YMR- အခန်း ၁၃၇

အခန်း (၁၃၇)

မြို့တော်မှာ အလွန်ကြီးသဖြင့် ဟေးယွီနှင့် ဝံပုလွေတို့ လမ်းရှင်း ပေးသည့်တိုင် မြို့ပတ်လမ်း မှတစ်ဆင့် မြို့တော်သို့ ရောက်ရန် နာရီပေါင်း များစွာ ကြာခဲ့ပြီး နေ့လယ် ၂ နာရီကျော်မှ တတိယမြောက်ပတ်လမ်းသို့ ရောက်လာခဲ့သည်။ ထိုအချိန် သူတို့ အရှေ့တွင် အလွန်ကြီးမားသော ဖုတ်ကောင်အုပ်စုကို ထပ်မံ ရင်ဆိုင် လိုက်ရသဖြင့် စိတ်ဓါတ် ကျကုန်ပြီး ထိုအုပ်စုကြီးကို ဖြတ်ကျော်သွားရန်မှာ မဖြစ်နိုင်ပေ။

စိတ်ဓါတ် ကျနေသော်လည်း ဆက်လက် တိုက်ခိုက် ကြရပေဦးမည်။ ယာဉ်များမှာလည်း ထိုနေရာတွင် အသုံးမလိုသောကြောင့် မော့ဝမ်းယန်က ကားကြီးများကို ဖယ်ခိုင်းရန် နယ်မြေ စွမ်းအားရှင်များကို ခိုင်းစေလိုက်သည်။ လူအယောက် ၂ဝ တစ်ဖွဲ့ဖွဲ့လျက် တဖြည်းဖြည်းနှင့် ရှေ့သို့တက်ကြပြီး လေတာ့ရှန် နှင့်ချန်းဟွာလည်း ပြတ်သားစွာပင် သူတို့၏ အဖွဲ့သားများကို ချောင်ယန်း၊ ထိပ်ဦးအဖွဲ့တို့နှင့် ပူးပေါင်းရန် ခေါ်သွားသည်။ ဟေးယွီနှင့် ဝံပုလွေ ခေါင်းဆောင်ရှိသဖြင့် ထိုအဖွဲ့မှ အဆင့် ၃ အဖွဲ့သားများသည် အခြားသော အဖွဲ့များထက် ပို၍ စွမ်းအား ကြီးကြသည်။ အခြားအဖွဲ့များထက် သာလွန် သွားသည့်အခါ ယွင်ချဲ့တွင် အဆင့် ၃ ဖုတ်ကောင်များကို ရှာရန်နှင့် စူပါမားကတ်များ အတွင်းသို့ကြည့်ရန် အချိန်ရသွားခဲ့သည်။ တစ်ခါတစ်ရံတွင် ရှင်းဖုန်းကို သူနှင့်အတူ ခေါ်သွားပြီး မားကတ်ထဲရှိ အသုံး လိုသည်ဖြစ်ဖြစ် မလိုသည်ဖြစ်ဖြစ် ပစ္စည်းများကို နယ်မြေထဲသို့ ထည့်လိုက်ကြသည်။

ယှဉ်ရလျှင် အခြားသူများအတွက် တိုက်ပွဲအတွင်း အသက်ရှင်ရန် ကြိုးစား နေရသည်မှာ အားအင် ကုန်ခန်းစေသည်။ ညနေ ၆ နာရီသို့ ရောက်လာသည့်တိုင် တတိယမြောက် ပတ်လမ်းထဲမှ မထွက်နိုင်ကြသေးပေ။ ညနက်လာလျှင် ဖုတ်ကောင်များ ပို၍ အင်အားကြီးလာမည် ဖြစ်သောကြောင့် မော့ဝမ်းယန်လည်း မတတ်နိုင်တော့ဘဲ လုံခြုံသည်ဟု ယူဆရသော အဆောက်အအုံများကို ရှင်းခိုင်းလိုက်သည်။ ထိုနေရာသည် ယခုညအတွက် သူတို့၏ ခိုလှုံရာပင်။

လေထဲမှ အသားနံ့များကြောင့် အဆောက်အအုံ အနားတွင် ပို၍စုလာကြပြီး ဟိန်းဟောက်သံတို့နှင့် ညံနေသဖြင့် စွမ်းအားရှင်များနှင့် စစ်တပ်မှာလည်း ရင်တထိတ်ထိတ်နှင့် ကြောက်ရွံ့ နေကြသည်။ စစ်တပ် မဆိုထားနှင့်၊ သာမန် စွမ်းအားရှင်များပင် ချောင်ယန်းနှင့် ထိပ်ဦးအဖွဲ့မပါလျှင် လင်းကျန်းမြို့တွင်းသို့ မဝင်ရဲကြပေ။ ထိုကဲ့သို့သော မြို့တွင် တစ်ညတာ ကုန်ဆုံးရသည်မှာ သူတို့အတွက် အလွန်ခက်ခဲသော စမ်းသပ်ချက်ပင်။

“အာ သန္ဓေပြောင်း ဝံပုလွေတွေရဲ့ အလောင်းကို အားလုံး လိုချင်ကြလား”

ယွင်ချဲ့ ညစာ စားပြီးနောက် ထိုအကြောင်းကို ရုတ်တရက် တွေးမိသွားသည်။ ပြီးခဲ့သော ညက ပင်ပန်းခဲ့ကြသောကြောင့် အားအင် မရှိကြသည့်အပြင် အချို့မှာ ယွင်ချဲ့က ဝံပုလွေအလောင်းများကို နယ်မြေထဲသို့ သိမ်းလိုက်ကြောင်းပင် သတိမထားမိကြပေ။

“ဝံပုလွေတွေရဲ့ အလောင်းတွေက တစ်ခုခု အသုံးဝင်တဲ့ပုံပဲ”

ထိုသို့ မဟုတ်ပါက ယွင်ချဲ့ ဘာကြောင့် မေးနေမှာလဲ။

ယွင်ချဲ့၏ ဆိုလိုရင်းကို မော့ဝမ်းယန် ချက်ချင်းပင် သဘောပေါက် လိုက်သည်။ မော့ဝမ်းယန် မှာ ထိုအလောင်းများကို စိတ်မဝင်စားခဲ့သော်လည်း ယွင်ချဲ့ မေးလိုက်သောကြောင့် စိတ်ပြောင်းသွားသည်။ မော့ဝမ်းယန် သည်လည်း ချောင်ယန်း နှင့် ထိပ်ဦး အဖွဲ့သားများနီးနီး ယွင်ချဲ့ အကြောင်းကို သေချာသိသည်။

“ဟမ် ? သန္ဓေပြောင်း သားရဲတွေရဲ့ အသားက စားလို့ရတယ်ဆိုတာ ကျွန်တော် မပြောမိဘူးပေါ့ … အဲဒီအသားတွေက စွမ်းအားရှင်တွေ အတွက် အာဟာရ ဖြစ်စေတယ် .. အမြုတေလောက်တော့ မဟုတ်ပေမယ့် တော်သင့်ရုံလောက်တော့ စွမ်းအင်မြှင့်ပေးပြီး ကိုယ်ကို ကြံခိုင်သန်မာစေတယ်”

ယွင့်ချဲ့ အံ့သြနေပုံဖြင့် သန္ဓေပြောင်း သားရဲ၏ အသားက မည်သို့ အကျိုးရှိကြောင်း ရှင်းပြလိုက်သည်။

“ငါတို့ကို ဘာလို့ စောစောမပြောတာလဲ အခု ဝံပုလွေအသားတွေ ပေးတော့”

မော့ဝမ်းယန်လည်း ထိုအကြောင်းကို ကြားကာ စိတ်လှုပ်ရှားလျက် ချက်ချက်းပင် ထရပ်လိုက်သည်။ ပြီးခဲ့သော ညက တိုက်ခိုက်ခဲ့ကြသည့် စွမ်းအားရှင်များလည်း ယွင်ချဲ့ကို မျှော်လင့်တစား ကြည့်လိုက်ကြသည်။ အသားက သူတို့အတွက် ကောင်းသဖြင့် စွမ်းအားရှင်များနှင့် စစ်သားတို့က အသား တစ်ကိုက်မျှ စားရုံနှင့်ပင် ကျေနပ်နိုင်သည်။

“ဟေ့ ဘာလို့ငါ့ကို ဆာလောင်နေတဲ့ ဝံပုလွေတွေလို ကြည့်နေကြတာလဲ .. မင်းတို့ အသားရမှာပါ ဒါပေမယ့် အရင်ဆုံး ဘယ်လိုခွဲယူကြမလဲ ဆွေးနွေးကြမယ်”

ယွင်ချဲ့ ကိုယ်တိုင်လည်း ထိုသန္ဓေပြောင်း ဝံပုလွေများ၏ အသားတို့ကို လိုအပ်ပြီး မော့ဝမ်းယန်ကြောင့်သာ မဟုတ်လျှင် အသားများကို ခွဲပေးမည် မဟုတ်ပေ။

“ပါခဲ့တဲ့သူတိုင်း အတွက် တစ်ပိုင်းစီပေါ့”

မနေ့ညက စွမ်းအားရှင်များထက် စစ်သား အရေအတွက်သည် ပိုများခဲ့သဖြင့် မော့ဝမ်းယန်က ကိုယ့်ကိုယ်ကို ဉာဏ်ကြီးရှင်ဟု တွေးလိုက်သော်လည်း ယွင်ချဲ့က ငတုံးမဟုတ်ပေ။

“အဓိပ္ပါယ် မရှိတာ အားလုံး ၃၇ ကောင်ပဲ ရှိတာလေ မနေ့ညက ခင်ဗျားရဲ့ စစ်သားအယောက် ၁ဝဝ ကို ရှာဖွေရေးထဲ ခေါ်သွားတာလေ … အဲ့လိုသာခွဲရင် ကျွန်တော်တို့ အတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး”

ယွင်ချဲ့လည်း မော့ဝမ်းယန်ကို မိုက်ကြည့်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော့် အထင်တော့ ဝံပုလွေကို သတ်ခဲ့တဲ့သူ ဘယ်သူမဆို ရသင့်တယ် စစ်တပ်က အသားကို ဘယ်လိုခွဲမလဲ ဆိုတာ စိတ်မဝင်စားဘူး .. ကျွန်တော် သိတာက မနေ့ညက ချောင်ယန်း နဲ့ ထိပ်ဦးအဖွဲ့သားတိုင်း အနည်းဆုံး တစ်ကောင်စီ သတ်ခဲ့ကြတယ်။ ပြီးတော့ တာ့ရှန်နဲ့ ချန်းဟွာတို့ရောပဲ … အဲဒီတော့ ကျွန်တော်တို့က ၁၃ ကောင် ခင်ဗျားတို့က ၂၄ ကောင် ဒီလိုခွဲမယ်”

“ဟိုး နေပါဦး .. မင်းမှာ ဝံပုလွေ ခေါင်းဆောင် ရှိတယ်လေ ပြီးတော့ ရှင်းဖုန်းနဲ့ မင်းတို့ နှစ်ယောက်က ဘာမှလည်း လုပ်ခဲ့တာ မဟုတ်ဘူး အဲ့ဒါကို ဘာလို့ တစ်ယောက်တစ်ကောင်စီ ရရမှာလဲ”

ယွင်ချဲ့ စျေးဆစ်သဖြင့် မော့ဝမ်းယန်လည်း ထိုနည်းတူပင်။

“ခင်ဗျား မရှက်ဘူးလား ကျွန်တော်တို့သာ မကူညီခဲ့ရင် ခင်ဗျားတို့ဘာသာ အဲဒီဝံပုလွေတွေကို သတ်နိုင်မှာ မဟုတ်ဘူး။ မနေ့ညကပဲ သူတို့ရဲ့အစာ ဖြစ်သွားလောက်ပြီ … ပြီးတော့ ကျွန်တော် မကန်းဘူး။ ယဲ့ဟန်နဲ့ ကျွန်တော့် လူတွေ ဝံပုလွေတွေကို သတ်ပြီးတာနဲ့ ခင်ဗျားတို့ကို ကူပေးကြတယ် ရှင်းချန် ကလည်း အဆင့် ၃ ရောက်သွားတော့ သားရဲထိန်းချုပ်တဲ့ အစွမ်းသုံးပြီး ကူပေးခဲ့တာပဲလေ သူတို့က ဘာလို့ ဝေစုမရရမှာလဲ … ခင်ဗျားအတွက် အဆင်ပြေနေပြီပဲကို ယူလိုက်ပါတော့”

“ဒါပေမယ့် ၁၃ ကောင်ကတော့ အရမ်းများတယ် .. ဝံပုလွေ ခေါင်းဆောင်ကရော သူ့ကိုလည်း ထည့်တွက်ရမယ်လေ သူ့ကိုလည်း စားလို့ရတာပဲ”

“အဲဒါဆို ခင်ဗျားနဲ့ ဟေးယွီတို့ တစ်လှည့်စီ လမ်းရှင်းကြမလား”

“မသိဘူး မင်းတို့ ၁ဝကောင်ပဲရမယ် ဒီထက်မပိုဘူး”

မော့ဝမ်းယန် ဆက်၍ မငြင်းခုံနိုင်တော့သောကြောင့် ယုတ္တိမဆန်သည့် စကားများ ပြောလာသည်။ ဝံပုလွေ ခေါင်းဆောင်မှာ ကြောက်လန့်စွာဖြင့် ဟေးယွီ အနောက်တွင် ပုန်းလျက် စိတ်ထဲမှ …

‘လူတွေက ဆိုးဝါးလိုက်တာ ငါအသက်ရှင် နေသေးတာကို ငါ့ကိုသတ်စားဖို့ တွေးနေကြတာ တကယ်မယုံနိုင်ဘူး’

“၁၂ကောင်ပဲ မလျော့တော့ဘူး”

ယွင်ချဲ့ အနည်းငယ် နောက်ဆုတ် လိုက်သည်။ ယွင်ချဲ့က သူတို့အတွက် ပြောပေးနေသဖြင့် လေတာ့ရှန်နှင့် ချန်းဟွာတို့ ဘာမှဝင်မပြောကြပေ။

ပြီးခဲ့သောညက တိုက်ခိုက်ရာတွင် မပါဝင်ခဲ့သည့် စွမ်းအားရှင်များနှင့် စစ်သားများမှာ ယွင်ချဲ့ ပြောပြသည့် သန္ဓေပြောင်း သားရဲများ၏ အသားကိုစားလျှင် ရလာမည့် ကောင်းကျိုးများကို သူတို့ ကြားလိုက်ရသည့်အခါ နောင်တ ရနေကြလေသည်။ အသားစားပြီး မသန်မာချင်သည့် သူဆိုသည်မှာ မရှိပေ။

“၁၁ ကောင် နောက်ဆုံး အခွင့်အရေးပဲ”

မော့ဝမ်းယန် ခေါင်းမာစွာ ဆက်၍ ငြင်းဆန် နေလျက်ပင်။ ယွင်ချဲ့က သူ့ကို မထီမဲ့မြင် ကြည့်လိုက်ပြီး …

“ဒါက ခင်ဗျားအတွက် ပစ္စည်းဟောင်း ရောင်းတဲ့ နေရာများ ထင်နေတာလား လာပြီး စျေးဆစ်နေတယ် … ၁၂ ကောင်ပဲ မယူရင် အပေးအယူ ပျက်ပြီ”

ယွင်ချဲ့ သည်လည်း သဘောထား သေးသိမ်ပေသည်။ မနေ့ညက ပါဝင်ခဲ့သည့် စစ်သားများ အားလုံး ယွင်ချဲ့ကို စူပုတ်စွာ ကြည့်လိုက်ကြသည်။ ယွင်ချဲ့တွင် မုန်းသူပေါအောင် လုပ်နိုင်သည့် စွမ်းရည်ရှိပေသည်။

“ကောင်းပြီလေ အဲဒါဆိုလည်း ၁၂ကောင်ပေါ့”

မော့ဝမ်းယန် လက်ကာပြကာ အိမ်စောင့်သားရဲကို အရှုံးပေး လိုက်သော်လည်း သူ၏မျက်နှာမှာ တောက်ပ နေလေသည်။ ယွင်ချဲ့သာ မပြောပြလျှင် သေသွားသည့် သန္ဓေပြောင်း ဝံပုလွေများကို စားနိုင်ကြောင်း သူတို့သိမည် မဟုတ်ပေ။ မော့ဝမ်းယန် သည်လည်း စစ်တပ်ကို အုပ်ချုပ်နေသည့် ခေါင်းဆောင်အဖြစ် သရုပ်ဆောင်သည့် အနေဖြင့်သာ ယွင်ချဲ့နှင့် ငြင်းခုံနေခြင်းဖြစ်သည်။

“ဒီလိုမှပေါ့”

ထို့နောက် ယွင်ချဲ့ နယ်မြေမှ ဝံပုလွေ ၂၅ ကောင်ကို ယူလိုက်သည်။ အသားများမှာ လတ်ဆတ်နေသည့် အပြင် သွေးများလည်း နွေးနေလျက်ပင်။ မော့ဝမ်းယန်လည်း နယ်မြေ စွမ်းအားရှိသည့် စစ်သားများကို ခေါ်ကာ ဝံပုလွေများကို သိမ်းခိုင်းလိုက်ပြီး စခန်းသို့ ပြန်ရောက်သည့်အခါမှ ခွဲယူရန် ပြောလိုက်သည်။

“အစ်ကို လေ .. ချန်းဟွာ ဒါက မင်းတို့အတွက်”

စစ်တပ်က ထိုဝံပုလွေတို့ကို မည်သို့ လုပ်ကြမည်ကို ယွင်ချဲ့ ဂရုမစိုက်ဘဲ ဝံပုလွေနှစ်ကောင်ကို ယူလျက် လေတာ့ရှန်နှင့် ချန်းဟွာတို့ကို တစ်ကောင်စီ ပေးလိုက်သည်။ သူတို့၏အဖွဲ့တွင်လည်း နယ်မြေစွမ်းအားရှင်များ ရှိသောကြောင့် ယွင်ချဲ့ကို ကျေးဇူးတင်စကား ပြောကာ ဝံပုလွေတို့ကို သိမ်းထားလိုက်သည်။ စစ်တပ်နှင့် မတူသည်က သူတို့တစ်ဖွဲ့စီ အတွက် ဝံပုလွေတစ်ကောင်စီ ဖြစ်သော်လည်း ကျွေးမွေးရမည့် မိသားစုများ ရှိသောကြောင့် စခန်းသို့ရောက်တော့မှသာ ခွဲဝေကြမည်ဟု စီစဉ်လိုက်သည်။

အခြားသော စွမ်းအားရှင်များမှာ နေရာတွင်ပင် ထိုင်လျက် သူတို့ကို အားကျစွာ ကြည့်နေကြသည်။ သို့သော် အံ့သြစွာပင် သူတို့အရှေ့သို့ ယွင်ချဲ့ ရောက်လာပြီး ဝံပုလွေနှစ်ကောင် ချပေးလိုက်သည်။

“ထိပ်ဦးနဲ့ ချောင်ယန်းမှာက လူများတော့ ၁ဝ ကောင် ယူထားမယ် ဒီနှစ်ကောင်က မင်းတို့အတွက် … မင်းတို့ အဆင်ပြေသလို ခွဲယူလိုက်ကြ”

ထိုသို့ ထူးခြား ကောင်းမွန်သော အရာကို သူတို့နှင့် ခွဲဝေမည်ဟု မထင်ထားသောကြောင့် အားလုံးမှင်သက် သွားကြသဖြင့် ယွင်ချဲ့ စနောက် လိုက်သည်။

“ဘာလဲ မလောက်သေးလို့လား”

“ဟင့်အင်း အဲ့လို မဟုတ်ပါဘူး ခေါင်းဆောင် ယွင် .. ဝေစုရမယ် မထင်ထားတော့ အံ့ဩသွားလို့ပါ”

“ဟုတ်တယ် ခေါင်းဆောင် ယွင် .. ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျားက ကျွန်တော်တို့ကို အမြဲတွေးပေးတာပဲ”

“သဘော သိပ်ကောင်းတာပဲ ခေါင်းဆောင် ယွင် .. ကျွန်တော် အသားမစားရတာ ကြာခဲ့ပြီ”

“ကျွန်တော်ရောပဲ”

စွမ်းအားရှင်များက လက်ခါလျက် ငြင်းကြသည်။ မလုံလောက်ရန်ပင် မပြောနှင့်၊ တစ်ကောင်ရရုံတင် အလွန် အံ့သြနေရပေသည်။ မနေ့ညက သူတို့အားလုံး မပါခဲ့ကြသော်လည်း ဝံပုလွေ ခေါင်းဆောင်က မည်မျှ ကြမ်းကြုတ်သည်ကို မြင်ခဲ့ကြသဖြင့် ထိုတိုက်ပွဲမှာ အလွန် အန္တရာယ်များကြောင်း သူတို့ မှန်းဆနိုင်သည်။ ထို့အပြင် ယွင်ချဲ့ ပြောသကဲ့သို့ ချောင်ယန်းအဖွဲ့တွင် လူများသော်လည်း သူတို့အတွက် ဝေစု ၁ဝ ကောင်သာ ရပေသည်။

“ဟီး ရပါတယ် ငါတို့အားလုံး စွမ်းအားရှင်တွေပဲကို တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရမှာပေါ့ … တစ်ချိန်ကျ ချောင်ယန်းနဲ့ ထိပ်ဦးကလည်း မင်းတို့ရဲ့ အကူအညီ လိုရင်လိုလာမှာ”

ယွင်ချဲ့ ပြုံး၍ သဘောထား ကြီးကြီးနှင့် ပြောလိုက်သော်လည်း သူ ဟန်ဆောင် ပန်ဆောင် ပြောနေသည်ကို အားလုံးသိသည်။ သူတို့ပြန်ကြသည့်အချိန် ထိုလူများ၏ ထောက်ပံ့မှုကို လိုခြင်းဖြစ်ပြီး မဟုတ်လျှင် ဝံပုလွေတို့ကို ပေးမည် မဟုတ်သော်လည်း ယွင်ချဲ့ကို ကပ်စေးနည်းကာ သူတော်ကောင်းယောင် ဆောင်သည်ဟု ပြော၍မရပေ။ လေတာ့ရှန် နှင့်ချန်းဟွာ တို့ကဲ့သို့ သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သူများ အပေါ်တွင် ယွင်ချဲ့ အလွန် ရက်ရောသော်လည်း ဘာမှ မလုပ်ခဲ့သူများကို မရက်ရောပေ။ ယွင်ချဲ့မှာ ပရဟိတ လုပ်နေခြင်း မဟုတ်သောကြောင့် အများအပြား ပိုင်ဆိုင်ထားလျှင်တောင် လက်လွတ်စပယ် ပေးလိုက်မည် မဟုတ်။

“ကိစ္စမရှိပါဘူး ခေါင်းဆောင် ယွင် ကျွန်တော်တို့ကို လိုရင်ပြောလိုက်ပါ ကျွန်တော်တို့ မငြင်းပါဘူး”

“ဟုတ်တယ် ခေါင်းဆောင်ယွင်”

“ဒါနဲ့ အဖွဲ့အတွက် လူရှာနေတုန်းလား ခေါင်းဆောင်ယွင် … ထိပ်ဦးအဖွဲ့ဝင် ဖြစ်ရင်တော့ ဗိုက်ဝမှာ အသေအချာပဲ”

“ဟားဟားဟား”

စကားလမ်းကြောင်း ပြောင်းလိုက်သည်ကို ယွင်ချဲ့ ဘာမှမပြောဘဲ ပြုံးလျက်သာ ကြည့်နေလေသည်။ ချောင်ယန်းက လူသစ်များ ခေါ်မည် မဟုတ်သော်လည်း ထိပ်ဦးအဖွဲ့အတွက် လူလိုနေသည်။ သို့သော် ထိပ်ဦး အဖွဲ့ဝင်ဖြစ်ရန် စွမ်းအားကြီးသည့် စွမ်းအားရှင် တစ်ယောက်ထက် ပို၍သာလွန်ရန် လိုအပ်ပြီး ထိုလူ၏ အရာရာကိုလည်း စစ်ဆေးခံရမည် ဖြစ်သည်။
ယွင်ချဲ့ ခွင့်ပြုသည် ဆိုပါက ထိုလူမှာ စွမ်းအားရကာစ ဖြစ်နေလျှင်တောင်မှ ထိပ်ဦးအဖွဲ့က ထိုလူကို လက်ခံမည် ဖြစ်သော်လည်း ထိုလူတွင် ယွင်ချဲ့ မကြိုက်သည့် အရာရှိနေပါက ထိုသူမှာ အဆင့်တစ်ဆယ် စွမ်းအားရှင်ပင် ဖြစ်လင့်ကစား ယွင်ချဲ့ အချိန်မဖြုန်းလိုပေ။

“သဘောကောင်းလိုက်တာ ခေါင်းဆောင်ယွင် .. ဒီတော့ စစ်တပ်ကလည်း တစ်ခုခု လုပ်ပေးရတော့မှာပဲ .. ယန်း .. ဖန် စွမ်းအားရှင်တွေကို ဝံပုလွေ ငါးကောင်ပေးလိုက်”

မော့ဝမ်းယန်လည်း ကြားဖြတ် ဝင်ပြောလိုက်ပြီး …

“မင်းတို့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် ငါ့ရဲ့ ကျေးဇူးတင်မှုကို လက်ခံပေးကြပါ”

“ဗိုလ်ချုပ် မော့ !”

မော့ဝမ်းယန် ပြောပြီးသည်နှင့် ဗိုလ်ချုပ် ကျန်းက ဖြတ်အော် လိုက်သဖြင့် စွမ်းအားရှင်များ အားလုံး လှည့်ကြည့် လိုက်ကြသည်။ မော့ဝမ်းယန်က ဝံပုလွေများ ပေးကမ်းသည့် ပထမဆုံးသူ မဟုတ်ကြောင်း အငြင်းပွားဖွယ် ဖြစ်ရမည် ဖြစ်သော်လည်း ဗိုလ်ချုပ် ကျန်း၏ ကြားဖြတ် ဝင်ရောက်မှုက နှစ်မြို့ဖွယ် မကောင်းသောကြောင့် ထိုအရာက မော့ဝမ်းယန်ကို ပို၍ လေးစားချင်ဖွယ် ကောင်းသွားစေခဲ့သည်။

“မဟုတ်ပါဘူး အထင်မလွဲကြပါနဲ့ .. ငါပြောချင်တာက ငါတို့ရဲ့စစ်သားတွေလည်း သူတို့အသက်နဲ့ ရင်းပြီး တိုက်ခိုက်ခဲ့ရတာလေ .. အဲဒါကြောင့် အနည်းဆုံးတော့ သူတို့ရဲ့ အမြင်ကိုလည်း မေးဦးလို့”

အားလုံး၏ မကျေနပ်သော အကြည့်ကြောင့် ဗိုလ်ချုပ်ကျန်း ချက်ချင်းပင် ဖြေရှင်းသော်လည်း ထိုသို့လုပ်သည်က ကိစ္စများအား ပို၍ ဆိုးရွားသွားစေသည်။ စွမ်းအားရှင်များ စိတ်မပြေသွားဘဲ ဗိုလ်ချုပ် ကျန်းကို အော့နှလုံးနာဖွယ် ကောင်းသည်ဟု မြင်သွားကြသဖြင့် မော့ဝမ်းယန် မျက်နှာကို တည်လိုက်ကာ ….

“ကျန်ူ မင်းနဲ့ငါတို့ နှစ်ယောက်လုံးက ဗိုလ်ချုပ်တွေပဲ … သူတို့ရဲ့အမြင်ကို မေးနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး သူတို့တွေကို အမိန့်ပေးနိုင်တော့မှာလဲ .. သတိမပေးဘဲနဲ့ အဖွဲ့ကို အလုပ် ပိုပေးကြတာ စစ်တပ်က အနည်းဆုံး နစ်နာကြေးအနေနဲ့ နောက်လိုက် စွမ်းအားရှင်တွေကို တစ်ခုခု လုပ်ပေးသင့်တယ်မလား ငါ့လူတွေလည်း နားလည်ပေးပြီး ပြဿနာ မရှာဘူးဆိုတာ သေချာတယ်”

“အာ ..”

မော့ဝမ်းယန်၏ စကားက ဗိုလ်ချုပ် ကျန်းအား ငြိမ်ကျသွားစေပြီး နေမထိထိုင်မသာ ဖြစ်နေသည့် စစ်သားများကိုလည်း စိတ်သက်သာရာ ရသွားစေသည်။ စွမ်းအားရှင်များကလည်း မော့ဝမ်းယန်ကို မသိမသာ လက်မထောင်ပြ လိုက်ကြသည်ကို ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ မြင်လိုက်ကြသဖြင့် အချင်းချင်းကြည့်ကာ ခေါင်းညိတ် လိုက်ကြသည်။ မော့ဝမ်းယန်က ရလာသည့် အခွင့်အရေးတိုင်းကို အရယူမည့် ပါးနပ်သည့်သူပင် ဖြစ်ပေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset