YMR- အခန်း ၁၃၆

အခန်း (၁၃၆)

ဝမ်စစ်တပ်မှ ဗိုလ်ချုပ်ချန် သေသွားသောကြောင့် အကျိုးဆက် အနေဖြင့် သူ၏စွမ်းအားရှင် စစ်သား ၁ဝဝမှာ မော့ဝမ်းယန်၏ စစ်သားများဖြစ်လာပြီး ဝေ့စစ်တပ်မှ ဗိုလ်ချုပ် ကျန်း သိရှိသွားခဲ့သည်တိုင် အချိန်အနည်းငယ် ကြာသည်အထိ အဆင်ပြေနေခဲ့သည်။ ဗိုလ်ချုပ် ကျန်းလည်း ကိုယ့်ကိုယ်ကို သတိရှိရန်နှင့် ဗိုလ်ချုပ်ချန် ကဲ့သို့ အဆုံးမသတ်စေရန် သတိပေးနေမိသည်။ မဟုတ်လျှင် မော့ဝမ်းယန်က သူ၏စစ်သားများကို အားအင် မသုံးလိုက်ရဘဲ အပိုင်သိမ်း သွားလိမ့်မည်။ ဗိုလ်ချုပ် ချန်သည် အားလုံး၏ ရှေ့မှောက်တွင်ပင် ဝံပုလွေများ၏ အမဲဖြတ်ခံရကာ သေသွားခြင်းကြောင့် သူ၏သေဆုံးမှုမှာ မတရားသော လုပ်ရပ် ဖြစ်သည်ကိုတော့ မည်သူမှ သတိမထားမိကြပေ။

ဝံပုလွေများနှင့် တိုက်ခိုက်ခဲ့ ရပြီးနောက် ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့သားများ ပင်ပန်းနေကြသဖြင့် အခန်းသို့ပြန်ကာ အနားယူကြသည်။ စကားသိပ်မပြော ကြတော့ဘဲ ဗိုက်ကိုဖြည့်ကာ မျက်နှာသစ် ပြီးသည်နှင့် အိပ်ကြလေတော့သည်။ အခြားသော စွမ်းအားရှင်များလည်း ဖြစ်ပျက် သွားသည်များကို မေးချိန်ပင် ရလိုက်ကြပေ။

ဤသို့ဖြင့် တိတ်ဆိတ်သော ညတစ်ည ကုန်ဆုံးသွားသည်။ နောက်တစ်နေ့ မနက်တွင် ၇နာရီမထိုးခင် အားလုံး နိုးထလာကြပြီးနောက် မျက်နှာသစ်ကာ မနက်စာ စားကြသည်။ ဝံပုလွေအကြောင်း သူတို့ကြားသိသည့် အခါတွင် အများစုမှာ ကြောက်ရွံ့ သွားကြသော်လည်း ဗိုလ်ချုပ်ချန်နှင့် သေသွားသည့် စစ်သားနှစ်ဦးအတွက် မည်သူကမှ ဝမ်းမနည်းကြပေ။ ကပ်ပျက်ကြီးတွင် သေခြင်းတရားက ပုံမှန်ပင်ဖြစ်နေပြီး နေသားကျနေပြီဖြစ်သောကြောင့် မည်သို့ ဝမ်းနည်းရမည်ကိုပင် မသိကြတော့ပေ။

မထွက်ခွာမီ ယွင်ချဲ့က လျို့ဝှက်သော ထောင့်တစ်နေရာတွင် ဟေးယွီကို ခေါ်ထုတ်လိုက်ပြီး တစ်ညတာ အနားယူခဲ့ရသဖြင့် ဟေးယွီလည်း ပြန်လည် ကောင်းမွန် နေပေသည်။ ပြီးပြည့်စုံစွာ သန္ဓေပြောင်းလဲခြင်း မရှိသေးသည့် ဝံပုလွေပင် ဟေးယွီကို ကြောက်လန့် သွားရသဖြင့် ဟေးယွီက သားရဲအားလုံးက အကြီးအကဲဆိုသည့် အတွေးဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ စိတ်သက်သာရာ ရသွားသည်။ ဟေးယွီကလည်း အကြီးအကဲ ဖြစ်သည်ထက်ပင် ပိုလွန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

“မင်းဘာလုပ်တာလဲ”

ဟေးယွီ ထိုင်ကာ ဝံပုလွေ၏ ပါးစပ်ထဲသို့ သူ၏သွေးကို ထည့်ပေးနေသဖြင့် ယွင်ချဲ့ မေးလိုက်ပြီး အခြားသူများလည်း တွေဝေစွာ ကြည့်နေကြသည်။ ဟေးယွီလည်း အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီး …

“ကျွန်တော် ဘာလုပ်တာလဲ ဟုတ်လား .. ယဉ်ပါးအောင် လုပ်ပြီး ကုပေးနေတာ”

ဘယ်လို ! သူ၏သွေးက ထိုသို့ လုပ်နိုင်သည်ကို ဟေးယွီ တစ်ခါမှ မပြောခဲ့ပေ။

ယွင်ချဲ့၊ ရှင်းဖုန်းနှင့် အခြားသူများလည်း တိတ်ဆိတ်စွာပင် ဟေးယွီ လုပ်နေသည်ကိုသာ ကြည့်နေကြလေသည်။ ဟေးယွီ ပြောသကဲ့သို့ပင် ဝံပုလွေခေါင်းဆောင်၏ ဒဏ်ရာမှာ အမြန်ပင် ပျောက်သွားပြီး ဟေးယွီ၏ သွေးသည် အလင်းစွမ်းအားရှင်၏ ကုသခြင်းထက် ပို၍ပင် အကျိုးရှိသဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းပင် အထင်ကြီး သွားရသည်။

“အရမ်းမိုက်တာပဲ !”

“အဲ့လိုဆိုပြီး ငါ့ကို မချစ်မိစေနဲ့နော်”

သူတို့၏ မျက်နှာတို့ကို မြင်သည့်အချိန် ဟေးယွီ ဘဝင်မြင့်ဟန် လုပ်ကာ ခေါင်းမော့ လိုက်သည်။ ထိုအပြုအမူသည် ပုံမှန်အချိန်တွင် အမြင်ကပ်ဖွယ် ကောင်းလောက်သော်လည်း ယခုတွင် မည်သူကမှ မနှစ်မြို့သည့်ပုံ မပြပေ။ ယွင်ချဲ့လည်း ချော့ကလက်ချောင်းကို ယူကာ အခွံခွာ၍ ကျွေးလိုက်သေးသည်။

“မင်းက တကယ် မိုက်ပါတယ် … မင်းရဲ့သွေးက ပိုတောင် ကောင်းနေတာ လူသားတွေအပေါ်ရော အလုပ် ဖြစ်လောက်မလားပဲ”

“သခင် .. သခင်က ကျွန်တော် ထင်တာထက် ပိုတုံးလာတာပဲ .. ကျွန်တော်က သားရဲ သခင်တို့က လူသားတွေလေ ဘာတွေတွေးနေတာလဲ .. တကယ်လို့ ရရင်တောင် မလုပ်ပေးဘူး သူ့ကိုကုပေးရင် ကျွန်တော်သူ့ကို ထိန်းလို့ ရသွားတယ်လို့ ပြောခဲ့တာ မကြားလိုက်ဘူးလား .. သခင်ရော ကျွန်တော့် ထိန်းချုပ်မှုအောက် ရောက်ချင်လို့လား”

ဟေးယွီက သူ၏သခင်အပေါ် ခက်ခဲအောင် လုပ်ခြင်းကို ဘယ်သောအခါမှ ရပ်မည်မဟုတ်ပေ။ ယွင်ချဲ့ အပေါ် ဟေးယွီ ထိန်းချုပ်နေသည့် မြင်ကွင်းကို မြင်ယောင်လိုက်သည့် အချိန် အားလုံး ခေါင်းခါလိုက်ကြသည်။ အမြင်ကို မပြောနှင့်၊ စိတ်ကူး၍ပင် မရပေ။

မနက် ၈နာရီတွင် စတင်ထွက်ခဲ့ကြပြီး မနေ့က စီစဉ်ထားခဲ့ကြသည့် အတိုင်း မြို့ပတ် လမ်းကျယ်မှ နယ်မြို့၏ သုံးခုမြောက် နယ်ပယ်ထဲသို့ ဝင်ကာ ဒုတိယမြောက် နယ်ပယ်တွင် ရှိသည့် မြို့ပိုင်သုတေသန အဖွဲ့အစည်းသို့ ချီတက်ကြမည် ဖြစ်သည်။ ဟေးယွီက ထုံးစံအတိုင်းပင် အရှေ့မှနေ၍ လမ်းရှင်းပေးပြီး အခုချိန် သူ၏ဘေးတွင် ဝံပုလွေ ခေါင်းဆောင်လည်း လိုက်ပါကူညီနေသော်လည်း သွားကြသည့်နှုန်းမှာ မနေ့ကထက် နှေးကွေး နေလေသည်။ ထိုသို့ ဖြစ်နေခြင်းမှာ လမ်းပိတ်နေခြင်းကြောင့်မဟုတ်ဘဲ ဖုတ်ကောင်များမှာ မနေ့ကထက် ပို၍များနေသောကြောင့်ပင်။ ထို့အပြင် တာဝေးပစ် စွမ်းအားဖြင့် သတ်၍ မရနိုင်သည့် အဆင့် ၃ ဖုတ်ကောင်များလည်း အလွန် များပြားနေသည်။

ဘုတ်

“သေစမ်း ! အဲဒါ ရွှေစွမ်းအားရှိတဲ့ ဖုတ်ကောင်တွေဟ”

မြို့ပတ်လမ်းကျယ်သို့ ရောက်သည်နှင့် ချက်ချင်း ယွင်ချဲ့ ၏အဖွဲ့မှာ အရည်ပျော်လု နီးပါးပင်ဖြစ်နေသည်။ တင်စား ပြောဆိုခြင်းမဟုတ်၊ အဆင့် ၃ ရွှေစွမ်းအားရှိသည့် ဖုတ်ကောင်များသည် ဖုတ်ကောင် အုပ်စုများကြားထဲမှ သူတို့၏ကားကို ချောင်းမြောင်းနေကြခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ သူတို့တွင်လည်း ရွှေစွမ်းအားပိုင်ရှင် အများစု ပါလာပြီး ချောင်းမြောင်း နေသူကို ရှင်းဖုန်း သတိထားမိ လိုက်ပြီးနောက် အရည်ပျော် သွားသည့် ကားထဲမှထွက်ပြေးလာကြသည်။

အရည်ပျော်သွားသည့် ကားကြောင့် အနောက်တွင် လိုက်ပါလာသော ကားများလည်း ရပ်တန့် သွားကြသည်။ ထို့နောက် စွမ်းအားရှင်များလည်း ကားများထဲမှ ခုန်ထွက်လာပြီး သူတို့၏ ပတ်ပတ်လည်ရှိ ဖုတ်ကောင်များကို တိုက်ခိုက် ကြလေသည်။ ယွင်ချဲ့လည်း ဇယားကွက် မှတစ်ဆင့် အဆင့် ၃ ဖုတ်ကောင်ကို ရှာလိုက်ပြီး မည်သည့် စွမ်းအားရှိသည်ကို ဂရုမစိုက်တော့ဘဲ လျှပ်စီးဖြင့် ပစ်ချလိုက်သည်။ ရှင်းဖုန်း သည်လည်း ရွှေသတ္တုစွမ်းအား ရှိသည့် ဖုတ်ကောင်များကို တိုက်ခိုက်နေပြီး ဖုတ်ကောင်များ၏ အော်ဟစ် ညည်းတွားသံများမှာ မည်သည့်အခါမှ တိတ်မသွားပေ။

“အား !”

ရုတ်တရက် ဆိုးရွားသည့် အော်သံကြောင့် အားလုံး အာရုံစိုက်ကြည့်ကြရာ စွမ်းအားရှင် တစ်ယောက်မှာ သူ၏နှလုံး အဖောက်ခံ လိုက်ရပြီး ခန္ဓာကိုယ်မှာလည်း ဖုတ်ကောင်အုပ်စု အတွင်းသို့ ဆွဲသွင်း ခံလိုက်ရသည်။ မည်သို့ဖြစ်ပျက်သွားသည်ကို သတိထားမိ လိုက်သောအခါ ထိုနေရာတွင် ပုံပျက်ကာ သွေးများ ဖုံးလွှမ်းနေသော အလောင်းသာ ကျန်ခဲ့တော့သည်။

“ပူးကပ်နေကြ ! မင်းတို့ရဲ့ အဖွဲ့သားတွေဆီက မခွာကြနဲ့”

အဆင့် ၃ စွမ်းအားရှင် သေသွားခြင်းအပေါ် ဝမ်းနည်းနေရန် အချိန်မရှိသဖြင့် မော့ဝမ်းယန် အော်ကာ အမိန့်ပေးလိုက်ရာ စစ်သားများနှင့် စွမ်းအားရှင်များ သူ့အနားသို့ စုလာကြသည်။ သူတို့၏ အနောက်မှ သူများသည်လည်း ထိုနည်းဗျူဟာအတိုင်း လိုက်လုပ်ကြသည်။ ကားတစ်စီးမှ တစ်ဖွဲ့ချင်း ထိုးစစ်ဆင်သည့် စွမ်းအားရှင်များမှာ ဖုတ်ကောင်များကို တိုက်ခိုက်၍ ခံစစ်မှ စွမ်းအားရှင်များမှာ အဖွဲ့ကို လုံခြုံအောင် စောင့်ကြပ်ပေးသည်။

“မော့ဝမ်းယန် သတိထား”

ချွင်

ယွင်ချဲ့ အော်ပြောကာ သူ၏ဓားဖြင့် ပစ်လိုက်ရာ သတ္တုများ ပွတ်တိုက်သွားသည့် အသံကို မော့ဝမ်းယန် ကြားလိုက်ရသည်။ ထို့နောက် မီးပွားများ ပြန့်ကျဲသွားကာ မည်သည့်နေရာမှ မည်သို့ ရောက်လာသည်ကို မသိရသော သေစေနိုင်သည့် စတီးပိုက်က မြေပြင်ပေါ်သို့ ကျသွားသည်။ လူအုပ်က ချက်ချင်းပင် ပြန့်သွားပြီး ယွင်ချဲ့လည်း လေထဲလွင့်သွားသည့် သူ၏ဓားအား ခုန်ယူလိုက်သည်။ ဇယားကွက်မှ အဆင့် ၃ ဖုတ်ကောင်၏ အစက်မှာ ပျောက်ကွယ် သွားသည်။

“ဘာလဲဟ”

မော့ဝမ်းယန် စိတ်ရှုပ်ထွေး သွားရခြင်းမှာ ယွင်ချဲ့၏ အပြုအမူကြောင့် မဟုတ်ဘဲ သူ၏မျက်မှောင်ကြုတ် နေခြင်းကြောင့် ဖြစ်သည်။

“သတိနဲ့နေ အဲဒါ ရွှေနဲ့အမြန်နှုန်း ပေါင်းစည်းထားတဲ့ ဖုတ်ကောင်ပဲ”

ထိုဖုတ်ကောင်တွင် အရှိန်နှုန်း မရှိလျှင် တစ်ခဏအတွင်း ပျောက်သွားမည် မဟုတ်ပေ။ ထို့အပြင် ထိန်းချုပ် ခံထားရသည့် စတီးပိုက်ကြောင့် ထိုဖုတ်ကောင်တွင် စွမ်းအား ၂ခုရှိနေကြောင်း အတည်ပြု နိုင်လိုက်သည်။

“မယုံနိုင်စရာကြီး ! ဖုတ်ကောင်တွေမှာ စွမ်းအားနှစ်ခု ရှိနိုင်လို့လား”

မော့ဝမ်းယန်မှာ စွမ်းအား နှစ်ခုရှိသည့် ဖုတ်ကောင်ကို မမြင်ဖူးသဖြင့် ခေါင်းရှုပ်နေရခြင်းဖြစ်သည်။

“ဘာလို့ မရှိရမှာလဲ လူသားတွေတောင် စွမ်းအား အမျိုးမျိုးရှိတာကို ဖုတ်ကောင်တွေလည်း ရှိတာပေါ့ သူတို့တွေလည်း အရင်က လူသားတွေပဲ ဆိုတာ မမေ့နဲ့ဦး”

မော့ဝမ်းယန်အား အထင်သေးသည့် အကြည့်ဖြင့် ကြည့်ကာ ယွင်ချဲ့ ပြန်လည်ချေပလိုက်သည်။

“အားလုံးပဲ ဂရုစိုက်ကြ … ဒီဖုတ်ကောင်တွေက မြန်ဆန်ပြီး သတ္တုတွေကို ထိန်းချုပ်နိုင်တယ် .. ဘာမဆို ဖြစ် …. သတိထား !”

ယွင်ချဲ့ စကားမဆုံးမီ ရုတ်တရက်ပင် အလင်း၏ အရှိန်ကဲ့သို့ အရှေ့ကို ပြေးသွားသည်။ ယခုတစ်ကြိမ်တွင် ဟေးယွီ နှင့် ဝံပုလွေခေါင်းဆောင်၏ ကာကွယ်မှု အောက်တွင် ရှိနေသာ ရှင်းဖုန်းကို စတီးပိုက်ဖြင့် ထိုးတော့မည့် လျင်မြန်စွာ ရွေ့လျားနေသည့် အရိပ်တစ်ခုထံသို့ ယွင်ချဲ့ ပြေးသွားသည်ကို အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သို့သော် ထိုအရိပ်ကို ယွင်ချဲ့ မမီလိုက်ပေ။ စတီးပိုက်က ရှင်းဖုန်း၏ နှလုံးနှင့် တစ်မီတာသာ ကွာတော့သည်။

ဘုတ်

ထိုအချိန် ဟေးယွီ လက်သည်းများကို ဝှေ့ကာ စတီးပိုက်ကို ရိုက်ချလိုက်ပြီး ထိုဖုတ်ကောင်ကို ယိမ်းယိုင်စေသွားသည်။ ထို့နောက် ကောင်းကင်ပေါ်သို့ ဟေးယွီ တက်သွားပြီး …

“ရာရာစစ ငါ့ကို စိန်ခေါ်ရဲတယ် … ငါမင်းကို အဆုံးသတ်ပေးမယ်”

ဂါး

စွမ်းအားနှစ်ခုနှင့် ဖုတ်ကောင်က ဒေါသထွက်ကာ ဟေးယွီကို ဟိန်းဟောက် လိုက်ပြီး ဖုတ်ကောင်အုပ်ထဲသို့ ပြေးသွားကာ အနောက်မှ ပြေးလိုက်နေသည့် ဟေးယွီကို ချွန်ထက်သော သတ္တုများဖြင့် ပစ်ခတ်နေသည်။ ဟေးယွီ၏ တောင့်တင်းသော ကိုယ်ကို စွမ်းအားရှင်ပင် အနာတရဖြစ်အောင် မလုပ်နိုင်သောကြောင့် စွမ်းအားဖြင့် ထိန်းချုပ်ထားသည့် သတ္တုများဆိုလျှင် ပို၍ပင်ဝေးသေးသည်။ ဟေးယွီ အနည်းငယ် ခုန်အုပ်ပြီးနောက် ဖုတ်ကောင်ကို မီသွားကာ သူ၏ လက်သည်းများဖြင့် မြေပြင်သို့ တွန်းချ လိုက်လေသည်။

ဂါး

‘ဘာလဲ မသေသေးဘူးလား .. ငါ့လက်သည်းစာ ထပ်မြည်းလိုက်ဦး”

မြေပြင်တွင် ဖိခံထားရသည့် ဖုတ်ကောင်၏ ခေါင်းမှာ သာမန် ဖုတ်ကောင်များကဲ့သို့ အလွယ်တကူ မကွဲထွက် မသွားသဖြင့် ဟေးယွီ၏ ဆော့ကစားချင်သည့် စိတ်က တစ်ဖန် ပေါ်လာပြန်သည်။ ထို့နောက် ဟေးယွီလည်း ခန္ဓာကိုယ်ကို ကျုံ့ကာ သူ၏ရှေ့ခြေကို သုံး၍ ထိုဖုတ်ကောင် မြေပြင်ပေါ်မှ ထလာသည့် အခါတိုင်း ခေါင်းကို ရိုက်လေတော့သည်။ သူ၏ ဦးခေါင်းခွံ အက်ကွဲသည့် အသံကို ကြားရသည်မှာ ပျော်စရာ ကောင်းလှသည်။

“ဟမ် သူ့ခေါင်းရော”

ရုတ်တရက် ဘတ်စကတ် ဘောလုံး အရွယ်ရှိ ဉီးခေါင်းက ပျောက်သွားသဖြင့် ခေါင်းရှုပ်သွားကာ အပျော်ပျက် သွားရသည်။ ယွင်ချဲ့လည်း ထိုခေါင်းကိုဖမ်းကာ နှစ်ပိုင်း ပိုင်းလိုက်ပြီး ပင်ပေါင် ဘောလုံးအရွယ် အမြုတေကို ထုတ်ယူ လိုက်လေသည်။

“မင်း အဲဒီလိုလုပ်နေရင် သံနဲ့လုပ်ထားရင်တောင်မှ ခေါင်းက ပြုတ်ထွက်သွားမှာပဲ”

အင်း အဲဒါကတော့ တော်တော် ရက်စက်တယ်

အားလုံး တွေးလိုက်ကြပြီး တစ်ချိန်တည်းတွင်ပင် စိတ်သက်သာရာ ရသွားကြသည်။ စွမ်းအား နှစ်ခုရှိသည့် ဖုတ်ကောင်ပင်လျှင် ဟေးယွီ အတွက် အရုပ်တစ်ခု ဖြစ်နေလျှင်တောင်မှ ယခုကဲ့သို့ ချုံခိုတိုက်ခိုက်ခြင်းကို စိတ်ပူစရာ မလိုတော့ပေ။

“ကစားနေတာ တော်လောက်ပြီ ဖုတ်ကောင်တွေကို မြန်မြန်ရှင်းတော့”

ဖုတ်ကောင်များမှာ အဆုံး မရှိသောကြောင့် သူတို့အဖွဲ့သည် ထိုနေရာတွင် ပိတ်မိနေ၍ မဖြစ်ပေ။ ယွင်ချဲ့ အော်ပြောကာ နယ်မြေထဲမှ ကားအသေး တစ်စီးကို ယူထုတ်လိုက်သည်။

“ရှင်း .. အစ်ကို ရှင်းချန် ကားပေါ်တက်”

အနားရှိ အဆင့် ၃ ဖုတ်ကောင်များ အားလုံးကို ရှာတွေ့ကာ သတ်ပြီးသွားသည် ဖြစ်သောကြောင့် အခြား အဆင့်နိမ့် ဖုတ်ကောင်များကို အလွယ်တကူပင် သတ်လိုက်နိုင်ပေသည်။

“ကောင်းပြီ”

ရှင်းဖုန်းမှာ သူ၏စွမ်းအားကို လူအများ သိအောင် ချပြရန် မဖြစ်သောကြောင့် ကားတံခါးဖွင့်ကာ မောင်းသူခုံတွင် ထိုင်လိုက်သည်။ တိရစ္ဆာန် ထိန်းချုပ်သူ ယဲ့ရှင်းချန်မှာ ဝံပုလွေခေါင်းဆောင်ကို ထိန်းချုပ်လျက် ကားအနီးရှိ ဖုတ်ကောင်များကို သတ်ခိုင်းနေသည်။ မကြာမီပင် ကားများမှာ ပြန်လည် ထွက်ခွာလာပြီး ယွင်ချဲ့ အနီးပစ်သေနတ်ရှိသည့် နေရာတွင် ထိုင်ကာ အဆင့် ၃ အမြုတေများကို ပျော်ရွှင်စွာ သန့်ရှင်းနေလေသည်။ ရှင်းဖုန်းလည်း သူ့ကိုကြည့်လိုက်ပြီး …

“တော်တော်လေး ရလိုက်တယ်မလား”

တည်နေရာပြ ဇယားကွက်ကို ပိုင်ဆိုင်ထားသဖြင့် ယွင်ချဲ့လည်း အဆင့် ၃ ဖုတ်ကောင်များကို အလွယ်တကူ ရှာတွေ့နိုင်ပြီး သူရထားသည့် အမြုတေများမှာ အဆင့် ၃ အမြုတေများ ဖြစ်သည်။ ယခုအကြိမ်သည် သက်သာ လာပြီးနောက် တစ်ခါ တိုက်ခိုက်ရုံဖြင့် အများအပြား စုစည်းနိုင်ခြင်းမှာ ပထမဆုံးပင်ဖြစ်သည်။

“ဟုတ်တယ် အဲ့တော့ ? ခင်ဗျားက သေဘေးက ပြေးရတဲ့ ခံစားချက်ကို လွမ်းလို့လား”

အမြုတေကို ဘေးသို့ ထားလိုက်ပြီးနောက် ယွင်ချဲ့ ပြုံးကာ ကြည့်လိုက်သည်။ သူ၏စကားကို ကြားလျှင် အခြားသူများက ထေ့ငေါ့ပြောသည်ဟု ထင်နိုင်သော်လည်း ရှင်းဖုန်းက ပြန်၍သာ ပြုံးပြလိုက်သည်။

“အင်းပါ … အဲ့လောက်လည်း မနီးသွားပါဘူး”

ဟေးယွီက သူ့ကို မကာကွယ်လျှင်တောင် ရှင်းဖုန်း အန္တရာယ်ဖြစ်မည် မဟုတ်ပေ။ ထိုအခိုက်တွင် ရှင်းဖုန်းသည် သူ၏ တိုက်ခိုက်စွမ်းရည်ကို ထုတ်ဖော်ရန် အဆင့်သင့် ဖြစ်နေခဲ့သည်။ ဖုတ်ကောင်၏ ရွှေစွမ်းအားမှာ သူ့အတွက် ပမွှားသာသာပင်။

“ဟား ခင်ဗျားက ကိုယ့်အစွမ်းကို ဖုံးကွယ်နေတာ ဆိုပေမယ့် ခင်ဗျားက အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးဆိုတဲ့ ကောလာဟလက စခန်းတစ်ခုလုံးကို ပြန့်သွားတော့မယ်လို့ ထင်တယ်”

နယ်မြေစွမ်းအားမှာ အလွန် ရှားပါးသော်လည်း ခေါင်းဆောင် ရှင်းမှာ တိုက်ပွဲများတွင် ဝန်ထုတ်ဝန်ပိုး ပုံစံဖြစ်နေသည်မှာ အမှန်ပင်။ ယွင်ချဲ့လည်း သူ၏ အရင်ဘဝတွင် ရှင်းဖုန်းအား အပျော့ညံ့ဆုံး ခေါင်းဆောင်အဖြစ် အပြောခံရသည်ကို နားလည် လိုက်သည်။ ရှင်းဖုန်းမှာ သူ့ကိုယ်သူ ပျော့ညံ့သည်ဟု အထင်ခံရအောင် လုပ်နေသောကြောင့်ပင်။

“လူတိုင်း ခေါင်းဆောင် တာဝန်ကို ရနိုင်မယ် ထင်နေတာလား”

သို့သော် ရှင်းဖုန်း စိတ်ဆိုးဒေါသ မဖြစ်ဘဲ မျက်ခုံးအား တွန့်ကာ ပြောလိုက်သဖြင့် ယွင်ချဲ့ မျက်စောင်းထိုးကာ ရှင်းဖုန်းကို လျစ်လျူရှုလျက် အနောက်ကို လှည့်ကာ ယဲ့ရှင်းချန်ကို စကားပြော လိုက်သည်။

“တိုက်ခိုက်ရေး သားရဲကို ပထမဆုံး ထိန်းချုပ်ရတာ ဘယ်လိုနေလဲ”

ယဲ့ရှင်းချန်မှာ ပြီးခဲ့သော ညမှအဆင့် ၃ သို့ ရောက်လာခဲ့သောကြောင့် အဆင့် ၃ ရှိသည့် သားရဲကို တစ်မနက်အတွင်း ထိန်းချုပ်ရန်မှာ မလွယ်ကူလှပေ။

“ကောင်းပါတယ် ဟေးယွီရဲ့ သွေးက အကူအညီဖြစ်တယ် .. ဝံပုလွေက မခုခံတော့ ငါ့စွမ်းအားတောင် သိပ်မသုံးလိုက်ရဘူး”

ပို၍ တိတိကျကျ ပြောရလျှင် ဟေးယွီ၏ သွေးကို စားသုံးခြင်းက မပြောပလောက်ပေ။ စွမ်းအား အနည်းငယ်ဖြင့် သားရဲနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို ထိန်းချုပ်နိုင်သဖြင့် ယဲ့ရှင်းချန်က သူ၏ တိုက်ခိုက်ရေး သားရဲကို ထိန်းချုပ်စရာပင် မလိုဘဲ အမိန့်ပေးလိုက်ရုံဖြင့် ဝံပုလွေသည် နာခံပေသည်။

“လွယ်တဲ့ပုံပဲ ကျွန်တော်တို့တွေ သားရဲအများကြီး ထပ်ဖမ်းပေးမယ် .. အဲဒီအခါ ခင်ဗျားလည်း ကျွန်တော်တို့ကြားမှာ အသန်မာဆုံး ဖြစ်လာမှာ”

ယွင်ချဲ့ ရင်းနှီးဖော်ရွေစွာ စနောက် လိုက်သည်။ တိရစ္ဆာန် ထိန်းချုပ်သူ ဆိုသည့် ဂုဏ်ပုဒ်မှာ သိပ်ကြား မကောင်းသော်လည်း ယခုတွင် စွမ်းအားနှင့် အားထုတ်မှုကို ရင်းနှီးရန် တန်လှပေသည်။

“ငါ့ကို လာမပြောင်နဲ့ .. ဟေးယွီက ဝံပုလွေခေါင်းဆောင် ဆယ်ကောင် ပေါင်းတာထက် ပိုကောင်းတယ်”

ယဉ်ကျေးသည့် အသုံးအနှုန်းသည် သူတို့၏ စကားဝိုင်းတွင် မလိုအပ်ပေ။ ထို့နောက် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ပြီး ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက် လိုက်ကြသည်။ ပန်းတိုင်သို့ သွားသည့် ခရီးလမ်းမှာ အလွန် ခက်ခဲကြမ်းတမ်း လှပေသည်။

***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset