YMR- အခန်း ၁၂၅

အခန်း (၁၂၅)

ရှင်းဖုန်း၏ ချက်ပြုတ်နိုင်စွမ်းမှာ အလွန် ကောင်းမွန်လှသဖြင့် ယွင်ယောင်နှင့် ဝမ်စူးဟွာပင် ချီးကျူးကြလေသည်။ နေ့လယ်စောင်း အချိန်မှရောက်လာသော ချူးဟောင်လင်းနှင့် အခြားသူများမှာ သူတို့ခေါင်းဆောင်၏ လက်ရာကို မြည်းစမ်းနိုင်မည့် အခွင့်အရေးကို လက်လွှတ်သွားသဖြင့် အလွန်ပင် စိတ်ဆိုးနေကြသည်။ လန်ယဲ့ဟန်က တစ်နေ့လုံး ယွင်ချန်နှင့် ရှိနေခဲ့ပြီး ရှင်းဖုန်း၏ လက်ရာကိုလည်း ဘာမှမပြောပေ။

“ချန်လည်း အဆင်ပြေလာပါပြီ ဟိုင်ရွှမ်းရဲ့ အဘိုးနဲ့အမေကို ရှောင်ချန် အကြောင်း ပြောပြထားဉီး … သူအခန်းထဲမှာ မနေချင်တော့လို့ အခုစိတ်ဆိုးနေတယ်”

ယဲ့ရှင်းချန် အောက်သို့ ပြန်ဆင်းလာသည့်အခါ ယွင်ချဲ့က အခန်းအနေအထားကို ပြန်ပြင်မည့် အကြောင်း ပြောလိုက်သည်။ ယဲ့ရှင်းချန်က သူ့အတွက် ကိစ္စမရှိသဖြင့် နေသားကျလာသော မိသားစုဝင် အသစ် ၂ ယောက်ကို ကြည့်လိုက်သည်။

“အင်းပါ ဟိုင်ရွှမ်းနဲ့ တိုင်ပင်လိုက်မယ် .. ရှောင်ချန်ကို အဖော်လုပ်ပေးပြီး နိုင်သလောက် သူ့ကို ချော့ထားပေးပါဉီး .. မနက်ဖြန်ကျ အောက်ဆင်းခွင့် ပေးလိုက်မယ်”

ယခုအိမ်မှာ ယွင်ချဲ့၏ အိမ်ဖြစ်ပြီး အိမ်ပိုင်ရှင်၏ ညီက အချုပ်နှောင် ခံထားရသည်မှာ မဖြစ်သင့်ပေ။ ယွင်ချန်ကို လက်ခံနိုင်လျှင် ထိုအိမ်တွင် နေထိုင်နိုင်မည်ဖြစ်ပြီး မဟုတ်ပါက အခြားတစ်နေရာတွင် ရှာရလိမ့်မည် ဖြစ်သည်။

“ငါတက်တော့မယ်”

လန်ယဲ့ဟန်မှာ ယွင်ချဲ့နှင့် စကား အနည်းငယ်ပြောပြီး အခြားသူများကလည်း လိုအပ်သည်ထက် ပိုမပြောကြပေ။ လန်ယဲ့ဟန် ဆင်းလာစဉ်က အမြန် ဆင်းလာခဲ့ပြီး လျင်မြန်စွာ စားသောက်လျက် အလောတကြီး တက်သွားပြန်သည်။ သူ မဆင်းလာမီ ယွင်ချန်က ကိုယ့်ကိုယ်ကို ညစ်ပေနေသည်ဟု ခံစားရသောကြောင့် ရေချိုးလိုကြောင်း ပြောခဲ့သဖြင့် လန်ယဲ့ဟန်က အမြန်ပြန်လာမည်ဟု ကတိပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

“စစ်တပ်က အစီအစဉ် ကောင်းမယ် ထင်တာပဲ .. ငါတို့လည်း လုပ်နိုင်တဲ့ အထိတော့ လုပ်ပေးရမယ်”

ညစာ စားပြီးနောက် လူကြီးလူငယ်များက စောစော အိပ်ရာဝင်ကြပြီး လန်ယဲ့ဟန် မှလွဲ၍ ထိပ်ဉီးနှင့် ချောင်ယန်း အဖွဲ့တို့ ယွင်ချဲ့ အိမ်ဧည့်ခန်းထဲတွင် စုဝေးကြလေသည်။ ကူးမင်ရွှမ်းမှာ နေ့လယ် ကတည်းက သူရှာဖွေ စုဆောင်းထားသည့် အချက်များကို မိတ္တူပွားကာ တစ်ယောက်ချင်းစီကို ပေးလိုက်သည်။ ယွင်ချဲ့က ဂရုမစိုက်စွာ ထိုစာရွက်ကို ချထားလိုက်သည်။ စာရွက်မှာ အစီအစဉ် တစ်ခုသာဖြစ်ပြီး သွားရမည့် နေရာသို့ ရောက်လျှင် ဘာဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပေ။ သူ့အတွက် တည်နေရာပြ ဇယားကိုသာ ကြည့်ရန် လိုအပ်သည်။

“ငါတို့တွေ ဒီတစ်ခေါက်တော့ စစ်သားတွေကို မဉီးဆောင်တော့ဘဲ အနောက်က လိုက်ကြမယ်”

ရှင်းဖုန်းလည်း စာရွက်များကို ကြည့်ပြီးနောက် သူ၏အတွေးကို ပြောလိုက်သည်။ သူတို့မှာ ရေလိုက်ငါးလိုက်သာ လုပ်ကြပြီး စစ်သားများကို အလုပ်ပေးထားရန် စီစဉ်လိုက်သည်။

“နေ့လယ်ကပဲ ဝေ့ခန်နဲ့ ဝမ်ဝေ့တို့ ငါ့ဆီ ဖုန်းဆက်တယ် .. လင်းရှန့်နဲ့ ကျန်းဝမ်ရှန်တို့လုပ်ခဲ့တဲ့အပေါ် တောင်းပန်တယ်လို့ ပြောပေမယ့် ရေစွမ်းအားရဲ့ အချက်အလက်ကို မေးချင်တာလို့တော့ ထင်မိတယ် … ဒါကို ငါတို့ ကာထားလို့ မရနိုင်ဘူး တစ်ယောက်ယောက် ဝင်ရှုပ်တာနဲ့ ငါတို့လုပ်ထားတာ အလကား ဖြစ်သွားနိုင်တယ်”

ကူးမင်ရွှမ်းမှာ ရှင်းဖုန်းကို စကားပြောနေခြင်း ဖြစ်သော်လည်း ယွင်ချဲ့ကိုသာ ကြည့်နေသည်။ ထိုစစ်ဆင်ရေး မှတစ်ဆင့် အမြတ်ထုတ်ခြင်း မဟုတ်လျှင် အဆင်ပြေသော်လည်း သူတို့နှင့် တစ်လှေတည်းစီးဖြစ်သော မော့ဝမ်းယန် အကြောင်းကို အားလုံး သိသွားကြပြီဖြစ်သည်။ အကယ်၍ သူတို့ နှုတ်ဆိတ်နေခဲ့လျှင် တစ်ယောက်ယောက် စွမ်းအားရှင်များကို စိတ်ဆွကာ သူတို့ကို ဆန့်ကျင်ရန် ပြောဆိုလိမ့်မည်။ ခေါင်းဆောင် ၂ ယောက်က တာဝန် လုပ်ဆောင်ရာတွင် အခြားအဖွဲ့များကို ခေါ်သွားသည့်အပြင် ပစ္စည်းရိက္ခာ စုဆောင်းရာတွင် ကူညီပေးပြီး တိုက်ခိုက်ရန် လိုအပ်သည်တို့ကို ပြောပြပေးခဲ့သဖြင့် စွမ်းအားရှင် အဖွဲ့အစည်းက သူတို့ကို လေးစားခဲ့ကြသည်။ ချောင်ယန်းနှင့် ထိပ်ဉီးတို့က ရေစွမ်းအား အသုံးပြုပုံကို သူတို့အတွက်သာ သိမ်းထားလျှင် အခြားသူများ ကျေနပ်ကြမည် မဟုတ်ပေ။ တစ်ယောက်ယောက်က မီးလောင်ရာ လေပင့်လိုက်ပါက သူတို့အတွက် ပို၍ဆိုးဝါးသွားလိမ့်မည်။

“ကျွန်တော်သာ လျှို့ဝှက်ထားမယ်ဆိုရင် မော့ဝမ်းယန်ကို သင်ပေးခဲ့မှာ မဟုတ်ပေမယ့် ဝေ့ နဲ့ ဝမ် ကိုတော့ ပြောပြဖို့ အစီအစဉ်မရှိဘူး … ကျွန်တော်တို့ မဝေးရောက်တုန်း တစ်ခုခု လုပ်လိမ့်မယ်လို့ ထင်နေတာမလား … ဟုတ်တယ်ဆိုရင် သူတို့ကို အခွင့်အရေး ပေးလိုက်မယ် ခင်ဗျားဆီ ပြန်ဆက်သွယ်လာရင် ကျွန်တော့်ကို လာရှာခိုင်းလိုက် ဒါပေမယ့် သူတို့တွေ ကျွန်တော့် ကိုရှာနိုင်ဖို့လိုတယ်”

ယွင်ချဲ့ ဆိုဖာပေါ်တွင် ပျင်းလေးစွာ မှီလျက် ဆေးလိပ်ဖွာရင်း ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင် သူတို့ကို ဒုက္ခပေးနိုင်သမျှ ပေးလိုက်ဉီးမည်။

“ယွင်ချဲ့ ပြောချင်တာက စစ်ဆေးရေး မတိုင်ခင်ထိ ငါတို့နှုတ်ပိတ်နေမယ် ငါတို့ ထွက်သွားတဲ့အခါ ထိပ်ဉီးအဖွဲ့က တစ်ကိုယ်ကောင်း ဆန်တယ်လို့ သတင်းလွှင့်မယ် … ငါတို့လည်း သူတို့ဘက်က စလာမှာကို မစောင့်ဘဲ စစ်ဆင်ရေး လုပ်နေရင်း အခြားအဖွဲ့တွေကို ရေစွမ်းအား အသုံးပြုနည်း သင်ပြပေးမယ် … ငါတို့ပြန်လာတဲ့အခါ ကောလာဟလတွေကို ဘယ်သူမှ မယုံကြဘဲ စစ်တပ်ကိုပဲ အပြစ်တင်ကြလိမ့်မယ် … သူတို့လည်း ရေစွမ်းအား ကိုင်တွယ်ပုံကို သိကြမှာပဲ ဒါပေမယ့် စွမ်းအားရှင်တွေဆီက သိတာနဲ့ ငါတို့ဆီက သိတာချင်း မတူကြဘူး … ငါတို့ဆီကသိရင် သူတို့အတွက် ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုပဲ စွမ်းအားရှင်တွေကနေ တစ်ဆင့် သိရတာဆိုရင် ပြောသမျှယုံတာပဲ ဖြစ်သွားလိမ့်မယ်”

ယွင်ချဲ့၏ သဘောထားကို ယွင်ချဲ့ ရှင်းပြလိုက်သဖြင့် အခြားသူများလည်း ခေါင်းညိတ်လိုက်သည်။ ထိုအချက်က စစ်တပ်ကို ဆန့်ကျင်ရန် အကောင်းဆုံးသော နည်းပင်။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ အဝေးရောက်နေချိန် စစ်တပ်က တစ်ခုခုလုပ်ရန် ကြိုးစားခဲ့လျှင် သူတို့အတွက် ထိခိုက်နိုင်ချေ နည်းသည်။

“ကောင်းပြီ ငါတို့နောက် ၃ ရက် အတွင်းသွားမယ် တစ်ကိုယ်ရေ လိုအပ်တာတွေကို မနက်ဖြန် ညမတိုင်ခင် ထည့်ပေးလိမ့်မယ် .. မင်းတို့ ၇ ယောက်လုံး သွားမှာလား ချဲ့”

အဖွဲ့အစည်း၂ဝ မှ လူအယောက် ၁ဝဝ ပြည့်ရန် လိုအပ်နေသည်။ တသီးခြား စွမ်းအားရှင် ၁၆ယောက်လုံးက ပါဝင်ရန် စာရင်းပေးထားသဖြင့် အဖွဲ့ ၂ဝ မှ ၈၄ ယောက်သာ လိုတော့သည်။ အဖွဲ့တစ်ဖွဲ့စီမှ ၄ ယောက် ၅ ယောက်အထိ ပါသင့်သော်လည်း အဖွဲ့တူ တစ်ခုတည်းတွင် စွမ်းအားအဆင့် တူနေသော စွမ်းအားရှင်များ ရှိသဖြင့် တစ်ဖွဲ့တည်းမှ ၄ ယောက်ပင် မရပေ။

“ဟုတ်တယ် ရှင်းချန်လည်း လိုက်မှာ … ဟိုမှာ တိရစ္ဆာန် ဖုတ်ကောင်တွေ များမှာသေချာတယ် ရှင်းချန်သာ ကျွန်တော်တို့နဲ့ လိုက်ခဲ့ရင် အဆင့် ၃ ဖုတ်ကောင်တွေကိုတောင် ရင်ဆိုင်နိုင်လိမ့မယ်”

ယဲ့ရှင်းချန်မှာ ထိပ်ဉီးအဖွဲ့ထဲတွင် တစ်ယောက်တည်းသော စွမ်းအားရှင် ဖြစ်သည်။ သင်ကြားပေးနောက် ယဲ့ရှင်းချန်မှာ အဆင့် ၂ ဖုတ်ကောင်နှင့် ဖုတ်ကောင် တိရစ္ဆာန်များကိုလည်း အလွယ်တကူ တိုက်ခိုက်နိုင်လိမ့်မည်။

“ဗွီဒီယိုကြည့်တော့ တိရစ္ဆာန် ဖုတ်ကောင်တွေ အများကြီး တွေ့တယ် .. အဆင့် ၃ ကို မြန်မြန်ရောက်သွားရင် ကောင်းမယ်”

ယဲ့ရှင်းချန် ခေါင်းညိတ် ပြလိုက်ပြီး သူသည် အဖွဲ့၏ ဝန်မဖြစ်လိုပေ။ ဝင်ရောက်ထိုးဖောက် တိုက်ခိုက် လိုသော်လည်း အဆင့် ၂ သို့မဟုတ် အဆင့် ၃ တို့မှာ အလွန် သန်မာလှသဖြင့် ရုတ်တရက် တိုက်ခိုက်ရန် မလွယ်ကူပေ။

“ဖြစ်လာမှာပါ အခုအဆင့် ၃ ရောက်တော့မယ်”

ထို့နောက် ရှင်းဖုန်းကို ယွင်ချဲ့ လှည့်လိုက်သည်။

“ခင်ဗျားတို့ရော ဘယ်နှယောက် သွားနှာလဲ”

ချောင်ယန်း အဖွဲ့မှ ချူးဟောင်လင်း အပါအဝင် အများစုမှာ အဆင့် ၃ သို့ ရောက်နေကြပြီဖြစ်သောကြောင့် ရွေးချယ်ခွင့် အများအပြား ရှိသည်။

“ငါ .. ဟွိုင်အန်း .. ရှန်းရွေနဲ့ ဝမ်းချင်တို့ပဲ သွားမယ် .. ကျန်တဲ့သူတွေက မင်ရွှမ်းကို ကူညီဖို့ နေခဲ့ရမယ်”

ရှင်းဖုန်းက သူ၏လူများကို ရွေးချယ်ထားပြီး ဖြစ်သည်။ ယခုတစ်ခေါက် သွားရမည့် နေရာမှာ လေထုအလွှာကို သုံးရန် မလွယ်ကူသည့် အပြင် လူ ၄ဝဝ မှာလည်း တူညီသော အရှိန်နှင့် လျင်မြန်စွာ မသွားနိုင်ကြပေ။ သူတို့မှာ တောထဲတွင် နေထိုင်ရနိုင်သဖြင့် မီးစွမ်းအားကို မဖြစ်မနေ လိုအပ်သည်။ ရေစွမ်းအားကို တိုက်ခိုက်နိုင်စွမ်း မရှိဟု အများက ထင်မှတ် ထားကြသဖြင့် ရေစွမ်းအားရှင်တို့က သွား၍မရပေ။ သို့သော် ရေခဲအစွမ်းက ရေစွမ်းအားနှင့် တူညီသဖြင့် ရေကိုလိုအပ်သည့်အခါ ထောက်ပံ့ပေးနိုင်သည်။ ရွှေသတ္တုစွမ်းအားရှင် ဖြစ်သည့် ရှန်းရွေမှာ တစ်ဖက်တွင် စွမ်းအားတိုးမြင့်ပေးနိုင်ပြီး ကျန်တစ်ဖက်တွင် ရှင်းဖုန်း၏ အစွမ်းကိုလည်း အခြားသူများမသိအောင် ကာကွယ်ပေးနိုင်သဖြင့် ရှန်းရွေကိုလည်း လိုအပ်သည်။ ကျန်သော သူများက လိုက်ရန် မလိုအပ်ပေ။

“၄ ယောက်တည်းလား .. လူတွေတော့ ခင်ဗျားကို ကပ်စေးကုပ်တယ် ပြောတော့မယ်”

ယွင်ချဲ့ မျက်ခုံးပင့်လိုက်သည်။ ချောင်ယန်း အဖွဲ့က အကြီးဆုံး ဖြစ်သည်ကို လူအများသိကြပြီး အဖွဲ့ခွဲ ၁ဝ ဖွဲ့ရှိကာ စွမ်းအားရှင် ၂ဝဝ ကျော်ရှိသည့်အပြင် အများစုမှာလည်း အဆင့် ၃ သို့ပင် ရောက်နေကြပြီ။ ရှင်းဖုန်း က ၄ ယောက်တည်းရွေးသဖြင့် ယွင်ချဲ့ပင် သူ့ကို ကပ်စေးကုပ်သည်ဟု ထင်မိသည်။

“သူတို့က ငါ့ကိုပြောရဲကြလို့လား”

သူ့နောက်ကွယ်တွင် လူအများ မည်သို့ပြောပြော ရှင်းဖုန်း ဂရုမစိုက်ပေ။

“အင်းပါ ကောင်းပြီ .. ဒါဆိုရင် ဒီရက်ပိုင်း လွယ်တဲ့တာဝန်တွေပဲ လုပ်ကြမယ် .. ဟိုင်ရွှမ်းက အမေနဲ့အဘိုးကို အချိန်ပေး လိုက်ဉီး အခုတလောတော့ ဘာတာဝန်မှ မလုပ်နဲ့”

ယွင်ချဲ့လည်း ဆေးလိပ်မီးသတ်ကာ ထသွားလိုက်သည်။ ညနက်နေပြီ ဖြစ်သောကြောင့် အပေါ်ထပ်သို့ တက်ရနိုး၊ ရှင်းဖုန်း ထံသွားရနိုးနှင့် တွေဝေနေသည်။

“ရပါတယ် အမေနဲ့ အဘိုးလည်း စိတ်ငြိမ်သွားပါပြီ … သူတို့ကို ချန် အကြောင်း ပြောလိုက်တော့ သူတို့လည်း ဂရုစိုက်ပေးမယ်တဲ့ အဘိုးကတောင် တာဝန်တွေ အတူလုပ်ချင်တယ်လို့တောင် ပြောနေတယ်”

“ဟမ် ?”

ယွင်ချဲ့ တွေဝေသွားသဖြင့် ကျိုးဇယ်ယွီက ပြုံးလျက် ရှင်းပြလိုက်သည်။

“သူက မြေစွမ်းအားရှင် ဆိုတဲ့အကြောင်း ငါပြောပြလိုက်တာ ပြီးတော့ အဆင့် ၂တောင် ဖြစ်နေပြီ”

ယွင်ချဲ့မှာ ပြောစရာ မရှိတော့သကဲ့သို့ အားယူ ပြုံးပြလိုက်ပြီး …

“ငါတို့တွေနဲ့တင် လုံလောက်ပါပြီ .. လူကြီးကို အေးဆေးနားပါစေ .. တကယ်လို့ သူကူညီချင်တယ် ဆိုရင် ငါ့အစ်မ လယ်စိုက်နေတာ ကူညီလို့ ရတယ် အခုထိ လေ့လာနေတုန်းဆိုတော့ ဘာမှလုပ်လို့ မပြီးသေးဘူး”

“ငါလည်း အဲ့လိုပဲ ပြောလိုက်တာ ဒါပေမယ့် သူက ခေါင်းမာတယ် မင်းနဲ့လူချင်းတွေ့ပြီး ပြောမယ်တဲ့ … သူလာပြောရင်တော့ ငြင်းလိုက်ပေါ့”

လုဟိုင်ရွှမ်းလည်း သူ၏အဘိုးနှင့် မည်သို့ လုပ်ရမည်ကို မသိတော့သဖြင့် ပြုံးပြလိုက်သည်။ ယွင်ချဲ့လည်း ခေါင်းညိတ်ပြကာ …

“အင်းပါ သူလာပြောရင်တော့ ငါငြင်းလိုက်ပါ့မယ် .. အိပ်ကြရအောင် ညနက်နေပြီ”

“အိုကေ”

အသီးသီးထကာ အိပ်ခန်းများသို့ ဉီးတည် သွားကြသည်။ ကျန်းရှန် မှာလည်း ယနေ့မှစ၍ ယဲ့ရှင်းချန်နှင့် တစ်ခန်းတည်းတွင် အတူ အိပ်ရတော့မည် ဖြစ်သောကြောင့် အလွန် ပျော်ရွှင်နေသည်။ သူထလိုက်သည်နှင့် ယဲ့ရှင်းချန် လက်ကို ဆုပ်ကိုင်လိုက်ရာ သူ၏အပြုအမူက အလွန် ထူးဆန်းသဖြင့် တစ်ခန်းလုံးရှိ လူများ ရပ်တန့်ကာ သူတို့ကို ကြည့်နေကြသည်။ ယဲ့ရှင်းချန်မှာ ရှက်ရွံ့လာသဖြင့် …

“အ.. ကျန်းရှန် ဘာလို့ ငါ့လက်ကို လာကိုင်တာလဲ”

ကျန်းရှန်က ထိုသို့ လုပ်လေ့ရှိသဖြင့် ယဲ့ရှင်းချန် အသားကျ နေသော်လည်း အများရှေ့တွင်ဖြစ်ပြီး သူတို့က စနောက်ဟန်နှင့် ကြည့်နေကြသဖြင့် ယဲ့ရှင်းချန် အလွန် ရှက်လာမိသည်။

“အိပ်မလို့လေ”

“ဟား..ဟား…ဟား..!”

ကျန်းရှန် နှုတ်မှ ထွက်လာသော စကားကြောင့် တစ်ခန်းလုံး ရယ်မောကုန်သဖြင့် ယဲ့ရှင်းချန် မှာ မျက်နှာပူလာသည်။

“သူတို့ အထင်လွဲကုန်မယ်ဟ”

“အဟမ်း ! ကျန်းရှန် .. မင်းက တော်တော် ရည်မှန်းချက် ကြီးတာပဲ ငါအားပေးတယ်နော် .. မင်းက ယဲ့ရှင်းချန်နဲ့ အတူတူ အိပ်ချင်တာလား မင်းအတွက် ကောင်းတာပေါ့ ! ဟား..ဟား”

ရှင်းဖုန်းပင် စနောက်လိုက်သဖြင့် ကျန်းရှန်က သူတို့ရယ်နေသည့် အကြောင်းကို သိသွားကာ သူ၏မျက်နှာမှာ အလွန်နီရဲလာပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် …

“အတူ…အတူတူ အိပ်မလို့ မဟုတ်ပါဘူး .. အဲဒါက ..”

ကျန်းရှန်မှာ စိတ်လှုပ်ရှားလေ အမှားလုပ်လေ ဖြစ်သောကြောင့် သေချာမရှင်းပြနိုင်ဘဲ ကိုယ့်အကြောင်းကို ဖော်ထုတ်သကဲ့သို့ ဖြစ်နေလေသည်။

“ကျန်းရှန် မရှက်ပါနဲ့ .. အစ်ကိုယဲ့က မင်းအပိုင်ပဲလေ မင်းအိပ်ချင်သလိုအိပ်”

“ဟားဟား ..ဟုတ်တယ် ! ငါတို့ ခိုးနားမထောင်ဘူးလို့ ကတိပေးတယ်နော်”

ချူးဟောင်လင်းနှင့် ကျိုးဇယ်ယွီတို့ နောက်ပြောင်ကြသဖြင့် အခြားသူများလည်း ပိုရယ်ကြရာ သူတို့၏ စနောက်နေသူ နှစ်ယောက်၏ မျက်နှာမှာလည်း ပို၍နီရဲလာသည်။ ယွင်ချဲ့လည်း ရှင်းဖုန်းကို မှီကာ ရယ်နေသဖြင့် စကားပင် သေချာမပြောနိုင်တော့ပေ။

“ရယ်လိုက်ရတာ မင်းဟာသ မင်းသား လုပ်သင့်တယ် ကျန်းရှန် … မင်းတစ်ခွန်း ပြောရုံနဲ့တင် ငါတို့တွေ ဗိုက်နာမတတ်ကို ရယ်ရတယ်”

“မဟုတ်ဘူး ! စီနီယာနဲ့ အိပ်တာ မဟုတ်ဘူး .. သူနဲ့အတူတူ အိပ်မလို့”

“ဟုတ်ပါပြီ မင်းရဲ့စီနီယာနဲ့ အတူတူအိပ်ပါ … စိတ်မပူနဲ့ ကိစ္စမရှိဘူးနော်”

“ဟား .. ဟား ..ဟား”

ကျန်းရှန် ရှင်းပြကာ ပြောသော်လည်း ပို၍ပင် ဆိုးသွားစေသဖြင့် အခြားသူများ အရယ်မရပ် နိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ ယဲ့ရှင်းချန်လည်း ကျန်းရှန် လက်ကိုဆွဲကာ ပါးစပ်ပိတ်ထားရန် အချက်ပြလိုက်သည်။ အကယ်၍ သူတစ်ခုခု ပြောလိုက်လျှင် ထိုအကြံညစ်သော သူများ တလွဲတွေးကာ ပိုဆိုးအောင် စနောက်ကြလိမ့်မည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset