YMR- အခန်း ၁၃၅

အခန်း (၁၃၅)

ဗိုလ်ချုပ် ချန် ထံသို့ ချဉ်းကပ်သွားသော ပထမဆုံးဝံပုလွေမှာ သူ၏ကြီးမားသော အစွယ်များဖြင့် ကိုက်လိုက်သော်လည်း ဗိုလ်ချုပ် ချန်က လျင်မြန်စွာပင် အနောက်သို့ခုန်ကာ ရှောင်လိုက်သည်။ ချွန်ထက်သော လက်သည်းက ဗိုလ်ချုပ် ချန်ကို မရိုက်မိ လိုက်သော်လည်း သူ၏ပုခုံးပေါ်တွင် ကုတ်ခြစ်မိသွားကာ သွေးများ ထွက်လာလေသည်။

“အား !”

အသက်ဘေးမှ အောင်မြင်စွာ လွတ်မြောက်သွားသဖြင့် ဒဏ်ရာရနေသည့် ပခုံးကိုကိုင်ကာ ဗိုလ်ချုပ် ချန် အနောက်သို့ ဆုတ်လိုက် သော်လည်း အခြားဝံပုလွေ တစ်ကောင် အနား ရောက်လာကာ သူ၏လည်ပင်းကို ကိုက်ဖြတ်လိုက်သည်။ ဗိုလ်ချုပ် ချန်လည်း မရှောင်လိုက် နိုင်သဖြင့် ထိတ်လန့်ဖွယ် ကောင်းစွာ အော်လိုက်ချိန်တွင် နောက်ထပ် ဝံပုလွေ လေးကောင်က သူ့အပေါ် ခုန်အုပ်လိုက်သည်။

“အား !”

“ချန် !”

“ဆရာ !”

ကျောချမ်းဖွယ် အော်သံက စက္ကန့်ပိုင်းသာ ခံလိုက်ပြီး ထိုနေရာသို့ ပြေးလာသော မော့ဝမ်းယန် နှင့် အခြားသူများမှာ ထိုနေရာတွင်ပင် ရပ်တန့်သွားကာ လူတိုင်း၏ မျက်လုံးများတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားသည်။ ဗိုလ်ချုပ် ချန်မှာ မျက်စိတစ်မှိတ် အတွင်းပင် ဝံပုလွေများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားလေပြီ။ အဆင့် ၃ စွမ်းအားရှင်က အဆင့် ၂ ဝံပုလွေအုပ်အတွက် အားနည်းလှသည်မှာ ယုံကြည်ရ ခက်ပေသည်။
အံ့သြခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းတို့က စွမ်းအားရှင်များ အပေါ် ဖုံးလွှမ်း သွားသော်လည်း လက်တွေ့တွင် သူတို့၏ ခံစားချက်များကို စိစစ်ချိန်ပင် မရလိုက်ပေ။ ဝံပုလွေများက ဗိုလ်ချုပ် ချန်ကို ကိုက်ဖြဲပြီးနောက် အလောတကြီး မစားလိုက်ကြဘဲ သူ၏ခန္ဓာကိုယ် အတုံးအတစ်များကို ဖယ်ထုတ်ကာ မော့ဝမ်းယန်နှင့် ကျန်သော သူများကို သွေးဆာနေသော မျက်လုံးစိမ်းများဖြင့် ကြည့်လိုက်သည်။

“တက်ကြ ! သူတို့သေရင်သေ မဟုတ်ရင် ငါတို့သေလိမ့်မယ်”

“တက်ကြ !”

မကောင်းသည့် အတွေးများကို ထိန်းချုပ်ကာ မော့ဝမ်းယန် အော်ပြောလိုက်ရာ လန်ယဲ့ဟန် နှင့် သူ၏ အဖွဲ့သားများလည်း ခေါင်းညိတ် လိုက်ပြီး စွမ်းအားများကို ထုတ်ကာ ဝံပုလွေများဆီသို့ ဦးဆောင်၍ သွားကြလေသည်။ သန္ဓေပြောင်း သားရဲများကို ကြည့်ရန် အတွက်သာ လိုက်လာခဲ့ကြသော လေတာ့ရှန်၊ ချန်းဟွာ နှင့် စစ်သားများသည်လည်း မော့ဝမ်းယန် နှင့် လန်ယဲ့ဟန်တို့၏ ဉီးဆောင်မှုနောက်ကို တုံ့ဆိုင်းခြင်းမရှိ လိုက်သွားကြသည်။ အသုံးပြုခဲ့သော နည်းလမ်းအတိုင်း တစ်ဦးချင်း တစ်ဖွဲ့ချင်း ခွဲလိုက်ကြပြီး ဝံပုလွေများကို မျှားခေါ် လိုက်ကြသည်။

အူးဝူး

“ပါးစပ်ပိတ် ဒါကို အဖွဲ့လိုက်တိုက်ခိုက်တယ်လို့ ထင်တယ်ပေါ့လေ .. အခုကိုယ့်အတွက်သာ စိတ်ပူပေတော့”

ဝံပုလွေ အုပ်ကွဲ သွားသည်နှင့် ဝံပုလွေခေါင်းဆောင်က ပါးနပ်စွာပင် ချက်ချင်း ဟိန်းဟောက်ကာ လမ်းညွှန် လိုက်သော်လည်း ယွင်ချဲ့က ဝံပုလွေ ခေါင်းဆောင်ထံ ဓားကို လွှဲရိုက်လိုက်ပြီး တိုက်ခိုက်မှုကို ရှောင်စေလိုက်ပြီးနောက် နီးကပ်စွာ တိုက်ခိုက်ကြပြန်သည်။ အားကြီးသော စွမ်းအားရှင်ဖြစ်သည့် ယွင်ချဲ့မှာ လိုက်လျောညီထွေမှု ရှိသည့်အပြင် ကျွမ်းကျင် ပိုင်နိုင်မှုလည်း ရှိပေသည်။ ဝံပုလွေ ခေါင်းဆောင်သည် ကြီးမားသည့် ခန္ဓာကိုယ်၊ ချွန်ထက်သည့်လက်သည်းနှင့် အစွယ်များရှိပြီး ဖျက်လက်တက်ကြွသည်။ သို့သော် အနီးကပ် တိုက်ခိုက်ရာတွင် အားနည်းသဖြင့် ယွင်ချဲ့ အတွက် တပန်းသာနေသည်။ ထိုတိုက်ပွဲတွင် ယွင်ချဲ့နှင့် ဝံပုလွေခေါင်းဆောင်မှာ သူမသာ ကိုယ်မသာ အနေအထားတွင် ရှိနေကြသည်။

ဝုန်း

ထိုအချိန် ကျန်းရှန် နှင့် အခြားသော အဆင့် ၃ စွမ်းအားရှင်များမှာ ကျန်သောဝံပုလွေများနှင့်တိုက်ပွဲတွင် အသာစီးရနေကြသည်။ ယဲ့ရှင်းချန်မှာ အရေးကြီးဆုံး အလုပ်ကို လုပ်ဆောင်ပြီး ဖြစ်သောကြောင့် အရေးကြီးသော အချိန်များတွင် သူ၏အဖွဲ့သားများ အချိန်ရရန် သန္ဓေပြောင်း ဝံပုလွေများကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ နာရီဝက်ကြာပြီးနောက် ကျန်းရှန်တို့၏ တိုက်ခိုက်ချက်များကြောင့် ဝံပုလွေ တစ်ကောင်ပြီး တစ်ကောင် သေသွားကြရသည်။ သို့သော် ဗိုလ်ချုပ် ချန်ကဲ့သို့ ကြွားဝါကာ အချိန်မဖြုန်းဘဲ တစ်ကောင် သေသွားသည်နှင့် ချက်ချင်း အနီးရှိအဖွဲ့ကို ပူးပေါင်းကာ အခြားဝံပုလွေများကို ကူတိုက်ပေးသည်။

“အတော်များများတော့ သေကုန်ပြီ .. အခုချဲ့ဘယ်လိုလုပ်နေလဲ ကြည့်ရတာပေါ့”

ဝံပုလွေအကောင် ၃ဝ ကျော်ကို သတ်ရန် အချိန်တစ်နာရီ ကျော်လောက် ကြာသွားသည်။ အောင်ပွဲမှာ လက်တစ်ကမ်း အလိုတွင် ရှိနေပြီး ရှင်းဖုန်းလည်း သူ၏အာရုံကို ယွင်ချဲ့နှင့် ဝံပုလွေခေါင်းဆောင်တို့၏ တိုက်ပွဲဆီသို့ ပြောင်းလိုက်သည်။

“သေစမ်း !”

ယွင်ချဲ့ ပင်ပန်းနေခြင်းကြောင့်လား သို့မဟုတ် ဝံပုလွေ ခေါင်းဆောင်က သူ၏အဖွဲ့ အသတ်ခံရသည်ကို သိသွားသောကြောင့် ဒေါသဖြစ်သွားသည်လားပင် မသိရဘဲ ယွင်ချဲ့ ၏ဓားမှ လျှပ်စီးလှိုင်းများကို ထိုဝံပုလွေက ရှောင်နိုင်နေသည်။ ကြီးမားသည့် ဝံပုလွေကြီးက ကွေ့ကောက် ပြေးလာကာ ယွင်ချဲ့ အပေါ် ခုန်အုပ်လိုက်သည့် အချိန် မျက်လုံးရှေ့သို့ ရောက်လာသော လက်သည်းကို မြင်လိုက်သည့်အခါ ယွင်ချဲ့ ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ ထို့နောက် လေထုစွမ်းအားကို ပြောင်းကာ ပြောင်းပြန် တွန်းအားကြောင့် ဝံပုလွေ ခေါင်းဆောင်ထံမှ တွန်းထုတ်ခံ လိုက်ရသကဲ့သို့ ကောင်းကင်ပေါ်သို့ ရောက်သွားသည်။

ဂါး

ထိုဝံပုလွေမော့ကြည့် လိုက်သည့်အခါ ကောင်းကင်မှ ထက်လှသည့် ဓားသွား ကျလာသည်ကို တွေ့လိုက်သော်လည်း ရှောင်တိမ်းရန် နောက်ကျခဲ့ပြီ။ ယွင်ချဲ့၏ ဓားသွားမှာ ဝံပုလွေ၏ မျက်လုံးတစ်ဖက်သို့ စိုက်ဝင်သွားသဖြင့် နာကျင်စွာ ညည်းတွားလိုက်ပြီး ဝံပုလွေက ဓားသွားကို သူ၏မျက်လုံးမှ ဆွဲထုတ် လိုက်သောကြောင့် အနောက်သို့ အနည်းငယ် ယိုင်သွားသည်။

“ထွက်မပြေးဘူးမလား ခံနိုင်သားပဲ … မင်းလက်လျှော့ပြီး ငါ့အိမ်မွေးကောင်လေး လုပ်မလား အဲဒါဆိုရင် မင်းစားချင်တာ ဘာမဆိုစားရမှာ ဒီတောင်မှာ နေတာထက် အများကြီး သာတယ်”

ယွင်ချဲ့က အသာစီးရနေပြီ ဖြစ်သောကြောင့် ဓားကိုကိုင်လျက် ဝံပုလွေထံသို့ ပြေးသွားသည်။

ဝေါင်း

ဝံပုလွေဘုရင်၏ မျက်လုံးမှသွေးများ ပန်းထွက်လာကာ ယွင်ချဲ့ စကားကို နားလည်သည့်အလား ဟိန်းဟောက် လိုက်သည်။

“ဒါဆိုလည်း မင်းလက်လျှော့အောင် လုပ်ရတော့မှာပေါ့”

ဝုန်း

ဝေါင်း

ယွင်ချဲ့ အသံနက်ဖြင့် ခြိမ်းခြောက်ကာ ဝံပုလွေ အရှေ့သို့ ရောက်သွားပြီး ကောင်းကင်ထက်မှ လျှပ်စီးများ ဖြာကျလာကာ ဝံပုလွေကို ရိုက်ခတ်သွားရာ ထိုလျှပ်စီးများက ခန္ဓာကိုယ်ကို ဒဏ်ရာရစေသဖြင့် ထိုဝံပုလွေလည်း နာကျင်စွာ ညည်းတွား အော်ဟစ်လိုက်သည်။ ယွင်ချဲ့လည်း ကလိမ်ကျစ်ကျကာ ဝံပုလွေ၏ ဒဏ်ရာရပြီးသည့် နေရာများကိုသာ တိုက်ခိုက်ရာ ထိုဝံပုလွေ၏ အသားစများကို ကြိတ်ချေသကဲ့သို့ ဖြစ်သွားသောကြောင့် ထိုဝံပုလွေ၏ တစ်ကိုယ်လုံးမှာလည်း သွေးများဖြင့် ဖုံးလွှမ်းသွားသည်။

“သေစမ်း အိမ်စောင့်သားရဲကြီးက တကယ် ရက်စက်တာပဲ !”

“ရက်စက်တယ် ဟုတ်လား ညစ်တာလို့ ခေါ်တယ် သူ့ထက်ညစ်ပတ်တဲ့သူမျိုး ရှာမတွေ့နိုင်လောက်ဘူး”

“ဇယ်ယွီ မင်းရဲ့ခေါင်းဆောင်ကို အဲ့လိုပြောလို့ သင့်တော်လို့လား မင်းကိုလည်း အဲဒီလိုလုပ်မှာ မစိုးရိမ်ဘူးလား”

“ရှူး ငါလည်း အဲ့လိုမဖြစ်ချင်ဘူး”

“ဟားဟား”

တစ်ဖက်တွင် တိုက်ပွဲပြီး သွားသော မော့ဝမ်းယန်တို့မှာ မြေပြင်ပေါ်တွင် ထိုင်လျက် ယွင်ချဲ့၏ တိုက်ပွဲကို ကြည့်နေကြသည်။ ဒဏ်ရာရထားသည့် ဝံပုလွေမှာလည်း ပို၍ လေးကန်လာကာ သူ၏တောင့်တင်းသည့် ခန္ဓာကိုယ်သည် ယွင်ချဲ့၏ ချေမှုန်းခြင်းကို ခံနေရပြီး မကြာမီတွင် ဆန့်ငင်ဆန့်ငင်ဖြင့် မြေပြင်ပေါ်သို့ လဲသွားလေသည်။ ယွင်ချဲ့လည်း ဓါးကိုကိုင်လျက် ဝံပုလွေ၏ ခေါင်းတည့်တည့်တွင် ရပ်ကာ …

“နောက်ဆုံးအခွင့်ကရေး ငါ့ကိုသစ္စာခံမလား မခံဘူးလား”

ထက်လှသည့် ဓားသွားကို ဝံပုလွေ၏ လည်ပင်း တည့်တည့်တွင် တေ့ထားလိုက်သည်။။ ခုနကကဲ့သို့ ဟိန်းဟောက်မည်ဆိုလျှင် ယွင်ချဲ့ အမေးအအမြန်း မရှိတော့ဘဲ ဝံပုလွေ၏ခေါင်းကို ဖြတ်ချပစ်လိမ့်ပေမည်။

အီ

ဝံပုလွေမှာ ဟိန်းဟောက် ချင်သော်လည်း ပြင်းထန်စွာ ဒဏ်ရာ ရထားသောကြောင့် အင်အား မရှိတော့ဘဲ သနားစဖွယ် ညည်းတွားနေသည်။ ထိုအချိန်တွင် ယဲ့ရှင်းချန် အမြန် လျှောက်လာကာ ရှင်းပြလေသည်။

“ချဲ့ သူက အင်းတဲ့”

ယဲ့ရှင်းချန်သည် တိရစ္ဆာန်များကို ထိန်းချုပ်နိုင်ရုံ သာမက သူတို့နှင့်လည်း အဆက်အသွယ် လုပ်နိုင်သည်။

“ကောင်းတယ် ငါ့ကိုယုံ မင်းကို ကောင်းကောင်း ဆက်ဆံမှာ”

ယွင်ချဲ့လည်း ဓားကိုသိမ်းကာ ယဲ့ရှင်းချန်ကို ကြည့်လိုက်ပြီး ….

“ဝံပုလွေတွေက ဉာဏ်များတယ် စွမ်းအားနဲ့ ယဉ်အောင် လုပ်ထားဉီး အခုကစပြီး သူက အစ်ကိုရဲ့အမိန့်အောက် ရောက်သွားပြီ”

တိရစ္ဆာန်များကို ထိန်းချုပ်သူ တစ်ယောက်တွင် တိုက်ခိုက်နိုင်သော ကိုယ်ပိုင် သားရဲတစ်ကောင် လိုအပ်သဖြင့် ထိုဝံပုလွေ ခေါင်းဆောင်မှာ ယဲ့ရှင်းချန် အတွက် ယွင်ချဲ့၏ လက်ဆောင်ပင် ဖြစ်သည်။ ထို့အပြင် သင့်တော်သည်ဟု ယူဆရသော သားရဲများ တွေ့လျှင်လည်း ယဲ့ရှင်းချန် အတွက် သူဖမ်းပေးဦးမည် ဖြစ်သည်။

“အိုကေ”

ယဲ့ရှင်းချန် ကြည်ဖြူစွာ လက်ခံလိုက်သည်။ တိရစ္ဆာန် ထိန်းချုပ်သူ တစ်ယောက်အတွက် သားရဲများသည် သူတို့၏ လက်နက်ပင်။ ထိုဝံပုလွေသည် အားကြီးကာ ဉာဏ်ကောင်းသည့် ဝံပုလွေဖြစ်သောကြောင့် တိရစ္ဆာန် ထိန်းချုပ်သူ တစ်ဦး ပိုင်ဆိုင်နိုင်သည့် အကောင်းဆုံး လက်နက်ပင်ဖြစ်သည်။

“ကောင်းပြီ”

ပြီးခဲ့သော တိုက်ခိုက်ရေးတွင် ယဲ့ရှင်းချန်သည် အဆင့် ၃ သို့ ရောက်သွားသည့် အပြင် မကြာခင်တွင်လည်း ဝံပုလွေ ခေါင်းဆောင်ကို ပိုင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် အရှေ့သို့လှမ်းကာ ဒူးထောက်ထိုင်၍ ဝံပုလွေ၏ ခေါင်းမှ အမွှေးများကို ပွတ်သပ်လိုက်သည်။

“မင်းရဲ့ မူလအရွယ်အစားကို ပြန်ပြောင်း လိုက်တော့”

အီ

ဝံပုလွေက တစ်ဖန် ညည်းတွား လိုက်ပြီး သူ၏ကြီးမားသော ကိုယ်မှာ တဖြည်းဖြည်း ကျုံ့လာပြီး ခွေးတစ်ကောင် အရွယ်သို့ ပြောင်းလဲသွားသည်။ ဟေးယွီ နှင့်မတူသည်က သန္ဓေပြောင်း သားရဲသည် သူ၏ကိုယ်ကို ကြိုက်သလို ပြောင်းလဲ၍ မရဘဲ သူ၏မူလပုံစံနှင့် သန္ဓေပြောင်းထားသည့် ပုံစံအတွင်းသာ ပြောင်းလဲနိုင်သည်။

“ဒီမှာ သူ့ကို ဒါတိုက်လိုက် သူ့အတွက် ကောင်းတယ်”

ယွင်ချဲ့ ရေရောထားသည့် စမ်းရေနှစ်ဘူးကို ယဲ့ရှင်းချန်ကို ကမ်းပေးလိုက်သည်။ ယဉ်ပါးသည့် ဝံပုလွေရိုင်းသည် သူ၏ဘဝ တစ်လျှောက်တွင် လူသား တစ်ယောက်ကိုသာ သူ၏သခင်အဖြစ် လက်ခံသည်။ ယွင်ချဲ့က ဝံပုလွေ၏သခင် မဖြစ်လိုသောကြောင့် သူ့ကို အစာကျွေး၍ မရပေ။ ယဲ့ရှင်းချန်သည် ဝံပုလွေနှင့် မြန်နိုင်သမျှ အမြန်ဆုံး ရင်းနှီးရန် လိုအပ်သည်။

“ကောင်းပြီ”

ယွင်ချဲ့ ဆိုလိုသည်ကို ယဲ့ရှင်းချန် နားလည်သောကြောင့် ရေဘူးနှစ်ဘူးကို ယူကာ ဝံပုလွေ၏ ခေါင်းကို ကိုင်လျက် ရေတိုက် လိုက်သည်။ ကျန်းရှန်လည်း အမြန်ပင် ယဲ့ရှင်းချန်ကို ကူပေးသဖြင့် ယွင်ချဲ့ ခေါင်းခါကာ အဝေးသို့ လမ်းလျှောက် သွားလေသည်။

“အဲဒီဝံပုလွေက ငါ့အတွက်လို့ ထင်နေတာ”

ရှင်းဖုန်း ယွင်ချဲ့ အနောက်မှ လိုက်သွားကာ သဝန်တိုသော အသံဖြင့် နောက်ပြောင်၍ ပြောလိုက်သည်။ မကြာသေးခင်ကပင် ယွင်ချဲ့က ရှင်းဖုန်း အတွက် သားရဲတစ်ကောင် ပေးမည်ဟု ကတိပေးထားသောကြောင့် ရှင်းဖုန်းက အမှန်ပင် ထိုဝံပုလွေမှာ သူ့အတွက်ဟု ထင်ထားခဲ့သည်။

“ဝံပုလွေက ခင်ဗျားနဲ့မလိုက်ဘူး နောက်တစ်ခါ ဟေးယွီနဲ့.တောင်ကို သွားကြည့်ကြမယ် … သိမ်းငှက်ကတော့ ခင်ဗျားနဲ့ လိုက်မယ်ထင်တာပဲ သိမ်းငှက်တွေက တိုက်ခိုက်နိုင်ပြီး သန္ဓေပြောင်းသွားရင် ခင်ဗျားကို ကောင်းကင်ဆီ ခေါ်သွားပေးနိုင်မှာ ဝံပုလွေထက်တောင် ပိုကောင်းသေးတယ်”

ရှင်းဖုန်း ပြောမည့်စကားကို ယွင်ချဲ့ ရိပ်မိသောကြောင့် နှစ်သိမ့် စကားလုံးများကို ကြိုတင်ပြင်ဆင် ထားခဲ့သော်လည်း စနောက်နေခြင်း မဟုတ်ပေ။ တစ်နေ့ ရှင်းဖုန်း နှင့်အတူ သိမ်းငှက် ဖမ်းချင်မိသည်မှာ အမှန်ပင်။ ဟေးယွီ သာအနားတွင် ရှိလျှင် မည်သည့် သားရဲမဆို အလျှော့ပေးတတ်သည်ကို သိပြီး ကတည်းက ထိုအရာကို ကြံစည်နေခြင်း ဖြစ်ပေသည်။

“အင်းပါ ငါလည်း သိမ်းငှက်ရမယ်ဆို ပျော်မိမှာ တစ်နေ့ကျ တူတူ ဖမ်းရအောင်”

ရှင်းဖုန်း မျက်လုံးများ တောက်သွားပြီး ထိုအကြံကို စိတ်ဝင်စား သွားသည်။ ထို့နောက် ရုတ်တရက် ကျိုးဇယ်ယွီ ရောက်လာကာ ….

“ချဲ့ ငါလည်း တစ်ကောင်လို ချင်တယ်”

ဆန်းပြားသော အရာတစ်ခုခု လုပ်သည့်အခါ သူ့ကိုဖယ်ထား၍ မဖြစ်ပေ။

“မင်းဘာသာသွားဖမ်း”

ယွင်ချဲ့လည်း ကျိုးဇယ်ယွီကို စွေကြည့်ကာ ဘေးမှဖြတ်ချက် သေနေသည့် ဝံပုလွေများထံ လျှောက်သွားလိုက်ပြီး လက်ကို ဝှေ့လိုက်ရာ ဝံပုလွေအလောင်းများ ပျောက်သွားလေသည်။

“ပိုလွယ်သွားပြီ”

ထိုဝံပုလွေတို့၏ သွေးသည် အခြားသားရဲများကို ဆွဲဆောင်နိုင်သဖြင့် မော့ဝမ်းယန် မည်သို့ဖြေရှင်းရမည်ကို မသိနိုင် ဖြစ်နေသော်လည်း ယွင်ချဲ့ကြောင့် စိတ်သက်သာရာ ရသွားသည်။ ထို့နောက် ယွင်ချဲ့က ….

“ဒဏ်ရာရတဲ့သူ ဘယ်နှယောက် လောက်ရှိလဲ”

“သုံးယောက်သေတယ် ရှစ်ယောက် ဆိုးဆိုးရွားရွား ဒဏ်ရာ ရထားတယ် သုံးဆယ်က အနည်းငယ် ထားတယ် … ဗိုလ်ချုပ် ချန် သေသွားတာတော့ နှမြောစရာပဲ”

အရေအတွက်က သူတို့ ထင်ထားသည်ထက် နည်းသည်။ မော့ဝမ်းယန်က ဟန်ဆောင် ပန်ဆောင်ဖြင့် ဗိုလ်ချုပ်ချန် အတွက် ဝမ်းနည်း ပေးလိုက်သည်။ ဗိုလ်ချုပ် ကျန်းနှင့် အခြားသူများက မည်သည်ကိုမှ သတိမထားမိပေ။ သူတို့ခေါင်းအား ငုံ့ကာ သေသွားသည့် အဖွဲ့သားများ အတွက် ဝမ်းနည်းပူဆွေး နေကြသည်။

“ကောင်းပြီ ပြန်ကြစို့”

ယွင်ချဲ့လည်း လူနာတင်ခုံကို နယ်မြေထဲမှ ယူထုတ်ကာ တစ်ခုကို ယူထားလိုက်ပြီး ကျန်သောခုံများကို မော့ဝမ်းယန် ထံသို့ပေးလိုက်သဖြင့် မော့ဝမ်းယန်လည်း ယွင်ချဲ့၏ ကြင်နာမှုကို မငြင်းဆန်တော့ပေ။ သူ၏အဖွဲ့သားများကို စစ်သားများထံ လူနာတင်ခုံများ ဝေပေးခိုင်း လိုက်ပြီး ဒဏ်ရာရသည့် သူများကို ဂရုတစိုက်ဖြင့် သယ်ခိုင်းလိုက်သည်။

အဖွဲ့တွင် အလင်းစွမ်းအားရှင်များ မရှိသောကြောင့် ဒဏ်ရာရသူများမှာ နာကျင်မှုကို သည်းခံနေကြရသည်။ ကံကောင်းစွာဖြင့် စွမ်းအားရှင်များမှာ လျင်မြန်စွာပင် ပြန်လည် ကောင်းမွန် လာနိုင်သည်။ ဒဏ်ရာ အနည်းငယ်သာ ရထားသူများသည် နှစ်ရက် သုံးရက်အတွင်း ပြန်ကောင်းလာမည်ဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့် သူများမှာ ဇွမ်ဘီပိုးကူးစက် မခံထားရလျှင် ၇ရက် ၈ ရက်အတွင်း ပြန်ကောင်း လာနိုင်ပေသည်။ သို့သော် သေသွားသူများကို ထိုနေရာတွင်ပင် မြှုပ်နှံခဲ့ရပေမည်။ တိုက်ပွဲမြေပြင်ကို ရှင်းလင်းရန် တာဝန်ကျနေသည့် စစ်သားများက တာဝန်ဆောင်ရွက်နေချိန် ယွင်ချဲ့က ယဲ့ရှင်းချန်ကို လူနာတင်ခုံ ပေးလိုက်သည်။ ဝံပုလွေခေါင်းဆောင်သည်လည်း ဒဏ်ရာ ပြင်းထန်သောကြောင့် သူတို့၏အခန်းသို့ ပြန်သယ်သွားရန် လိုအပ်သည်။

“ခေါင်းဆောင် ယွင် .. ဒီသားရဲတွေက အဆင့် ၂ ဆိုတာ သေချာရဲ့လား”

ဒဏ်ရာ အနည်းငယ် ရထားသည့် လေတာ့ရှန်နှင့် ချန်းဟွာတို့က ယွင်ချဲ့ အနားသို့ ရောက်လာခဲ့သည်။ အဆင့် ၃ စွမ်းအားရှင်များ အတွက် ထိုအဆင့်နှစ် သားရဲများနှင့် တိုက်ခိုက်ရာတွင် အလွန် ပင်ပန်းခဲ့ပြီး ထိခိုက်ဒဏ်ရာ ရခဲ့ရသောကြောင့် သူတို့အတွက် ပြင်းထန် လှပေသည်။ ထိုသားရဲများ အဆင့် ၃ ဖြစ်နေလျှင် သူတို့အသက်ရှင်ရန် မလွယ်ပေ။

“သေချာပါတယ် … ဝံပုလွေရိုင်းတွေက သာမန်လူတွေထက် ပိုကြမ်းတမ်းတာပဲလေ အဲဒီတော့ သန္ဓေပြောင်း သားရဲတွေ ကျွန်တော်တို့ထက် သာတာလည်း မထူးဆန်းပါဘူး”

သူတို့၏ပျက်ယွင်းနေသော မျက်နှာတို့ကြောင့် ယွင်ချဲ့ ပြုံးကာ နှစ်သိမ့်လိုက်သည်။ သူတို့ တိုက်ခိုက်ခဲ့သည်မှာ ဝံပုလွေများသာ ဖြစ်သည်။ အကယ်၍ ကျားများ၊ ခြင်္သေ့များ၊ ဝက်ဝံများသာ ဖြစ်ခဲ့လျှင် ထိုသားရဲတို့မှာ သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သဖြင့် ပိုမိုဆိုးဝါးနိုင်သည်။ ကံကောင်းသည်က အနောက်တောင်ဒေသမှ ဝက်ဝံများ အားလုံးကို တိရစ္ဆာန်ရုံထဲ သော့ခတ် ထိန်းထားခြင်းပင်။ သို့သော် အနောက်တောင် ဒေသတွင် ဝက်ဝံများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အနောက်တောင်ဒေသမွေး ပန်ဒါဝက်ဝံများ ရှိသေးသည်။ ကပ်ကြီး မတိုင်ခင်က ပန်ဒါများမှာ ချစ်စရာ ကောင်းသော်လည်း ယခုချိန်တွင် ကြမ်းတမ်းသည့် သက်ရှိများ ဖြစ်လာကြသည်။

“ဒါဆို ငါတို့ပိုပြီး သန်မာလာဖို့ လိုတာပေါ့ .. ဒီကပ်ဘေးကြီးကလည်း ဘယ်တော့မှ ပြီးမလဲမသိဘူး”

ခံစား၍ မကောင်းသော်လည်း ခေါင်းဆောင်များ အနေနှင့် သူတို့ မကြောက်ခဲ့ကြသကဲ့သို့ ကြောက်နေ၍လည်း မဖြစ်ပေ။

“ဒီကပ်ဘေးက တစ်နေ့မှာ ပြီးဆုံးနိုင်သလို ဘယ်တော့မှလည်း မပြီးနိုင်ဘူး … အခြားသက်ရှိတွေဆီက အသက်ရှင် နေနိုင်ဖို့ ငါတို့လုပ်နိုင်တာက ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့ပဲ”

ယွင်ချဲ့မှာ နေရာတွင်ပင် ရပ်လျက် သူတို့ကို ကြည့်လိုက်သည်။ လရောင်အောက်ရှိ သူ၏ မျက်ဝန်းထဲမှ ဆုံးဖြတ်ချက်နှင့် ဇွဲလုံ့လမှာ လေတာ့ရှန်နှင့် ချန်းဟွာတို့အတွက် ဆွဲဆောင်မှု ရှိလှသည်။ သူတို့နှစ်ဦး တစ်ပြိုင်တည်း ခေါင်းညိတ် လိုက်ကြပြီး အသက်ရှင်ချင်လျှင် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် လူသားများ မရှိနိုင်တော့သည့် အချက်ကို နားလည် ကျင့်သားရရန် လိုအပ်ပြီး မပြီးဆုံးနိုင်သည့် တိုက်ပွဲများကိုလည်း နေသားကျ နေရမည်ဖြစ်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset