YMR- အခန်း ၁၁၉

အခန်း (၁၁၉)

နောက်ကျမှ ရောက်လာသူများက စီစဉ်ဆောင်ရွက်သူနှင့် ဖိတ်ခေါ်သူများထက် ပို၍မှန်ကန်သာလွန် နေပုံပင်။ အစည်းအဝေး မစတင်မီ ကတည်းကပင် စစ်တပ်နှင့် အစိုးရမှာ တစ်မှတ်လျော့နည်း သွားလေပြီ။ ခန်းမထဲရှိ စွမ်းအားရှင်များ အားလုံး မိုက်ရူးရဲပြုကြသည် မဟုတ်သော်လည်း အလိုမကျပုံများဖြင့် ဝေဖန်သူများက အစည်းအဝေးမှာ အရေးတကြီး လုပ်ရန် မလိုကြောင်း တီးတိုး ပြောဆိုနေကြသည်။ အတော်ဆုံး အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့တို့ ရှိနေသဖြင့် စွမ်းအားရှင်များက စည်းကမ်းဖောက်ဖျက်ကြမည် မဟုတ်ပေ။

ရှင်းဖုန်း ထင်ထားသကဲ့သို့ ယွင်ချဲ့မှာ တာဝန်ရှိသူများ၏ အထင်ကြီး ခံရအောင် လုပ်ဆောင် သွားနိုင်ခဲ့သည်။ အစည်းအဝေး မှတစ်ဆင့် အကျိုးအမြတ် ရလာနိုင်သော မော့ဝမ်းယန် မှလွဲ၍ ကျန်သော စစ်တပ် ၂ ဖွဲ့နှင့် အစိုးရတို့က ယွင်ချဲ့ကို သတိကြီးစွာ စောင့်ကြည့် နေကြလေသည်။

ပြဿနာ စတင်ခဲ့သော ယွင်ချဲ့ ဘာမှမဖြစ်သကဲ့သို့ ပြုမူနေပြီး သူ့ကိုအာရုံနေသော အကြည့်များကိုလည်း လျစ်လျူရှုကာ ရှင်းဖုန်းနှင့် တီးတိုးပြောလိုက်၊ တစ်ဖက်လှည့်ကာ အခြားအဖွဲ့ ခေါင်းဆောင်များနှင့် စကားပြောလိုက်ဖြင့် ယွင်ချဲ့မှာ အလွန်ကျော်ကြားနေပုံပင်။

“အားလုံးပဲ ကျေးဇူးပြုပြီး တိတ်နေပေးကြပါ”

၁ဝ နာရီပင် နီးကပ်လာပြီ ဖြစ်သောကြောင့် သနားစရာ ကျန်းဝမ်ရှန်က အစည်းအဝေး ပွဲအတွက် ကိုယ့်ကိုယ်ကို ပြန်လည် ချုပ်တီးလိုက်သည်။ လက်ကိုဝှေ့လျက် ခန်းမကို တိတ်ဆိတ်စေလိုက်ပြီး အများ၏ အာရုံ စိုက်ခံရပြီးနောက် လည်ချောင်း ရှင်းလိုက်သည်။

“အားလုံးကို ဒီနေ့ ဖိတ်ခေါ်လိုက်ရတာက စခန်းအတွက် ရေရှည် သက်ရောက်မှုရှိမယ့် အရေးကြီးကိစ္စတစ်ခု အတွက်ပါ .. စခန်းကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဒုတိယ တံတိုင်းကလည်း ဝမ်အန်း ဆင်ခြေဖုံးက ရွာတွေနား ရောက်လာပြီ ဆိုတာကိုလည်း သိကြမယ်လို့ ယုံကြည်ပါတယ် … လင်းကျန်းမြို့ရဲ့ ဝမ်အန်းပြည်နယ်ထဲက မြို့တွေရွာတွေကိုလည်း အုပ်ချုပ်နိုင်ခဲ့ပြီး မြေကွက် အများစုကလည်း ထွန်ယက် စိုက်ပျိုးလို့ရနေသေးတယ် … တကယ်လို့ ကြာရှည် အသက်ရှင် နိုင်ခဲ့ကြတယ်ဆိုရင် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ စုဆောင်းကြတာထက် အခြားပိုပြီး လိုအပ်လာနိုင်တာတွေ ရှိတယ် … ဒါကြောင့် စခန်းရဲ့ တာဝန်ရှိသူတွေက အသစ်ချဲ့ထားတဲ့ မြေကွက်တွေမှာ လယ်ယာစိုက်ပျိုးဖို့ အတွက် ရေရှည်ငှားယမ်းဖို့ သဘောတူညီချက် ယူမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ် အချက်အလက်တွေကို ပြီးရင် ကြေညာပါ့မယ် … အခုအရင်ဆုံး ကြုံရမယ့် ပြဿနာက လယ်ယာမြေစိုက်ပျိုးဖို့ အတွက် မျိုးစေ့ပျိုးပင်တွေကို ဘယ်ကရှာဖွေရမှာလဲ ဆိုတာပဲ ဒီအချက်ကို မဖြေရှင်းဘဲ စိုက်ပျိုးမယ် ဆိုတာတော့ မဖြစ်နိုင်ဘူးလေ … ဒါက တောက်ပတဲ့ အနာဂတ်အတွက် စခန်းက ဘယ်လိုလုပ်ပေးတယ် ဆိုတာပါပဲ”

နိုင်ငံရေးသမားဖြစ်သည့် ကျန်းဝမ်ရှန်က လူအများ စိတ်ဝင်စားအောင် မည်သို့ပြုလုပ်ရမည်ကို သိပြီး အထွတ်အထိပ် အခြေအနေသို့ ရောက်လာသည့်အခါ ရုတ်တရက် စကားကို ရပ်လိုက်သဖြင့် စွမ်းအားရှင်များက စိုးရိမ် မျှော်လင့်တကြီးနှင့် သူ့ကို ကြည့်ကြလေသည်။ လယ်ယာလုပ်ရန်အတွက် စွမ်းအားရှိရန် မလိုပေ၊ ကျန်းမာသန်စွမ်းသော မည်သူမဆို လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်လိမ့်မည်။ အကယ်၍ အစိုးရက မိသားစုတိုင်းနှင့် လယ်ယာမြေများ စာချုပ်ချုပ်ဆို ငှားရမ်းနိုင်ခဲ့လျှင် မိသားစုများက အသီးအနှံများ စိုက်ပျိုးကာ စားနပ်ရိက္ခာအတွက် စီစဉ်နိုင်လိမ့်မည် ဖြစ်သောကြောင့် ထိုအစီအစဉ်မှာ အနာဂတ်အတွက် အဆင်ပြေနိုင်မည် ဖြစ်သည်။

“မျိုးစေ့တွေအကြောင်း မသိနိုင်ကြပေမယ့် တရုတ်နိုင်ငံရဲ့ ပြည်နယ်တွေ အားလုံးမှာ ရာသီဥတု ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် သိုလှောင်ရုံတွေရှိပြီး အဲဒီသိုလှောင်ရုံတွေမှာ မျိုးစေ့တွေ အများအပြား စုထားပါတယ် … ပုံမှန်အနေနဲ့ ဒီလိုမျိုးစေ့သိုလှောင်ရုံက ပျိုးပင်သုတေသနအတွက် ဆိုပေမယ့် အခုလို ကပ်ဘေး ကြုံလာရတဲ့အခါ တရုတ်နိုင်ငံ အတွက် ခွန်အားတစ်ရပ်ပါပဲ”

လူအုပ်က စိတ်ဓါတ်မြင့်တက် သွားသော်လည်း စိတ်လျော့ လာသည်ကို မြင်လိုက်သဖြင့် ကျန်းဝမ်ရှန် အစား လင်းရှန့်က စကားကို အဆုံးသတ် ပြောပေးလိုက်သည်။ ထိုအခါ သူတို့အား ခေါ်ရသည့် အကြောင်းရင်းကို သိသွားကြသည်။ ကမ္ဘာပေါ်တွင် အလကားရသော အရာမရှိပေ။ လယ်မြေ ငှားရမ်းခြင်းနှင့် မျိုးစေ့ပေးအပ်ခြင်း၏ အနောက်တွင် တင်းကျပ်သော စည်းကမ်း အချက်အလက် များစွာ ရှိတတ်သည်။ ထိုရာထူးမြင့် ပုဂ္ဂိုလ်များက အမျှော်အမြင်ကြီးကြောင်း သိထားကြသဖြင့် ယခုတစ်ခေါက်မှာ သူတို့တွေးတော နိုင်သည်ထက် ၁ဝ ဆမက ပို၍ အန္တရာယ်များ နိုင်ပေသည်။

“မျိုးစေ့ သိုလှောင်ရုံက နယ်မြို့မှာရှိတဲ့ ပြည်နယ်ပိုင် သုတေသန ကျောင်းရဲ့ မြေအောက်ခန်းထဲမှာ ရှိတယ် … အဲဒီကျောင်းက လုံခြုံရေးတွေ အားလုံး ဖုတ်ကောင် ဖြစ်သွားကြပြီလို့ ဒရုန်းတွေကနေ တစ်ဆင့် သတင်းရခဲ့တယ် .. ဒီလိုလူဉီးရေ ထူထပ်ပုံနဲ့ဆိုရင် စွမ်းအားမရှိတဲ့ စစ်သားတွေ အများအပြား စေလွှတ်လိုက်ရင် တာဝန်ပြီးမြောက်နိုင်ချေ နည်းတယ်။ အဲဒါကြောင့် ခန်းမထဲမှာ ရှိနေတဲ့ စွမ်းအားရှင်တွေရဲ့ အကူအညီ လိုအပ်တယ် … စခန်းရဲ့ အကျိုးအတွက် စစ်တပ်နဲ့ အတူပူးပေါင်းပြီး စွမ်းအားရှင် ၁ဝဝကျော် ပါဝင်တဲ့အဖွဲ့ကို ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ် .. ကျွန်တော်တို့ အတူတူ မျိုးစေ့တွေကို ဝေမျှကြတာပေါ့”

ထို့နောက် ဝမ်ကွော်အန်းလည်း ခန်းမထဲရှိ သူများ၏ မျက်နှာ အရိပ်အကဲတို့ကို သေချာကြည့်လိုက်သည်။ သန်မာခဲ့သူများက ဖုတ်ကောင် ဖြစ်သွားသည့်အခါ အကြမ်းကြုတ်ဆုံး အဖြစ် ပြောင်းလဲ သွားတတ်သည်ကို ကပ်ဘေး ဆိုက်ခဲ့သော နှစ်လအတွင်း သူတို့နားလည် သိရှိခဲ့ကြသည်။ မျိုးစေ့ သိုလှောင်ရုံမှ လုံခြုံရေးများမှာ သူတို့လူဖြစ်ခဲ့စဉ်က အလွန် ထူးချွန်သန်မာသူများ ဖြစ်ခဲ့ကြနိုင်သဖြင့် အခု ဖုတ်ကောင်အဖြစ်ပြောင်းလဲ သွားချိန်တွင် ပိုမိုဆိုးဝါးကြမည်မှာ အသေအချာပင်။ ထို့အပြင် တစ်ယောက်နှစ်ယောက် မကဘဲ ရာနှင့်ချီကာ ရှိနေသည်။ အဆင်မြင့် ဖုတ်ကောင် ၁ဝဝကျော်နှင့် မရေတွက်နိုင်သည့် အဆင့်နိမ့် ဖုတ်ကောင်များစွာတို့ကို ရင်ဆိုင်ရမည်ဆိုလျှင် အလွန်ကြောက်လန့်ဖွယ်ရာ ကောင်းလှပေသည်။ ထိုတာဝန်အတွက် စွမ်းအားရှင် အားလုံး သွားကြမည်ဆိုလျှင် အရေအတွက် လောက်ငှမည် မဟုတ်ပေ။ ဆိုးကျိုးများက အလွန် များပြားနေသဖြင့် မည်သူကမှ လက်ခံခြင်း၊ ငြင်းဆန်ခြင်း မရှိပေ။

စခန်း၏ ထိပ်တန်းအဖွဲ့ ဖြစ်ကြသော ထိပ်ဉီးနှင့် ချောင်ယန်းတို့မှာ စကားပြောလိုခြင်း အရိပ်အယောင် မရှိသော်လည်း လူအများက သူတို့ကို ကြည့်လိုက်သည့်အခါ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က ဘာမှ မကြားလိုက်သကဲ့သို့ အရေးတကြီး စိတ်ဝင်စားပုံ မပေါ်ပေ။ လင်းရှန့်နှင့် ဝမ်ကွော်အန်းတို့က သူတို့ကိုကြည့်ကာ အတွေးများစွာ တွေးနေမိသည်။

“အားလုံးပဲ စိတ်အေးအေး ထားကြပါ … ဒါက စစ်တပ်နှင့်ပြည်သူတို့ ပေါင်းစည်းဆောင်ရွက်ကြတဲ့ လုပ်ငန်း တစ်ရပ်ပဲလေ … စွမ်းအားရှင်တွေ ကျွန်တော်တို့နဲ့ ပူးပေါင်း လိုက်မယ်ဆိုရင် စစ်တပ်က ဉီးဆောင် သွားပေးပါ့မယ်”

လင်းရှန့်နှင့် ဝမ်ကွော်အန်းတို့က လုံလောက်သည်တို့ကို ပြောခဲ့ပြီးသော်လည်း မော့ဝမ်းယန်က လေးနက်မှု နည်းသော အခြေအနေနှင့် ညှိနှိုင်းပြောဆို လိုက်သည်။ အစိုးရ၊ ကျန်သော စစ်တပ်၂ဖွဲ့နှင့် ခန်းမထဲရှိ သူများက သူ့ကိုမကြည်စွာ ကြည့်လိုက်ပြီး သော်လည်း အဆင်ပြေ ချောမွေ့ဟန်နှင့် မျက်လုံးများ လက်လာကြသည်။

“ဒီစကားမျိုး တော်တော် ရင်းနှီးနေသလိုပဲ”

အဟုတ်ပင်။ ထုံယန်း မြို့သို့တာဝန်နှင့် သွားရန်အတွက် စွမ်းအားရှင်များ အဖွဲ့မှ မိတ်ဖက်များကို ယွင်ချဲ့ ရှာဖွေခဲ့စဉ်က ထိုသို့ပြောခဲ့ခြင်း ဖြစ်သည်။ အကျိုးရလဒ် အနေနှင့် အတူလိုက်ပါခဲ့သော အရှုံးသမား အဖွဲ့မှာ များစွာ အောင်မြင်ခဲ့ကြောင်း သက်သေပြခဲ့ကြပြီး ဖြစ်သည်။ သို့သော် ပြဿနာမှာ ထိုကတိစကားကို ယွင်ချဲ့ နှုတ်မှ ပြောဆိုခြင်း မဟုတ်သဖြင့် ရောက်လာသူများက မသေချာ မရေရာဖြစ်နေကြလေသည်။ အမှန်ဆိုရလျှင် စွမ်းအားရှင်များက စစ်တပ်နှင့် ပူးပေါင်းရခြင်းထက် အလားအလာ ပိုကောင်းသော ရှင်းဖုန်း၊ ယွင်ချဲ့ တို့နှင့် ပေါင်းစည်း လုပ်ဆောင်ရသည်ကို ပို၍ယုံကြည် စိတ်ချကြသည်။

စွမ်းအားများလည်း ကြံရာမရတော့သကဲ့သို့ ယွင်ချဲ့ကိုသာ ကြည့်နေကြသဖြင့် အများက အာရုံစိုက်နေကြသဖြင့် ယွင်ချဲ့လည်း စိတ်လှုပ်ရှားသွားကာ အော်ပြောလိုက်သည်။

“ဘာလဲ ဘာလို့ ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာလဲ .. ကျွန်တော် ဘာမှ မလုပ်ထားဘူးလေ”

ယွင်ချဲ့ အော်ပြော လိုက်သည်ကို စွမ်းအားရှင်များကလည်း မေးခွန်း တစ်ခုကိုတည်းသာ တွေးမိသွားကြသည်။

‘ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ’

လူအများက ယွင်ချဲ့ကို မေးလိုက်ချင်သော်လည်း သူတို့၏ပါးစပ်ကို ပိတ်ထားရန်သာ ရွေးချယ် လိုက်ကြသည်။ စစ်တပ် ၂ ဖွဲ့နှင့် အစိုးရမှာ သူတို့၏ သင်ခန်းစာများကို လုံလောက်စွာ သိသွားကြချိန် စွမ်းအားရှင်များက ယွင်ချဲ့မှာ လုပ်ပိုင်ခွင့် ကြီးမားသဖြင့် သူလိုချင်ရာ လုပ်နိုင်ကြောင်း သိထားကြသည်။ အထူးသဖြင့် ယွင်ချဲ့က စွမ်းအားရှင်များ အဖွဲ့အစည်းကို ကိုယ်စားပြုသကဲ့သို့ ဖြစ်နေပြီး သူလုပ်သမျှ ပြောသမျှတို့မှာ တာဝန်ရှိသူများနှင့် ဆန့်ကျင်ဘက်သာ ဖြစ်နေတတ်သည်။ စွမ်းအားရှင်များ အဖွဲ့အစည်းအနေနှင့် သူတို့အတွက် စကားပြောပေးသော ယွင်ချဲ့ကို ကျေးဇူးတင်သင့်သည်။

ခန်းမမှာ တိတ်ဆိတ်ခြင်းဖြင့် တုံ့ပြန်ကြသဖြင့် ယွင်ချဲ့ နှုတ်ခမ်းစူလျက် ပြန်ထိုင်လိုက်သည်။ ယွင်ချဲ့က တိတ်ဆိတ်နေရန် တွေးလိုက်သော်လည်း ရှင်းဖုန်းက သူ၏လက်ဆစ်နှင့် စားပွဲကို စည်းချက်ကျကျ ခေါက်ကာ မေးလိုက်သည်။

“စစ်တပ်က ဘယ်နှယောက် လွှတ်ပေးမှာလဲ .. သူတို့က ဘယ်လို အစွမ်းတွေရှိလဲ .. ခင်ဗျားတို့ရဲ့ အစီအစဉ်က ဘယ်လိုလဲ … ကျွန်တော်တို့ရဲ့ စခန်းကနေ နယ်မြို့က ကျောင်းကိုရောက်အောင် လမ်းညွှန် ပေးနိုင်မယ့် အသေးစိတ်ကျတဲ့ မြေပုံနဲ့ အဲဒီကျောင်းရဲ့ အတွင်းအပြင် မြေပုံရယ် ဖြစ်နိုင်ရင် မြေအောက်ခန်း ပုံစံကိုလည်း ပေးလိုက်လို့ရမလား”

ရှင်းဖုန်း၏ မေးခွန်းများက ခန်းမတွင်းရှိ လူတို့၏ စိတ်ပါဝင်စားမှုနှင့် လုံခြုံရေးအတွက် တွေးပေးကြောင်း သိသာသည်။ စွမ်းအားရှင်များကလည်း တစ်ပြိုင်တည်း ဆိုသလို စစ်တပ် ကိုယ်စားလှယ်များကို လှည့်ကြည့် လိုက်ကြသည်။

“လိုအပ်တဲ့ မြေပုံတွေကို ထောက်ပံ့ပေးပါ့မယ် စစ်တပ် တစ်ဖွဲ့စီကလည်း စွမ်းအားရှိတဲ့ စစ်သားအရေအတွက် ၁ဝဝ စီ လွှတ်ပေးလိုက်မယ် … သူတို့ရဲ့စွမ်းအားတွေကို ထုတ်ဖော်တာက စစ်တပ်ရဲ့ တားမြစ်ချက်တစ်ခု ဖြစ်နေတော့ ငါမပြောပြနိုင်တာ အားနာပါတယ်”

လင်းရှန့်လည်း ရှင်းဖုန်းကို သာမန်လူတစ်ယောက်ကို ပြောဆိုသကဲ့သို့ ယဉ်ကျေးမှုနှင့် ဝတ်ကျေတန်းကျေသာ ပြန်ဖြေလိုက်သည်။

သို့သော် ရှင်းဖုန်းက သာမန်လူတစ်ယောက် မဟုတ်သဖြင့် သူ့ကို အလွယ်တကူ လှည့်စား၍မရပေ။ ရှင်းဖုန်းက မည်မျှ အင်အားကြီးသည်ကို လင်းရှန့် မေ့သွားခြင်းလား၊ သို့မဟုတ် ရှင်းဖုန်းကို သူဂရုမစိုက်ခြင်းလား။

“ဒါဆို ကျွန်တော်တို့ ဆက်ပြောစရာ မလိုတော့ဘူး … ကျွန်တော်တို့အတွက် သတင်းအချက်အလက် မရှိဘူးဆိုတော့ ဒီပေါင်းစည်းမှုကနေ ချောင်ယန်း အဖွဲ့ နုတ်ထွက်ပါတယ်”

ရှင်းဖုန်း စားပွဲကိုတွန်းကာ ထလိုက်သဖြင့် သူ၏ထိုင်ခုံက အနောက်သို့ အရှိန်နှင့် ရွေ့သွားလေသည်။ ထိုသို့ မာန်အပြည့်နှင့် ရှင်းဖုန်း ထရပ်လိမ့်မည်ဟု မည်သူမှ မထင်ခဲ့သဖြင့် ခန်းမတစ်ခုလုံး ဘာလုပ်ရမှန်းမသိ ရှင်းဖုန်းကို ကြောင်အမ်း ကြည့်နေကြချိန် ယွင်ချဲ့လည်း ဖြည်းသက်သက်နှင့် ထရပ်ကာ ကြေညာလိုက်သည်။

“စစ်တပ်က ရိုးသားမှုကို မပြမှတော့ အခုဆွေးနွေးတာလည်း အချိန်ဖြုန်းတာပဲရှိတယ် .. ထိပ်ဉီးအဖွဲ့လည်း ထွက်တယ်”

ယွင်ချဲ့ ပြောပြီးနောက် ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့လည်း မတ်တပ်ရပ်ကာ ခေါင်းညိတ် လိုက်သည်။ အခြားသော စွမ်းအားများ အားလုံး မတ်တပ်ရပ်ကုန်ကာ သူတို့ကို စိုက်ကြည့် နေကြသည်။ ဘယ်သူကများ သူတို့လို စိတ်ဓါတ်ခိုင်မာပြီး မာကျော သန်မာခြင်းကို မလိုချင်ရမှာလဲ။ သို့သော် သူတို့က လုံလောက်စွာ သန်မာခြင်း မရှိကြပေ။ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ မရှိလျှင် ရှုံးနိမ့်ခြင်းနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင်။ သူတို့အဖွဲ့က စခန်း၏ ကာကွယ်မှု မပါဘဲနှင့် ကောင်းမွန်စွာ ရင်ဆိုင်နိုင်ကြသည်။ သို့သော် အခြားသော အဖွဲ့များမှာ အခြေအနေ ကွဲပြားပြီး တာဝန်ယူ ဂရုစိုက် စောင့်ရှောက်ရမည့် မိသားစုဝင် များစွာရှိကြပြီး အချို့မှာ ဝမ်းတစ်ထွာ စားရရုံလေးအတွက် တိုက်ပွဲဝင်နေရခြင်းဖြစ်သည်။ တစ်ခါတစ်ရံ အကျိုးအမြတ် အနည်းငယ်ရခဲ့သော အခါများတွင် အငြင်းပွားရခြင်း ရှိသော်လည်း စခန်းမှ ချမှတ်သည့် အရေးကြီးသော စည်းကမ်းချက်များကို မဆန့်ကျင်ရဲကြပေ။

သို့သော် ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ နုတ်ထွက်သွားလျှင် အသက်ရှင်နိုင်ချေရှိနေသေးသော အခွင့်အရေးက လုံးဝပင် ပျောက်ဆုံး သွားလိမ့်မည်။ စစ်တပ်ကို ငြင်းဆန်နိုင်ရန် အတင့်မရဲကြသော်လည်း ချောင်ယန်း၊ ထိပ်ဉီးအဖွဲ့တို့နှင့် ဘယ်သူက မပူးပေါင်းချင်ရမှာလဲ။

ရှက်ကိုးရှက်ကန်း ဖြစ်သွားရသော လင်းရှန့်က မျက်နှာရဲလာပြီး အံကိုတင်းစွာ ကြိတ်ထားလိုက်သည်။ သူတုံ့ပြန်နိုင်ခြင်း မရှိသော ရန်ပွဲတွင် မျက်နှာကို ထိုးနှက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ အခြားသော အဖွဲ့များ စိုးရိမ်နေကြသကဲ့သို့ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ မပါလျှင် ထိုပူးပေါင်း ဆောင်ရွက်ခြင်းက ၉ဝ ရာခိုင်နှုန်း အရှုံးဖြစ်နေပြီး ဒဏ်ရာရသူလည်း အလွန်များပြား သွားလိမ့်မည်။ သူတို့၏ အစီအစဉ်အမှန်မှာ ယခုလုပ်ဆောင်မှုကို အခွင့်ယူ၍ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့၏ အဓိက ထောက်တိုင်များကို စခန်းအပြင်သို့ ထွက်သွားစေရန် ဖြစ်သည်။ ချောင်ယန်းနှင့် ထိပ်ဉီးက နှုတ်ထွက်မည်ဆိုလျှင် သူတို့၏ အစီအစဉ်က ဖြစ်မြောက်လာတော့မည် မဟုတ်ပေ။

“စိတ်အေးအေး ထားပါဉီး … ဗိုလ်ချုပ်လင်းက ဝေ့ တပ်ဖွဲ့ကိုယ်စား ပြောပေးရတာဆိုတော့ သူတို့က တချို့အကြောင်းတွေကို လျှို့ဝှက်ထားရတာ နှစ်ခြိုက်တယ်လေ ဒါပေမယ့် ကျုပ်မပါဘူး .. စွမ်းအားရှိစစ်သားတွေ ဘာအစွမ်းအစ ရှိတယ်ဆိုတာ သိချင်ကြတယ်မလား .. ကျုပ် မော့ တပ်ဖွဲ့က စစ်သားတွေရဲ့ စွမ်းအားတွေ အကြောင်း တစ်ယောက်ချင်းစီအတွက် စာရွက်တွေ ပွားလာခဲ့မယ် အိုကေ ? အရေးတကြီးမှ မဟုတ်တာ စိတ်လျော့ကြပါနော်”

အခြေအနေကို ကျန်းဝမ်ရှန် မည်သို့ ကိုင်တွယ်ရမည်ကို မသိဖြစ်နေချိန် မော့ဝမ်းယန်က ထရပ်ကာ ရှင်းဖုန်းနှင့် ယွင်ချဲ့ တို့ကို တားလိုက်သည်။ မည်သည့် စစ်တပ်ကို ကိုယ်စားပြု ပြောဆိုခြင်း ဖြစ်နေပါစေ စွမ်းအားရှင်များ အာရုံမစိုက်ပေ။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ လက်ခံမခံကိုသာ သူတို့သိချင်ကြသည်။

“ဟုတ်တယ်… ခေါင်းဆောင် ယွင် ခေါင်းဆောင် ရှင်း .. အေးဆေး ပြောကြရအောင်”

အစီအစဉ်ကို ဖြစ်မြောက် အောင်မြင်စေလိုသော ဝမ်ကွော်အန်းက မသတီသော အပြုံးနှင့် ထရပ်ကာ ပြောလိုက်သော်လည်း စိတ်ထဲတွင် ကျိန်ဆဲနေသည်။

“ခေါင်းဆောင်ရှင်း .. ခေါင်းဆောင်ယွင် .. ဗိုလ်ချုပ်လင်းက အကြောင်းရာကို ပြောပြရုံလေးပါ … အခုတော့ ကျုပ်တို့ ဆွေးနွေးနေကြတုန်းမလား တကယ်လို့ အခြား ထင်မြင်ချက်ရှိရင် ပြောပါ ကိုယ့်ပြည်သူတွေရဲ့ လုံခြုံရေးကို မသိတဲ့သူတွေမှ မဟုတ်တာ .. မှန်တယ်မလား ဗိုလ်ချုပ် လင်း”

အခြေအနေကို ပြန်လည် တည်ငြိမ်သွားစေရန် ကျန်းဝမ်ရှန်က ဝင်ပြောပေးလိုက်သည်။ လင်းရှန့် ကလည်း မတ်တပ်ရပ်ကာ ပြုံးလိုက်ပြီး …

“ဟုတ်ပါတယ် ခေါင်းဆောင် ရှင်း … ကျွန်တော်ပြောတာက တာဝန်လုပ်ဆောင်ချက်အရ စစ်သားတွေရဲ့ စွမ်းအားတွေကို ခွဲခြားလေ့လာ သိမ်းဆည်း ထားတာလို့ ဆိုလိုတာပါ … ဒါပေမယ့် အထူးကိစ္စရပ်တွေ အတွက် တာဝန်ပြီးမြောက် အောင်မြင်ရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဆိုရင် သိမ်းဆည်းထားတဲ့ စွမ်းအားတွေကို ထုတ်ဖော်ဖို့ လိုအပ်တာပဲမလား … စကား ရှင်းရှင်းလင်းလင်း မပြောမိတာကို တောင်းပန်ပါတယ်”

လင်းရှန့်က အခြေအနေ အချိန်အခါနှင့် လိုက်လျော ညီထွေစွာ နေတတ်သူဖြစ်သည့် အလျောက် ကျန်းဝမ်ရှန်က လမ်းကြောင်း စပေးလိုက်သဖြင့် လူအများရှေ့တွင် ရှင်းဖုန်းကို လင်းရှန့် တောင်းပန် လိုက်သည်။ အကယ်၍ ရှင်းဖုန်းက ဆက်လက် ငြင်းဆန်နေမည် ဆိုလျှင် ကျိုးကြောင်း မဆီလျော်သူက သူဖြစ်သွားလိမ့်မည်။ လင်းရှန့်၏ နည်းပရိယာယ် တစ်ခုဖြစ်ပြီး ဝေ့ တပ်ဖွဲ့ကိုယ်စားလှယ်က တောင်းပန်လိုက်သဖြင့် ရှင်းဖုန်းက သူ၏တောင်းပန်မှုကို လက်ခံလိုက်ရသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset