YMR- အခန်း ၁၂၃

အခန်း (၁၂၃)

စခန်းကာကွယ်ရေး ဌာနရုံးရှေ့တွင် ရှိသော စစ်ရေး လေ့ကျင့်ကွင်းထဲတွင် ….

စခန်းကာကွယ်ရေး အဖွဲ့တွင် စစ်တပ်မှစစ်သားများနှင့် အစိုးရလက်အောက်မှ ရဲများလည်း ပါဝင်သည်။ အစိုးရနှင့် စစ်တပ် ၃ ခု ပူးပေါင်း အုပ်ချုပ်သော်လည်း အစိုးရကသာ အာဏာအပြည့် ရထားသည်။ စစ်သားနှင့် ရဲများက သူတို့ စွမ်းရည် တိုးမြင့်ရေးအတွက် လေ့ကျင့်ကွင်းထဲတွင် လုပ်ဆောင်ကြပြီး ထိုကွင်းမှာ စတုရန်းမီတာ ၁ ထောင် ကျယ်ဝန်းပြီး လေ့ကျင့်ရေး ကိရိယာများလည်း ရှိသည့်အပြင် တစ်ကိုယ်တည်း လေ့ကျင့်ရေး သမားများအတွက် နေရာလွတ်တစ်ခု ထားရှိပေးထားသည်။

သာမန်နေ့များတွင် လေ့ကျင့်ရေး သမားများဖြင့် ပြည့်နှက်နေသည်။ ယနေ့တွင်လည်း လူများစွာ စုဝေးရောက်ရှိ နေကြသည်။ စစ်တပ် ၃ ခုမှ ကိုယ်စားလှယ်များ၊ အစိုးရမှ ကိုယ်စားလှယ်များ၊ ယနေ့ အစည်းအဝေးကို ရောက်လာကြသော စွမ်းအားရှင်များနှင့် ထိုနေရာတွင် ရှိနေပြီးသော စစ်သားများ၊ ရဲများလည်း ပါဝင်သည်။ တစ်ကိုယ်တည်း လေ့ကျင့်ရေး သမားများအတွက် လုပ်ထားပေးသော ကွင်းကို ဝိုင်းလျက် စောင့်နေကြပြီး ထိုကွင်းထဲတွင် မော့ဝမ်းယန်နှင့် ဝမ်ကွော်အန်းတို့ တစ်ဖက်စီတွင် ရပ်လျက် ရှိနေကြသည်။ အခြေအနေမှာ တင်းမာနေပုံရသဖြင့် စောင့်ကြည့် နေသူများကလည်း အသက်ရှူရန်ပင် မေ့လျော့ကာ တိုက်ပွဲကို စောင့်ကြည့် နေကြလေသည်။

“ဗိုလ်ချုပ် ဝမ် အခုထွက်ဖို့ မီသေးတယ်နော်”

မော့ဝမ်းယန်က နေကိုမျက်နှာမူလျက် ဘယ်ဘက်တွင် နေရာယူလိုက်သည်။ ဝမ်ကွော်အန်းက မျက်နှာချင်းဆိုင်မှ ရပ်၍ အေးစက်စက် စိုက်ကြည့်ကာ သူ၏ဝတ်စုံမှ ကြယ်သီးများကို တစ်လုံးစီ ချွတ်လိုက်သည်။

“မင်းထွက်ရင်တော့ ပိုကောင်းတာပေါ့”

“ဟိုးဟိုး .. ကြည့်ရတာ ကျုပ်တို့တွေ ညှိလို့မရတော့ဘူး ထင်တာပဲ”

မော့ဝမ်းယန် ဟန်ဆောင် စိတ်မကောင်းပြပြီး သူ၏ဝတ်စုံကို ချွတ်ကာ အဝေးသို့ ပစ်လိုက်သည်။

ဝုန်း !

သတိပေးခြင်းမရှိဘဲ ဘတ်စကတ်ဘော အရွယ်ရှိ မြေခဲများက မော့ဝမ်းယန် ထံသို့ ဉီးတည်လာသည်။ အကယ်၍ ထိုအရာများနှင့် ထိရိုက်သွားလျှင် သူ၏ခေါင်းတွင် ယောင်ကိုင်းဖု များစွာ ထွက်ပေါ်လာလိမ့်မည်။ မော့ဝမ်းယန်လည်း အာရုံစိုက်လျက် သူ၏ညာဘက် လက်ဖြင့် ဘဲဥပုံစံ ဝိုင်းလိုက်ပြီး ရေဒိုင်းကာ တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် ဘယ်လက်ဖြင့် တွန်းလိုက်ရာ ရေဒိုင်းကာလည်း ကြီးမားလာပြီး မြေခဲများကို တားဆီးလိုက်သည်။ မာကျောသောမြေခဲများက ပျော့ပျောင်းသော ရေနှင့် ထိလိုက်သည့်အခါ ရောနှောသွားပြီး မြေခဲများမှာလည်း ရွှံ့အဖြစ် မြေပေါ်သို့ ကျကုန်သည်။

“သေစမ်း ! ရေအစွမ်းက ဒီလို လုပ်နိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ! ဗိုလ်ချုပ်မော့လည်း စွမ်းဆောင်နိုင်တာပဲ .. သူ့ကို အမိန့်ပေးတာပဲ တတ်နိုင်တယ် ထင်ခဲ့တာ”

“မင်းဘာသိလို့လဲ ငါတို့ဗိုလ်ချုပ်က မင်းတို့နဲ့မတူဘူး .. မင်းတို့ ဝေ့စစ်တပ်ကသာ အရာရာမှာ အတော်ဆုံး ဖြစ်ချင်နေကြတာ”

“ဆိုတော့ ဘာဖြစ်လဲ! ဒါဆို ဗိုလ်ချုပ်မော့က ဘာလုပ်နေတာလဲ ရှင်းပြပါဉီး”

“ရေက တိုက်ခိုက်နိုင်စွမ်း ရှိတာလား ရေဒိုင်းကာကို ဘယ်လိုလုပ်တာလဲ … ဒါနဲ့ ဒိုင်းကာတောင်လုပ်လို့ ရတယ်ဆိုတော့ မြားတွေလည်း လုပ်လို့ရပြီပေါ့ ဟုတ်တယ်မလား”

“သေချာ မသိရသေးဘူး ဘာဖြစ်မလဲပဲ စောင့်ကြည့်ရအောင်”

မော့ဝမ်းယန်၏ တိုက်ကွက်ကြောင့် ရေစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်ပုံကို ပထမဆုံးတွေ့လိုက်ရသဖြင့် လူအုပ်ထဲတွင် အမျိုးမျိုး ပြောဆိုကြကုန်သည်။ ရေမှာ ထုထည်နဲ့ ခဲသွားခြင်းမရှိဆိုသည့် အကြောင်းကြောင့် ရေစွမ်းအားမှာ တိုက်ခိုက်နိုင်စွမ်း မရှိဟု ယူဆခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ရခဲ့လျှင်တောင်မှ အရာဝတ္ထု တစ်ခုခုနှင့် ထိရိုက်သွားလျှင် ရေအဖြစ်သို့ ပြန်လည်ပြောင်းလဲ သွားပေလိမ့်မည်။ မော့ဝမ်းယန် လုပ်ခဲ့သော ရေဒိုင်းကာမှာ အလွန် ထူးခြား ပြောင်မြောက်သည့် ပုံစံကို ပြသပေးခဲ့သည်။ ကံကောင်း၍ ဖြစ်သွားသည်ဟု ထင်ရလောက်သော်လည်း ဗိုလ်ချုပ် ဝမ် ပစ်လိုက်သော မြေခဲများကို အစွမ်းလျော့ သွားစေသည်။ ရွှေသတ္တု အစွမ်းမှ ဓါးများကိုတော့ ရေနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သို့သော် အလွန်ပင် အံ့ဩဖွယ် ကောင်းနေပေသည်။

ဗိုလ်ချုပ် ဝမ် လည်း ထိုနည်းတူစွာ မော့ဝမ်းယန်၏ တိုက်ခိုက်ချက် အပေါ် အလွန် အံ့ဩသွားသော်လည်း လက်ကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး အားကုန် စုယူလိုက်သည်။ လက်ကောက်ဝတ်ကို လှည့်လိုက်သည့် အချိန် မြေပြင်မှာ တုန်လှုပ်လာသဖြင့် မြေကြီးထဲမှ တစ်ခုခု ထွက်လာတော့မည်ဟု မော့ဝမ်းယန် ထင်လိုက်မိသည်။

ဝုန်း

“အမလေး ကပ်သီလေးပဲ! ငါကောင်းကင်ပေါ် မြှောက်တက် သွားတော့မလို့”

မော့ဝမ်းယန် ရပ်နေသည့် နေရာမှ မြေတံတိုင်း တစ်ခု ထွက်လာသဖြင့် မော့ဝမ်းယန် အမြန်ပင် နောက်ပြန် ဆုတ်ခွာ လိုက်ရသည်။ မော့ဝမ်းယန်က ဟန်ဆောင်မူ ပိုစွာ ရင်ဘတ်ကို အသာပုတ်လျက် ပြောလိုက်သဖြင့် ကြည့်နေကြသူများပင် ပြုံးမိကုန်သည်။ ထို့နောက် မြေပြင်ထဲမှ ရေများပန်း ထွက်လာရာ မော့ဝမ်းယန် လက်ကို ဆုပ်လိုက်ရာ ထိုရေများ စုစည်းသွားပြီး ကြီးမားသော ရေပန်းအဖြစ် ပြောင်းလဲ သွားလေသည်။ ထိုမြေတံတိုင်းကို ရေပန်းလေးများနှင့် ဖြိုပစ်မည်ဟု အများက ထင်ခဲ့သော်လည်း မော့ဝမ်းယန် မလုပ်ခဲ့ဘဲ ထူးခြားနည်းလမ်းဖြင့် ကျာပွတ်ပုံစံအဖြစ် ပြောင်းလဲလိုက်သည်။

ဝုန်း

ကြည်လင်ကာ ကျာပွတ်ပုံစံ ဖြစ်နေသည့် ရေပန်းမှာ သာမန် အကြည့်နှင့် မမြင်လိုက်နိုင်သောအရှိန်ဖြင့် မြေတံတိုင်းသို့ ဉီးတည်သွားကာ မြေတံတိုင်းကို အက်ကွဲစေပြီး ပြိုကျသွားစေသည်။

“ခင်ဗျားဘက်က တိုက်တာ ၂ ခါရှိပြီ .. အခု ကျုပ်အလှည့်ပဲ”

ဘုန်း

မော့ဝမ်းယန် ထိုသို့ ပြောပြီးနောက် အရှိန်နှင့်ပြေးကာ ရေကျာပွတ်ဖြင့် ဗိုလ်ချုပ် ဝမ်ကို ချိန်ရွယ်လိုက်သည်။ အကွာအဝေး အနည်းငယ်သာ ကျန်တော့သည့် အချိန်တွင် ဝမ်ကွော်အန်းက မြေကြီးမှ တံတိုင်းတစ်ခုကို ပြန်ထုတ်ယူ ကာရံ လိုက်သည်။

ဝုန်း

သို့သော် မော့ဝမ်းယန် လက်ထဲရှိ ရေကျာပွတ်က အသက်ရှင်နေသည့် အလား ပုံစံအမျိုးမျိုးဝှေ့ယမ်း လှုပ်ရှားကာ တံတိုင်းနှင့် မြေကျောက်တုံးများကို ရိုက်ခွဲလိုက်ပြီး ပုံမှန်ရေပန်း အရှိန်နှင့် ထိုမြေကျောက် အစအနများကို ဖယ်ရှား ပစ်လိုက်သည်။

ကြည့်နေသူများလည်း မှင်သက်လျက် ရေစွမ်းအားက ထိုကဲ့သို့ ကြီးမားစွာ လုပ်ဆောင် နိုင်သည်ကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။

“ဒါတကယ် ရေစွမ်းအားရော ဟုတ်ရဲ့လား။ ရေပုံစံအသွင် ယူထားတဲ့ အခြားစွမ်းအား မဟုတ်ဘူးလား … ရေစွမ်းအားက ဘာကြောင့် ဒီလောက် အားကြီးရတာလဲ … ဓါတ်ကြီး ငါးပါးထဲက အကြီးမားဆုံး စွမ်းအားဖြစ်တဲ့ ရွှေသတ္တု အစွမ်း နီးပါးလောက်ကို တော်တော် အစွမ်းထက်တာပဲ”

သံသယများနှင့် မေးခွန်းများက ကြည့်နေသူများထံမှ ထွက်ပေါ်လာသည်။

“အတည် ယှဉ်ပြိုင်ရတော့မယ့် အချိန်ပဲ”

ကြည့်ရှုသူအားလုံး အံ့အားသင့် နေကြချိန် ယွင်ချဲ့က ရှင်းဖုန်း အနားသို့ ပြန်ရောက်လာပြီး လက်ရည်ယှဉ်ပွဲကို ကြည့်နေလေသည်။ မော့ဝမ်းယန်မှာ ရေစွမ်းအား အကြောင်း သေချာဆန်းစစ်လေ့လာပြီး ဖြစ်သဖြင့် နားလည် သဘောပေါက်သွားလျှင် မြေစွမ်းအားကို လွယ်ကူစွာ အနိုင်ယူနိုင်လိမ့်မည်။

“အစ်ကို ဝမ်းယန်က ရတနာတစ်ခုကို ရှာတွေ့သွားတာပဲ”

ယွင်ချဲ့ကို လှည့်ကြည့်လျက် ရှင်းဖုန်း ပြောလိုက်သည်။ သူ၏လေ့လာချက်အရ ရေဒိုင်းကာမှာ စမ်းသပ်ချက် တစ်ခုဖြစ်ပြီး ရေကျာပွတ်မှာ တွေးဆဉာဏ်တို့ဖြင့် ဖန်တီးလိုက်ခြင်း ဖြစ်သည်ကို ရှင်းဖုန်း ပြောနိုင်သည်။ ကြိမ်ဖန်များစွာ တိုက်ခိုက်ပြီးနောက် မော့ဝမ်းယန်က အသုံးပြုပုံနှင့် တိုက်ခိုက်သည့် နည်းလမ်းများကို သိရှိသွားပေလိမ့်မည်။

“ဟုတ်တယ် … ဒါပေမယ့် ကျွန်တော့်ကို မကောင်းပြောတဲ့ လူကို ရေအစွမ်း အသုံးပြုပုံသင်ပေးလိုက်ရတာ ကျွန်တော့်အတွက် အရှုံးကြီး ရှုံးတာပဲ”

ယွင်ချဲ့က သူခံစားလိုက်ရသည့် ပုံစံနှင့် ပြောသဖြင့် ရှင်းဖုန်းလည်း ယွင်ချဲ့ လက်ကိုကိုင်ကာ ချော့မြူလိုက်သည်။

“ငါပြန်ပေးမယ်လေ”

“ဪ ဘယ်လို ပေးမှာလဲ ကိုယ့်ကိုယ်ကိုလား .. အဲဒါဆို ပျင်းစရာ ကောင်းသွားပြီ”

“မင်းအတွက် ချက်ပြုတ်ပေးရင်ရော”

“ခင်ဗျားက ချက်တတ်တာလား”

သူတို့ကို အိမ်မှုကိစ္စ စိတ်မဝင်စားဟု ယွင်ချဲ့ တွေးခဲ့သော်လည်း သူ၏လူက အချက်အပြုတ် စွမ်းရည်ကို လျှို့ဝှက် ထားသဖြင့် ယွင်ချဲ့ စိတ်ဝင်စား သွားသည်။

“ဘယ်သူမဆို ချက်ပြုတ် နိုင်တာပဲကို … အရသာ ကောင်းအောင် လုပ်တတ်ဖို့ပဲ လိုတာ”

ရှင်းဖုန်းလည်း ယွင်ချဲ့ နဖူးကို အသာတောက်ကာ ပြောလိုက်သည်။ စစ်တပ်မှ အထူးထပ်သား ဖြစ်ခဲ့သည်အလျောက် အရာရာကို လေ့လာ သင်ယူခဲ့ရသည်။ အသစ်ဝင်လာသူသည်ပင် မီးမွေးပုံနှင့် ချက်ပြုတ်ပုံတို့ကို လေ့လာခဲ့ရသည်။ မဟုတ်လျှင် တောတောင်ထဲ ရောက်သည့်အခါ အစာငတ်နေကြမည် မဟုတ်လား။ ထို့အပြင် ရှင်းဖုန်းက ပြီးခဲ့သော နှစ်များတွင် တစ်ယောက်တည်း နေခဲ့ရသည့်အပြင် အစားအသောက် ချေးများသူ ဖြစ်သောကြောင့် အချက်အပြုတ် တော်သည်က မထူးဆန်းတော့ပေ။ အစားအသောက် မြည်းစမ်းပေးမည့်သူ မရှိသဖြင့် သူ့အတွက် အဆင်ပြေသလိုသာ ချက်စားလေ့ရှိသည်။

“ဒါဆိုရင်တော့ စိတ်မဝင်စားတော့ဘူး .. ဟင်းအမယ်တွေကို အိုးထဲ ထည့်တည်တာလောက်တော့ ကျွန်တော်လည်း လုပ်တတ်တာပေါ့”

ယွင်ချဲ့လည်း မျက်နှာရှုံ့ကာ ရှင်းဖုန်းကို စနောက်သဖြင့် ရှင်းဖုန်း ခေါင်းခါလိုက်ပြီး …

“တခြားဘာလိုချင်လို့လဲ”

“ရတယ် ခင်ဗျား ချက်ပြုတ်တာကို ကြည့်မယ် ခင်ဗျားကိုယ်တိုင်နော် … မကောင်းလည်း စားကြည့်ရမှာပဲ”

“အင်း .. မင်းမသေဘူးဆိုတာတော့ ငါပြောရဲပါတယ်”

“ကျွန်တော်လည်း မျှော်လင့်ပါတယ် .. နေပါဉီး ခင်ဗျားက အိမ်ရှင်မ လုပ်ချင်နေတာလား”

“မင်းဖြစ်စေချင်တယ် ဆိုရင် ငါလုပ်ပေးရမှာပေါ့”

တိုက်ခိုက်နေကြသည်ကို တစ်ချက်ကြည့်ပြီးနောက် ရှင်းဖုန်း ပြောလိုက်သည်က အလွန် ချစ်စရာ ကောင်းသဖြင့် ယွင်ချဲ့ ပျော်သွားလေသည်။ ရေစွမ်းအားကို ယွင်ချဲ့ ယုံကြည်သကဲ့သို့ ရှင်းဖုန်းလည်း မော့ဝမ်းယန်ကို ယုံကြည်သဖြင့် ထိုပွဲကို စိတ်ပူပန်ခြင်း မရှိကြပေ။

“အရှုံးပေးလိုက်တော့ ဗိုလ်ချုပ် ဝမ်”

မြေတံတိုင်းများစွာကို တိုက်ခိုက် ဖြိုချခဲ့ပြီးနောက် မော့ဝမ်းယန်မှာ ရေနှင့် တိုက်ခိုက်ပုံကို ကျွမ်းကျင်စွာ သိရှိသွားသည်။ ဆော့ကစားခြင်း လုံလောက်ပြီဟု ယူဆကာ မော့ဝမ်းယန် လက်ကိုဝှေ့လျက် ရေပန်းကို ရေဓါးအဖြစ် ပြောင်းလဲလိုက်ပြီး ဝမ်ကွော်အန်းကို ချိန်ရွယ် ထားလိုက်သည်။

ဝမ်ကွော်အန်းလည်း မော့ဝမ်းယန်၏ တိုက်ကွက်များကို အစွမ်းကုန် ရှောင်တိမ်းနေရမှ သူ၏ဘယ်ဘက်ပေါင်မှာ ရေဓါးကြောင့် ပြတ်ရှသွားသဖြင့် မြေပြင်ပေါ် လဲကျသွားလေသည်။ ခေါင်းမော့ လိုက်သည့်အခါ ဓါးမှာ သူ၏လည်ပင်းနှင့် အနည်းငယ်သာ ကွာနေပြီး တစ်ချက် လှုပ်မိလိုက်လျှင် သူ၏လည်ပင်းမှာ ပြတ်ထွက် သွားနိုင်သည်။ ဝမ်ကွော်အန်း၏ မျက်လုံးမှာလည်း ကြောက်လန့်မှုနှင့် အံ့ဩခြင်းများ ပြည့်နှက်နေပြီး ရေစွမ်းအားနှင့် တိုက်ခိုက်သော မော့ဝမ်းယန်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။

“ငါ ရှုံးသွားပြီ”

ဝမ်ကွော်အန်း အံကြိတ်ကာ သူရှုံးနိမ့် သွားကြောင်း ပြောလိုက်ရသည်။ လက်ကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် သူ၏လက်သည်းများကြောင့် လက်ဝါးက နာကျင် လာသော်လည်း ရင်ထဲမှ ပို၍ နာကျင်နေရသည်။ စွမ်းအားရှင်များ အဖွဲ့အစည်းကို အုပ်ချုပ်နိုင်မည့် အခွင့်အရေးကို သာမက ဝမ်စစ်တပ်၏ ဂုဏ်သိက္ခာကိုလည်း ဆုံးရှုံးခဲ့ရပြီ။

“စောစောကတည်းက ပြောခဲ့ရမှာ”

မော့ဝမ်းယန်လည်း စွမ်းအားကို ပြန်သိမ်းကာ သူ၏မူလပုံစံသို့ ပြောင်းလဲ သွားသော်လည်း စိတ်ထဲတွင် အခြားသူများထက်ပင် ပို၍ အံ့အားသင့် နေလေသည်။ လက်ရည်ယှဉ်ပွဲ မစမီ ယွင်ချဲ့က ရေစွမ်းအားကို စိတ်စွမ်းအားနှင့် ပူးပေါင်း အသုံးပြုရန် အကြံပေးပြီး ရေဖြင့် ဓါးတစ်ချောင်းကို ဖန်တီးနိုင်သည်အထိ ကိုယ့်ကိုယ်ကိုယ် လှုံ့ဆော်စေခဲ့သည်။ မည်သည့် စွမ်းအားကိုမဆို စိတ်စွမ်းအားနှင့် ပေါင်းစည်း လုပ်ဆောင်ရန် မလွယ်ကူသဖြင့် မော့ဝမ်းယန် အတွက် မသေချာခဲ့ပေ။ ထိုသို့ဖြစ်စေရန် ပထမအဆင့် နည်းလမ်းမှန်မှန်နှင့်လေ့ကျင့်ရမည်၊ ဒုတိယအဆင့် မိမိတွင်ရှိသော စိတ်စွမ်းအားမှာ အခြားသူများထက် သာလွန်နေရမည် ဖြစ်သည်။ သို့သော် မော့ဝမ်းယန်တွင် လေ့ကျင့်ရန် အချိန်မရခဲ့သဖြင့် အံကြိတ်၍သာ နေခဲ့ရသည်။ ဝမ်ကွော်အန်း၏ တိုက်ခိုက်ချက်ကို ကာကွယ်ရန် အတွက် ရေပန်းကိုသာ ဖန်တီးခဲ့သော်လည်း သူ၏ စိတ်စွမ်းအားက သာလွန်သွားသဖြင့် ရေဒိုင်းကာကိုပင် ဖန်တီးနိုင်ခဲ့သည်။ ကံကောင်းစွာဖြင့် ဒုတိယအဆင့်ကိုပင် အောင်မြင် သွားခဲ့သည်။ ကြိမ်ဖန်များစွာ တိုက်ခိုက်ပြီးနောက် မော့ဝမ်းယန်မှာ ခက်ခက်ခဲခဲနှင့် လေ့လာ သင်ယူနိုင်ခဲ့သည်။ သို့သော် ဖြစ်ပျက်ခဲ့သည်တို့ကို အခုထိ မယုံကြည်နိုင် ဖြစ်နေသေးသည်။

“ဗိုလ်ချုပ် ဝမ်က အရှုံးကို ကြေညာလိုက်ပြီ ဆိုတော့ ကျွန်တော်တို့ သဘောတူထားတဲ့ အတိုင်း ဗိုလ်ချုပ် မော့က စစ်သားတွေကို ဉီးဆောင်ခွင့် ရမယ်နော် ဟုတ်တယ်မလား .. ခေါင်းဆောင် ကျန်း”

ရေစွမ်းအားက မြေစွမ်းအားကို အလွယ်တကူပင် ချေဖျက် အနိုင်ယူ လိုက်သောကြောင့် ကြည့်နေသူ အများစု အံ့ဩတကြီး ဖြစ်နေချိန် ယွင်ချဲ့ အသံကြောင့် သတိပြန် ကပ်ကုန်သည်။ အံ့ဩနေခြင်း နှင့်အတူ မော့ဝမ်းယန်က ရေစွမ်းအားကို သုံးကာ ဗိုလ်ချုပ် ဝမ်ကို ဘယ်လိုများ အနိုင်ယူခဲ့သလဲ ဆိုသည့် အကြောင်းကိုလည်း သိချင်နေကြသည်။

“အမ် … အင်း.. ဟို ..”

သူ့ကို ခေါ်လိုက်သဖြင့် ကျန်းဝမ်ရှန်လည်း အသိပြန်ဝင်ကာ မော့ဝမ်းယန်နှင့် ဝမ်ကွော်အန်း ကိုကြည့်လျက် ဘာမှမပြောဘဲ နေလေသည်။ အစိုးရက မည်သည့် စစ်တပ်အဖွဲ့ကိုမှ အင်အားမကြီးစေချင်သော်လည်း ဝေ့စစ်တပ်နှင့် ဝမ်စစ်တပ်တို့က မျက်နှာပျက် နေကြသည်။ အစိုးရမှာ အင်အား အကြီးဆုံး နောက်ကိုသာ လိုက်ပါနေရပြီး ဘယ်သောအခါမှ ကိုယ်ပိုင် ဆုံးဖြတ်ချက် မရှိခဲ့သဖြင့် ကျန်းဝမ်ရှန် အခက်ကြုံ နေလေသည်။

“ဘာလဲ နောင်တ ရနေတာလား … အစိုးရ ကိုယ်စားလှယ်က ကိုယ့်စကားကို မတည်တာ မယုံနိုင်စရာပဲ”

ယွင်ချဲ့ မျက်ခုံးပင့်ကာ မထီမဲ့မြင်ဟန်နှင့် ပြောလိုက်ရာ အစိုးရနှင့် စစ်တပ် ၂ ဖွဲ့၏ ကိုယ်စားလှယ်များ မျက်နှာပျက် နေကြသည်။ ဗိုလ်ချုပ်ဝမ်လည်း သူ့လူများ ကူပေးသဖြင့် ထရပ်လိုက်ပြီး …

“ငါရှုံးခဲ့တာမလို့ ငါ့စကားကို ငါတည်တယ် .. ဗိုလ်ချုပ် မော့က စစ်သားတွေကို ဉီးဆောင်ခွင့်ရတယ်”

နည်းဆုံးတော့ ဝမ်ကွော်အန်းမှာ အခြေခံ ယဉ်ကျေးမှုတော့ ရှိပေသည်။

“ငါတို့က လက်မခံဘူး မပြောခဲ့ပေမယ့် အခု ၂ မဲ ၁ မဲဖြစ်နေတာ .. တခြားရွေးချယ်စရာ မရှိဘူး”

လင်းရှန့်က တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ဝေ့စစ်တပ်က ရှုံးနိမ့်နေပြီး ဖြစ်သဖြင့် လင်းရှန့် အနေနှင့် မော့ဝမ်းယန်က ဉီးဆောင်မည်ကို လက်ခံ လိုက်ရသည်။ ကျန်းဝမ်ရှန် တရားဝင်ကြေညာ လိုက်ပြီးနောက် ယွင်ချဲ့လည်း ပြဿနာ ဖြေရှင်းပြီး ဖြစ်သောကြောင့် အခြားလုပ်စရာ မရှိတော့ပေ။ ထို့နောက် မထွက်သွားမီ ကျန်းဝမ်ရှန်ကို အော်ပြော လိုက်သည်။

“ခေါင်းဆောင် ကျန်း စစ်သားတွေရဲ့ အချက်အလက် အသေးစိတ်ကို ကျွန်တော်တို့ဆီပို့ပေးပါဉီး ပြီးတော့ အချိန်ဇယား၊ အစီအစဉ်နဲ့ နည်းဗျူဟာတွေရောနော် .. ဒီတစ်ခေါက်တော့ မမှားရိုက်မိ ပါစေနဲ့တော့”

ယွင်ချဲ့ မထွက်သွားမီ ကျန်းဝမ်ရှန်ကို အနာထဲ ဆားထည့် သွားလေသည်။ စခန်းချုပ် ကာကွယ်ရေး ခေါင်းဆောင်က စိတ်ထဲတွင် အော်ငိုပစ်ချင် နေသော်လည်း မည်သူမှသူ့ကို ဂရုမစိုက်ပေ။ စစ်တပ် ၃ ခုနှင့် အစိုးရအဖွဲ့အပြင် စွမ်းအားရှင်များ အဖွဲ့တို့လည်း ထွက်သွားကြပြီးနောက် လေ့ကျင့်ရေးကွင်းက မူလအတိုင်း ပြောင်းလဲ သွားသည်။ နှစ်ယောက်တည်း လက်ရည်ယှဉ်ခြင်း၏ ရလဒ်အကြောင်း မဟုတ်ဘဲ မော့ဝမ်းယန် ဖန်တီးခဲ့သော ရေစွမ်းအား အကြောင်းကို စစ်သားနှင့် ရဲတို့လည်း ပြောဆို နေကြလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset