YMR- အခန်း ၁၆၃

အခန်း ၁၆၃။

တိုက်ခိုက်ဖို့ ရွေးချယ်ခြင်း
“ချဲ့ ဘယ်လိုတာဝန်မျိုး ငါတို့ရွေးသင့်လဲ ဒီနေ့က မုန့်ရွှီပထမဆုံး တာဝန်ထမ်းဆောင်တဲ့နေ့ ရိုးရှင်းတာလေး ရွေးကြရအောင် ဘာပြောမလဲ”
လူတိုင်းသည် မစ်ရှင်တစ်ခုပြီးတစ်ခု ရွေးချယ်ခဲ့ကြ၏။ ယွင်ချဲ့သည် ထိပ်ဦးအဖွဲ့သို့ ပြန်ရောက်သည့်အချိန်၌ သူတို့သည် မစ်ရှင်ပြဇယားဆီသို့ အတူသွားလိုက်ကြသည်။ အနားရှိလူများက သူတို့ကို နွေးထွေးစွာ နှုတ်ဆက်စကားပြောပြီးနောက် သူတို့အတွက် အလိုလိုပင် လမ်းဖယ်ပေးမိကြ၏။ ယွင်ချဲ့တစ်ခါက ပြောခဲ့ဖူးသည့်အတိုင်း သူတို့က တမူထူးခြားသည်။ ကော်ပီကူးသူများက သူပါရန် ကြိုးစားသည့်အဖွဲ့ကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ပေ။ ကမ္ဘာပျက်ကပ်အသူရာကဲ့သို့ အဖွဲ့များက ကျန်သည့်သူများဆီ၌ ဤကဲ့သို့လေးစားမှုမျိုး ရမှာမဟုတ်ပေ။
“အမြဲတမ်းအဆင့်နှစ်ရထားတဲ့ ထိပ်ဦးအဖွဲ့မဟုတ်ဘူးလား ဒီနေ့ ဘယ်လိုမထင်မရှားမစ်ရှင်မျိုးကို မင်းတို့တွေ လုပ်မလို့လဲ”
ရုတ်တရက် လှောင်ပြောင်ထေ့ရိသည့် အသံတစ်သံ ပေါ်ထွက်လာ၏။ အနားရှိလူများက လှည့်ကြည့်လိုက်ရာ လူတစ်ဒါဇင်လျှောက်လာတာကို တွေ့လိုက်ရသည်။ မစ်ရှင်ဇယားဆီသို့ ရောက်လာခါစ ယွင်ချဲ့က တစ်ချက်လှည့်ကြည့်ပြီး ကျိုးဇယ်ယွီက သူ့ကို တီးတိုးပြောပြလိုက်၏။
“အဲဒါက ကမ္ဘာပျက်ကပ်အသူရာလေ၊ ခေါင်းဆောင်က လော့ဟွိုင်၊ အဆင့်သုံး မီးစွမ်းအားရှင် ပြီးတော့ စကားပြောလိုက်တဲ့သူက ထောင်ချန်း၊ နယ်မြေစွမ်းအားရှင်လေ သူ့ရဲ့ကြံ့ခိုင်တဲ့သွင်ပြင်ကြောင့် အလိမ်မခံနဲ့ သူ့ကို ငါလက်နှစ်ချောင်းထဲနဲ့ ဖိချေလိုက်နိုင်တယ်”
“လေစွမ်းအားရှင်တစ်ယောက်အနေနဲ့ နယ်မြေစွမ်းအားရှင်တစ်ယောက်ကို ဖိချေမဲ့အကြောင်း ကြွားနေတာက နည်းနည်းတော့ ရှက်စရာကောင်းမနေဘူးလား”
ယွင်ချဲ့က ကျိုးဇယ်ယွီကို အထင်တသေးတစ်ချက်ကြည့်ပြီးနောက် ခေါင်းခါကာ လှည့်ထွက်သွားလေ၏။ ကျိုးဇယ်ယွီက ငြင်းတော့သည်။
“ဘာရှက်စရာရှိလဲ အနည်းဆုံးတော့ သူ့ရဲ့စိတ်ပျက်စရာကောင်းတဲ့အသံကို ပျောက်သွားအောင် လုပ်နိုင်တာပဲလေ”
ကျိုးဇယ်ယွီ၏အဘိဓာန်တွင် ရှက်ရွံ့သည်ဟူသော စကားလုံးမရှိပေ။ သို့‌သော် သူ၏အသင်းဖော်များအားလုံးက ယခုအခေါက်တွင် သူပြောတာ ထောက်ခံ၏။ မည်သူကမှ ထိုလူ၏စိတ်ပျက်စရာကောင်းသောအသံကို နားဆင်လိုမှာမဟုတ်ပေ။
“ကောင်းပြီလေ သွားလုပ်လိုက် လူငယ်လေး”
တစ်ချက်ရယ်မောပြီးနောက် ယွင်ချဲ့က ကျိုးဇယ်ယွီ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ ပြီးနောက် သူသည် မစ်ရှင်ဇယားဆီသို့ သွားပြီးနောက် ညသန်းခေါင်မတိုင်မီ အိမ်ပြန်နိုင်သည့် ရိုးရှင်းသော တာဝန်တစ်ခုကိုရှာရန် ကြိုးစားလိုက်၏။ သူက အိမ်တွင်နေရတာ နှစ်ခြိုက်၏။ ထို့ကြောင့် သူသည် တတ်နိုင်လျှင် ခရီးရှည်များကို ရှောင်ကြဉ်၏။
ယွင်ချဲ့က ထိုလူများကို လျစ်လျူရှုထားပြီး သူ့အဖွဲ့ထဲရှိ ကျန်သည့်သူများကလည်း လျစ်လျူရှုထား၏။ အနားသို့လျှောက်လာနေစဉ် ကမ္ဘာပျက်ကပ်အသူရာအဖွဲ့ဝင်များက ရှက်ရွံ့လာ၏။ အထူးသဖြင့် ထိပ်ဦးအဖွဲ့ကို လှောင်ပြောင်လိုက်သော ထောင်ချန်းပင်ဖြစ်၏။ အနားတဝိုက်ရှိ စွမ်းအားရှင်များအားလုံးက တိတ်တဆိတ် လှောင်ရယ်ကြတော့၏။
“အင်း ထိပ်ဦးအဖွဲ့ကတော့ ဒီလူကို တိတ်တဆိတ် ဖြတ်ရိုက်လိုက်တာပဲ ဒါက အတော်နာမှာပဲ”
“ကြည့်ပါဦး နောက်ထပ် မျက်နှာလှလှလေးနှစ်ခု မင်းတို့ရဲ့သေးသွယ်တဲ့ပုံရိပ်နဲ့ ဘာများလုပ်နိုင်မှာလဲ ဖုတ်ကောင်တွေရဲ့ ညစာအဖြစ် စေတနာ့ဝန်ထမ်းလုပ်မလို့လား”
ကမ္ဘာပျက်ကပ်အသူရာသည် စာရင်းသွင်းပြီးနောက် အလျင်အမြန်ပဲ ထိပ်တန်းသုံးနေရာသို့ ရောက်လာလေရာ ၎င်း၏အဖွဲ့ဝင်တိုင်း ဂုဏ်ယူဝင့်ကြွားရန် အကြောင်းပြချက် ရလာတော့၏။ အများရှေ့တွင် အရှက်ခွဲခြင်းကို သူတို့အလွတ်မပေးပေ။ သို့သော်ငြား ထောင်ချန်းပြောပြီးသည်နှင့် ကြည့်နေသည့်သူများအားလုံးက နောက်သို့ တိတ်တဆိတ် ဆုတ်လိုက်မိ၏။ သူတို့ပြောနေသည့် မျက်နှာလှလှလေးများထဲမှ တစ်ဦးသည် ထိပ်ဦးအဖွဲ့ခေါင်းဆောင်ပဲ ဖြစ်သည်။ ခန်းမထဲ၌ သူသည် ရှန်းယန်အဖွဲ့တစ်ဖွဲ့လုံးကို သူတစ်ယောက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့တာဖြစ်၏။ သူသည် ထိုအဖွဲ့၏မျက်နှာကို အကြိမ်ပေါင်းများစွာ ဖြတ်ရိုက်ခဲ့ရာ ၎င်းက နာကျင်နေသေး၏။ ထောင်ချန်းသည် သူနှင့် သွားရှုပ်ခြင်းက သူ့သေတွင်းသူ တူးနေတာပဲဖြစ်သည်။
“ဟားဟား ခေါင်းဆောင် ဒီကောင်က အကောင်းကြိုက်သားပဲ မင်းနဲ့မုန့်ရွှီက တကယ်လှပါရဲ့၊ ဒါပေမဲ့ အဲ့ဒါက ဖုတ်ကောင်တွေရဲ့ညစာနဲ့ ဘာများသက်ဆိုင်လို့လဲ၊ ဖုတ်ကောင်တွေက မင်းတို့ရဲ့ ချောမောခံ့ညားတဲ့သွင်ပြင်ကို မနာလိုဖြစ်နေတာများလား ဒီလိုဆိုရင် ဂရုစိုက်သင့်တယ်နော် ရုပ်ဆိုးတဲ့လူတချို့နဲ့မတူဘဲ ငါတို့ထိပ်ဦးအဖွဲ့ဝင်တိုင်းက ထူးချွန်ထက်မြက်တဲ့သွင်ပြင် ရှိကြတယ် ငါတို့တွေ ဖုတ်ကောင်တွေအားရုံစိုက်မှုကို မလိုချင်ဘူးနော် ဟုတ်တယ်မလား”
“ဟားဟား”
ယွင်ချဲ့၏ပခုံးပေါ်တွင်လှဲနေသော ဟေးယွီက နောက်ဆုံးတွင် သူအသုံးဝင်ကြောင်းပြရန် အခွင့်အရေးတစ်ခု ရသွားပြီဖြစ်၏။ သူပြောပြီးသည်နှင့် ထိပ်ဦးအဖွဲ့တစ်ဖွဲ့လုံးက ရယ်မောကြသည်။ သို့သော်ငြား ကမ္ဘာပျက်ကပ်အသူရာ အဖွဲ့ဝင်များကမူ ရှုံ့မဲ့နေလေ၏။ သူ့ကို လှောင်ရယ်စရာကို မြင်နေကြသော ရပ်ကြည့်နေသူများကလည်း ရယ်မောလိုက်ကြ၏။ ထိုလူများက သူ့ကို စပ်စပ်စုစုဖြင့် မကြည့်ကြတော့ပေ။ သူ၏နောက်ဆုံးတာဝန်ကြောင့် အခြေစိုက်စခန်းထဲ၌ သူသည် နာမည်ကြီးလာသော်ငြား လူအများစုအတွက် သူ့ကို လူကိုယ်တိုင်တွေ့တာ ပထမဆုံးအကြိမ်ဖြစ်၏။ ခွေးတစ်ကောင်က လူသားဘာသာစကားကို အမှန်တကယ် ပြောနိုင်၏။
“မင်း ပြောရဲတယ်ပေါ့”
ရုပ်ဆိုးသောလူများဟူ၍ ရည်ညွှန်းပြော‌ဆိုသည်က ဒေါသထွက်စရာ ကောင်းလွန်း၏။ သို့သော် ထောင်ချန်းက ထခုန်တော့မည့်အချိန်တွင် သူ၏ခေါင်းဆောင် လော့ဟွိုင်က သူ့ကို ဟန့်တားရန် လက်မြှောက်လိုက်လေ၏။ သူ၏အကြည့်ကို ဟေးယွီဆီကနေ ယွင်ချဲ့ဆီသို့ ပို့လိုက်၏။
“ခေါင်းဆောင်ယွင် ခင်ဗျားကိုတွေ့ရတာ ဂုဏ်တက်စရာပါပဲ”
ယင်းက ယဉ်ကျေးပြီး လေးစားသည့် အသိအမှတ်ပြုမှုမျိုး ဖြစ်သော်ငြား လေ့ဟွိုင်၏လေသံက ရန်လိုမှုများဖြင့် ပြည့်နေလေ၏။ ပွဲကြည့်ပရိသတ်များသည် တိတ်တဆိတ် ရယ်ရမည်လား စပ်စုနေသည်လားမသိ သူတို့အကြည့်က ယွင်ချဲ့ဆီ ရောက်သွားတော့သည်။
“မင်းက ဘယ်သူလဲ”
ယွင်ချဲ့သည် လက်ဆွဲ နှုတ်ဆက်ရန်အတွက် ထွက်လာသည့် ထိုလက်ကို လျစ်လျူရှုထားပြီး‌နောက် လော့ဟွိုင်ကို ဇဝေဇဝါအကြည့်ဖြင့် ကြည့်လိုက်လေ၏။ တည်ငြိမ်မနေနိုင်တော့ဘဲ လော့ဟွိုင်က အနည်းငယ် တောင့်တင်းသွားပြီးနောက် အနေခက်ကာ သူ၏လက်ကို ပြန်ရုပ်လိုက်တော့၏။ အစောတုန်းက သူဟန့်တားတာ ခံလိုက်ရသော ထောင်ချန်းသည် ရှေ့သို့ ကမန်းကတန်းတက်သွားလိုက်သည်။
“ဒီမှာ ဘယ်သူနဲ့တွေ့တာလဲ ကြည့်စမ်းပါဦး၊ အရှုံးသမားအဖွဲ့ခေါင်းဆောင်ပဲ မင်းကိုယ်မင်း အခြေစိုက်စခန်းရဲ့ ခေါင်းဆောင်လို့ တကယ်ထင်နေတာလား”
“အင်း ဒုတိယအဆင့်ရထားတဲ့အဖွဲ့က အရှုံးသမားအဖွဲ့ဆိုရင် အမြဲတမ်း တတိယအဆင့်ရတဲ့အဖွဲ့ကို ဘာခေါ်ရမလဲ”
“ဟားဟား ချဲ့… မင်းက ဉာဏ်ကြီးရှင်ပဲ”
လွန်ခဲ့သည့်တစ်မိနစ်က သူသည် ထိုလူများအားလုံးကို မသိသည့်ပမာ ပြုမူခဲ့၏။ သိသော် သူက ယခု သူတို့အဖွဲ့၏ အဆင့်ကို ထုတ်ပြနေသည်။ သူက သူတို့ကို သဘောမကျသောကြောင့် တမင်တကာ အရှက်ခွဲသည်ဆိုတာ သိသာနေလေ၏။ သူတို့အားလုံး ဒေါသထွက်လျက် အံတကြိတ်ကြိတ်ဖြစ်နေတာကို သတိပြုမိပြီး ကျိုးဇယ်ယွီက ထပ်မံ ရယ်မောမိပြန်၏။ ကမ္ဘာပျက်ကပ်အသူရာ အနိုင်ကျင့်တာ ခံခဲ့ရသောအဖွဲ့တချို့ကလည်း သူတို့အတွက် ထိပ်ဦးအဖွဲ့က လက်စားချေပေးသောကြောင့် တိတ်တဆိတ် ကျေးဇူးတင်နေကြ၏။
“မင်း မကြာခင်မှာ ငါတို့မင်းကို အနိုင်ယူမှာ”
ထောင်ချန်းသည် ယွင်ချဲ့ကို ဒေါသတကြီး လက်ညှိုးထိုးပြီးနောက် ဒေါသထွက်နေသောလေသံဖြင့် ပြောလိုက်၏။ ယွင်ချဲ့က အကြည့်လွှဲကာ အဝတ်အစားပြင်လိုက်သည်။
“ဘာနဲ့လဲ နယ်မြေစွမ်းအားရှင်မင်းကလား ကောင်းပြီလေ ငါသိချင်တာပဲ နယ်မြေစွမ်းအားရှင်တစ်ယောက်က ဘယ်ချိန်ကစပြီး တိုက်ပွဲစွမ်းအားရှိသွားတာလဲ မင်းငါ့ကို အနိုင်ယူချင်တယ်ဆိုရင် မင်းအမေဗိုက်ထဲပြန်သွားပြီး ပြန်မွေးဖွားလာမှာ စောင့်နေလိုက်ဦး”
ယွင်ချဲ့သည် သိမ်မွေ့ပြီးတိုးသဲ့သောလေသံဖြင့် ပြောသွားသော်ငြား ထေ့ရိမှုများ တစက်စက်ကျနေကာ ထောင်ချန်းကို ဒေါသကြောင့် တုန်ယင်သွားစေ၏။
“မင်းရဲ့စွမ်းအားမသုံးဘဲ တစ်ယောက်ချင်း တိုက်ခိုက်ရဲတဲ့သတ္တိရှိလား”
ထိုလူသည် ဒေါသကြောင့် ရူးသွားတာပဲဖြစ်ရမည်။ သူ့၌ သန်မာသည့်ခန္ဓာရှိနေတာကို တွေ့ပြီး ထောင်ချန်းက ယွင်ချဲ့ကို သူနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရန် စိန်ခေါ်နေတော့သည်။
“ဝူး”
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ခန်းမထဲရှိလူတိုင်းက တစ်ယောက်ပြီးတစ်ယောက် လှောင်ပြောင်ကြတော့သည်။ ထိုသို့ပြောခြင်းက သူမည်မျှ အရှက်မဲ့သနည်း။ တစ်ရာ့ရှစ်ဆယ်စင်တီမီ‌တာကျော် မြင့်မားသည့် သန်မာသည့်သူတစ်ယောက်အနေဖြင့် သူ့ထက် အရပ်ပိုပုပြီး ပိန်ပါးသောယွင်ချဲ့နှင့် တိုက်ခိုက်ရန် ရွေးချယ်သည့်အချိန် အရှက်ရမှုကို မခံစားရလေသလော။
“ထောင်ချန်း”
“လာလေ ဟေ့လူ ငါအဲ့လောက်မတုံးဘူး ငါ့မှာ စွမ်းအားရှိနေတဲ့အချိန် မင်းနဲ့တိုက်ခိုက်ဖို့ ငါ ရုပ်ခွန်အားကို ဘာကြောင့်အသုံးပြုရမှာလဲ”
လော့ဟွိုင်သည် ထောင်ချန်းကိုတားရန် ကြိုးစားသော်ငြား ယွင်ချဲ့က သူ့ကို ဖြတ်ပြောလိုက်၏။ အတော်ကြာပြီးနောက် ယွင်ချဲ့က ဆက်ပြောလိုက်သည်။
“မင်းက သာမန် စွမ်းအားရှင်တစ်ယောက်ဖြစ်နေချိန် ငါကတော့ ထိပ်ဦးအဖွဲ့ခေါင်းဆောင်လေ၊ ငါမင်းကို ရိုက်ထုတ်လိုက်ရင် လူတွေက ငါမင်းကို အနိုင်ကျင့်တယ်လို့ပြောမယ်၊ ဒါပေမဲ့ မင်းစိန်ခေါ်တာကို ငါ လက်မခံပြန်ရင်လည်း ငါမင်းကို ကြောက်နေတာလို့ တခချို့တွေက တွေးဦးမယ် ဒီလိုဆိုရင်ရော ဘယ်လိုလဲ ငါ့အဖွဲ့ထဲမှာ နယ်မြေစွမ်းအားရှင်ရှိတယ်၊ သူကလည်း လူသစ်တစ်‌ယောက်ပဲ ဒီနေ့က သူတာဝန်ထမ်းဆောင်တဲ့ ပထမဆုံးရက် မင်းတို့နှစ်ယောက် လက်ရည်ယှဉ်ကြပါလား”
ယွင်ချဲ့သည် တခြားသူကို ပြောနေတာမဟုတ်။ မျက်လုံးပျောက်ကင်းခါစ မုန့်ရွှီကိုပြောတာပဲဖြစ်သည်။ ထို့အပြင် သူဒဏ်ရာရထားသော ခြေထောက်ကို ရှို့ကျဲက ကုသပေးပြီးဖြစ်၏။ တစ်နည်းဆိုရလျှင် လက်ရှိ၌သူက အပြည့်အဝ ပြန်ကောင်းသွားပြီဖြစ်သည်။ ကျန်သည့်သူများ မတုံ့ပြန်နိုင်သေးခင် ထိပ်ဦးအဖွဲ့သားများအားလုံးက ယွင်ချဲ့ကို မယုံနိုင်စွာ စိုက်ကြည့်နေကြ၏။ အကြောင်းမှာ ယွင်ချဲ့သည် စွမ်းအားနှစ်မျိုး ရှိသည့် စွမ်းအားရှင်မုန့်ရွှီကို ထိုလူရင်ဆိုင်တိုက်ခိုက်အောင် လှည့်စားရန် ကြိုးစားနေတာကို မယုံနိုင်သောကြောင့်ဖြစ်၏။ ယင်းက ညစ်ပတ်သည့်အကွက်ပဲဖြစ်သည်။
“သူလား”
သူ၏ခေါင်းဆောင် သတိပေးနေသည့်အကြည့်ကို လျစ်လျူရှုပြီး ထောင်ချန်းက ယွင်ချဲ့ထက် ပိုအားနည်းပုံပေါ်သော မုန့်ရွှီကို အထင်တသေး ကြည့်လိုက်၏။ နှစ်ယောက်လုံးက နယ်မြေစွမ်းအားရှင်များ ဖြစ်သော်ငြား သူသည် ဤဖျားနာနေသောကြက်ကို ဖြေရှင်းရသည်က ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသည့်ပမာ လွယ်ကူလှသည်ဆိုတာ ယုံကြည်၏။
“ဟုတ်တယ် သူပဲ မင်းသူ့ကို အနိုင်ယူနိုင်တယ်ဆိုရင် သူ့ကို မင်းကြိုက်တာ လုပ်လို့ရတယ် တိုက်ခိုက်မှုက အကန့်အသတ်မရှိဘူး မင်းမှာ မရည်အချင်းရှိရင် သူ့ကို သတ်လိုက်လို့ရတယ် ဘယ်လိုလဲ သူနဲ့တိုက်ခိုက်ဖို့ သတ္တိရှိလား”
ယွင်ချဲ့သည် သူ့အဖွဲ့ဝင်၏ ဘေးကင်းလုံခြုံရေးကို ဂရုမစိုက်သည့်ပမာ အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်လိုက်၏။ သူတို့ခေါင်းဆောင်က ထိုလူကို အကောက်ကြံရန် ကြိုးစာနေမှန်း သိသည့်တိုင် ထိပ်ဦးတစ်ဖွဲ့လုံးက သူတို့သည် ယင်းကို လက်မခံသည့်ပုံစံ ဟန်ဆောင်နေလျက် မျက်မှောင်ကြုတ်နေသည့်အကြည့်ဖြင့် ဟန်ဆောင်နေကြရတော့သည်။
“ပြဿနာမရှိဘူး”
“နေဦး”
ထောင်ချန်းသည် တွေဝေမနေဘဲ လက်ခံလိုက်လေ၏။ သူက အနိုင်ရမည့်သူဆိုတာ ယုံကြည်နေသောကြောင့် ဖြစ်သည်။ သိာ့သော် လော့ဟွိုင်သည် ထောင်ချန်းကိုတားပြီးနောက် ယွင်ချဲ့ကိုကြည့်လိုက်၏။ သူတို့ရထားသည့် သတင်းများအရ ယွင်ချဲ့သည် သူ၏အသင်းဝင်များကို ဂရုမစိုက်သည့်သူမဟုတ်ပေ။ ဆိုလိုသည်က သူ၏လူ အနိုင်ရမည်ဆိုတာ မသေချာဘဲ တိုက်ခိုက်ရန် အကြံပြုမှာမဟုတ်ပေ။ စိန်ခေါ်မှုကို လက်ခံလိုက်လျှင် သူတို့အတွက် ဉာဏ်နည်းရာ ရောက်နေလိမ့်မည်။
“ဘာလဲခေါင်းဆောင်”
ထောင်ချန်းသည် စိတ်မရှာ်လက်မရှည် လှည့်လိုက်၏။ သူသည် သူတို့ပြိုင်ဘက်အဖွဲ့ရှိ နယ်မြေစွမ်းအားရှင်ကို ဖယ်ရှားနိုင်မည့်အခွင့်အရေးကို မြင်‌နေသည့်ပမာ စိတ်မရှည်လက်မရှည် လှည့်လာလေ၏။ ယွင်ချဲ့ကလည်း နယ်မြေစွမ်းအားရှင် ဖြစ်သော်ငြား သူတစ်ယောက်တည်း တာဝန်ကို ဆောင်ရွက်တာရှား၏။ နယ်မြေစွမ်းအားမရှိဘဲ သူတို့ပြီးမြောက်သည့်တာဝန်က အကန့်အသတ်သာရှိ၏။ ယင်းက သူတို့၏ခွန်အားကို သိသိသာသာ ထိခိုက်စေသည်။
အစောတုန်းက ယွင်ချဲ့ပြောသွားတာကို မေ့သွားဟန်ပေါ်၏။ မုန့်ရွှီသည် လူသစ်တစ်ဦးမျှသာဖြစ်၏။ ယနေ့က သူတာဝန်ထမ်းဆောင်သော ပထမဆုံးရက်ဖြစ်သည်။ ထို့ကြောင့် သူသည် အစွမ်းထက်သည့် ထိပ်ဦးအဖွဲ့၌ မည်သို့ သက်ဆိုင်နေမည်နည်း။ ထို့အပြင် ယွင်ချဲ့သည် တမင်တကာ သူ၏လူကိုသုံးပြီး သူ့ကို မည်သည့်အချိန်ကစပြီး ရိုက်နှက်ချင်သွားသနည်း။
“အခြေစိုက်စခန်းမှာ သေတဲ့အထိ တိုက်ခိုက်တာကို ခွင့်မပြုဘူး”
လော့ဟွိုင်သည် ယွင်ချဲ့ဆီကအကြည့်ကို ရုတ်သိမ်းပြီး ထောင်ချန်းကိုကြည့်ကာ သူသည် ထိပ်ဦးအဖွဲ့၏ နယ်မြေစွမ်းအားရှင်နှင့် ထောင်ချန်းကို မတိုက်ခိုက်စေချင်ပေ။ ကံဆိုးသည်မှာ ထောင်ချန်းသည် ဒေါသထွက်လွန်းနေသောကြောင့် သူ့ကို ပြောပြရန် နည်းလမ်းမရှိဖြစ်နေ၏။
“ဒီလိုဆိုရင် အခြေစိုက်စခန်းအပြင်မှာ တိုက်ခိုက်မယ်”
တစ်နည်းအားဖြင့်သူသည် မည်သည့်နည်းနှင့်မဆို ဤစိန်ခေါ်မှုကို တိုက်ခိုက်ရန် စိတ်ပြင်ဆင်လိုက်ပြီဖြစ်၏။
လော့ဟွိုင်က မျက်မှောင်ကြုတ်လျက် စမ်းကြည့်ရန် လက်ယားနေကြပြီဖြစ်သော သူ၏ကျန်သည့်အသင်းသားများကို ကြည့်လိုက်၏။ ပြီးနောက် ယွင်ချဲ့ကို တစ်ချက်ကြည့်ကာ စဉ်းစားလိုက်တော့သည်။ ယင်းက နယ်မြေစွမ်းအားရှင်နှစ်ယောက်ကြားရှိ ရန်ပွဲတစ်ပွဲဖြစ်သည်။ သူတို့က ဤအခွင့်အရေးကိုယူပြီး သူတို့ပြိုင်ဘက်အသင်းရှိ နယ်မြေစွမ်းအားရှင်ကို သတ်ဖြတ်ချင်သည်ဆိုလျှင် ထိပ်ဦးအဖွဲ့ကလည်း ထိုအတိုင်းတွေးနေတာ ဖြစ်ရမည်။ မဟုတ်လျှင် ယွင်ချဲ့က ဤတိုက်ပွဲကို အဆိုပြုမှာမဟုတ်ပေ။ သို့သော်ငြား ယခု သူ့အဖွဲ့ဝင်များအားလုံးက ယွင်ချဲ့ရန်စတာခံရပြီး သူတို့ကို စိန်ခေါ်မှု လက်မခံရန် ဖိအားပေးခြင်းက သူ၏ဦးဆောင်မှုကို ထိခိုက်စေလိမ့်မည်။
“သူတို့က လက်ရည်ယှဉ်ရုံပဲ ဒါပေမဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့မလိုဘူး အလွန်အကျွံမလုပ်ပါနဲ့ ခေါင်းဆောင်ယွင်”
လော့ဟွိုင်က သူသည် တိုက်ခိုက်တာကို မတားမြစ်နိုင်မှန်းသိ၏။ သို့သော်ငြား သူ၏နယ်မြေစွမ်းအားရှင်ကို မဆုံးရှုံးချင်ပေ။ ထို့ကြောင့် သူသည် သေခြင်းရှင်ခြင်းတိုက်ပွဲကို ချစ်ကြည်ရေးပြိုင်ပွဲအဖြစ်ပြောင်းရန် ကြိုးစားလိုက်၏။ ထို့အပြင်သူက ထိပ်ဦးအဖွဲ့ကို အရှက်ခွဲချင်ရုံသာဖြစ်ပြီး ယွင်ချဲ့ကိုယ်တိုင်က နယ်မြေစွမ်းအားရှင်တစ်‌ယောက် ဖြစ်နေချိန်၌ မုန့်ရွှီကို သတ်စရာအကြောင်းမရှိပေ။
“တိုက်ခိုက်ကြပြီဆိုရင်ဖြင့် သေနိုင်တာပဲလေ၊ ဒါက စွမ်းအားရှင်နှစ်ယောက်ကြားက တိုက်ပွဲတစ်ပွဲဖြစ်နေတာကို ထည့်မပြောနဲ့ဦး၊ ဖြစ်နိုင်ခြေတွေအားလုံးကို ကျုပ်တို့ တွေးထားသင့်တယ် ဒါကို ကြိုမကြေညာထားရင် တိုက်ခိုက်နေတုန်း နှစ်ယောက်ထဲကတစ်ယောက်သေသွားရင် ဘယ်လိုလုပ်မလဲ”
ထိုလူများ ရယ်စရာကောင်းလှသည်ဟု ယွင်ချဲ့တွေးမိလိုက်သည်။ သူက တားမြစ်ချက်မပါဘဲ တိုက်ခိုက်မည်ဟု ပြောခဲ့ခြင်းက သူတို့အရည်အချင်းရှိလျှင် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နိုင်သည်ဟု ဆိုလိုတာပဲဖြစ်၏။ သူတို့ကို သတ်ဖြတ်ရန် အမိန့်ပေးထားတာမဟုတ်ပေ။ သူတို့ခေါင်းထဲ၌ သေသည်အထိ တိုက်ခိုက်ချင်သည်ဟူ‌သော အကြံဉာဏ်ပေါ်ပေါက်လာသူများကတော့ ထိုလူများသည် သူ၏နယ်မြေစွမ်းအားရှင်ကို ဆိုးဆိုးရွားရွား ဖယ်ရှားချင်နေတာပဲဖြစ်ရမည်။ ယွင်ချဲ့ကတော့ သူ့ရင်ထဲ၌ သူသည်လည်း ကမ္ဘာပျက်ကပ်အသူရာ၏
နယ်မြေစွမ်းအားရှင်ကို ဖယ်ရှားချင်နေကြောင်း ဝန်ခံမှာမဟုတ်ပေ။ စစ်တပ်ကတောင် နယ်မြေစွမ်းအားရှင်များ မလုံလောက်နေပေ။ မဟုတ်လျှင် ထောင်ချန်းက ထိုမျှအထိ မောက်မာထောင်လွှားနေမှာမဟုတ်ပေ။
ယွင်ချဲ့က သူ့ကိုယ်သူ လက်ခံယုံကြည်လာအောင် ပြုံးရန် ကြိုးစားလေလေ လော့ဟွိုင်က သူ တစ်စုံတစ်ခု ကြံစည်သည်ဟု ယုံကြည်လေဖြစ်၏။ သူသည် အစတုန်းက ဤရန်ပွဲကို တားချင်သော်ငြား သူ၏အသင်းဖော်များက ဒေါသထွက်နေတာဖြစ်ပြီး သူ့နားလာကာ စိန်ခေါ်မှုကို ချက်ချင်း လက်ခံစေချင်နေကြ၏။
“တုံးအလိုက်တဲ့ ထောင်ချန်းပဲ”
အရှင်သခင်မလေးများ၏ခေါင်းဆောင် ဖုန်းရှင်းလန်သည် လူအုပ်ကြီးထဲတွင် အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်၏။ ယွင်ချဲ့သည် သူ့ကိုဖယ်ရှားရန် ဤအခွင့်အရေးကို သုံးဖို့ ကြိုးစားနေတာဖြစ်ပြီး သူကလည်း ထောင်ချောက်ထဲ ခုန်ဝင်ရန် မစောင့်နိုင်တော့ပေ။ လော့ဟွိုင်ကလည်း ခက်ခဲသည့်အနေအထားသို့ တွန်းပို့ခံနေရ၏။ သူက လက်ခံခဲ့လျှင် သူတို့သည် ယွင်ချဲ့၏ထောင်ချောက်ထဲ တန်းတန်းမတ်မတ် လျှောက်မိသွားမည်ဖြစ်ကာ သူတို့၏နယ်မြေစွမ်းအားရှင်တစ်ယောကို ဆုံးရှုံးရလိမ့်မည်။ သို့သော် သူက လက်မခံပြန်လျှင် အရှက်ကွဲလိမ့်မည်။ ကျန်သည့်စွမ်းအားရှင်များအားလုံး သူ့ကို အထင်သေးပေတော့မည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset