YMR- အခန်း ၁၂၀

အခန်း (၁၂ဝ)

“ဒီလိုလား .. ဒီလိုနည်းနဲ့ ဖရိုဖရဲဖြစ်အောင် လုပ်လိုက်တယ်ပေါ့လေ”

ရှင်းဖုန်းက သူ၏တောင်းပန်မှုကို လက်မခံလျှင် ရှင်းဖုန်း အနေနှင့် ပိုပြီး အရှက်ရ သွားလိမ့်မည်။ သို့သော် ရှင်းဖုန်း၏ ကောင်လေး ယွင်ချဲ့ကို လင်းရှန့် မေ့နေပုံရသည်။ ရှင်းဖုန်း အခက်အခဲကြား ရောက်နေသည့် အချိန်တွင် ယွင်ချဲ့ အနေနှင့် ထိုင်ကြည့်နေမည် မဟုတ်သည့်အပြင် သူ၏လူကို လင်းရှန့် အနိုင်ယူသွားမည်ကိုလည်း ခွင့်မပြုပေ။

“ကြားရတာ နည်းနည်းတော့ ကသိကအောက် နိုင်ပေမယ့် ခင်ဗျား ပြောတာတွေကို ခြုံငုံလိုက်ရင် ခင်ဗျားအတွက် ကျွန်တော်တို့ အသက်တွေ စွန့်စားပေးရမယ်လို့ ပြောချင်တာပဲ ပြီးတော့ ကျွန်တော်တို့အတွက် ဆုလာဘ် အကြောင်းကိုလည်း လုံးဝမပြောဘူး … ဟုတ်ပြီ ခင်ဗျားက လယ်မြေငှားရမ်းမှုကို ပြောတယ် ဆိုပေမယ့် ကျွန်တော့်အတွက် အနှစ်သာရ မရှိတဲ့ ကတိစကားပဲ”

သူတို့မျက်နှာပေါ်မှ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်တို့ကို လျစ်လျူရှုက ယွင်ချဲ့ ဆက်၍ လှောင်လိုက်သည်။

“ကျွန်တော့် အထင် ခေါင်းဆောင် ရှင်း ပြောတာက အကျိုးအကြောင်း ဆီလျော်တယ်လို့ ထင်တယ် ဒါကလည်း အခြေခံ တောင်းဆိုချက် တစ်ခုပဲလေ … ဒါက ပူးပေါင်း စစ်ဆင်ရေးဖြစ်ပြီး စစ်တပ်တစ်ဖွဲ့စီက အင်အား ၁ဝဝ နဲ့ ကျွန်တော်တို့ စွမ်းအားအဖွဲ့က လူ ၁ဝဝ ညီတူညီမျှနဲ့ ပူးပေါင်း လုပ်ဆောင်ရမှာ … ကျွန်တော်တို့ စွမ်းအားရှင်တွေက ဘာမဟုတ်တဲ့ အရာအတွက်နဲ့ ခင်ဗျားတို့အတွက် မတိုက်ခိုက် ပေးနိုင်ဘူး … အဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ကျွန်တော်တို့က စစ်သား တစ်ယောက်စီရဲ့ စွမ်းအားနဲ့ စွမ်းဆောင်ရည်တွေကို သိထားမှ အစီအစဉ် ချမှတ်လို့ရမှာလေ အဲဒါ ဘာမှားလို့လဲ … ခင်ဗျားတို့က အခြေခံလေးစားမှုတောင် မရှိဘူးဆိုရင် ကျွန်တော်တို့က ဘာကြောင့် ပူးပေါင်းရမှာလဲ ဒါမှမဟုတ် ကျွန်တော်တို့ကို အမြောက်စာလို့ သဘောထားနေတာလား ဟမ် ?”

ယွင်ချဲ့ စကားက စခန်း အာဏာပိုင်တို့၏ တစ်ကိုယ်ကောင်း ဆန်မှုကို ဖော်ထုတ်လိုက်သဖြင့် စွမ်းအားရှင်များကို ဒေါသဖြစ်သွားစေသည်။ သေချာ စဉ်းစားကြည့်လျှင် အလွန် ခက်ခဲသော စစ်ဆင်ရေး ဖြစ်သည် ဆိုသော်လည်း စစ်တပ်တွင် သိန်းနှင့်ချီသော စစ်သားများအပြင် လက်နက်ခဲယမ်း အမြောက်အမြားလည်း ရှိသည်။ အကယ်၍ စစ်တပ်သာ နယ်မြို့များကို သိမ်းပိုက်ချင်သည်ဆိုလျှင် မျိုးစေ့သိုလှောင်ရုံပင် မဆိုထားနှင့်၊ တစ်နိုင်ငံလုံးကိုပင် လွယ်ကူစွာ သိမ်းပိုက်နိုင်သည့် အနေအထားရှိနေပါလျက်နှင့် ဘာကြောင့်များ စွမ်းအားရှင်များ၏ အကူအညီပေးမှုကို လိုအပ်ရတာလဲ။ အဖြေမှာ ရှင်းပါသည်။ သူတို့အတွက် အဆုံးအရှုံး နည်းလိုပြီး စွမ်းအားရှင်များကို ဓါးစာခံ လုပ်ချင်သောကြောင့်ပင်။

“ခေါင်းဆောင် ယွင် ပြောတာမှန်တယ် .. ဒါက ပူးပေါင်း စစ်ဆင်ရေး ဆိုပေမယ့် စစ်တပ်ဘက်က အချက်အလက်တွေကို ဘာကြောင့် အသိမပေးချင်ရတာလဲ … သေချာတဲ့ အချက်အလက်တွေ မပေးနိုင်ဘူးဆိုရင် အရှုံးသမား အဖွဲ့လည်း ဒီစစ်ဆင်ရေးကနေ နှုတ်ထွက်ချင်ပါတယ်”

ချောင်ယန်း၊ ထိပ်ဉီးအဖွဲ့တို့နှင့် ရင်းနှီးသော အရှုံးသမားအဖွဲ့ ခေါင်းဆောင် လေတာ့ရှန်က အကြောင်းစုံကို သဘောပေါက် သွားပြီး သူတို့ဘက်မှ ရပ်တည်လေသည်။ အာဏာပိုင် တာဝန်ရှိသူများ အတွက် သူတို့ဓါးစာခံအဖြစ် မခံနိုင်ပေ။

“ကျွန်တော်တို့အဖွဲ့ အချက်အလက်တွေကို တောင်းဆိုချင်ပါတယ်”

“ကျွန်တော်တို့အဖွဲ့လည်း တောင်းဆိုပါတယ်”

“ကျွန်တော်တို့လည်း တောင်းဆိုပါတယ်”

ချောင်းယန်နှင့် ထိပ်ဉီးအဖွဲ့တို့ဘက်မှ လေတာ့ရှန် ဉီးစွာ ထောက်ခံ လိုက်ပြီးနောက် အခြားအဖွဲ့များ သာမက တစ်ဉီးတည်း သီးခြား စွမ်းအားရှင်များလည်း သူတို့နှင့်အတူ ရပ်တည်ကြလေသည်။ စွမ်းအားရှင်များ အဖွဲ့အစည်းနှင့် စခန်းအာဏာပိုင်တို့ကြား ထိပ်တိုက်ရန်ငြိုးများ ဖြစ်ပွားလာခဲ့သည်။ အခြေအနေ မဟန်တော့သဖြင့် လင်းရှန့်၊ ဝမ်ကွော်အန်းနှင့် ကျန်းဝမ်ရှန်တို့ မျက်နှာ အပျက်ပျက်နှင့် ဖြစ်နေကြသော်လည်း မော့ဝမ်းယန်မှာ အမှုမထားသကဲ့သို့ ပြောင်ချော်ချော်သာ လုပ်နေသည်။

“မင်းတို့နဲ့အတူ ရပ်တည်ပါတယ် … အချက်အလက် ဝေမျှခြင်းက ဒီစစ်ဆင်ရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်တာကြောင့် စစ်တပ်အနေနဲ့ တစ်ကိုယ်တည်း အတွက် မကြည့်သင့်ဘူး … စိတ်မပူကြပါနဲ့ စွမ်းအားရှင်တို့ မော့ စစ်တပ်က သူတို့ရဲ့ ထင်မြင်ချက်ကို အမှုမထားဘဲ မင်းတို့ဘက်က ရပ်တည်ပေးပါ့မယ်”

ထိုသို့သော ရွှေအခွင့်အရေးကို မော့ဝမ်းယန် ဘာကြောင့် လက်လွှတ်ခံရမှာလဲ။

ထိုစကားကို လင်းရှန့် သို့မဟုတ် ဝမ်ကွော်အန်းက ပြောခဲ့သည်ဆိုလျှင် သံသယ ဝင်နိုင်သော်လည်း မျှမျှတတ နေတတ်သော မော့ဝမ်းယန် ပြောခြင်း ဖြစ်သောကြောင့် စွမ်းအားရှင်တို့ သဘောကျ လက်ခံကြလေသည်။ အမှန်မှာ မော့ဝမ်းယန်ကို စွမ်းအားရှင်များ အဖွဲ့အစည်းထဲမှ တစ်ယောက်ဟူ၍လည်း သတ်မှတ်နိုင်သည်။ စွမ်းအားရှင်များ အဖွဲ့အစည်းကို ဉီးစားပေး လိုက်ခြင်းက လင်းရှန့်နှင့် မော့ဝမ်းယန်ကို အလွန် စိတ်ဆိုးသွားစေပြီး စွမ်းအားရှင်များ၏ အလိုမကျမှုများကို ပို၍ ရင်ဆိုင် သွားစေရသည်။

“အဟမ်း ! အားလုံးပဲ စိတ်အေးအေးထားကြပါ .. ဗိုလ်ချုပ်လင်းနဲ့ ဗိုလ်ချုပ်ဝမ်က အချက်အလက်တွေ မျှဝေပေးမယ်လို့ ပြောလာပါတယ် တကယ်လို့ တစ်ခုခု အဆင်မပြေတာရှိရင် သူတို့နဲ့ ဆွေးနွေးတိုင်ပင် ကြမယ်နော် … ဒီလိုအရေးကြီးတဲ့ စစ်ဆင်ရေးအတွက် ဆုံးဖြတ်ချက်တိုင်းကို သဘောတူကြဖို့ လိုအပ်တယ် .. အစိုးရကလည်း ကိုယ့်ရဲ့နိုင်ငံသားတွေကို အသေခံကြမှာ မဟုတ်လို့ အားလုံးစိတ်ထိန်းပြီး စစ်ဆင်ရေးကိုပဲ ဂရုစိုက်ပေးကြပါ”

တစ်ဖက်နှင့်တစ်ဖက် အလိုမကျ မနှစ်မြို့ဟန်များကို ရိပ်မိလာသဖြင့် ကျန်းဝမ်ရှန်က အစွမ်းကုန် ဖျန်ဖြေ ပေးလိုက်သည်။ ထို့အပြင် အစိုးရဘက်ကို ကာကွယ်၍ အကောင်းပြောပေးလိုက်သဖြင့် အလွန်လည်သော သူပင်။

“ကျန်တဲ့ ဆွေးနွေးရေး အပိုင်းမှာ ပြောခွင့်ရမယ်လို့ မျှော်လင့်ပါတယ်”

ပထမအဆင့် အောင်မြင်သွားသဖြင့် ရှင်းဖုန်း လည်း လင်းရှန့်နှင့် ဝမ်ကွော်အန်းကိုသေချာကြည့်ကာ ပြန်ထိုင်လိုက်သည်။

“အိုကေ အာ့ဆိုပြောရအောင် … ကျွန်တော်တို့ အတွက် ဘာအခွင့်အရေးရှိလဲ ခေါင်းဆောင် ကျန်း .. ကျွန်တော်တို့ရဲ့ အသက်ကို ဘာမှမဟုတ်တာ အတွက်နဲ့တော့ မစွန့်စားနိုင်ဘူးလေ ဟုတ်တယ်မလား .. ခင်ဗျားတို့လို အေးဆေးသက်သာတဲ့ အစိုးရဝန်ထမ်း မဟုတ်တဲ့ ကျွန်တော်တို့မှာ ထောက်ပံ့ရမယ့် မိသားစုရှိတယ်”

ယွင်ချဲ့ ပြန်မထိုင်မီ မရယ်ရသော စကားတစ်ခွန်းကို နောက်ရွှတ်ရွှတ်နှင့် ပြောလိုက်သည်။ သာမန်ဆိုလျှင် ထိုစကားကို ဟာသတစ်ခု အဖြစ်သာ မှတ်ယူကြမည်ဆိုသော်လည်း ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် ယွင်ချဲ့က လေးနက်စွာ ပြောဆိုနေကြောင်း အားလုံး နားလည်ကြသည်။ သူတို့ရနိုင်မည့် အကျိုးအမြတ် အခွင့်အရေးများကို မသိရဘဲ စစ်ဆင်ရေး အကြောင်းကို မဆွေးနွေးလိုပေ။ ယွင်ချဲ့က ဉီးဆောင် ပြောလိုက်သဖြင့် စွမ်းအားရှင်များ ပျော်ရွှင်နေကြသော်လည်း မော့ဝမ်းယန် မှလွဲ၍ အခြားသော ကိုယ်စားလှယ်များက မျက်နှာပျက် နေကြလေသည်။ သို့သော် သူတို့၏ ကိုယ်ဟန်ကို ထိန်း၍အတွက် အမျိုးမျိုး ဟန်ဆောင်နေကြသည်။

ရှင်းဖုန်းက ကြီးမားသော အရာတစ်ခုကို ထောက်ပြလိုက်ပြီး ယွင်ချဲ့က အသေးစိတ်ကို ဖော်ပြလိုက်သဖြင့် သူတို့၏ ပေါင်းစည်းခြင်းက အလွန်ပင် ပြောင်မြောက်လှသည်။ ကိုယ်စားလှယ်များ အနေနှင့် ထောင်ချောက် များစွာကို ရင်ဆိုင်နေရသဖြင့် လိမ္မာပါးနပ်ရန် လိုအပ်ပေသည်။

“ဟား .. ခေါင်းဆောင် ယွင် .. စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စခန်းက ရိုးသားပါတယ် အကျိုးမဲ့ တိုက်ခိုက်စရာ မလိုပါဘူး”

ကျန်းဝမ်ရှန် သူ၏ဒေါသကို ထိန်းရန် လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

“ဪ ဟုတ်လား”

ယွင်ချဲ့က သူဂရုမစိုက်ဟန်နှင့် ခနဲ့၍သာပြောဆိုသဖြင့် ကျန်းဝမ်ရှန်မှာ လက်ဖက်ရည်ခွက်နှင့် ပစ်ပေါက်ချင်စိတ် ဖြစ်လာသည်။

“ဟုတ်ပါတယ် .. အဲဒါက ခက်ခဲမယ်ဆိုတာ သိလို့ စစ်ဆင်ရေး အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ပါဝင်ခဲ့ကြတဲ့ သူတွေကို ဆန် ၅ဝ ကီလိုနဲ့ လွတ်လပ်စွာ ဖြတ်သန်းခွင့် တံဆိပ်တွေကို ထုတ်ပေးမှာပါ စခန်းထဲကို ဝင်ထွက်တဲ့အခါ အမြုတေတွေမလိုတော့ပါဘူး … ပြီးတော့ ဒဏ်ရာရသူတွေနဲ့ သူတို့ရဲ့မိသားစုကိုလည်း နစ်နာကြေး၊ လျော်ကြေးတွေလည်း ပေးအပ်သွားမှာပါ .. ခေါင်းဆောင်၂ ယောက်က ဒီအချက်တွေကို ဘယ်လိုသဘောရလဲ”

စွမ်းအားရှင်များက ရှင်းဖုန်းနှင့် ယွင်ချဲ့တို့၏ ဆုံးဖြတ်ချက်ကို လိုက်နာကြမည်ဖြစ်သောကြောင့် သူတို့ ၂ ယောက်ကိုပင် ကျန်းဝမ်ရှန် မေးလိုက်သည်။

“အင်း… မဆိုးပါဘူး”

ယွင်ချဲ့က လက်ခံကြောင်း ခေါင်းညိတ် ပြလိုက်သည်။ ဆန် ၅ဝ ကီလိုကို စိတ်မဝင်စားသော်လည်း တံဆိပ်ကိုတော့ သူစိတ်ဝင်စားသည်။ အမြုတေများ၏ လျှို့ဝှက်ချက်ကို လူအများ သိသွားကြပြီးနောက် စခန်းမှာ စွမ်းအားရှင်များထံမှ အမြုတေများကို မသိမ်းဆည်း မစုဆောင်း နိုင်တော့ပေ။ ထို့ကြောင့် စွမ်းအားရှင်ဖြစ်စေ သာမန်လူဖြစ်စေ စခန်းအပြင်ထွက်ခြင်းနှင့် ပြန်ဝင်လာသည့်အခါ အဆင့်နိမ့် အမြုတေ၂ခုပေးရမည်ဟု စည်းကမ်းအသစ် ထုတ်ခဲ့သည်။ ကြီးမားသော အဖွဲ့များအတွက် အလွန်ဆိုးဝါးသောစည်းမျဉ်းပင်။ အဖွဲ့ဝင် ၁ဝ ဉီးထက် နည်းသော ထိပ်ဉီးအဖွဲ့ပင်လျှင် တစ်လအတွင်း အမြုတေများစွာ ပေးရပေလိမ့်မည်။ ယွင်ချဲ့ အတွက် အမြုတေများကို အမှန်တကယ် လိုအပ်နေပြီး သူတတ်နိုင်သမျှ အမြုတေများကို စုဆောင်းထားချင်သည်။

“ခေါင်းဆောင် ယွင်က အဆင်ပြေတယ်ဆိုရင် ကျွန်တော်လည်း ပြောစရာမရှိတော့ဘူး”

သူတို့ လိုအပ်သမျှ ရထားပြီး ဖြစ်သောကြောင့် ဆုကြေးတွင် ပါမည့် အရာများကို ရှင်းဖုန်း ဂရုမစိုက်ပေ။ အခြားသော အဖွဲ့များက လက်ခံကြောင်း ခေါင်းညိတ်ပြလေသည်။ အနည်းဆုံးတော့ ဘာမှ မရခြင်းထက် ဆန် ၅ဝ ကီလိုက အဆင်ပြေသေးသည် မဟုတ်လား။ သူတို့အတွက် အမြုတေများကို လိုအပ်သည့်အပြင် သူတို့၏ စွမ်းအားများကိုလည်း အဆင်မြင့်တင်နိုင်သဖြင့် အကျိုးရှိပေသည်။

“ဒါဆို တစ်ခုတော့ ရှင်းပြီးပြီနော် စစ်ဆင်ရေးကို ပြန်သွားကြရအောင် … ခေါင်းဆောင် ရှင်း တောင်းဆိုချက်အရ ဗိုလ်ချုပ်တို့ရော ဘယ်လို စီစဉ်ထားပါသလဲ”

စိတ်သက်သာရာ ရသွားသဖြင့် ကျန်းဝမ်ရှန်လည်း စစ်တပ် ကိုယ်စားလှယ်များအား မလိုအပ်သည့် မေးခွန်းကို မေးလိုက်သည်။ မော့ဝမ်းယန်က စိတ်မဝင်စားဟန် ပခုံးတွန့်ပြလိုက်စဉ် ဝမ်ကွော်အန်းမှာ မျက်နှာသေနှင့် ခေါင်းညိတ်ပြပြီး လင်းရှန့်က ဟန်ဆောင် ပြုံးလိုက်ရသည်။

“အဆင်ပြေပါတယ် .. တောင်းဆိုလာပြီ ဆိုမှတော့ ကျွန်တော်တို့ဘက်ကလည်း လုပ်ဆောင်ပေးရမှာပေါ့ … စစ်တပ်နဲ့ပြည်သူတို့ရဲ့ ပထမဆုံး ပူးပေါင်း စစ်ဆင်ရေးက အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်”

သူအခြား ဘာပြောနိုင်တော့မှာလဲ။ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းသော ရှင်းဖုန်းနှင့် အလွန် ပါးနပ်သော ယွင်ချဲ့ တို့ကြောင့် အစည်းအဝေးမှာ ယခုအခြေအနေသို့ ရောက်လာခဲ့ရသည်။

“ကနဉီး သဘောတူချက်လည်း လုပ်ပြီးပြီ ဆိုတော့ အကောင်အထည်ဖော်ဖို့ပဲကျန်တယ်”

“နေဉီး !”

ကျန်းဝမ်ရှန် စိတ်ထဲမှ ပျော်ရွှင်နေချိန် အသံတစ်သံကြောင့် အာရုံပျက် သွားရသည်။ ခံစားချက် မကောင်းစွာဖြင့် ကျန်းဝမ်ရှန် လှည့်ကြည့်လိုက်ပြီး လင်းရှန့်နှင့် ဝမ်ကွော်အန်း တို့လည်း အတူကြည့် လိုက်ကြသည်က အသံပြုလိုက်သော မော့ဝမ်းယန် ပင်ဖြစ်သည်။ မော့ဝမ်းယန်က အလွန်တည်ကြည်သော အနေအထားဖြင့် လေးနက်စွာ ပြောလေသည်။

“စစ်တပ်နဲ့ ပြည်သူတို့ရဲ့ ပထမဆုံး ပူးပေါင်းစစ်ဆင်ရေး ဖြစ်တာကြောင့် စွမ်းအားရှင်တွေကို ကျွန်တော်တို့ စစ်တပ်က ရိုးဖြောင့်မှုကို ပြတဲ့အနေနဲ့ ကျွန်တော် မော့ဝမ်းယန်က စစ်သားတွေကို ဉီးဆောင်ပါ့မယ် … အားလုံး ဘယ်လိုသဘောရလဲ ဗိုလ်ချုပ်တို့ကရော”

အစည်းအဝေးမှာ အလွန်ပင် အရှိန်မြင့်တက် လာနေပြီ။ အကယ်၍ မော့ဝမ်းယန်က ဉီးဆောင်ခွင့် ရသွားမည်ဆိုလျှင် စွမ်းအားရှင် အဖွဲ့များလည်း ထိုစစ်ဆင်ရေးမှ တစ်ဆင့် အကျိုးအမြတ်များစွာ ရနိုင်မည့်အပြင် နောင်တစ်ချိန်တွင် စွမ်းအားရှင်များ အဖွဲ့အစည်းကိုလည်း ထိန်းချုပ်ခွင့် ရပေလိမ့်မည်။

မော့ဝမ်းယန် ထိုသို့လုပ်မည်ဟု မထင်ထားကြသဖြင့် လင်းရှန့်နှင့် ဝမ်ကွော်အန်းတို့ အံကြိတ်ထားပြီး ကျန်းဝမ်ရှန်ပင် အလိုမကျ ဖြစ်နေသည်။ မော့ဝမ်းယန်၏ တပ်ဖွဲ့က စွမ်းအားရှင်များ အဖွဲ့အစည်းကို အုပ်ချုပ်ခွင့် ရထားသဖြင့် သူတို့ကသာ စခန်းထဲတွင် အတော်ဆုံး ဖြစ်နေခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် ညီမျှတော့ခြင်းက ဝေ့စစ်တပ်နှင့် ဝမ်စစ်တပ်အတွက် အလွန်ပင် အခက်ကြုံစေခဲ့ပြီး စစ်တပ် ၃ ဖွဲ့၏ ပြိုင်ဆိုင်မှုမှ ကိုယ်ကျိုးရှာနေသော အစိုးရသည်လည်း ထိုကဲ့သို့ပင်။

“ကျွန်တော် သိရလောက် မော့ဝမ်းယန်ရဲ့ မိဘတွေက မော့စစ်တပ်ရဲ့ အကြီးအကဲဖြစ်ပြီး မော့ဝမ်းယန်က တစ်ဉီးတည်းသော သားဖြစ်တဲ့အပြင် ခေါင်းဆောင် ရှင်းရဲ့ အစ်ကိုဝမ်းကွဲလည်း ဖြစ်တော့ ဗိုလ်ချုပ် မော့သာ စစ်သားတွေကို ဉီးဆောင်မည်ဆိုရင် ကျွန်တော့်အနေနဲ့ ပိုပြီးစိတ်ချတယ်”

ကိုယ်စားလှယ်များက မည်သို့ ဖြေရှင်းရန် စဉ်းစားနေချိန် ယွင်ချဲ့ ထပြောလိုက်ပြီး မော့ဝမ်းယန် နှင့် ရှင်းဖုန်းတို့၏ တော်စပ်ပုံကိုလည်း ဖော်ထုတ်လိုက်သည်။ မော့ဝမ်းယန်နှင့် ရှင်းဖုန်းတို့က ညီအစ်ကိုဝမ်းကွဲများ ဖြစ်သည်ကို စွမ်းအားရှင်များလည်း သိသွားကြသဖြင့် မော့ စစ်တပ်ကိုသာ ရွေးချယ်လိုက်သည်။

ဝမ်စစ်တပ်၊ ဝေ့စစ်တပ်နှင့် အစိုးရကိုယ်စားလှယ်တို့က သူတို့၏ အစီအစဉ်ကို လိုက်ဖျက်နေသည့် ယွင်ချဲ့ကို မကျေနပ်စွာ ကြည့်နေကြသည်။

“ဟုတ်လား ခေါင်းဆောင် ရှင်း တစ်ခါမှ မပြောဖူးသလိုပဲ”

တစ်ခုခု ဖြစ်နေကြောင်း လေတာ့ရှန် သိလိုက်သဖြင့် တစ်ခါမှ မကြားဖူးသည့် ပုံစံနှင့် မေးလိုက်ရာ ကျန်သော စွမ်းအားရှင်များလည်း တိတ်ဆိတ်စွာ နားထောင် နေကြလေသည်။

“ဘာမှကြွားစရာ မလိုဘူးလေ ချောင်ယန်းက ချောင်ယန်း .. မော့စစ်တပ်က မော့စစ်တပ်ပဲလေ .. အချင်းချင်း မှီခိုကြတာမျိုး မရှိပေမယ့် ဗိုလ်ချုပ် မော့အတွက် ကျွန်တော် အရာရာ လုပ်ပေးနိုင်တယ် … ပြီးတော့ သူ့အမေက ကျွန်တော့် အဒေါ်ဆိုတော့ အနည်းဆုံးတော့ သူငါ့ကို မလှည့်စားတော့ဘူးလေ ဟုတ်တယ်မလား”

“ဟား .. ဟား ..”

ရှင်းဖုန်းက နောက်ရွှတ်ရွှတ် ပြောလိုက်သဖြင့် ခန်းမတစ်ခုလုံး ပွဲကျသွားလေသည်။ အခုချိန်တွင် စွမ်းအားရှင်တို့သည် မည်သူ့ဘက်က ရပ်တည်ကြမည်မှာ ထင်ရှားနေပြီဖြစ်သည်။ သို့သော် လင်းရှန့်၊ ဝမ်ကွော်အန်းနှင့် ကျန်းဝမ်ရှန်တို့မှာ မော့ဝမ်းယန်ကို ပြန်လည် မချေပနိုင်ကြ။

“ဒါပေါ့ ခေါင်းဆောင် ရှင်း … ဒါပေမယ့် စစ်တပ် တစ်ခုစီက တပ်သား ၁ဝဝ စီ ပို့မှာဆိုတော့ ဗိုလ်ချုပ် မော့ တစ်ယောက်တည်း အဲဒီ တပ်ပေါင်းစုကို ဉီးဆောင်နိုင်ပါ့မလား … အမှန်တော့ ကျုပ်အပြစ်တွေပါ ဝေ့တပ်သားတွေက ကြမ်းတမ်းပြီး ရိုင်းစိုင်းကြတာ တစ်ခါတလေ ကျုပ်တောင် မထိန်းနိုင်ဘူး”

လင်းရှန့်က ဟားတိုက် ခံရနိုင်သည်အထိ ကိုယ့်ကိုယ်ကို နှိမ့်ချလိုက်ပြီး မော့စစ်တပ်အား သာလွန်ခွင့် မပေးပေ။ စင်စစ် မည်သူကမှ ဉီးဆောင် တာဝန်ယူကြမည် မဟုတ်သော်လည်း မော့ဝမ်းယန်က စည်းဖောက် လိုက်သဖြင့် သူတို့လည်း ဝင်ရောက်ပြောဆိုလာခြင်း ဖြစ်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset