YMR- အခန်း ၁၃၈

အခန်း (၁၃၈)

ယွင်ချဲ့မှာ ညလုံးပေါက် ဇယားကွက်ကို ကြည့်နေခဲ့ပြီး အခြားသူများက ထိုအကွက်များကို မမြင်ရပေ။ အကြီးအသေး အရွယ်အစား စုံသော အနက်ရောင် အစက်အပြောက်များမှာ အလွန် ပဟေဠိဆန်စွာပင် လိမ္မော်ရောင် အစက်များကြား ရောနှောနေသည်။ သူတို့ကို ဖုတ်ကောင်များနှင့် ဖုတ်ကောင် သားရဲများက ဝိုင်းထားကြသည်ဟု ယူဆနိုင်သည်။ မနက်ဖြန် မနက်မှ ထွက်ကြလျှင် အလွန်အန္တရာယ် များနိုင်သော်လည်း အဖွဲ့သားများ ကောင်းမွန်စွာ အနားယူနိုင်ရန်အတွက် ယွင်ချဲ့ လည်း ဆက်မပြောတော့ဘဲ နားစေလိုက်သည်။

“ငါတို့တွေ ဒီက ဘယ်လို ထွက်ကြမလဲဟ”

နောက်တစ်နေ့ မနက်တွင် ငှက်ကလေးများက သူတို့၏ အသံစာစာများဖြင့် လူအများကို နိုးထစေလိုက်သည်။ လမ်းမထက်တွင်လည်း ဖုတ်ကောင်များစွာ ပြည့်နှက်နေပြီး လိမ်ကောက် သွားလာ နေကြသည်မှာ အလွန်ရွံရှာဖွယ် ကောင်းလှသည်။ ထိုဖုတ်ကောင် အရေအတွက်မှာ အမြင်နှင့် တွေ့ရုံကိုသာ ခန့်မှန်းနိုင်ပြီး ထိုထက်ပင် ပို၍ များပြားနေလိမ့်မည်။

“အင်း … ညံနေတာပဲ…”

နိုးထကာစ ကျန်းရှန်မှာ စိတ်ကြည်လင်စေရန် အချိန် ၅ မိနစ် ပိုယူရလေ့ရှိပြီး မျက်လုံးကိုပွတ်ကာ ညည်းတွား ပြီးနောက် ပြန်လည် အိပ်ပျော်သွားသဖြင့် ကျန်းရှန် ဘေးတွင် လှဲနေသော ယဲ့ရှင်းချန်က ထိုမြင်ကွင်းကို မြင်လိုက်ရာ သူ၏နှလုံးသား အရည်ပျော် သွားရသည်။ ယဲ့ရှင်းချန်၏ နှစ်လိုဖွယ် အပြုံးကို မြင်လိုက်ရသူတို့မှာ မှင်သက် သွားကြသော်လည်း ယွင်ချဲ့နှင့် ရှင်းဖုန်းတို့က မြင်သား ကျနေသောကြောင့် သူတို့အတွက် မထူးဆန်းတော့ပေ။ ယွင်ချဲ့လည်း အိပ်ရာခင်းကို နယ်မြေထဲတွင် သိမ်းလိုက်ပြီး စားပွဲနှင့် မနက်စာတို့ကို ယူထုတ်လိုက်သည်။ ထိပ်ဦးအဖွဲ့အတွက် အစားအသောက် ချက်ပြုတ်ပေးသူ အမျိုးသမီး ၃ ဦး ရှိနေပြီ ဖြစ်သောကြောင့် ယွင်ယောင်က မနက်စာ အပါအဝင် ၅ ရက်စာ ရိက္ခာကို လုံလောက်စွာ ပြင်ဆင် ပေးလိုက်သည်။

“ဝါး မင်းတို့မှာ စားကောင်း သောက်ကောင်းတွေ ရှိတာပဲ”

တစ်နေရာမှ ထွက်လာသော မော့ဝမ်းယန်မှာ ထိုင်ခုံတွင် ဝင်ထိုင်ကာ ကိတ်မုန့် တစ်လုံးကို ယူစားလိုက်သည်။ ယွင်ချဲ့၏ နယ်မြေက လတ်ဆတ်ခြင်းနှင့် ပူနွေးမှုကို ထိန်းပေး ထားသဖြင့် ထိုကိတ်မုန့်မှာ အခုချိန်ထိတိုင် နွေးနေသေးသည်။ နယ်မြေထဲသို့ သိမ်းထားသည့် အရာအားလုံး စသိမ်းထားစဉ်က အတိုင်း ကောင်းမွန်လျက်ပင်။

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးအတွက် အထူးပြုစုမှုပေါ့လေ”

ယွင်ချဲ့လည်း မျက်နှာသစ် သွားတိုက်ပြီးနောက် ထိုင်ကာ စကားပြောလျက် သူ့အတွက် အသီးအရွက် ဆန်ပြုတ်ကို ယူလိုက်သည်။ ပြောင်ပြောင်ရှင်းရှင်းပင် လောဘတကြီး စားသောက်နေသော မော့ဝမ်းယန်က ခဏနားလိုက်ပြီး ယွင်ချဲ့ကို မျက်စောင်းနှင့် ကြည့်လိုက်သည်။

“အထူးပြုစုချက်က ငါ့အတွက် ပထမဆုံး မဟုတ်ဘူးနော် … ဘာဖြစ်ဖြစ် ငါ့အတွက် အချိန်မပေးနိုင်ကြဘူး”

အခြားသူများက ပြတင်းပေါက် မှတစ်ဆင့် ဖုတ်ကောင်များကို လှမ်းကြည့် နေကြသည်။

“ဟဲဟဲ ဟုတ်မှာပေါ့ … မင်းသိလား ဗိုလ်ချုပ် မော့က သူတာဝန်အတွက် အပြင်သွားရင် စားဖိုမှူးကိုလည်း ခေါ်သွားတတ်တယ် …သူ့ကို ကန့်ကွက်စာတွေဆိုရင် မော်ကွန်းတိုက် တစ်ဝက်စာလောက်‌ ရှိတယ် ငါတို့နဲ့ မနက်စာ ဖရီးဆိုတာ ဘာမှ မပြောပလောက်ဘူး”

ယန်းဟွိုင်အန်းလည်း မနက်စာ စားပွဲတွင်တိုးဝင်လျက် မော့ဝမ်းယန်၏ နောက်ကြောင်း လုပ်ရပ်များကို ပြန်ပြောပြနေပြီး ကျန့်ယာဖေး ရောက်လာသည့်အခါ သူ၏ဘေးရှိ ခုံကိုထုတ်ပေးကာ စွပ်ပြုတ် တစ်ခွက်ကိုလည်း ထည့်ပေးလိုက်သည်။ ကျန့်ယာဖေးလည်း ကျေးဇူးတင်ကြောင်းပြောကာ ယန်းဟွိုင်အန်းထံမှ ပန်းကန်လုံးကို ယူကာ စားသောက်လေသည်။ ယန်းဟွိုင်အန်း၏ အခြေအနေကို ယွင်ချဲ့ ရိပ်မိလိုက်သဖြင့် ရှင်းဖုန်းကို လှည့်ကြည့်ရာ ရှင်းဖုန်းလည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ တစ်ခါတစ်ရံတွင် ယန်းဟွိုင်အန်းက ကျန့်ယာဖေး အပေါ် ဂရုတစိုက်ရှိသော်လည်း သူမကို ပိုးပန်းနေကြောင်း ယွင်ချဲ့ မထင်ထားခဲ့ပေ။ သူတို့၏ ညီမလေး တစ်ယောက်မှာ မကြာမီ ကိုယ်ပိုင်မိသားစုလေး ရပေတော့မည်။ ယန်းဟွိုင်အန်းသည် ချောမောသော ရုပ်ရည်နှင့် တောင့်တင်းသည့် ခန္ဓာကိုယ်ရှိသော လူကောင်း တစ်ယောက်ဖြစ်ပြီး ကျန့်ယာဖေး ထက်လည်း အသက် အနည်းငယ်သာ ကြီးသည်။ အများအမြင်တွင် သူတို့၂ယောက်မှာ လိုက်ဖက်ညီသော်လည်း ကျန့်ယာဖေး၏ အမြင်ကို မည်သူမှ မသိကြပေ။

သူတို့၏ ကိုယ်ပိုင် ကိစ္စရပ်များတွင် ယွင်ချဲ့ ဝင်ရောက် စွက်ဖက်မည် မဟုတ်သကဲ့သို့ သူစိတ်တိုင်းကျသူ တစ်ယောက်ကိုသာလျှင် ကျန့်ယာဖေး ရွေးချယ် ပျော်ရွှင်ရမည်ဟု မဆိုလိုဘဲ သူမ သဘောကျသူကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။ သူမက ယန်းဟွိုင်အန်းကို နှစ်သက်လျှင် ယွင်ချဲ့ မကန့်ကွက်သကဲ့သို့ သူမ မနှစ်သက်လျှင်လည်း ယွင်ချဲ့ ဖိအားပေးမည် မဟုတ်ပေ။ နှစ်ယောက်တည်း ချစ်ကြိုက်ကြသည်က အရာရာကို တိုင်ပင် ကိုင်တွယ်နိုင်သော်လည်း တတိယ တစ်ယောက် ဝင်လာလျှင် ထိုသူက ရှုပ်ထွေး ပျက်စီးအောင် လုပ်လိမ့်မည်။

“မောနင်း”

“ဟေ့ မင်းကိုယ်မင်း နည်းနည်းတော့ မထိန်းနိုင်ဘူးလား … ငါတို့လို တစ်ကိုယ်ရည်သမားလေးတွေကို သနားပါဦးဟ”

၅ မိနစ်ကြာပြီးနောက် ကျန်းရှန် နိုးထလာခဲ့ပြီးနောက် ယဲ့ရှင်းချန်ကို ဖက်လျက် မျက်နှာထက် အနမ်းခြွေလိုက်ရာ ကျိုးဇယ်ယွီ မြင်လိုက်သဖြင့် စိတ်ဆိုးတကြီးနှင့် ပြောကာ ကျိန်လိုက်သည်။

“ငါ့လို နုနုထွတ်ထွတ် စင်ဂယ်လေးအတွက် နာကျင်စရာကြီးကွာ။ ငါ့ကို ကောင်မလေး ရှာချင်လာအောင် လုပ်နေတာလား .. ကောင်းပြီလေ မင်းတို့ စောင့်ကြည့်နေကြ စခန်းကိုပြန်ရောက်ရင် ငါစော်အလန်းလေး တစ်ယောက် ရအောင်ရှာပြမယ်”

“ဟင် ?”

ကျိုးဇယ်ယွီ ပြောသည်ကို နားမလည်သော ကျန်းရှန်က တွေဝေစွာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လျက် ကြည့်လေသည်။ ယဲ့ရှင်းချန်မှာ ရှက်ကိုးရှက်ကန်း မဖြစ်တော့သော်လည်း မျက်နှာမှာ အနည်းငယ်ရဲသွားပြီး ကျန်းရှန် ကို မျက်နှာသစ်ပေးရန် ခေါ်သွားလိုက်သဖြင့် ကျိုးဇယ်ယွီ တစ်ယောက်တည်း ကြောင်အအနှင့် ကျန်နေခဲ့သည်။

“ဟား .. ဟား .. မင်းတို့တွေ တော်တော်ရယ်ရတာပဲ”

ထိုအချင်းအရာကို မြင်သော မော့ဝမ်းယန်က ရယ်မောမိသည်။ ယွင်ချဲ့ စကားပြန်မပြောသော်လည်း ခေါင်းခါလျက် ပြုံးနေလေသည်။

အပြင်ဘက်မှ အခြေအနေကို လျစ်လျူရှုကာ ချောင်ယန်းနှင့် ထိပ်ဦး အဖွဲ့သားတို့ မနက်စာကို ပျော်ရွှင်စွာ စားသောက် နေကြသည်။ အခြားသူများက အပြင်ဘက်မှ အခြေအနေကို တွေးမိကြသည့်အခါ မနက်စာကို ခဲယဉ်းစွာ စားသောက် မျိုချနေရချိန် သူတို့မှာ ဝမ်းစာကို အနှောင့်အယှက် မဖြစ်ခံလိုကြပေ။ မနက်စာ စားသောက်ပြီးနောက် ပြန်လည် ထွက်ခွာကြရန် အဆင်သင့်ဖြစ်နေပြီး ယွင်ချဲ့က ဦးဆောင်လာခဲ့သည်။

“ဟေးယွီ .. ဝံပုလွေခေါင်းဆောင် .. မင်းတို့ဦးဆောင်သွား”

သူတို့၏ တောင့်တင်း ကြီးမားသော ခန္ဓာကိုယ်ကို ပွတ်သပ်ကာ တံခါးနားတွင် ရပ်နေသော လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်းတို့ကို ခေါင်းညိတ်ပြလိုက်ရာ သူတို့လည်း တစ်ဖက် လှည့်သွားပြီး လက်တစ်ဖက်က လော့တံခါးကို ကိုင်ကာ ကျန်တစ်ဖက်က စွမ်းအားကိုစုထားလိုက်သည်။

ရား

အား

တံခါးကို ဖွင့်လိုက်သည်နှင့် ဖုတ်ကောင်တို့မှာ သူတို့၏လက်များကို အထဲသို့ ထည့်လာကြပြီး အသင့်စောင့်နေသော ဟေးယွီနှင့် ဝံပုလွေ ခေါင်းဆောင်တို့က တစ်ဟုန်ထိုး ထွက်ပြေးသွားကာ ဖုတ်ကောင်များကို လွင့်ထွက် သွားစေသည်။ ယွင်ချဲ့နှင့် အခြားသူများလည်း စွမ်းအားများကို သုံးကာ ဟေးယွီတို့ အနောက်မှ လိုက်ကာ ဖုတ်ကောင်များကို တိုက်ခိုက်ကြလေသည်။ ယွင်ချဲ့က သူ၏လေထုစွမ်းအားကို သုံးလျက် အဆင့် ၃ ဖုတ်ကောင်များကို ရှာဖွေနေပြီး အခြားသူများက ကျန်သော ဖုတ်ကောင်များကို တိုက်ခိုက်ကြသည်။ အပြင်ဘက်သို့ ရောက်ကြပြီးနောက် ဒုတိယပတ်လမ်း အထိ ဖြတ်ကျော် လာနိုင်ခဲ့သော်လည်း ဖုတ်ကောင်အုပ်ကြီးမှာ လျော့နည်းသွားခြင်း မရှိပေ။ သူတို့မည်မျှပင် သုတ်သင်ခဲ့ပါစေ အဆုံးမရှိ များပြား နေလျက်ပင်။

“နီးနီးကပ်ကပ်နေကြ နောက်မကျန်ခဲ့စေနဲ့”

တိုက်ပွဲအတွင်းတွင် ခေါင်းဆောင်သူ တစ်ယောက်အနေနှင့် မော့ဝမ်းယန် မကြာခဏ သတိပေးနေလျက်ပင်။ စွမ်းအား လျော့နည်း လာကြချိန်တွင် အဖွဲ့ ၂ ဖွဲ့ခွဲလိုက်ပြီး စက်ဝိုင်းသဏ္ဌာန် ဖွဲ့စည်းကာ တစ်ဖွဲ့က အပြင်ဘက်မှ ခုခံကာကွယ် ပေးနေပြီး ကျန်တစ်ဖွဲ့က သူတို့၏ စွမ်းအားများကို ပြန်လည် ဖြည့်တင်းနေကြလျက် မိနစ် ၂၀ ကြာ တစ်လှည့်စီ တိုက်ခိုက်ကာ အနားယူ အားဖြည့်ကြလေသည်။ တာဝေးပစ် စွမ်းအားရှင်များက သူတို့၏ အစွမ်းများဖြင့် ဖုန်ကောင်များကို ပစ်ခတ်နေကြပြီး လွဲချော်သွားကာ အပြေးလာနေသည့် ဖုတ်ကောင်များကို အနီးကပ် တိုက်ခိုက်သည့် စွမ်းအားရှင်များက တာဝန်ယူ သုတ်သင်ကြရသည်။

“သခင် ဒီကိုလာကြည့်ဦး … ဟိုကုန်တိုက်ကြီးကို ကြည့်ကြည့် .. အဲဒီထဲကို ဝင်ကြည့်ကြရအောင်”

တိုက်ခိုက် နေလျက်ပင် ဟေးယွီက လက်ညှိုးထိုးလျက် စိတ်လှုပ်ရှားစွာ အော်ပြောသည်ကို ကြားလိုက်သူများက မယုံကြည်စွာ ကြည့်လိုက်ကြသည်။ သူတို့က တိုက်ခိုက်ရေးကိုသာ အာရုံစိုက်နေကြချိန် ဟေးယွီက ကုန်တိုက်ကို အလည်သွားရန် ခေါ်နေမှာ အလွန် စိတ်တိုစရာ ကောင်းလှသည်။

“ခဏနေဦး”

အဆင့် ၃ ဖုတ်ကောင်နှင့် တိုက်ခိုက်နေသည့် ယွင်ချဲ့က အမြန်ဖြေလိုက်ပြီး ထိုဖုတ်ကောင်၏ခေါင်းကိုဖြတ်ကာ အမြုတေကို သိမ်းလိုက်သည်။

“ဘာကိုစောင့်ရမှာလဲ ကျွန်တော့်ရဲ့ အားဖြည့်အချောင်းတွေ … သခင် .. ထပ်ပြေးသွားပြန်ပြီ !”

နောက်ထပ်အဆင့် ၃ ဖုတ်ကောင်ကို တိုက်ခိုက်ရန် ယွင်ချဲ့ ထွက်သွားသည့်အခါ ဟေးယွီ ဒေါသတကြီးနှင့် ခုန်ဆွခုန်ဆွ ဖြစ်နေသည်။ ထိုချော့ကလက် ချောင်းများမှာ ပျက်စီး ပုပ်သိုးတတ်ကြောင်း ယွင်ချဲ့ ပြောပြထားသဖြင့် ဟေးယွီမှာ မြန်နိုင်သမျှ မြန်မြန်ယူကာ သိမ်းထားချင်သည်။ ချော့ကလက် ချောင်းများမှာ သူအကြိုက်ဆုံး အစားအစာ ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ ချော့ကလက်များ ပျက်စီးသွားလျှင် သူဘာကို စားသောက် ရတော့မှာလဲ။

“အေးပါ အေးပါ ငါအမြန်လုပ်ပါ့မယ် … ရှင်းဖုန်းနဲ့ အရင်သွားနှင့်လိုက် ဒီတစ်ကောင်ကို ရှင်းပြီးရင် ငါလိုက်လာခဲ့မယ်”

ဟေးယွီကို ယွင်ချဲ့ တတ်နိုင်သမျှ ချော့မြူလျက် အဆင့် ၃ ဖုတ်ကောင်ကို သူ၏လျှပ်စီး အစွမ်းနှင့် တိုက်ခိုက်နေသည်။ ယွင်ချဲ့၏ အပြုအမူများက လိမ်ညာနေခြင်း မဟုတ်ကြောင်း ဟေးယွီ သိသဖြင့် အနောက်သို့ ပြန်သွားကာ အော်လိုက်သည်။

“ခေါင်းဆောင် ရှင်း ထွက်လာခဲ့ .. သခင်က ကျွန်တော်တို့ကို ကုန်တိုက်ဆီ ခေါ်သွားမယ်တဲ့”

“ဘာလဲဟ”

အနားယူ နေကြသော စွမ်းအားရှင်များ အလိုမကျ ဖြစ်သွားကြပြီး စိတ်ထဲမှ တွေးလိုက်ကြသည်။

‘မတရားဘူး .. ငါတို့လည်း ကုန်တိုက်ထဲ သွားချင်တယ်လေ’

ရှင်းဖုန်းမှာ သူ၏ပစ္စတို သေနတ်ဖြင့် ဖုတ်ကောင်များကို ပစ်ခတ်နေပြီး ဟေးယွီ ရောက်လာသည့် အချိန်တွင် သူ၏သေနတ်ကို သိမ်းကာ ဟေးယွီ ကျောပေါ်သို့ တက်လိုက်သည်။

“ဟေးယွီ ကိုယ်ကို နှိမ့်ဦးလေ .. တော်တော် ကြွားဝါနေတာပဲ”

အခြားသူများမှာ အားကျစွာ ကြည့်နေကြသည်။ အကယ်၍ ဖုတ်ကောင်များသာ စကားပြောတတ်လျှင် သူတို့ကို အဖက် လုပ်လေးစားရန် ပြောကြပေလိမ့်မည်။

“ဘာလို့နှိမ့်ရမှာလဲ .. ကျုပ်က သူတို့ကို နှိုးဆော်ပေးနေတာ အဲဒါမှ သူတို့ရဲ့ စွမ်းအားတွေကို အကုန်သုံးနိုင်မှာ”

ကိုယ်ကိုနှိမ့်ချသည် ဆိုသော အချက်ကို ဟေးယွီ ဘယ်သောအခါမှ နားလည်မည် မဟုတ်ပေ။

ထပ်ပြောလျှင် ပိုဆိုးလာမည်ကို သိသောကြောင့် ရှင်းဖုန်း ဘာမှ ဆက်မပြောတော့ပေ။ ယွင်ချဲ့ ရောက်လာပြီး သူတို့ကို လေထုအလွှာဖြင့် ကာလျက် ဖုတ်ကောင်များ ကြားမှ ပြေးသွားလေရာ စစ်သားများနှင့် စွမ်းအားရှင်တို့က အားကျ နေကြလေသည်။

“သူတို့တွေက တော်တော် စိတ်ရှုပ်စရာ ကောင်းတာပဲ .. အဲ့လိုကြောင့် သူတို့မှာ ရိက္ခာတွေ မပြတ်လပ်တာ မထူးဆန်းတော့ပါဘူး .. သူတို့စုထားတာတွေ စစ်တပ်တစ်ခုလုံး အတွက်တောင် အသာလေး လုံလောက်တယ်”

ဒုတိယ ပတ်လမ်းနှင့် နီးလာလေ စွမ်းအားမြင့် ဖုတ်ကောင်များနှင့် ရင်ဆိုင်ရပြီး အများစုမှာ အဆင့် ၂၊ အဆင့် ၃ များအပြင် အချို့ဖုတ်ကောင်များမှာ အစွမ်း ၂ မျိုးစီပင် ရှိနေကြသည်။

“အား !”

အချိန်ကြာ လာသည် နှင့်အမျှ အားအင်လျော့ကာ လူစုကွဲသွားပြီး အချို့သော စွမ်းအားရှင်နှင့် စစ်သားတို့မှာ ဖုတ်ကောင်အုပ်ထဲသို့ ဆွဲယူခံရပြီး သေကြေကုန်သည်။

“ခေါင်းဆောင် ဒီလို ဆက်သွားနေလို့ မဖြစ်တော့ဘူး .. ဒရုန်းကရလာတဲ့ ပုံတွေ အတိုင်းဆိုရင် အဲဒီကျောင်းထဲမှာ ပိုပြီး အဆင့်မြင့်နိုင်တဲ့ ဖုတ်ကောင်တွေ အများကြီးရှိဦးမယ် .. ကျွန်တော်တို့ မနားဘဲ ဆက်တိုက်ဖို့က မဖြစ်နိုင်ဘူး နားဖို့ တစ်နေရာလောက် ရှာရင်ရော”

မော့ဝမ်းယန်၏ လက်ထောက် တစ်ယောက်က အနားကပ်လာပြီး အကြံပေး လိုက်သည်။ အလှည့်ကျ တိုက်ခိုက် နေကြသော်လည်း စွမ်းအား အလွန် လျော့နည်းသွားလျှင် သူတို့အတွက် စိုးရိမ်ဖွယ်ရာပင်။ စွမ်းအားရှင်များနှင့် စစ်သားတို့မှာလည်း မနက်ကတည်းက တိုက်ခိုက်နေကြရသဖြင့် ဆာလောင် လာကြရာ ပို၍ပင် အမှားအယွင်း များလာပြီး ထိုအမှားများကြောင့်ပင် ဒုက္ခရောက် သွားနိုင်သည်။

“ကောင်းပြီလေ”

မော့ဝမ်းယန် ခေါင်းညိတ်ပြီး ရှင်းဖုန်းကို ရှာကြည့်ကာ ဟေးယွီ ကျောပေါ်တွင် ထိုင်နေသော ရှင်းဖုန်းကို အလွယ်တကူ ရှာတွေ့သွားသည်။

“မင်းတို့ခဏနေကြဦး”

မော့ဝမ်းယန်လည်း သူ၏အစွမ်းကို ပြန်သိမ်းကာ ရှင်းဖုန်း အနားသို့ သွားလိုက်သည်။ အနီးတစ်ဝိုက်တွင် ယွင်ချဲ့လည်း ရှိနေနိုင်ပြီး သူတို့သာလျှင် အနားယူနိုင်မည့် နေရာကို ရှာတွေ့နိုင်လိမ့်မည်။

ဂါး

“ဘာဂါးလဲ နားညီးတယ် !”

မော့ဝမ်းယန် လက်ထောက်၏ စကားကို ကြားပြီးနောက် သူတို့ အနားယူရတော့မည်ဟု တွေးကာ အားတက် သွားကြပြီး အနားကပ် လာကြသော ဖုတ်ကောင်များအပေါ် စိတ်ကို ဖွင့်ချကာ အစွမ်းကုန် တိုက်ခိုက်ကြသည်။ ရုတ်တရက် စွမ်းအားရှင်များ အသာစီး ရလာကြပြီး ဖုတ်ကောင်အုပ်များ အမြန်ပင် သေကြေကုန်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset