အခန်း ၁၄၈
သိုလှောင်ရုံရှိ ပြဿနာလေး။
အခြေစိုက်စခန်းရှိ စစ်တပ်ခရိုင်၌ သူတို့ကိုယ်ပိုင် တည်နေရာ ကိုယ်စီရှိကြပြီး ဗီလာဇုန်ကလည်း ဧရိယာငါးခု ပိုင်းခြားထားလေ၏။ လက်နက်ကိုင်တပ်ဖွဲ့သုံးခုနှင့် အစိုးရက တစ်နေရာ ကျန်ရှိသည်က တစ်နေရာ ယူထားသည်။ စစ်တပ်အရာရှိများနှင့် သိုလှောင်ရုံများ အားလုံးက ပြည်သူပိုင်ဧရိယာထဲ၌ တည်ရှိသည်။ ပမာဏ မည်မျှ ဖြစ်စေကာမူ ပါဝင်သည့် စစ်တပ်ဌာနအားလုံးသည် စစ်တပ်အတွက် ထိန်းသိမ်းရန် ကမ္ဘာပျက်ကပ်ပြီးနောက် စုဆောင်းထားသမျှ အရင်းအမြစ်များ၏ ဆယ်ပုံတစ်ပုံကို ရရှိပြီး ကျန်သည်ကို စစ်တပ် သိုလှောင်ရုံ၌ သိမ်းဆည်းထားကာ အခြေစိုက်စခန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချသည်။
တာဝန်အရ စုဆောင်းထားရသည်က သုတေသန ပစ္စည်းကိရိယာများ၊ ကုန်ကြမ်းများနှင့် မျိုးစေ့များ ဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့သုံးစုသည် ထိုက်တန်သည့် ဆယ်ပုံတစ်ပုံကို ယူအောင် ပြောစရာမလိုရန် သဘောတူထားပြီဖြစ်၏။ သုတေသန ပစ္စည်းကိရိယာများနှင့် ကုန်ကြမ်းများက သုတေသနဌာနက ပိုင်ဆိုင်ပြီး မျိုးစေ့များက စုဆောင်းမှု အသင်းက ပိုင်ဆိုင်၏။ ယွင်ချဲ့နှင့် ကျန်သည့် နယ်မြေစွမ်းအားရှင် ခုနစ်ယောက်က စစိတပ်သိုလှောင်ရုံရှိသည့် နေရာဆီသို့ ဝင်သွားလိုက်၏။
“အကျယ်ကြီးပဲ နှစ်လွှာရှိတာ ပစ္စည်းတွေ ဘယ်လောက်များများ သိုလှောင်လို့ရလဲ”
စတုရန်းမီတာ တစ်သောင်းနီးပါး ကျယ်ဝန်းသည့် ဧရိယာဖြစ်ပြီး သိုလှောင်ရုံများကို ပြွတ်သိပ်စွာ ရှိနေပြီး မြေပြင်ပေါ်၌ နှစ်ထပ်တိုက် အဆောက်အဦးများ ဖြစ်ပြီး စစ်သားများက လက်နက်အပြည့်အစုံဖြင့် သိုလှောင်ရုံများကို စောင့်ကြပ်နေကြသည်။ သူတို့၏ အငွေ့အသက်ကို အကဲဖြတ်ခြင်းအားဖြင့် သူတို့အားလုံးသည်လည်း စွမ်းအားရှင်များ ဖြစ်လောက်သည်။ နယ်မြေစွမ်းအားရှင်များထဲတွင် ရှင်းဖုန်းမှအပ ကျန်သည့်သူများက စစ်တပ်မှ မဟုတ်ကြပေ။ ထိုမြင်ကွင်းကို မြင်တွေ့သောအခါ သူတို့က ထိတ်လန့်မိသွား၏။
“ဟား ဟား ဒီထက်ပိုမှာပေါ့”
“အမ်”
ယွင်ချဲ့က အနည်းငယ် ပြုံးလိုက်၏။ ဟယ်ရုံယီက ဇဝေဇဝါ ဖြစ်နေသည်။ သူက ရှင်းပြဖို့ မရည်ရွယ်ထားပေ။ အခြေစိုက်စခန်းတစ်ခု၏ လည်ပတ်ပုံက သာမန်လူများ မမှန်းဆနိုင်သည့် ထောက်ပံ့မှုများစွာ လိုအပ်သည်။ ဧရိယာက ကျယ်ဝန်းသော်ငြား အကန့်အသတ်မဲ့သည်ဟု မဆိုနိုင်ပေ။ တရုတ်လူမျိုးများနှင့် စစ်သားများ၏ အကျင့်စရိုက်အရ စစ်ပွဲဖြစ်ချိန်၌ သူတို့က ဥမင်များ တူးတတ်ကြသည်။ သူတို့ ခြေထောက်အောက်၌ သိုလှောင်ရုံအစစ် ရှိလောက်ပေ၏။ မြေပြင်ပေါ်ရှိ သိုလှောင်ရုံက အတုအယောင်များသာ ဖြစ်သည်။
သူ့အတွေးများကို အတည်ပြုလိုက်သည့်ပမာ ရှင်းဖုန်းက သူ့လက်ကို ဖျစ်ညစ်လိုက်သည်။ သူတို့ နှစ်ယောက်သားက အပြန်အလှန် မဆက်သွယ်ကြဘဲ တိတ်ဆိတ်နေလေ၏။ သူတို့ မြင်ကွင်းရှေ့၌ လူတစ်စု ပေါ်လာသည်။ အချို့က ယွင်ချဲ့ကိုတောင် မှတ်မိကြ၏။ မော့ဝမ်းယန်နှင့်အတူ ရပ်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ရင်းနှီးပုံမရပေ။ နှစ်ယောက်လုံးက သူတို့ ပုခုံးထက်၌ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တံဆိပ်များ ရှိနေလေ၏။ အမျိုးသားက ကျော့ရှင်းကာ သူ၏ခန္ဓာကိုယ်၌ စစ်သားအငွေ့အသက်မရှိပေ။ အမျိုးသမီး၏ သွင်ပြင်က သူရဲကောင်းဆန်ပြီး မျက်ခုံးတစ်စုံက ထင်းနေလေ၏။ အရပ်က တစ်ရာ့ခုနစ်ဆယ် စင်တီမီတာ ကျော်သည်က အမျိုးသားများနှင့် ယှဉ်ရပ်နေလျှင်တောင် နောက်ကောက်မကျခဲ့ပေ။ ယင်းက အမျိုးသမီးဗိုလ်ချုပ်တစ်ယောက်၏ သွင်ပြင်မျိုးပဲ ဖြစ်သည်။
“ငါ့အဒေါ်နဲ့ဦးလေးက စစ်တပ်အရာရှိတွေလေ ငါ့ရဲ့ဦးလေးက နိုင်ငံရေးဝန်ထမ်းအရာရှိ သူတို့တွေက မြို့တော်မှာ လွတ်လွတ်လပ်လပ် ချစ်မြတ်နိုးပြီး လက်ထပ်ခဲ့ကြတဲ့ တစ်ဦးတည်းသော စုံတွဲပဲ”
သူတို့ကို သူ စိုက်ကြည့်နေတာကို မြင်သောအခါ ရှင်းဖုန်းက နားနားကပ်ပြီး တီးတိုးပြောလိုက်၏။
“ကိုယ့်ရဲ့အဒေါ်က ယောက်ျားတစ်ယောက်ထက်တောင် ယောက်ျားပိုဆန်သေးတယ်။ သူက လှပေမဲ့ ရှင်းမိသားစုထဲမှာ ဘယ်သူကမှ လက်ထပ်ခွင့် သွားမတောင်းရဲဘူးလေ။ သူတို့နှစ်ယောက် အတူရှိတာကို လူတွေကို အကောင်းမမြင်ကြဘူး။ လူတချို့ကဆို ကိုယ့်ဦးလေးကို လက်ထပ်ဖို့အတွက် ကိုယ့်အဒေါ်က ဖိအားပေးပြီး ညစ်ပတ်တဲ့လှည့်ကွက်တွေ သုံးခဲ့တာ ဆိုတဲ့အကြောင်း နောက်ကွယ်မှာတောင် ပြောကြသေးတယ်။ သူတို့အိမ်ထောင်ရေးက ဘယ်လောက်ကြာမလဲဆိုပြီး လောင်းခဲ့သေးတာ။ ဒါပေမဲ့ နှစ်တွေအများကြီး ကြာပြီးတာတောင် သူတို့က ချစ်နေကြတုန်းပဲ။ မိသားစုထဲက အကြီးအကဲတွေက ကိုယ့်အဒေါ်ကို သဘောမကျပေမဲ့ ကိုယ့်ဦးလေးက ကိုယ့်အဒေါ်ရဲ့လက်ကို လွှတ်ပေးဖို့ ဆန္ဒမရှိဘူး။ အခု သူတို့နှစ်ယောက်က အသိုင်းအဝိုင်းမှာ ပုံပြင်ကောင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီ”
“မော့ဝမ်းယန်ရဲ့အကျင့်စရိုက်က ဒီလောက်ထူးဆန်းတာ အံ့ဩစရာ မရှိဘူးပဲ။ သူက အဖေတစ်ဝက် အမေတစ်ဝက် တူတာမလား”
စကားပြောနေစဉ် လူတစ်စုက ချဉ်းကပ်လာ၏။ စစ်တပ်နယ်ပယ်ထဲရှိ ခေါင်းဆောင်အသီးသီးက သူတို့ကို နှုတ်ဆက်လိုက်ကြသည်။ မော့ဝမ်းယန်တို့ မိသားစုဝင်သုံးယောက် အပါအဝင် ကျန်သည့်သူများက ဝေ့မိသားစုတပ်ဖွဲ့မှ ဝေ့ခိုင်၊ နိုင်ငံရေးအရာရှိ လင်းဟုန်ကျီ၊ ဝမ်မိသားစုတပ်ဖွဲ့မှ ဝမ်ဝေ့နှင့် နိုင်ငံရေးအရာရှိ ချင်ရှုဟန်တို့ဖြစ်သည်။ သူတို့လေးယောက်လုံးက ဒုဗိုလ်မှူးကြီးအဆင့်ဖြစ်၏။ ဝမ်ကွမ်းနှင့် လင်းရှန်ကမူ ယွင်ချဲ့နှင့် တစ်ခါကတွေ့ခဲ့ဖူးပြီး သူတို့က ဝမ်ဝေ့၏ဝမ်းကွဲနှင့် လင်းဟုန်ကျီ၏တူပဲဖြစ်သည်။
ရှင်းဖုန်း၏အိမ်တွင် ယွင်ချဲ့တွေ့ခဲ့ဖူးသည့် လူအချို့လည်း ရှိသည်။ အခြေစိုက်စခန်း၏ အမြင့်ဆုံးအာဏာ အာဏာထိန်းချုပ်ထားသူ တပ်ဖွဲ့သုံးခု၏ ထိပ်တန်းခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ခေါင်းဆောင်များက ရောက်လာကြသည်။ မျိုးစေ့စုဆောင်းမှုကို သူတို့အားလုံးက အမှန်တကယ် အရေးထားပုံပေါ်၏။ ဆိုရလျှင် ယင်းက လူသားမျိုးနွယ်စု၏ အနာဂတ်နှင့် သက်ဆိုင်နေသည်။
“အားလုံး အလုပ်ကြိုးစားခဲ့ပါတယ်။ သခင်လေးဖုန်း၊ ခေါင်းဆောင်ယွင် ဒီတစ်ခေါက် အကျိုးထူးဆောင်ခဲ့တယ်လို့ ကြားထားတယ် စစ်တပ်ဌာနက စားသောက်ဖွယ်တစ်ခု ကျင်းပမှာပါ ပြီးရင် အတူစားကြရအောင်လား”
ဖြန်ဖြေသူအနေဖြင့် ဝမ်ကော်ချန်းက သူတို့ကို ပြုံးလျက် နှုတ်ဆက်ကာ ကျန်သည့်သူများကို ကြည့်ပြီးနောက် ရှင်းဖုန်းနှင့် ယွင်ချဲ့ကို ကြည့်လိုက်တော့သည်။ ရှင်းဖုန်းက များများစားစား ပြောရန်မလို သူနှင့် မော့မိသားစုတပ်ဖွဲ့၏ ဆက်ဆံရေးမှအပ သူ၏ ကိုယ်ပိုင်ခွန်အားကလည်း မင်းမူစိုးမိုးနိုင်စွမ်း ရှိသည်။ ရှင်းမိသားစုက မြို့တော်တွင်လည်း အဆင့်မနိမ့်ပေ။ ထို့အပြင် ယခုအခေါက် လာသည့်သူများက ပြောပုံအရ ရှင်းဖုန်းသည် လေဟာနယ် နယ်မြေစွမ်းအားရှင် ဖြစ်ရုံသာမက ရွှေစွမ်းအားရှင်လည်း ဖြစ်သည်ဟုဆိုသည်။ ယွင်ချဲ့ကမူ သူသည် စွမ်းအားရှင်များ၏ စိတ်နေသဘောထားအရ ထူးကဲသည့်အဆင့်အတန်း ပိုင်ဆိုင်ထား၏။ ရက်အနည်းငယ်သာ ရှိသေးသော်ငြား သူက လွန်ခဲ့သည့်ရက်အနည်းငယ်က ရေစွမ်းအား အသုံးပြုနည်းကို အများအား မပြောပြချင်ဟု တစ်စုံတစ်ယောက်က ကောလဟာလ တမင်တကာ ဖြန့်ခဲ့သည်။ သူက တစ်ကိုယ်ကောင်းဆန်သည်ဟု ဆိုကြ၏။ သို့သော်ငြား သူ့ကို ယုံကြည့်သည့် စွမ်းအားရှင်မြောက်များစွာ ရှိနေသေးသည်။
“ဘယ်လိုထင်လဲ”
ရှင်းဖုန်းက သူ့ကို ချက်ချင်း ပြန်မပြောဘဲ ယွင်ချဲ့ဘက်လှည့်ကာ သူ့အမြင်ကို တောင်းခံလိုက်၏။ တပ်ဖွဲ့သုံးဖွဲ့၏ ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့မှတစ်ယောက်က ထိုမြင်ကွင်းကို တွေ့သောအခါ ရှင်းထျန်းလန်နှင့် သူ၏ဇနီးသည် အပါအဝင် အံ့ဩသွားကြသည်။ သို့သော် သူတို့က အတွေ့အကြုံရှိသူများ ဖြစ်သည်။ ရင်ထဲမည်မျှ ဘောင်ဘင်ခတ်နေစေကာမူ မျက်နှာထက် အမူအရာ မပေါ်စေပေ။
“စားဖို့မလိုတော့ဘူး ပစ္စည်းတွေချပြီးရင် ပြန်သွားပြီး အနားယူရအောင်”
ရှင်းဖုန်းသည် ထိုလူများရှေ့၌ သူ၏အဆင့်အတန်းကို တမင်တကာ မြင့်ပေးနေမှန်း သိသောကြောင့် ယွင်ချဲ့က မငြင်းခဲ့ပေ။ သူက သူ၏စိတ်ကောင်းစေတနာကို ငြင်းပယ်ရန်အတွက် အနားယူချင်သည်ဟူသော အကြောင်းပြချက်ကို သုံးကာ ဝမ်ကော်ချန်းကို ကြည့်လိုက်လေ၏။ သူတို့နဲ့ ကြင်ကြင်နာနာ ညစာစားဖို့လား။ ရူးနေလို့လား။ စားပြီးရင် ဦးနှောက်ဆဲလ်တွေ ဘယ်လောက်သေကုန်မလဲ မသိဘူး။
“ကောင်းပြီလေ ဒါဆို ပစ္စည်းတွေ ချကြရအောင်..”
ရှင်းဖုန်း၏လေသံက အလွန်ပေါ့ပါးနေသည်။ သို့သော် သူက သန်မာတာ အံ့ဩစရာမရှိပေ။ ဝမ်ကော်ချန်း၏ မျက်လုံးထဲ၌ ရှက်ရွံ့သည့်အရိပ်အယောင် ပေါ်လာတော့၏။ သူက ပြုံးကာ ပြောလိုက်တော့သည်။ ဝေ့ခန်းနှင့် ဝမ်ဝေ့ ကျန်သည့်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် လာရောက်နှုတ်ဆက်ကာ သူတို့ကို အတော်လေး ချီးကျူးသည်။ သို့သော် သူတို့က စိတ်ထဲ အဆင်မပြေကြပေ။ ထိုတာဝန်ကြောင့် သူတို့က ဗိုလ်ချုပ်တစ်ဦး ဆုံးရှုံးရုံသာမက သေကြေပျက်စီးမှု များစွာလည်း ခံခဲ့ရသည်။ အထူးသဖြင့် ဝေ့မိသားစုတပ်ဖွဲ့ ဖြစ်သည်။
“ရှောင်ဖုန်း သူက..”
မော့ကျန်းချန်နှင့် သူ၏ဇနီးအလှည့်သို့ ရောက်လာချိန်၌ ရှင်းထျန်းလန်က ယွင်ချဲ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ ရှင်းဖုန်းက ခေါင်းညိတ်ပြီး ယွင်ချဲ့၏လက်ချောင်းများကို တင်းကြပ်စွာ ကိုင်ထားလိုက်၏။
“အင်း ကျုပ်မိသားစုရဲ့ကိုယ်စားလေ”
“ဟား ဟား”
ထိုစကားကို ကြားသောအခါ ရှင်းထျန်းလန်က ရယ်မောတော့သည်။ ယွင်ချဲ့က မိန်းမငယ်လေးမဟုတ်ပေ။ ထို့ကြောင့် ရှက်နေစရာ မရှိပေ။ သူက သူတို့နှင့်အတူ ရှိနေသေးသော မော့ဝမ်းယန်ကို စိတ်ဝင်တစား တစ်ချက်ကြည့်လိုက်၏။ သူက ချွေးစေးများ ပျံနေတော့သည်။ တွင်းတစ်တွင်းရှာပြီးသာ ပုန်းလိုက်ချင်သည်။ သူ၏မိခင်က ယွင်ချဲ့နှင့် ထိုမျှ စောစောစီးစီး တွေ့မည်မှန်း သူသိခဲ့လျှင် သူ့ရှေ့၌ အိမ်စောင့်သားရဲကြီးအကြောင်း ပြောမှာမဟုတ်ပေ။
“ခေါင်းဆောင်ယွင် အားတဲ့အချိန်ကျ ရှောင်ဖုန်းနဲ့အတူ လာပါဦး။ ငါက သူ့ရဲ့ဦးလေး မော့ကျန်းချန်ပါ”
သူ့ဇနီးသည်၏ ထိန်းထားသော သွင်ပြင်နှင့် ယှဉ်လျှင် မော့ကျန်းချန်က ပိုပြီးရယ်မောသည်။ သူတို့ဆက်ဆံရေးကိုလည်း သွယ်ဝိုက်၍ ပြောခဲ့၏။ အဓိကအားဖြင့် စစ်တပ်ထဲတွင် သူသည် အမျိုးသားများကိုသာ ကြိုက်ကြောင်း သတင်းထွက်ပြီးသား ဖြစ်၏။ သူတို့စုံတွဲ၏ လက်ခံနိုင်စွမ်းက ကျန်သည့်သူများထက် ပိုမြင့်သည်။
“ကျေးဇူးပါ ဗိုလ်ချုပ်မော့”
ယွင်ချဲ့က ပြုံးလျက် အရိုအသေ ပေးလိုက်၏။ မော့ကျန်းချန်နှင့် သူ၏ဇနီးက သူ့ကို ခံစားချက်ကောင်းပေး၏။ သူကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အနည်းဆုံးတော့ လေးစားရန် ထိုက်တန်သည်။
“ပစ္စည်းတွေ အရင်ချရအောင်”
ရှင်းဖုန်းသည် အချိန်ကိုက် ဝင်ပြောလိုက်သည်။ သူတို့အဆင်ပြေနေတာကို မြင်သောအခါ ဝေ့ခန်းနှင့် ကျန်သည့်သူများက သုန်မှုန်နေရာမှ သူတို့ဘေးရှိ စစ်သားများကို သိုလှောင်ရုံဖွင့်ခိုင်းလိုက်၏။ လူတိုင်းက ရှင်းဖုန်းသည် မျိုးစေ့များ စုဆောင်းလာခဲ့တာ မဟုတ်မှန်း သိ၏။ သူက ရှေ့ဆက်မသွားတော့ပေ။ နယ်မြေစွမ်းအားရှင်အချို့က သိုလှောင်ရုံထဲ တစ်ယောက်ပြီးတစ်ယောက်ဝင်သွား၏။ ဟယ်ရုံယီအလှည့်၌ စစ်တပ်က သူ၏နယ်မြေကို စစ်ဆေးရန် တောင်းဆိုလေ၏။ ရှင်းဖုန်းက ထိတ်လန့်သွားသည်။
“ဘာကြောင့်လည်း ခင်ဗျားတို့ရဲ့ ပစ္စည်းတွေကို ဘာမှမဝှက်ထားဘူး စိတ်မပူနဲ့ ဘာကြောင့်များ ပစ္စည်းတွေ ပို့ဖို့ တောင်းဆိုသေးလဲ”
ဟယ်ရုံယီကလည်း လူကြမ်းတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက သူ၏နယ်မြေထဲ၌ ပစ္စည်းတစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုကဲ့သို့ အပြုအမူက သူ့ကို တိုက်ရိုက် စော်ကားရာ ရောက်နေ၏။
“အထင်မလွဲပါနဲ့ စည်းမျဉ်းတွေ အတိုင်းပဲ လုပ်တာပါ ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ”
ချင်ရှုဟန် နိုင်ငံရေးအရာရှိ ဝမ်ကျားကျွင်းတို့က ပြုံးပြီး ရှင်းပြလိုက်၏။ သို့သော် သူ၏ရှင်းပြချက်က ရှင်းပြချက် မဟုတ်သလိုပင်။ ယင်းက လူအများကို ပိုတောင် ဒေါသထွက်စေ၏။
“ဘယ်သူက ပူးပေါင်းတာတဲ့လဲ မင်းက လူတွေကို စော်ကားနေတာပဲ”
မည်သူကမှ တုံးအသူမဟုတ်ပေ။ သူတို့ တစ်စုံတစ်ခု ဝှက်ထားသည်ဟု သံသယမဖြစ်လျှင် သူတို့၏နယ်မြေကို အဘယ်ကြောင့် စစ်ဆေးခွင့်တောင်းမည်နည်း။
“တော်လောက်ပြီ စစ်ဆေးရုံပဲ မင်းရဲ့အသက်ကို မလိုချင်ဘူး”
ဝမ်ဝေ့က တင်းမာစွာ အော်ပြောလိုက်သည်။ ထိုမတိုင်မီက သူ၏အကြည့်သည် ရှင်းဖုန်းဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ယွင်ချဲ့ကို ကြည့်လိုက်၏။ အမှန်တကယ်တွင် နယ်မြေစွမ်းအားကို စစ်ဆေးသည့်ကိစ္စ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ယွင်ချဲ့၏နယ်မြေ အလွန်ကြီးမားကြောင်း သူတို့ကြားထားသောကြောင့်သာ စစ်ဆေးရန် ဆုံးဖြတ်လိုက်တာပဲ ဖြစ်၏။ သူတို့က စုံစမ်းကြည့်ချင်သည်။ နယ်မြေစွမ်းအားရှိသည့်သူများ တစ်စုံတစ်ရာ ဝှက်ထားသည်ဟု သံသယဝင်ခြင်းမှာ အသေးအဖွဲ့မဟုတ်ပေ။
“မင်း..”
“ဗိုလ်ချုပ်ဝမ်က ပြောတော့သာလွယ်တယ်။ နယ်မြေစွမ်းအားဆိုတာ လူတစ်ယောက်ရဲ့မျက်နှာလိုပဲ။ ဗိုလ်ချုပ်ဝမ်ပြောပုံအရ.. ကျုပ်က လေ့လာဖို့အတွက် ခင်ဗျားရဲ့မျက်နှာအရေခွံကို ခွာကြည့်ချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေတာမှ မဟုတ်တာ”
ဟယ်ရုံယီသည် တစ်စုံတစ်ခု ပြောချင်၏။ ယွင်ချဲ့က သူ့ကို ဟန့်တားလိုက်ကာ ရှေ့သို့ တိုးလိုက်တော့သည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်၏။ ယွင်ချဲ့က ဤအရေးကိစ္စကို စစ်တပ်က ရှာတွေ့ပြီး ဖြစ်လိမ့်မည်ဟု မထင်ထားပေ။ သူက တုံးအသူ မဟုတ်ပေ။ ဟယ်ရုံယီ၏ နယ်မြေထဲမှ ထုတ်လာသည့် ပစ္စည်းအရေအတွက်ကို လူတိုင်း မှတ်တမ်းတင်ထားသည်။ ပြီးနောက် စစ်တပ်သည် သူ့ကို ရန်စရန် မလိုအပ်ချေ။ သူတို့နောက်၌ စွမ်းအားရှင်အဖွဲ့ ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် သူကသာလျှင် စစ်တပ်၏အဖွဲ့ဝင် မဟုတ်သော တစ်ဦးတည်းသော နယ်မြေစွမ်းအားရှင်ဖြစ်၏။ သူပိုင်ဆိုင်ထားသည့် နယ်မြေ၏အရွယ်အစားကို တွေ့မိသောအခါ ယွင်ချဲ့က သူတို့၏အပြုအမူသည် သူ့ကို ပစ်မှတ်ထားနေကြောင်း သေချာသွားတော့၏။
“အဲလိုပြောလို့မရဘူး ငါတို့လည်း စည်းမျဉ်းတွေအတိုင်းလုပ်နေတာ”
သူ၏မျက်လုံးထဲ၌ ဒေါသအရိပ်အယောင် ပေါ်လာ၏။ ဝမ်ဝေ့ချန်က မကျေနပ်မှုကို ဖိနှိပ်ကာ ချင်ရှုဟန်၏အာဏာကို ငှားသုံးချင်သည်။ သူတို့က ကိစ္စတစ်ခုခု ဖြစ်လာတိုင်း၌ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်းသာ ပြောခဲ့သည်။ ထိုအချိန်ကျ နိုင်ငံသားများက ရွေးချယ်စရာမရှိဘဲ ပူးပေါင်းရတော့၏။ ကံဆိုးသည်မှာ ယနေ့ သူက ယွင်ချဲ့နှင့် လာတွေ့သည်။
“ဘာစည်းမျဉ်လဲ ဘယ်စည်းမျဉ်းလဲ ပြဦး”
နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ယွင်ချဲ့က သူတို့ဆီ လက်ဆန့်ထုတ်လိုက်၏။ ဝမ်ဝေ့နှင့် ချင်ရှုဟန်က မျက်မှောင်ကြုတ်သွားကာ ဝေ့ခန်းနှင့် လင်ဟုန်ကျီကလည်း လျှောက်လာလေ၏။
“ခေါင်းဆောင်ယွင် ကျေးဇူးပြုပြီး.. ပူးပေါင်းပေးပါ”
“ဟုတ်တယ် ခေါင်းဆောင်ယွင် စည်းမျဉ်းစည်းကမ်းအတိုင်း ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ”
သူတို့က ယွင်ချဲ့အကြောင်း အသေးစိတ် ရှာဖွေချင်ကြ၏။ ရှင်းဖုန်းက ကူညီချင်သည်။ သို့သော် ရှင်းထျန်းလန်နှင့် သူ၏ဇနီးသည်က ဟန့်တားလိုက်၏။ နှစ်ယောက်လုံးက သူ စိတ်မပူသင့်ကြောင်း အရိပ်အမြွတ် ပြလိုက်သည်။ သေချာ ထပ်စဉ်းစားပြီးသောအခါ ရှင်းဖုန်းက ခြေထောက်ကို ပြန်ရုပ်လိုက်၏။ ယွင်ချဲ့အပေါ် သူ၏နားလည်ထားမှုအရ သူ အရေးနိမ့်မှာ မဟုတ်ပေ။
“ခင်ဗျားတို့ ပြောပုံအရ ကျုပ် ခင်ဗျားတို့နဲ့ မပူးပေါင်းဘူးလို့ မပြောမိပါဘူး စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်ဆိုရင် ပြလိုက်လေ ဒီလို စည်းမျဉ်းရှိတယ်ဆိုရင် ကျုပ် ပူးပေါင်းမယ် စစ်ဆေးခွင့်ပေးမယ်”
သူတို့ကို ကြည့်ပြီးနောက် ယွင်ချဲ့က ထပ်မံပြုံးလိုက်ပြန်၏။ သို့သော်ငြား သူ၏အပြုံးက လူတိုင်း၏အမြင်တွင် အပြုံးဟုတ်မနေပေ။ ဝမ်ဝေ့နှင့် ကျန်သည့်သူများက သုန်မှုန်ကုန်၏။ သူတို့က စည်းမျဉ်းစည်းကမ်း မရေးရသေးပေ။ အခြေစိုက်စခန်း တည်ဆောက်တာက နှစ်လသာ ရှိသေး၏။ အခြေစိုက်စခန်း ထိန်းသိမ်းရန်အတွက် အချို့သော စည်းမျဉ်းစည်းကမ်း ချမှတ်ထားသည်မှအပ သူတို့ပြောလိုက်သည့် သဘောတူညီချက်က မရေးထားရပေ။ မည်သည့်နေရာကနေ ပြသရမည်နည်း။
“ခေါင်းဆောင်ယွင် စည်းမျဉ်းတွေက မရေးရသေးပါဘူး”
“ဒါဆို အဓိပ္ပာယ်မရှိ ပြောနေတာလား။ ကျွတ်စ် ကျွတ်စ်.. စစ်တပ်ကို အားကိုးလို့ရတယ်လို့ ပြောနိုင်ပါဦးမလား မသတ်မှတ်ရသေးတဲ့ စည်းမျဉ်းတွေနဲ့ စည်းမျဉ်းစည်းကမ်းရှိတယ်လို့ ပြောတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေ ဘယ်နေရာကနေ ရောက်လာတာလဲ။ ခင်ဗျားတို့ ပြောချင်သလို ပြောနေတာလား”
ယွင်ချဲ့သည် ထူးဆန်းသောအပြုံးဖြင့် သူ့ကို ဖြတ်ပြောလာချိန်၌ ချင်ရှုဟန် ပြောမပြီးသေးပေ။ သူပြောသမျှ စကားလုံးတိုင်းက ကျည်ဆံများ အပြည့်ဖြစ်နေပြီး လှောင်ပြောင်ပြက်ရယ်ပြုမှုများ ပြည့်နေကာ လူအများ၏ မျက်နှာကို သုန်မှုန်ပြီးရင်း သုန်မှုန်လာစေ၏။
ထိုမတိုင်မီက ယွင်ချဲ့ကို နှုတ်ရေးထက်သည်ဟု မည်သူကမှ မထင်ခဲ့ကြပေ။ သာမန်အခြေအနေအောက်၌ စစ်တပ်သည် စည်းမျဉ်းစည်းကမ်းအကြောင်းကို ပြောလိုက်သည်နှင့် အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့ ယခုအချိန်၌ အံ့ဩဆွံ့အနေလေသည်။
“ဒါကမှ ဟုတ်သေးတယ် ကျန်တဲ့ပစ္စည်းတွေကို ဘယ်နေရာမှာ ထားရမလဲ”
ယွင်ချဲ့သည် ရှုံ့မဲ့နေသော လူများ၏ မျက်နှာအမူအရာကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ သူက ပစ္စည်းများချရန် ဆုံးဖြတ်ချိန်၌ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအနေဖြင့် သုံးပုံတစ်ပုံကို ယူထားလိုက်ရန် ဆုံးဖြတ်လိုက်၏။ မည်သည့်နည်းနှင့်မဆို သူတို့မျက်စိနှင့် မြင်မည် မဟုတ်သောကြောင့် စစ်ဆေးနိုင်မှာ မဟုတ်ပေ။