YMR အခန်း ၁၁၅

အခန်း (၁၁၅)

ကပ်ဘေးကာလ အတွင်း ဥပဒေနှင့် ကိုယ်ကျင့်တရားတို့တွင် ကန့်သတ်ချက် မရှိဘဲ လူသားချင်း စာနာမှုက အချိန်နှင့်အမျှ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။ မီးရှို့ခြင်း၊ လူသတ်ခြင်း၊ အစားအသောက်အတွက် ကလေးငယ်များကို လဲလှယ်ခြင်းနှင့် အခြားလူမဆန်သော လုပ်ရပ်များမှာ အသေးငယ်ဆုံးသော မက်လုံး တစ်ခုကြောင့်ပင် ဖြစ်ပေါ်လာနိုင်သည်။ ယွင်ချဲ့ မှလွဲ၍ အခြားသူများမှာ ကပ်ဘေးကာလတွင် နှစ်လကြာ ရှင်သန်နေပြီး အကြင်နာမဲ့ခြင်းနှင့် မုန်းတီးခြင်းများကို လုံလုံလောက်လောက်ပင် တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သောကြောင့် ကပ်ဘေး မကြုံမီက မည်မျှပင် စိတ်သဘောကောင်း ကြင်နာတတ်သူ ဖြစ်ခဲ့ပါစေ ယခုအချိန်တွင် ရက်စက်သူ တစ်ယောက် ဖြစ်လာခဲ့သည်က မထူးဆန်းတော့ပေ။

ပြောရလျှင် လု မိသားစုတို့မှာ အခုကာလတွင် သာမန် အနေအထားများသာ ဖြစ်သော်လည်း လုဟိုင်ရွှမ်း၏ သူငယ်ချင်းများက သူတို့မိသားစုဝင် တစ်ယောက် ထိခိုက်ခဲ့ရခြင်းကြောင့် ဒေါသထွက်နေရခြင်းဖြစ်သည်။ ထိုလူတစ်စုမှာ တိရစ္ဆာန်ဟု မခေါ်သင့်ပေ၊ တိရစ္ဆာန်ထက်ပင် လွန်စွာ ဆိုးဝါးလှသည်။

“စိတ်မပူပါနဲ့ ငါတို့ကြိုက်တဲ့ အချိန် သူတို့ကို သတ်လို့ရတယ်”

ကျိုးဇယ်ယွီ ရှေ့တက်လာပြီး လုဟိုင်ရွှမ်း ပခုံးပေါ် လက်တင်ပြောလျက် လုမိသားစုကို ခံစားချက်မရှိသော အကြည့်များဖြင့် ကြည့်နေကြလေသည်။

လုဟိုင်ရွှမ်းမှာ သူ၏စိတ်ကို ငြိမ်သက်စေရန် ကြိုးစား နေရသဖြင့် ကျိုးဇယ်ယွီကို ပြန်မပြောသကဲ့သို့ မျက်လုံးများကိုလည်း မဖွင့်ပေ။ ယွင်ချဲ့ ပြောတာ မှန်သည်။ ဇာတ်လမ်းက မပြီးသေးပေ။ သူ၏ညီမလေး၊ အမေနှင့် အဘိုးတို့ကို မည်သို့လုပ်ခဲ့ကြောင်း သူသိရန်လိုသေးသည်။

“ဆက်မေးလိုက်”

“အိုကေ”

လုဟိုင်ရွှမ်းက ဘာမှမတုံ့ပြန်သဖြင့် ယွင်ချဲ့လည်း ဘေးတွင် ရပ်နေသော ရှင်းဖုန်းကို ဆက်မေးရန် ပြောလိုက်သဖြင့် ရှင်းဖုန်း ခေါင်းညိတ်ပြကာ ဆက်မေးလေသည်။

“ဟိုင်ရွှမ်းရဲ့ ညီမလေး ဘယ်လို သေခဲ့ရတာလဲ”

“အရှေ့မြောက် တပ်စုစခန်းကို ရောက်သွားတဲ့အချိန် ဘာမှ ထောက်ပံ့ရေစာ မရကြတဲ့ ငါတို့ ကြွက်တွေလိုပဲ နေထိုင်ခဲ့ရတယ် … ရက်ပိုင်းလောက် ကြာပြီးတော့ စစ်တပ်ရဲ့ ဗိုလ်တစ်ယောက်က လုဟိုင်တျဲကို သဘောကျနေတဲ့ အကြောင်း ယင်းဇီ ကြားလာပြီး တကယ်လို့ သူလက်ခံလိုက်ရင် သူတို့တွေ ချမ်းချမ်းသာသာနဲ့ နေကြရတော့မယ့် အချိန် ငါတို့က ဘာကြောင့် ဒုက္ခခံပြီး နေရမှာလဲ … သူ့အမေနဲ့ အဘိုးရဲ့ သံသယကင်းဖို့ လုဟိုင်တျဲက သူနဲ့ဗိုလ်မှူးနဲ့ ရည်ငံနေပါတယ်ဆိုပြီး လိမ်ခဲ့တာ .. ငါက ယောက်မကို အမှန်တိုင်း ပြောပြလိုက်တဲ့ အခါ ထင်ထားတဲ့အတိုင်း သူဒေါသ ထွက်သွားပြီး သူ့သမီးကို ပါးရိုက်လိုက်တော့ သူ့သမီးလည်း ထွက်ပြေးသွားတယ် … ငါတို့က လမ်းသရဲတွေကို သူ့ကိုဖမ်းခိုင်း ပြန်ပေးဆွဲခိုင်းပြီး အဓမ္မပြုကျင့်ခိုင်းအောင် စီစဉ်ထားခဲ့တယ်။ ယင်းဇီ ကလည်း ဗိုလ်မှူးကို ခေါ်လာပြီး သူ့ကိုကြည့်စေခဲ့တယ်။ အဲဒီကတည်းက ဗိုလ်မှူးလည်း ထပ်မပေါ်လာတော့ဘူး … လုဟိုင်တျဲလည်း ကယောင်ကတမ်းတွေ ဖြစ်လာပြီး သူမသေချင်သေးတဲ့ အကြောင်း .. သူ့အမေနဲ့အဘိုးကို ဘေးကင်းအောင် ထားချင်တဲ့အကြောင်း ခဏခဏ ညည်းတွားလာတယ် .. ဒါပေမယ့် ငါတို့ သူ့ကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး။ ငါတို့လုပ်ခဲ့တာတွေ တစ်နေ့ အမှန်တိုင်း သိသွားကျရင် တရားဥပဒေ မရှိဘူး ဆိုရင်တောင်မှ စခန်းထဲမှာ ငါတို့နေခွင့်ရကြမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် ငါတို့တွေ သူ့ကိုပျောက်ကွယ် သွားအောင်လုပ်ဖို့ တိုင်ပင်ခဲ့ကြတယ် … တစ်ရက် ငါတို့နဲ့ အသုံးအဆောင်တွေ သွားယူကြမယ့်အချိန် ငါတို့တွေ တမင်အချိန်လွဲပြီးပြောလိုက်ကြတယ်။ အဲဒီနေရာကို ငါတို့ရောက်သွားတော့ သူက ဖုတ်ကောင်တွေ စားတာခံရပြီး သေနေပြီ”

ထိုအမျိုးသမီးက ဖြစ်ကြောင်း ကုန်စင်ကို အသက်မဲ့စွာ ပြောဆိုသော်လည်း နားထောင်သူများမှာ ဒေါသစိတ်များ တရိပ်ရိပ် တက်လာသည်။ လုဟိုင်ရွှမ်းမှာ အသက် ၂၁ ဖြစ်ပြီး သူ၏ညီမလေးက ၁၈ နှစ်သာ ရှိသေးသည်။ သူတို့က သူ၏အဖေ သေဆုံးရခြင်း အကြောင်းနှင့် အမေနှင့်အဘိုးတို့ ကောင်းမွန်စွာ နေထိုင်ရေးအတွက် သူမ၏ ပျော်ရွှင်မှုကို စတေးခဲ့သော ညီမလေး အကြောင်းကို ပြောပြခဲ့သည်။ သူမကို အဓမ္မပြုကျင့်ရန် လူငှားခဲ့ကြသည့်အပြင် သူမကို သတ်ပစ်ခဲ့ကြသည်လား။ ဘယ်လို လူမဆန် လိုက်ကြတာလဲ။ သူတို့က မိသားစုဟု ပြောခဲ့သည် မဟုတ်လား။ ဘယ်လိုမိသားစုက သူတို့၏ မိသားစုဝင်ကို ထိုကဲ့သို့ ပြုမူဆက်ဆံကြလို့လဲ။

လုဟိုင်ရွှမ်း အံကိုကြိတ်ပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလျက် ထိုလူတစ်စုကို သတ်ချင်သည့် စိတ်ဆန္ဒများ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့လာသည်။ သူ့ညီမလေးကို ဘာကြောင့်များ ဒီလောက် ရက်စက်စွာ ပြုမူနိုင်ရတာလဲ။ ဘာကြောင့်လဲ။ လုဟိုင်ရွှမ်း မျက်လုံးများကို စေ့စေ့ပိတ် ထားသော်လည်း မျက်ရည်များ ကျဆင်း လာခဲ့သည်။

“လုဟိုင်ရွှမ်းရဲ့ အမေနဲ့ အဘိုးကို ဘာကြောင့် မသတ်တာလဲ”

ရှင်းဖုန်းပင် စိတ်ကို တည်ငြိမ်စွာ မထိန်းနိုင်သော်လည်း ခဏကြာပြီးနောက် နောက်မေးခွန်း တစ်ခု ထပ်မေးလေသည်။ ထိုလူတစ်စုတို့ သူတို့လုပ်ရပ်များကို တစ်ခု မကျန်အောင် ပြောပြရလိမ့်မည်။

“သူ့အမေက စွမ်းအားမရှိတဲ့ သာမန် မိန်းမဆိုပေမယ့် သူ့အဖိုးက စွမ်းအားရှိတယ်။ သူတို့ကို သတ်ဖို့စီစဉ်ခဲ့ပေမယ့် အဲဒီမိန်းမက သူ့ယောကျ်ားနဲ့ သမီးတို့သေရတာ သူ့ကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာ သိခဲ့ရတယ် … သူသာ သတိမမေ့ခဲ့ရင် သူ့ယောကျ်ား ဖုတ်ကောင်တွေကြောင့် သေမှာမဟုတ်ဘူး .. သူ့သမီးကို ပါးမရိုက်ခဲ့ရင် သမီးက ထွက်ပြေးပြီး လမ်းသရဲတွေရဲ့ အဓမ္မကျင့်တာ ခံရမှာမဟုတ်ဘူး။ စိတ်ကယောင် ချောက်ချားနဲ့ သေရမှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့တာ .. အဲဒါကြောင့် အစီအစဉ်ကို ပြောင်းပြီး သူတို့ကိုယ်သူတို့ အပြစ်တင်ပြီး ဘဝတစ်လျှောက် အပြစ်ခံစားနေရသလို နေပါစေလို့ လွှတ်ထားလိုက်ပြီး ငါတို့က စောင့်ကြည့်နေလိုက်ရုံပဲ”

ရက်စက်မှု အတိုင်းအတာပင် ကျော်လွန်သွားပြီ။ ထိုလူတစ်စုမှာ အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။ လူကောင်းများက အမြဲတမ်း နစ်နာရသည်ဟု ယွင်ချဲ့ မကြာခဏ ပြောခြင်းမှာ ထိုအဖြစ်ကို ဆိုလိုခြင်းပင်။

“ခင်ဗျားလုပ်တာကို ဒီလူတွေရောသိလား”

“သိတယ်”

“နောက်ဆုံး တစ်ခုမေးမယ် … သူတို့ကို အဲဒီလောက်တောင် မုန်းတီးနေတယ် ဆိုရင် ဘာကြောင့် အနောက်တောင် စခန်းကို လာခဲ့ကြတာလဲ … လုဟိုင်ရွှမ်းက အမှန်ကို သိသွားရင် သူ့အဖေနဲ့ ညီမလေးအတွက် မျှတမှုပြန်ရအောင် လုပ်မှာကို မကြောက်ဘူးလား”

“ကြောက်တယ် တကယ် ကြောက်ခဲ့ကြတာပါ … ဒါပေမယ့် စစ်တပ်ကတောင်မှ သူ့အတွက် အလုပ်လုပ်ပေးပြီး သူ့မိသားစုကိုလည်း လေယာဉ်နဲ့တောင် ပို့ပေးတယ်ဆိုတော့ သူက အခု အရေးပါတဲ့သူ တစ်ယောက် ဖြစ်မယ်လို့ တွေးခဲ့တယ် … ငါတို့သာ ပါးစပ်ပိတ်နေရင် လုဟိုင်ရွှမ်းရဲ့ အဖေနဲ့ညီမကို ငါတို့သတ်ခဲ့တာ ဘယ်သူမှ သိမှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ အစာရေစာပြတ်ပြီး ချွတ်ခြုံကျနေတဲ့ ဘဝမှာ ငါတို့မနေနိုင်ဘူး … လုဟိုင်ရွှမ်းက အဆင့်မြင့်တဲ့သူ တစ်ယောက်ဖြစ်နေပြီဆိုတော့ ငါတို့က ဘာကြောင့် သူ့ကိုမမှီခိုဘဲ နေရမှာလဲ သူ့အဖေနဲ့ညီမကို သတ်ခဲ့တဲ့သူတွေကို အစာရေစာ ထောက်ပံ့ပေးတာ ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ .. အဲဒီလိုတွေးလိုက်တဲ့အခါ ကြောက်စိတ်တွေလည်း မရှိတော့ဘူး”

“ထတော့”

လိုအပ်သည်တို့ကို မေးမြန်းပြီးနောက် ရှင်းဖုန်း လက်နှစ်ဖက်ကို ရိုက်ခါပြီး ထလိုက်သည်။ ယွင်ချဲ့လည်း ရေစိုတစ်ရှူးထုပ်ကို ယူလိုက်ပြီး ရှင်းဖုန်း လက်ကို သေချာသုတ် ပေးလိုက်သည်။ သူ၏လူက စက်ဆုပ်ဖွယ် ကောင်းသော မိန်းမကို ထိကိုင်ခဲ့ရသည် မဟုတ်လား။ ကပ်ဘေးဖြစ်ခဲ့သည်တိုင် သူ၏ရန်သူများမှ လွဲ၍ အခြားသူများပင် မပြောနှင့် ကျန်းချီကိုပင် ယွင်ချဲ့ မမုန်းတီးခဲ့ပေ။ သို့သော် ထိုလူတစ်စုက သူ၏မုန်းတီးစိတ်ကို နှိုးထစေခဲ့သည်။ တိရစ္ဆာန်များပင်လျှင် သူတို့ကဲ့သို့ လုပ်ကြမည် မဟုတ်ပေ။

“ချဲ့ .. ငါနဲ့ ဟိုင်ရွှမ်းတို့ ဖြေရှင်းပါရစေ .. ဒီလိုတွေကို အကုန် အပိုင်းပိုင်း ဖြတ်ပစ်မယ်”

ထိုသူတို့ ပြန်ပေးဆပ်ရမည့် အချိန်ရောက်ပြီ ဖြစ်သောကြောင့် ကျိုးဇယ်ယွီ ပါးကွက်သားတစ်ယောက်အဖြစ်ကို မစောင့်နိုင်တော့ပေ။

“ခဏစောင့်ဉီး .. ရှုကျဲကို ခေါ်လာခဲ့”

ယွင်ချဲ့ တည်ငြိမ်စွာ ပြုံးပြပြီး လုမိသားစုတို့ အနားသို့ သွားကာ ယင်းဇီ ရှေ့တွင်ဆောင့်ကြောင့် ထိုင်လိုက်သည်။

“မင်း…မင်း ဘာလုပ်မလို့လဲ .. ငါ့သမီးကိုမထိနဲ့”

“မလုပ်ပါနဲ့ .. သမီးလေးက ငယ်သေးတယ် .. သူ့ကိုမသတ်ပါနဲ့”

ထိုလူမဆန်သော ဇနီးမောင်နှံ ၂ ယောက်က သူတို့၏ နာကျင်နေသော ခန္ဓာကိုယ်ကို ရုန်းကန်လျက် သူတို့ထံသို့ သွားနေကြလေသည်။ သူတို့၏သားကို ဆုံးရှုံးလိုက်ရသဖြင့် သမီးတစ်ယောက်တည်း ကျန်ခဲ့သောကြောင့် သူတို့၏သမီးကို အလွန်ချစ်ကြပုံပင်။

“ငယ်တယ်? လုဟိုင်တျဲထက် ပိုငယ်တာလား”

ယွင်ချဲ့ လှောင်ရယ် လိုက်သည်။ သူတို့၏သမီးက အခြားသူထက် ပိုတန်ဖိုးရှိတာလား။

“မင်း ဘာလုပ်မလို့ ကြံနေတာလဲ”

အမှန်တရားက ပေါ်ပေါက်လာခဲ့သဖြင့် ထိုလူကြီးက စိုးရိမ်တကြီးနှင့် မေးလေသည်။ ယွင်ချဲ့ လည်း လက်အိတ် နှစ်ဖက် စွပ်လိုက်ပြီး ယင်းဇီ မျက်နှာကို သေချာ စိုက်ကြည့်လျက် ပွတ်သပ်ပေးနေပုံမှာ ထိုဇနီးမောင်နှံကို ရည်ရွယ်ချက်ရှိရှိ ညှဉ်းဆဲနေပုံပင်။

“သူက သိပ်ပြီးတော့လည်း ကြည့်လို့ မကောင်းပါဘူး ဟုတ်တယ်မလား .. ကပ်မဆိုက်ခင်က အချိန်ဆိုရင် ဘယ်သူမှ သူ့ကိုကြည့်ချင်မှာတောင် မဟုတ်ဘူးနော် ဒါပေမယ့်လည်း ကပ်ဆိုက်သွားတော့ မိန်းကလေးတွေက အသုံးဝင်သွားတာ ကံကောင်းတာပေါ့”

“မင်း…မင်း မဟုတ်..မဟုတ်မှ …”

ထိုဇနီးမောင်နှံက ယွင်ချဲ့၏ အကြံကို ရိပ်မိ သွားသော်လည်း သူတို့ကိုယ်တိုင်မပြောထုတ်ရဲကြသဖြင့် ယွင်ချဲ့ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ သူ့ကို တစ်ယောက်ယောက်နဲ့ ကုသပေးပြီး လုဟိုင်တျဲကို ခင်ဗျားတို့ လုပ်ခဲ့သလို ပြန်လုပ်ပေးမယ် … ဒါပေမယ့် ကျုပ်က သဘောကောင်းတော့ ဖုတ်ကောင်လက်ထဲ မထည့်ပေးပါဘူး။ ယောကျ်ားတွေကိုပဲ အတောမသတ်အောင် လိုအပ်နေတဲ့ မိန်းမပျက် တစ်ယောက်ဖြစ်အောင် လုပ်ပေးမယ်”

“မလုပ်နဲ့ !”

ယွင်ချဲ့ စကားပြောလျက် တဖြည်းဖြည်းနှင့် ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိုဇနီးမောင်နှံတို့က စူးဝါးစွာ အော်လိုက်သော်လည်း သူတို့ကို မည်သူမှ မသနားကြပေ။

“ရှုကျဲ .. သူ့ကို ကုပေးလိုက်”

ကျိုးဇယ်ယွီက ရှုကျဲကို ခေါ်လာခဲ့ပြီး တာဝန်မှပြန်လာခဲ့သော ယန်းဟွိုင်အန်း နှင့်အတူ အခြားသူများလည်း ပြန်ရောက် လာခဲ့ကြသည်ကို ရှင်းဖုန်း သူ၏ မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။ ကြမ်းပြင်တွင် မေ့လဲနေသော မိန်းကလေးကို ညွှန်ပြလျက် ရှင်းဖုန်း အမိန့်ပေးလိုက်သည်။

“ဝမ်းမြောက်ဝမ်းသာပါပဲ !”

ယွင်ယောင် မည်သို့ ကြုံတွေ့ခဲ့ရသည်ကို သိထားခဲ့သဖြင့် အမိန့်ကို ရှုကျဲ ဖီဆန်လိုစိတ် မရှိတော့ပေ။ အမိန့်ရပြီးသည်နှင့် ခပ်သွက်သွက်ပင် သွားကာ ထိုမိန်းကလေးကို ကုပေးလေသည်။ ထိုအချိန်တွင် ယွင်ချဲ့ အနောက် လှည့်ကြည့်လိုက်ရာ မျက်လုံး ဖွင့်လျက်ကြည့်နေသော လုဟိုင်ရွှမ်းကို တွေ့သဖြင့် ….

“ဒီမိန်းကလေးက လွဲပြီး ကျန်တဲ့သူတွေကို မင်းလုပ်ချင်တာ လုပ်တော့ … သွား မင်းအဖေနဲ့ ညီမအတွက် လက်စားချေပြီး မင်းအမေနဲ့ အဘိုးအတွက် တရားမျှတအောင် လုပ်ပစ်လိုက်”

“ကောင်းပြီ”

လုဟိုင်ရွှမ်းမှာ ဒေါသစိတ်နှင့် စိတ်လိုက်မာန်ပါ လုပ်ခြင်းမရှိဘဲ တည်ငြိမ်လျက် ခေါင်းညိတ်ပြကာ ထိုလူတစ်စုအနား လမ်းလျှောက်သွားကာ လူ ၂ ယောက်ကို လက်တစ်ဖက် တစ်ချက်စီတွင် ဆွဲကာ ခွေးသေများကဲ့သို့ တရွတ်တိုက် ဆွဲကာ အပြင်သို့ ထွက်သွားလေသည်။ သူ၏အိမ်ကို ထိုသူတို့၏ ညစ်ညမ်းသော သွေးများ မစွန်းထင်းစေချင်ပေ။

“မလုပ်ပါနဲ့ ! မလုပ်ပါနဲ့ ! တောင်းပန်ပါတယ် ! သနားပေးပါ !”

“မလုပ်နဲ့ ! ယင်းဇီ ကို မထိနဲ့ !”

“အား ! မလုပ်ပါနဲ့ ! အသက်ကိုချမ်းသာပေးပါ !”

“မလုပ်ပါနဲ့ !”

သူတို့ကို အပြင်ဘက်သို့ လုဟိုင်ရွှမ်း ဆွဲခေါ်သွားပြီးနောက် ဘာဖြစ်လာမည်ကို အရူးပင် ခန့်မှန်းနိုင်သည်။ ကျန်သော လုမိသားစုများမှာလည်း ကြမ်းပြင်ပေါ် လူးလှိမ့်ကာ ခွင့်လွှတ်သနားပေးရန် ကြောက်လန့်တကြား တောင်းဆိုနေကြသည်။ ဒီနေရာတွင် သူတို့ သေကြရမည်ကိုသိလျှင် အရှေ့မြောက် စခန်းတွင်သာ သူတို့နေခဲ့ကြမည် ဖြစ်သည်။ ဘဝကခက်ခဲသည် ဆိုသော်လည်း အနည်းဆုံးတော့ သူတို့ အသက်ရှင်နိုင်သေးသည်။

“ဆူညံနေတာပဲ .. ကျန်းရှန် .. ဇယ်ယွီ .. ဟိုင်ရွှမ်းကို ကူညီပေးလိုက်”

“အိုကီ ဒိုကီ !”

အလွန်ပင် ကူညီပေးချင်သော ကျိုးဇယ်ယွီက နောက်ထပ် လူနှစ်ယောက်ကို အားပင် မသုံးရဘဲ ဆွဲခေါ်သွားလေသည်။ ကျန်းရှန်က မလုပ်ချင်သော်လည်း ယဲ့ရှင်းချန်က သူ့လက်ကို အသာကိုင် လှုပ်လိုက်သဖြင့် ကူညီပေးလိုက်ရာ ခဏလေးအတွင်း လုမိသားစုများ အပြင်သို့ရောက်သွားကြသည်။ ရှုကျဲ ကုသပေးပြီး သွားသဖြင့် ရှင်းဖုန်းက ယန်းဟွိုင်အန်းကို ကြည့်လိုက်ပြီး …

“ချဲ့ ပြောတာ ကြားတယ်ဟုတ် .. သူ့ကို ဘယ်လို လုပ်ရမယ်ဆိုတာ သိတယ်မလား ခေါ်သွားလိုက်တော့”

“ကောင်းပြီ”

ယန်းဟွိုင်အန်းလည်း ဆိုလိုရင်းကို သေချာသိပြီးနောက် ထိုမိန်းကလေးကို ခေါ်ထုတ်သွားလေသည်။ ချူးဟောင်လင်းလည်း မျက်မှောက်ကြုတ်လျက် လက်ကို ဝှေ့လိုက်ရာ သွေးစွန်းထားသော ပစ္စည်းများ ပျောက်ကွယ် သွားလေသည်။

“ခေါင်းဆောင် ချဲ့ .. ကျွန်တော့်ကို တာဝန်ခွဲပေးလိုက် ဒါတွေ ကျွန်တော် ရှင်းလိုက်မယ်”

ပထမဆုံး အနေနှင့် ချူးဟောင်လင်း ရူးမိုက်သော ကိစ္စကို မလုပ်တော့ပေ။ အလွန် တည်ကြည်သော မျက်နှာထားနှင့် ချူးဟောင်လင်းက ယွင်ချဲ့ ဘာမှ မပြောသေးချိန်တွင် အိမ်ကို ရှင်းလင်းလိုက်သည်။

“မမ ကျွန်တော်တို့အတွက် ညစာပြင်ထားပေးနော် .. ကျွန်တော်တို့ အိမ်ရှင်းလိုက်မယ်”

လုဟိုင်ရွှမ်း၊ ကျိုးဇယ်ယွီနှင့် ကျန်းရှန်တို့ ပြန်မလာကြသဖြင့် အပြင်တွင် ကိစ္စရှင်းနေမည်ဟု ယွင်ချဲ့ တွေးကာ သူ၏အစ်မကို လှည့်ကြည့်လျက် ခေါင်းညိတ် ပြလိုက်သည်။

“အင်းပါ”

ယွင်ယောင်လည်း ဘာမှမပြောဘဲ ယဲ့ရှင်းချန် လက်ထဲတွင် သူမ၏သား လုံခြုံစွာ ရှိနေကြောင်း စစ်ဆေးပြီးသည်နှင့် မီးဖိုခန်းထဲသို့ ဝင်သွားလေသည်။ ယွင်ချဲ့လည်း အခြားသူများကို ဘေးတွင်ရပ်ခိုင်းပြီး သူက ဧည့်ခန်းအလယ်တွင် ရပ်လိုက်သည်။ ခဏအကြာ လေထုထဲမှ ရေများကျလာပြီး နံရံနှင့် ကြမ်းပြင်များကို သန့်စင်အောင် ဆေးကြောလိုက်သည်။ ယွင်ချဲ့မှာ ရေစွမ်းအားရှင် တစ်ယောက်ကဲ့သို့ ရေကို ကျွမ်းကျင်စွာ ထိန်းချုပ် နေသော်လည်း ရေတို့မှာ စုဝေးနေခြင်း မရှိသောကြောင့် ယွင်ချဲ့က ရေစွမ်းအားရှင် မဟုတ်ကြောင်း သူတို့သိကြသည်။

“ယာဖေး .. မင်းအလှည့် ရောက်ပြီ”

သူ၏နယ်မြေထဲမှ မြစ်ရေများကို သုံးကာ အိမ်နံရံနှင့် ကြမ်းပြင်ကို သန့်ရှင်း လိုက်ပြီးနောက် လှေကားပေါ်တွင် ရပ်နေလိုက်သည်။ ကျန့်ယာဖေးလည်း ရှေ့တက်လာပြီး ခြေကို ဆောင့်လိုက်ရာ ကြမ်းပြင်မှာ သဲများအဖြစ် ပြောင်းသွားပြီး ရေများကို စုပ်ယူလိုက်သည်။ ထို့နောက် ကြမ်းပြင်မှာ ပုံမှန်ဖြစ်သွားပြီး နံရံနှင့် ကြမ်းပြင်မှာ အသစ်ကဲ့သို့ သန့်ရှင်းသွားပြီး သွေးစွန်း ထားသည်တို့မှာလည်း မရှိတော့ပေ။

နောက်ဆုံးတွင် ယွင်ချဲ့လည်း သူ၏နယ်မြေထဲမှ ဆိုဖာခုံ အသစ်များနှင့် စားပွဲ အသစ်တို့ကို ယူထုတ်လိုက်သည်။ ဧည့်ခန်းမှာ ဘာမှမဖြစ်ခဲ့သည့် အတိုင်းပင် သူတို့မနက် အစောက ထွက်သွားကြချိန် ကကဲ့သို့ ဖြစ်သွားလေသည်။

***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset