အခန်း (၁၃၂)
စစ်ဆင်ရေးတွင် အဖွဲ့ပေါင်းစုံပါဝင်ပြီး ကျန်သောအဖွဲ့ ၁၈ဖွဲ့မှာ လေတာ့ရှန်နှင့် ချန်းဟွာ ကဲ့သို့ မပွင့်လင်းကြပေ။ အချို့က ယွင်ချဲ့ကို လေးစားကြသော်လည်း စိတ်ထဲတွင် မုန်းတီးနေကြပြီး အချို့မှာ ယွင်ချဲ့၏ နောက်လိုက်ဖြစ်ခြင်းမှ ရလာနိုင်မည့် အကျိုးအမြတ်များကြောင့် လေးစားကြသော်လည်း သူတို့ကို ဘာမှ မပေးနိုင်သည့်အခါ ယွင်ချဲ့ စွန့်လွှန်လိုက်ကြသည်။ စွမ်းအားရှင်အဖွဲ့များကို ဖယ်လိုက်လျှင် တစ်ဉီးတည်းသီးခြားစွမ်းအားရှင် ၁၆ယောက်ရှိသည်။ ချန်းဟွာနှင့် လေတာ့ရှန်က ယွင်ချဲ့တို့ကို မနာလိုဖြစ်သည် ဆိုသော်လည်း စနောက်လိုသဖြင့် ပြောခြင်းသာဖြစ်ပြီး အခြားသော ခိုးကြောင်ခိုးဝှက်နှင့် စက်ဆုပ်ဖွယ် ကောင်းသူများမှာ မနှစ်မြို့ဟန်သည့် ပုံစံဖြင့် မနာလိုကြခြင်း ဖြစ်သည်။ သို့သော် ကပ်ဘေးကာလ ဖြစ်သောကြောင့် စစ်တပ် အပါအဝင် မည်သူကမှ သူတို့ အစားအသောက်ကို မနှစ်သက်ကြောင်း မပြောဆိုရဲကြပေ။ သူတို့က ခြယ်လှယ်ခံနေရချိန် ထိပ်ဉီးအဖွဲ့က အစားအသောက်များစွာကို ရရှိထားကြသဖြင့် ယွင်ချဲ့ တို့နှင့် မပေါင်းသင်းလိုကြပေ။
သို့သော်လည်း ယွင်ချဲ့ ဂရုမစိုက်။ အတိတ်ဘဝတွင် လေးနှစ်ကြာအောင် ကျင်လည်နေထိုင်ခဲ့သဖြင့် အချို့သူများ သူ့အား လေးစားနေသည့် အကြောင်းကို ယွင်ချဲ့ သေချာသိသဖြင့် လူတို့ထံမှ သစ္စာစောင့်သိခြင်းကို သူမမျှော်လင့်ပေ။ ပြောရလျှင် သူတို့၏ ဆက်ဆံရေးက အကျိုးအမြတ်များစွာ အပေါ် အခြေခံထားသည်။ ယွင်ချဲ့က သူတို့ စိတ်ဝင်စားသော အရာများအတွက် တိုက်ခိုက်ပေးပြီး ရိက္ခာများ စုဆောင်းရန် သူတို့ကို ခေါ်သွားလျှင် ယွင်ချဲ့ကို ထောက်ခံကြမည်က အသေအချာပင်။ မိမိတို့လိုအပ်သည်ကို အခြားအဖွဲ့များထံမှ ယူကြသဖြင့် မည်သူကမှ အကြွေးတင်နေခြင်း မရှိပေ။ အကယ်၍ တစ်ယောက်ယောက်က သူတို့အဖွဲ့ကို ထိခိုက်လာခဲ့လျှင် ယွင်ချဲ့ သက်ညှာခြင်း မရှိဘဲ ရှန်းယန် အဖွဲ့ကို ရှင်းပစ် လိုက်သကဲ့သို့ ထပ်လုပ်ပေလိမ့်မည်။
“ငါတို့ထွက်ပြီးတာနဲ့ပဲ ဌာနချုပ်ကနေ အရေးတကြီး အမိန့်ထုတ်လာတယ် .. နယ်မြို့သွားတဲ့ လမ်းတစ်လျှောက်ကို ရှင်းလင်းရမယ် ပြီးတော့ ငါတို့တတ်နိုင်သမျှ စွမ်းအားရှင်များများကို စုဝေးထားဖို့လည်း လိုတယ်တဲ့”
နေ့လယ်စာစားပြီးနောက် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့က မော့ဝမ်းယန်နှင့် စကားပြောရန် ထွက်လာခဲ့သည်။ ထင်ထားသကဲ့သို့ မော့ဝမ်းယန်တွင်လည်း သူတို့ စတင်ထွက်ခွာ ပြီးသည်နှင့် အမိန့်စာတစ်ခု ရောက်လာသည်။ သို့သော် ရိက္ခာအထောက်အပံ့ နည်းပါးနေခြင်းက ပြဿနာ တစ်ရပ်ပင်။ နယ်မြို့သို့ သွားသည့်လမ်းကို ရှင်းလင်းခြင်းနှင့် ဖုတ်ကောင်များကို နှိမ်နင်းခြင်းအပြင် စားနပ်ရိက္ခာများကိုလည်း စုဆောင်းရဉီးမည်ဖြစ်ပြီး မဟုတ်ပါက သူတို့ငတ်သေ သွားလိမ့်မည်။ ဝမ်စစ်တပ်၊ ဝေ့စစ်တပ်နှင့် အစိုးရတို့မှာ ခက်ခဲစွာ ရင်ဆိုင်ခဲ့ကြရသည်။ ယခုတွင်လည်း ပို၍ခက်ခဲသော တာဝန်ကို လုပ်ဆောင် ရပေဉီးမည်ဖြစ်ပြီး ဉီးဆောင်လာခဲ့သော မော့ဝမ်းယန် သည်လည်း အခက်ကြုံ နေရသည်။
“မင်းတို့ရဲ့ရိက္ခာတွေက ဘယ်လောက်ထိ ခံနိုင်မလဲ”
အတော်ကြာအောင် တိတ်ဆိတ် နေပြီးနောက် ယွင်ချဲ့ တည်ငြိမ်စွာ မေးလိုက်သည်။
“ငါးရက်ပဲ .. ငါတို့မှာ နယ်မြေစွမ်းအားရှင် များများစားစားမရှိဘူး … မျိုးစေ့တွေထက် ငါတို့က ဓါတ်ခွဲခန်းပစ္စည်းနဲ့ အချက်အလက်တချို့ပဲ သယ်ကြမှာ .. အဲဒီတော့ ရိက္ခာအတွက် နေရာအပိုမရှိဘူး”
ယွင်ချဲ့ ဘာကြောင့် မေးသည်ကို မသိသော်လည်း မော့ဝမ်းယန် ပြန်ဖြေလိုက်သည်။ ၅ ရက်စာ ရိက္ခာနှင့် သူတို့လောက်နိုင်ပါ့မလား။ အခုမနက်ခင်းတွင်ပင် လင်းကျန်းမြို့မှ မထွက်ရသေးဘဲ နယ်မြို့သို့မရောက်မီ စားနပ်ရိက္ခာများ ကုန်သွားပေလိမ့်မည်။ ဒုတိယပတ်လမ်းသို့ သွားကာ အစားအသောက်များ စုဆောင်း၍ ၅ ရက်အတွင်း ပြန်လာမည်ဆိုလျှင်လည်း မဖြစ်နိုင်ပေ။ ရာကျော်အရေအတွက်ရှိသော လူများကို နေ့တိုင်း စားသောက်စေနိုင်ရန် အတွက် အလွန်များပြားသော အစားအသောက် လိုအပ်ပေသည်။ ဝေ့စစ်တပ်၊ ဝမ်စစ်တပ်နှင့် အစိုးရတို့၏ လုပ်ရပ်က မော့ဝမ်းယန်ကို အခက်ကြုံစေသည်။
“၅ ရက်က လောက်ပါတယ် … ဒီမှာ ဒီနေ့လယ်အတွက် အစီအစဉ် .. ကျွန်တော့််််ရဲ့ဘတ်စ်ကားက အရှေ့ဉီးဆောင်သွားမယ် အနောက်ကနေ အဆင့် ၃ တာဝေးပစ် စွမ်းအားရှင်တွေပါတဲ့ ကားနှစ်စီးကို ဖုတ်ကောင်သတ်ဖို့ လိုက်ခိုင်းမယ် .. ဖြစ်နိုင်ချေနဲ့ မြန်မြန်ရောက်နိုင်တဲ့လမ်းကိုပဲရွေးမယ် မမှောင်ခင်တော့ မြို့ပတ်လမ်းကို ရောက်နိုင်ဖို့ မျှော်လင့်တယ် မဟုတ်ရင် ကောင်းကောင်း အိပ်ရမှာ မဟုတ်ဘူး။
ယွင်ချဲ့ အစီအစဉ်ကြောင့် မျှော်လင့်ချက် ရလာခဲ့သည်။ လက်နှစ်ဖက်ကို ရိုက်ခါလျက် ထလိုက်ရာ ရှင်းဖုန်းလည်း ထလာခဲ့သည်။ သို့သော် မော့ဝမ်းယန်မှာ ပါးစပ် ဟောင်းလောင်းနှင့် အံ့ဩတကြီး ကြည့်နေလေသည်။ အမြန်လမ်းပေါ်တွင် ကားများနှင့် ဖုတ်ကောင်များစွာ ရင်ဆိုင်ရမည်ကို ယွင်ချဲ့ ဘာမှမဖြစ်သကဲ့သို့ အေးဆေးစွာ ပြောဆိုနေသဖြင့် မော့ဝမ်းယန်၏ အနေအထားမှာ သူ၏အပြစ် မဟုတ်တော့ပေ။ နေ့လယ်အမီ နယ်မြို့သို့ ရောက်နိုင်ရမည်လား၊ မဖြစ်နိုင်ပေ။
“သူပြောသလိုလုပ်ပါ .. စီစဉ်စရာရှိတာ မြန်မြန်စီစဉ်ပြီး စောနိုင်သမျှ စောစောထွက်မယ်”
မော့ဝမ်းယန် ဘာကြောင့် အလန့်တကြား ဖြစ်နေရသည်ကို ရှင်းဖုန်း နားလည်သည်။ ယွင်ချဲ့ကို ပထမဆုံး စတွေ့ချိန်တွင် ယွင်ချဲ့၏ လုပ်နိုင်စွမ်းကြောင့် သူအလွန် အံ့ဩခဲ့ရသည်ကို ရှင်းဖုန်း သတိရသွားပြီး မော့ဝမ်းယန်၏ ပခုံးကို ပုတ်ပေး လိုက်သည်။
“ခဏ.. ခဏနေပါဉီး … ငါတို့ ဘာကိုရင်ဆိုင် နေရတယ်ဆိုတာ သိတယ်မလား ကပ်ဘေးဖြစ်ပြီး ကတည်းက အမြန်လမ်းကနေ သွားကြပေမယ့် ပုံမှန်လမ်းတွေလို လမ်းပိတ် သွားကြတာချည်းပဲ .. လတ်တလောလည်း အမြန်လမ်းပေါ်မှာ ကားတွေ ဖုတ်ကောင်တွေ အများကြီး ပိတ်နေကြတာ .. လင်းကျန်းကနေ နယ်မြို့ကိုရောက်ဖို့ ကီလိုမီတာ ထောင်ချီ လိုသေးတာကို ပျံသွားကြမလို့လား”
မော့ဝမ်းယန် စိတ်ကိုစုစည်းကာ ယွင်ချဲ့ တို့ကို တားကာ မေးလိုက်သည်။ ယွင်ချဲ့ စွမ်းရည်ကို ယုံကြည်သော်လည်း ပြောသည့် အစီအစဉ်မှာ အလွန် ထူးဆန်းနေသည်။
“စီစဉ်စရာရှိတာ မစီစဉ်ဘဲ ဘာလို့ အချိန်ကုန်ခံပြီး ရှင်းပြတာကို နားထောင်နေမှာလဲ … ကျွန်တော့်််ကိုယုံလိုက် ၅ ရက်အတွင်း ပြန်လာနိုင်လိမ့်မယ်”
ယွင်ချဲ့ စကားပြောပြီးနောက် မော့ဝမ်းယန် ဘေးမှ ဖြတ်သွားရာ ရှင်းဖုန်းလည်း ခေါင်းခါကာ လိုက်သွားလေသည်။ မော့ဝမ်းယန်က အတော်ကြာအောင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး စတင်အမိန့်ပေးလေသည်။ မည်မျှပင် လက်တွေ့ မကျသော်လည်း ယွင်ချဲ့နှင့် ရှင်းဖုန်းတို့မှာ လျို့ဝှက်ချက် များစွာဖြင့် ပြည့်နှက်နေခြင်းကြောင့် မော့ဝမ်းယန်လည်း သူတို့အစီအစဉ်အတိုင်း အမိန့်ခွဲပေးလိုက်သည်။ သူတို့၏ မူလအစီအစဉ် ဖြစ်သော အချိန်ကြာခြင်းနှင့် ရှုံးနိမ့်ခြင်းတို့က အဆိုးဆုံးသော ဖြစ်နိုင်ချေတစ်ခုပင်။
သို့သော် နေ့လယ် စောင်းအချိန် စတင် ပြောင်းရွေ့ခဲ့ကြရာတွင် ယွင်ချဲ့ကို အထင်သေးမိကြောင်း မော့ဝမ်းယန် သိလိုက်ရသည်။
နေ့လယ် ၁ နာရီတွင် ပြန်လည် ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီး ကားတန်းမှာ မူလအခြေအနေနှင့် ကွာခြားနေသည်။ ယွင်ချဲ့ တောင်းဆိုထားသည့် အတိုင်း အရှေ့ဆုံးတွင် ဘတ်စ်ကားက ဉီးဆောင်သွားပြီး စစ်သားများအစား တာဝေးပစ် စွမ်းအားရှင်များ ပါသော ကားများက အနောက်မှ လိုက်လာခဲ့ကြသည်။ အခြေအနေကို သေချာစောင့်ကြပ် ကြည့်ရှုရန်အတွက် မော့ဝမ်းယန်က သူ၏လက်ထောက် ၂ ယောက်ကိုလည်း အနားတွင် ခေါ်ထားသည်။
“မင်းတို့အဆင်သင့်ပဲလား”
ယွင်ချဲ့လည်း ကိုယ်တိုင် ကားမောင်းကာ ဝေါ်ကီတော်ကီ မှတစ်ဆင့် စစ်ဆေးမေးမြန်းလိုက်သည်။ တိကျသေချာသော အဖြေပြန်ရပြီးနောက် ကားဒိုင်ခွက်ပေါ်တွင် ထိုင်နေသော ဟေးယွီကို ပုတ်လိုက်သည်။
“မင်းတာဝန်ပဲ”
“အိုကေ .. ကျွန်တော့်ကို စွမ်းအားဖြည့် ချော့ကလက်ချောင်းတွေ ဝယ်ကျွေးမယ်ပြောထားတယ်နော်”
ဟေးယွီ ကိုယ်ကိုခါလိုက်ပြီး ထရပ်ကာ ပြတင်းပေါက်မှ ထွက်သွားသည်နှင့် သူ၏သေးငယ်သော ခန္ဓာကိုယ်မှာ အလွန်ကြီးမားသော သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
“အားလုံး နိုးနိုးကြားကြားရှိနေကြ .. ငါ့နောက်လိုက်ခဲ့ ရော့ခ်အန်ရိုးကြမယ်ဟေ့ !”
ဘုန်း
အခြားသူများကို ဘာမှပြန်ပြောခွင့် မပေးတော့ဘဲ ရှေ့လက်ကို ဝှေ့လိုက်ရာ တံခါးမှာ ပွင့်ထွက် သွားလေသည်။ ထိုအချိန် အရှေ့ဘက်တွင် သွားလာနေကြသော ဖုတ်ကောင်များက သူတို့ထံ ပြေးလာကြရာ ဟေးယွီက သူ၏လက်သည်းဖြင့် ဖုတ်ကောင်များကို ခေါင်းဖြတ် ပစ်လိုက်သည်။ ဟေးယွီ တိုက်ခိုက်သည်ကို ပထမဆုံး အနေနှင့် မျက်မြင် တွေ့လိုက် ရသူများမှာ ကြောက်သေး ထွက်လုမတတ်ပင် ဖြစ်သွားကြသည်။ ဟေးယွီ အတွက် စွမ်းအားကြီးသည် ဆိုသော စကားလုံးကပင် ဖော်ပြရန် မလုံလောက်ပေ။
“တာဝေးပစ် စွမ်းအားရှင်တို့ .. ဖုတ်ကောင်တွေကို ပစ်ကြ ! အနောက်က ကားတွေ ငါတို့နဲ့ ကပ်ကပ်နေကြ .. ပြုတ်ကျသွားရင် ကိုယ့်ထိုက်ကိုယ့်ကံပဲ ဘယ်သူမှ နောက်လှည့်ကယ်ပေးမှာ မဟုတ်ဘူး !”
အလင်း၏အရှိန်နှင့် ဘတ်စ်ကားတစ်စီး ထွက်သွားသည့် အချိန် ကားပေါ်တွင် စောင့်နေသော လန်ယဲ့ဟန်၊ ကျန်းရှန်နှင့် အခြားသော စွမ်းအားရှင်များက ဖုတ်ကောင်ကို ပစ်ခတ်ကြပြီး ကျိုးဇယ်ယွီက လေအစွမ်းနှင့် အမြုတေများကို သိမ်းဆည်းလေသည်။ သူတို့၏ ပြီးပြည့်စုံစွာ လိုက်ဖက်ညီသော ပူးပေါင်း တိုက်ခိုက်မှုကြောင့် အနောက်မှ ကားများပေါ်တွင် လိုက်ပါလာသော စစ်သားများနှင့် စွမ်းအားရှင်များ အံ့အားသင့် ကုန်လေသည်။
ဝုန်း
လန်ယဲ့ဟန်နှင့် အခြားသူများက ကူညီတိုက်ခိုက်ကြသဖြင့် ဟေးယွီလည်း သူ၏စွမ်းအားများကို ဖုတ်ကောင်များအား တိုက်ခိုက်ရာတွင် မသုံးတော့ပေ။ ကားနှင့် ယာဉ်များကို လက်တစ်ချက်ဝှေ့ကာ ဖယ်ရှားလိုက်ရုံနှင့် အလွန် ကြီးမားလေးလံသော ကုန်တင်ကားများပင် မကျန် ခဏလေးအတွင်း လွှင့်ထွက် ကုန်သည်။ ဟေးယွီ၏ လက်နှင့်သာ အရိုက်ခံရလျှင် မည်သို့ဖြစ်မည်ကို ကြည့်နေသူများ မြင်ယောင် လိုက်ကြပြီး သေချာသည် တစ်ခုကတော့ အသက်ပင်ကျန်တော့မည် မဟုတ်ပေ။ ဟေးယွီကို စိန်ခေါ်ခဲ့ကြသော ဝမ်စစ်သားများနှင့် ဝေ့စစ်သားတို့မှာလည်း ဇောချွေးပြန်ကာ သူတို့နှင့် ဟေးယွီ တို့ကြားမှ အကြီးမားဆုံး ကွာခြားချက်ကို နားလည် လိုက်ကြသည်။
“ဟေးယွီက အရင်ကထက် ပိုအားကြီး လာတာလား”
ယွင်ချဲ့ကို လှည့်ကြည့်ကာ ရှင်းဖုန်း မေးလိုက်သည်။ စခန်းတွင် သူတို့ ရှိနေခဲ့စဉ်က ဟေးယွီ ထိုသို့ မဟုတ်ခဲ့ပေ။
“သေချာတယ် .. သူ့ရဲ့ခွန်အားက ပိုကြီးလာတာ အားပြန်ဖြည့်ရင်း ကြိုးစားလေ့ကျင့်နေခဲ့ပုံရတယ်”
ဟေးယွီကို အရှက်မရှိဟု ပြောသော်လည်း တုံးအခြင်းတော့ မဟုတ်ပေ။ သူ၏ကာယ ခွန်အားကို အပြင်လောကတွင် အသုံးပြုနိုင်ကြောင်း သိသဖြင့် သူ၏အားကို အပြည့်အဝအသုံးပြုနေခြင်းဖြစ်သည်။ ဟေးယွီ အနားယူ နေချိန်တွင် သူ့ကို တာဝန်များတွင် ခေါ်သွားရန် ယွင်ချဲ့ထံကို မတောင်းဆိုခဲ့ပေ။ ယနေ့ အချိန်ကိုက်စွာပင် စွမ်းအားများ ပြည့်လာပြီး နတ်ဘုရား အဆင့်ရှိ သားရဲအနေနှင့် ကိုယ့်ကိုယ်ကို အဆင်သင့် ဖြစ်နေကြောင်း သိသဖြင့် ထွက်လာရန် ယွင်ချဲ့ထံ တောင်းဆိုခဲ့သည်။
“သူ့လို ယုံကြည်စိတ်ချ အားကိုးရတဲ့ မိတ်ဖက်မျိုး နောက်ထပ် ရှာမတွေ့နိုင်တော့ဘူး”
ရှင်းဖုန်း မေးကိုပွတ်ကာ စဉ်းစားဟန်ဖြင့် ပြောလေသည်။ ဟေးယွီသည် တစ်ကောင်တည်းသော နတ်ဘုရားအဆင့် သားရဲတစ်ကောင် ဖြစ်သည်ကို သူသိသည်။ သို့သော် သန္ဓေပြောင်း တိရစ္ဆာန်ဆိုသည်က ပို၍ ကောင်းမွန်လိမ့်မည်။ သန္ဓေပြောင်း ကောင်များသည် လူသားများထက် ပိုမို သာမန်ကြောင်း ယွင်ချဲ့ ပြောပြထားဖူးသည်။ ချောင်ယန်း အဖွဲ့အစည်းအနေနှင့် အသစ်များကို ထပ်မံ ခေါ်ယူမည် မဟုတ်သော်လည်း တိရစ္ဆာန်ဆိုလျှင် သူထပ် စဉ်းစားဉီးမည် ဖြစ်သည်။
“တွေ့ရင်လည်း တွေ့ရမှာပါ .. သူ့ရဲ့နောက်စွမ်းအား တစ်ခုကို ခင်ဗျားစိတ်ဝင်စားမှာသေချာတယ်”
ယွင်ချဲ့ ကားမောင်းနေလျက် ရှင်းဖုန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“နောက်စွမ်းအားတစ်ခု ?”
“အင်း အဲဒါက …”
“ယွင်ချဲ့ မင်း အဲဒီအကောင်ကို ဘယ်က ရခဲ့တာလဲဟ တော်တော် ကြမ်းကြုတ်တာပဲ ! ဘာလို့ စောစောက ကြိုမပြောတာလဲ .. တစ်မနက်လုံး အလကားဖြစ်သွားပြီ ! အခုတော့ ဒီစစ်ဆင်ရေးကို ၅ ရက်အတွင်း ပြီးအောင်လုပ်ပြီး အမြန်ပြန်လို့ရပြီကွ !”
သူ၏လုံခြုံရေးအတွက် အိမ်စောင့်သားရဲနှင့် ဝေးရာတွင် တတ်နိုင်သမျှ နေမည်ဟု မော့ဝမ်းယန် ပြောခဲ့သော်လည်း ဟေးယွီ အကြောင်း သိပြီးနောက် စိတ်လှုပ်ရှားစွာ ထရပ်ကာ ယွင်ချဲ့ စကားကို ဖြတ်ပြောလိုက်သည်။ ယွင်ချဲ့ ဘာကြောင့် အလွန် ယုံကြည်မှု ရှိနေသည့် အကြောင်းကို မော့ဝမ်းယန် နားလည် လိုက်သည်။ သူ့တွင်လည်း ထိုသို့သားရဲရှိလျှင် ကိုယ့်ကိုယ်ကို ပို၍ ယုံကြည်မှု ရှိပေလိမ့်မည်။ သူကြည့်နေသော မြင်ကွင်းက အလွန်ပင် အံ့ဩခမ်းနားဖွယ်ကောင်းလှသည်။
“ဗိုလ်ချုပ် ပီသအောင် နေလို့ မရဘူးလား”
ရှင်းဖုန်းကို ကြည့်ပြီးနောက် မော့ဝမ်းယန်ကို ယွင်ချဲ့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းက ငါ့ကို ဗိုလ်ချုပ် လိုနေဖို့ ပြောနေတာလား ဒီလို မြင်ကွင်းမျိုးကို တွေ့တဲ့သူ ဘယ်သူမဆို အံ့ဩကြမှာပဲ ! ဒီကပ်ကြီးထဲမှာ ငါစစ်ဆင်ရေး အခု၂ဝ လုပ်ဖူးတယ်၊ ဒါပေမယ့် တစ်ခါမှ ဒီလို ခမ်းနားတာကို မတွေ့ဖူးဘူး !”
ကားပေါ်တွင် စကား ပြောဆိုကြရင်းဖြင့် တိုးဂိတ်ကို ဖြတ်ကျော် လာခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ ကားများကိုလည်း ဟေးယွီက သူ၏အစွမ်းဖြင့် ဖယ်ရှား ပေးလိုက်သည်။ ဘတ်စ်ကားပေါ်နှင့် ကားကြီးများပေါ်တွင် ရှိနေသော တာဝေးပစ် စွမ်းအားရှင်များက ဖုတ်ကောင်များကို ပစ်ခတ်နေကြပြီး လမ်းကြောမှာလည်း မနက်ပိုင်းကထက် ၁ဝဆ ပိုမြန်လာသည်။ မော့ဝမ်းယန်လည်း ဟေးယွီ အကြောင်း မကောင်း ပြောသူမှန်သမျှကို ပညာပြကာ ရယ်မော နေလေသည်။
“အာ ဒါနဲ့ ဟေးယွီက သူ့ကိုတစ်ခုခုပြန်ပေးမှ ဒီလိုလုပ်ပေးတာ ဥပမာ အားအင်ဖြည့်မုန့်ချောင်း ၁ဝဝဝ လောက်ပေါ့ … ဗိုလ်ချုပ်မော့ ခင်ဗျား သူ့အတွက် ပေးမှာလား”
“ဟမ် ! ဘာအားဖြည့်မုန့်လဲ”
မော့ဝမ်းယန် စဉ်းစား မရတော့သဖြင့် ယွင်ချဲ့ကို စိုက်ကြည့် လိုက်သည်။ ရှင်းဖုန်းလည်း ထိုအားဖြည့် မုန့်ချောင်းကို ထုတ်ကာ ပစ်ပေးလိုက်သည်။
“ဒီဟာ … ဟေးယွီ အတွက် အပေးအယူက ဒါပဲ”
မော့ဝမ်းယန် စိတ်ရှုပ်ထွေး သွားကာ …
“ခွေးက ချော့ကလက် ကြိုက်တယ် ? ဘယ်လိုခွေးက ချော့ကလက် ကြိုက်တာလဲ”
မော့ဝမ်းယန်လည်း ခဏစဉ်းစားလိုက်ပြီး …
“ဟဲ..ဟဲ ဟေးယွီကို ပေးရမှာ ငါပဲဖြစ်သွားပြီပေါ့”
မော့ဝမ်းယန်၏ အမူအရာကို နောက်ကြည့်မှန် မှတစ်ဆင့် ယွင်ချဲ့ တွေ့လိုက်ရသဖြင့် ခေါင်းခါ လိုက်သည်။ မော့ဝမ်းယန် အမှန်ပင် ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မြို့တော်၏ ပတ်လမ်းကြောင်းသို့ သွားနေကြသဖြင့် လမ်းတစ်လျှောက်တွင် ဆိုင်များစွာ ရှိနိုင်သောကြောင့် ချော့ကလက် ချောင်းများကို ရှာရန် မခက်ပေ။ ပြဿနာမှာ ရက်လွန် သွားမည်ကိုပင်။ ကပ်ဘေးကာလမှာ နှစ်လကြာခဲ့ပြီ ဖြစ်သောကြောင့် ဆိုင်တင်ထားသော အစားအသောက်များက ထိုတမျှ ကြာရှည်ခံမည် မဟုတ်ပေ။
***