YMR- အခန်း ၁၃၉

အခန်း (၁၃၉)

မော့ဝမ်းယန် သူတို့ကို ရှာတွေ့ သွားသည့်အခါ ယွင်ချဲ့နှင့် ရှင်းဖုန်း တို့လည်း မချန်ထားခဲ့ဘဲ အနီးရှိ ၃ ထပ်တိုက် ကေတီဗွီတစ်ခုသို့ ဝင်လိုက်ပြီး တံခါးကို ပိတ်ထားလိုက်သည်။ ယွင်ချဲ့လည်း လေထုအလွှာကို သိမ်းလိုက်ပြီး ရှင်းဖုန်း နှင့်အတူ ထိုအဆောက်အုံကို ရှင်းလင်းလိုက်သည်။ နာရီဝက် ကြာပြီးနောက် အပြင်ဘက်ရှိ စွမ်းအားရှင်များနှင့် စစ်သားတို့ အထဲသို့ ဝင်လာကြသည်။

“ဟူး …”

“ဟင်း …”

သူတို့အားလုံး မောပန်း နေကြပြီး အဆောက်အအုံထဲသို့ ရောက်ကြသည်နှင့် ချက်ချင်း လဲချကာ မောဟိုက် နေလေသည်။ ထိခိုက်ထားသော စွမ်းအားရှင်များက ညည်းညူ နေကြပြီး ဆိုးဝါးစွာ ဒဏ်ရာ ရထားသော စွမ်းအားရှင်များက ဖုတ်ကောင် ဖြစ်သွားကြမည်ကို စိတ်ပူနေကြသည်။ မော့ဝမ်းယန်က ဒဏ်ရာ ရသူများကို စုစည်းရန်နှင့် ဆိုးဝါးစွာ ထိခိုက် ထားသူများကို ထောင့်တစ်နေရာတွင် ထားကာ အသွင်ပြောင်း မပြောင်းကို စောင့်ကြည့်ရန် စစ်သားများကို အမိန့်ပေးထားလိုက်သည်။ အနည်းငယ် ဒဏ်ရာ ရထားသူများကို ဆေးများဖြင့် စစ်ဆေး ကုသပေးနေလေသည်။

“သေစမ်း ! ၇၀ နီးပါးသေပြီး ၁၅ ယောက်က ဆိုးဆိုးဝါးဝါး ထိခိုက်ထားတယ် .. ၁၀၀လောက်က ဒဏ်ရာတွေ ရထားတယ်”

လူဦးရေတို့ကို တွက်ချက် ပြီးနောက် မော့ဝမ်းယန်က သူ၏ လက်ထောက် ယူလာပေးသော ထိုင်ခုံကို ကန်ထုတ် လိုက်သည်။ သူတို့ ခန့်မှန်းထားသည်ထက် ပို၍ များပြားနေခဲ့ပြီး ထိုကျောင်းအနားသို့ပင် မရောက်ကြသေးပေ။ အကယ်၍ နောက်ပြန် လှည့်လိုက်လျှင် ဖုတ်ကောင် အရေအတွက် အဆများစွာကို ရင်ဆိုင်ရနိုင်ပြီး သူတို့အတွက်လည်း ဆုံးရှုံးမှုများစွာ ဖြစ်စေလိမ့်မည်။ စစ်ဆင်ရေး အောင်မြင်ခဲ့လျှင် တောင်မှ မော့ဝမ်းယန်မှာ အမည်ဆိုး တွင်သွားပေလိမ့်မည်။

“ဗိုလ်ကြီး မော့ .. ဝေ့စစ်သားတွေ အများကြီး ဆုံးရှုံး ထားရတယ် .. နောက်ထပ် လူတွေထပ်ပြီး ဆုံးရှုံးလို့ မဖြစ်ဘူး”

ကျဆုံးသူ ၇၀ အနက် ၃၀ မှာ ဝေ့စစ်သားများ ဖြစ်ပြီး ကျန်သောသူ အများစုမှာ သူ၏လူများ ဖြစ်သောကြောင့် ဗိုလ်ချုပ် ကျန်း အလိုမကျ ဖြစ်ကာ မျက်နှာပျက် နေသည်။ ပြီးခဲ့သောညက သေဆုံးခဲ့သူများကိုပါ ထပ်ပေါင်းလျှင် သူ၏အင်အား တစ်ဝက်နီးပါးကိုပင် ဆုံးရှုံးသွားလေပြီ။ မထင်မှတ် ထားခဲ့သည့် တိုက်ခိုက်မှုများကိုသာ မရင်ဆိုင်ရလျှင် မော့ဝမ်းယန် တမင် အကွက်ချ စီစဉ်ထားခဲ့သည်ဟု သူတွေးမိလိမ့်မည်။

“အဲဒါ ဘယ်လို စကားလဲ .. ခင်ဗျားရဲ့ စစ်သားတွေက သေလို့မဖြစ်ဘူး ကျုပ်စစ်သားတွေက သေရမယ်ပေါ့လေ … ကျုပ်စစ်သားတွေရဲ့ အသက်တွေကရော တန်ဖိုးမရှိဘူးလား .. ကျုပ်တို့အတူ တစ်လှေတည်း သားချင်းတွေကို ခင်ဗျား ဒီလိုပြောထွက်မယ်လို့ မထင်ထားဘူး”

သာမန်အချိန်တွင် မော့ဝမ်းယန် အလျော့ပေး ပြောဆိုမည် ြစ်သော်လည်း ယခုကဲ့သို့ စိတ်အလိုမကျ ဖြစ်နေချိန်တွင် မည်သူမဆို ပေါက်ကွဲ မိပေလိမ့်မည်။ ဝေ့စစ်သားနှင့် ဝမ်စစ်သားတို့မှာ အဆင့် ၂သို့ ရောက်လုနီးပါး ဖြစ်နေသောကြောင့် သူတို့၏ အပြစ်ဟု ဆိုလိုနေခြင်းပင်။

“နယ်မြို့တွေကို လင်းကျန်းမြို့လိုပဲလို့ ထင်နေကြတာလား .. စစ်သားတွေရဲ့ အသက်က အဲ့အရူးနှစ်ကောင် အတွက် အမှိုက်သာသာပဲ တွေးနေတာလား”

“အဲ့လို ဆိုလိုချင်တာ မဟုတ်ပါဘူး ဗိုလ်ကြီး မော့ .. ကျွန်တော် ပြောချင်တာက ခေါင်းဆောင် ယွင်နဲ့ ခေါင်းဆောင် ရှင်းကို အဖွဲ့လေး တစ်ဖွဲ့ကို ဦးဆောင်ခိုင်းပြီး နယ်မြေ စွမ်းအားရှင်တွေကို မျိုးစေ့တွေကို သိမ်းဖို့ ခေါ်သွားခိုင်း လိုက်ပါလား .. အဲဒီအချိန် ဒဏ်ရာနေတဲ့ သူတွေကို ဒီမှာပဲ နားခိုင်းလိုက်ပေါ့”

ဗိုလ်ချုပ် ကျန်းက ပြောနေရင်း မောပန်းနေသော ယွင်ချဲ့နှင့် ရှင်းဖုန်း တို့ကို တစ်ကြိမ်ထက်မက လှည့်ကြည့်နေသည်။

“သူတို့မှာ ရိက္ခာရှာနိုင်တဲ့ စွမ်းအားတွေ အပြင် ခွေးနဲ့ ဝံပုလွေလည်း ရှိနေတော့ နယ်မြေ စွမ်းအားရှင်တွေရဲ့ အကူအညီနဲ့ ဆိုရင် အဆင်ပြေနိုင်တာပဲကို”

“ဒီကောင် ….”

ဒေါသစိတ် ဖုံးနေသော မော့ဝမ်းယန် အသက်ဝအောင်ပင် မရှူနိုင်တော့ဘဲ သေနတ်ကို ထုတ်ကာ ဗိုလ်ချုပ် ကျန်း ခေါင်းကို ချိန်ထားလိုက်သည်။

“မင်းရဲ့ခေါင်းကို ပွင့်ထွက်သွားအောင် လုပ်လိုက်ရမလား !”

မော့ဝမ်းယန် သည်းခံနိုင်စွမ်း မရှိတော့ပေ။ ယွင်ချဲ့တွင် နယ်မြေစွမ်းအား အပြင် ဟေးယွီနှင့် ဝံပုလွေရှိသည် ဆိုသော်လည်း သူတို့ မပင်ပန်းနိုင်ဘူးလား။ တိုက်ခိုက် စွမ်းရည် မရှိသော နယ်မြေ စွမ်းအားရှင် ၁၀ ယောက်ကို ဦးဆောင် သွားရပေဦးမည်။ ယွင်ချဲ့က သူတို့ ကိုယ်ကျိုးကိုစောင့်ကြပ်မည့် နတ်ဘုရား မဟုတ်ပေ။

“ဗိုလ်ချုပ် မော့ …”

ဗိုလ်ချုပ် ကျန်း၏ ခေါင်းအထက်နားတွင် သေနတ်နှင့် ချိန်ရွယ် ခံထားရသဖြင့် အလွန် တုန်လှုပ် ကြောက်ရွံ့နေပြီး သူ၏လက်ထောက်များမှာလည်း မျက်နှာပျက် နေကြပြီး ဝင်ဖျန်ဖြေပေးရန် ဆန္ဒ မရှိကြပေ။ သူတို့မှာ အလွန် ပင်ပန်းနေကြသည့် အပြင် သူတို့ဗိုလ်ကြီး၏ အကြံမှာ အလွန်ပင် လွန်လွန်း နေသည်။

စွမ်းအားရှင်များမှာ အလွန် မောပန်း နေကြသော်လည်း တိုက်ခိုက်ရည် မရှိသော စွမ်းအားရှင်များကို ဦးဆောင်ကာ စစ်ဆင်ရေးကို အပြီးသတ်ရန် ယွင်ချဲ့ကို မည်သူမှ မတောင်းဆိုရဲကြပေ။ သူတို့အားလုံး ဗိုလ်ချုပ် ကျန်းကို မထီမဲ့မြင်ဟန်နှင့် ကြည့်လိုက်ပြီး …

“ခင်ဗျား လုပ်ရင်ရော”

“ဒီစစ်ဆင်ရေးပြီးဖို့ အတွက် ချောင်ယန်းနဲ့ ထိပ်ဦးအဖွဲ့ကို ကျွန်တော် ဦးဆောင် နိုင်ပေမယ့် မလုပ်ပေးနိုင်တာ ၂ ခုရှိတယ် .. ၁ နယ်မြေ စွမ်းအားရှင် အများကြီးကို မခေါ်သွားဘူး .. ၂ စခန်းကိုပြန်ရင် လာရာလမ်း အတိုင်း ပြန်မသွားဘူး … တကယ်လို့ ဗိုလ်ချုပ် ကျန်း က စခန်းကို ကိုယ့်ဘာသာ ပြန်သွားနိုင်တယ် ဆိုရင် ကျွန်တော့် အတွက် ကိစ္စမရှိဘူး .. ဒါပေမယ့် ပတ်ပတ်လည်ကို ကြည့်လိုက်ပါဦး လူတွေ အများကြီး ရှိနေသေးတယ် .. စခန်းကို ပြန်ရောက်လို့ ကျွန်တော်တို့တွေက ကိုယ့်အစွမ်းအစနဲ့ အောင်မြင်ခဲ့တယ်လို့ သတင်း ထွက်လာတဲ့အခါ ဗိုလ်ချုပ် ကျန်း ဘယ်လိုမှ မနေဘူးဆိုရင် ပိုအဆင်ပြေတာပေါ့”

အခြားသူများ သတိမထား လိုက်မိချိန်တွင် ယွင်ချဲ့ ဆေးလိပ်ကို လက်တွင် ညှပ်လျက် ခုံပေါ်တွင် ထိုင်နေလေသည်။ မနက်ပိုင်းတွင် အဆင့် ၃ ဖုတ်ကောင်များနှင့် ရင်ဆိုင်ခဲ့သဖြင့် ယွင်ချဲ့ လည်း ပင်ပန်းနေပြီး သူ၏နာမည်ကို မကြားလိုက်လျှင် သူတို့အနားသို့ ရောက်လာမည် မဟုတ်ပေ။

“မင်းတို့ဘာသာ လုပ်နိုင်တယ်ဆိုရင် ဘာလို့ကြိုမပြောခဲ့တာလဲ .. ပြီးတော့ ပြန်ရင် လာရာလမ်းအတိုင်း မပြန်နိုင်တာ ဘာဖြစ်လို့လဲ”

ယွင်ချဲ့ စကားကြောင့် ဗိုလ်ချုပ် ကျန်းမှာ သူ၏ခေါင်းအနားတွင် ရှိသော မော့ဝမ်းယန် သေနတ်ကိုပင် ဂရုမစိုက် နိုင်တော့ပေ။ ယွင်ချဲ့လည်း ဆေးလိပ်ကို လွှင့်ပစ်လိုက်ပြီး …

“ဘာလို့ ပြောရမှာလဲ .. ဒီစစ်ဆင်ရေးက စစ်တပ်နဲ့ ပြည်သူ ပူးပေါင်း လုပ်ဆောင်ပြီး စစ်တပ်က တာဝန်ယူ ဦးဆောင်နေတာကို မေ့နေတာလား .. ကျွန်တော်တို့က လိုက်ကူပေးရုံပဲ ရှိတာ .. ပြန်လမ်း အနေနဲ့ကတော့ ခင်ဗျားတို့ သဘောကျရာလမ်းအတိုင်း ရွေးပြီးသွားနိုင်တယ် … တစ်ခုပြောလိုက်မယ် ခင်ဗျား မလုပ်နိုင်တဲ့ အရာရှိရင် ဆရာကြီးပုံစံနဲ့ သူများကို လိုက်မခိုင်းရင် ကောင်းမယ်”

ယွင်ချဲ့က နတ်ဘုရား မဟုတ်သည့်အပြင် စစ်တပ်ကို ကြည့်ရှု စောင့်ကြပ်ရန် တာဝန်လည်းမရှိပေ။ ယွင်ချဲ့ အနေနှင့် မော့ဝမ်းယန် ကို မကူညီပေးနိုင်လျှင် ဟေးယွီ ကို လုပ်ခိုင်းမည်လည်း မဟုတ်ပေ။ တာဝန် လုပ်ဆောင်ရာတွင် အခက်အခဲ မရှိခဲ့လျှင် ယွင်ချဲ့မှာ သူ၏နယ်မြေထဲတွင် တစ်နှစ် စာရိက္ခာများကိုပင် စုဆောင်း ထားနိုင်ပေလိမ့်မည်။ ဗိုလ်ချုပ် ကျန်း၏ အတော မသတ်နိုင်သည့် လောဘက စည်းဘောင်တို့ကိုပင် မသိပေ။ ချောင်ယန်းနှင့် ထိပ်ဦးအဖွဲ့သာ မရှိလျှင် ဘယ်လို ဖြစ်နိုင်သလဲ၊ သူတို့၃ရက်ပင် တောင့်ခံနိုင်မလား၊ သေမင်းနှင့် စစ်ခင်းရနိုင်လား ဆိုသည်ကို ဗိုလ်ချုပ်ကျန်း တွေးတောမိရဲ့လား။ ရိုးရိုးသားသား ဆိုရလျှင် ဝမ်စစ်တပ်နှင့် ဝေ့စစ်တပ်တို့က လက်အောက်သားများ၏ အသက်များကို အရေးတယူ မရှိသဖြင့် စစ်သားများအနေနှင့် အသက်ရှင်လျက် အိမ်ကို ပြန်နိုင်သည်မှာ အလွန်ပင် ကံကောင်းနေပေပြီ။

“မင်း … မင်းမှာ ခွန်အားတွေ အများကြီး ရှိနေလျက်နဲ့ အခြားလူတွေကို ကယ်ရမယ့်အစား ကုန်တိုက်တွေမှာ ရှာဖွေတာနဲ့ပဲ ဖြုန်းတီး နေတာလေ .. အဲဒါကို ငါမပြောသင့်ဘူးလား”

ဗိုလ်ချုပ် ကျန်း စိတ်လွတ် ကိုယ်လွတ်နှင့် သူ၏စိတ်ထဲမှ အတွေးများကို ထုတ်ပြောမိလေသည်။ သူပြောသည့် အနေအထားမှာ ချောင်ယန်းနှင့် ထိပ်ဦးအဖွဲ့တို့က အသေအပျောက် မရှိဘဲ ရိက္ခာများကို စုဆောင်း နိုင်သဖြင့် မနာလိုနေသည့် အဓိပ္ပါယ် သက်ရောက်နေသည်။

“တကယ်လို့ ကျုပ်သာ ဖုတ်ကောင်တွေနဲ့ မရင်ဆိုင်ဘူး ဆိုရင် ခင်ဗျားတို့ ဒီထက်ပိုပြီး သေနေကြလောက်ပြီ .. ဒီမှာကြည့်လိုက်”

ချွင် .. တောက် .. တောက်

ယွင်ချဲ့ နှာခေါင်းရှုံ့လျက် လက်ကို ဝှေ့လိုက်ရာ တစ်ဒါဇင်ကျော်သော အရောင်စုံသည့် အဆင့် ၃ အမြုတေများ မြေပြင်ကို ထိရိုက်ကုန်ပြီး မြင်လိုက်ရသူများလည်း အံ့ဩထိတ်လန့် ကုန်သည်။

“သူသာ အဆင့် ၃ ဖုတ်ကောင်တွေကို မသတ်ပေးခဲ့ရင် ငါတို့တွေ ….”

အခြားသူများ တွေးတောနိုင်ခြင်း မရှိတော့ဘဲ ဗိုလ်ချုပ်ကျန်းကိုပင် ရန်စောင်စွာ ကြည့်လိုက်သည်။

“ယွင်ချဲ့က ကျုပ်တို့အတွက် ဘယ်လောက် လုပ်ပေးခဲ့လဲ မြင်ပြီလား … သူ့ကို စွပ်စွဲရဲတဲ့ သတ္တိတွေ ခင်ဗျားဘယ်က ရလာလဲ စဉ်းစားလို့ကို မရဘူး။ အဆင့် ၃ ဖုတ်ကောင်တွေကို ဘယ်သူက သူ့ထက် ပိုသတ်နိုင်ခဲ့လို့လဲ”

“ဗိုလ်ချုပ် ကျန်း ဒီလို ဆက်လုပ်နေရင် ကျုပ်မှာ ခင်ဗျားကို ရာထူးချနိုင်တဲ့ အာဏာရှိတာ မမေ့ပါနဲ့”

တိတ်ဆိတ် နေသည်ကို မော့ဝမ်းယန်၏ ဩရှခက်ထန်သော အသံက ဖြိုခွဲလိုက်ရာ ဗိုလ်ချုပ် ကျန်းလည်း မတတ်သာတော့ဘဲ နောက်ဆုတ် လိုက်ရသည်။ သူလှည့်မထွက်သွားမီ ယွင်ချဲ့နှင့် အနီးအနားတွင် အနားယူနေသော ဟေးယွီ နှင့် ဝံပုလွေ ခေါင်းဆောင်တို့ကို လှည့်ကြည့် လိုက်သည်။ သူသည် တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်သော်လည်း အကယ်၍ တစ်ကိုယ်ကောင်း ဆန်ခဲ့လျှင်တောင် သူ၏စစ်သားများ အတွက် စဉ်းစားပေးခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ကျန်း တွေးဆထားသည်။ သူ့အပေါ် ယွင်ချဲ့ ပြောခဲ့ခြင်းနှင့် ပြုမူခဲ့ခြင်းတို့အပေါ် ဗိုလ်ချုပ်ကျန်း နားမလည်နိုင်ပေ။

“တော်တော် မာနကြီးတဲ့သူပဲ သူ့လို မျက်နှာပြောင် တိုက်တဲ့သူ တစ်ခါမှ မမြင်ဖူးဘူး”

ယွင်ချဲ့ သူ၏အဖွဲ့သို့ ပြန်လာရာ ကျိုးဇယ်ယွီ ညည်းတွား နေသည်ကို ကြားလိုက်ရသည်။ ရှင်းဖုန်းလည်း ယွင်ချဲ့ အနား ရောက်လာကာ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ….

“ငါတို့ အခြေအနေကို ထိန်းချုပ်နိုင်တဲ့အခါ သူ့ကိုရှင်းထုတ်ဖို့ နည်းလမ်း ရလာမှာပါ”

ထိုလူမှာ မနေ့က သေသွားခဲ့သည်။ အခုတော့ သူတို့ နောက်တစ်ကြိမ် စီစဉ်ရပေဦးမည်။

“သူက အရေးမကြီးပါဘူး .. ဝေ့စစ်သားတွေ အတော်များများ ကျဆုံး ကုန်တဲ့အပြင် မော့ဝမ်းယန်က သူ့စစ်တပ်နဲ့ ဝမ်စစ်သားတွေကို အမိန့်ပေးနေတော့ သူ့ကို ကာကွယ်ပေးမယ့် သူမရှိတော့ဘူးလေ … ကျွန်တော်တို့ ဘာမှ မလုပ်ရင်တောင် သူအသက်ရှင် နေနိုင်မှာ မဟုတ်ဘူး”

ယွင်ချဲ့လည်း ရှင်းဖုန်း နှင့်အတူ ထိုင်လိုက်ပြီး ထိုလူအကြောင်းကို တွေးပင် မတွေးချင်တော့ပေ။ ထို့နောက် သီးသန့် ဖယ်ထားကာ ချည်နှောင် ခံထားရပြီး ဒဏ်ရာကြီးနေသည့် လူတို့ကို ကြည့်လိုက်ရာ အများစုမှာ စစ်သားများ ဖြစ်နေကြသည်။ သူတို့မှာ စိတ်ဓါတ် မကောင်းသူ၏ အမိန့်များကို လိုက်နာ နေကြရသည့် လူကောင်းများ ဖြစ်ပေသည်။ ယွင်ချဲ့ အမြန်တွေးလိုက်ပြီး ချက်ချင်းထကာ သူတို့အနား သွားလိုက်ရာ ယွင်ချဲ့ အနားကပ် လာသည်နှင့် ထိုလူတစ်စု အာရုံစိုက် သွားကြလေသည်။ ထို့နောက် သူ၏နယ်မြေထဲမှ ဘီစကွတ် မုန့်ထုပ်များနှင့် ရေဘူးများ ထုတ်လျက် တစ်ယောက်စီကို သေချာလိုက်ပေးလေရာ သူတို့လည်း အံ့အားသင့် နေကြသည်။

“ဇွမ်ဘီဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်ဖို့အတွက် အားရှိနေဖို့လိုတယ် .. ဖုတ်ကောင် မဖြစ်လာနိုင်ဘူးလို့သာ ရဲရဲကြီး ယုံကြည်ထားလိုက် အဲဒါဆို မဖြစ်လာနိုင်တော့ဘူး”

စမ်းရေက ကိုယ်တွင်းရှိ ဇွမ်ဘီဗိုင်းရပ်စ်ကို တိုက်ထုတ်ရာတွင် အထောက်အကူ ဖြစ်ကြောင်း ကျန့်ယာဖေး ၏ အဖေ ကျန့်ထျန်းလုံ က သက်သေပြခဲ့သည်။ ယွင်ချဲ့က ကယ်တင်ရှင်အဖြစ် ပြုမူနေခြင်း မဟုတ်ဘဲ ထိုစစ်သားတို့ ဒုက္ခခံနေရခြင်းကို မကြည့်နိုင်သည့်အပြင် သူ့လက်နှင့် သတ်လိုက် ရသကဲ့သို့လည်း မဖြစ်စေချင်ပေ။

“ကျေး…ကျေးဇူးတင်ပါတယ်”

စစ်သားများက နာကျင်ခြင်းနှင့် သေခြင်းကို မကြောက်ကြသော်လည်း လူသားစား သတ္တဝါများ ဖြစ်သွားကြမည်ကို အလွန် ကြောက်ရွံ့ကြသဖြင့် ကျေးဇူး ဥပင်္ကာရက သူတို့နှလုံးသား၏ အနက်ရှိုင်းဆုံးမှ ဖြစ်ပေါ်လာခြင်းပင်။

“ရပါတယ် .. ဗိုင်းရပ်စ်ကို အောင်မြင်သွားရင် နောက်ထပ် တိုက်ပွဲတွေမှာလည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နိုင်ဖို့ မျှော်လင့်ပါတယ်”

စစ်သား အများစုထဲမှ တစ်ယောက်ကို ပခုံးပုတ်ကာ နှစ်သိမ့် ပေးလိုက်ပြီး ယွင်ချဲ့ သူ၏အဖွဲ့သို့ ပြန်သွားလေသည်။ ထိုအဖြစ်ကို အစအဆုံး မြင်လိုက်ရသော စစ်သားများလည်း ယွင်ချဲ့ကို လေးစား အထင်ကြီးသွားကြပြီး စစ်တပ် ၃ ခုလုံးကလည်း တူညီသော အကြောင်းရာကိုသာ တွေးနေကြသည်။ သူတို့ကဲ့သို့ စစ်သားများနှင့် အငယ်တန်း အရာရှိများမှာ ရှေ့တန်း ထွက်ရန်နှင့် တိုက်ပွဲ အတွက်သာ စေလွှတ်ခံရာပြီး သူတို့၏အသက်က အရေးမပါသကဲ့သို့ သဘောထား ခံခဲ့ကြရသည်။ ယွင်ချဲ့မှာ ဘာမှမဟုတ်သော လူငယ်တစ်ယောက် ဖြစ်သော်လည်း နှလုံးသားမှာ အလွန်နွေးထွေးလှပြီး သူတို့၏အသက်ကိုတန်ဖိုးထားကာ အသက်ရှင်ရန် ထိုက်တန်သည်ဟု ခံစားမိစေခဲ့သည်။ မည်သူကမှ ထိုသို့ မပြုမူခဲ့သည့်အပြင် ယွင်ချဲ့ ကိုယ်တိုင်လည်း သူ၏ကြင်နာမှုမှာ အလွန်ရှားပါးပြီး များစွာသော စစ်သားများထံမှ လေးစားမှုကို ရရှိလိမ့်မည်ဟု သိပုံမပေါ်ပေ။

“တစ်ခုခုစားလိုက်ဦး .. ကြည့်ရတာ စစ်တပ်က ဒီနေ့လယ်ထိကို ရှေ့ဆက်နိုင်မယ် မထင်ဘူး .. ဒီတော့ ငါတို့ဘာသာ သတ်သတ် ခွဲသွားရတော့မယ်”

စားပွဲနှင့် ထိုင်ခုံများကို မထုတ်တော့ဘဲ ထမင်းဘူးများကို မြေပြင်ပေါ်တွင် ချထားလိုက်ရာ ချောင်ယန်းနှင့် ထိပ်ဦး အဖွဲ့သားတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိတ်ဆိတ်စွာ စားသောက် ကြလေသည်။ ရှင်းဖုန်းလည်း မော့ဝမ်းယန် အတွက် ရှန်းရွေကို သွားရောက် ပို့ခိုင်းလိုက်သည်။ ရှင်းဖုန်း သူ၏ဗိုက်ကို ဖြည့်ရန် နယ်မြေထဲမှ ဘီစကွတ်မုန့်ကို ထုတ်ရန် ပြင်လိုက်စဉ် ယွင်ချဲ့က သူ၏ထမင်းဘူးကို ရှင်းဖုန်းထံသို့ ပေးလိုက်သည်။

“သိပ်မစားချင်လို့ ကူစားပေးဦး”

ရှင်းဖုန်း စားမစားကို ယွင်ချဲ့ ဂရုမစိုက်ဘဲ လက်ထဲသို့သာ ထမင်းဘူးကို ထည့်ပေးလိုက်ပြီးနောက် ကိုယ်ကိုဆန့်ကာ ဟေးယွီကိုမှီလျက် လဲအိပ်လိုက်သည်။ သူမည်မျှ ပင်ပန်းနေကြောင်း မည်သူကမှ တွေးဆနိုင်မည် မဟုတ်ပေ။ အကယ်၍ သူ၏ အဖွဲ့ငယ်တို့ကိုသာ ဦးဆောင်လျက် ထိုကျောင်းသို့ သွားမည်ဆိုပါက အခုချိန်တွင် ပြီးမြောက်နှင့်ပြီး ဖြစ်သည်။ ဘာကြောင့်များ အားအင်ကို ပိုအကုန်ခံ နေရမှာလဲ။ ကပ်ဘေး ဆိုက်နေချိန်တွင် သူသည် အဆင့် ၃ စွမ်းအားရှင် ဖြစ်သည့်တိုင် နတ်ဘုရား မဟုတ်ပေ။

“ဟင် ?”

ပူနွေးမှုက သူ၏နှုတ်ခမ်းကို ထိကပ်လာသည့် အချိန် ယွင်ချဲ့ မျက်လုံး ဖွင့်ကြည့်လိုက်ရာ ရှင်းဖုန်းက ထမင်းတစ်ဇွန်း ခူးထားကာ ယွင်ချဲ့ကို ခွံ့ကျွေးနေလေသည်။

“နည်းနည်းလောက် စားလိုက်ပါ .. မင်းဗိုက်ဆာရင် ငါပဲ ရင်နာရမှာ”

ယွင်ချဲ့ ဗိုက်ဆာ နေသည်ကို ရှင်းဖုန်း သိသော်လည်း ထိုကောင်လေးက စားချင်စိတ်ပင် မရှိသည်အထိ အလွန် ဒေါသဖြစ်နေသည်။ မည်သူကမှ ဆိုးဝါးစွာ မသေလိုကြဘဲ အားလုံးအတူတူ စခန်းမှ ထွက်ခွာ လာကြသဖြင့် လူစုံတက်စုံဖြင့်သာ အိမ်ပြန်လိုကြသည်မှာ အသေအချာပင်။ ယွင်ချဲ့ က ဖြေရှင်းမည့် နည်းလမ်းကို တိတ်တဆိတ်နှင့် ကြိုးစား ရှာဖွေနေသည်။

“အင်းပါ”

ယွင်ချဲ့ ထပ်မငြင်းတော့ဘဲ ပါးစပ်ကိုဟလျက် ရှင်းဖုန်း ခွံ့ကျွေးသည်ကို စားလိုက်သည်။ ရှင်းဖုန်းလည်း ဘေးတွင်ထိုင်လျက် နည်းနည်းချင်း စားသောက်ကာ သူတို့၏ကုန်ဆုံးသွားသော အားအင်များကို ပြန်လည် ဖြည့်တင်း နေလိုက်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset