာ စိတ်ဝင်စားသောကြောင့်ဖြစ်သည်။
ဘန်း
တန်းစီရာ၌ စိတ်မရှည်တော့ဘဲ ဟေးယွီသည် ခုန်ကျော်ကာ အခြေစိုက်စခန်းထဲ ခုန်ဝင်လိုက်၏။ သူ့နောက်၌ ဝံပုလွေဘုရင်က လိုက်ပါလာပြီး ရွှေရောင်လင်းယုန်နှစ်ကောင်လည်း ပါလာ၏။ မြို့ရိုးပေါ်ရှိ အစောင့်များသည် အသားကျနေကြပြီဖြစ်သည်။ သူတို့က ထိုသားရဲနှင့် တိရိစ္ဆာန်များကို တားရန် မကြိုးစားခဲ့ပေ။ သူတို့သည် ဟေးယွီကြောင့် စိတ်ပိုင်းဆိုင်ရာ ထပ်မံငြင်းပန်းမခံချင်သောကြောင့် ဖြစ်သည်။ မကြာမီ၌ လူလေးယောက်၊ သားရဲနှစ်ကောင်၊ ငှက်နှစ်ကောင်သည် အဝေး၌ ပျောက်ကွယ်သွားတော့၏။
“သူတို့တွေ တကယ်ကြီး ရွှေရောင်လင်းယုန်နှစ်ကောင်ကို ပြန်ခေါ်လာတာပဲ”
သူတို့၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေစဉ် ဗိုလ်ချုပ်ဆူက မျက်လုံးထဲ၌ အားကျမှု တစ်စွန်းတစ်စဖြင့် ရေရွတ်ပြောလိုက်သည်။ သို့သော် မကြာမီ၌ သူက သက်ပြင်းချလျက် စစ်သားတစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့သည် တောင်ပေါ်က ပြန်လာပြီ ဖြစ်ရုံသာမက သူတို့ လင်းယုန်နှစ်ကောင်ကိုလည်း အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့ကြောင်း သူတို့ခေါင်းဆောင်များဆီ သတင်းပို့ဖို့ ညွှန်ကြားလိုက်၏။ ယင်းက အရေးကြီးကိစ္စဖြစ်သည်။
သူတို့အိမ်သို့ ပြန်ရောက်ပြီးနောက် ရှင်းဖုန်းသည် ယွင်ချဲ့ကို သူတို့အိပ်ခန်းထဲသို့ သယ်သွား၏။ ယွင်ချဲ့က ငြင်းမနေတော့ချေ။ ရှင်းဖုန်းကို သွေးနွယ်ခွင့် အသုံးပြုရမည့်ပုံကို ပြောပြီးနောက်သူသည် အနားယူရန်အတွက် သူ၏စွမ်းအားနယ်မြေထဲသို့ သွားလိုက်၏။ ဟေးယွီက အထဲသို့ လိုက်လာသည်။ ယွင်ချဲ့ မကြာမီ၌ ပြန်ကောင်းလာမည်မှန်း သိနေသောကြောင့် ရှင်းဖုန်းသည် သိပ်ပြီး စိုးရိမ်ပူပန်မနေတော့ချေ။ သူက အောက်ထပ် ဆင်းပြီးနောက် ကူးမင်ရွှမ်းကို သွေးနွယ်ပင်၏ အမြစ်ကို ကန်တွေဆီယူသွားပြီး အဖွဲ့မှူးချင်ကို အမြစ်ပြုတ်ခိုင်းလိုက်၏။ သူသည် သစ်သားစွမ်းအားရှင်များ အားလုံးကို ချက်ချင်း စုဝေးခိုင်းရန်လည်း အမိန့်ပေးလိုက်၏။
အဖွဲ့မှူးချင်သည် အမြစ်ကို ပြုတ်ပြီးနောက် ရှင်းဖုန်းသည် လူတိုင်းကို နည်းနည်း သောက်ခိုင်းလိုက်သည်။ ပြီးနောက် ယွင်ချဲ့ အပိုင်းပိုင်း ခွဲပေးထားသော သွေးနွယ်ပင်ကို ထုတ်ပြီးနောက် သစ်သားစွမ်းအားရှင်များကို သူတို့အစုအဝေး၏ ခြံစည်းရုံးအောက်၌ အပိုင်းများ စိုက်ပျိုးခိုင်းလိုက်၏။ ပြီးနောက် တက်နိုင်သမျှမြန်မြန် သူတို့ကြီးပြင်းလာအောင် စွမ်းအားများ အသုံးပြုခိုင်းလိုက်၏။ ညစာစားချိန် ဖြစ်နေသော်ငြား လူတိုင်း၏ အပင်များ သွားစိုက်ပျိုးသည်။ မုန့်စီကိုယ်တိုင်လည်း ပြတင်းပေါက်နှင့် သူတို့ဗီလာ၏ အပင်အောက်တွင် အချို့စိုက်ပျိုးခဲ့၏။
“ချဲ့ အဆင်ပြေရဲ့လား”
“သူပင်ပန်းနေတော့မယ် အနားယူပြီးသွားရင် အဆင်ပြေသွားလိမ့်မယ်။ ဝမ်းယန်ဆီက သတင်းရသေးလား”
ဆိုဖာပေါ်တွင် မှီထိုင်လျက် ရှင်းဖုန်းသည် သူ၏နှာရိုးကို ပွတ်သပ်လိုက်၏။ ယနေ့ ကိစ္စများစွာ ဖြစ်ပျက်သွားသောကြောင့် သူသည်လည်း ပင်ပန်းနေပြီဖြစ်သည်။
“ဗိုလ်ချုပ်မော့က အခြေစိုက်စခန်းထဲ ရှာဖွေဖို့ အမိန့်ပေးထားပြီး ကိုယ်ပျောက်စွမ်းအားရှင်က သူ့စခန်းထဲ ခိုးဝင်လာတယ်လို့ အားလုံးယုံကြည်အောင် လုပ်နေပါတယ်။ ပြီးတော့သူက ရှာဖွေပြီးတဲ့နောက် တစ်နာရီအကြာမှာ ကိုယ်ပျောက်စွမ်းအားရှင်ကို ဖမ်းမိခဲ့ကြောင်း အများကို ကြေညာခဲ့တယ်။ စကားတွေအရတော့ အခုဝမ်စစ်တပ် တစ်ခုလုံးက ကြောက်လန့်နေပြီ။ ဗိုလ်ချုပ်မော့က ကိုယ်ပျောက် စွမ်းအားရှင်တစ်ယောက်ကို ပြန်ပေးဆွဲပြီး သူ့ကိုအမိန့်ပေးပြီး မော့စစ်တပ်ထဲ ခိုးဝင်ခိုင်းတဲ့သူက ဝေ့ခန်းဖြစ်ကြောင်း ပြောခိုင်းနေတယ်။ ပြီးတော့ သူ့ရဲ့ အဖော်အပေါင်းတွေလည်း ဝမ်စခန်းထဲ ခိုးဝင်လာတယ်။ မော့ဗိုလ်ချုပ်ကလည်း ကိုယ်ပျောက်စွမ်းအားရှင်ကို မော့စစ်တပ်ကနေ ခိုးခဲ့တဲ့အကြောင်း ပြောခိုင်းပြီး ဝေ့ခန်းဆီ သတင်းပြန်ပို့ခိုင်းခဲ့တာ။ ဒါကြောင့် ဝေ့စစ်တပ်က သိက္ခာကျပြီပဲ”
ယွင်ချဲ့ အဆင်ပြေကြောင်း သိပြီးနောက် လူတိုင်း စိတ်သက်သာရာ ရသွားသည်။ ကူးမင်ရွှမ်းက မော့ရန်၏ အစီအစဉ်အကြောင်းကို ရှင်းဖုန်းကို ပြောပြလိုက်၏။ အစီအစဉ်က သူတို့ဆုံးရှုံးမှုအတွက် ဖာထေးနိုင်ပြီး ဝေ့ခန်းကို ပိုတောင် သံသယ ဖြစ်သွားအောင် ပြုလုပ်နိုင်၏။ သူတို့သာ ထိုစစ်တပ်နှစ်တပ်ကြား အောင်မြင်စွာ သွေးထိုးနိုင်ခဲ့လျှင် မော့စစ်တပ်က အကျိုးအမြတ် အရှိဆုံးဖြစ်လိမ့်မည်။
“ဟုတ်ပြီ ငါတို့တွေ ကိုယ်ပျောက်စွမ်းအားရှင် တစ်ယောက်ကို ဖမ်းနိုင်ခဲ့ရင် ဝေ့စစ်တပ်ကို တိုက်ခိုက်ဖို့ တကယ် အစီအစဉ်ကောင်း တစ်ခုပဲ။ ဒါပေမဲ့ ငါတို့တွေ ဝမ်ဝေ့ကို လျော့မတွက်သင့်ဘူး။ သူ့ကို ကူညီပေးမဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်။ ငါတို့သူ့ကို ခဏလောက် အရူးလုပ်နိုင်ပေမဲ့ အနှေးနဲ့အမြန် သူအသိတရား ဝင်လာမှာပဲ။ ဒါထက်ပိုတာက ဝေ့စစ်တပ်က သူတို့စခန်းထဲ ထောက်လှမ်းရေးတစ်ယောက် ပို့ခဲ့ကြောင်း သက်သေပြခဲ့ရင်တောင် ဝမ်ဝေ့က ဝေ့စစ်တပ်ကို မသွားခင်မှာ အကျိုးအမြတ် တွက်ဆမှာပဲ။ သူက သူတို့တိုက်ခိုက်မှုကနေ မော့စစ်တပ်ကို အမြတ်ထုတ်သွားစေချင်မှာ မဟုတ်ဘူး။ ပိုသန်မာလာစေချင်မှာ မဟုတ်ဘူး။ ဝေ့စစ်တပ် အဖယ်ခံလိုက်ရပြီဆိုတာနဲ့ သူ့ရဲ့တပ်ဖွဲ့က မော့စစ်တပ်ရဲ့ နောက်ထပ်ပစ်မှတ် ဖြစ်လာမယ်ဆိုတာ လူတိုင်းထက် သူပိုကောင်းကောင်းသိတယ်။ ဝမ်ဝေ့က ဒီလိုဖြစ်ခွင့်ပေးမယ် မထင်ဘူး”
သူတို့၏ ရည်ရွယ်ချက်များကို မြင်ပြီးနောက် ရှင်းဖုန်းသည် ကူးမင်ရွှမ်းကို သတိပေးလိုက်၏။ ဝမ်ဝေ့နှင့် ဝေ့ခန်းသည် အရူးများ မဟုတ်ပေ။ ထို့ပြင်သူတို့သည် မှားယွင်းသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းကနေ သူတို့ကို ကာကွယ်ခဲ့သည်ဟု ထင်နေတာပဲဖြစ်မည်။ ထို့ကြောင့် သူတို့ကို အရူးလုပ်ရန် မလွယ်ကူချေ။
“ငါသိပြီ”
ကူးမင်ရွှမ်းသည် သုန်မှုန်သော အကြည့်ဖြင့် ပြန်ပြောလိုက်၏။ ကိစ္စရပ်များက သူတွေးထင်သကဲ့သို့ မရိုးရှင်းကြောင်း သဘောပေါက်သွားသည်။ သူတို့ရန်သူသည် စက်ရုပ်များအစား လူသားများဖြစ်နေ၏။ ထို့ကြောင့် ထိုလူများသည် သူမှန်းဆထားသည့်အတိုင်း တစ်ထပ်ထဲ တုံ့ပြန်လိမ့်မည်ဟု သူမမျှော်လင့်ထားသင့်ပေ။ ထိုသေးငယ်သည့် အောင်ပွဲက သူ့ကိုအနည်းငယ် လျော့ရဲသွားစေပုံပေါ်၏။
…